အခန်း (၁၅၁-၁၅၂)
Vol. 16 Ch. 151-152
အခန်း။ ၁၅၁
ကုယွမ်သည် သက်စောင့်စမ်းရေ တာအိုအခြေခံကို တည်ဆောက်ရန်နှင့် ထိုက်ယွမ်ကျင့်စဉ်တံဆိပ်တော်ကို သန့်စင်ရန် လိုအပ်နေသဖြင့် ရေဓာတ်သန့်စင်ချီနှင့် ရေ၏အနှစ်သာရ အမြောက်အမြားကို မဖြစ်မနေ လိုနေခြင်းပင်။
သူ၏ ကိုယ်ပိုင်ကျင့်ကြံမှုအဆင့်ဖြင့်သာ အားထုတ်မည်ဆိုပါက ကောင်းကင်နှင့်မြေပြင်၏ မူလချီနှင့် ရေ၏အနှစ်သာရကို နေ့စဉ်မပြတ် စုပ်ယူပွားများလျှင်ပင် တာအိုအခြေခံ အောင်မြင်စွာ တည်ဆောက်နိုင်ရေးအတွက် အနှစ်သုံးဆယ်မှ နှစ်ပေါင်းငါးဆယ်ခန့်အထိ အချိန်ပေးရပေလိမ့်မည်။
သို့သော်လည်း ယခု လက်ထဲသို့ ရောက်ရှိလာသည့် နှစ်ပေါင်းထောင်ချီ သက်တမ်းရှိ လမင်းကမာပုလဲကြောင့် ထိုက်ယွမ်ကျင့်စဉ်တံဆိပ်တော်၏ အစိတ်အပိုင်းအများစုကို သေချာပေါက် သန့်စင်ပြီးစီးနိုင်တော့မည်ပင်။
ကျန်ရှိသော အပိုင်းအစကိုမူ ရှမင်းယန် ရှာဖွေပေးထားသည့် ရေဓာတ်သတ္တုဝိညာဉ်ပစ္စည်းများကို အသုံးပြု၍ အချောသတ်နိုင်သည်။
လျိုရှကျမ်းစာနှင့် ပတ်သက်၍မူ ကုယွမ်အတွက် များစွာအသုံးမဝင်လှသဖြင့် သူအတွက် ပို၍အကျိုးရှိမည့် အခြားအရာတစ်ခုခုနှင့် လဲလှယ်လိုက်ခြင်းကသာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
နောက်တစ်ကြိမ် ဆုံတွေ့မည့်အချိန်ကို ကတိကဝတ်ပြုပြီးနောက် ပေါင်သထုံသည် နှုတ်ဆက်ကာ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။
ထိုစဉ် ရုတ်တရက်ဆိုသလို သူ၏တစ်ကိုယ်လုံး တောင့်တင်းသွားရသည်။ သူလုံးဝ သတိမထားမိလိုက်ဘဲ ကုယွမ်၏ဘေးနားသို့ မည်သည့်အချိန်က ရောက်ရှိနေမှန်းမသိသော အရပ်မြင့်မြင့် ကိုယ်လုံးကိုယ်ပေါက်နှင့် ခန့်ညားထည်ဝါပြီး ဆွဲဆောင်မှုရှိသော်လည်း တစ်ဖက်တွင်မူ မကောင်းဆိုးဝါးဆန်သော အငွေ့အသက်များ လွှမ်းခြုံထားသည့် လူလတ်ပိုင်းအမျိုးသားတစ်ဦးကို မြင်တွေ့လိုက်ရသောကြောင့်ပင်။
နာမည်ကျော် လေသံနားထောင်သူတစ်ဦးအဖြစ် လောကအနှံ့ ခြေဆန့်ခဲ့သော ပေါင်သထုံသည် နှစ်ပေါင်းများစွာ အန္တရာယ်ကြားမှ သက်ဘေးလွတ်အောင် ကျော်ဖြတ်နိုင်ခဲ့သည့် ထူးခြားသော ဗီဇစွမ်းရည် ရှိသည်။
သူ့တွင် ဘေးအန္တရာယ်ကို ကြိုတင်အာရုံခံနိုင်သော ထူးခြားသည့် ပါရမီတစ်ခု ရှိထားသည်။
သူသည် ဘေးဒုက္ခနှင့် ကြုံတွေ့ရသည့်အခါတိုင်း မည်မျှပင် မျှော်လင့်မထားသော အခြေအနေမျိုးဖြစ်ပါစေ အန္တရာယ်အငွေ့အသက် အနည်းဆုံးရှိရာ လမ်းကြောင်းကို ချက်ချင်းရွေးချယ်ကာ လျင်မြန်စွာ ဆုတ်ခွာလေ့ရှိသည်။
ယခုမူ ထိုလူလတ်ပိုင်းအမျိုးသားသည် အလွန်တရာ ဆန်းကြယ်ပြီး အတိုင်းအဆမရှိ အန္တရာယ်ကြီးမားကြောင်း ပေါင်သထုံ ပြင်းထန်စွာ အာရုံခံမိနေသည်။
ထိုလူ၏ ပုံရိပ်ကို လှမ်းမြင်ရုံမျှဖြင့်ပင် သူ့နှလုံးသားတစ်ခုလုံး ထိတ်လန့်တုန်လှုပ်သွားရကာ ထိုလူနှင့် ဤနေရာမှ တတ်နိုင်သမျှ ဝေးဝေးသို့ အမြန်ဆုံး ပြေးရန် သူ့အသိစိတ်က အတင်းအကျပ် နှိုးဆော်နေတော့သည်။
"စီနီယာ အကြီးအကဲချန်..."
