အခန်း (၉၀၁-၉၀၂)
Vol. 65 Ch. 901-902
အခန်း ၉၀၁ နံနက်ခင်း တာအိုလောကမှ ပစ္စည်း
"ဒီကောင်းကင် သစ်တောသစ်ကိုင်းကို ငါရကိုရမှ ဖြစ်မယ်။ သလင်းကျောက် လေးသန်း"
"ကောင်းကင် သစ်တောသစ်ကိုင်းက ငါ့ရဲ့ မျိုးဆက်သစ်တွေနဲ့ တပည့်တွေကို သူတို့ရဲ့ ဝိညာဉ်တွေ ပုံသွင်းနိုင်ဖို့နဲ့ သူတို့ရဲ့ ကျင့်ကြံခြင်း လမ်းကြောင်းမှာ ကြုံတွေ့နိုင်တဲ့ အခက်အခဲမှန်သမျှကို ရှောင်ရှားနိုင်ဖို့ ကူညီပေးနိုင်တယ်ဆိုတာ လူတိုင်းသိကြပါတယ်။ ငါ လေးသန်းခွဲ ပေးမယ်"
"ငါးသန်း" တာအိုခုန်း နေထိုင်သော အခန်းထဲမှ အမျိုးသမီးတစ်ဦး၏ အသံသည် ပေါ့ပါးစွာ ထွက်ပေါ်လာသည်။
ထိုအမျိုးသမီး၏ အသံ လေထဲတွင် ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် လေလံပွဲရှိ အခြားအခန်း တစ်ခန်းမှ ညင်သာသော အသံတစ်သံ ချက်ချင်း ပဲ့တင်ထပ်လာသည်။ "ခုနစ်သန်း"
ထိုစျေးနှုန်းကို ကမ်းလှမ်းလိုက်သည်နှင့် တစ်ပြိုင်နက် အပြိုင်အဆိုင် လေလံဆွဲနေသူများအားလုံး တိတ်ဆိတ်သွားကြသည်။ ထိုကောင်းကင် သစ်တော သစ်ကိုင်းအတွက် ကမ်းလှမ်းသော စျေးနှုန်းမှာ အနည်းငယ် မြင့်မားလွန်းနေသည်။ တာအိုခုန်း အခန်းထဲရှိ လူများပင်လျှင် တိတ်ဆိတ်သွားကြသည်။
စုမင် မျက်မှောင်ကြုတ်လိုက်သည်။
"အဲဒါ အစစ်အမှန် ယင်လောကက လူတစ်ယောက်ပဲ" ယုရိုက တိုးညှင်းစွာ ပြောလိုက်သည်။
စုမင် စကားမပြောပေ။ သူသည် မျက်မှောင်ကြုတ်ထားခြင်းကို တဖြည်းဖြည်း လျှော့ချလိုက်ပြီး သူ၏ မျက်နှာအမူအရာမှာ တစ်ဖန် ပြန်လည် တည်ငြိမ်သွားသည်။ သူသည် ဤကိစ္စနှင့် ပတ်သက်၍ အလျင်စလို လုပ်၍မရကြောင်း သိနေသည်။ တာအိုခုန်းသည် လေလံခန်းမထဲမှ မည်သည့်ပစ္စည်းကိုမျှ မဝယ်နိုင်ခဲ့ပါက သူသည် သူ့အတွက် အထူးရည်ရွယ်၍ ချမှတ်ထားသော အစီအစဉ်ထဲသို့ ကျိန်းသေပေါက် ကျရောက်သွားပေလိမ့်မည်။
တာအိုခုန်းသည် သန့်စင်သော ကြယ်တာရာ ဝတ်ရုံကို ဝတ်ဆင်ထားပြီး အခန်းတွင်းရှိ ခုံအရှည်တစ်ခုံပေါ်တွင် ထိုင်နေသည်။ ထိုအချိန်တွင် သူ၏ စိတ်ခံစားမှုများကို မျက်နှာပေါ်မှ ခန့်မှန်း၍မရနိုင်ပေ။ သူ့လက်ထဲတွင် ဝိုင်ခွက်တစ်ခွက် ရှိနေပြီး ၎င်းအတွင်းမှ ဝိုင်များကို ဝှေ့ယမ်းနေသည်။ သူ၏ အကြည့်သည် ရှေ့ရှိ ပုံရိပ်ယောင် အလင်းဖန်သားပြင် အလွန်ရှိ လေလံခန်းမကြီးပေါ်သို့ ကျရောက်နေသည်။
သူ၏ ကုလားထိုင် အနောက်တွင် မျက်လုံးမှိတ်ထားသော အဘိုးအို ကိုးဦးမှာ တင်ပျဉ်ခွေထိုင်နေကြသည်။ သူတို့၏ ခန္ဓာကိုယ်များမှ စွမ်းအားလှိုင်းများ မှေးမှိန်စွာ ပျံ့နှံ့ထွက်ပေါ်လာပြီး အခန်းတစ်ခန်းလုံးကို ဖုံးလွှမ်းသွားသည်။
ချွန်ထက်သော နားရွက်များရှိသည့် အမျိုးသမီးမှာမူ တာအိုခုန်း၏ ခန္ဓာကိုယ်ဘေးတွင် ဒူးထောက်နေပြီး သူမ၏ လည်ပင်းပေါ်ရှိ နူးညံ့သော အသားအရေကို ဖော်ပြရန် ခေါင်းအား ငုံ့ထားသည်။
"ဒါ ပထမဆုံးနေ့ပဲ ရှိသေးတယ်။ အစစ်အမှန် ယင်လောကက လူတွေက ငါနဲ့ ပြိုင်ဖို့တောင် မစောင့်နိုင်တော့ဘူးပေါ့ ဟုတ်လား" တာအိုခုန်းက ဂရုမစိုက်ဟန်ဖြင့် ပြုံးကာ ခွက်ထဲမှ ဝိုင်အားလုံးကို တစ်ကျိုက်တည်း မော့သောက်လိုက်သည်။ သူ လက်ကမြှောက်လိုက်သောအခါ သူ၏ ညာဘက် လက်ညှိုးပေါ်တွင် အနက်ရောင် လက်စွပ်တစ်ကွင်းကို တွေ့မြင်နိုင်သည်။
