အခန်း (၈၉၃-၈၉၄)
Vol. 65 Ch. 893-894
အခန်း ၈၉၃ နံပါတ်တစ်
"ငါတို့ရဲ့ မာန်မျိုးနွယ်..." စုမင်က အကြီးအကဲဖုန်းကို တစ်ချက် လှမ်းကြည့်လိုက်ပြီး မည်သည့်စကားမျှ မပြောခဲ့ချေ။ သူသည် ထိုစကားလုံးနှစ်လုံးအပေါ် သံယောဇဉ်ရှိသော်လည်း သူ့ရင်ထဲ၌ ဖော်မပြတတ်သော ရှုပ်ထွေးသည့် ခံစားချက်တစ်ခုလည်း ရှိနေသည်။ ထိုရှုပ်ထွေးသော ခံစားချက်မှာ ဘိုးဘေးကြီး ထိုက်ချီ၏ နာမည်အသစ်ကြောင့် ပေါ်ပေါက်လာခြင်း ဖြစ်ပေသည်။
နံပါတ်လေး မာန်မျိုးစေ့။
အကယ်၍ နံပါတ်လေး ရှိနေခဲ့လျှင် နံပါတ်ငါးနှင့် နံပါတ်ခြောက်တို့ မရှိနိုင်သော်လည်း နံပါတ်သုံး၊ နံပါတ်နှစ် နှင့် နံပါတ်တစ်တို့မူကား အသေအချာ ရှိနေပေမည်။
သူတို့က ဘယ်သူတွေများလဲ...။
'လဲ့ရှန်းရှုရဲ့ ဉာဏ်ပညာနဲ့ နည်းလမ်းတွေအရ သူသာ ငါ့ကို ကြံစည်ဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် ငါကလည်း နံပါတ်တစ်၊ နှစ် ဒါမှမဟုတ် သုံး ဖြစ်နေမလားပဲ' စုမင်၏ မျက်နှာအမူအရာမှာ တည်ငြိမ်နေဆဲဖြစ်ပြီး သူ့အတွေးများကို အနည်းငယ်မျှပင် ထုတ်မပြခဲ့ချေ။ ဤအရာအားလုံးမှာ သူ၏ တွေးထင်မှုမျှသာ ဖြစ်သဖြင့် သူ၏အတွေးများ မှန်ကန်နိုင်သလို သူကိုယ်တိုင် အတွေးလွန်နေခြင်းလည်း ဖြစ်နိုင်ပေသည်။
၎င်းမှာ လူတစ်ယောက်တွင် သူတစ်ပါးအား ရန်ပြုလိုသော စိတ်မရှိသော်လည်း မိမိပတ်ဝန်းကျင်ရှိ လူများကိုမူ အမြဲတမ်း သတိကြီးစွာ ထားရမည်ဟူသော အချက်နှင့် တူပေသည်။ အကြောင်းမူကား ဤလောကသည် ကျင့်ကြံခြင်းလောက ဖြစ်သောကြောင့်တည်း။ ဤလောကသည် နိုင်ရာစား စကြဝဠာ နိယာမ ကြီးစိုးသော လောကတစ်ခု ဖြစ်သည်။ ခြေလှမ်းတစ်လှမ်း မှားရုံမျှဖြင့် လူတစ်ယောက်အား ထာဝရ ပျက်စီးသွားစေနိုင်သည့် ရက်စက်ကြမ်းကြုတ်သော ခေတ်ကာလတစ်ခုလည်း ဖြစ်ပေသည်။
အကြီးအကဲဖုန်းသည် စုမင်နှင့်အတူ လေထဲ၌ ပေါ့ပါးစွာ လျှောက်လှမ်းရင်း ရှေ့သို့ အေးအေးလူလူ ခရီးဆက်ခဲ့ကြသည်။ ယုရုံ၊ ကြက်သွေးရောင် မီးလျှံ ဂြိုဟ်သခင်နှင့်အတူ အဝါရောင်၊ အနက်ရောင် ခွေးနှစ်ကောင်တို့ကလည်း သူတို့နောက်မှ လိုက်ပါလာကြ၏။ ယုချန်ဟိုင်ကမူ ယုမိသားစု၏ အခြေစိုက်စခန်းသို့ ပြန်သွားခဲ့ပြီ ဖြစ်သည်။
"မင်နက်ဂြိုဟ်ပေါ်မှာ ရှိတဲ့ မိသားစုတွေရဲ့ ထက်ဝက်ကျော်မှာ မာန်မျိုးစေ့တွေ စိုက်ပျိုးထားပြီးသား။ သူတို့ကိုယ်သူတို့ သတိမထားမိဘဲ အဲဒီအောက်မှာ လွှမ်းမိုးခံနေရတဲ့အတွက် ကျင့်ကြံသူတွေလို့ မတွေးကြတော့ဘဲ မာန်မျိုးနွယ်တွေအဖြစ် လက်ခံလာကြတာပေါ့" အကြီးအကဲဖုန်းက အေးဆေးစွာ ဆိုလိုက်သည်။
"ငါတို့က မင်နက်ဂြိုဟ်နဲ့ ပြင်ပလောကကြား ပြုလုပ်တဲ့ ကုန်သွယ်မှုတွေရဲ့ ဆယ်ပုံရှစ်ပုံလောက်ကို ထိန်းချုပ်ထားတာ။ သီးခြားပစ္စည်း တစ်ခုခု ရောင်းချမှုကို ကန့်သတ်လိုက်ရုံနဲ့ နတ်ဘုရား အနှစ်သာရ ကြယ်ပင်လယ်နဲ့ မဟာလောကကြီး လေးခုရဲ့ အသက်သွေးကြော တစ်ခုကို ထိန်းချုပ်နိုင်တယ်"
"ဒါပေမဲ့ ဈေးကွက်ကို လုယူဖို့ တိုက်ပွဲတွေကတော့ ဘယ်တုန်းကမှ မပျောက်ကွယ်သွားဘူး။ တစ်ခါတရံမှာ ပြင်ပက အင်အားစုတွေက မင်နက်ဂြိုဟ်ပေါ်က အရင်းအမြစ်တွေကို လုယူဖို့ ဒီနေရာကို ရောက်လာတတ်ကြတယ်။ ဥပမာ ဒီထိုက်ချီမိသားစုပေါ့။ သူတို့က နဂါးငွေ့တန်း အများအပြားကို ဖြတ်သန်းပြီး ဒီနေရာကို ရောက်လာခဲ့တဲ့ ပြင်ပလောကရဲ့ ရှားမန်တာအို အစိတ်အပိုင်းတစ်ခုပဲ။ ဒါပေမဲ့ ငါတို့က သူတို့ကို အရိပ်ထဲကနေ သွေးခွဲခဲ့တာ။ တကယ်လို့ ဒီနေ့ သူတို့မိသားစုဝင်တွေ မင်းကို မရန်စခဲ့ရင်တောင် မကြာခင်မှာ ငါတို့ သူတို့ကို အပြတ်ရှင်းပစ်တော့မှာ" အကြီးအကဲဖုန်းက စုမင်ကို တောင်တန်းများ၊ မြစ်ချောင်းများနှင့် မြက်ခင်းပြင်များကို ဖြတ်ကျော်ခေါ်ဆောင်သွားရင်း သူ့အသံက လောကတစ်ခုလုံး၌ ပဲ့တင်ထပ်နေခဲ့သည်။
"မင်နက်ဂြိုဟ်ကို ရောက်လာတဲ့အခါ အစိမ်းသက်သက်ကြီး ဖြစ်မနေဘူးလို့ မင်း မခံစားရဘူးလား" အကြီးအကဲဖုန်းက ရှေ့သို့ လျှောက်လှမ်းရင်း စုမင်ကို လှည့်၍ ပြုံးပြလိုက်သည်။
"ဒီနေရာမှာရှိတဲ့ မြစ်တွေ၊ မြက်ခင်းတွေနဲ့ မြေမျက်နှာသွင်ပြင်တွေ... သေသေချာချာ ကြည့်မယ်ဆိုရင် အရာအားလုံးက ငါတို့ရဲ့ အတိတ်အမှတ်တရထဲက မာန်မျိုးနွယ်တွေရဲ့ လောကအတိုင်း ဖြစ်အောင် ပြုပြင်ပြောင်းလဲထားတာကို တွေ့ရလိမ့်မယ်" အကြီးအကဲဖုန်းက ဤစကားများကို ပြောပြီးနောက် ဆက်မပြောတော့ဘဲ စုမင်အား ငြိမ်သက်စွာ စိုက်ကြည့်နေခဲ့သည်။
