အခန်း (၁၅၉-၁၆၀)
Vol. 16 Ch. 159-160
အခန်း။ ၁၅၉
"ဒီမက်မွန်ပွင့်နတ်သမီးက အနည်းဆုံးတော့ 'ယင်ဝိညာဉ်နယ်ပယ်' အဆင့်ရှိနေတဲ့သူ။ သူမကိုယ်တိုင်တောင် မစွမ်းဆောင်နိုင်လောက်တဲ့အထိ ခက်ခဲတဲ့ကိစ္စမျိုးက ဘာများဖြစ်နေလို့လဲ... ငါ့လို ကျင့်ကြံသူတစ်ယောက်လို့တောင် အရာမသွင်းနိုင်သေးတဲ့ လူတစ်ယောက်ဆီကနေ သူမ ဘာကြောင့် အကူအညီ လာတောင်းနေရတာလဲ"
"မင်းကို ငါ တကယ်အကူအညီပေးနိုင်မယ်လို့ ဘာလို့ ဒီလောက်သေချာနေရလဲဆိုတာကို တွေးပြီး ဇဝေဇဝါ ဖြစ်နေပုံပဲနော်..."
ကုယွမ်၏ ဇဝေဇဝါဖြစ်နေသော မျက်နှာအမူအရာကို မြင်သောအခါ ချင်ဟုန်ရှောင်က တည်ငြိမ်စွာပင် ပြောလိုက်သည်။
"တကယ်တော့ မင်း အဲဒီလောက်အထိ အကျပ်ရိုက်နေစရာ မလိုပါဘူး"
"ငါ မင်းကို လုပ်ခိုင်းချင်တဲ့အရာက ကျင့်ကြံခြင်းအဆင့်ရဲ့ အင်အားနဲ့ သိပ်ပြီး မသက်ဆိုင်ဘူး။ မင်း ကျင့်ကြံနေတဲ့ ကျင့်စဉ်က တော်တော်လေး ထူးခြားပြီး ငါ့ရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီနေလို့ပဲ"
"ဒါတင်မကသေးဘူး... ငါ့ရဲ့ အကြီးအကဲတစ်ယောက်က တားရော့ဗေဒင်နဲ့ ကံကြမ္မာကို တွက်ချက်ကြည့်ဖူးတယ်။ အဲဒီမှာ ငါ့ရဲ့ ဘဝအလှည့်အပြောင်း ဘေးဒုက္ခသုံးပါးကို ကျော်ဖြတ်နိုင်ဖို့အတွက် 'ကု' ဆိုတဲ့ မျိုးရိုးအမည်ရှိတဲ့သူက ကြီးမားတဲ့ အထောက်အကူ ဖြစ်လိမ့်မယ်လို့ ဟောကိန်းထုတ်ထားတာ ရှိတယ်။ ဒါကြောင့်မို့လို့ ငါက မင်းကို ထိုက်ယင်းဝိညာဉ် ပေးပြီး ရင်းနှီးမြှုပ်နှံလိုက်တာပဲ... မင်း ငါ့ကို စိတ်ပျက်အောင် မလုပ်ဘူးလို့ မျှော်လင့်ပါတယ်"
ကုယွမ်၏ ရှေ့မှောက်တွင် ချင်ဟုန်ရှောင်သည် အချို့သော ကိစ္စရပ်များကို သိပ်ပြီး ဖုံးကွယ်မထားဘဲ ဖြည်းညှင်းစွာ ပြောလိုက်သည်။
သူမသည် အမြဲတမ်း တည်ငြိမ်အေးဆေးပြီး လောကီကိစ္စရပ်များကို ဂရုမစိုက်တတ်သည့်အပြင် အမှန်တရားကို ဖုံးကွယ်ထားလေ့ မရှိချေ။ အကယ်၍ ဖုံးကွယ်ထားစရာ ရှိလျှင်ပင် လှည့်စားခြင်းမရှိဘဲ ပွင့်ပွင့်လင်းလင်းသာ ထုတ်ပြောတတ်သူ ဖြစ်သည်။
'ငါက သူမကို ကူညီနိုင်လိမ့်မယ်လို့ ဟောကိန်းထုတ်ထားတာကိုး...'
ကုယွမ်သည် ရုတ်တရက် သဘောပေါက်သွားခဲ့သော်လည်း သူ၏ ရင်ထဲတွင်မူ ထိတ်လန့်တုန်လှုပ်မှုတစ်ခု စိုးမိုးသွားခဲ့သည်။
ချင်ဟုန်ရှောင် ပြောလိုက်သည့် ဘေးဒုက္ခသုံးပါး ဆိုသည်မှာ ရွှေအမြုတေ သို့မဟုတ် ယင်
ဝိညာဉ်အဆင့်နှင့် သက်ဆိုင်ခြင်း မရှိဘဲ 'နဂါးတံခါး ယန်ဝိညာဉ်အဆင့်၏ ဘေးဒုက္ခသုံးပါးကို ဆိုလိုခြင်းပင်။
နဂါးတံခါးနယ်ပယ် ဆိုသည်မှာ 'ငါးကြင်းကောင် နဂါးတံခါးကို ခုန်ကူးခြင်း' ဟူသော ဆိုရိုးမှ ဆင်းသက်လာပြီး သာမန်လူသားအဖြစ်မှ နတ်ဘုရားအဖြစ်သို့ ကူးပြောင်းခြင်း၊ ငါးကြင်းကောင်မှ စစ်မှန်သော နဂါးတစ်ကောင်အဖြစ်သို့ အသွင်ပြောင်းလဲလျက် မသေမျိုးနယ်ပယ်သို့ တက်လှမ်းခြင်းကို ကိုယ်စားပြုသည်။
နဂါးတံခါးနယ်ပယ်ကို ကျော်ဖြတ်နိုင်ပြီဆိုပါက ထာဝရအသက်ရှင်ခြင်း တာအိုလမ်းစဉ်ကို သက်သေပြနိုင်မည်ဖြစ်ပြီး မူလဝိညာဉ်ကို သန့်စင်ကာ စစ်မှန်သော မသေမျိုးအဆင့်သို့ ရောက်ရှိနိုင်မည်ပင်။