ဤလက်စွပ်သည် ရုပ်ပိုင်းဆိုင်ရာ ပစ္စည်းတစ်ခု မဟုတ်ပေ။ ၎င်းသည် တာအိုခုန်း၏ လက်ချောင်းပေါ်တွင် ပါးလွှာသော ကြိုးမျှင်ပုံစံ အမှတ်အသားတစ်ခု ရိုက်နှိပ်ထားသကဲ့သို့ ဖြစ်နေသည်။ ၎င်းသည် နေရာပြောင်းရွှေ့ခြင်း မှော်သင်္ကေတတစ်ခုဖြစ်ပြီး သူ စိတ်ကူးလိုက်ရုံဖြင့် အကြောက်တရားကင်းသော စစ်သည် သုံးထောင်လုံးကို ချက်ချင်း ခေါ်ယူနိုင်မည်ဖြစ်သည်။
"နှမြောစရာပဲ... နှမြောစရာပဲ..." တာအိုခုန်း၏ အပြုံးသည် အနည်းငယ် ကောက်ကျစ်နေသည်။ သူသည် ဝိုင်ခွက်ကို ချကာ မျက်လုံးများအား မှိတ်လိုက်သည်။
မျက်တောင်တစ်ခတ် အတွင်းတွင် မင်နက် လေလံပွဲ၏ ပထမဆုံးနေ့ နေဝင်ဆည်းဆာ ရောက်ရှိလာသည်။ တာအိုခုန်း လေလံ စတင် ဆွဲကတည်းက ပစ္စည်း အနည်းငယ် ကြာတိုင်း အမျိုးသမီးတစ်ဦး၏ လေလံဆွဲသံကို ကြားနေရသည်။
သူမ ကမ်းလှမ်းသော စျေးနှုန်းများမှာ အများအားဖြင့် မြင့်လည်းမမြင့်၊ နိမ့်လည်းမနိမ့်ချေ။ ထိုစျေးနှုန်းများမှာ အကယ်၍ သူမ ပစ္စည်းကို ရခဲ့လျှင် သို့မဟုတ် အခြားမည်သူကမျှ သူမထက် ပိုမြင့်သော စျေးနှုန်း မပေးခဲ့လျှင် မယုံနိုင်လောက်အောင် တန်သည်ဟု ယူဆရသော စျေးနှုန်းများဖြစ်သည်။ သို့သော် အခြားသူတစ်ဦးက ထပ်မံ၍ လေလံဆွဲခဲ့လျှင် သူတို့ ဝယ်ယူလိုက်သော ပစ္စည်းသည် အတန်အသင့်သာ တန်တော့မည် ဖြစ်သည်။
စင်စစ် မည်သူမဆို ဆက်လက်၍ လေလံဆွဲနေပါက တာအိုခုန်းသည် တိတ်ဆိတ်သွားပြီး ထိုပစ္စည်းအတွက် ထပ်မံ လေလံဆွဲတော့မည် မဟုတ်ပေ။
စုမင်သည် အပြင်ဘက်ရှိ နေဝင်ဆည်းဆာအရောင် ကောင်းကင်ယံကို ကြည့်နေစဉ် သူ၏မျက်နှာမှာ တည်ငြိမ်နေဆဲဖြစ်သည်။ မင်နက် လေလံပွဲကို နေ့ခင်းဘက်တွင်သာမက ညဘက်အထိပါ ဆက်လက် ကျင်းပမည်ဖြစ်ပြီး ၎င်းသည် တစ်လတိတိ ကြာမြင့်မည်ဖြစ်သည်။
သာမန် လူသားတစ်ဦး အတွက်မူ ဤအရာအားလုံးကို ခံနိုင်ရည်ရှိရန် သူတို့၏ ခွန်အားမှာ လုံလောက်မည် မဟုတ်ပေ။ အမှန်တကယ်တော့ သူတို့သည် နှစ်ရက် သို့မဟုတ် သုံးရက်ကြာ နေပြီးနောက်တွင် မယုံနိုင်လောက်အောင် ပင်ပန်းနွမ်းနယ်နေပြီ ဖြစ်နိုင်သည်။ သို့သော်လည်း ကျင့်ကြံသူ တစ်ဦးအတွက်မူ တစ်လလုံး မအိပ်ဘဲ နေခြင်းမှာ မယုံနိုင်လောက်အောင် ပုံမှန်ကိစ္စတစ်ခု ဖြစ်သည်။ ထို့ကြောင့် ညနေခင်းလွန်၍ ညရောက်လာသောအခါ လေလံခန်းမကြီးထဲတွင် အစွမ်းထက်သော အလင်းတန်းများ ချက်ချင်း ပေါ်လာသည်။ ဤအလင်းတန်းများသည် ကောင်းကင်တွင် အချင်းချင်း ယှက်နွှယ်သွားပြီး ချက်ချင်းဆိုသလိုပင် လောကကြီးသည် နေ့ခင်းဘက်ကဲ့သို့ ဖြစ်သွားသော်လည်း အဝေးမှနေ၍ ကြယ်တာရာ ကောင်းကင်ကြီးကို မြင်တွေ့နိုင်ဆဲဖြစ်သည်။
ပတ်ဝန်းကျင်သည် နေ့ခင်းဘက်ကဲ့သို့ လင်းထိန်နေသော်လည်း ကြယ်များကို မြင်နိုင်စွမ်းရှိသည့် ဤပြီးပြည့်စုံမှုသည် ပြိုင်ဘက်ကင်းသော အလှတရား၏ ပုံရိပ်တစ်ခုအား ဖန်တီးပေးသည်။ ၎င်းကို မြင်တွေ့ရသူတိုင်းသည် အံ့သြမင်တက်စွာ သက်ပြင်းမချဘဲ မနေနိုင်ကြပေ။