စုမင် တိတ်ဆိတ်နေခဲ့၏။ သူသည် ဤအရာကို ယခင်ကတည်းက သတိပြုမိခဲ့သော်လည်း အခုလို မြေပြင်ပေါ်၌ ဖြတ်သန်းသွားလာနေချိန်တွင် ပိုမို၍ အာရုံခံမိလာခဲ့သည်။ အကြီးအကဲဖုန်း ပြောခဲ့သည့်အတိုင်းပင် ဤနေရာ၏ မြေမျက်နှာသွင်ပြင် အချို့မှာ သူ့အား ရင်းနှီးကျွမ်းဝင်သော ခံစားချက်ကို ပေးစွမ်းနေခဲ့ပေသည်။
"မင်ချီလင်မြို့တော်ကတော့ ဟိုအဝေးကြီးမှာ ရှိတာ။ အဲဒီမိသားစုရဲ့ စည်းကမ်းတွေက အင်မတန် တင်းကျပ်သလို ငါတို့ အနည်းဆုံးပဲ ထိန်းချုပ်နိုင်တဲ့ မိသားစုလည်း ဖြစ်တယ်။ သူတို့က နတ်ဘုရား အနှစ်သာရ ကြယ်ပင်လယ်က လာတဲ့ အရေးပါတဲ့ တစ်ပါးသော မျိုးနွယ်စု ဖြစ်ပြီး ဒီနေရာမှာရှိတဲ့ ဂြိုဟ်သား မျိုးနွယ်စု အားလုံးရဲ့ ဗဟိုချက်လည်း ဟုတ်တယ်။ ပြီးတော့ သူတို့မှာ ကိုယ်ပိုင် မာနလည်း ရှိကြတယ်"
သူတို့ ခရီးဆက်နေစဉ်အတွင်း စုမင်သည် ကွဲပြားခြားနားသော မိသားစု အများအပြားကို မြင်တွေ့ခဲ့ရသည်။ အကြီးအကဲဖုန်း စကားပြောလိုက်သည့်အခါ စုမင် လှမ်းကြည့်လိုက်ရာ ထူးဆန်းသော သတ္တဝါကြီးတစ်ကောင်၏ အပေါ်၌ တည်ဆောက်ထားသည့် ကြီးမားကျယ်ပြန့်သော မြို့တော်ကြီး တစ်မြို့ကို မြင်လိုက်ရ၏။
၎င်းမှာ ဧရာမ ချီလင်နက်ကြီး တစ်ကောင် ဖြစ်သည်။ ထိုချီလင်ကြီးသည် ခေါင်းကို ကောင်းကင်ယံသို့ မော့လျက် မြေပြင်ပေါ်တွင် ရပ်နေပြီး ၎င်း၏ မျက်နှာထက်တွင် သူ့ဇာတိ ကြယ်ကို လွမ်းဆွတ်တမ်းတနေသည့် အမူအရာ ရှိနေပေသည်။
ထိုချီလင်နက်ကြီးသည် ပေပေါင်း သိန်းချီကာ ကြီးမားလှပြီး စုမင် ကြည့်လိုက်သည့်အခါ အဆုံးအစကိုပင် မမြင်ရချေ။ ၎င်းထံမှ ကြီးမားကျယ်ပြန့်လှသော ဖိအားလှိုင်းတစ်ခု ထုတ်လွှတ်နေပြီး ၎င်း၏ စွမ်းအားမှာ ကံကြမ္မာနှင့် သေခြင်းရှင်ခြင်း အရှင်သခင် အဆင့်နှင့် ထပ်တူကျနေပုံရပေသည်။
အကြီးအကဲဖုန်းသည် စုမင်ကို မင်ချီလင်မြို့တော်သို့ ခေါ်မသွားဘဲ ဘေးမှ ဖြတ်ကျော်သွားခဲ့သည်။ သူသည် စုမင်ကို မင်နက်ဂြိုဟ် တစ်ဂြိုဟ်လုံးနီးပါး နှံ့အောင် ခေါ်ဆောင်သွားခဲ့ပြီး လမ်းခရီး၌ လောကကြယ်ဂြိုဟ်ကိုလည်း မြင်တွေ့ခဲ့ရသည်။
နောက်ဆုံးတွင် ကောင်းကင်ကြီး တဖြည်းဖြည်း မှောင်မိုက်လာသောအခါ သူသည် စုမင်ကို တောင်တန်း တစ်တန်းဆီသို့ ခေါ်ဆောင်လာခဲ့သည်။ ထိုတောင်တန်းမှာ နဂါးတစ်ကောင် မြေပြင်ပေါ်တွင် ခွေလျက် နှစ်ခြိုက်စွာ အိပ်ပျော်နေသည့်အလား နဂါးကျောရိုးနှင့် တူလှပေသည်။
ထိုနေရာ တစ်နေရာလုံး မှောင်မိုက်နေ၏။
စုမင် ကောင်းကင်ထက်မှ ငုံ့ကြည့်လိုက်သောအခါ အမြင့်ဆုံး တောင်ထိပ်ပေါ်တွင် ရပ်နေသည့် ဝေဝါးသော လူရိပ်တစ်ခုကို မြင်လိုက်ရသည်။ ထိုလူသည် အလွန်တရာ အရပ်ရှည်ပြီး ထွားကျိုင်းလှပေသည်။ သူ ထိုနေရာတွင် ရပ်နေပုံမှာ သူ့ခြေဖဝါးအောက်ရှိ တောင်ကြီးထက်ပင် ပို၍ မြင့်မားနေသည့် ခံစားချက်ကို ပေးစွမ်းနေ၏။
သူ သွားလေရာ အရပ်တိုင်း၌ အရာအားလုံးသည် သူ့ကို ဗဟိုပြုနေမည့်အလား ရှိနေတော့သည်။ ဤနယ်မြေအတွင်းရှိ လောက၏ အစိတ်အပိုင်းမှာပင် လောကကြီး၏ အခြားသော အစိတ်အပိုင်းများနှင့် ကွဲပြားနေပုံရ၏။ ၎င်းမှာ ဤလူသားကို ဦးညွှတ်ကိုးကွယ်နေသည့်အလား အနည်းငယ် နိမ့်ဆင်းနေသည့် ခံစားချက်အား ပေးစွမ်းနေပေသည်။
စုမင်သည် ထိုလူ၏ ကျောပြင်ကိုသာ ဝေဝါးစွာ မြင်တွေ့နိုင်ခဲ့သည်။ အကြီးအကဲဖုန်းနှင့်အတူ နီးကပ်သွားသည်နှင့်အမျှ ထိုကြီးမားသော ကျောပြင်ကြီးမှာ တဖြည်းဖြည်း ထင်ရှားလာပြီး စုမင်၏ မျက်နှာထက်တွင် ရှုပ်ထွေးသော ခံစားချက်များ ပေါ်ထွက်လာခဲ့၏။
အဘယ်ကြောင့်ဆိုသော် ၎င်းမှာ အသက်ရှိသော လူတစ်ယောက် မဟုတ်တော့ဘဲ ကျောက်ရုပ်တု တစ်ရုပ်သာ ဖြစ်သောကြောင့်တည်း။
လဲ့ရှန်းရှု၏ ကျောက်ရုပ်တုပင် ဖြစ်သည်။
အကြီးအကဲဖုန်းသည် တောင်ပေါ်သို့ ဆင်းသက်လိုက်ပြီး ကျောက်ရုပ်တုဘေးတွင် ရပ်လိုက်သည်။ စုမင်သည်လည်း သူ့ဘေးတွင် ငြိမ်သက်စွာ ဆင်းသက်လိုက်ပြီး ရုပ်တုပေါ်သို့ သူ့အကြည့် ရောက်ရှိသွားသောအခါ တစ်ခွန်းမျှ မပြောခဲ့ချေ။
အတော်ကြာပြီးနောက် အကြီးအကဲဖုန်းက သက်ပြင်းချကာ တည်ငြိမ်စွာ ဆိုလိုက်သည်။ "မင်း နောက်ကျသွားပြီ"
"ဒါက ကျောက်ရုပ်တု သက်သက် မဟုတ်ဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်း ရှစ်ထောင်က အရှင်လဲ့ရှန်းက ဒီနေရာမှာ ရပ်ပြီး တစ်ခုခုကို စဉ်းစားနေတဲ့ပုံစံနဲ့ နေဝင်တာ၊ နေထွက်တာတွေကို ကြည့်နေခဲ့တာ။ သူ ဒီနေရာမှာ သုံးနှစ်တိတိ ရပ်နေခဲ့ပြီး ခန္ဓာကိုယ်က ကျောက်ရုပ်တုအဖြစ် ပြောင်းလဲသွားခဲ့တယ်။ သူ့ရဲ့ ဝိညာဉ် ဘယ်ကို ရောက်သွားလဲဆိုတာ ငါတို့ မသိဘူး။ သူ့ရဲ့ သက်စောင့်စွမ်းအားတွေ သဲလွန်စမရှိ ပျောက်ကွယ်သွားခဲ့တာပဲ သိတယ်"
