← Chapters

အခန်း (၃၇၂-၃၇၃)

Vol. 36 Ch. 372-373

အခန်း (၃၇၂-၃၇၃)

Vol. 36 Ch. 372-373

အခန်း (၃၇၂) အသေးစိတ် အချက်အလက်များကို သိရှိခြင်း

ဆိုင်ရှင်က ချန်ဖေးကို အံ့သြစွာ ကြည့်လိုက်သည်။

ဒွာရသန့်စင်ခြင်း အဆင့် တစ်ယောက်က အနက်ရောင် မြို့တော်တွင် ဝိညာဉ်လက်နက်များ လာရောင်းသည်မှာ အသစ်အဆန်းတော့ မဟုတ်ပေ။

အများကြီး မဟုတ်သော်လည်း ရံဖန်ရံခါ တွေ့ကြုံရတတ်သည်။

သို့သော် အလယ်အလတ်အဆင့် ဝိညာဉ်လက်နက်ကို လာရောင်းသူ ဆိုလျှင်တော့ အလွန် နည်းပါးလှသည်။

သူ၏ ဆိုင်က အနက်ရောင် မြို့တော်တွင် ဖွင့်လှစ်ထားသည်မှာ ဆယ်နှစ်ကျော်ပြီ ဖြစ်သော်လည်း အလယ်အလတ်အဆင့် ဝိညာဉ်လက်နက်များကို လက်ခံရရှိခဲ့သည့် အကြိမ်အရေအတွက်က လက်နှစ်ဖက်စာပင် မပြည့်နိုင်ချေ။

မည်သို့ပင်ဆိုစေ အလယ်အလတ်အဆင့် ဝိညာဉ်လက်နက်ကို ကိုင်ဆောင်နိုင်သူများမှာ အခြေခံအားဖြင့် ဒွာရသန့်စင်ခြင်း အလယ်အလတ်အဆင့် ပညာရှင်များသာ ဖြစ်ကြသည်။

ဂိုဏ်းမဲ့ ကျင့်ကြံသူများ အနက် ဒွာရသန့်စင်ခြင်း အဆင့်သို့ ရောက်ရှိနိုင်သူ အများစုမှာ ဒွာရသန့်စင်ခြင်း အစောပိုင်းအဆင့်တွင်သာ ရှိကြသည်။

ဂိုဏ်းများတွင်ပင် ဒွာရသန့်စင်ခြင်း အလယ်အလတ်အဆင့် ပညာရှင်များ သိပ်မများလှဘဲ အာဏာရှင် အဆင့်ရှိသော အင်အားစုများတွင်သာ ဒွာရသန့်စင်ခြင်း အလယ်အလတ်အဆင့် အရေအတွက် ပိုများပေလိမ့်မည်။

အနက်ရောင် မြို့တော်သို့ လာရောက်၍ ပစ္စည်းရောင်းချမည့် သူများမှာ များသောအားဖြင့် လမ်းတွင် ပြဿနာ တစ်ခုခုနှင့် ကြုံတွေ့ခဲ့ရသူများသာ ဖြစ်သည်။

ဆိုလိုသည်မှာ အလယ်အလတ်အဆင့် ဝိညာဉ်လက်နက် တစ်လက်သည် ဒွာရသန့်စင်ခြင်း အလယ်အလတ်အဆင့် ပညာရှင် တစ်ယောက်ကို ကိုယ်စားပြုနေခြင်း ဖြစ်နိုင်သည်။

"ဒီဓားက အရည်အသွေး သန့်စင်ပြီး... ဝိညာဉ်စွမ်းအင် အပြည့်ရှိသလို... သိပ်ပြီး ပွန်းပဲ့ပျက်စီးမှုလည်း မရှိပါဘူး... ဝိညာဉ်ကျောက်တုံး ၂၈၇ တုံးလောက်ဆိုရင်... အဆင်ပြေမလား..."

ဆိုင်ရှင်၏ မျက်နှာပေါ်ရှိ အပြုံးများက ပို၍ပင် ကြီးမားလာသည်။

ဤအရောင်းအဝယ် ပြီးမြောက်သွားသည်မှာ အမြတ်အစွန်း ကြီးမားနိုင်ခြင်းကြောင့် သာမက ချန်ဖေး၏ ခွန်အားကြောင့်လည်း ဖြစ်သည်။

ချန်ဖေး ကိုယ်တိုင် ဖြစ်စေ သို့မဟုတ် ချန်ဖေး၏ အနောက်ရှိ လူတစ်ယောက်ယောက် ဖြစ်စေ ဒွာရသန့်စင်ခြင်း အလယ်အလတ်အဆင့် ပညာရှင် တစ်ယောက်ကို သတ်ဖြတ်နိုင်စွမ်း ရှိခြင်းက အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။

"ရတယ်..."

ချန်ဖေး၏ မျက်နှာပေါ်ရှိ အပြုံးများကလည်း ပိုမို ထင်ရှားလာ၏။

သူ ရရှိသော ဝိညာဉ်ကျောက်တုံး အရေအတွက်ကို ချန်ဖေး အလွန် ကျေနပ်နေသည်။

ဆယ့်ငါးမိနစ် ကြာပြီးနောက် ချန်ဖေးက ဆိုင်ထဲမှ ထွက်လာခဲ့သည်။

ဤဆိုင်တွင် ချန်ဖေးက အဆင့်နိမ့် ဝိညာဉ်လက်နက် နှစ်ခုနှင့် အလယ်အလတ်အဆင့် ဝိညာဉ်လက်နက် ဓားတစ်လက်ကို ရောင်းချခဲ့ပြီး ဝိညာဉ်ကျောက်တုံး ၃၆၇ တုံး ရရှိခဲ့သည်။

ဆိုင်ထဲတွင် ချန်ဖေးက ဝိညာဉ်ကျောက်တုံး အချို့ကို အသုံးပြု၍ ဝိညာဉ်ဆေးလုံးများ ဝယ်ယူခဲ့သည်။

ဝိညာဉ်ကျောက်တုံးများ၏ ကြီးမားသော ထုထည်နှင့် နှိုင်းယှဉ်ပါက ဆေးလုံးများ၏ ထုထည်က သေချာပေါက် များစွာ သေးငယ်သဖြင့် ချန်ဖေး အနေဖြင့် နေရာလွတ်အကွက်ထဲတွင် သိမ်းဆည်းရန် ပို၍ အဆင်ပြေပေသည်။

ချန်ဖေးက ဆေးလုံးများ ဝယ်ယူလိုသည်ကို ဆိုင်ရှင်က သဘာဝကျကျ ငြင်းဆန်မည် မဟုတ်ဘဲ ဆိုင်ထဲရှိ အကောင်းဆုံး ဝိညာဉ်ဆေးလုံးများကို ထုတ်ပေးခဲ့သည်။

လှည့်စားခြင်းနှင့် လိမ်လည်ခြင်းမျိုးကို ဆိုင်ရှင် မလုပ်ရဲချေ။

ပုံမှန်အားဖြင့် အခြား ဖောက်သည်များကို ဆက်ဆံရာတွင် ဆိုင်ရှင်က လှည့်ကွက်များစွာကို အသုံးပြုလေ့ ရှိပြီး ဆိုင်၏ ဝင်ငွေ အတော်များများက လိမ်လည်လှည့်ဖြားမှုများမှ လာခြင်း ဖြစ်သည်။

သို့သော် အတုအယောင်များ ရောင်းချရာတွင်လည်း လူရွေးရပေသည်။

ချန်ဖေးကဲ့သို့သော ထင်ရှားစွာပင် ရင်ဆိုင်ရန် မလွယ်ကူသည့် သူမျိုးကို ဆိုင်ရှင် အနေဖြင့် ခြင်္သေ့နှလုံးနှင့် ကျားသစ်သည်းခြေ စားထားလျှင်တောင်မှ မလှည့်စားရဲချေ။

ထို့ကြောင့် ဆေးလုံး အားလုံး၏ အရည်အသွေးမှာ အကောင်းဆုံးများသာ ဖြစ်သည်။

သေချာပေါက် ချန်ဖေး ကိုယ်တိုင် ဖော်စပ်ထားသော ဆေးလုံးများနှင့် နှိုင်းယှဉ်၍ မရနိုင်ဘဲ အာနိသင်ပိုင်းတွင် အနည်းငယ် အားနည်းနေမည် ဖြစ်သည်။

သို့သော် သာမန် ဆေးလုံးများသာ ဖြစ်ပြီး ဤသည်က ဆိုင်အများစုမှ ထုတ်ပေးနိုင်သော အကောင်းဆုံး ဝိညာဉ်ဆေးလုံး အရည်အသွေးပင် ဖြစ်သည်။

ချန်ဖေးက ဝိညာဉ် ဆေးဖက်ဝင် အပင်များ ရောင်းချမှုနှင့် ပတ်သက်၍ စမ်းသပ် မေးမြန်းကြည့်ခဲ့သော်လည်း နတ်တိမ်မြို့နှင့် အတူတူပင် ဝိညာဉ် ဆေးဖက်ဝင် အပင်များ၏ စျေးနှုန်းများက မနိမ့်ကျလှပေ။

ချန်ဖေး ဝယ်ယူ၍ သန့်စင်မည် ဆိုပါက ရရှိနိုင်သော အမြတ်အစွန်းက အလွန် နည်းပါးပေလိမ့်မည်။