နေ့နှင့်ည အချင်းချင်း နေရာလုကာ ပြောင်းလဲနေရင်း သုံးရက်ကြာသွားခဲ့သည်။ ဤအချိန်အတွင်း စုမင်သည် လေလံခန်းမကြီး အတွင်းရှိ လှုပ်ရှားမှုတိုင်းကို အနီးကပ် အာရုံစိုက်နေခဲ့သော်လည်း တာအိုခုန်းသည် သူ၏ အစီအစဉ်ထဲသို့ မဝင်လာသေးပေ။ သုံးရက်အတွင်း တာအိုခုန်းသည် ပထမနေ့ကအတိုင်းပင် ပြုမူခဲ့သည်။ သူသည် ပစ္စည်းအနည်းငယ် ကြာတိုင်း လေလံဆွဲနေဆဲဖြစ်သော်လည်း သူသည် ၎င်းတို့ကို မဝယ်ချင်ကြောင်း ထင်ရှားနေသည်။
လေလံခန်းမကြီးထဲရှိ လူများသည် တာအိုခုန်း မည်သို့ လုပ်နေသည်ကို တဖြည်းဖြည်း သဘောပေါက်လာကြပြီး နောက်ပိုင်းတွင် မည်သူကမျှ သူ့အား ဂရုမစိုက်ကြတော့ပေ။ မည်သို့ပင်ဆိုစေ မင်နက် လေလံပွဲတွင် ထုတ်ယူလာသော ပစ္စည်းတိုင်းသည် ၎င်းတို့၏ ကိုယ်ပိုင်တန်ဖိုးများ ရှိကြပြီး ပုံမှန်အားဖြင့် ဤပစ္စည်းများကို အခြားနေရာများမှ ရယူရန် မယုံနိုင်လောက်အောင် ခက်ခဲမည်ဖြစ်သည်။ ထို့ကြောင့် လေလံပွဲရှိ ပစ္စည်းတိုင်းသည် လူအများအပြား အပြိုင်အဆိုင် လုယူကြခြင်းဖြစ်သည်။
'သူ စောင့်နေတာလား...' စုမင်သည် မျက်လုံးများကို မှိတ်လိုက်သည်။ အကယ်၍ တာအိုခုန်းသာ မည်သည့်အရာကိုမျှ မဝယ်ပါက သူ့အစီအစဉ်အား ဆက်လုပ်ရန် မဖြစ်နိုင်တော့ပေ။ စုမင်သည် တိတ်ဆိတ်စွာဖြင့် တည်ငြိမ်သော စိတ်နှလုံးဖြင့် ထိုင်နေသည်။
အချိန်များ မည်သူမျှ မသိလိုက်ဘဲ ကုန်လွန်သွားချိန်တွင် အပြင်ဘက်ဒေသမှ အသံများမှာ ပိုမို ပြင်းထန်လာသည်။ မင်နက် လေလံပွဲကြီး တိုးတက်လာသည်နှင့်အမျှ ထုတ်ယူလာသော ပစ္စည်းများမှာ ပို၍ တန်ဖိုးကြီးလာပြီး ၎င်းတို့အပေါ် ထားရှိသော အာရုံစိုက်မှုနှင့် အသေအချာ ရယူလိုသော ဆန္ဒများမှာလည်း ပို၍ ကြီးမားလာသည်။
"ဒီပစ္စည်းက နတ်ဘုရား အနှစ်သာရ ကြယ်ပင်လယ်က လာတာပါ။ အဲဒါက လီတစ်သောင်း ကျယ်ဝန်းတဲ့ ဧရိယာထဲက အနှစ်သာရတွေကို စုစည်းထားတဲ့ နတ်ဘုရား အရည် တစ်စက်ပါ။ ဒီအရည်က ပုံသဏ္ဌာန် အမျိုးမျိုး ပြောင်းလဲနိုင်ပြီး အဆုံးအစမရှိ အသုံးပြုနိုင်ပါတယ်။ တာအိုရောင်းရင်းတို့... ဒီနတ်ဘုရား အနှစ်သာရ ကြယ်အရည်အတွက် စတင်လေလံစျေးက သလင်းကျောက် သန်း ၃၀ ပါ။ ဒီမင်နက် လေလံပွဲအတွင်းမှာ ဒီနတ်ဘုရား အရည် ၅ စက်ပဲ ရှိတယ်ဆိုတာ ကျွန်တော် ခင်ဗျားတို့အားလုံးကို ပြောပြနိုင်ပြီး ဒါက ပထမဆုံး တစ်စက်ပါ"
ခုနစ်ရက်ကြာပြီးနောက် မင်နက် လေလံပွဲသည် အလွန်အမင်း စိတ်လှုပ်ရှားမှုများဖြင့် ဆူပွက်နေချိန်တွင် လေလံပွဲ အစီအစဉ်မှူးသည် ဧရိယာအတွင်းရှိ လူအားလုံး၏ နှလုံးသားများကို တုန်လှုပ်စေသော ပထမဆုံး အဖိုးတန် ရတနာအား ထုတ်ယူလာခဲ့သည်။
ဤသည်မှာ လေလံပွဲအတွင်း ထုတ်ယူလာသော ပထမဆုံး အရေးကြီးသည့် ပစ္စည်းဖြစ်သည်။
လေလံပွဲ အစီအစဉ်မှူး စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် စိတ်လှုပ်ရှားဖွယ်၊ ညှိုးနွမ်းဖွယ်နှင့် ကျယ်လောင်သော အသံများ ချက်ချင်း ပဲ့တင်ထပ်သွားသည်။
"သလင်းကျောက် သန်း ၃၃"
"သန်း ၃၇"
"သန်း ၄၀"