"ဒါပေမဲ့ သူ့ရဲ့ ဝိညာဉ် မပျောက်ကွယ်သွားခင်မှာ အကြီးအကဲယုနဲ့ ငါက ငါတို့ မာန်နတ်ဘုရား အရှင်ရဲ့ နတ်ဘုရားအာရုံကို ကြားခဲ့ရတယ်။ သူက မာန်မျိုးနွယ်တွေရဲ့ ကံကြမ္မာကို ဆုံးဖြတ်နိုင်မယ့် နေရာတစ်ခုဆီကို သွားတော့မယ်လို့ ပြောခဲ့တယ်။ အဲဒီနေရာကနေ သူ ဘယ်တော့မှ ပြန်မလာနိုင်တော့တာမျိုးလည်း ဖြစ်နိုင်တယ်။ ဒါကြောင့်မို့လို့ တကယ်လို့ သူ နှစ်ပေါင်းတစ်သောင်းအတွင်း ပြန်မလာခဲ့ရင် သူဖန်တီးခဲ့သမျှ အရာအားလုံးက သူ့နောက်ကနေ ဒီနေရာကို ရောက်လာမယ့် မာန်နတ်ဘုရားဆီ ပိုင်ဆိုင်ရလိမ့်မယ်လို့ ငါတို့ကို မှာခဲ့တယ်"
"တကယ်လို့ ဒီနေရာကို ရောက်လာတဲ့ မာန်နတ်ဘုရားက သူ့ကို ရှာချင်တယ်ဆိုရင်တော့ မာန်နတ်ဘုရားတွေ ကြားထဲမှာ ပြိုင်ပွဲတစ်ပွဲ ဖြစ်လာလိမ့်မယ်တဲ့"
"ငါကတော့ မာန်နတ်ဘုရားအရှင် ဆိုလိုတဲ့အဓိပ္ပာယ်ကို သိပ်နားမလဲပေမဲ့ မင်းကတော့ နားလည်နိုင်လိမ့်မယ်လို့ ထင်တယ်"
အကြီးအကဲဖုန်းသည် ဤစကားကို ပြောပြီးနောက် ခေတ္တမျှ တိတ်ဆိတ်သွားပြီး စုမင်အား နက်ရှိုင်းစွာ စိုက်ကြည့်ကာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ခွာသွားခဲ့သည်။ သူသည် ပေပေါင်း ထောင်ချီကွာဝေးသော နေရာ၌ တင်ပလ္လင်ခွေ ထိုင်လိုက်ပြီး မျက်ဝန်းများကို ပိတ်ကာ မည်သည့်စကားမျှ ဆက်မပြောတော့ချေ။
စုမင်၏ မျက်နှာအမူအရာမှာ ယခင်အတိုင်း တည်ငြိမ်နေဆဲ ဖြစ်သည်။ သူ့အတွေးများကို မည်သူမျှ မမြင်နိုင်ချေ။ အကြီးအကဲဖုန်း နောက်ဆုတ်သွားသောအခါ သူသည် ခေါင်းကိုမော့၍ မိမိရှေ့ရှိ ရုပ်တုအား ကြည့်ကာ လျှောက်လှမ်းသွားခဲ့သည်။ သူ ရုပ်တုရှေ့၌ ရပ်လိုက်သောအခါ လဲ့ရှန်းရှု၏ ရုပ်သွင်ကို မြင်တွေ့လိုက်ရ၏။
သူ၏မျက်နှာမှာ ရှေးဟောင်း အငွေ့အသက်များနှင့်အတူ ခန့်ညားထည်ဝါသော ဖြောင့်မတ်တည်ကြည်မှုများဖြင့် ပြည့်နှက်နေပေသည်။ ကျောက်ရုပ်တုအဖြစ် ပြောင်းလဲသွားပြီးသည့်တိုင် သူ၏မျက်ဝန်းထဲမှ နက်ရှိုင်းသော အကြည့်များမှာ ထင်ရှားစွာ ကျန်ရစ်နေဆဲဖြစ်ပြီး ၎င်းက ဝမ်းနည်းကြေကွဲဖွယ် ခံစားချက်တစ်ခုကို ပေးစွမ်းနေ၏။ စုမင် ရုပ်တုကို ကြည့်လိုက်သောအခါ ထိုဝမ်းနည်းမှုအား ခံစားလိုက်ရပေသည်။
လဲ့ရှန်းရှုသည် ဤကဲ့သို့သော ပုံစံဖြင့် ကောင်းကင်ယံကို ကြည့်ရင်း တစ်ခုခုကို စဉ်းစားနေခဲ့ခြင်း ဖြစ်သည်။
စုမင် ရုပ်တုကို စိုက်ကြည့်လိုက်၏။ ဤပုံရိပ်မှာ သူ့နှလုံးသားထဲ၌ တွေးထင်ထားသော လဲ့ရှန်းရှု၏ ပုံရိပ်နှင့် ကိုက်ညီလှပေသည်။ ယုတ်ညံ့သော နည်းလမ်းမျိုးစုံကို အသုံးပြုကာ မကောင်းဆိုးဝါး အငွေ့အသက်များဖြင့် မာန်မျိုးစေ့များအား အသုံးပြုခဲ့သော လူသားနှင့် လုံးဝ မတူညီချေ။
အတော်ကြာပြီးနောက် စုမင်သည် မိမိဘာသာ တိုးတိုးလေး ရေရွတ်လိုက်ရာ ထိုစကားလုံးများကို သူကိုယ်တိုင်သာ ကြားနိုင်ပေသည်။ "သူက ငါ့ကို ရွေးချယ်ပိုင်ခွင့် ပေးခဲ့တာလား..."
လဲ့ရှန်းရှု ချန်ထားခဲ့သော စကားလုံးများမှာ ရှုပ်ထွေးခြင်းမရှိဘဲ အလွန်တရာ တိုက်ရိုက်ကျလှပေသည်။ အကြီးအကဲဖုန်းက သူ ထိုစကားများကို နားမလည်ဟု ပြောခြင်းမှာ လိမ်ညာခြင်းသာ ဖြစ်၏။ သူသည် ဆုံးဖြတ်ချက်ချနိုင်သော လူမဟုတ်သဖြင့် ထိုစကားများကို နားမလည်ချင်ယောင် ဆောင်နေခဲ့ခြင်းသာ ဖြစ်ပေသည်။ ဤလမ်းစဉ်သည် ဆုံးဖြတ်ပိုင်ခွင့်ရှိသူ တစ်ဦးတည်းသာ ရွေးချယ်နိုင်သော လမ်းစဉ်တစ်ခု ဖြစ်သည်။
ဤလမ်းစဉ်အတိုင်း လျှောက်လှမ်းပိုင်ခွင့် ရှိသူများမှာ မာန်နတ်ဘုရားများသာ ဖြစ်ကြ၏။
၎င်းမှာ နံပါတ်တစ်၊ နံပါတ်နှစ်၊ နံပါတ်သုံး သို့မဟုတ် နံပါတ်လေး ဖြစ်နေပါစေ မာန်မျိုးနွယ်တို့၏ နယ်မြေမှ အသိအမှတ်ပြုခြင်းကို ခံရပြီး မာန်မျိုးနွယ်တို့၏ နှလုံးသားအား သိမ်းပိုက်နိုင်သရွေ့ သူတို့တွင် ဤလမ်းစဉ်အတိုင်း လျှောက်လှမ်းနိုင်ခွင့် ရှိပေသည်။
စုမင်သည် လဲ့ရှန်းရှု၏ ရုပ်တုကို ဆက်လက်စိုက်ကြည့်နေစဉ် အချိန်များမှာ တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့ပြီး ညတာ၏ ညဉ့်နက်ပိုင်းမှာ ကုန်လွန်သွားခဲ့လေသည်။ ကောင်းကင်ကြီး တဖန် ပြန်လည်လင်းပွင့်လာသောအခါ စုမင်သည် ရုပ်တုဘေးတွင် ရပ်လျက် ကောင်းကင်ယံထက်သို့ မော့ကြည့်လိုက်၏။
သူ၏လုပ်ရပ်မှာ လဲ့ရှန်းရှု၏ လုပ်ရပ်နှင့် အတိအကျ တူညီလှပေသည်။ သူသည် လဲ့ရှန်းရှုကဲ့သို့ အရပ်မရှည်၊ ထွားကျိုင်းခြင်း မရှိသော်လည်း ထိုနေရာ၌ ရပ်နေပုံမှာ လောကကြီး တစ်ခုလုံးကို ခြေဖဝါးအောက်၌ နင်းခြေထားသည့်အလား ရှိနေတော့သည်။
သူသည် ကောင်းကင်ကြီးကို ငြိမ်သက်စွာ စိုက်ကြည့်နေခဲ့၏။
တစ်ရက်၊ နှစ်ရက်၊ သုံးရက်...