ထာဝရအသက်ရှင်ခြင်းကို ရရှိရန်အတွက်မူ အမျိုးမျိုးသော ဘေးဒုက္ခများကို ကျော်ဖြတ်ရမည် ဖြစ်ကာ လူသားဘေးဒုက္ခ၊ သံယောဇဉ်ဘေးဒုက္ခ၊ မိစ္ဆာဘေးဒုက္ခ၊ ကောင်းကင်ဘေးဒုက္ခနှင့် မိုးကြိုးဘေးဒုက္ခ စသည်ဖြင့်အများကြီးရှိသည်။
ချင်ဟုန်ရှောင်က ဤဘေးဒုက္ခသုံးပါးကို ကျော်ဖြတ်ရန်အကြောင်း ပြောနေသဖြင့် သူမသည် လက်ရှိတွင် နဂါးတံခါးနယ်ပယ်၏ ယန်ဝိညာဉ်အဆင့်၌ ရောက်ရှိနေပြီး ထာဝရအသက်ရှင်ခြင်းသို့ ခြေတစ်လှမ်း လှမ်းထားနိုင်ကာ မသေနိုင်သော မူလဝိညာဉ်ကို အစပျိုး သန့်စင်နေပြီဖြစ်ကြောင်း ထင်ရှားသည်။
သူမအနေဖြင့် ဤဘေးဒုက္ခသုံးပါးကို ကျော်ဖြတ်နိုင်ရုံမျှဖြင့် ယန်ဝိညာဉ်သည် မူလဝိညာဉ်အဖြစ်သို့ အသွင်ပြောင်းလဲသွားမည်ဖြစ်ပြီး ထာဝရအသက်ရှင်ခြင်းနှင့် မသေနိုင်ခြင်းတို့ကို ရရှိတော့မည်ပင်။
ဤကဲ့သို့သော အဆင့်အတန်းရှိသည့် တည်ရှိမှုမျိုးဆိုသည်မှာ ဆေးဘုရင်တောင် သို့မဟုတ် ကြယ်တာရာမြစ်ဓားဂိုဏ်းကဲ့သို့သော နေရာကြီးများတွင်ပင် လက်ချိုးရေတွက်၍ရနိုင်လောက်အောင် နည်းပါးလိမ့်မည်ဟု ကုယွမ် ထင်မှတ်မိသည်။
"နတ်သမီး စိတ်ချပါ... အချိန်ကျလာရင် ကျွန်တော် တတ်နိုင်သမျှ အစွမ်းကုန် ကြိုးစားပါ့မယ်။ ကျွန်တော့်ကို အသုံးပြုနိုင်မယ့်နေရာ ရှိရင်လည်း အချိန်မရွေး အမိန့်ပေးပါဗျာ"
ကုယွမ်က ကတိတစ်ခု ပေးလိုက်သည်။ သူသည် သူရှေ့မှောက်ရှိ မက်မွန်ပွင့်နတ်သမီးကို ကျေးဇူးတင်မိနေသည်။
ဤသည်မှာ သူမက သူ့ကို ကြီးမားစွာ ကူညီပေးခဲ့သည့် ဒုတိယအကြိမ်မြောက် ရှိခဲ့သည်။
တစ်ပြိုင်နက်တည်းမှာပင် သူမကဲ့သို့သော အားကိုးစရာ ကျောထောက်နောက်ခံကြီးကို ခိုင်မာစွာ တွဲဖက်ထားနိုင်ရန်ဟူသော အတွေးမျိုးလည်း ကုယွမ်၏ စိတ်ထဲတွင် မပေါ်ဘဲမနေခဲ့ချေ။
"ကောင်းပြီလေ..."
ချင်ဟုန်ရှောင်က တည်ငြိမ်စွာ ခေါင်းညိတ်လိုက်သည်။ ကုယွမ်၏ စစ်မှန်သော တုံ့ပြန်မှုကို မြင်သောအခါ သူမ အတော်လေး ကျေနပ်သွားခဲ့သည်။
ကုယွမ်၏ ပြုမူပုံက သူမ ပေးအပ်လိုက်သော ထိုက်ယင်းဝိညာဉ်မှာ အလဟဿ မဖြစ်သွားကြောင်း သက်သေပြနေခဲ့သည်။
ကုယွမ်သည် သူ သစ်သားအဆောင်ပြားကို ထုတ်ယူပြီးနောက် မကြာမီမှာပင် ချင်ဟုန်ရှောင် ရောက်ရှိလာခဲ့ခြင်းကို ပြန်လည်သတိရလိုက်သဖြင့် တိုက်ရိုက်ပင် မေးလိုက်သည်။
"နဂါးနီနတ်ဘုရားနန်းတော် ပွင့်တော့မယ့်အချိန်မှာ နတ်သမီးက ဒီဘက်နားကို ခဏခဏ ရောက်လာတာ... အဲဒီ နဂါးနီနတ်ဘုရားနန်းတော်ကြောင့်ပဲလားဗျ"
"နဂါးနီနတ်ဘုရားနန်းတော် ဟုတ်လား..."
ချင်ဟုန်ရှောင်က သူမ၏ လှပပြီး သိမ်မွေ့လှသော နှာခေါင်းကလေးကို အနည်းငယ် ရှုံ့လိုက်
ရင်း ခေါင်းခါပြသည်။
"နဂါးနီအကြီးအကဲက နန်းတော်ငါးခုကို ပိုင်ဆိုင်ထားတာ။ အခု ပွင့်မယ့်နေရာက သူ့ရဲ့ နန်းတော်ခွဲတစ်ခုပဲ ရှိသေးတယ်။ အထဲမှာရှိတဲ့ ပစ္စည်းတွေက ကောင်းတယ်ဆိုပေမယ့် ငါ့အတွက်တော့ ဘာမှ အသုံးမဝင်ပါဘူး"
"သူ့ရဲ့ အဓိကနန်းတော်ကြီးသာ ဆိုရင်တော့ ငါ နည်းနည်းပါးပါး လေ့လာဖို့ စိတ်ဝင်စားမိမှာပဲ။ ဒါပေမယ့်..."