အစွမ်းထက်သော အသံများသည် နိမ့်ချည်မြင့်ချည် ရှိနေပြီး အခန်းများထဲရှိ လူအချို့ကလည်း လေလံဆွဲလာကြသည်။ ဤနတ်ဘုရား အရည်ကဲ့သို့ အဖိုးတန် ရတနာများ ပေါ်ထွက်လာခြင်းက ဤနေရာရှိ လူအားလုံးကို အရူးအမူး ဖြစ်စေခဲ့ပြီး မျက်တောင်တစ်ခတ်အတွင်း စျေးနှုန်းမှာ သန်း ၆၀ ဝန်းကျင်အထိ တက်သွားခဲ့သည်။
စုမင်သည် လေလံပွဲအတွင်းမှ ဆူညံသံများကို တည်ငြိမ်သော အမူအရာဖြင့် နားထောင်နေသည်။ နတ်ဘုရား အရည် ၅ စက်သာ ရှိသည်မဟုတ် ၁၀ စက် ရှိသည်။ သို့သော် ၅ စက်ကို သူ ယူထားပြီးဖြစ်ကာ ယခုအခါ သူ၏ သိုလှောင်အိတ်ထဲတွင် ရှိနေသည်။
နတ်ဘုရား အနှစ်သာရ ကြယ်အရည်ကို သောက်သုံးနိုင်သလို ရှူရှိုက်၍လည်း ရသည်။ အကယ်၍ တစ်စုံတစ်ယောက်သည် ၎င်းကို ရှူရှိုက်ပါက တစ်စက်ကို အကြိမ်တစ်ရာအထိ ရှူရှိုက်နိုင်သည်။ လူတစ်ဦးသည် ထိုအရည်ကို တစ်ခါ ရှူရှိုက်လိုက်တိုင်း သူတို့၏ ကျင့်ကြံခြင်း အခြေခံသည် ၎င်း၏ အထွတ်အထိပ်သို့ ပြန်လည် ရောက်ရှိသွားမည်ဖြစ်သည်။ ၎င်းသည် ကျင့်ကြံသူတိုင်း ပိုင်ဆိုင်ရန် အိပ်မက်မက်သော ပစ္စည်းတစ်ခု ဖြစ်သည်။
နတ်ဘုရား အရည်သည် ဤကဲ့သို့သော အာနိသင်ရှိသည့် တစ်ခုတည်းသော ပစ္စည်းမဟုတ်သော်လည်း အခြားပစ္စည်းများမှာ ရယူရန် မယုံနိုင်လောက်အောင် ခက်ခဲသည်။ ထို့အပြင် တစ်စုံတစ်ဦးသည် မြင့်မားသော ကျင့်ကြံခြင်း အဆင့် ရှိပါက အာနိသင်များမှာ လျော့ကျသွားမည် ဖြစ်သည်။ သို့သော် ဤနတ်ဘုရား အရည်သည် နေကပ်ဘေး နယ်ပယ်အောက်ရှိ လူအားလုံးကို အပြည့်အဝ ပြန်လည်ကောင်းမွန်စေနိုင်သည်။ စင်စစ် နေကပ်ဘေး နယ်ပယ်မှ မိစ္ဆာအို တစ်ဦးသည် တစ်စက် အပြည့် သောက်သုံးပါက သူတို့သည်လည်း ထိုကဲ့သို့သော ရလဒ်မျိုးကို ရရှိနိုင်မည် ဖြစ်သည်။
အရေးကြီးသော အချိန်တွင် ဤနတ်ဘုရား အရည်သည် လူတစ်ဦးကို အသက်ရှင်သန်ခွင့် ရစေမည့် အခွင့်အရေးတစ်ခု ဖြစ်လာမည် ဖြစ်သည်။
အကယ်၍ ဆေးလုံးများ ဖော်စပ်ရာတွင် ကျွမ်းကျင်သူတစ်ဦး ရှိပါက ဤအရည်ကို အဓိက ပါဝင်ပစ္စည်းအဖြစ် အသုံးပြု၍ ကြယ်ပင်လယ် ဆေးလုံးကို ဖော်စပ်နိုင်ပြီး နေကပ်ဘေး နယ်ပယ်ရှိ မိစ္ဆာအိုကြီးများအတွက် အကျိုးသက်ရောက်မှုမှာ ပို၍ပင် ကြီးမားမည်ဖြစ်သည်။
ထို့ကြောင့် ဤပစ္စည်းအတွက် စျေးနှုန်းမှာ ထိုမျှအထိ မြင့်တက်သွားခြင်းသည် အံ့ဩစရာ မဟုတ်ပေ။
'မင်း ဒီပစ္စည်းကို မြင်ပြီး သွေးဆောင်ခံရမလား ဆိုတာ ငါ ကြည့်ချင်သေးတယ်' စုမင်သည် တာအိုခုန်းရှိရာ အခန်းဆီသို့ အကြည့်ပို့ကာ တိတ်ဆိတ်စွာ စောင့်နေလိုက်သည်။
တာအိုခုန်း၏ အခန်းထဲတွင် တာအိုခုန်းသည် စင်မြင့်ပေါ်ရှိ အလင်းဖန်သားပြင်ပေါ်ရှိ နတ်ဘုရား အရည်ကို တောက်ပသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။ လူများ လေလံဆွဲသံ ဆူညံသံများ သူ၏ နားထဲသို့ ရောက်လာပြီး သူ၏ မျက်နှာပေါ်တွင် တုံ့ဆိုင်းမှု အရိပ်အယောင်တစ်ခု ခေတ္တမျှ ပေါ်လာသည်။
နတ်ဘုရား အရည်ကို တစ်စုံတစ်ယောက်က သလင်းကျောက် ၇၅ သန်းဖြင့် ဝယ်ယူလိုက်သောအခါ တာအိုခုန်း သက်ပြင်းချလိုက်ပြီး နောက်ပိုင်းတွင် လေလံတင်ရောင်းချမည့် ကျန်နတ်ဘုရား အရည် ၄ စက်အား လက်လွှတ်လိုက်သည်။