ဆိုင်အားလုံးက ဝိညာဉ် ဆေးဖက်ဝင် အပင်များ ရောင်းချရာတွင် ဤကဲ့သို့သော သဘောထားမျိုး အမြဲတမ်း ရှိကြသည်။

ဝိညာဉ် ဆေးဖက်ဝင် အပင်များကို ရရှိနိုင်သည့် လမ်းကြောင်းများ ရှိပါက သူတို့၏ ကိုယ်ပိုင် မိသားစုရှိ အဂ္ဂိရတ်ပညာရှင်များကိုသာ ဖော်စပ်ခိုင်းလေ့ ရှိကြသည်။

ချန်ဖေးက လမ်းကြားလေးထဲတွင် ရပ်နေရင်း ပတ်ဝန်းကျင်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီး အခြား လမ်းကြားလေး တစ်ခုထဲသို့ လမ်းလျှောက် ဝင်သွား၏။

ခြေလှမ်း အနည်းငယ် လျှောက်ပြီးနောက် အခြား ဆိုင်တစ်ဆိုင်ကို တွေ့လိုက်ရပြီး ဆိုင်ထဲတွင် အခြားလူများ မရှိကြောင်း အာရုံခံမိသောအခါ ချန်ဖေးက အေးဆေးစွာ ဝင်သွားခဲ့သည်။

ချန်ဖေးက ဝိညာဉ်လက်နက်များ ရောင်းချရန် လမ်းများ၊ လမ်းကြားများကို လှည့်လည်သွားလာနေချိန်တွင် အနက်ရောင် မြို့တော်၏ အရှေ့တောင်ဘက်ရှိ အိမ်ကြီး တစ်လုံးတွင် တိုင်ဖန်းရွှမ်း၏ မျက်လုံးများက သူ့ရှေ့ရှိ အစီအရင်ပြားကို စိုက်ကြည့်နေ၏။

အနက်ရောင် မြို့တော်ကို လည်ပတ်လာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး လုံးဝ ထိုးဖောက် ဝင်ရောက်၍ မရနိုင်သော နေရာတစ်ခုဟု မဆိုနိုင်သော်လည်း စိတ်ကူးယဉ်၍ ရနိုင်ပြီး လက်တွေ့ အကောင်အထည်ဖော်၍ ရနိုင်သမျှ ကြိုတင် ကာကွယ်ရေး နည်းလမ်းများ အားလုံးကို အနက်ရောင် မြို့တော်တွင် အသုံးပြုထားသည်။

ဥပမာ - မျက်စိရှေ့ရှိ ဤအစီအရင်ပြား ကဲ့သို့ပင်၊ အနက်ရောင် မြို့တော် တစ်ခုလုံးရှိ ဒွာရသန့်စင်ခြင်း အဆင့် သိုင်းပညာရှင်တိုင်း၏ ချီအရှိန်အဝါကို တိုက်ရိုက် စုဆောင်း သိမ်းဆည်းနိုင်သည်။

ခန္ဓာကိုယ်ကြံ့ခိုင်ခြင်း အဆင့်များက အလွန် များပြားလွန်းသဖြင့် ဤအစီအရင်ပြားက ထိုခန္ဓာကိုယ်ကြံ့ခိုင်ခြင်း အဆင့်များကို တိုက်ရိုက် လျစ်လျူရှုထားသည်။

အနက်ရောင် မြို့တော်အတွက် ခန္ဓာကိုယ်ကြံ့ခိုင်ခြင်း အဆင့်များ မည်မျှပင် များပြားနေစေကာမူ မည်သည့် မုန်တိုင်းကိုမျှ ဖန်တီးနိုင်မည် မဟုတ်ချေ။

သို့သော် ဒွာရသန့်စင်ခြင်း အဆင့်များကမူ အနက်ရောင် မြို့တော်အပေါ် သက်ရောက်မှု အချို့ ရှိနိုင်သည်။

အထူးသဖြင့် ဒွာရသန့်စင်ခြင်း နောက်ဆုံးအဆင့် ဆိုလျှင် အနက်ရောင် မြို့တော်အတွက် တိုက်ရိုက် ခြိမ်းခြောက်မှု တစ်ခု ဖြစ်လာရန် လုံလောက်ပေသည်။

အကယ်၍ ဒွာရသန့်စင်ခြင်း အထွတ်အထိပ်အဆင့် ပညာရှင်များသာ ရောက်လာမည် ဆိုပါက အနက်ရောင် မြို့တော်၏ ပိုင်ရှင်များ အနေဖြင့် ရွှေ့ပြောင်း ထွက်ပြေးသင့် မသင့်ကို စဉ်းစားနေကြလောက်ပြီ ဖြစ်သည်။

မည်သို့ပင်ဆိုစေ ဒွာရသန့်စင်ခြင်း အထွတ်အထိပ်အဆင့်များက ဒွာရသန့်စင်ခြင်း နောက်ဆုံးအဆင့်များနှင့် နှိုင်းယှဉ်ပါက များစွာ အစွမ်းထက်လွန်းလှသည်။

ထို့ကြောင့် ဤချီအရှိန်အဝါများကို စုဆောင်း သိမ်းဆည်းနိုင်သော အစီအရင်ပြားက အတိုင်းအတာ တစ်ခုအထိ ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များကို ကြိုတင် ခန့်မှန်းနိုင်စွမ်း ရှိသည်။

ထို့အပြင် ဤအစီအရင်ပြား၏ လုပ်ဆောင်ချက်က ဒွာရသန့်စင်ခြင်း အဆင့်များမှ ထုတ်လွှတ်သော ချီအရှိန်အဝါများကို စုဆောင်း သိမ်းဆည်းခြင်းမျှသာ ဖြစ်ပြီး တိုက်ရိုက် စောင့်ကြည့်နေခြင်း မဟုတ်ချေ။

ထို့ကြောင့် အနက်ရောင် မြို့တော်တွင် လှုပ်ရှားသွားလာနေသော ဒွာရသန့်စင်ခြင်း အဆင့်များက ဤအစီအရင်၏ တုံ့ပြန်မှုကို အာရုံမခံမိကြချေ။

ဒွာရသန့်စင်ခြင်း အဆင့် တစ်ယောက်က အစီအရင် ရှိသော ဆိုင်တစ်ဆိုင်ထဲသို့ ဝင်ရောက်သွားမှသာ အနက်ရောင် မြို့တော်ရှိ ဤအစီအရင်ပြားက လိုက်လံ ခြေရာခံနိုင်မည် ဖြစ်သည်။

အလွန် အစွမ်းမထက်လှသော်လည်း လုံလောက်သော သတင်းအချက်အလက်များကို ပေးစွမ်းနိုင်ပြီ ဖြစ်သည်။

ထို့ကြောင့် နေ့စဉ်နေ့တိုင်း ဤနေရာတွင် ထိုင်၍ အစီအရင်ပြား ပေါ်ရှိ အခြေအနေကို စောင့်ကြည့်နေသော ဒွာရသန့်စင်ခြင်း အဆင့် တစ်ယောက် သေချာပေါက် ရှိရပေမည်။

လွန်ခဲ့သော လအနည်းငယ်က ဤရာထူးကို ရယူထားသူမှာ တိုင်ဖန်းရွှမ်း ဖြစ်သည်။

ယနေ့ တိုင်ဖန်းရွှမ်းက အစီအရင်ပြားပေါ်ရှိ ချီအရှိန်အဝါ တစ်ခုကို အာရုံခံမိလိုက်ရာ သူ၏ တစ်ကိုယ်လုံးရှိ ချီနှင့် သွေးများက ဆူပွက်လာတော့သည်။

အခြား အကြောင်းရင်း မရှိချေ၊ ဤချီအရှိန်အဝါကို တိုင်ဖန်းရွှမ်း အနေဖြင့် အလွန်အမင်း မှတ်မိနေသောကြောင့် ဖြစ်ပြီး အလွန် နက်ရှိုင်းလွန်းသဖြင့် ယခုတိုင် တိုင်ဖန်းရွှမ်း အနေဖြင့် မေ့ဖျောက်ထားရန် ခက်ခဲနေဆဲ ဖြစ်သည်။

သူ၏ ဘယ်ဘက်လက်ကို ဓားတစ်ချက်ဖြင့် ဖြတ်တောက်ခံလိုက်ရသူ၊ နောက်ဆုံးတွင် ထွက်ပြေးရန် အသက်စွမ်းအင်ကို လောင်ကျွမ်းစေခဲ့ရသူ၊ ထို့အပြင် ထွက်ပြေးနေစဉ် အတွင်းမှာပင် ရင်ဘတ်ကို ဓားဖြင့် ဖောက်ထွင်းခံလိုက်ရသူ။

ဤအရာများ အားလုံးက ပြင်းထန်သော ဒဏ်ရာများ ဖြစ်ကြပြီး ပေါင်းစပ်လိုက်သောအခါ သေလုမြောပါး ဖြစ်လုနီးပါး ရလဒ် ဖြစ်လာခဲ့သည်။

တိုင်ဖန်းရွှမ်းမှာ ဤသို့ပင် သေလုနီးပါး ဖြစ်ခဲ့ရရာ ချန်ဖေးကို တိုင်ဖန်းရွှမ်း အနေဖြင့် မည်သို့ မေ့ဖျောက်နိုင်မည်နည်း။ ချန်ဖေးက သူ့ကို ပေးခဲ့သော နာကျင်မှုများကို သူ မည်သို့ မေ့ဖျောက်နိုင်မည်နည်း။

"သုံးနှစ်လောက်တောင် ရှိသွားပြီပဲ..."