အခြားသော လူတစ်ယောက်သည်လည်း တောင်တန်းကြီးဆီသို့ တိတ်တဆိတ် ရောက်ရှိလာခဲ့ပြန်သည်။ သူသည် စုမင် အလင်းမျက်နှာပြင်ပေါ်တွင် မြင်ဖူးခဲ့သော ဧရာမ ရေဘဝဲကြီးပေါ်၌ ထိုင်နေသည့် အဘိုးအိုပင် ဖြစ်သည်။ သူသည် လေ၊ မိုး၊ မိုးကြိုး၊ မြူ ဟူသော စစ်သူကြီးလေးဦးအနက် မိုးစစ်သူကြီး ဖြစ်ပေသည်။
သူ၏ အိုမင်းရင့်ရော်သော ရုပ်သွင်မှာ ဖုန်းလိုင်နှင့် အလွန်တရာ ဆင်တူလှ၏။ သူသည် တိတ်တဆိတ် ရောက်ရှိလာပြီး အကြီးအကဲဖုန်း၏ ဘေးတွင် ငြိမ်သက်စွာ ထိုင်လိုက်သည်။ သူတို့နှစ်ဦးမှာ မည်သည့်စကားမျှ မပြောကြဘဲ စုမင်၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေသည့်အလား ထိုနေရာ၌ ထိုင်နေခဲ့ကြသည်။
အချိန်များ ကုန်လွန်သွားသည်နှင့်အမျှ သူတို့နောက်ကွယ်၌ လူအများအပြား ပိုမိုပေါ်ထွက်လာခဲ့သည်။ ထိုလူများမှာ အဘိုးအိုများ ဖြစ်ကြပြီး လဲ့ရှန်းမိသားစု အတွင်းရှိ လေးစားဖွယ် ပုဂ္ဂိုလ်ကြီးများ ဖြစ်ကြပေသည်။ သူတို့သည် ပုံမှန်အားဖြင့် အပြင်သို့ ထွက်လေ့မရှိကြသော်လည်း ယခုအခါ သူတို့အားလုံး ဤနေရာသို့ ရောက်ရှိလာခဲ့ကြပြီး စုမင်၏ ကျောပြင်ကို ရှုပ်ထွေးသော မျက်နှာအမူအရာများဖြင့် စိုက်ကြည့်နေကြ၏။ နောက်ဆုံးတွင် သူတို့သည်လည်း ထိုင်ချလိုက်ပြီး သူ့ကို စောင့်ဆိုင်းရန် ရွေးချယ်ခဲ့ကြသည်။
လဝက်ခန့် ကြာပြီးနောက် လူပေါင်း တစ်ရာနီးပါး ရောက်ရှိလာခဲ့ပြီး သူတို့အကြည့်များကို စုမင်၏ ခန္ဓာကိုယ်ပေါ်သို့ စိုက်ထားခဲ့ကြသည်။ သို့သော် စုမင်မှာမူ ၎င်းကို အာရုံမခံနိုင်တော့ချေ။ သူသည် ကောင်းကင်ကြီးအား ကြည့်ရင်း အတိတ်က လဲ့ရှန်းရှု အဘယ်အရာကို မြင်တွေ့ခဲ့သနည်း ဟူသည်အား စဉ်းစားနေခဲ့၏။
ကောင်းကင်ကြီးကို လဝက်တိုင်တိုင် စိုက်ကြည့်နေစဉ် စုမင်သည် နေထွက်ခြင်းနှင့် နေဝင်ခြင်း သံသရာ အကြိမ်ရေ တစ်ဒါဇင်ကျော်ကို မြင်တွေ့ခဲ့ရသော်လည်း အဖြေကိုမူ မရရှိခဲ့ချေ။ ကောင်းကင်ကြီးကို စိုက်ကြည့်ရင်း နောက်ထပ် လဝက်ခန့် ကုန်လွန်သွားသောအခါ သူ့စိတ်အာရုံမှာ ငေးမောနေဆဲ ဖြစ်သော်လည်း ရုတ်ချည်းပင် အမှန်တရားတစ်ခုအား သဘောပေါက်သွားခဲ့လေသည်။
ကောင်းကင်ယံထက်၌ မည်သည့်အရာမျှ မရှိချေ။ လဲ့ရှန်းရှုသည် ကောင်းကင်ကြီးအား ကြည့်နေခဲ့ခြင်း မဟုတ်ဘဲ မိမိကိုယ်ကိုယ်... မိမိ၏ နှလုံးသားကိုသာ ကြည့်နေခဲ့ခြင်း ဖြစ်သည်။ သူသည် တစ်စုံတစ်ခုကို အထပ်ထပ် စဉ်းစားရင်း ဝေခွဲမရ ဖြစ်နေခဲ့ခြင်း ဖြစ်ပေသည်။
"မာန်နတ်ဘုရားတွေ ကြားထဲက ပြိုင်ပွဲ..." စုမင်က တိုးတိုးလေး ဆိုလိုက်သည်။ "ဒါပေမဲ့ ငါက မပြိုင်ချင်ဘူး" သူက ကောင်းကင်ကြီးကို ကြည့်လိုက်၏။ "တကယ်လို့ ကျွန်တော်က မပြိုင်ချင်ဘူး၊ ခင်ဗျားကလည်း နောက်ထပ် နှစ်နှစ်ထောင်အတွင်း ပြန်မလာဘူးဆိုရင် ဒီနေရာမှာရှိတဲ့ အရာအားလုံးက ကျွန်တော့်အပိုင် ဖြစ်လာလိမ့်မယ်။ ခင်ဗျားက... ဒါက ခင်ဗျားရဲ့ ရွေးချယ်မှုလို့ ကျွန်တော့်ကို ပြောနေတာလား"
"ဒါပေမဲ့ ဘာဖြစ်လို့ ဒီအရာအားလုံးက လှည့်စားမှုတစ်ခုလို ကျွန်တော် ခံစားနေရတာလဲ။ ဒါက ခင်ဗျားရဲ့ စစ်မှန်တဲ့ ရွေးချယ်မှု မဟုတ်ဘူး။ နောက်ဆုံးကျရင် ခင်ဗျားက ကျွန်တော့်ကို ခင်ဗျားနဲ့ ပြိုင်ခိုင်းဖို့ပဲ ရွေးချယ်လိမ့်မယ်" စုမင် သက်ပြင်းချလိုက်မိသည်။ သူသည် ခေါင်းအား ဖြည်းညှင်းစွာ နှိမ့်ချလိုက်ပြီး ခန္ဓာကိုယ်ကို လှည့်ကာ မိမိနောက်ကွယ် ပေပေါင်း ထောင်ချီအကွာ၌ ရှိနေသော မာန်မျိုးနွယ်ဝင် တစ်ရာနီးပါးအား လှည့်ကြည့်လိုက်၏။
သူက သူတို့ကို ကြည့်နေပြီး သူတို့ကလည်း သူ့အား စိုက်ကြည့်နေကြသည်။
နှစ်ဖက်စလုံး တိတ်ဆိတ်နေကြ၏။
"ကျွန်တော့်ကို ပြောပြပါဦး။ နံပါတ်သုံး မာန်မျိုးစေ့က ဘယ်သူလဲ" စုမင်က နှေးကွေးစွာ မေးလိုက်သည်။
"လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်သောင်းက လွန်ခဲ့တဲ့ မျိုးဆက်ရဲ့ ပါရမီရှင်တစ်ယောက်ပဲ။ သူက နတ်ဘုရား အနှစ်သာရ ကြယ်ပင်လယ်က ကောင်းကင်ခိုးယူသူ တစ်ယောက်ပေါ့" စုမင်ကို အဖြေပေးလိုက်သူမှာ အကြီးအကဲဖုန်း ဖြစ်ပေသည်။
"ဒါဆို နံပါတ်နှစ်ကရော"
"နံနက်ခင်း တာအိုလောကက ကျင့်ကြံသူတစ်ယောက်... သူက ဒီနေရာကို စောင့်ကြည့်နေတဲ့ မဟာလောကကြီး လေးခုရဲ့ အင်အားစုတွေထဲက တစ်ယောက်ပဲ" အကြီးအကဲယုက အက်ရှရှအသံဖြင့် ဆိုလိုက်သည်။ ဤသည်မှာ သူ ပထမဆုံးအကြိမ် စကားပြောခြင်း ဖြစ်ပြီး သူ၏အသံ ရောက်ရှိရာ အရပ်တိုင်း၌ ရေငွေ့များ ဝန်းရံနေသည့်အလား ခံစားရစေသည်။
စုမင်သည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် တိုးတိုးလေး မေးလိုက်သည်။ "ဒါဆို နံပါတ်တစ်က... ဘယ်သူလဲ"
သူ ဤစကားကို ပြောလိုက်သည့် အခိုက်အတန့်တွင်ပင် အကြီးအကဲဖုန်းနှင့် အကြီးအကဲယုတို့သည် သူ့ထံသို့ ပြိုင်တူ လှမ်းကြည့်လိုက်ကြသည်။ သို့သော်လည်း စုမင်သည် လဲ့ရှန်းရှု၏ ရုပ်တုဘေးတွင် ရပ်နေသဖြင့် သူတို့၏ အကြည့်များမှာ ရုပ်တုပေါ်သို့ပါ ကျရောက်သွားခဲ့ရာ ၎င်းက တိုက်ဆိုင်မှုတစ်ခု ဟုတ်မဟုတ်ကိုမူ မည်သူမျှ မပြောနိုင်တော့ချေ။