သို့သော် ပေါင်သထုံကို အံ့အားသင့်သွားစေသည်က ကုယွမ်သည် ထိုလူကို အမှန်တကယ် သိကျွမ်းနေခြင်းပင်။
ကုယွမ်သည် သူရှေ့မှ ရင်းနှီးသလိုရှိသော်လည်း တစ်ဖက်တွင် စိမ်းသက်နေသည့် ထိုပုံရိပ်ကို စိုက်ကြည့်ရင်း အလားတူပင် အံ့သြမှင်တက်သွားရသည်။
ဤလူသည် အမှန်တကယ်ပင် အဖိုးအိုချန် ဖြစ်နေသည်။ ပို၍ တိကျစွာဆိုရလျှင် 'နတ်ဆိုးမူလခန္ဓာသိမ်းပိုက်ခြင်းပညာရပ်' ကို အသုံးပြု၍ သူ၏ရုပ်ပိုင်းဆိုင်ရာ အခြေခံကို အသစ်တစ်ဖန် ပြန်လည်တည်ဆောက်ထားသည့် အဖိုးအိုချန်ပင်။
"မတွေ့ရတာ ကြာပြီပဲ... ကုငယ်လေး"
ချန်ချီသည် သူဘေးနားတွင် သတိကြီးစွာဖြင့် တုန်လှုပ်နေသော ပေါင်သထုံကို အကြည့်တစ်ချက်ပင် မပေးဘဲ ကုယွမ်ကိုသာ တတည်ငြိမ်စွာ နှုတ်ဆက်လိုက်သည်။
ထို့နောက် သူက ရှုပ်ထွေးနက်နဲသောအမူအရာဖြင့် ကြည့်ကာ ဆက်ပြောလိုက်သည်။
"ရေဓာတ်ဝိညာဉ်ခန္ဓာ၊ သံမဏိနှလုံးသားပါရမီ၊ ပြီးတော့ မင်းက အကြီးအကဲ ဟယ်လင်းရဲ့ တပည့်တောင် ဖြစ်နေပြီပဲ။ မင်းကတော့ ဒီအဖိုးကြီးကို တကယ့်ကို အံ့အားသင့်စရာ အကြီးကြီး ပေးလိုက်တာပဲ..."
သူသည် ကုယွမ်ကို သိကျွမ်းခဲ့သည်မှာ ကြာပြီဖြစ်ပြီး ကုယွမ်၏ ကျင့်ကြံခြင်းပါရမီကို ပထမဆုံး ရှာဖွေတွေ့ရှိခဲ့သူလည်း ဖြစ်သည်။
ကုယွမ်၏ ပါရမီက မည်မျှအထိ နက်နဲသည်ကို အတိအကျမသိခဲ့သော်လည်း သူ၏ ပျက်စီးသွားသော အခြေခံသာ မရှိခဲ့လျှင် ကုယွမ်ကို သူ၏တပည့်အဖြစ် သေချာပေါက် မြေတောင်မြှောက်ပေးမိလိမ့်မည်ဟု အကြိမ်ကြိမ် ညည်းတွားခဲ့ဖူးသည်။
ယခုအခါတွင်မူ ကုယွမ်သည် သေးငယ်သောခရိုင်တစ်ခု၏ ကိုယ်ခံပညာဆရာသခင်ဘဝမှသည် ဆေးဘုရင်တောင်၏ အတွင်းစည်းတပည့် ထိုမှတစ်ဆင့် ရွှေအမြုတေ ကျင့်ကြံသူကြီးတစ်ဦး၏ တပည့်အဖြစ်သို့ ဒုံးပျံကဲ့သို့ လျင်မြန်စွာ မြင့်တက်သွားခဲ့ပြီဖြစ်သည်။
ထို့ပြင် သူ၏ဆရာမှာလည်း သူ၏စီနီယာများထဲမှ တစ်ဦးဖြစ်နေသဖြင့် ချန်ချီပင်လျှင် မအံ့သြဘဲ မနေနိုင်တော့ပေ။
ကုယွမ်၏ ပါရမီမှာ သူထင်မှတ်ထားသည်ထက်ပင် ပို၍ ထူးချွန်ပြောင်မြောက်နေခဲ့သည်။
အကယ်၍ သူသာ ဆေးဘုရင်တောင်တွင် ဆက်ရှိနေသေးပါက ဝါစဉ်အရ ကုယွမ်ကို ဂျူနီယာညီလေးဟုပင် ခေါ်ရပေလိမ့်မည်။
"အဖိုးအိုချန်... ခင်ဗျား ဘာလို့ ဒီကို ရောက်နေတာလဲ"
ကုယွမ် စိတ်မထိန်းနိုင်ဘဲ မေးလိုက်မိသည်။
ချန်ချီက တိုက်ရိုက်ပြန်မဖြေဘဲ ပေါင်သထုံကို ဖျတ်ခနဲ လှမ်းကြည့်လိုက်ရာ ပေါင်သထုံမှာ ဝိညာဉ်လွင့်မတတ် တုန်လှုပ်သွားပြီး ချွေးစေးများ ဒီးဒီးကျလာခဲ့သည်။
ပေါင်သထုံက မချိပြုံး ပြုံးလိုက်ရင်း "မိတ်ဆွေ တာအိုပညာရှင်ကု... မင်းတို့နှစ်ယောက် အလွမ်းသယ်ဖို့ ငါအသာတကြည်ပဲ ခွင့်တောင်းပါတယ် ဂရုစိုက်ကြပါဦး" ဟု ပြောကာ
စကားဆုံးသည်နှင့် အနောက်သို့လှည့်ကာ ခွေးလိုက်ဆွဲခံရသည့်အလား မီးကုန်ယမ်းကုန် လျင်မြန်စွာ ထွက်ပြေးသွားတော့သည်။
သူတို့နှစ်ဦးစလုံးကမူ ထိုသူ့ကို အာရုံမစိုက်ကြချေ။
ပေါင်သထုံ ထွက်ခွာသွားပြီးနောက် နှစ်ဦးသား ခေတ္တမျှ တိတ်ဆိတ်စွာ စိုက်ကြည့်နေကြပြီးမှ ချန်ချီက ခပ်ဖွဖွပြုံးကာ ပြောလိုက်သည်။
"တခြားဘာရှိဦးမှာလဲ... သဘာဝကျကျပဲ ငါက 'နဂါးနီနတ်ဘုရားနန်းတော်' အတွက် လာခဲ့တာပေါ့"
ကုယွမ်သည် ဤအဖြေကို ကြိုတင်ခန့်မှန်းမိဟန်ဖြင့် အံ့သြခြင်းမရှိဘဲ စိတ်ချင်းဆက်သွယ်ကာ လျှို့ဝှက်မက်ဆေ့ခ်ျ ပို့လိုက်သည်။
"ဒါပေမယ့် ခင်ဗျားရဲ့အခြေခံက နတ်ဆိုးတာအို ဖြစ်နေတာ... အကယ်၍သာ..."