တိုင်ဖန်းရွှမ်းက မျက်လုံးများကို မှေးကျဉ်းကာ အစီအရင်ပြားပေါ်ရှိ ချန်ဖေး၏ ချီအရှိန်အဝါကို စိုက်ကြည့်နေ၏။

သူ၏ ညာဘက်လက်က ဘာမှမရှိတော့သော ဘယ်ဘက်ပခုံးကို မသိစိတ်ဖြင့် အလိုအလျောက် ပွတ်သပ်နေပြီး မျက်လုံးများထဲတွင် ကြောက်မက်ဖွယ် ကောင်းသော အငြိုးအာဃာတများ ပြည့်နှက်နေသည်။

တိုင်ဖန်းရွှမ်း၏ စိတ်ထဲတွင် လွန်ခဲ့သော သုံးနှစ်က မိုးမျှော်စင်တွင် ရွမ်မိသားစု၏ တိုက်ရိုက်မျိုးဆက်များ ထုတ်ပြန်ခဲ့သော သာမန် တာဝန်တစ်ခုကို ကြားဖြတ်ယူခဲ့ပုံကို အလိုအလျောက် ပြန်လည် တွေးတောမိလိုက်သည်။

သူက သာမန် တာဝန်တစ်ခုဟုသာ ထင်မှတ်ခဲ့ပြီး ချန်ဖေး ဆိုသော ပြောင်းလဲမှု တစ်ခု ရှိနေခဲ့သော်လည်း တိုင်ဖန်းရွှမ်း အနေဖြင့် စိတ်ထဲ မထားခဲ့ပေ။

ထိုအချိန်က ချန်ဖေးက နတ်တိမ်မြို့ ပတ်ဝန်းကျင်တွင် နာမည်ကြီးနေခဲ့သော်လည်း မည်သို့ပင်ဖြစ်စေ အတွင်းကလီစာသန့်စင်ခြင်း အဆင့်မျှသာ ရှိသေးသည်။

အစပိုင်းက တိုင်ဖန်းရွှမ်း အနေဖြင့် ဤအလုပ်ကို လက်ခံရန် ဆန္ဒရှိခဲ့ခြင်းမှာ မိုးမျှော်စင် အတွင်း၌ ချန်ဖေးကို သတ်ဖြတ်ရန် တမင်တကာ တာဝန်တစ်ခု ပေးအပ်ထားသူ ရှိနေသောကြောင့်လည်း ဖြစ်သည်။

လုပ်ဆောင်မှု တစ်ခုတည်းဖြင့် တာဝန်နှစ်ခုကို ပြီးမြောက်နိုင်မည် ဆိုပါက အဘယ်ကြောင့် မလုပ်ဘဲ နေမည်နည်း။

ချန်ဖေးက ဒွာရသန့်စင်ခြင်း အဆင့်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရသော်လည်း အလွန်ဆုံး ဒွာရသန့်စင်ခြင်း အစောပိုင်းအဆင့် သိုင်းပညာရှင် တစ်ယောက်မျှသာ ဖြစ်ရာ သူ့ကို မည်သို့ ယှဉ်ပြိုင်နိုင်မည်နည်း။

ထိုအချိန်က တိုင်ဖန်းရွှမ်း အနေဖြင့် ထိုသို့သော အတွေးမျိုး ရှိခဲ့ပြီးနောက် ချန်ဖေး၏ ရှေ့တွင် ပေါ်လာခဲ့ပြီးနောက် ပြင်းထန်စွာ ဒဏ်ရာရကာ ထွက်ပြေးခဲ့ရခြင်း ဖြစ်သည်။

သို့သော် နောက်ဆုံးတွင် လွတ်မြောက်သွားခဲ့လျှင်တောင်မှ တိုင်ဖန်းရွှမ်း၏ ဒဏ်ရာများက အလွန် ပြင်းထန်လွန်းလှရာ တိုက်ရိုက် သေဆုံးလုနီးပါး ဖြစ်ခဲ့ရသည်။

ကံကောင်းထောက်မစွာဖြင့် သူ နောက်ဆုံးတွင် အသက်ရှင် ကျန်ရစ်ခဲ့သော်လည်း တိုင်ဖန်းရွှမ်း အနေဖြင့် သိုင်းပညာ လမ်းစဉ်တွင် ဆက်လက် လျှောက်လှမ်းရန် လမ်းစ ပိတ်သွားခဲ့ပြီ ဖြစ်သည်။

မူလကတည်းက ပါရမီက သာမန်မျှသာ ဖြစ်ပြီး အသက်စွမ်းအင်များကို လောင်ကျွမ်းစေလိုက်ရသဖြင့် ရှေ့ဆက်ရန် လမ်းကြောင်း သဘာဝကျကျ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

မိုးမျှော်စင် သို့ ဝင်ရောက်ခဲ့ခြင်းမှာ ပိုမို ကောင်းမွန်စွာ ကျင့်ကြံနိုင်ရန် ဖြစ်သော်လည်း ရလဒ်အနေဖြင့် ကြီးမားသော ဆုံးရှုံးမှုနှင့် ကြုံတွေ့လိုက်ရရာ တိုင်ဖန်းရွှမ်းကို မကျေမချမ်း ဖြစ်စေခဲ့သည်။

သို့သော် မကျေမချမ်း ဖြစ်နေလျှင်ကော ဘာလုပ်နိုင်မည်နည်း။

ချန်ဖေး၏ စွမ်းအားက သူ့ထက် များစွာ သာလွန်နေသည်မှာ ထင်ရှားရာ တိုင်ဖန်းရွှမ်း အနေဖြင့် လက်စားချေရန် မည်သည့် အလားအလာမျှ မရှိတော့ချေ။

မိုးမျှော်စင် အတွင်း၌ တာဝန်တစ်ခု ထုတ်ပြန်၍ အခြားသူများကို ချန်ဖေးအား သတ်ဖြတ်ခိုင်းမည် ဆိုလျှင်လည်း ဤတာဝန်အတွက် လိုအပ်သော အခကြေးငွေက အလွန် များပြားလွန်းလှသည်။

မိုးမျှော်စင်၏ အကဲဖြတ်မှု အရ ယေဘုယျအားဖြင့် ဒွာရသန့်စင်ခြင်း အစောပိုင်းအဆင့် ဂိုဏ်းမဲ့ ကျင့်ကြံသူများကို ချန်ဖေး သတ်ဖြတ်နိုင်ခြေ အလွန် နည်းပါးပြီး ဖြစ်နိုင်ချေ ရှိစေရန်အတွက် လူနှစ်ယောက် သို့မဟုတ် သုံးယောက်ခန့် ဝိုင်းရံတိုက်ခိုက်ရန် လိုအပ်မည်ဟု ခန့်မှန်းရသည်။

တိုင်ဖန်းရွှမ်းတွင် ကြွယ်ဝချမ်းသာမှု အချို့ ရှိသော်လည်း ဤကဲ့သို့သော တာဝန်မျိုးကို အပ်နှံလိုပါက သူ၏ ပိုင်ဆိုင်မှု အားလုံးနီးပါး ကုန်ဆုံးသွားပေလိမ့်မည်။

ထို့အပြင် ချန်ဖေးက ယွမ်ချန်ဓားဂိုဏ်းသို့ ပြန်ရောက်ပြီးနောက် အမြဲတမ်းနီးပါး အပြင်းအထန် ကျင့်ကြံနေခဲ့သည်။

နတ်တိမ်မြို့ အနီးတစ်ဝိုက်မှ ထွက်ခွာသော အကြိမ်ရေ အလွန် နည်းပါးလှရာ ချန်ဖေးကို ချုံခိုတိုက်ခိုက်ရန် အခွင့်အရေး ကောင်း လုံးဝ မရှိခဲ့ချေ။

တိုင်ဖန်းရွှမ်းမှာ အမုန်းတရားများဖြင့် ပြည့်နှက်နေသော်လည်း ဤအမုန်းတရားများကို စိတ်ထဲတွင်သာ ဖုံးကွယ်ထားရုံမှလွဲ၍ ဘာမှ မလုပ်နိုင်ခဲ့ချေ။

သို့သော် ရံဖန်ရံခါ တိုင်ဖန်းရွှမ်းက ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ မိုးမျှော်စင်မှ သတင်းများမှ တစ်ဆင့် ချန်ဖေး၏ မကြာသေးမီက အခြေအနေ အချို့ကို သိရှိနေခဲ့သည်။

နတ်တိမ်ဓားဂိုဏ်း၏ အစစ်အမှန်တပည့်သစ် ရှန်းထူချန်ကို အနိုင်ယူခဲ့ပြီး အလွန် မြင့်မားသော ပါရမီကို ပြသခဲ့သည်။

ဂိုဏ်းလေးခုက လျှို့ဝှက်နယ်မြေ အတွင်းသို့ အတူတကွ ဝင်ရောက်ခဲ့ကြရာ အခြားဂိုဏ်းများ အနေဖြင့် အထိနာခဲ့သော်လည်း ချန်ဖေးကမူ ဘေးကင်းစွာ ပြန်လည် ရောက်ရှိလာခဲ့သည်။