ချင်ဟုန်ရှောင်က နဂါးနီတာအိုဆရာကြီးကိုပင် "နဂါးနီအကြီးအကဲ" ဟု ခေါ်ဆိုလျက် အလွန်တရာ ရင်းနှီးကျွမ်းဝင်မှုရှိကြောင်း ပြသနေခဲ့သည်။
ဤအကြောင်းကို ပြောရင်း သူမက ခေါင်းခါလိုက်ပြီး "အဲဒီအကြီးအကဲက အကွက်ချတွက်ချက်မှုတွေ အရမ်းများတယ်။ စိတ်သဘောထားကလည်း တောင်တန်းတွေလို ဘေးအန္တရာယ်များပြီး လှည့်ကွက်တွေနဲ့ ပြည့်နှက်နေတာ။ သူက လူတွေကို အလကားသက်သက် အခွင့်အရေးတွေ လာယူခွင့်ပေးမယ့်သူမျိုး မဟုတ်ဘူး"
"ဒါတင်မကသေးဘူး... သူ့ရဲ့ ထူးခြားလှတဲ့ ပါရမီနဲ့ဆိုရင် မူလဝိညာဉ် စစ်မှန်သောမသေမျိုးအဆင့်ကို ရောက်ရှိနေပါလျက်နဲ့ ဘာအကြောင်းပြချက်မှမရှိဘဲ ရုတ်တရက်ကြီး သေဆုံးသွားမလား။ ဒီကိစ္စရဲ့ နောက်ကွယ်မှာ လျှို့ဝှက်ချက်တစ်ခုခု ရှိနေတာ သေချာတယ်"
ကုယွမ်က မျက်လုံးအစုံ ပြူးသွားခဲ့ပြီး မယုံကြည်နိုင်လောက်အောင် ရေရွတ်လိုက်သည်။
"နတ်သမီးရဲ့ အဓိပ္ပာယ်က... နဂါးနီနတ်ဘုရားနန်းတော် ပေါ်ထွက်လာတာက အဲဒီနဂါးနီတာအိုဆရာကြီး ဆင်ထားတဲ့ ထောင်ချောက်တစ်ခု ဖြစ်နိုင်တယ်ပေါ့ ဟုတ်လား။ တစ်စုံတစ်ရာသော လှည့်ကွက်တွေကို ဖုံးကွယ်ထားတာလား။ ဒါမှမဟုတ်... သူက မသေသေးတာလည်း ဖြစ်နိုင်တာပဲလား"
"ဒါက ဖြစ်နိုင်ခြေ ရှိတာပဲ"
ချင်ဟုန်ရှောင်က ငြင်းဆိုခြင်း မပြုခဲ့ဘဲ ဆက်ပြောလိုက်သည်။
"ဒါပေမယ့် နဂါးနီအကြီးအကဲမှာ လှည့်ကွက်တွေ ရှိနေရင်တောင် သူ ရှာဖွေနေတဲ့အရာ သို့မဟုတ် သူ ပစ်မှတ်ထားတဲ့သူက သေချာပေါက် အဆင့်မြင့်တဲ့သူ ဖြစ်လိမ့်မယ်။ ဒါကြောင့်မို့လို့ ဒီတစ်ကြိမ် နန်းတော်ပွင့်တာက သာမန်ကျင့်ကြံသူတွေအတွက်တော့ ရှားပါးတဲ့ အခွင့်အရေးတစ်ခု ဖြစ်နေတုန်းပါပဲ"
သူမက ဤသို့ပြောရင်း ကုယွမ်ကို တစ်ချက် ကြည့်လိုက်သည်။
"မင်းအနေနဲ့ အခွင့်အရေးရရင် အထဲကို ဝင်ပြီး လေ့လာကြည့်တာကတော့ မဆိုးပါဘူး"
"နဂါးနီအကြီးအကဲဆိုတာ 'နဂါးနီအသွင်' ကနေပြီး တာအိုလမ်းစဉ်ကို ရရှိခဲ့သူ။ သူက ရှေးဟောင်းနတ်ဘုရားတွေရဲ့ ရုပ်အလောင်းတွေကို ပိုင်ဆိုင်ထားသလို 'မီးဓာတ်တာအို' မှာလည်း အရမ်းကျွမ်းကျင်တယ်။ သူက အမှန်တော့ 'မိစ္ဆာနဂါး' တစ်ကောင်ပါပဲ။ ဒါပေမဲ့ မိစ္ဆာလမ်းစဉ်ထက် 'နတ်ဘုရားတာအိုကျင့်စဉ်' တွေကိုပဲ ပိုပြီးတော့ အလေးထား ကျင့်ကြံခဲ့တာ။
အဲဒါကြောင့်လည်း သူ့ဆီမှာ ကြမ်းတမ်းတဲ့ မိစ္ဆာချီတွေ သိပ်မရှိတာ။ သူက ဆံပင်ဖြူဖြူနဲ့ နတ်ဘုရားအဘိုးအိုအသွင်ကိုပဲ ပြောင်းရတာကို သဘောကျပြီး လူငယ်တွေကို အခွင့်အရေးပေးရတာကို ကြိုက်တတ်တယ်။ သူ့ရဲ့ 'နတ်ဘုရားနန်းတော်' ထဲမှာ အန္တရာယ်တွေ ရှိပေမယ့် မင်းသာ စကားကို ယဉ်ယဉ်ကျေးကျေးပြော၊ ရိုရိုသေသေဆက်ဆံပြီး စည်းကမ်းအတိုင်း လိုက်နာမယ်ဆိုရင် သူက မင်းကို ဘာမှလုပ်မှာ မဟုတ်ဘူး။ တချို့သော အကျိုးကျေးဇူးတွေကိုတောင် ပေးလိုက်ဦးမှာ။
ဒါပေမဲ့... သတိထားရမှာတစ်ခုက ရိုသေမှုဆိုတာ စစ်မှန်ဖို့လိုတယ်။ မဟုတ်ရင်တော့ မင်း ဒုက္ခလှလှတွေ့ပြီး ပိုကြီးတဲ့ ဘေးအန္တရာယ်တွေကို ခေါ်ယူမိသလို ဖြစ်သွားလိမ့်မယ်"
ကုယွမ်က မမေးဘဲ မနေနိုင်တော့ချေ။
"နတ်သမီးက နဂါးနီတာအိုဆရာကြီးအကြောင်းကို ဒီလောက်တောင် သိနေတာ... ဒါဆိုရင်..."