ကုယွမ်က စကားကို အဆုံးထိမပြောသော်လည်း ချန်ချီသည် နတ်ဆိုးတာအိုကျင့်ကြံသူအဖြစ် ပြောင်းလဲသွားသော သူ၏လက်ရှိအမှတ်အသားနှင့်ပတ်သက်၍ ကုယွမ်၏ စိုးရိမ်ပူပန်မှုကို ကောင်းစွာနားလည်လိုက်သည်။
အကယ်၍ ဆရာကြီးဟယ်လင် သို့မဟုတ် အခြားသော ဖြောင့်မတ်သည့် တာအိုဘက်တော်သားများက အမှန်တရားကို သိရှိသွားပါက သူ့ကို မကောင်းဆိုးဝါးတစ်ကောင်ကဲ့သို့ အမြစ်ပြတ် သုတ်သင်ရှင်းလင်းပစ်မည်ကို စိုးရိမ်နေခြင်းပင်။
အဖိုးအိုချန်သည် နတ်ဆိုးမူလခန္ဓာသိမ်းပိုက်ခြင်းပညာရပ်ကို အသုံးပြုရန် ရွေးချယ်ခဲ့ပြီး သူခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်ကာ သူ၏အခြေခံကို နတ်ဆိုးတာအိုသို့ ပြောင်းလဲခဲ့ကတည်းက သူသည် ဆေးဘုရင်တောင်ကို အခြေခံအားဖြင့် သစ္စာဖောက်အဖြစ် ခါးခါးသီးသီး ကျောခိုင်းခဲ့ပြီးသားပင်။
အကယ်၍သာ ဆရာကြီးဟယ်လင်နှင့် ထိပ်တိုက်တိုးခဲ့ပါက သူ၏ဦးခေါင်းမှာ ဧကန်မလွဲ ခန္ဓာကိုယ်နှင့် တကွဲတပြားစီ ဖြစ်သွားပေလိမ့်မည်။
"ဒီအဖိုးကြီးကမှ ဒီကို ရဲရဲဝံ့ဝံ့ လာရဲတယ်ဆိုမှတော့ ကိုယ့်မှာလည်း ကိုယ်ပိုင်အကြောင်းပြချက်နဲ့ ယုံကြည်ချက် ရှိလို့ပေါ့"
ချန်ချီက အကျယ်တဝင့် ရှင်းမပြဘဲ ခေါင်းကိုသာ ခါယမ်းလိုက်ရင်း "မင်းကလည်း... ကုငယ်လေးရာ ငါ့ကို အဖိုးအိုချန်လို့ မခေါ်ပါနဲ့တော့။ ငါက အခြေခံကို ပြောင်းလဲပြီး ဘဝသစ်တစ်ခုကို စတင်နေပြီပဲ။ ငါ့ရဲ့ အတိတ်က အမှတ်အသားနဲ့ ရာဇဝင်တွေက ပျောက်ဆုံးသွားခဲ့ပြီမို့ ဒါတွေကို ထပ်ပြီး ထည့်ပြောနေစရာ မလိုတော့ဘူး"
"မင်း ငါ့ကို ဆန်းကြယ်ခြင်းဆိုတဲ့ အဓိပ္ပာယ်ရတဲ့ ချန်ချီလို့ပဲဖြစ်ဖြစ် မိတ်ဆွေတာအိုပညာရှင်
ချန်လို့ပဲဖြစ်ဖြစ် ဒါမှမဟုတ် အရင်အတိုင်း အဖိုးအိုချန်လို့ပဲဖြစ်ဖြစ် ခေါ်နိုင်ပါတယ်"
"ဒါဆိုရင်တော့ ကျွန်တော် အဖိုးအိုချန်လို့ပဲ ခေါ်ပါရစေ"
ကုယွမ်သည် ထူးဆန်းသည်ဟု မမှတ်ယူဘဲ သူ့ကို အကဲခတ်သလို အကြိမ်အနည်းငယ် လှမ်းကြည့်ကာ မချီးမွမ်းဘဲ မနေနိုင်တော့ချေ။
"ဒါပေမယ့် အဖိုးအိုချန်... ဒီလောက်တိုတောင်းတဲ့ အချိန်လေးအတွင်းမှာ ခင်ဗျားက ကောင်းကင်ဘုံလူသားနယ်ပယ်ကို ပြန်ရောက်သွားတာပဲ တကယ်ကို မြန်လွန်းတယ်"
ယခုအချိန်တွင် ချန်ချီသည် သူ၏ကျင့်ကြံခြင်း အငွေ့အသက်ကို ပြန်လည်ရုပ်သိမ်းထားသော်လည်း ကုယွမ်၏ မျက်လုံးကိုမူ ဖုံးကွယ်နိုင်ခြင်း မရှိချေ။
ထိုသူသည် ကောင်းကင်ဘုံလူသားနယ်ပယ်သို့ ရောက်ရှိနေသည့် ကျင့်ကြံသူတစ်ဦး ဖြစ်နေသည်မှာ ထင်ရှားသည်။
"မင်းထက်တော့ ဘယ်မြန်နိုင်ပါ့မလဲ ကုငယ်လေးရာ။ ဒီလောက်အချိန်တိုလေးအတွင်းမှာ မင်းက သွေးအသွင်ပြောင်းလဲခြင်းအဆင့်ကို အထမြောက်အောင်မြင်ပြီး တာအိုအခြေခံကို တည်ဆောက်နေပြီပဲ။ ငါကတော့ အစကတည်းက ကောင်းကင်ဘုံလူသားနယ်ပယ် ကျင့်ကြံသူတစ်ယောက် ဖြစ်ခဲ့ဖူးတာရယ်၊ မွေးရာပါ ကိုယ်ခံပညာဆရာသခင်ရဲ့ အခြေခံ အသင့်ရှိနေတာရယ်ကြောင့်ပါ။ ပြီးတော့ နတ်ဆိုးတာအိုက ကျင့်ကြံမှုအဆင့် တဟုန်ထိုး တက်တာမို့ ကောင်းကင်ဘုံလူသားနယ်ပယ်ကို ပြန်ရောက်တာက သဘာဝကျပါတယ်"