သူလည်း ဒဏ်ရာရခဲ့သော်လည်း လျှို့ဝှက်နယ်မြေထဲတွင် လုံးဝ သေဆုံးမသွားခဲ့ချေ။

ချန်ဖေး၏ သတင်းများကို တွေ့ရတိုင်း တိုင်ဖန်းရွှမ်း၏ နှလုံးသားက ပုရွက်ဆိတ်များ ကိုက်ခဲနေသကဲ့သို့ ခံစားရပြီး ချန်ဖေးကို သေစေချင်ကာ ပိုဆိုးရွားစွာ သေလေလေ ပိုကောင်းလေလေ ဖြစ်သည်။

သို့သော် တိုင်ဖန်းရွှမ်းတွင် မည်သည့် နည်းလမ်းမျှ မရှိခဲ့ဘဲ တစ်ဖက်လူ တဖြည်းဖြည်း ကြီးထွားလာသည်ကိုသာ ကြည့်နေနိုင်တော့သည်။

အနက်ရောင် မြို့တော်၏ အနောက်တွင် မိုးမျှော်စင်၏ အရိပ်အယောင်များ ရှိနေပြီး တိုးတက်ရန် အလားအလာ မရှိတော့သော တိုင်ဖန်းရွှမ်း အနေဖြင့် အစီအရင်ပြားကို ကြီးကြပ်ရသော အားလပ်သည့် အလုပ်ကိုသာ လာရောက် လုပ်ကိုင်နေရခြင်း ဖြစ်သည်။

ယနေ့ ချန်ဖေးက အနက်ရောင် မြို့တော်တွင် ပေါ်လာရာ တိုင်ဖန်းရွှမ်းက တစ်ချက် ကြည့်ရုံဖြင့် ချက်ချင်း သိလိုက်သည်။

အခြား အကြောင်းရင်း မရှိချေ၊ ချန်ဖေး၏ ချီအရှိန်အဝါကို တိုင်ဖန်းရွှမ်းက အလွန်အမင်း မှတ်မိနေလွန်းသောကြောင့် ဖြစ်သည်။

သုံးနှစ်တာ ကာလအတွင်း နေ့ရက်ပေါင်းများစွာ၊ ညပေါင်းများစွာ ဤချီအရှိန်အဝါကို ရင်ဆိုင်ရင်း သွားကြိတ်နေခဲ့ရရာ မည်သို့ စိမ်းသက်နေနိုင်မည်နည်း။

"ဒီကို ရောက်လာမှတော့... ပြန်မထွက်သွားနဲ့တော့..."

တိုင်ဖန်းရွှမ်းက အစီအရင်ပြားပေါ်ရှိ ချန်ဖေး၏ ချီအရှိန်အဝါကို စိုက်ကြည့်ရင်း သူ၏ ပါးစပ်မှ အသံနက်ဖြင့် ပြောလိုက်သည်။

တိုင်ဖန်းရွှမ်းက စားပွဲကို တစ်ချက် ပုတ်လိုက်ရာ ချက်ချင်းပင် လူတစ်ယောက်က အိမ်ထဲသို့ ရိုသေစွာ ဝင်ရောက်လာ၏။

တိုင်ဖန်းရွှမ်းက ထိုသူ့အား အစီအရင်ပြားကို ယာယီ ကြီးကြပ်ခိုင်းလိုက်ပြီး တိုင်ဖန်းရွှမ်း ကိုယ်တိုင်ကမူ လက်ခနဲ ဖြစ်သွားကာ အိမ်ထဲမှ ပျောက်ကွယ်သွားသည်။

အချိန်အနည်းငယ် ကြာပြီးနောက် တိုင်ဖန်းရွှမ်းက ခြံဝင်းထဲရှိ အခြား အိမ်တစ်လုံးသို့ ရောက်ရှိလာသည်။

"တိုင်ဖန်းရွှမ်း... အကြီးအကဲ မြောင်ကို တွေ့ခွင့် တောင်းပါတယ်..." တိုင်ဖန်းရွှမ်းက ရိုသေစွာ ပြောလိုက်၏။

"အကြီးအကဲတိုင်... ခင်ဗျားနဲ့ကျွန်တော် ကြားက ဆက်ဆံရေး အရဆိုရင်... ဒီလောက် ယဉ်ကျေးနေဖို့ မလိုပါဘူး..." မြောင်ချီရှန်းက အိမ်တံခါးကို ဖွင့်ကာ တိုင်ဖန်းရွှမ်းကို ကြည့်၍ အိမ်ထဲသို့ ဖိတ်ခေါ်လိုက်သည်။

"ကျုပ်မှာ အကူအညီ တောင်းစရာလေး ရှိလို့ပါ... ညီအစ်ကို မြောင် ကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်..."

အိမ်ထဲတွင် တိုင်ဖန်းရွှမ်းက မြောင်ချီရှန်းကို ကြည့်ကာ အသံနက်ဖြင့် ပြောလိုက်၏။

"ဘာကိစ္စများလဲ..."

မြောင်ချီရှန်းက တိုင်ဖန်းရွှမ်း၏ အမူအရာကို ကြည့်ရင်း အနည်းငယ် အံ့အားသင့်စွာ မေးလိုက်သည်။

"လူတစ်ယောက်ကို သတ်ဖို့ ကူညီပေးပါ..."

တိုင်ဖန်းရွှမ်းက သွားကြိတ်၍ ပြောလိုက်ပြီး သူ၏ မျက်လုံးများထဲရှိ အမုန်းတရားများကို ဖုံးကွယ်ထား၍ မရနိုင်ချေ။

"ဘယ်သူလဲ..."

"ယွမ်ချန်ဓားဂိုဏ်းက... ချန်ဖေး..."

တိုင်ဖန်းရွှမ်းက စကားလုံး တစ်လုံးချင်းစီကို ဖိ၍ ပြောလိုက်ရာ ချန်ဖေး ဟူသော နာမည်ကို ခေါ်လိုက်ချိန်တွင် လေသံက နာကြည်းမှုများဖြင့် ပြည့်နှက်နေ၏။

မြောင်ချီရှန်း၏ မျက်မှောင်များ ရုတ်တရက် ကျုံ့သွားပြီး သူ၏ မျက်လုံးများက တိုင်ဖန်းရွှမ်း၏ ဘယ်ဘက်လက်ကို အလိုအလျောက် လှမ်းကြည့်လိုက်မိသည်။

တိုင်ဖန်းရွှမ်းမှာ လွန်ခဲ့သော သုံးနှစ်က ချန်ဖေးကြောင့် ပြင်းထန်စွာ ဒဏ်ရာရခဲ့ပြီး သေလုနီးပါး ဖြစ်ခဲ့ရသည်။

မြောင်ချီရှန်းက ဤကိစ္စကို သိထားပြီး ထိုအချိန်က မြောင်ချီရှန်းက ကုသရေး လျှို့ဝှက်ဆေး အချို့ကို ထောက်ပံ့ပေးခဲ့သဖြင့် တိုင်ဖန်းရွှမ်း၏ ဒဏ်ရာက တဖြည်းဖြည်း သက်သာလာခဲ့ခြင်း ဖြစ်သည်။

ထိုကဲ့သို့ ပြင်းထန်စွာ အရိုက်ခံရခြင်းကို လူအများစု အနေဖြင့် မေ့ဖျောက်ရန် ခက်ခဲလှသော်လည်း မြောင်ချီရှန်းကို အံ့အားသင့်စေသည်မှာ တိုင်ဖန်းရွှမ်းက သုံးနှစ်တိုင်တိုင် ဤအကြောင်းကို တစ်ခွန်းမျှ မဟခဲ့ဘဲ ယနေ့မှ အဘယ်ကြောင့် ရုတ်တရက် ပြောလာရသနည်း ဆိုသည်ပင် ဖြစ်သည်။

ရုတ်တရက် မြောင်ချီရှန်း၏ နှလုံးသား အနည်းငယ် လှုပ်ရှားသွားပြီး အနည်းငယ် သဘောပေါက်သွား၏။

"သူ အနက်ရောင် မြို့တော်ကို လာလို့လား..."

မြောင်ချီရှန်းက မေးလိုက်သည်။

"ဟုတ်တယ်... သူ ရောက်လာတယ်... အခုလေးတင်ပဲ..."

မြောင်ချီရှန်းက မငြင်းဆန်သည်ကို မြင်သောအခါ တိုင်ဖန်းရွှမ်း၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု အလိုအလျောက် ပေါ်လာ၏။

အကယ်၍ ဤနေရာတွင် သူ့ကို ကူညီမည့်သူ ရှိမည် ဆိုပါက မြောင်ချီရှန်း တစ်ယောက်တည်းသာ ရှိမည် ဖြစ်သည်။

သူတို့ နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် အစောကတည်းက သိကျွမ်းခဲ့ကြပြီး မြောင်ချီရှန်း၏ ကျင့်ကြံမှုက တိုင်ဖန်းရွှမ်းထက် များစွာ မြင့်မားခဲ့သည်။

နောက်ပိုင်းတွင် မြောင်ချီရှန်းက ပို၍ မြန်ဆန်စွာ တိုးတက်လာခဲ့ပြီး ယခုအခါ ဒွာရသန့်စင်ခြင်း အလယ်အလတ်အဆင့်သို့ ဝင်ရောက်လာသည်မှာ နှစ်အနည်းငယ် ရှိနေပြီ ဖြစ်ရာ ဂိုဏ်းမဲ့ ကျင့်ကြံသူများ အနက် သေချာပေါက် အစွမ်းထက် ပညာရှင် တစ်ယောက် ဖြစ်ပြီး သာမန် ဂိုဏ်းများတွင် ဆိုလျှင် အဓိက အင်အားစု တစ်ခု ဖြစ်လာနိုင်သည်။

"ဒါပေမဲ့ အခြား ဒွာရသန့်စင်ခြင်း အဆင့်တွေ ပါလာသေးလား..."