'ဒီပစ္စည်းက ကောင်းတယ်။ ဒါပေမဲ့ ဒါကို ဝယ်ပြီး မိသားစုထဲက လူကြီးတွေကို လက်ဆောင်ပေးမယ် ဆိုရင်တောင် ငါ အကျိုးအမြတ် အများကြီး ရမှာမဟုတ်ဘူး။ ကိုယ်ပိုင် သုံးဖို့အတွက်ဆိုရင်တော့ နံနက်ခင်း တာအိုဂိုဏ်းမှာ အလားတူ အာနိသင်ရှိတဲ့ ဆေးလုံးတစ်မျိုး ရှိတယ်။ ဘာပဲဖြစ်ဖြစ် ငါက ကမ္ဘာမြေပြင် နယ်ပယ် အလယ်အလတ် အဆင့်မှာပဲ ရှိသေးတာဆိုတော့ အဲဒီဆေးလုံးတွေ သောက်လိုက်ရင် ငါ့ရဲ့ ကျင့်ကြံခြင်း အခြေခံကို ပြန်လည် ကောင်းမွန်စေနိုင်တယ်။ ဒီပစ္စည်းကို ဝယ်ဖို့ ကြီးမားတဲ့ စျေးနှုန်း ပေးစရာ မလိုပါဘူး'
တာအိုခုန်း ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ခေါင်းခါလိုက်သည်။
ကျန်ရှိသော နတ်ဘုရား အရည် ၄ စက်ကို ရောင်းချခဲ့သော်လည်း တာအိုခုန်းသည် တစ်ကြိမ်မျှ လေလံမဆွဲခဲ့ပေ။ ဤသည်က စုမင်ကို မျက်မှောင်ကြုတ်စေခဲ့သည်။
ခုနစ်ရက် ကြာသွားပြီဖြစ်သည်။ လေလံပွဲ၏ သေးငယ်သော အစိတ်အပိုင်းတစ်ခု ပြီးဆုံးသွားပြီဖြစ်သော်လည်း တာအိုခုန်းသည် ပစ္စည်းတစ်ခုမျှ မဝယ်ခဲ့ပေ။ ဤသည်က သူ့ကို မျက်မှောင်ကြုတ်စေခဲ့ပြီး သူ့မျက်နှာပေါ်တွင် တွေးတောနေဟန် ပေါ်လာသည်။
အချိန်အတော်ကြာပြီးနောက် စုမင်သည် မျက်လုံးများကို မှိတ်ကာ ဆက်လက် စောင့်ဆိုင်းနေလိုက်သည်။
ရှစ်ရက်မြောက်၊ ကိုးရက်မြောက်၊ ဆယ်ရက်မြောက်နေ့...
ဆယ့်ငါးရက် ကုန်လွန်သွားသောအခါ လေလံပွဲ၏ တစ်ဝက်ခန့် ပြီးဆုံးသွားပြီဖြစ်သော်လည်း တာအိုခုန်းသည် အချိန်အများစုတွင် ဟန်ဆောင် လေလံဆွဲရုံသာ ဆွဲနေခဲ့သည်။ သူသည် မည်သည့်အရာကိုမျှ ဝယ်ယူလိုသော စစ်မှန်သည့် စိတ်ဝင်စားမှုမျိုး မပြခဲ့ပေ။ ရက်နှစ်ဆယ်မြောက်နေ့ ရောက်လာပြီး လေလံပွဲမှ လူများအကြား ရုတ်ရုတ်သဲသဲ ဖြစ်စေသော နောက်ထပ် အဖိုးတန် ရတနာတစ်ခုကို ထုတ်ယူလာသော အခါတွင်လည်း စုမင်သည် တာအိုခုန်းက ၎င်းအတွက် လုယူနေသည်အား မကြားရသေးပေ။
တာအိုခုန်းသည် အခြားသူများ ဝယ်ယူသွားသော ပစ္စည်းအမျိုးမျိုးကို စိတ်ပျက်စွာဖြင့်သာ ကြည့်နေနိုင်ခဲ့သည်။ သူ မဝယ်ချင်၍ မဟုတ်ပေ။ သို့သော် သူ့လက်ထဲတွင်ရှိသော သလင်းကျောက်များအားလုံးကို ဤနေရာတွင် သုံး၍မရသောကြောင့် ဖြစ်သည်။ သူသည် ဟွာမိသားစုနှင့် လျှို့ဝှက် သဘောတူညီချက်တစ်ခု ရှိသည်။ လေလံပွဲ ပြီးဆုံးသည်နှင့် သူသည် သူ၏ သလင်းကျောက်များနှင့် နံနက်ခင်းတာအိုလောကသို့ သွားရန် နေရာအချို့နှင့် လဲလှယ်ကာ ထိုအရာကို ရရှိမည်ဖြစ်သည်။
ဤသည်မှာ နတ်ဘုရား အနှစ်သာရ နယ်မြေများသို့ လာစဉ်က သူ့ကို ပေးအပ်ခဲ့သော တာဝန် ဖြစ်သည်။ လေလံပွဲနှင့် ပတ်သက်၍မူ သူ့အတွက်တော့ ၎င်းသည် ကြားဖြတ် ဖျော်ဖြေမှုတစ်ခုမျှသာ ဖြစ်သည်။
"နှမြောစရာပဲ။ တကယ့်ကို နှမြောစရာပဲ" တာအိုခုန်း သက်ပြင်းချကာ သူ၏ ဝိုင်ခွက်ကို ကောက်ကိုင်ပြီး တစ်ကျိုက် သောက်လိုက်သည်။
အချိန်များ တစ်ဖန် ကုန်လွန်သွားပြန်သည်။ နှစ်ဆယ့်သုံးရက်မြောက်နေ့ ရောက်လာသောအခါ စုမင် မျက်လုံးများကို တဖြည်းဖြည်း ဖွင့်လိုက်သည်။ မင်နက် လေလံပွဲ ပြီးဆုံးရန် ခုနစ်ရက် ကျန်သေးသည်။ နောက်ဆုံး ခုနစ်ရက်အတွင်း လေလံတင်ရန် ထုတ်ယူလာမည့် ရတနာများစွာ ရှိသေးသော်လည်း တာအိုခုန်းသည် မည်သည့်အရာ အတွက်မျှ ယှဉ်ပြိုင်လိုစိတ် မရှိကြောင်း စုမင် သိနေပြီဖြစ်သည်။