ချန်ချီက ညင်သာစွာ သက်ပြင်းချရင်း ကုယွမ်ကို စိုက်ကြည့်ကာ ခေါင်းကိုသာ ခါယမ်းနေမိသည်။
ထိုစကားကို ကြားလိုက်ရသောအခါ ကုယွမ်သည် မျက်မှောင်ကို အနည်းငယ် ကျုံ့လိုက်မိသည်။
သူသည် စကားတစ်ခွန်းမှ မဆိုတော့ဘဲ အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီးနောက် ချန်ချီကို သံသယစိတ်၊ သတိကြီးစွာထားသည့် အကြည့်များဖြင့် စေ့စေ့စိုက်ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။
"ခင်ဗျား အဖိုးအိုချန် မဟုတ်ဘူး... ခင်ဗျားက တကယ်တော့ ဘယ်သူလဲ"
"ကုငယ်လေး... မင်း ဘာကို ဆိုလိုတာလဲ"
ကုယွမ်၏ တုံ့ပြန်မှုကို မြင်လိုက်ရသောအခါ ချန်ချီ၏ ခန့်ညားသော မျက်နှာထက်တွင် အံ့အားသင့်သွားသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
"ငါက အခြေခံကို အသစ်ပြန်တည်ဆောက်ပြီး ဘဝသစ်စထားတာလေ။ ဒါကြောင့် အရင်က အဖိုးအိုချန် မဟုတ်တော့ဘူးလို့ ပြောတာပေါ့။ ဒါကို မင်းလည်း သိနေတာ မဟုတ်ဘူးလား"
"ဒါကိုတော့ ကျွန်တော် သိတာပေါ့။ ဒါပေမယ့် ကျွန်တော် ဆိုလိုတဲ့အဓိပ္ပာယ်ကိုလည်း ခင်ဗျား ကောင်းကောင်းနားလည်ရဲ့သားနဲ့ ဖုံးကွယ်ဖို့ ကြိုးစားနေတယ်"
ကုယွမ်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ရင်း "ဒါက ခင်ဗျားက အဖိုးအိုချန် လုံးဝမဟုတ်ဘူးဆိုတာကို သက်သေပြနေတာပဲ"
"တော်စမ်း"
ချန်ချီက မျက်မှောင်ကြုတ်လိုက်ကာ
"ကုငယ်လေး... မင်း ဘာတွေ ရူးကြောင်ကြောင် လျှောက်ပြောနေလဲဆိုတာ ငါနားမလည်တော့ဘူး။ ဒါပေမယ့် မင်းက ငါ့ရဲ့ အမှတ်အသားကို သံသယဝင်နေမှတော့ ငါ သက်သေပြရတာပေါ့"
"ဟိုတုန်းက... မည်းမှောင်ဝိညာဉ်အရှင်သခင်ကို နှိမ်နင်းဖို့ ငါ့ကို ကူညီနိုင်အောင် မင်းကို 'လိပ်နက်ချပ်ဝတ်ကျင့်စဉ်' ရဲ့ ပထမတစ်ဝက်ကို အရင်ပေးခဲ့တယ်"
"အဲဒီနောက် မင်းက မည်းမှောင်ဝိညာဉ်အရှင်သခင်ကို သတ်ဖို့ ကူညီပေးခဲ့လို့ အဖိုးအခအနေနဲ့ 'လိပ်နက်ချပ်ဝတ်ကျင့်စဉ်' ရဲ့ ဒုတိယတစ်ဝက်နဲ့ 'လျိုရှကျမ်းစာ' ကို ပေးခဲ့တာလေ"
ထိုသို့ပြောပြီးနောက် ချန်ချီက နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း
"ဒါတင်မကသေးဘူး... မင်းက နတ်ဆိုးတစ်ကောင်ကိုလည်း မွေးမြူထားသေးတယ်။ အဲဒီအကြောင်းကို မင်း ဘယ်သူ့ကိုမှ မပြောပြဖူးဘူး... မင်းနဲ့ငါပဲ သိတဲ့ကိစ္စတွေလေ။ ဒါတွေက ငါ့ရဲ့အမှတ်အသားကို သက်သေပြဖို့ မလုံလောက်သေးဘူးလား"
"ခင်ဗျား ပြောတာတွေ အားလုံးက ကွက်တိမှန်ကန်ပါတယ်"
ကုယွမ်က သက်ပြင်းချလိုက်ရင်း
"ဒါပေမယ့် ကျွန်တော် သိသလောက်တော့ နတ်ဆိုးတာအိုဆိုတာ အလွန် ကောက်ကျစ်စဉ်းလဲပြီး မရေမတွက်နိုင်တဲ့ အဆောင်ပညာရပ်တွေ ရှိတယ်။ သူတို့က တစ်ပါးသူရဲ့ အတွေးနဲ့ မှတ်ဉာဏ်တွေကို ခိုးယူနိုင်တယ်။ ဝိညာဉ်ကို ဖမ်းချုပ်နိုင်တယ်။ ပြီးတော့ တစ်စုံတစ်ယောက်ရဲ့ နတ်ဝိညာဉ်ကို ယင်နတ်ဆိုး ဒါမှမဟုတ် နတ်ဘုရားနတ်ဆိုးအဖြစ် သန့်စင်ပြီး ကိုယ်ပွါးလုပ်ပြီး အဲ့လူအသွင် ဟန်ဆောင်နိုင်ကြတယ် မဟုတ်လား..."