မြောင်ချီရှန်းက တိုင်ဖန်းရွှမ်းကို ကြည့်လိုက်ရာ သူ၏ မျက်လုံးများထဲရှိ အမုန်းတရားများကို မြင်တွေ့လိုက်ရသဖြင့် ဤရန်ငြိုးကိုသာ မဖြေရှင်းနိုင်ပါက တိုင်ဖန်းရွှမ်း အနေဖြင့် တစ်သက်လုံး မှတ်ထားလိမ့်မည် ဖြစ်ကြောင်း နားလည်လိုက်သည်။

ထို့အပြင် ဤတစ်ကြိမ် ချန်ဖေး အနက်ရောင် မြို့တော်သို့ ရောက်လာခြင်းက အမှန်တကယ်ပင် ကြီးမားသော အခွင့်အရေး တစ်ခု ဖြစ်သည်။

အခန်း (၃၇၃) ချုံခိုလုပ်ကြံခြင်း

သာမန်အားဖြင့် ချန်ဖေးက ယွမ်ချန်ဓားဂိုဏ်းတွင် နေထိုင်ခြင်း သို့မဟုတ် နတ်တိမ်မြို့ ပတ်ဝန်းကျင်တွင် နေထိုင်ခြင်း ဖြစ်ပါက မိုးမျှော်စင် အနေဖြင့် မည်မျှပင် မောက်မာနေစေကာမူ ချန်ဖေးကို သတ်ဖြတ်ရန် ဤသို့ အဝေးကြီး သွားလိမ့်မည် မဟုတ်ချေ။

အဘယ်ကြောင့်ဆိုသော် ထိုသို့ လုပ်ဆောင်ပါက မိမိကိုယ်တိုင် ပြဿနာထဲသို့ အလွယ်တကူ ကျရောက်သွားနိုင်သောကြောင့် ဖြစ်သည်။

မိုးမျှော်စင်က ရှန်းယန်ဂိုဏ်း မဟုတ်ဘဲ ဒွာရပေါင်းစည်းခြင်း အဆင့် ကဲ့သို့သော ထိပ်တန်း အစွမ်းထက် ပညာရှင်များ မရှိသလို နောက်ခံ အင်အားလည်း သိပ်မခိုင်မာသဖြင့် လိုချင်သလို လုပ်ရဲမည် မဟုတ်ပေ။

"မပါဘူး... သူ တစ်ယောက်တည်း လာတာ..."

မြောင်ချီရှန်းက ဤမျှ သေချာစွာ မေးမြန်းနေသည်ကို မြင်သောအခါ တိုင်ဖန်းရွှမ်း၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာပြီး ဆက်ပြောလိုက်သည်။

"သူ တကယ်ပဲ တစ်ယောက်တည်း ဟုတ်မဟုတ် ဆိုတာ သေချာတဲ့အထိ... သူရဲ့ သွားလာလှုပ်ရှားမှုတွေကို ငါ ဆက်ပြီး စောင့်ကြည့်နေမှာပါ..."

"နောက်ထပ် နာရီအနည်းငယ်လောက် ထပ်ကြည့်လိုက်ပါ... ဒါဆို အတည်ပြုဖို့ လုံလောက်ပြီ..."

မြောင်ချီရှန်းက တစ်ခဏမျှ စဉ်းစားပြီးနောက် အသံနက်ဖြင့် ပြောလိုက်သည်။

"ဒါပေမဲ့ သူ တစ်ယောက်တည်း ဆိုရင်တောင်မှ... ငါတို့ အနက်ရောင် မြို့တော်ထဲမှာ လူသတ်လို့ မရဘူး... သူ အနက်ရောင် မြို့တော်ကနေ ထွက်သွားတဲ့အထိ စောင့်ပြီးမှ မြို့ပြင်မှာ သတ်ရမယ်..."

အကယ်၍ ချန်ဖေးသာ နတ်တိမ်ဓားဂိုဏ်းမှ ဖြစ်နေပါက မြောင်ချီရှန်း အနေဖြင့် တစ်ခွန်းမျှပင် မေးမြန်းမည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် လုံးဝ လှုပ်ရှား၍ မရနိုင်ဘဲ ပြဿနာ ရှာရလွယ်ကူလွန်းသောကြောင့် ဖြစ်သည်။

ယွမ်ချန်ဓားဂိုဏ်းက မအားနည်းသော်လည်း ဂိုဏ်းအတွင်း၌ ဒွာရသန့်စင်ခြင်း နောက်ဆုံးအဆင့် ပညာရှင်များ ရှိနေသော်လည်း မည်သို့ပင်ဖြစ်စေ နတ်တိမ်ဓားဂိုဏ်းနှင့် အခြေခံကျသော ကွာခြားချက် ရှိနေသည်။

ထို့အပြင် ဤနေရာက အနက်ရောင် မြို့တော် ဖြစ်ပြီး ပရမ်းပတာ ဖြစ်နေသော နေရာတစ်ခု ဖြစ်ကာ အနက်ရောင် မြို့တော် ပတ်ဝန်းကျင်တွင် နေ့တိုင်းနီးပါး သွေးထွက်သံယို ကလဲ့စားချေမှုများ ဖြစ်ပေါ်လေ့ ရှိသည်။

အနက်ရောင် မြို့တော်သို့ လာရောက်ပါက ဤအရာအတွက် စိတ်ပိုင်းဆိုင်ရာ ကြိုတင် ပြင်ဆင်ထားရမည် ဖြစ်သည်။

ထို့အပြင် အနက်ရောင် မြို့တော် အပြင်ဘက်တွင် သေဆုံးသွားခြင်းမျိုးက အနက်ရောင် မြို့တော်၏ ခေါင်းပေါ်သို့ အပြစ်ပုံချ၍ မရနိုင်သလို အနက်ရောင် မြို့တော်ကလည်း မည်သည့်အခါမျှ အာမခံချက် ပေးလေ့ မရှိချေ။

မိုးမျှော်စင်က ရရှိထားသော သတင်းများအရ ယွမ်ချန်ဓားဂိုဏ်းမှာ နတ်တိမ်ဓားဂိုဏ်း ကဲ့သို့ လူသတ်သမားကို လိုက်လံရှာဖွေ ဖမ်းဆီးနိုင်စွမ်း မရှိသေးချေ။

တစ်နည်းဆိုရသော် နောက်ဆက်တွဲ ကိစ္စရပ်များကို သေချာစွာ ဖြေရှင်းနိုင်သရွေ့ ယွမ်ချန်ဓားဂိုဏ်း အနေဖြင့် လူသတ်သမားကို ရှာဖွေတွေ့ရှိရန်မှာ အဓိပ္ပာယ် မရှိသော ကိစ္စ ဖြစ်သည်။

"ငါ နားလည်ပါတယ်..."

တိုင်ဖန်းရွှမ်း၏ မျက်လုံးများထဲတွင် လက်စားချေရတော့မည့် ဝမ်းသာပျော်ရွှင်မှုများ ပြည့်နှက်နေ၏။

ဒွာရသန့်စင်ခြင်း အလယ်အလတ်အဆင့် တစ်ယောက်က ဒွာရသန့်စင်ခြင်း အဆင့်သို့ ရောက်ရှိသည်မှာ နှစ်အနည်းငယ်မျှသာ ရှိသေးသူ တစ်ယောက်ကို သတ်ဖြတ်ရန်မှာ လုံးဝ မလွဲချော်နိုင်ချေ။

ချန်ဖေး မကြာမီ သေရတော့မည်ကို တွေးမိသောအခါ တိုင်ဖန်းရွှမ်း၏ စိတ်ထဲရှိ မှိုင်းညို့မှုများစွာ လွင့်စင်သွားသလို ခံစားလိုက်ရသည်။

သူ၏ ကျင့်ကြံရေး လမ်းကြောင်း ပြတ်တောက်သွားပြီး တိုးတက်ရန် အလားအလာ မရှိတော့သော်လည်း အနည်းဆုံးတော့ အသက်ရှင်နေသေးသည်။

ချန်ဖေးကမူ ပါရမီ ထူးချွန်သော်လည်း သေဆုံးသွားသော ပါရမီရှင် ဆိုသည်မှာ သေဆုံးသွားသော လူတစ်ယောက်သာ ဖြစ်သည်။

တစ်ယောက်က အသက်ရှင်နေပြီး တစ်ယောက်က သေဆုံးသွားပြီ ဖြစ်ရာ မည်သူက အနိုင်ရသည် ဆိုသည်မှာ ရှင်းလင်းစွာ သိသာနေပြီ ဖြစ်သည်။

"ဒါနဲ့... အဲဒီ ချန်ဖေးရဲ့ ကိုယ်ပေါ်မှာ သာမန်မဟုတ်တဲ့... ခန္ဓာကိုယ်ကို သန့်စင်ပေးတဲ့ ကျင့်စဉ်တစ်ခု ရှိလိမ့်မယ်... ယွမ်ချန်ဓားဂိုဏ်းမှာ အဲဒီလို အမွေအနှစ်မျိုး မရှိဘူး..."