ချင်ဟုန်ရှောင်သည် ကုယွမ် မည်သည်ကို မေးချင်သည်ကို သဘာဝကျကျ သိရှိနေသဖြင့် သူ စကားမဆုံးခင်မှာပင် ဖြတ်ပြောလိုက်သည်။
"နဂါးနီအကြီးအကဲက ငါ့ဆရာရဲ့ သူငယ်ချင်းဟောင်းတစ်ယောက်ပဲ။ ပြောရရင်တော့ ငါက သူ့ကို 'ဦးလေးဆရာလို့ ခေါ်ရမှာပေါ့"
ကုယွမ်အနေဖြင့် အကြီးအကဲက တကယ့်ကို အစွမ်းထက်လွန်းလှသည်ဟုသာ ပြောရပေတော့မည်။
ပြင်ပလူများ၏ မျက်စိထဲတွင်မူ လျှို့ဝှက်ဆန်းကြယ်လွန်းလှပြီး နဂါးနီနတ်ဘုရားနန်းတော်ကို ချန်ထားရစ်ခဲ့သည့် နဂါးနီတာအိုဆရာကြီးဆိုသည်မှာ ချင်ဟုန်ရှောင်၏ မျက်စိထဲတွင်မူ ယခင်က အကြီးအကဲဟောင်းတစ်ဦးမျှသာ ဖြစ်နေခဲ့သည်။
ပြီးတော့ သူမ ထုတ်ဖော်ပြောကြားလိုက်သည့် ဤအချက်အလက်များသည် နဂါးနီနတ်ဘုရားနန်းတော်အတွင်း၌ ရတနာများနှင့် နတ်ဘုရားလမ်းစဉ်များကို ရှာဖွေနေကြသူများအတွက်မူ ဝိညာဉ်ကျောက်တုံး ထောင်သောင်းချီတန်သည့် အဖိုးတန် သတင်းအချက်အလက်များ ဖြစ်လာပေလိမ့်မည်။
သံသယဖြစ်ဖွယ်မရှိဘဲ ယခုအခိုက်အတန့်တွင် ကုယွမ်သည် တကယ်ကို စိတ်လှုပ်ရှားသွားခဲ့ရသည်။
ယခင်က ကုယွမ်သည် နတ်ဘုရားနန်းတော်အတွင်းသို့ သွားရောက်လေ့လာရန် စိတ်ကူးမရှိခဲ့ချေ။
အဘယ့်ကြောင့်ဆိုသော် သူ့တွင် စစ်မှန်သော တာအိုကျမ်းစာ ရှိနေပြီး ဆေးဘုရင်တောင်သို့ ဝင်ခွင့်ရကာ ဆရာတစ်ဦးရှိထားသလို အဆင့်မြင့် ဝိညာဉ်အဆောင်လက်နက် ပျံလွှားဓားကိုပါ ပိုင်ဆိုင်ထားသောကြောင့်ပင်။
၎င်းအပြင် အတွင်းပိုင်း၌ ရှိနေမည့် ဘေးအန္တရာယ်များကိုပါ ရိပ်မိထားသဖြင့် စွန့်စားရန် အလိုမရှိခဲ့ချေ။
သို့သော် ယခု ချင်ဟုန်ရှောင်၏ စကားများကို ကြားရပြီးနောက်တွင်မူ အခြေအနေက သိသိသာသာကို ရှင်းလင်းသွားခဲ့ပြီ ဖြစ်သည်။
သူမ၏ အကြံပြုချက်များကို လိုက်နာပြီး သတိကြီးစွာဖြင့် လုပ်ဆောင်မည်ဆိုပါက အချို့သော အကျိုးကျေးဇူးများကို ဘေးကင်းလုံခြုံစွာဖြင့် ရယူနိုင်ရန်မှာ လုံးဝ ဖြစ်နိုင်ခြေ ရှိသည်။
"ကျင့်ကြံဖို့အတွက် ဝိညာဉ်ဆေးလုံးတွေ၊ ဝိညာဉ်အဆောင်လက်နက်တွေ၊ ဝိညာဉ်ပစ္စည်းတွေနဲ့ တာအိုကျမ်းစာတွေ အပုံလိုက်ကြီးရှိနေတာကို ဘယ်သူ မမက်မောဘဲ နေပါ့မလဲ"
နှစ်ထောင်ချီလမင်းကန့်လန့်ကာကောင် ပုလဲကို ရရှိပြီးနောက်တွင် ကုယွမ်သည် ကျင့်ကြံခြင်း၌ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခြင်း၏ အကျိုးကျေးဇူးများကို ကောင်းစွာ သဘောပေါက်သွားခဲ့သည်။
၎င်းက အချိန်နှင့် အားအင်များကို များစွာ သက်သာစေရုံတင်မကဘဲ စွမ်းဆောင်ရည်ကိုပါ ပိုမိုမြင့်မားလာစေသည်။
ထို့ပြင် အချို့သော နတ်ဘုရားကျင့်စဉ်များကို ကျင့်ကြံလိုပါက အချို့သော ကျင့်ကြံခြင်းဆိုင်ရာ အရင်းအမြစ်များ၊ ကောင်းကင်နှင့်မြေပြင် ရတနာများသည် မရှိမဖြစ် လိုအပ်သည်။
ထိုအရာတင်မကသေးဘဲ ကုယွမ်သည် ဝိညာဉ်အိမ်မွေးတိရစ္ဆာန် ငါးကောင်ကိုလည်း မွေးမြူထားသေးရာ သူတို့၏ စားသောက်မှုပမာဏကလည်း အလွန်တရာ ကြီးမားလှသည်။
လောလောဆယ်တွင် အားဟွမ်၊ ပါးစပ်ကြီး၊ အောင်းကြီးနှင့် အားဝူဟူသော ကလေးငယ်လေးလေးကောင်မှာ ယွမ်မုန်းတောင်တန်းအတွင်း၌သာ ရှိနေကြသေးသည်။
သူတို့အား ကျင့်ကြံသူများ၏ အန္တရာယ်မှ ရှောင်ရှားရန် ပြောထားခဲ့သည်ဆိုသော်လည်း အဓိကအကြောင်းအရင်းမှာ ကုယွမ်အနေဖြင့် သူတို့၏ စားစရိတ်ကို မတတ်နိုင်သေးသဖြင့် တောင်ပေါ်တွင် သူဘာသာ အစာရှာဖွေစားသောက်ရန် လွှတ်ထားခဲ့ရခြင်းပင်။
ခြုံငုံသုံးသပ်ရမည်ဆိုပါက အခွင့်အရေးရလာလျှင် နဂါးနီနတ်ဘုရားနန်းတော်အတွင်းသို့ သွားရောက်စွန့်စားခြင်းက ထိုက်တန်သည်။ သို့သော်လည်း ဘေးအန္တရာယ်များကို အနည်းဆုံးဖြစ်အောင် လျှော့ချနိုင်မည့် ချင်ဟုန်ရှောင်၏ နည်းလမ်းကို လိုက်နာခြင်းက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
သဘာဝကျကျပင် စိတ်လှုပ်ရှားမိသည်ဆိုသော်လည်း ကုယွမ်အနေဖြင့် သတိရှိမှုကိုသာ ပထမဆုံး ဦးစားပေးပေလိမ့်မည်။
အနည်းဆုံးတော့ သူ ကောင်းကင်ဘုံလူသားနယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်ပြီး ထက်မြက်လှသော နတ်
ဘုရားကျင့်စဉ် တစ်ခု သို့မဟုတ် နှစ်ခုကို ကျွမ်းကျင်ပိုင်နိုင်ကာ ကိုယ့်ကိုကိုယ် ကာကွယ်နိုင်စွမ်းရှိသည့် အင်အားကို ရရှိပြီးမှသာ သွားရောက်မည်ပင်။
ထိုသို့မဟုတ်ပါက သူသည် လုံးဝ စွန့်စားမည် မဟုတ်ချေ။
အခန်း။ ၁၆၀
"မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က သိပ်နက်နဲသေးတာ မဟုတ်ဘူး။ မင်းရဲ့ ကျင့်ကြံခြင်းအဆင့် မြင့်မားလေလေ ငါ့ကို ပိုပြီး ကူညီနိုင်လေလေပဲ ဖြစ်လိမ့်မယ်။ သေချာ ဂရုစိုက်ပြီး ကျင့်ကြံအားထုတ်ပါ"
ကုယွမ်က သူမ၏စကားကို နှလုံးသွင်းလိုက်သည်ကို မြင်ရသဖြင့် ချင်ဟုန်ရှောင်သည် ဆက်၍နေရန် စိတ်မရှိတော့ဘဲ သူမ၏ ပုံရိပ်သည် တဖြည်းဖြည်း ဝေဝါးသွားကာ ကျင့်ကြံခြင်းအခန်းအတွင်းမှ ကွယ်ပျောက်သွားခဲ့တော့သည်။
သူမ ထွက်ခွာသွားသော်လည်း ကျန်ရစ်ခဲ့သော မွှေးရနန်းမှာမူ အချိန်အတော်ကြာသည်အထိ မပြယ်လွင့်ဘဲ ရှိနေခဲ့သည်။
ဂျင်လင်... ဂျင်လင်...