ထိုစကားကို ကြားလိုက်ရသောအခါ ချန်ချီ၏ မျက်နှာထက်မှ မကျေမနပ်ဖြစ်နေသော အမူအရာများက ရုတ်တရက်ဆိုသလို ထူးဆန်းစွာ ငြိမ်သက်သွားတော့သည်။
"အရမ်းကောင်းတယ်"
သူသည် ကုယွမ်ကို အလွန်အမင်း ချီးကျူးအသိအမှတ်ပြုသည့် အကြည့်မျိုးဖြင့် စိုက်ကြည့်လာပြီး သူ၏မျက်နှာထက်တွင် မျှော်လင့်မထားသော ဝမ်းမြောက်ဂုဏ်ယူဖွယ်ရာ အပြုံးတစ်ခု ပေါ်ပေါက်လာခဲ့သည်။
၎င်းမှာ ကုယွမ်သည် သူ၏မျက်စိရှေ့မှ ဆူဖြိုးအိထွက်နေသည့် သားကောင်တစ်ကောင် ဖြစ်လာသည့်အလားပင်။
ကုယွမ်ကိုယ်တိုင်မှာမူ သူ၏အရေပြားများ ရုတ်ချည်း တင်းမာသွားသလို ခံစားလိုက်ရပြီး သူအပေါ်သို့ ကျရောက်လာသည့် စိတ်ကူး၍ပင်မရနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုတစ်ခု၏ ဖိအားကို ပြင်းထန်စွာ အာရုံခံမိလိုက်တော့သည်။
အခန်း။ ၁၅၂
ကုယွမ်သည် သူရှေ့မှ ချန်ချီမှာ အသက်ဝင်လှုပ်ရှားနေသည့် အရေခွံတစ်ခုမျှသာ ဖြစ်ပြီး ထိုအရေခွံအောက်တွင် စိမ်းသက်ဆန်းကြယ်၍ ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုတစ်ခု ပုန်းကွယ်နေသည်ဟု ပြင်းထန်စွာ ခံစားလိုက်ရသည်။
"အစကတော့ ငါက ဒီအတိုင်း လျှောက်သွားရုံတင်ပါ... မျှော်လင့်မထားဘဲ မင်းလိုမျိုး ကောင်းမွန်တဲ့ သားကောင်အကောင်းစားကြီးကို မတော်တဆ တွေ့လိုက်ရတာပဲ"
ချန်ချီသည် လက်နှစ်ဖက်ကို အနောက်တွင် ပစ်ထားရင်း ပြုံးလိုက်ရာ သူ၏ကျင့်ကြံခြင်း အငွေ့အသက်များက ရုတ်ချည်း ပြောင်းလဲသွားတော့သည်။
ထိုသူ၏ ရုပ်သွင်မှာ အရင်အတိုင်းပင် ဖြစ်သော်လည်း သူ၏ ဟန်ပန်မူရာနှင့် လောကကို အုပ်စိုးမည့် အရှိန်အဝါတို့မှာမူ ကောင်းကင်နှင့်မြေပြင်အလား ကွာခြားသွားခဲ့ပြီ ဖြစ်သည်။
ယခုအချိန်တွင် ချန်ချီသည် သူ၏ ဟန်ဆောင်မှု အဖုံးအကာ ကွာကျသွားသည့်အတွက် အနည်းငယ်မျှပင် ထိတ်လန့်တုန်လှုပ်ခြင်း မရှိသည့်အပြင် တည်ငြိမ်ရင့်ကျက်စွာဖြင့် အထက်စီးဆန်သော အငွေ့အသက်များကို ထုတ်ဖော်နေသည်။
"တကယ်ကို အရမ်းထူးချွန်တာပဲ... အခြေခံက ခိုင်မာတယ်။ အုတ်မြစ်ကလည်း ထုထည်ကြီးမားပြီး နက်နဲတယ်။ ဒါက နတ်ဘုရားနတ်ဆိုး ကျင့်ကြံဖို့အတွက် အကောင်းဆုံး သားကောင်ပဲ"
ချန်ချီက ကုယွမ်ကို ခြေဆုံးခေါင်းဆုံး အကဲခတ်ရင်း အထပ်ထပ်အခါခါ ချီးကျူးနေတော့သည်။
"ကုငယ်လေး... မင်းရဲ့ ပါရမီနဲ့ ပါးနပ်မှုဆိုရင် ငါ့ရဲ့ ယင်နတ်ဆိုးအဖြစ် ကျင့်ကြံခြင်း ခံရဖို့ ငါ့ရဲ့ ကိုယ်ပွားဖြစ်လာဖို့နဲ့ အနာဂတ်မှာ မသေမျိုးနတ်ဆိုးအဆင့်ကို တက်လှမ်းနိုင်ဖို့ အပြည့်အဝ အရည်အချင်း ပြည့်မီပါတယ်"
"မသေမျိုးနတ်ဆိုး..."
ကုယွမ်၏ အမူအရာက လေးနက်တည်ကြည်သွားပြီး နှလုံးသားထဲ၌ ဘေးအန္တရာယ် အချက်ပေးသံများ ပြင်းထန်စွာ မြည်ဟီးလာခဲ့သည်။
"ခင်ဗျားက တကယ်တော့ ဘယ်သူလဲ"
နတ်ဆိုးတာအိုတွင် အမွေအနှစ် ကျင့်စဉ်ပေါင်းများစွာ ရှိသည်။ ဆေးလုံးအဖြစ် ကျင့်ကြံသည့် ရိုးရာနတ်ဆိုးတာအို နည်းလမ်းများအပြင် သူ၏ အသက်ဇီဝကို မသေမျိုးနတ်ဆိုးအဖြစ် ပြောင်းလဲကျင့်ကြံသည့် အခြားသော လမ်းစဉ်များစွာလည်း ရှိသေးသည်။
ဤပညာရပ်သည် သူကိုယ်တိုင် သို့မဟုတ် အခြားသူများ၏ သွေး၊ အသား၊ အကြော၊ အရိုး၊ အရေပြား၊ ယုတ်ညံ့သော အတွေးများနှင့် နတ်ဝိညာဉ်တို့ကို အသုံးပြုကာ သူထိန်းချုပ်နိုင်မည့် နတ်ဆိုးများနှင့် ယင်ဝိညာဉ်များကို မွေးမြူခြင်းအပေါ် အဓိက အာရုံစိုက်သည်။
ဥပမာအားဖြင့် အရိုးဖြူနတ်ဆိုး၊ အငြိုးအတေးဝိညာဉ်၊ သွေးအလောင်းကောင်နတ်ဆိုး၊ နတ်ဆိုးခုနစ်ပါး ယင်နတ်ဆိုး၊ ပြိတ္တာ နှင့် မြှူဆွယ်နတ်သမီး စသည်တို့ ဖြစ်ကြသည်။
ဤနတ်ဆိုးမျိုးနွယ်များသည် ကနဦးတွင် ထူးထူးခြားခြား အစွမ်းမထက်လှဘဲ မသေမျိုးနတ်ဆိုး၏ အစောပိုင်း သန္ဓေပုံသဏ္ဌာန်မျှသာ ဖြစ်တတ်သည်။
သို့သော် ကျင့်ကြံမှုအဆင့် တဖြည်းဖြည်း မြင့်တက်လာသည်နှင့်အမျှ သူတို့သည် ကြီးမားသော အစွမ်းသတ္တိရှိသည့် နဂါး သို့မဟုတ် ဆင်ရိုင်းကြီးများ၊ မြေပြင်ကို လွှမ်းမိုးနိုင်သည့် နတ်ဘုရားအလောင်းကောင်များ သို့မဟုတ် မြှူဆွယ်နတ်သမီးကဲ့သို့သော မသေမျိုးနတ်ဆိုးကြီးများ ဖြစ်လာကြသည်။
သူတို့၏ ထူးခြားဆန်းကြယ်သော ပညာရပ်များသည် စစ်မှန်သော နတ်ဘုရားနတ်ဆိုးများနှင့် ကွာခြားမှုမရှိဘဲ တောင်တန်ပင်လယ်ကို ရွှေ့ပြောင်းနိုင်ကာ လမင်းကိုပင် ဖမ်းဆုပ်နိုင်သည့် စွမ်းရည် ရှိကြသည်။
မသေမျိုးနတ်ဆိုး ဆိုသည်မှာ ယင်ဝိညာဉ်အဆင့်ရှိသော တည်ရှိမှုတစ်ခု ဖြစ်သည်။ သူရှေ့မှ ချန်ချီက နတ်ဆိုးများနှင့် မသေမျိုးနတ်ဆိုးများအကြောင်းကို အမှုမဲ့အမှတ်မဲ့ ပြောဆိုနေသည်ကိုကြည့်လျှင် သူသည် သာမန်လူတစ်ယောက် လုံးဝမဟုတ်ပေ။
"ငါက ဘယ်သူလဲလို့ မေးတာလား"
ချန်ချီက စဉ်းစားဟန်ပြုရင်း ခေတ္တမျှ တွေးတောလိုက်ပြီးနောက် တည်ငြိမ်စွာ ပြောလိုက်သည်။
"ငါ့မှာ အမည်နာမတွေ အများကြီး ရှိတယ်... ဥပမာအားဖြင့် အလောင်းကောင်သုံးပါး အဖိုးအို၊ အလောင်းကောင်သုံးပါး မိစ္ဆာအိုကြီး ပြီးတော့ အလောင်းကောင်သုံးပါး စစ်မှန်သောအရှင်သခင် ဆိုပြီးတော့ပေါ့..."