တိုင်ဖန်းရွှမ်းက ရုတ်တရက် ပြောလိုက်၏။

ထိုညက ချန်ဖေး ပြသခဲ့သော ကျင့်ကြံမှုက မအားနည်းသလို သာမန် ဒွာရသန့်စင်ခြင်း အဆင့်သို့ ရောက်ရှိခါစ လူများထက် ပိုမို အစွမ်းထက်သော်လည်း ခွန်အားက ကန့်သတ်ချက် ရှိနေဆဲ ဖြစ်သည်။

တိုင်ဖန်းရွှမ်းကို အမှန်တကယ် အရှုံးပေးသွားစေခဲ့သည်မှာ ချန်ဖေး၏ ယုတ္တိမတန်သော ထိုဧရာမ ခွန်အားကြီးပင် ဖြစ်သည်။

မြောင်ချီရှန်း၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး သူ၏ မျက်လုံးများထဲတွင် စိတ်ဝင်စားမှု အရိပ်အယောင် အချို့ ပေါ်လာ၏။

တိုင်ဖန်းရွှမ်းကို လူသတ်ရန် ကူညီပေးခြင်းမှာ ယခင်က ခင်မင်ရင်းနှီးမှု အပေါ် အခြေခံထားခြင်း ဖြစ်သော်လည်း ဤကိစ္စကြောင့် နောက်ထပ် အမွေအနှစ် ကျင့်စဉ်တစ်ခု ရရှိနိုင်မည် ဆိုပါက ဤကိစ္စက ပို၍ပင် အံ့သြဖွယ် ကောင်းပေလိမ့်မည်။

ဒွာရသန့်စင်ခြင်း အဆင့်သို့ ရောက်ရှိသည်မှာ သိပ်မကြာသေးသူ တစ်ယောက်ကို တိုင်ဖန်းရွှမ်း ကဲ့သို့သော ဒွာရသန့်စင်ခြင်း အဆင့် ဝါရင့် ပညာရှင် တစ်ယောက်ကို သတ်ဖြတ်လုနီးပါး ဖြစ်စေပြီး တိုင်ဖန်းရွှမ်း အနေဖြင့် ပြန်လည် ခုခံနိုင်စွမ်း များများစားစား မရှိခဲ့ချေ။

ဤအမွေအနှစ် ကျင့်စဉ်၏ နက်နဲမှု အဆင့်က သေချာပေါက် သာမန် မဟုတ်ကြောင်း စိတ်ကူးကြည့်နိုင်ပေသည်။

"မင်း အရင်သွား စောင့်ကြည့်နေလိုက်ဦး... သတင်းသစ် ရှိရင် ငါ့ကို အကြောင်းကြားလိုက်ပါ..."

မြောင်ချီရှန်းက ပြုံး၍ ပြောလိုက်သည်။

"ကောင်းပြီ..."

တိုင်ဖန်းရွှမ်းက ခေါင်းညိတ်လိုက်ပြီး မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် မြောင်ချီရှန်းကို အရိုအသေပေးကာ အိမ်ထဲမှ ပျောက်ကွယ်သွားပြီး အစီအရင်ပြား ရှိရာ အခန်းသို့ ပြန်သွားခဲ့သည်။

"အကြီးအကဲတိုင်..."

တိုင်ဖန်းရွှမ်း ပေါ်လာသည်ကို မြင်သောအခါ အစီအရင်ပြား ရှေ့တွင် ရပ်၍ အပြင်းအထန် ကြီးကြပ်နေသော လက်အောက်ငယ်သားက အလျင်အမြန် နှုတ်ဆက်လိုက်၏။

"ဘာပြောင်းလဲမှု ရှိသေးလဲ..."

တိုင်ဖန်းရွှမ်းက ပျော်ရွှင်သော စိတ်အခြေအနေဖြင့် မေးလိုက်သည်။

"အခုထိတော့ မရှိသေးပါဘူး..."

လက်အောက်ငယ်သားက တိုင်ဖန်းရွှမ်းကို အနည်းငယ် သံသယဖြစ်စွာ လှမ်းကြည့်လိုက်သည်။

တိုင်ဖန်းရွှမ်း ဒဏ်ရာရကတည်းက တိုင်ဖန်းရွှမ်း၏ မျက်နှာပေါ်တွင် အပြုံးကို မြင်တွေ့ရခဲလှသည်။

"ကောင်းပြီ... သွားတော့..."

တိုင်ဖန်းရွှမ်းက လက်ဝှေ့ယမ်းပြပြီး အစီအရင်ပြား ရှေ့သို့ လျှောက်သွားကာ ထိုင်ချလိုက်သည်။

အစီအရင်ပြားပေါ်တွင် ချန်ဖေး၏ ချီအရှိန်အဝါကို ကိုယ်စားပြုသော အလင်းစက်လေးက အနည်းငယ် မှိတ်တုတ်မှိတ်တုတ် ဖြစ်နေပြီး တိုင်ဖန်းရွှမ်း၏ မျက်လုံးများထဲတွင် လူသတ်လိုစိတ် အရိပ်အယောင် အချို့ ပေါ်လာ၏။

"မင်းကို နောက်ထပ် အချိန်အနည်းငယ်လောက် အသက်ရှင်ခွင့် ပေးလိုက်မယ်..."

တိုင်ဖန်းရွှမ်း၏ စိတ်ထဲတွင် အေးစက်စွာ တွေးလိုက်သည်။

အနက်ရောင် မြို့တော်တွင် ချန်ဖေးက ဆိုင်ထဲမှ ထွက်လာ၏။

သူ၏ နောက်ကျောရှိ သစ်သားသေတ္တာထဲမှ ဝိညာဉ်လက်နက် သုံးခု ပျောက်ဆုံးသွားပြီး ရောင်းရသော စျေးနှုန်းက အစောကနှင့် အတူတူပင် ဖြစ်သည်။

ချန်ဖေးက ခုနကကဲ့သို့ပင် ဝိညာဉ်ကျောက်တုံးများ အသုံးပြု၍ ဝိညာဉ်ဆေးလုံး အချို့ကို ထပ်မံ ဝယ်ယူခဲ့သည်။

ချန်ဖေးက မရပ်တန့်ဘဲ လမ်းကြား အနည်းငယ်ကို ဖြတ်ကျော်၍ အခြား ဆိုင်တစ်ဆိုင်သို့ ပြောင်းကာ ကျန်ရှိနေသော အသုံးမပြုသည့် ဝိညာဉ်လက်နက် အားလုံးကို တိုက်ရိုက် ရောင်းချပစ်လိုက်သည်။

ယခုအချိန်အထိ အနက်ရောင် မြို့တော်သို့ လာရောက်ရသည့် ချန်ဖေး၏ ကနဦး ရည်ရွယ်ချက် အားလုံး ပြီးမြောက်သွားပြီ ဖြစ်သည်။

သို့သော် ချန်ဖေးက အလောတကြီး ထွက်မသွားသေးပေ။

အနက်ရောင် မြို့တော်သို့ လာရောက်ခဲသဖြင့် ဝယ်ယူရန် ထူးဆန်းသော အရာများ ရှိမရှိ ချန်ဖေး အနေဖြင့်လည်း ကြည့်ရှုလိုသေးသည်။

သို့သော် မကြည့်ရှုမီ ချန်ဖေးက သူ၏ နောက်ကျောရှိ အထုပ်ထဲမှ ဝိညာဉ်ကျောက်တုံးများနှင့် ဆေးလုံးများကို နေရာလွတ်အကွက်ထဲသို့ အရင် သိမ်းဆည်းရန် လိုအပ်သည်။

ပင်မလမ်းမကြီးပေါ်တွင် ချန်ဖေးက တည်းခိုခန်း တစ်ခုကို ရှာတွေ့ပြီး တည်းခိုလိုက်သည်။

အနှစ်သာရအားဖြင့် အနက်ရောင် မြို့တော်မှာ သာမန်မြို့များနှင့် ကွာခြားမှု မရှိဘဲ ရှိသင့်ရှိထိုက်သော ဝန်ဆောင်မှု အားလုံး ရှိပြီး သာမန်မြို့ထဲတွင် မရှိသော ဝန်ဆောင်မှု များစွာကိုပင် ဤနေရာတွင် ရှာတွေ့နိုင်ပေသည်။

တည်းခိုခန်း၏ တည်းခိုစရိတ်က မသက်သာသော်လည်း အသုံးအဆောင် ပစ္စည်းများက ပြည့်စုံပြီး အခန်းတိုင်းတွင် အစီအရင်ငယ် တစ်ခုစီ ရှိကာ ဖွင့်လိုက်သည်နှင့် ခိုးကြည့်ခံရခြင်းမှ ကာကွယ်နိုင်သည်။