ထို့ကြောင့် သူ နောက်ထပ် ခုနစ်ရက် စောင့်နေရန် မလိုတော့ပေ။
စုမင်၏ မျက်လုံးများတွင် အေးစက်သော အကြည့်တစ်ခု ပေါ်လာသည်။
'မင်း ဒီလေလံပွဲမှာ မပါဝင်ချင်ဘူးဆိုရင်တော့ မင်းကို ပါဝင်လာအောင် ငါ အတင်းအကျပ် လုပ်ရမှာပေါ့' စုမင် အေးစက်စွာ ပြုံးလိုက်ပြီး သူ၏ ခန္ဓာကိုယ်ကို ရိုက်ရန် ညာလက် မြှောက်လိုက်သည်။ သူ၏ ခန္ဓာကိုယ်မှ အလင်းရောင်များ ထွက်ပေါ်လာပြီး တောက်ပသော အလင်းတန်းရှည် တစ်တန်းသည် သူ့ထံမှ ထွက်ပေါ်လာကာ ယုရိုထံသို့ ပြေးဝင်သွားသည်။
"အဲဒါကို ယူပြီး နောက်ထပ် လေလံတင်မယ့် ပစ္စည်းစာရင်းထဲ ထည့်လိုက်။ အဲဒီအရာအတွက် စတင်လေလံစျေးက သလင်းကျောက် ၁၀ သန်း" စုမင်က အေးစက်စွာ ပြောလိုက်သည်။ ယုရိုသည် သူမ၏ လက်ထဲရှိ တောက်ပနေသော အရာကို ကြည့်ရင်း ခေတ္တမျှ အံ့အားသင့်သွားသည်။ ထို့နောက် သူမ ခေါင်းငုံ့ကာ အခန်းထဲမှ ထွက်သွားလေသည်။
ခဏအကြာ ယုရို ပြန်ရောက်လာပြီး နောက်ပစ္စည်းတစ်ခုကို လေလံခန်းမကြီးတွင် ရောင်းချသောအခါ လေလံပွဲ အစီအစဉ်မှူး၏ အနည်းငယ် စိတ်လှုပ်ရှားနေသော အသံ လေထဲတွင် ပဲ့တင်ထပ်သွားသည်။
"ဒီတစ်ကြိမ် လေလံတင်မယ့် ပစ္စည်းက နတ်ဘုရား အနှစ်သာရ ကြယ်ပင်လယ်က ပြင်ပ ရတနာ မဟုတ်သလို နတ်ဆိုးနတ္ထိနယ်မြေက ထူးဆန်းတဲ့ ပစ္စည်းတစ်ခုလည်း မဟုတ်ပါဘူး။ အဲဒါက... မဟာလောကကြီး လေးခုကနေ လာတာပါ"
"မဟာလောကကြီး လေးခုထဲမှာ ဒီရတနာက နံနက်ခင်းတာအိုလောကဆီကနေ အာရုံစိုက်မှု အများဆုံး ရရှိတဲ့ ရတနာပါ။ တခြားသူတွေအတွက် ဒီရတနာကို ရဖို့ဆိုတာ မယုံနိုင်လောက်အောင် ခက်ခဲပါတယ်။ တကယ်တော့ တခြား တစ်ယောက်ယောက်ကသာ ဒါကို ရသွားမယ်ဆိုရင် နံနက်ခင်းတာအိုလောကရဲ့ နံနက်ခင်း တာအိုဂိုဏ်းကို ဆွပေးလိုက်သလို ဖြစ်ပြီး သူတို့ မသေမချင်း လိုက်လံ သတ်ဖြတ်ခံရလိမ့်မယ်လို့ ပြောလို့ရပါတယ်"
"ဘာဖြစ်လို့လဲဆိုတော့ ဒီရတနာက သွေးလွှမ်းတဲ့ တိုက်ပွဲ တစ်ပွဲကို ကိုယ်စားပြုပြီး နံနက်ခင်း တာအိုဂိုဏ်းက တိုက်ရိုက် သွေးမျိုးဆက်တစ်ယောက် သေဆုံးသွားတယ်ဆိုတဲ့ အဓိပ္ပာယ်ကို ဆောင်နေလို့ပါပဲ"
အစီအစဉ်မှူး၏ အသံ လေထဲတွင် ပဲ့တင်ထပ်သွားသည်နှင့် တစ်ပြိုင်နက် လေလံပွဲကြီး ချက်ချင်း တိတ်ဆိတ်သွားသည်။ တာအိုခုန်းသည် သူ၏ အခန်းထဲတွင် မျက်လုံးများ မှိတ်ထားသော်လည်း ထိုစကားများကို ကြားသည်နှင့် မျက်လုံးများ ပွင့်လာပြီး စင်မြင့်ဆီသို့ လှမ်းကြည့်လိုက်လေသည်။
အခန်း ၉၀၂ ရူးသွပ်သွားသော တာအိုခုန်း
တာအိုခုန်း လှမ်းကြည့်လိုက်သည့် ခဏမှာပင် လေလံပွဲ အစီအစဉ်မှူး၏ စိတ်လှုပ်ရှားနေသော အသံသည် လေလံခန်းမကြီးအတွင်း တစ်ဖန် ပဲ့တင်ထပ်သွားပြန်သည်။
"ဒီရတနာက ဘာလဲဆိုတာ ခင်ဗျားတို့ထဲက တချို့တော့ ခန့်မှန်းမိလောက်ပြီ ထင်ပါတယ်။ ဟုတ်ပါတယ်။ ဒါက နံနက်ခင်းတာအိုလောကရဲ့ နံနက်ခင်း တာအိုဂိုဏ်းက တိုက်ရိုက် သွေးမျိုးဆက်တွေသာ ရနိုင်ပြီး သူတို့ တစ်ဘဝလုံးမှာ တစ်ထည်တည်းသာ ပိုင်ဆိုင်ခွင့်ရှိတဲ့ သန့်စင်တဲ့ ကြယ်တာရာ ဝတ်ရုံပါပဲ"