ထိုအခိုက်အတန့်တွင်ပင် တံခါးဝရှိ ခေါင်းလောင်းကလေးထံမှ သာယာကြည်လင်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ဤအသံသည် အနှောင့်အယှက်မဖြစ်စေဘဲ စိတ်ကို အေးချမ်းစေသည့် ခံစားချက်ကို ပေးစွမ်းနေကာ ကျင့်ကြံခြင်းအခန်းတံခါးဝတွင် တစ်စုံတစ်ဦး ရောက်ရှိနေပြီး ဝင်ခွင့်ပြုရန် ကုယွမ်အား တောင်းဆိုနေခြင်းဖြစ်ကြောင်း ထင်ရှားသည်။
ကုယွမ်သည် လျင်မြန်စွာ ရှေ့သို့လှမ်း၍ တံခါးကို ဖွင့်လိုက်ရာ ဆရာကြီးဟယ်လင် မတ်တပ်ရပ်နေသည်ကို တွေ့လိုက်ရသည်။
"ဆရာ... အထဲကို ကြွပါဗျာ"
ကုယွမ်က ဆရာဖြစ်သူအား အထဲသို့ ပင့်ဆောင်ရန် ဘေးသို့ အမြန်ဖယ်ပေးလိုက်ပြီးနောက် ရေနွေးကြမ်းပြင်ဆင်ရန် ပြင်လိုက်သည်။
"အလုပ်ရှုပ်မခံပါနဲ့တော့"
ဆရာကြီးဟယ်လင်က လက်ကာပြလိုက်ရင်း သူလာရင်းအကြောင်းကို စတင်ပြောလိုက်သည်။
"တကယ်တော့ ငါ မင်းကို ကိစ္စတစ်ခု ပြောမလို့ လာခဲ့တာ..."
သို့သော် သူ၏ စကားမဆုံးခင်မှာပင် လေထုထဲ၌ ကျန်ရစ်နေသေးသော သင်းပျံ့သည့် ရနံ့ကို ရရှိသွားသဖြင့် သူ၏အသံမှာ တုန့်ခနဲ ရပ်တန့်သွားခဲ့သည်။
ထို့နောက် ဆရာကြီးဟယ်လင်၏ မျက်နှာအမူအရာက အနည်းငယ် ထူးဆန်းရှုပ်ထွေးသွားခဲ့တော့သည်။
သူက သက်ပြင်းခပ်ဖွဖွချလိုက်ပြီး လေးနက်တည်ကြည်စွာဖြင့်
"အားယွမ်... မင်းက ငါ့ရဲ့ တစ်ဦးတည်းသော တပည့်ပဲ။ မင်းအပေါ်မှာလည်း ငါ မျှော်လင့်ချက်တွေ အများကြီး ထားထားတယ်။ ငါ့ရဲ့ အမွေအနှစ်ကို ဆက်ခံပြီး ဂိုဏ်းကို ပိုပြီး တိုးတက်အောင် လုပ်ပေးနိုင်ဖို့ပဲ ငါ မျှော်လင့်တာ။ တစ်နေ့မှာ မင်းက 'ထိပ်တန်းအဆင့် ရွှေအမြုတေ' ကို သွန်းလုပ်နိုင်ခဲ့ရင် ဒါမှမဟုတ် 'ယင်ဝိညာဉ်'၊ 'ယန်ဝိညာဉ်' တာအိုအဆင့်တွေအထိ ကျင့်ကြံနိုင်ခဲ့မယ်ဆိုရင်... ငါ အခုချက်ချင်း သေရရင်တောင် စိတ်အေးရပါပြီ။"
"ဒါပေမဲ့... ငါတို့ရဲ့ 'တာအိုဓားကျင့်စဉ်' က ရုပ်ခန္ဓာကို အလွန်အမင်း ကန့်သတ်မထားပေမဲ့ လောကီကာမဂုဏ်တွေထဲမှာ နစ်မွန်းနေမယ်ဆိုရင်တော့ မင်းရဲ့ စိတ်ဓာတ်တွေ ပျက်စီးသွားလိမ့်မယ်။ မင်းသိထားရမှာက အမျိုးသမီးတွေဆိုတာ နူးညံ့သိမ်မွေ့ပေမဲ့ တစ်ဖက်မှာလည်း 'သူရဲကောင်းတွေရဲ့ သချိုင်း' ဖြစ်သွားနိုင်တယ်။ အခု မင်းရဲ့ ဓားတာအိုက အခြေတောင် မခိုင်သေးဘူး။ အမျိုးသမီးတွေအပေါ် စိတ်အာရုံရောက်နေတာက မင်းရဲ့ ကျင့်ကြံခြင်းကို နှောင့်နှေးစေပြီး မင်းရဲ့ စိတ်ပိုင်းဖြတ်ချက်တွေကိုပဲ ဖျက်ဆီးပစ်လိမ့်မယ်။"
"ဆရာ... ဆရာ အထင်လွဲနေပါပြီဗျာ။ တပည့်က ဘယ်လို ကာမဂုဏ်တွေထဲ နစ်မွန်းနေလို့လဲကျွန်တော်က ဒီတိုင်း ရိုးရိုးလေးပဲနေတာပါ..."