"အခုအချိန်မှာတော့... ငါက ချန်ချီပေါ့။ ဒါတင်ပဲလေ... ငါက သူ့ရဲ့ မှတ်ဉာဏ်တွေကို ခိုးယူပြီးပြီ။ သူ့ရဲ့ စရိုက်နဲ့ စိတ်ဆန္ဒကိုလည်း ရရှိထားတယ်။ သူ့ရဲ့ အမှတ်အသားကို အစားထိုးပြီး သူ့ရဲ့ ရုပ်ခန္ဓာကိုလည်း ထိန်းချုပ်ထားပြီးပြီပဲဟာ"
အလောင်းကောင်သုံးပါး အဖိုးအို…..
ကုယွမ်၏ နှလုံးသားတစ်ခုလုံး ဆတ်ခနဲ တုန်သွားရသည်။
ထိုသူသည် မူလအမှောင်ထုဂိုဏ်း၏ စီနီယာအကြီးအကဲ၊ နှစ်ပေါင်းများစွာ အမြစ်တွယ်နေခဲ့သည့် နတ်ဆိုးအိုကြီး ဖြစ်ပြီး လွန်ခဲ့သော လအနည်းငယ်ခန့်က မြို့ငယ်လေးတစ်မြို့ကို သွေးပူဇော်သက္ကာပြုကာ ကြီးမားလှသော အကုသိုလ်ဒုစရိုက်များကို ကျူးလွန်ခဲ့သူ ဖြစ်သည်။
ဤအကြောင်းကို ကုယွမ် ကြားဖူးထားသည်။
ထိုလူသည် ကိုယ်ပွားပညာရပ်တွင် အလွန်ထူးချွန်ပြီး အလောင်းကောင်သုံးပါး အဆောင်အတတ်ကို ကျွမ်းကျင်ကာ အတိုင်းအဆမရှိသော နတ်ဆိုးစွမ်းအားများကို ပိုင်ဆိုင်ထားသည်ဟု ဆိုကြသည်။
သူ၏ အလောင်းကောင်သုံးပါး နတ်ဆိုးများကို ကုသိုလ်အလောင်းကောင်နတ်ဆိုး, အကုသိုလ်အလောင်းကောင်နတ်ဆိုးနှင့် အကျိုးဆောင်အလောင်းကောင်နတ်ဆိုး ဟု လူသိများသည်။
ကြားသိရသလောက်မူ ထိုနတ်ဘုရားနတ်ဆိုး တစ်ကောင်ချင်းစီသည်ပင် ရွှေအမြုတေ ကျင့်ကြံသူကြီးတစ်ဦး၏ အစွမ်းနှင့် ညီမျှပြီး သူတို့ ပေါင်းစည်းသွားပါက အဆင့်မြင့် နတ်ဘုရားတာအို စစ်မှန်သောအမွေအနှစ် ကျင့်ကြံသူ သို့မဟုတ် အလင်းဓာတ်တော်ကို သန့်စင်ထားသည့် ဗုဒ္ဓဘာသာဂိုဏ်း၏ အဆင့်မြင့် ရဟန်းတော်တစ်ပါး မဟုတ်လျှင် ထိုနတ်ဆိုးကို မည်သူမျှ မနှိမ်နင်းနိုင်ချေ။
အထူးသဖြင့် ထိုသူက အဖိုးအိုချန်၏ မှတ်ဉာဏ်များကို ခိုးယူပြီး သူ၏စရိုက်လက္ခဏာကို ရယူကာ ရုပ်ခန္ဓာကို ထိန်းချုပ်ထားပြီးပြီဟု ပြောလိုက်သောအခါ ကုယွမ်၏ ရင်ထဲ၌ စိမ့်ခနဲ အေးစက်သွားရသည်။
သူ၏ ဆရာတစ်ဝက်၊ မိတ်ဆွေတစ်ဝက် ဖြစ်ခဲ့သော အဖိုးအိုချန်သည် ကွယ်လွန်သွားခဲ့ပြီ ဖြစ်သည်။ ယခုမျက်ရှေ့မှ ချန်ချီမှာမူ အဖိုးအိုချန်၏ ခန္ဓာကိုယ်အရေခွံကို ခြုံထားသည့် စိမ်းသက်သော နတ်ဆိုးအိုကြီးတစ်ကောင် ဖြစ်နေသည်။
"ဒါဆိုရင်တော့ စီနီယာ အလောင်းကောင်သုံးပါး ဖြစ်နေတာပေါ့။ အဖိုးအိုချန် တစ်ချိန်က ရရှိခဲ့တဲ့ နတ်ဆိုးမူလခန္ဓာသိမ်းပိုက်ခြင်းပညာရပ် ဆိုတာလည်း ခင်ဗျားရဲ့ လက်ချက်ပဲ ဖြစ်ရမယ်"
ကုယွမ်၏ အကြည့်များက ရေခဲအလား အေးစက်သွားခဲ့သည်။
"ဒီကိစ္စက ငါနဲ့မဆိုင်ပါဘူး"
အလောင်းကောင်သုံးပါး အဖိုးအိုက ခေါင်းကို ခါယမ်းလိုက်ရင်း "ဒါတင်မကဘူး... မင်း အထင်လွဲနေတာ ရှိသေးတယ်။ ငါတို့ နတ်ဆိုးတာအိုရဲ့ ကျင့်ကြံခြင်းကျမ်းစာတွေက ဖြောင့်မတ်တဲ့ဂိုဏ်းတွေလို လျှို့ဝှက်မထားတတ်ဘူး။ အပြင်လူတွေကိုတောင် တက်ကြွစွာ ဖြန့်ဝေပေးတတ်သေးတယ်။ အကယ်၍ နတ်ဘုရားတာအိုနဲ့ ဗုဒ္ဓတာအိုတွေက တမင်သက်သက် တားဆီးမထားဘူးဆိုရင် တစ်ကမ္ဘာလုံးက ငါတို့ နတ်ဆိုးတာအို၏ နယ်မြေ ဖြစ်နေတာ ကြာလှပြီ"