အနက်ရောင် မြို့တော်သို့ ဝင်ရောက်လာကတည်းက သူ့ကို ခိုးကြည့်နေသည်ကို ချန်ဖေး ခံစားမိခဲ့သည်။ ရှင်းလင်းစွာပင် အနက်ရောင် မြို့တော် တစ်ခုလုံးက ဧရာမ အစီအရင်ကြီး တစ်ခု၏ အောက်တွင် ရှိနေသည်။

ဤအစီအရင်က ချန်ဖေးအတွက် ရည်ရွယ်ထားခြင်း မဟုတ်သော်လည်း သိသာထင်ရှားစွာပင် ချန်ဖေး၏ ဒွာရသန့်စင်ခြင်း အဆင့် ကျင့်ကြံမှုက ကြီးကြပ်မှု အောက်တွင် ရှိနေသည်။

အချို့သော ဆိုင်ခန်းများနှင့် ယနေ့ တည်းခိုခန်း များတွင်သာ စောင့်ကြည့်ခံနေရသည့် ခံစားချက်က ပျောက်ကွယ်သွားမည် ဖြစ်သည်။

ချန်ဖေးက အထုပ်ကို ဖွင့်လိုက်ရာ ဝိညာဉ်ကျောက်တုံး ရာနှင့်ချီ၍ နှင့် ဝိညာဉ်ဆေးလုံး ပုလင်း ဒါဇင်ပေါင်းများစွာ ပေါ်လာ၏။

အကယ်၍ ဆေးလုံးများ ဝယ်ယူထားခြင်း မရှိပါက ဤအခိုက်အတန့်တွင် ချန်ဖေး၏ ဝိညာဉ်ကျောက်တုံး အရေအတွက်က ထောင်ဂဏန်း ကျော်လွန်သွားလောက်ပြီ ဖြစ်သည်။

အဆင့်နိမ့် ဝိညာဉ်လက်နက် များ၏ တန်ဖိုးက အတော်အသင့်သာ ရှိပြီး အများစုမှာ ဝိညာဉ်ကျောက်တုံး ဆယ်ဂဏန်းခန့်သာ တန်ဖိုးရှိသည်။

အလယ်အလတ်အဆင့် ဝိညာဉ်လက်နက် သို့ ရောက်ရှိလာသောအခါ တန်ဖိုးက အဆပေါင်းများစွာ တိုးလာပြီး ဝိညာဉ်စွမ်းအင် အားကောင်းမှုအပေါ် မူတည်၍ စျေးနှုန်းက ဝိညာဉ်ကျောက်တုံး သုံးရာခန့် ဝန်းကျင်တွင် ရှိသည်။

သို့သော် ဝိညာဉ်စွမ်းအင်က သိသိသာသာ ပိုမို အားကောင်းနေမည် ဆိုပါက၊ ဥပမာ ချန်ဖေး၏ လက်ထဲရှိ ချန်ယွမ်ဓား ဆိုလျှင် ဝိညာဉ်ကျောက်တုံး ခုနစ်ရာ သို့မဟုတ် ရှစ်ရာခန့်အထိ ရောင်းချနိုင်မည်ဟု ခန့်မှန်းရသည်။

ထို့အပြင် အဆင့်မြင့် ဝိညာဉ်လက်နက် သို့ ရောက်ရှိသွားပါက ထိုတန်ဖိုးက ပို၍ပင် ကြီးမားလာပေလိမ့်မည်။

သို့သော် အနက်ရောင် မြို့တော်၏ အရွယ်အစား အရဆိုလျှင် နှစ်ပေါင်းများစွာ ကြာလာသည့်တိုင် အဆင့်မြင့် ဝိညာဉ်လက်နက်များကို လာရောက် ရောင်းချသူ ရှိသည်ဟု မကြားဖူးသေးချေ။

အဆင့်မြင့် ဝိညာဉ်လက်နက်ကို ကိုင်ဆောင်နိုင်သူ အားလုံးနီးပါးမှာ ဒွာရသန့်စင်ခြင်း နောက်ဆုံးအဆင့် ပညာရှင်များ ဖြစ်ကြသည်။

နတ်တိမ်ဓားဂိုဏ်း ကဲ့သို့ ချမ်းသာကြွယ်ဝပြီး အင်အားကြီးမားသော ဂိုဏ်းပင်လျှင် အစပိုင်းတွင် လျှို့ဝှက်နယ်မြေ အတွင်းသို့ ဝင်ရောက်ချိန်တွင်သာ အဆင့်မြင့် ဝိညာဉ်လက်နက် ဓားတစ်လက်ကို ယူဆောင်သွားနိုင်ခဲ့သည်။

ပုံမှန်အားဖြင့် နတ်တိမ်ဓားဂိုဏ်း ကဲ့သို့သော အခြေအနေမျိုးတွင်ပင် အဆင့်မြင့် ဝိညာဉ်လက်နက်များက ဒွာရသန့်စင်ခြင်း နောက်ဆုံးအဆင့်၏ လက်ထဲတွင်သာ ရှိနေလိမ့်မည်။

ထို့ကြောင့် အဆင့်မြင့် ဝိညာဉ်လက်နက် တစ်လက်ကို ရောင်းချလိုပါက အနည်းဆုံး ဒွာရသန့်စင်ခြင်း နောက်ဆုံးအဆင့် ပညာရှင် တစ်ယောက်ကို သတ်ဖြတ်နိုင်မှသာ ဖြစ်နိုင်ပေမည်။

ဤသည်က မည်မျှ ခက်ခဲမည်နည်း။

ထို့အပြင် အမှန်တကယ် သတ်ဖြတ်နိုင်ခဲ့လျှင်တောင်မှ ဤအဆင့်မြင့် ဝိညာဉ်လက်နက်ကို ရောင်းချမည့်အစား သိမ်းဆည်းထားမည်ဟု ခန့်မှန်းရသည်။

ချန်ဖေးက ဝိညာဉ်ကျောက်တုံး အများစုနှင့် ဆေးလုံးများကို နေရာလွတ်အကွက်ထဲသို့ ထည့်သွင်းလိုက်ပြီး အထုပ်ထဲတွင် အနည်းငယ်သာ ချန်ထားခဲ့သည်။

ဆေးလုံးများကို ကျင့်ကြံရန် အသုံးပြုမည် ဖြစ်ပြီး ဝိညာဉ်ကျောက်တုံး များကိုမူ ဝယ်ယူလိုသော အရာများနှင့် ကြုံတွေ့ရသည့်အခါ အလွယ်တကူ ယူသုံးနိုင်ရန် ဖြစ်သည်။

ဝိညာဉ်ဆေးလုံး တစ်လုံးကို ထုတ်ယူ၍ မျိုချလိုက်ပြီး ချန်ဖေးက တင်ပျဉ်ခွေ ထိုင်ကာ ကျင့်ကြံခြင်းတွင် နစ်မြုပ်သွား၏။

တစ်နာရီပင် မပြည့်သေးမီ ဆေးလုံး အတွင်းရှိ ဆေးစွမ်းအာနိသင်များ အားလုံးကို ချန်ဖေးက အပြည့်အဝ စုပ်ယူလိုက်သည်။

ချန်ဖေးက အနားမယူသလို မျက်လုံးပင် မဖွင့်ဘဲ ကျယ်လောင်စွာ စတင် ဟောက်တော့သည်။

မြေကြီးကို တုန်လှုပ်စေသော အသံကြီးက အိမ်ထဲတွင် ထွက်ပေါ်လာ၏။ အခန်းထဲတွင် အသံမထွက်အောင် ကာကွယ်ပေးသော အစီအရင် ရှိနေသဖြင့်သာ တော်တော့သည်။

သို့မဟုတ်ပါက ချန်ဖေး၏ ဤကျယ်လောင်သော အသံကြီးက အနက်ရောင် မြို့တော် တစ်ဝက်ခန့်အထိ ပျံ့နှံ့သွားလောက်မည်ဟု ခန့်မှန်းရသည်။

ဟောက်နေရင်း ကြယ်တာရာ ဓားသိုင်း၊ မူလ ဓားသိုင်းနှင့် ယွမ်ချန် ဓားကျမ်းစာ၊ ဤကျင့်စဉ် လေးခုကို အလှည့်ကျ ကျင့်ကြံနေ၏။

အိမ်ထဲရှိ နေရာက မကြီးမားဘဲ ပရိဘောဂ များစွာ ရှိသော်လည်း ချန်ဖေး၏ ဓားရေး ကကွက်များကို များစွာ မထိခိုက်စေချေ။

ချန်ဖေး အတွင်းကလီစာသန့်စင်ခြင်း အဆင့်တွင် ရှိနေစဉ်ကတည်းက ဓားသိုင်းများကို မိမိ၏ စိတ်ဆန္ဒအတိုင်း လွတ်လပ်စွာ ထိန်းချုပ်နိုင်နေပြီ ဖြစ်သည်။

ယခု ဒွာရသန့်စင်ခြင်း အလယ်အလတ်အဆင့်သို့ ရောက်ရှိလာပြီး စိတ်စွမ်းအားများ ပိုမို အားကောင်းလာသောအခါ ဓားသွားများကို ဤနေရာတွင် ပျက်စီးစေရန်မှာ ပို၍ပင် မဖြစ်နိုင်တော့ချေ။

လက်တစ်လံစာ နေရာလေးတွင်သာ ဖြစ်စေကာမူ ချန်ဖေး အနေဖြင့် ဓားသိုင်းများကို ပုံမှန်အတိုင်း အနည်းငယ်မျှ ထိခိုက်မှု မရှိဘဲ လေ့ကျင့်နိုင်သည်။

ချန်ဖေးက ကျင့်ကြံခြင်းတွင် အာရုံစိုက်နေချိန်၌ တစ်ဖက်တွင် တိုင်ဖန်းရွှမ်းက မြောင်ချီရှန်းကို ထပ်မံ သွားရောက် တွေ့ဆုံခဲ့သည်။

"ချန်ဖေး တည်းခိုခန်းမှာ နေတာ နာရီအနည်းငယ် ကြာသွားပြီ... တည်းခိုခန်း ရှေ့မှာ ဒုတိယမြောက် ဒွာရသန့်စင်ခြင်း အဆင့် ချီအရှိန်အဝါ ပေါ်မလာဘူး..."