ကုယွမ်၏ မျက်နှာတစ်ခုလုံး အမည်းစက်များဖြင့် ပြည့်နှက်သွားခဲ့ရသည်။
ဒါက ဘယ်လိုတွေတောင် ဖြစ်သွားရတာလဲ။
"တော်စမ်း"
ကုယွမ် စကားမဆုံးခင်မှာပင် ဆရာကြီးဟယ်လင်က တည်ကြည်သော မျက်နှာအမူအရာဖြင့် ကြားဖြတ်ဟန့်တားလိုက်သည်။
"ငါလည်း လူငယ်ဘဝကို ဖြတ်သန်းခဲ့ဖူးသူပဲ။ မင်းတို့ လူငယ်တွေရဲ့ စိတ်ကူးစိတ်သန်းတွေကို ငါ နားလည်ပါတယ်။ မင်း သဘောကျတဲ့ မိန်းကလေး ရှိရင်လည်း ငါ မတားဆီးပါဘူး ခွဲလည်း မခွဲပစ်ပါဘူး။ ဒါပေမဲ့ မင်းက 'ကျင့်ကြံခြင်းအခန်း' ထဲကို မိန်းကလေးတစ်ယောက်ကို တိတ်တဆိတ် ခေါ်လာပြီး ဒီလိုမျိုး ရမ်းကားနေတာကတော့ လွန်လွန်းအားကြီးတယ်။ ကျင့်ကြံခြင်းအခန်းဆိုတာ တံခါးပိတ်ပြီး တရားအားထုတ်ရမယ့် နေရာလေ... မင်းက ဘာလို့ ဒီလောက်တောင် ဆင်ခြင်မဲ့နေရတာလဲ"
"ဆရာ... ဆရာ စကားကို ဆင်ခြင်ပေးပါဦးဗျာ"
ကုယွမ်၏ နဖူးမှ ချွေးစေးများပင် စီးကျလာပြီး အလောတကြီး ကြားဖြတ်ပြောလိုက်ရသည်။
"ကိစ္စက အဲဒီလိုမဟုတ်ပါဘူး ဆရာရယ် အခုနက မိန်းကလေးက... ကျွန်တော့်ရဲ့... မဟုတ်ပါဘူး၊ သူမက အရေးကြီးတဲ့ ကိစ္စရပ်တွေကို ဆွေးနွေးဖို့ ကျွန်တော် ဖိတ်ကြားထားတဲ့ နတ်သမီးတစ်ပါးပါဗျာ"
သို့သော် သူ၏ စကားမဆုံးသေးခင်မှာပင် စိမ်းဖျော့ဖျော့ရှိသော မိုးကြိုးအလင်းတန်းတစ်ခုက လေထုထဲမှနေ၍ အလိုအလျောက် ပေါ်ထွက်လာခဲ့သည်။
ဤမိုးကြိုးအမျှင်တန်းလေးမှာ ဆံပင်မျှင်ခန့်သာ ရှိပြီး အလွန်တရာ လျင်မြန်ဖြတ်လတ်လှကာ ဆရာကြီးဟယ်လင်ထံသို့ လျှပ်စီးလက်သကဲ့သို့ ပစ်ဝင်သွားခဲ့တော့သည်။
ဆရာကြီးဟယ်လင်က ကိုယ့်ကိုကိုယ် ကာကွယ်သည့် ဓားချီများကို ခန္ဓာကိုယ်ပတ်လည်တွင် ချက်ချင်း အသက်သွင်းလိုက်သည်။
၎င်းသည် တောင်တန်းများကို ဖြတ်တောက်နိုင်ပြီး မြစ်ရေများကို ပြောင်းပြန်စီးဆင်းစေနိုင်သည့် ပျံလွှားဓားရတနာ၏ တိုက်ခိုက်မှုကိုပင် သုံးကြိမ်မှ ငါးကြိမ်အထိ တားဆီးပေးနိုင်စွမ်း ရှိသည်။
သို့သော်လည်း ဤစိမ်းဖျော့ဖျော့ မိုးကြိုးအလင်းတန်းသည် ထိုဓားချီအတားအဆီးများကို အလွယ်တကူပင် ထိုးဖောက်သွားခဲ့ပြီး ဆရာကြီးဟယ်လင်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားခဲ့ရသည်။
ဆရာကြီးဟယ်လင်၏ မျက်နှာအမူအရာက ချက်ချင်း ပျက်ယွင်းသွားခဲ့ပြီးနောက် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ အတက်ရောဂါထသကဲ့သို့ တဆတ်ဆတ် တုန်ရင်သွားခဲ့ရကာ ခန္ဓာကိုယ်မှ မီးခိုးငွေ့ခပ်ပါးပါးများနှင့်အတူ အသားကျွမ်းသည့် အနံ့တစ်ခုပါ ထွက်ပေါ်လာခဲ့တော့သည်...