"ဒါပေမယ့် ငါတို့ နတ်ဆိုးကျင့်စဉ်တွေထဲမှာတော့ အများအားဖြင့် ထောင်ချောက်တွေနဲ့ လျှို့ဝှက်အန္တရာယ်တွေ အများကြီး ရှိနေတတ်တာပေါ့"
"ချန်အမည်ရှိတဲ့ ဒီကောင်လေးရဲ့ နတ်ဆိုးမူလခန္ဓာသိမ်းပိုက်ခြင်းပညာရပ်က တကယ့်ကို နက်နဲပေမယ့် အဲဒါကပဲ ငါ့အတွက် အခွင့်အရေးတစ်ခု ဖြစ်စေခဲ့တယ်။ ငါက သူ့နှလုံးသားထဲမှာ ဝှက်ထားတဲ့ အတွေးစတစ်ခုကို အပိုင်းပိုင်းဖြတ်ပြီး သူ့ရင်ထဲက ကိလေသာစိတ်တွေနဲ့ အလိုဆန္ဒတွေကို မပြတ်ဆွပေးခဲ့တယ်... နောက်ဆုံးတော့ သူ့ကို ညစ်နွမ်းသွားစေပြီး ငါ့ရဲ့ကိုယ်ပွားအဖြစ် ပြောင်းလဲပစ်လိုက်တာပဲ"
ထိုသို့ပြောပြီးနောက် အလောင်းကောင်သုံးပါး အဖိုးအိုက နက်နဲသောအဓိပ္ပာယ်ဖြင့် ရယ်မောလိုက်ကာ "ဒါပေမယ့်... ငါ ဒီချန်အမည်ရှိတဲ့ ကောင်လေးရဲ့ မှတ်ဉာဏ်တွေကို ပြန်ကြည့်တော့ သူက မင်းအပေါ် တော်တော်လေး ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့တာကို တွေ့ရတယ်နော်"
ကုယွမ်၏ မျက်နှာမှာ ရေပြင်လို တည်ငြိမ်အေးစက်နေပြီး ဘာစကားမျှ ပြန်မပြောခဲ့ချေ။
"ဘာလဲ... မင်းရဲ့ ဒီလိုပုံစံကို ကြည့်ရတာ သူ့အတွက် ကလဲ့စားချေဖို့ ငါ့ကို သတ်ချင်နေတာလား"
အလောင်းကောင်သုံးပါး အဖိုးအိုက ထိုအခြင်းအရာကို မြင်သောအခါ အားရပါးရ ရယ်မောလိုက်တော့သည်။
"ဒါဆိုရင်တော့ မင်း မှားသွားပြီ။ အတိအကျပြောရရင် ချန်ချီက မသေသေးဘူး။ ငါလည်း သူ့ကို မသတ်ခဲ့ဘူး။ အခုအချိန်မှာ ငါက ချန်ချီပဲ ချန်ချီကလည်း ငါပဲ။ အကယ်၍ မင်း ငါ့ကို သတ်ချင်တယ်ဆိုရင် အဲဒါ ချန်ချီကို သတ်တာနဲ့ အတူတူပဲပေါ့..."
ထိုစကားကို ကြားလိုက်ရသောအခါ ကုယွမ်သည် ခေတ္တမျှ တုံ့ဆိုင်းသွားပြီး စိတ်ထဲ၌ တွေဝေမှုများ ဖြစ်ပေါ်လာခဲ့သည်။
"အဲဒီလူပြောတာသာ တကယ်ဆိုရင်တော့ အဖိုးအိုချန်အတွက် မျှော်လင့်ချက် ရှိလာပြီ။
အလောင်းကောင်သုံးပါးအတွက်ဆိုရင်တော့ အဖိုးအိုချန်ရဲ့ အသက်က ဘာမှ အရေးမပါဘူး။ အဲဒီတော့ ငါသာ တစ်ခုခုပေးဆပ်ပြီး အပေးအယူလုပ်လိုက်ရင် အဖိုးအိုချန်ကို ကယ်လို့ရနိုင်မလား"
ထိုအတွေး စိတ်ထဲသို့ ဖျတ်ခနဲ ဖြတ်ပြေးသွားသည်နှင့် တစ်ပြိုင်နက် ကုယွမ်သည် ဗီဇအရ တစ်ခုခု မှားယွင်းနေကြောင်း အာရုံခံမိလိုက်သည်။
"နေဦး... အဖိုးအိုချန်က သေသွားပြီပဲဟာ။ ငါက ဘာလို့ ဒီလိုအတွေးမျိုးတွေကို တွေးနေမိတာလဲ"
"ဒါတင်မကဘူး... အလောင်းကောင်သုံးပါး အဖိုးအိုဆိုတာ အရမ်းကောက်ကျစ်စဉ်းလဲတဲ့ နတ်ဆိုးအိုကြီးပဲ။ သူ့ကို လုံးဝ မယုံကြည်သင့်ဘူး။ ကြားထဲကနေ ကျားနဲ့ အရောင်းအဝယ်လုပ်ဖို့ ကြိုးစားတာက ရူးသွပ်ရာကျလိမ့်မယ်"
ပြဿနာကို ရိပ်မိသွားသည်နှင့် ကုယွမ်၏ လက်ကောက်ဝတ်ရှိ ငွေရောင်လက်ကောက်သည် ချောက်ခနဲ မြည်ကာ ဝုန်းခနဲ ထွက်ပေါ်လာပြီး ထက်မြက်တောက်ပသည့် ငွေရောင်ပျံလွှားဓားမြှောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
၎င်းသည် စူးရှကြည်လင်သော ဓားသံကို ထုတ်လွှင့်လိုက်ပြီး သူ၏စိတ်အနောက်ဘက်ရှိ မှေးမှိန်သော အမည်းရောင်အငွေ့အသက်များကို မမြင်ကွယ်ရာမှ ဖယ်ရှားပစ်လိုက်တော့သည်။