"သန့်စင်သော ကြယ်တာရာ ဝတ်ရုံမှာ နံနက်ခင်း တာအိုဂိုဏ်းရဲ့ အစွမ်းအထက်ဆုံး နတ်ဘုရား စွမ်းရည် ပါဝင်ပြီး ဝတ်ဆင်သူကို သက်ရှိ အားလုံးအပေါ် ကျွန်ပြု စိုးမိုးနိုင်စွမ်း ရှိစေပါတယ်။ ပြီးတော့ ဒီဝတ်ရုံဟာ နံနက်ခင်း တာအိုဂိုဏ်းရဲ့ တိုက်ရိုက် သွေးမျိုးဆက်တိုင်းမှာ အသန်မာဆုံးသူ ပေါ်ထွက်လာတဲ့အထိ အစွမ်းထက်လာမယ့် ပစ္စည်းပါ"
"ဒီနေရာမှာ နံနက်ခင်းတာအိုလောကကို ကြောက်ရွံ့တဲ့သူတွေ ရှိနေရင်တော့ ဒီသန့်စင်တဲ့ ကြယ်တာရာ ဝတ်ရုံကို လုံးဝ မဝယ်သင့်ပါဘူး။ မဟုတ်ရင် ကိုယ့်ခေါင်းပေါ်ကို ကြီးမားတဲ့ ဘေးဒုက္ခကြီး ဆွဲချသလို ဖြစ်သွားပါလိမ့်မယ်။ ဒါပေမဲ့ နတ်ဘုရား အနှစ်သာရ ကြယ်ပင်လယ်က လာတဲ့ တာအိုရောင်းရင်းတို့ အတွက်တော့ ဒါဟာ နံနက်ခင်း တာအိုဂိုဏ်းကို လေ့လာစုံစမ်းဖို့ အကောင်းဆုံး အခွင့်အရေးပါပဲ"
"ဒီပစ္စည်းကို အပြည့်အဝ နားလည်သဘောပေါက်သွားပြီဆိုရင် နံနက်ခင်း တာအိုဂိုဏ်းရဲ့ လျှို့ဝှက်ချက်တွေကိုတောင် ရှာဖွေတွေ့ရှိနိုင်ကောင်း တွေ့ရှိနိုင်ပါတယ်။ တကယ်တော့ ခင်ဗျားတို့က ဒီမှာရှိနေတာမို့ နံနက်ခင်း တာအိုဂိုဏ်းရဲ့ လက်စားချေမှာကို စိုးရိမ်ပူပန်နေစရာ မလိုပါဘူး"
"အခြား မဟာလောကကြီး သုံးခုက လူတွေအနေနဲ့ သန့်စင်တဲ့ ကြယ်တာရာ ဝတ်ရုံကို သာမန်နည်းလမ်းနဲ့ ရချင်တယ်ဆိုရင် နံနက်ခင်း တာအိုဂိုဏ်းက တိုက်ရိုက် သွေးမျိုးဆက် တစ်ယောက်ကို သတ်ဖြတ်ရမှာ ဖြစ်ပြီး ဒါဟာ မဟာလောကကြီးတွေ အကြားမှာ စစ်ပွဲတစ်ရပ်ကို ဖန်တီးလိုက်သလို ဖြစ်သွားပါလိမ့်မယ်။ ဒါပေမဲ့ အခုတော့ ဒီပစ္စည်းကို ဝယ်ယူလိုက်ရုံနဲ့တင် နံနက်ခင်း တာအိုဂိုဏ်းရဲ့ လျှို့ဝှက်ချက်တွေကို သုတေသနပြုဖို့ အကောင်းဆုံး နည်းလမ်းကို ရရှိသွားမှာပါ"
"နံနက်ခင်းတာအိုလောကက လူတွေအနေနဲ့ဆိုရင်တော့ ဒီပစ္စည်းကို ဝယ်ပြီး နံနက်ခင်း တာအိုဂိုဏ်းဆီ ပြန်ယူသွားနိုင်ခဲ့ရင် သူတို့ရဲ့ တိုက်ရိုက် သွေးမျိုးဆက်တွေအပေါ် နံနက်ခင်း တာအိုဂိုဏ်းက ဘယ်လောက်တန်ဖိုးထားလဲ ဆိုတာကို ထောက်ရှုခြင်းအားဖြင့် ဒါဟာ ခင်ဗျားတို့အတွက် ကြီးမားတဲ့ အကျိုးပြုမှု၊ ဂုဏ်ပြုခံရမယ့် လုပ်ရပ်တစ်ခု ဖြစ်လာမှာ သေချာပါတယ်"
ထိုစိတ်လှုပ်ရှားဖွယ် အသံကြီး လေထဲတွင် ပဲ့တင်ထပ်သွားသည်နှင့် တပြိုင်နက် တာအိုခုန်းသည် သူ၏ ကုလားထိုင်မှ ဝုန်းခနဲ ထရပ်လိုက်လေသည်။ အလောတကြီး ထလိုက်မှုကြောင့် သူ၏ ဝိုင်ခွက်ကိုပင် တိုက်မိသွားပြီး ကြမ်းပြင်ပေါ်သို့ ဖိတ်စင်ကျသွားသည်။
သို့သော်လည်း သူသည် ထိုအရာကို အနည်းငယ်မျှ ဂရုမစိုက်ခဲ့ချေ။ သူ၏ အကြည့်တို့သည် ထိုအချိန်တွင် ထုတ်ယူလာပြီး လေလံခန်းမကြီး အတွင်းရှိ လူများ၏ မျက်မှောက်တွင် ဖော်ပြလိုက်သည့် သန့်စင်သော ကြယ်တာရာ ဝတ်ရုံပေါ်တွင်သာ စူးစိုက်နေလေသည်။