မိစ္ဆာများကို နှိမ်နင်းရာတွင် အသုံးပြုသည့် သူ၏ လောကတုန်ဟည်းဖွယ် ဓားပညာရပ်မှာ ယခုအခိုက်အတန့်တွင်မူ လုံးဝ အသုံးမဝင် ဖြစ်သွားခဲ့ရရှာသည်။
ကုယွမ်သည် ဆရာဖြစ်သူ အရှက်ရမည့်အရေးကို တွေးပြီး မကြည့်ရဲတော့သဖြင့် ခေါင်းကို အောက်သို့ ငုံ့ချထားလိုက်မိသည်။
မက်မွန်ပွင့်နတ်သမီးက လက်ညှာတာခဲ့ခြင်း ဖြစ်ကြောင်း ထင်ရှားသည်။ သို့မဟုတ်ပါက သူမသည် ဤကဲ့သို့သော မိုးကြိုးအမျှင်တန်းလေးတစ်ခုမျှသာ ထုတ်လွှင့်လိမ့်မည် မဟုတ်ချေ။
ဆရာကြီးဟယ်လင်သည် ကောင်းကင်ယံထက်သို့ ပျံသန်းနိုင်ပြီး တိမ်တိုက်ပြာများအကြား သွားလာနိုင်ကာ လူအများ၏ အလေးအမြတ်ပြုခြင်းကို ခံရသည့် နတ်ဘုရားတစ်ပါးအလား အစွမ်းထက်လှသည်ဆိုသော်လည်း မက်မွန်ပွင့်နတ်သမီးကိုမူ ယှဉ်နိုင်စွမ်း မရှိခဲ့ချေ။
သူတို့နှစ်ဦးကြားရှိ စွမ်းရည်ကွာဟချက်မှာ ဆရာကြီးဟယ်လင်နှင့် တပည့်ဖြစ်သူ ကုယွမ်တို့ကြားရှိ ကွာဟချက်ထက်ပင် ပိုမိုကြီးမားသည်။
ကျင့်ကြံသူတစ်ဦးသည် ရွှေအမြုတေအဆင့်သို့ ရောက်ရှိသွားပြီးနောက်တွင် လူသားအဆင့်ထက် များစွာ ကျော်လွန်သွားခဲ့ပြီ ဖြစ်ကြောင်း အများက သိထားကြသည်။
သူတို့သည် သာမန်လူသားအဆင့်မှ လွန်မြောက်သွားခဲ့ပြီး မသေနိုင်သော နတ်ဘုရားဆိုင်ရာ အရည်အသွေးအချို့၊ ရှည်လျားသော အသက်သက်တမ်းနှင့် အစွမ်းထက်လှသော နတ်ဘုရားကျင့်စဉ်များကို ပိုင်ဆိုင်ထားကြသည်။
ရွှေအမြုတေအဆင့်ထက် ကျော်လွန်သွားပြီးနောက်တွင်မူ ခြေလှမ်းတိုင်းအတွက် အားထုတ်ရမှုမှာ ဆတိုးမျှ ပိုမိုခက်ခဲသည်။
ဆေးဘုရင်တောင်၊ အင်းမိစ္ဆာနတ်ဘုရားဂိုဏ်းနှင့် ကြယ်တာရာမြစ်ဓားဂိုဏ်းကဲ့သို့သော ကျင့်ကြံခြင်းဂိုဏ်းကြီးများတွင် သို့မဟုတ် ကျင့်ကြံခြင်း မိသားစုကြီးများတွင်မူ ရွှေအမြုတေအဆင့် ကျင့်ကြံသူများမှာ အဆင့်မြင့်အင်အားစုများအဖြစ် သတ်မှတ်ခံရသော်လည်း အလွန်အမင်း ရှားပါးလှသည်တော့ မဟုတ်ချေ။
သို့သော် ရွှေအမြုတေအဆင့်ထက် မြင့်မားသော ယင်နတ်ဘုရားကြီးများမှာမူ တကယ့်ကို အလွန်တရာ ရှားပါးသည်။
များသောအားဖြင့် ရွှေအမြုတေအဆင့် ကျင့်ကြံသူ သုံးဆယ် သို့မဟုတ် ငါးဆယ်ခန့်ရှိလျှင်ပင် ယင်နတ်ဘုရား လူထုကြီး တစ်ဦး ပေါ်ထွက်လာရန်ပင် မလွယ်ကူချေ။
ယန်ဝိညာဉ်အဆင့် တည်ရှိမှုများဆိုလျှင်မူ သဘာဝကျကျပင် ပိုမို၍ နည်းပါးသည်။ သူတို့သည် မသေနိုင်သော မူလဝိညာဉ်ကို အစပျိုး သန့်စင်ထားနိုင်ခဲ့ကြသဖြင့် ထာဝရရှင်သန်ခြင်း အခြေအနေနှင့် နီးစပ်နေခဲ့ကြပြီ ဖြစ်သည်။
ဤကဲ့သို့သော တည်ရှိမှုမျိုးသည် တစ်လောကလုံးတွင် ထိပ်တန်းပုဂ္ဂိုလ်ကြီးများ ဖြစ်ကြသည်။
မဟာကံတရား၊ ကောင်းမွန်လှသော အခွင့်အရေးများ၊ ထူးခြားလှသော ဉာဏ်အလင်းပွင့်မှုနှင့် အနှိုင်းမဲ့ ပါရမီရှိသူများသာ ဤအဆင့်သို့ တက်လှမ်းနိုင်ကြခြင်းပင်။
မက်မွန်ပွင့်နတ်သမီးသည် နဂါးတံခါးနယ်ပယ်မှ မဟာပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်သည်။ သူမအနေဖြင့် နောက်ထပ်တစ်ဆင့် တက်လှမ်းနိုင်ရုံမျှဖြင့် မူလဝိညာဉ် စစ်မှန်သောမသေမျိုးဖြစ်လာတော့မည်ဖြစ်ရာ ဆရာကြီးဟယ်လင်နှင့် နှိုင်းယှဉ်ရန်ပင် မထိုက်တန်တော့ချေ။
ထို့ကြောင့် မက်မွန်ပွင့်နတ်သမီးသည် ရက်စက်တတ်သူတစ်ဦး မဟုတ်ခြင်းက ကံကောင်းလှသည်ဟု ပြောရမည် သို့မဟုတ်ပါက ယနေ့တွင် ဆရာကြီးဟယ်လင်အနေဖြင့် ဘေးကင်းကင်းနှင့် လွတ်မြောက်သွားနိုင်လိမ့်မည် မဟုတ်ချေ။
"ဆရာ..."