အခန်း ၈၉၄ ပူဆွေးမှုများ ပြည့်နှက်နေသည့် ကျောပြင်
စုမင်က ခေါင်းကို အသာစောင်း၍ လဲ့ရှန်းရှု၏ ရုပ်တုအား တစ်ချက် လှမ်းကြည့်လိုက်သည်။ ထို့နောက် သူ သက်ပြင်းခပ်ဖွဖွ ချလိုက်မိ၏။
သူ ယခုအခါ နားလည်သွားခဲ့ပြီ ဖြစ်သည်။ အရာအားလုံးကို အကြွင်းမဲ့ နားလည်သွားခဲ့ပြီဟုပင် ဆိုနိုင်ပေသည်။ ဤအရာမှာ လဲ့ရှန်းရှုက သူ့အား... မဟုတ်သေး၊ မိမိတို့၏ ဇာတိမြေမှ ဤနေရာသို့ ရောက်ရှိလာမည့် မာန်နတ်ဘုရား အားလုံးကို ရွေးချယ်စရာမရှိသည့် ရွေးချယ်မှုတစ်ခုအား ပေးအပ်နေခြင်းဟု ဆိုလျှင် ပို၍ တိကျပေလိမ့်မည်။
စုမင်က နံပါတ်တစ် ဖြစ်သလို လဲ့ရှန်းရှုကလည်း နံပါတ်တစ် ဖြစ်ပေသည်။
ဤသည်မှာ မာန်နတ်ဘုရားများအကြား ယှဉ်ပြိုင်မှုတစ်ခုပင်။ အောင်နိုင်သူသည် မာန်မျိုးစေ့အားလုံး၏ အမွေအနှစ်များကို ရရှိနိုင်မည်ဖြစ်ပြီး ကျင့်ကြံခြင်းအဆင့်တွင် အထွတ်အထိပ် ဩဇာအာဏာကို ရရှိကာ ထိုမှတစ်ဆင့် မာန်မျိုးနွယ်အားလုံး အင်အားကြီးမားလာစေရန် ဦးဆောင်နိုင်မည် ဖြစ်သည်။
ဤပြိုင်ပွဲသည် သေကျေပျက်စီးရမည့် တိုက်ပွဲမျိုး မဟုတ်သည့်အပြင် အပြန်အလှန် သတ်ဖြတ်ရခြင်းလည်း မရှိသဖြင့် ရက်စက်ကြမ်းကြုတ်ပုံ မပေါ်ဘဲ ရှာဖွေခြင်း သက်သက်သာ ဖြစ်ပေသည်။
အကယ်၍ စုမင်က လဲ့ရှန်းရှုကို ရှာတွေ့ပါက သူ အောင်နိုင်မည် ဖြစ်သည်။ အကယ်၍ မရှာတွေ့ပါက ရှုံးနိမ့်ပေမည်။
အချိန်ကန့်သတ်ချက်မှာမူ နှစ်ပေါင်း တစ်သောင်း ဖြစ်သည်။ သို့သော်လည်း ထိုအချိန်မှစ၍ နှစ်ပေါင်း ရှစ်ထောင် ကုန်လွန်ခဲ့ပြီ ဖြစ်ရာ ယခုအခါ နှစ်ပေါင်း နှစ်ထောင်သာ ကျန်ရှိတော့ပေသည်။
'ပထမဆုံး မာန်နတ်ဘုရား လဲ့ရှန်းရှုဟာ အတိတ်တုန်းက မာန်နတ်ဘုရားတွေကြား ယှဉ်ပြိုင်ရမယ့် ရက်စက်မှုတွေကြောင့် ဝေခွဲမရဖြစ်ပြီး ဒါကို သူ အလိုမရှိခဲ့ဘူး။ ဒါကြောင့်မို့လို့ပဲ သူက နှစ်ပေါင်းတစ်သောင်း အချိန်ကန့်သတ်ချက် ပေးခဲ့တာ။ တကယ်လို့ အဲဒီနှစ်ပေါင်း တစ်သောင်းအတွင်း သူ့ရဲ့ ဇာတိမြေက မာန်နတ်ဘုရားတစ်ပါး ရောက်လာခဲ့ရင် အဲဒီမာန်နတ်ဘုရားဟာ ရွေးချယ်စရာ မရှိတဲ့ ဒီရွေးချယ်မှုမှာ အနိုင်ရဖို့ အခွင့်အရေး ရှိလာလိမ့်မယ်'
'ဒါပေမဲ့ တကယ်လို့ နှစ်ပေါင်းတစ်သောင်း အတွင်း မာန်နတ်ဘုရားတစ်ပါးမှ ရောက်မလာခဲ့ရင်တော့ သူက ယင်မရဏမြေထဲက မာန်မျိုးနွယ်တွေရဲ့ နေရာမှာ အစားဝင်ပြီး မာန်မျိုးနွယ်တွေ အင်အားကြီးထွားလာစေမယ့် မုန်တိုင်းတစ်ခုကို သယ်ဆောင်လာလိမ့်မယ်'
'ဒါဆိုရင် ဘယ်လို အကြောင်းပြချက်က လဲ့ရှန်းရှုကို မာန်မျိုးနွယ် နယ်မြေကနေ မာန်နတ်ဘုရားတစ်ပါးတည်းပဲ ထွက်ပေါ်လာလိမ့်မယ်လို့ ယုံကြည်စေခဲ့တာလဲ။ ဘယ်လို အကြောင်းပြချက်က သူ့ရဲ့ မျိုးဆက်တွေအတွက် ဒီလမ်းစဉ်ကို ချန်ထားခဲ့ဖို့ တွန်းအားပေးခဲ့တာလဲ။ ဒီအတွက် အကြောင်းပြချက် မရှိပေမဲ့ သူကတော့ လုပ်ခဲ့တာပဲ' စုမင် မျက်လုံးများကို ပိတ်လိုက်ရာ လဲ့ရှန်းရှု၏ ရုပ်တုထံမှ ဝမ်းနည်းကြေကွဲမှု မှတ်ဉာဏ်များက သူ့ဦးနှောက်ထဲသို့ ပေါ်လာခဲ့သည်။
'ဒီဝမ်းနည်းမှုတွေထဲမှာ အဖြေတွေအများကြီး ဖုံးကွယ်နေနိုင်တယ်' စုမင် မျက်လုံးများကို ပြန်ဖွင့်လိုက်သည်။ သူသည် မိမိ၏ ကိုယ်ပိုင်အဖြေကို ရရှိသွားခဲ့ပြီ ဖြစ်၏။ 'ကျွန်တော် ခင်ဗျားနဲ့လည်း မပြိုင်ဘူး။ ခင်ဗျားကိုလည်း လိုက်မရှာဘူး။ ကျွန်တော်မှာ လျှောက်လှမ်းရမယ့် ကိုယ်ပိုင်လမ်း ရှိတယ်'
စုမင်က လက်ကို တစ်ချက်ဝေ့ကာ အကြီးအကဲဖုန်းနှင့် အခြားလူများဆီသို့ လျှောက်လှမ်းသွားခဲ့သည်။ သူ ရောက်ရှိသွားသောအခါ အကြီးအကဲဖုန်း အပါအဝင် မာန်မျိုးနွယ်ဝင် တစ်ရာနီးပါးတို့သည် မတ်တတ်ရပ်လိုက်ကြပြီး သူ့ကို ရှုပ်ထွေးသော အကြည့်များဖြင့် စိုက်ကြည့်လာကြသည်။ သူတို့သည် စုမင်၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေကြခြင်း ဖြစ်ပေသည်။
"ကျွန်တော်..." စုမင်သည် ထိုမာန်မျိုးနွယ်စုဝင်များအား ကြည့်လိုက်ပြီး အိုမင်းရင့်ရော်နေသော အကြီးအကဲဖုန်းနှင့် အကြီးအကဲယုတို့ကိုလည်း လှမ်းကြည့်လိုက်သည်။ သူ ထိုစကားလုံး တစ်လုံးကို ပြောလိုက်သည့် အခိုက်အတန့်တွင်ပင် သူ၏ ခန္ဓာကိုယ်မှာ ရုတ်ချည်း တောင့်တင်းသွားခဲ့၏။ အကြောင်းမူကား သူသည် ဖြစ်နိုင်ခြေ တစ်ခုကို ရုတ်တရက် တွေးမိသွားသောကြောင့် ဖြစ်သည်။
ထိုဖြစ်နိုင်ခြေကြောင့် သူ့စကားလုံးများမှာ ရုတ်ချည်း ရပ်တန့်သွားခဲ့ရသည်။ သူ၏ မျက်သူငယ်အိမ်များ ကျုံ့ဝင်သွားပြီးနောက် ခန္ဓာကိုယ်ကို ဖြည်းညှင်းစွာ လှည့်၍ လဲ့ရှန်းရှု၏ ရုပ်တုအား လှမ်းကြည့်လိုက်၏။
'ဝမ်းနည်းခြင်း၊ ဝေခွဲမရဖြစ်ခြင်း၊ ကောင်းကင်ကို မော့ကြည့်ခြင်း၊ စဉ်းစားတွေးတောခြင်း... ယုတ္တိဗေဒ နိယာမတွေနဲ့ မကိုက်ညီတဲ့ ရွေးချယ်မှုတစ်ခု။ ဒါတွေ အားလုံးက တကယ်ပဲ အဲဒီလောက် ရိုးရှင်းနေလို့လား'
'ပထမဆုံး မာန်နတ်ဘုရား လဲ့ရှန်းရှုက အတိတ်တုန်းက ဒီနေရာမှာ သုံးနှစ်တိတိ ရပ်နေခဲ့တယ်။ မာန်မျိုးစေ့ နံပါတ်တစ်'