အမည်းရောင်အငွေ့အသက်များ ပျောက်ကွယ်သွားသည်နှင့် ကုယွမ်၏ စိတ်အာရုံမှာ ရုတ်ချည်း ကြည်လင်ဝင်းပသွားပြီး ယခင်က အနည်းငယ် တုန်လှုပ်နေခဲ့သော အတွေးများက ပြန်လည်ခိုင်မာလာခဲ့သည်။
သူပင် မသိလိုက်ဘဲ တစ်ဖက်လူ၏ ထောင်ချောက်ထဲသို့ ကျရောက်ခဲ့ရခြင်းပင်။ သူသည် တစ်ဖက်လူ၏ မြှူဆွယ်မှုကြောင့် သူစိတ်ဆန္ဒနှင့် ဆန့်ကျင်ဘက်ဖြစ်သော ကိုယ့်ကိုကိုယ် ပျက်စီးစေမည့် လုပ်ရပ်များကိုပင် လုပ်မိလုနီးပါး ဖြစ်သွားခဲ့ရသည်။
"နှစ်ပေါင်းများစွာ ကျင်လည်ခဲ့တဲ့ နတ်ဆိုးအိုကြီးပီသပါပေတယ်... ငါက တိတ်တဆိတ် သတိထားနေပါရက်နဲ့ အလစ်အငိုက် အမိခံလိုက်ရတယ်"
ကုယွမ်၏ အမူအရာက အေးစက်မြဲ အေးစက်နေဆဲဖြစ်ပြီး ပတ်ဝန်းကျင်ရှိ ငွေရောင်နဂါးပျံလွှားဓားမှ ထွက်ပေါ်လာသော အေးစက်သည့် အရှိန်အဝါများမှာ ပိုမိုပြင်းထန်လာခဲ့သည်။
"ဒါပေမယ့် ခင်ဗျားပြောတဲ့ စကားတွေက ကျွန်တော့်အတွက် အဓိပ္ပာယ်မရှိဘူး။ သူကိုယ်ပိုင်စိတ်ဝိညာဉ် မရှိတော့ရင် အဲဒါ လူရှင်လို့ ခေါ်နိုင်ပါဦးမလား။ ကျွန်တော့်မျက်စိထဲမှာတော့ ချန်ချီက သေဆုံးသွားခဲ့ပြီပဲ... အကယ်၍ အသက်ရှင်နေဦးမယ်ဆိုရင်တောင် ဒါက လူသေကောင်နဲ့ ဘာခြားမှာလဲ"
"ဟယ်လင်းဆိုတဲ့ ကောင်လေးက မင်းကို အဖိုးတန်ပစ္စည်းကောင်းတစ်ခု ပေးခဲ့တာပဲ"
ချန်ချီက ငွေရောင်နဂါးပျံလွှားဓားကို ဖျတ်ခနဲ လှမ်းကြည့်လိုက်သော်လည်း အနည်းငယ်မျှ ထိတ်လန့်ခြင်း သို့မဟုတ် သတိထားခြင်းမရှိဘဲ အမှုမဲ့အမှတ်မဲ့သာ ခေါင်းခါလိုက်သည်။
"နှမြောစရာကောင်းတာက... ဒီဓားက ရွှေသတ္တုနဲ့ သံအနှစ်တွေကို ဖြတ်တောက်နိုင်တယ်။ အသက်ဇီဝတွေကို ခြွေယူနိုင်တယ်။ ဒါပေမယ့် ငါ့ရဲ့ အလောင်းကောင်သုံးပါး နတ်ဆိုးကိုတော့ မဖြတ်တောက်နိုင်ဘူး"
"ကောင်စုတ်လေး... ငါက ဒီနေရာကို ငါ့ရဲ့ စစ်မှန်တဲ့ ခန္ဓာကိုယ်နဲ့ လာခဲ့တာမဟုတ်ပေမယ့် နတ်
ဘုရားကျင့်စဉ်တွေကိုတောင် မကျင့်ကြံရသေးတဲ့ မင်းလို ကောင်လေးတစ်ယောက် ကိုင်တွယ်နိုင်တဲ့အရာ မဟုတ်ဘူး"
"အစကတော့... မင်းကို အနာအဆာမရှိစေဘဲ ပြီးပြည့်စုံတဲ့ ယင်နတ်ဆိုးအဖြစ် ကျင့်ကြံဖို့ ငါတွေးထားတာ။ ဒါပေမယ့် မင်းက ငြင်းဆန်နေမှတော့ ဒီအဖိုးကြီးကိုယ်တိုင်ပဲ လက်စွမ်းပြရတော့မှာပေါ့။ မင်းရဲ့ ကောင်းမွန်တဲ့ အခြေခံအတွက် တကယ် နှမြောစရာကောင်းတယ်"
စကားပြောနေရင်းဖြင့်ပင် ချန်ချီသည် လက်တစ်ဖက်ကို ရှေ့သို့ ဆန့်ထုတ်လိုက်သည်။
အမည်းရောင် အငွေ့အသက်တန်းများက ဆန်းကြယ်စွာ လှည့်ပတ်၍ ဆူပွက်လာကာ ကြီးမားလှသော နတ်ဆိုးလက်သည်းကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ပြင်းထန်စွာ ဖမ်းဆုပ်လိုက်တော့သည်။
ဤနတ်ဆိုးလက်သည်းကြီးတွင် အမည်းရောင်အငွေ့အသက်များ ရစ်ပတ်နေပြီး ၎င်း၏အတွင်း၌ သရဲမီးအစက်အပြောက်များ ထွက်ပေါ်နေကာ ၎င်း၏အင်အားမှာ ယုတ်ညံ့ပြီး အာဏာဆန်လှသည်။ ၎င်းသည် ငရဲဘုံမှ ဆန့်ထုတ်လာသည့် လက်ဝါးကြီးတစ်ခုအလားပင်။