ဆရာကြီးဟယ်လင် ယိမ်းယိုင်ကာ မတ်တပ်မရပ်နိုင် ဖြစ်နေသည်ကို မြင်သောအခါ ကုယွမ်က အမြန်ပြေး၍ တွဲပေးလိုက်သည်။
သူနှင့် အလွန်နီးကပ်သွားသောအခါ ကုယွမ်အနေဖြင့် စိတ်လှုပ်ရှားစရာ ကောင်းလှသော အသားကျွမ်းသည့် အနံ့ကို မရဘဲမနေနိုင်တော့သဖြင့် မသိစိတ်အရ တံတွေးကို မြိုချလိုက်မိရာ ဆရာဖြစ်သူထံမှ စူးရှသော စိုက်ကြည့်ခြင်းကို ခံလိုက်ရတော့သည်။
"ရှင်းပြစမ်း... အခုနက တကယ်ပဲ ဘာဖြစ်သွားတာလဲ"
ဆရာကြီးဟယ်လင်က အနည်းငယ် မကျေမနပ်ဖြစ်နေသော လေသံဖြင့် မေးလိုက်သည်။
သူက ငတုံးလည်း မဟုတ်ပေ။ ယခု မိုးကြိုးအလင်းတန်းနှင့် ကုယွမ်၏ စကားများကို ပေါင်းစပ်ကြည့်လိုက်ရုံနှင့် အခြေအနေက သူ အစောပိုင်းက ထင်မှတ်ထားသလို မဟုတ်ကြောင်း ချက်ချင်း သဘောပေါက်သွားခဲ့သည်။
ကုယွမ်က စိတ်ကို တင်းထားလိုက်ရင်း ရှင်းပြလိုက်သည်။
"ဆရာ... အခုနက နတ်သမီးက တကယ်တော့ ကျွန်တော်နဲ့ သိကျွမ်းဖူးတဲ့ လန်ကောင်တောင်က မက်မွန်ပွင့်နတ်သမီး ချင်ဟုန်ရှောင်ပါဗျာ။ ကျွန်တော်က နတ်ဘုရားကျင့်စဉ်ကို ကျင့်ကြံဖို့အတွက် 'ထိုက်ယင်းဝိညာဉ်' တစ်ခု တောင်းခံချင်လို့ သူမကို ဖိတ်ကြားခဲ့တာပါ။ အခြား ဘာရည်ရွယ်ချက်မှ မရှိပါဘူးဗျာ"
သူက ဖြစ်ပျက်ခဲ့သမျှ အခြေအနေများကို အကျဉ်းချုပ်၍ ရှင်းပြလိုက်သည်။
လန်ကောင်တောင်နှင့် မက်မွန်ပွင့်နတ်သမီးဟူသော စကားလုံးများကို ကြားလိုက်ရသောအခါ ဆရာကြီးဟယ်လင်၏ မျက်ခွံများ တဆတ်ဆတ် တုန်ရင်သွားခဲ့ပြီး မျက်နှာအမူအရာပါ ပြောင်းလဲသွားကာ ကုယွမ်ကို ကြည့်သည့် အကြည့်က ချက်ချင်းပင် ထူးဆန်းသွားခဲ့တော့သည်။
"တော်လိုက်တဲ့ တပည့်လေး... မင်းမှာ တကယ့်ကို စွမ်းဆောင်ရည်တွေ ရှိနေတာပါလား။ ဒီလောက် မြင့်မြတ်တဲ့ နတ်သမီးမျိုးနဲ့တောင် သိကျွမ်းနေနိုင်တယ်ဆိုတော့..."
အဆုံးစွန်၌မူ သူသည် ဆေးဘုရင်တောင်၏ အဆင့်မြင့် နဝမမြောက် အကြီးအကဲတစ်ဦး ဖြစ်သဖြင့် လန်ကောင်တောင်နှင့် မက်မွန်ပွင့်နတ်သမီး၏ ကျော်ကြားလှသော ဂုဏ်သတင်းကို သဘာဝကျကျ ကြားဖူးနားဝ ရှိသည်။
သူမသည် ချင်ကျိုးတစ်ခွင်တွင်တင်မကဘဲ တောင်ဘက်နယ်စပ်၏ ပြည်နယ်ခြောက်ခုလုံးတွင်ပါ ထိပ်တန်း လွတ်လပ်သော ကျင့်ကြံသူတစ်ဦးအဖြစ် လူသိများသည်။ ပို၍ တိကျစွာ ပြောရမည်ဆိုပါက သူမသည် တောင်ဘက်နယ်စပ်တွင် အလွန်တရာ ကျော်ကြားလှသည့် အလွတ်တန်း အမျိုးသမီးကျင့်ကြံသူကြီး ဖြစ်သည်။
သူမ၏ ကျင့်ကြံခြင်းအဆင့်မှာ ဘယ်လောက်အထိမြင့်မားသလဲဆိုလျှင် ဆေးဘုရင်တောင်၏ အလေးအမြတ်ဆုံးပြုခြင်းခံရသည့် အမြင့်မြတ်ဆုံး အကြီးအကဲကြီး နှစ်ဦးနှင့်ပင် အဆင့်အတန်း တူညီသည်။
သူ၏ အဖိုးတန်တပည့်လေးက ဤမက်မွန်ပွင့်နတ်သမီးနှင့် ရင်းနှီးကျွမ်းဝင်ရုံတင်မကဘဲ ကောင်းမွန်သော ဆက်ဆံရေး ရှိနေလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့မိချေ။
သူ အခုနက နတ်ဘုရားမိုးကြိုး အတိုက်ခံလိုက်ရခြင်းမှာလည်း အံ့သြစရာ မဟုတ်တော့ချေ။
မက်မွန်ပွင့်နတ်သမီး၏ မြင့်မြတ်လှသော အဆင့်အတန်းနှင့် ဆိုလျှင်မူ အသေးအမွှား ပြစ်ဒဏ်အဖြစ် နတ်ဘုရားမိုးကြိုးတစ်ချက် အပစ်ခံရခြင်းကို ထားလိုက်ပါက သူမက သူ့ကို ထိုနေရာတွင်တင် အသေသတ်လိုက်လျှင်ပင် လွန်သည်ဟု ပြော၍ မရချေ။
ဤမိုးကြိုးတစ်ချက် အတိုက်ခံရခြင်းမှာတင် သူမဘက်က သူ့အပေါ်တွင် များစွာ လက်ညှာတာပေးခဲ့ခြင်းပင်။
သူ့ဘာသာ စကားကို မဆင်မခြင်ပြောဆိုမိပြီး ဤနတ်သမီးကို စော်ကားမိသွားခြင်းဖြစ်သဖြင့် မည်သူ့ကိုမှ အပြစ်တင်၍ မရတော့ချေ။
ဆေးဘုရင်တောင်၏ အမြင့်မြတ်ဆုံး အကြီးအကဲကြီးနှစ်ဦး၏ ရှေ့မှောက်တွင် ဖြစ်လျှင်ပင် သူတို့ကလည်း ဘာမှ ပြောနိုင်ကြလိမ့်မည် မဟုတ်ပေ။
ကိစ္စရပ်၏ အကြောင်းအရင်းကို သဘောပေါက်သွားပြီးနောက်တွင်မူ ဆရာကြီးဟယ်လင်၏ ဒေါသများက တဖြည်းဖြည်း ပြယ်လွင့်သွားခဲ့တော့သည်။
အမှန်အတိုင်း ပြောရမည်ဆိုပါက ဤကိစ္စအတွက် ကုယွမ်ကို လုံးဝ အပြစ်တင်၍ မရချေ။ သူ၏ ကိုယ်ပိုင် ကံဆိုးမှုကြောင့်သာ ဖြစ်သည်။
သဘာဝကျကျပင် ဆရာကြီးဟယ်လင်အနေဖြင့် မက်မွန်ပွင့်နတ်သမီးအပေါ်တွင်လည်း မည်သည့် မကျေနပ်မှုကိုမှ ထားရဲလိမ့်မည် မဟုတ်ပေ။