မာန်မျိုးနွယ်ဝင် တစ်ရာနီးပါးတို့က စုမင်၏ ရွေးချယ်မှုကို စောင့်ဆိုင်းနေကြစဉ် သူသည် လဲ့ရှန်းရှု၏ ရုပ်တုအား နောက်တစ်ကြိမ် လှမ်းကြည့်လိုက်ပြန်သည်။ သူသည် ရုပ်တုဆီသို့ ဖြည်းညှင်းစွာ ပြန်လည် လျှောက်လှမ်းသွားပြီး ၎င်းကို အာရုံစူးစိုက်ကာ ကြည့်ရှုနေခဲ့၏။
သူသည် ဝေခွဲမရဖြစ်ခြင်း၊ ဝမ်းနည်းကြေကွဲခြင်းနှင့် စဉ်းစားတွေးတောခြင်းတို့ကို မြင်တွေ့ခဲ့ရသော်လည်း ထိုခံစားချက်သုံးခု ပေါင်းစပ်သွားသောအခါ သူ့နှလုံးသား တုန်လှုပ်သွားခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် လဲ့ရှန်းရှု၏ မျက်နှာအမူအရာထဲတွင် သူ့စိတ်အာရုံထဲ၌ အလွန် နက်ရှိုင်းစွာ ဖုံးကွယ်ထားသော ရင်နင့်ဖွယ် နာကျင်ပူဆွေးခြင်း အရိပ်အယောင် အနည်းငယ် ပါဝင်နေသည်ကို မြင်လိုက်ရသောကြောင့် ဖြစ်ပေသည်။
စုမင်သည် လဲ့ရှန်းရှု၏ ရုပ်တုဘေးတွင် ထပ်မံ ရပ်လိုက်ပြီး တိတ်ဆိတ်နေခဲ့၏။ သူသည် ခေါင်းကိုမော့ကာ ကောင်းကင်ယံထက်သို့ စိုက်ကြည့်နေခဲ့သည်။ အချိန်များ တရွေ့ရွေ့ ကုန်လွန်သွားရာ ခုနစ်ရက် ကုန်လွန်သွားသောအခါ စုမင်၏ မျက်နှာထက်တွင် ဝေခွဲမရသည့် အရိပ်အယောင်များ ပေါ်ထွက်လာခဲ့သည်။
ဤဝေခွဲမရဖြစ်မှုမှာ သူကိုယ်တိုင် တမင်တကာ ဖန်တီးယူခဲ့ခြင်း ဖြစ်သည်။ သူသည် မိမိ၏ အတိတ်အမှတ်တရ အားလုံးကို ပြန်လည်စုစည်းပြီး အတိတ်က ဝေခွဲမရ ဖြစ်ခဲ့ဖူးသမျှ အခိုက်အတန့် အားလုံးအား ပေါင်းစပ်ကာ ထိုခံစားချက်ကို မိမိ၏ မျက်နှာထက်တွင် ထင်ဟပ်စေခဲ့ခြင်း ဖြစ်ပေသည်။
နောက်ထပ် ဆယ်ရက် ကုန်လွန်သွားသောအခါ ထိုဝေခွဲမရဖြစ်ခြင်းများ ကြားထဲတွင် ဝမ်းနည်းကြေကွဲခြင်းများ ပေါ်ပေါက်လာခဲ့သည်။ ထိုဝမ်းနည်းပူဆွေးခြင်း လှိုင်းလုံးကြီးက ဝေခွဲမရဖြစ်ခြင်းနှင့် ပေါင်းစပ်သွားသောအခါ စုမင်၏ မျက်နှာအမူအရာမှာ အလွန်တရာ ရှုပ်ထွေးသွားခဲ့လေသည်။
နောက်ထပ် လဝက်ခန့် ကုန်လွန်သွားပြန်၏။ ဝေခွဲမရဖြစ်ခြင်းနှင့် ဝမ်းနည်းပူဆွေးခြင်းများအပြင် စုမင်၏ မျက်နှာထက်တွင် တတိယမြောက် ခံစားချက်တစ်ခု ထပ်မံပေါ်ပေါက်လာခဲ့သည်။ ၎င်းမှာ စဉ်းစားတွေးတောခြင်းပင် ဖြစ်သည်။
ထိုအခိုက်အတန့်ကျမှသာ သူသည် ခေါင်းကို မော့လိုက်တော့သည်။ သူ ကောင်းကင်ကို ကြည့်လိုက်သောအခါ တစ်လကျော်တိုင်အောင် တိတ်ဆိတ်နေခဲ့ပြီးနောက် သူ့အသံအား ပထမဆုံးအကြိမ်အဖြစ် ကြားလိုက်ရတော့၏။
"ယုရို... ကျွန်တော့်ကို ပြောပြပါဦး။ အခု ကျွန်တော့်မျက်နှာကို ကြည့်လိုက်ရင် ခင်ဗျား စိတ်ထဲမှာ ပထမဆုံး ပေါ်လာတဲ့ စကားလုံးက ဘာလဲ"
သူ ထိုသို့ပြောလိုက်သောအခါ တစ်ချိန်လုံး သူ့ဘေးတွင် တိတ်ဆိတ်စွာ အဖော်ပြုပေးနေခဲ့သော ယုရိုသည် သူ့မျက်နှာကို ငြိမ်သက်စွာနှင့် ကျက်သရေရှိစွာ စိုက်ကြည့်လိုက်သည်။ ခေတ္တမျှ ကြာပြီးနောက် သူမက တိုးတိုးလေး ဆိုလိုက်၏။ "နာကျင်ပူဆွေးခြင်းနဲ့ စိတ်တွင်းရုန်းကန်ခြင်းပါ"
စုမင်၏ နှလုံးသား တုန်လှုပ်သွားခဲ့ရသည်။ ယခင်က သူ့မျက်စိက ကစားသွားခြင်း ဖြစ်နိုင်သဖြင့် ယုရိုအား အတည်ပြုခိုင်းခဲ့ခြင်း ဖြစ်ရာ လဲ့ရှန်းရှု၏ မျက်နှာထက်တွင် သူမြင်တွေ့ခဲ့ရသော နာကျင်ပူဆွေးခြင်း အရိပ်အယောင်မှာ သူ့စိတ်ကူးယဉ် မဟုတ်ကြောင်း သိလိုက်ရပေသည်။
ထိုနာကျင်ပူဆွေးမှုများထဲတွင် စိတ်တွင်းရုန်းကန်ရခြင်း အမူအရာတစ်ခု ရှိနေသော်လည်း ဤအမူအရာကို နားလည်ရန် အလွန်တရာ လွယ်ကူလှပေသည်။ လဲ့ရှန်းရှုအနေဖြင့် မာန်နတ်ဘုရားများအကြား ပြိုင်ပွဲတစ်ပွဲ ဖြစ်ပွားလာသည်ကို မလိုလားသော်လည်း ထိုသို့ ပြုလုပ်ရန် ဖိအားပေးခံရခြင်း ဖြစ်နိုင်သဖြင့် သူ့ရင်ထဲ၌ နာကျင်ပူဆွေးခြင်းနှင့် စိတ်တွင်းရုန်းကန်ခြင်းများ ရှိနေခြင်းဖြစ်သည်ဟု နားလည်နိုင်ပေသည်။
သို့သော်လည်း ဤအရာအတွက် အခြားသော ရှင်းလင်းချက် တစ်ခုလည်း ရှိနေနိုင်သေးသည်။ ထိုနာကျင်ပူဆွေးခြင်းများ ပြည့်နှက်နေသည့် ကျောပြင်ကြီး၏ နောက်ကွယ်တွင် အခြားသော အမှန်တရားတစ်ခု ဖုံးကွယ်နေနိုင်ပြီး ၎င်းမှာ လဲ့ရှန်းရှုက သူ့အား တိုက်ရိုက်မဟုတ်သော နည်းလမ်းဖြင့် အသိပေးလိုသည့် အရာလည်း ဖြစ်နိုင်ပေသည်။
စုမင် တိတ်ဆိတ်သွားခဲ့၏။ သူ၏ မျက်သူငယ်အိမ်များ ကျုံ့ဝင်သွားသော်လည်း မျက်နှာအမူအရာကို မပြောင်းလဲစေဘဲ ကောင်းကင်ယံထက်သို့ မော့ကြည့်လိုက်သည်။
'ပထမဆုံး မာန်နတ်ဘုရား လဲ့ရှန်းရှု။ ခင်ဗျား ကျွန်တော့်ကို ဘာပြောချင်တာလဲ။ ကျွန်တော့်ကို မြင်ခွင့်ပေးပါ...'
စုမင်သည် အချိန်များ ကုန်လွန်သွားခြင်းကို ခွင့်ပြုရင်း၊ လေနှင့်မိုးဒဏ်ကို ခံရင်း၊ အချိန်ကာလ ကုန်လွန်မှုနှင့်အတူ လောကကြီး ပြောင်းလဲလာသည်နှင့်အမျှ ကောင်းကင်ယံထက်ရှိ တိမ်တိုက်များ အဆက်မပြတ် ပျောက်ကွယ်သွားလိုက်၊ ပြန်လည်ပေါ်ထွက်လာလိုက် ဖြစ်နေသည်ကို ကောင်းကင်ကြီးအား ဆက်လက်စိုက်ကြည့်နေခဲ့သည်။
တစ်ရက်၊ နှစ်ရက်၊ သုံးရက်...
တစ်လ၊ နှစ်လ၊ သုံးလ...