တိုင်ဖန်းရွှမ်းက မြောင်ချီရှန်းကို ကြည့်ကာ သူ၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေပြီး တိုးညှင်းစွာ ပြောလိုက်၏။

နာရီအနည်းငယ် ကြာသည့်တိုင် အခြား ဒွာရသန့်စင်ခြင်း အဆင့်များ ချဉ်းကပ်လာခြင်း မရှိသဖြင့် ချန်ဖေး တစ်ယောက်တည်းသာ ရှိနေကြောင်း ပိုမို သေချာသွားပြီ ဖြစ်သည်။

အကယ်၍ အခြား ဒွာရသန့်စင်ခြင်း အဆင့် တစ်ယောက်ယောက်က ချန်ဖေးနှင့် အတူတကွ ရှိနေမည် ဆိုပါက ချန်ဖေးကို သတ်ဖြတ်ရန် အန္တရာယ်က အဆပေါင်းများစွာ တိုးလာပေလိမ့်မည်။

ဒွာရသန့်စင်ခြင်း အစောပိုင်းအဆင့် တစ်ယောက်သာ ဖြစ်နေလျှင်တောင်မှ အတူတူပင် ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ထိန်းချုပ်၍ မရနိုင်သော မျှော်လင့်မထားသည့် အချက်များစွာ ပေါ်လာလိမ့်မည်။

"ဆက်စောင့်ကြည့်ထားပါ... သူ မြို့ပြင်ထွက်ခါနီးရင် ငါ့ကို လာပြောလိုက်..."

မြောင်ချီရှန်းက ခေါင်းညိတ်လိုက်သည်။

ချန်ဖေးက ဂိုဏ်း၏ တပည့် ဖြစ်ပြီး ယွမ်ချန်ဓားဂိုဏ်း ကဲ့သို့သော နောက်ခံအင်အား ရှိနေသောကြောင့်သာ ဤမျှ သတိထားနေရခြင်း ဖြစ်သည်။

အခြား ဂိုဏ်းမဲ့ ဒွာရသန့်စင်ခြင်း အစောပိုင်းအဆင့် တစ်ယောက်သာ ဖြစ်မည် ဆိုပါက ဤမျှ သတိထားနေစရာ လုံးဝ မလိုဘဲ တိုက်ရိုက် သတ်ပစ်လိုက်ရုံပင် ဖြစ်သည်။

"ကောင်းပြီ..."

တိုင်ဖန်းရွှမ်းက ခေါင်းညိတ်လိုက်ပြီး သူ၏ လက်စွပ်ထဲမှ ကျောက်စိမ်း တစ်တုံးကို ထုတ်ယူကာ မြောင်ချီရှန်းကို ကမ်းပေးလိုက်ပြီး ပြောလိုက်၏။

"လွန်ခဲ့တဲ့ အချိန်အနည်းငယ်က... ငါ ကံကောင်းလို့ ဒီဝိညာဉ်ပစ္စည်းလေး ရခဲ့တယ်... ဒါပေမဲ့ ငါ့အတွက်ကတော့ အသုံးမဝင်ပါဘူး..."

"ငါတို့ နှစ်ယောက်ကြားမှာ... ဘာလို့ ဒီလိုတွေ လုပ်နေရတာလဲ..."

မြောင်ချီရှန်းက အနည်းငယ် မကျေနပ်သလို မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။

"ဒါက ဝိညာဉ်ပစ္စည်း တစ်ခုပါပဲ... ငါ့ရဲ့ စေတနာလို့ပဲ သဘောထားလိုက်ပါ... ချန်ဖေးကို သတ်ဖို့အတွက် မင်းလည်း ခရီးနည်းနည်း သွားရဦးမှာပဲလေ... အလကား သွားခိုင်းလို့တော့ မဖြစ်ဘူးပေါ့..."

‌တိုင်ဖန်းရွှမ်းက ကျောက်စိမ်းကို စားပွဲပေါ်တွင် ချထားခဲ့ပြီး လှည့်၍ အိမ်ထဲမှ ထွက်သွားခဲ့သည်။

မြောင်ချီရှန်းက တိုင်ဖန်းရွှမ်း၏ ကျောပြင်ကို ကြည့်ရင်း သူ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာ၏။

တည်းခိုခန်းထဲတွင် ချန်ဖေးက တစ်ညလုံး ကျင့်ကြံနေခဲ့ပြီး အနက်ရောင် မြို့တော်ကလည်း တစ်ညလုံး ဆူညံနေခဲ့သည်။

နံနက်စောစောတွင် ချန်ဖေးက အနက်ရောင် မြို့တော် တစ်ခုလုံးကို စတင် လှည့်လည် ကြည့်ရှုတော့သည်။

လမ်းဘေး ဈေးသည်များ ဖြစ်စေ၊ လမ်းဘေး ဆိုင်ခန်းများ ဖြစ်စေ ချန်ဖေးက တစ်ခုပြီးတစ်ခု လှည့်လည် ကြည့်ရှုခဲ့သည်။

အနက်ရောင် မြို့တော်တွင် ပစ္စည်းမျိုးစုံ ရှိနေပြီး အချို့သော အရာများက ချန်ဖေး၏ မျက်စိကို အမှန်တကယ် ပွင့်သွားစေခဲ့သော်လည်း ချန်ဖေးကို ကူညီပေးနိုင်သည့်အရာမှာ အလွန် နည်းပါးလှသည်ဟု ဆိုရမည်။

ယခု ချန်ဖေး ရောက်ရှိနေသော အဆင့်တွင် သူ့ကို အမှန်တကယ် ကူညီပေးနိုင်သည့် အရာ အနည်းငယ်သာ ရှိတော့သည်။

အကျိုးအမြတ်များ ရှာဖွေခြင်းနှင့် ပတ်သက်၍မူ ဤနေရာရှိ လူများက မျောက်များထက်ပင် ပိုမို ပါးနပ်ကြရာ အကျိုးအမြတ် ရှာဖွေရန် ဖြစ်နိုင်ချေ လုံးဝ မရှိချေ။

ကျင့်စဉ်များနှင့် ပတ်သက်၍မူ ချန်ဖေးက အချို့ကို ကြည့်ရှုပြီးနောက် လုံးဝ စိတ်မဝင်စားတော့ချေ။

ယွမ်ချန်ဓားဂိုဏ်း၏ ကျင့်စဉ်များကို မြင်တွေ့ပြီးနောက်၊ သွေးရင်းမြစ် ကျင့်စဉ် ကဲ့သို့သော မိစ္ဆာ ကျင့်စဉ်များကို မြင်တွေ့ပြီးနောက် သာမန် ကျင့်စဉ်များက ချန်ဖေး၏ မျက်စိထဲသို့ ဝင်ရောက်ရန် ခက်ခဲနေပြီ ဖြစ်သည်။

ထို့အပြင် ဤနေရာရှိ ကျင့်စဉ်များက အမှန်တကယ် ပြောရမည် ဆိုလျှင် အများစုမှာ လုပ်ကြံဖန်တီးထားခြင်းများသာ ဖြစ်သည်။

အဓိပ္ပာယ် မရှိသည့်အပြင် နက်နဲမှု အဆင့်ကလည်း အလွန် နိမ့်ကျကာ စျေးနှုန်းကမူ အလွန် မြင့်မားလှသည်။

အချိန်အတော်ကြာ လှည့်လည် ကြည့်ရှုပြီးနောက် ချန်ဖေး၏ စိတ်ဝင်စားမှု အချို့က တဖြည်းဖြည်း လျော့ကျလာပြီး နောက်ဆုံးတွင် လုံးဝ စိတ်မဝင်စားတော့ချေ။

တစ်ခဏမျှ စဉ်းစားပြီးနောက် ချန်ဖေးက အနက်ရောင် မြို့တော်မှ ထွက်ခွာရန် ဆုံးဖြတ်လိုက်သည်။

ဤနေရာတွင် ဟိုဟိုဒီဒီ လျှောက်သွားနေမည့်အစား ပြန်သွားပြီး ချီရှူချင်းနှင့် စကားပြောခြင်းက ပို၍ စိတ်ဝင်စားစရာ ကောင်းပေလိမ့်မည်။

မွန်းလွဲပိုင်း အချိန်လေးတွင် ချန်ဖေးက အနက်ရောင် မြို့တော်၏ မြို့တံခါးမှ ထွက်ခွာလာခဲ့သည်။

အဝေးတွင် တိုင်ဖန်းရွှမ်းနှင့် မြောင်ချီရှန်းတို့က အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့ကြပြီ ဖြစ်သည်။

All Chapters