သူ့နောက်ကွယ်ရှိ မာန်မျိုးနွယ်ဝင် တစ်ရာနီးပါးတို့သည်လည်း ဤထူးဆန်းသော အခြေအနေကို သတိပြုမိသွားကြသည်။ အထူးသဖြင့် အကြီးအကဲဖုန်းနှင့် အကြီးအကဲယုတို့ ဖြစ်ကြ၏။ သူတို့နှစ်ဦးသည် တစ်ဦးကိုတစ်ဦး လှမ်းကြည့်လိုက်ကြပြီး သူတို့၏ မျက်နှာအမူအရာများမှာ အလွန်တရာ လေးနက်တည်ကြည်သွားခဲ့သည်။
ကြက်သွေးရောင် မီးလျှံ ဂြိုဟ်သခင်သည် စုမင်အား သူ့သခင်လေးအဖြစ် အသိအမှတ်ပြုကတည်းက သူ့ဘေးမှ မည်သည့်အခါမျှ ခွာမသွားခဲ့ချေ။ ထိုအခိုက်အတန့်တွင် သူသည် လဲ့ရှန်းရှု၏ လူများကို သတိကြီးစွာ ထားလျက် စုမင်အနားတွင် ရပ်နေခဲ့သည်။ စုမင်အား မည်သူ့ကိုမျှ အန္တရာယ်ပြုခွင့် ပေးမည် မဟုတ်ချေ။
ယုရိုသည် အမြဲတမ်း ကျက်သရေရှိလှသော လူတစ်ယောက် ဖြစ်သည်။ အချိန်များ ဆက်လက် ကုန်လွန်နေသော်လည်း သူမသည် ဘေးနားတွင် ငြိမ်သက်စွာ ထိုင်ရင်း နေထွက်ခြင်းနှင့် နေဝင်ခြင်းတို့ကို ဆက်လက်စိုက်ကြည့်နေခဲ့သည်။
ထိပ်ပြောင်ကြိုးကြာနှင့် အသူရာနဂါးတို့မှာမူ ခွေးကြီးနှစ်ကောင်အသွင် ဖန်တီးထားကြခြင်း ဖြစ်သည်။ သူတို့သည် မူလက ပျင်းရိစွာ ဝပ်နေခဲ့ကြသော်လည်း ထိပ်ပြောင်ကြိုးကြာမှာ စိတ်မရှည်တော့သဖြင့် လွန်ခဲ့သော တစ်လက အသူရာနဂါးကို စည်းရုံးကာ ထွက်ပြေးသွားခဲ့ကြသည်။ ယခုအချိန်အထိ သူတို့ မည်သည့်နေရာ ရောက်နေမှန်း မည်သူမျှ မသိသလို ထိပ်ပြောင်ကြိုးကြာက နဂါးကြီးအား မည်သို့သော နည်းဖြင့် စည်းရုံးလိုက်သည်ကိုလည်း မည်သူမျှ မသိကြချေ။
မျက်စိတစ်မှိတ်အတွင်း လေနှင့်မိုးဒဏ်ကြားတွင် စုမင် လဲ့ရှန်းရှု၏ ရုပ်တုဘေး၌ ရပ်နေခဲ့သည်မှာ ခြောက်လခန့် ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။ ရာသီဥတု အေးစိမ့်လာပြီး နှင်းများကျဆင်းလာသည့်တိုင်အောင် သူသည် မလှုပ်မယှက် ဆက်လက်ရပ်နေခဲ့ပြီး ကောင်းကင်နှင့် တိမ်တိုက်များကို ကြည့်ရှုရင်း သူ့စိတ်ထဲ၌ မည်သည့်အတွေးမျှမရှိသော စိတ်အာရုံလွတ်မြောက်မှု အခြေအနေတစ်ခုထဲသို့ လုံးလုံးလျားလျား နစ်မြုပ်နေခဲ့သည်။
ဆောင်းရာသီ တရွေ့ရွေ့ ကုန်လွန်၍ နွေဦးရာသီ ရောက်ရှိလာကာ သက်ရှိအပေါင်းတို့ ပြန်လည်အသက်ဝင်လာသောအခါ ကောင်းကင်ယံထက်ရှိ တိမ်တိုက်များ တဖြည်းဖြည်း များပြားလာပြီး စုမင်၏ ခန္ဓာကိုယ်မှာ ရုတ်ချည်း တုန်လှုပ်သွားခဲ့ရသည်။
သူသည် ထိုနေရာတွင် ရပ်နေခဲ့သည်မှာ ဆယ်လနီးပါး ရှိနေပြီဖြစ်ပြီး ယခုအခိုက်အတန့်ကျမှသာ သူ တုန်လှုပ်သွားခဲ့ခြင်း ဖြစ်သည်။ သူ တုန်လှုပ်သွားသည်နှင့်တစ်ပြိုင်နက် သူ့နောက်ကွယ်ရှိ မာန်မျိုးနွယ်ဝင်များသည် သူ့ထံသို့ ချက်ချင်း အကြည့်များ ပို့လွှတ်လိုက်ကြ၏။
အမှန်တကယ်ပင် အကြီးအကဲဖုန်းသည် ကောင်းကင်သို့ မော့ကြည့်လိုက်သော်လည်း သူ မြင်တွေ့ရသည်မှာ တိမ်တိုက်များသာ ဖြစ်သည်။ ထိုမှတစ်ပါး အခြားဘာမျှ မရှိချေ။
စုမင်မူကား ကောင်းကင်ကြီးကိုသာ အာရုံစိုက် စိုက်ကြည့်နေခဲ့သည်။ ကောင်းကင်ယံထက်ရှိ တိမ်တိုက်များ တစ်စိုင်နှင့်တစ်စိုင် ထပ်တူကျသွားသည့် အခိုက်အတန့်တွင် တိမ်တိုက်များအကြား ပြောင်းလဲမှုအချို့ ဖြစ်ပေါ်လာသည်ကို သူ အထင်အရှား မြင်တွေ့လိုက်ရသည်။
၎င်းမှာ တစ်စုံတစ်ခုကို ပြသရန် ကြိုးစားနေသည့်အလား ဖြစ်သော်လည်း နောက်ဆုံးတွင် မည်သည်မျှ မရှိတော့ချေ။
သူ၏ ခန္ဓာကိုယ် တုန်လှုပ်မှုများမှာ တဖြည်းဖြည်း ငြိမ်သက်သွားခဲ့သည်။ သူသည် ကောင်းကင်ကြီးကို ငြိမ်သက်စွာ ဆက်လက်စိုက်ကြည့်နေခဲ့ပြီး အချိန်များ ထပ်မံကုန်လွန်သွားပြန်သည်။ မျက်စိတစ်မှိတ်အတွင်း တစ်နှစ်ကျော် ကုန်လွန်သွားခဲ့ပြီ ဖြစ်ရာ စုမင်သည် တောင်ပေါ်ရှိ လဲ့ရှန်းရှု၏ ရုပ်တုဘေး၌ ရပ်နေခဲ့သည်မှာ နှစ်နှစ်တိတိ ရှိသွားခဲ့ပြီ ဖြစ်သည်။
ဤနှစ်နှစ်တာ ကာလအတွင်း ယုမိသားစုသည် ရေနက်မြို့တော်၏ အရှင်သခင် ဖြစ်လာခဲ့ပြီး ထိုဂြိုဟ်ပေါ်တွင် အင်အားအကြီးဆုံး မိသားစု ဖြစ်လာခဲ့သည်။ သူတို့မိသားစုတွင် ကံကြမ္မာနှင့် သေခြင်းရှင်ခြင်း အရှင်သခင် အဆင့် ကျင့်ကြံသူ တစ်ယောက်မျှ မရှိသည့်တိုင်အောင် ထိုဂြိုဟ်ပေါ်ရှိ အကြီးမားဆုံး မဟာမိသားစုကြီး သုံးခုအနက် တစ်ခု ဖြစ်လာခဲ့ပေသည်။
ဤနှစ်နှစ်တာ ကာလအတွင်း မင်နက်ဂြိုဟ်ပေါ်တွင် လေလံပွဲ အမြောက်အမြား ကျင်းပခဲ့ပြီး လူများ အဝင်အထွက် ရှိနေသဖြင့် ဂြိုဟ်တစ်ခုလုံး စည်ကားသိုက်မြိုက်နေခဲ့သည်။ သို့သော်လည်း စုမင်၏ ပတ်ဝန်းကျင် နယ်မြေမှာမူ တစ်ချိန်လုံး တစ်ဦးတစ်ယောက်မျှ ဖြတ်သန်းသွားလာခြင်း မရှိသဖြင့် လုံးဝ ပိတ်ဆို့ထားသည့်အလား ဖြစ်နေခဲ့၏။
ဤနေရာသည် မင်နက်ဂြိုဟ် အတွင်းရှိ တားမြစ်နယ်မြေ တစ်ခုအဖြစ် ပြောင်းလဲသွားသည့်အလားပင်။
တတိယမြောက်နှစ် ရောက်ရှိလာခဲ့ပြီး နွေဦး၊ နွေ၊ ဆောင်းဦးနှင့် ဆောင်းရာသီတို့သည် အစီအစဉ်အလိုက် ကုန်လွန်သွားခဲ့သည်။ ထိုသံသရာ ကုန်ဆုံးသွားသောအခါ စုမင် တောင်ပေါ်၌ ရပ်နေခဲ့သည်မှာ သုံးနှစ်ပြည့်မြောက်သွားခဲ့ပြီ ဖြစ်သည်။
ထိုနေ့တွင် နေဝင်ချိန်၌ စုမင်၏ ခန္ဓာကိုယ်သည် နောက်တစ်ကြိမ် တုန်လှုပ်သွားခဲ့ပြန်သည်။ သူ၏ မျက်နှာထက်တွင် နာကျင်ပူဆွေးမှုနှင့် စိတ်တွင်းရုန်းကန်မှုများ ပေါ်ထွက်လာခဲ့၏။ သူသည် တောင်ပေါ်တွင် ရပ်နေခဲ့ပြီး လဲ့ရှန်းရှု လုပ်ဆောင်ခဲ့သည့်အတိုင်း မျက်တောင်တစ်ချက်မျှပင် မခတ်ခဲ့ချေ။
ယခုအချိန်အထိ သုံးနှစ်တိတိ ပြည့်မြောက်သွားခဲ့ပြီ ဖြစ်သည်။ သူသည် မည်သည့်အရာကိုမျှ မမြင်တွေ့ခဲ့ရသော်လည်း တစ်စုံတစ်ခုအား မြင်တွေ့လိုက်ရသကဲ့သို့ ခံစားချက်မျိုး ရှိနေခဲ့၏။ သူ မျက်လုံးများကို ပိတ်လိုက်သောအခါ ထိုခံစားချက်က တုန်လှုပ်မှုအဖြစ် ပြောင်းလဲသွားခဲ့သည်။
သူ မျက်လုံးများကို ပိတ်လိုက်သည့် အခိုက်အတန့်တွင် လွန်ခဲ့သော သုံးနှစ်လုံးလုံး သူမြင်တွေ့ခဲ့ရသည့် တိမ်တိုက်များ တက်လာခြင်း၊ ကျသွားခြင်း အမူအရာ အားလုံးသည် လွင့်ပြယ်နေသော မီးခိုးငွေ့များကဲ့သို့ သူ့စိတ်ထဲ၌ ပေါ်လာခဲ့သည်။ သူ၏ ဦးနှောက်ထဲတွင် တူညီသော ကောင်းကင်ပြင်ကြီးကို မြင်တွေ့နေရပုံရသော်လည်း တိမ်တိုက်များ၏ ပြောင်းလဲမှုတွင် အနည်းငယ်မျှသော ကွဲပြားချက်များ ရှိနေပြီး ထိုအနည်းငယ်မျှသော ကွဲပြားချက်များသည် သူ့မှတ်ဉာဏ်ထဲ၌ လျှင်မြန်စွာ ဖြတ်သန်းသွားရင်း သူ့ဦးနှောက်ထဲတွင် လျင်မြန်စွာ ချိတ်ဆက်သွားခဲ့ကြသည်။
၎င်းတို့က စကားလုံး ခြောက်လုံးကို ဖန်တီးလိုက်ကြ၏။
ဤစကားလုံး ခြောက်လုံးမှာ အစကတည်းက ကောင်းကင်ပြင်၌ တည်ရှိနေခြင်း ဖြစ်သော်လည်း ကောင်းကင်ယံထက်ရှိ တိမ်တိုက်များ အဆက်မပြတ် ပြောင်းလဲနေခြင်းကြောင့် ၎င်းတို့ ပေါ်ထွက်လာရန် သုံးနှစ်တိတိ အချိန်ယူခဲ့ရခြင်း ဖြစ်ပေသည်။
ဤစကားလုံး ခြောက်လုံးကို မြင်တွေ့နိုင်သည့် တစ်ခုတည်းသော နည်းလမ်းမှာ စုမင် လုပ်ဆောင်ခဲ့သည့်အတိုင်း ကောင်းကင်ကြီးကို အာရုံစိုက် စိုက်ကြည့်နေရန်သာ ဖြစ်သည်။ သူ၏ အကြည့်သည် တိမ်တိုက်များပေါ်သို့ အာရုံစူးစိုက်ထားပြီး ၎င်းတို့၏ ပြောင်းလဲမှု အားလုံးကို သူ၏စိတ်ထဲ၌ မှတ်တမ်းတင်ထားခဲ့သည်။ သို့သော် သူ မျက်လုံးပိတ်လိုက်သည့် အခိုက်အတန့်ကျမှသာ ထိုစကားလုံးများ ပေါ်ထွက်လာလိမ့်မည် ဖြစ်သည်။
"နတ်ဘုရား အနှစ်သာရ ကြယ်ပင်လယ်... ငါ့ကို ကယ်ပါ..."
စုမင်၏ နှလုံးသား တုန်လှုပ်သွားပြီး မျက်လုံးများကို ဖွင့်လိုက်သည်။ ထိုစကားလုံး ခြောက်လုံးသည် လဲ့ရှန်းရှု၏ နာကျင်ပူဆွေးမှုနှင့် စိတ်တွင်းရုန်းကန်မှုများ ပြည့်နှက်နေသည့် ကျောပြင်ကြီး၏ နောက်ကွယ်တွင် ဖုံးကွယ်ထားသော အကူအညီတောင်းခံသံ ဖြစ်ကြောင်း အထူးတလည် ပြောနေရန်ပင် မလိုတော့ချေ။
ဤအကူအညီ တောင်းခံသံမှာ အခြားမည်သူမျှ မသိစေရန် ရည်ရွယ်ထားခြင်း ဖြစ်သည်မှာ ထင်ရှားလှပေသည်။ အမှန်တကယ်ပင် မည်သူမျှ မသိနိုင်ဟု ဆိုနိုင်သည်။ သို့မဟုတ်ပါက လဲ့ရှန်းရှုသည် မိမိ၏ သဝဏ်လွှာကို ဤမျှ ဆန်းကြယ်သော နည်းလမ်းဖြင့် ပို့လွှတ်မည်မဟုတ်သလို ကောင်းကင်အား သုံးနှစ်တိတိ မော့ကြည့်မည့်သူက သူ၏ အကူအညီတောင်းသံကို ရှာဖွေတွေ့ရှိနိုင်စေရန် ကောင်းကင်ယံရှိ တိမ်တိုက်များအား သူ့စိတ်အာရုံဖြင့် သုံးနှစ်တိုင်အောင် တဖြည်းဖြည်း ပြောင်းလဲစေခဲ့မည် မဟုတ်ချေ။
၎င်းသည် လွန်ခဲ့သော နှစ်ပေါင်း ရှစ်ထောင်က ပေးပို့ခဲ့သည့် အရေးပေါ် အကူအညီတောင်းခံသံ ဖြစ်သည်။ စုမင်၏ နှလုံးသား တုန်လှုပ်သွားစဉ် သူသည် လဲ့ရှန်းရှု ပြောခဲ့ဖူးသည့် မာန်နတ်ဘုရားများအကြား ပြိုင်ပွဲအပေါ် နားလည်မှုအသစ်တစ်ခု ရရှိသွားခဲ့လေသည်။
"ကျွန်တော် မတိုင်ခင်က ဒီနေရာကိုလာပြီး သုံးနှစ်တိတိ ရပ်နေခဲ့တဲ့သူ ရှိသေးလား" စုမင်က ရုတ်တရက် မေးလိုက်ပြီး ခန္ဓာကိုယ်ကို လှည့်ကာ သူ့နောက်ကွယ်ရှိ အကြီးအကဲဖုန်းနှင့် မာန်မျိုးနွယ်ဝင် တစ်ရာနီးပါးအား လှည့်ကြည့်လိုက်သည်။
"မရှိဘူး" အကြီးအကဲဖုန်းက ခေါင်းခါလိုက်၏။
"ကျွန်တော့်အတွက် နတ်ဘုရား အနှစ်သာရ ကြယ်ပင်လယ်ရဲ့ မြေပုံတစ်ခု ပြင်ဆင်ပေးပါ။ ပိုပြီး ပြည့်စုံလေ ပိုကောင်းလေပဲ"
စုမင်သည် ထို့နောက် ခေတ္တမျှ တိတ်ဆိတ်သွားခဲ့ပြီး အတော်ကြာမှ သက်ပြင်းခပ်ဖွဖွချကာ ဆိုလိုက်သည်။ "သူ ဖြတ်သန်းခဲ့တဲ့ ခန့်ညားထည်ဝါတဲ့ ဘဝသက်တမ်းအပေါ် လေးစားတဲ့အနေနဲ့ပဲ ဖြစ်ဖြစ် ပထမဆုံး မာန်နတ်ဘုရားရဲ့ အကူအညီတောင်းသံကို ကျွန်တော် လျစ်လျူမရှုနိုင်ဘူး"
"ဒါက မခက်ခဲပါဘူး။ ငါတို့ဆီမှာ နတ်ဘုရား အနှစ်သာရ ကြယ်ပင်လယ်ရဲ့ အလွန် အသေးစိတ်ကျတဲ့ မြေပုံ အမြဲတမ်း ရှိပါတယ်။ ဒါပေမဲ့ အဲဒီနဂါးငွေ့တန်း အတွင်းမှာ ပြောင်းလဲမှုတွေ အများကြီးရှိနေတော့ နှစ်နည်းနည်းနဲ့ ရာစုတိုင်းမှာ အဲဒီနဂါးငွေ့တန်းနဲ့ ပတ်သက်တဲ့ မြေပုံတွေက အမြဲတမ်း ကွဲပြားခြားနားမှုတွေ ရှိနေတတ်တယ်။ ဒါပေမဲ့ မိသားစု အသီးသီး ပူးပေါင်းပြီး နှစ်နည်းနည်းနဲ့ ရာစုတိုင်းမှာ တစ်ကြိမ် ကျင်းပလေ့ရှိတဲ့ မင်နက်လေလံပွဲက နောက်တစ်လမှာ ကျင်းပတော့မှာ။ အဲဒီအချိန်ကျရင် နတ်ဘုရား အနှစ်သာရ ကြယ်ပင်လယ်က ဂြိုဟ်သား မျိုးနွယ်စုတွေ ရောက်လာကြလိမ့်မယ်။ သူတို့ဆီမှာ လွန်ခဲ့တဲ့ နှစ်ရာချီအတွင်း ဖြစ်ပေါ်ခဲ့တဲ့ နတ်ဘုရား အနှစ်သာရ ကြယ်ပင်လယ်ရဲ့ ပြောင်းလဲမှုတွေ ပါဝင်တဲ့ ပိုပြီးတော့ အသေးစိတ်ကျတဲ့ မြေပုံ ရှိလိမ့်မယ်" အကြီးအကဲဖုန်းက စုမင်ကို နက်ရှိုင်းစွာ စိုက်ကြည့်ပြီးနောက် တိုးညှင်းသော အသံဖြင့် ဆိုလိုက်သည်။
"မင်နက်လေလံပွဲလား" စုမင်၏ မျက်ဝန်းများ တောက်ပသွားခဲ့သည်။ "ဒီနေရာကို စောင့်ကြည့်နေတဲ့ အင်အားစုတွေက လူတွေရော ဒီကို လာကြမှာလား"
"အတိတ်ကတည်းက မဟာလောကကြီး လေးခုရဲ့ အင်အားစုတွေက မင်နက်လေလံပွဲကို တက်ရောက်ဖို့ လူစေလွှတ်လေ့ ရှိကြပါတယ်" အကြီးအကဲဖုန်းက ပြန်လည်ဖြေကြားခဲ့၏။
"တကယ်လို့ လဲ့ရှန်းမိသားစုရဲ့ အင်အားစုတွေက ကျွန်တော့်ရဲ့ ဆုတော်ငွေ အသေးစိတ်ကို စုံစမ်းနိုင်တယ်ဆိုရင် မဟာလောကကြီး လေးခုရဲ့ အင်အားစုတွေထဲက ကျင့်ကြံခြင်းလမ်းစဉ်မှာ အလွန် ကြီးမားတဲ့ ပါရမီအလားအလာ ရှိတဲ့သူတွေရဲ့ စာရင်းကိုရော ရှာဖွေပေးနိုင်မလား" စုမင်က ပျင်းရိအေးစက်စွာ မေးလိုက်တော့သည်။