သူ၏ မျက်နှာပေါ်တွင် တုန်လှုပ်မှုများ ပေါ်လာပြီး စိတ်ထဲတွင်လည်း ပေါက်ကွဲသံများ မြည်ဟည်းသွားသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ဤအရာသည် အတုအပမဟုတ်ဘဲ အစစ်အမှန် သန့်စင်သော ကြယ်တာရာ ဝတ်ရုံတစ်ခု ဖြစ်ကြောင်း သူ သိနိုင်သည်။ ဤသည်မှာ နံနက်ခင်း တာအိုဂိုဏ်း၏ တိုက်ရိုက် သွေးမျိုးဆက်များသာ ရနိုင်သော အရာဖြစ်သည်။ အမှန်တကယ်တွင် ထိုသန့်စင်သော ကြယ်တာရာ ဝတ်ရုံ၌ သွေးလွှမ်းသည့် အငွေ့အသက် တစ်ခုကိုပင် သူ ခံစားနေရသည်။ ထိုသန့်စင်သော ကြယ်တာရာ ဝတ်ရုံပေါ်တွင် ကျန်ရစ်နေသည့် မသေဆုံးမီက သူ၏ မိသားစုဝင်တစ်ဦး၏ စူးရှသော အော်ဟစ်သံများကိုပင် သူ သဲ့သဲ့လေး ကြားနေရသကဲ့သို့ ခံစားလိုက်ရသည်။
"ဒါဟာ မင်နက် လေလံပွဲမှာ ပထမဆုံးနဲ့ တစ်ခုတည်းသော သန့်စင်တဲ့ ကြယ်တာရာ ဝတ်ရုံဖြစ်တယ် ဆိုတာကို ခင်ဗျားတို့ အားလုံးကို ကျွန်တော် ယုံကြည်မှု အပြည့်နဲ့ ပြောရဲပါတယ်။ အရင်ကလည်း တစ်ခါမှ မပေါ်လာဖူးသလို နောင်အနာဂတ်မှာလည်း ဘယ်တော့မှ ထပ်ပေါ်လာမှာ မဟုတ်တော့ပါဘူး"
"ဒါက ခင်ဗျားတို့ရဲ့ တစ်ခုတည်းသော အခွင့်အရေးပါပဲ။ ဒီသန့်စင်တဲ့ ကြယ်တာရာ ဝတ်ရုံအတွက် စတင် လေလံစျေးကတော့ သလင်းကျောက် ၁၀ သန်း ပါ" လေလံပွဲ အစီအစဉ်မှူး၏ အသံထဲတွင် မယုံနိုင်လောက်အောင် ကူးစက်နိုင်စွမ်းရှိသော အင်အားတစ်ခု ပါဝင်နေသည်။ သူ့အသံ လေထဲတွင် ပဲ့တင်ထပ်သွားသည်နှင့် လေလံခန်းမကြီးထဲရှိ လူအားလုံး ချက်ချင်း တိတ်ဆိတ်သွားကြသည်။
သူတို့၏ အကြည့်များထဲတွင် လောဘ၊ အံ့သြဝမ်းသာမှုနှင့် သရော်လှောင်ပြောင်မှုများလည်း ပါဝင်နေသည်။ အခြားသော အကြည့်များစွာကလည်း ဧရိယာတစ်ဝိုက်ရှိ အခန်းများဆီသို့ ချက်ချင်း စုပြုံသွားကြပြီး နံနက်ခင်းတာအိုလောကမှ လာသူများကို ရှာဖွေနေကြသည်။
သန့်စင်သော ကြယ်တာရာ ဝတ်ရုံကို မြင်တွေ့လိုက်ရချိန်တွင် နံနက်ခင်းတာအိုလောကမှ လူများ၏ မျက်နှာအမူအရာ မည်သို့ရှိမည်ကို သူတို့ အလွန်အမင်း မြင်တွေ့ချင်နေကြသည်။ ဤသည်မှာ အမှန်တကယ်ပင် ကြည့်ရှုရကျိုးနပ်မည့် မြင်ကွင်းတစ်ခု ဖြစ်ပေလိမ့်မည်။
"ကျစ်... တောက်" တာအိုခုန်း၏ မျက်နှာအမူအရာမှာ ရှုံ့မဲ့သွားပြီး သူ့ဘေးတွင် ဒူးထောက်နေသော အမျိုးသမီးကို ကန်ထုတ်လိုက်ကာ ရှေ့ရှိ အလင်းဖန်သားပြင်ဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားပြီး သန့်စင်သော ကြယ်တာရာ ဝတ်ရုံအား စူးစိုက် ကြည့်နေလေတော့သည်။ သူ၏ သက်သောင့်သက်သာ နေဟန်နှင့် တည်ငြိမ်မှုများမှာ ထိုအချိန်တွင် လုံးဝ ပျောက်ကွယ်သွားပြီ ဖြစ်သည်။
ဤပစ္စည်းကို လေလံတင်ရဲသည့် မင်နက်ဂြိုဟ်အား သူ မုန်းတီးသွားပြီး လေလံပွဲ အစီအစဉ်မှူးကိုလည်း သူ၏ ရင်တွင်းအသည်းနှလုံးထဲမှနေ၍ ရွံရှာသွားမိသည်။ ထိုလူသည် အသေးစိတ်လွန်းစွာ ပြောဆိုခဲ့ပြီး နတ်ဘုရား အနှစ်သာရ ကြယ်ပင်လယ်မှ ဂြိုဟ်သား မျိုးနွယ်များ ချက်ချင်း လေလံဆွဲ ဝယ်ယူကြရန်အတွက် သူ မစောင့်နိုင်တော့သကဲ့သို့ ထိုအသေးစိတ် အချက်အလက်များကို ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။
ထို့အပြင် သူပြောခဲ့သည့်အတိုင်းပင် ဖြစ်သည်။ အကယ်၍ နတ်ဘုရား အနှစ်သာရ ကြယ်ပင်လယ်မှ ဂြိုဟ်သား မျိုးနွယ် အဖွဲ့ဝင်များသာ ထိုပစ္စည်းကို ဝယ်ယူသွားခဲ့လျှင် သူတို့သည် နံနက်ခင်းတာအိုလောက၏ လက်လှမ်းမီရာနှင့် များစွာ ကွာဝေးသွားမည်ဖြစ်ရာ သူတို့ထံ ရောက်ရှိရန်မှာ မဖြစ်နိုင်တော့ပေ။
သို့သော်လည်း နတ်ဘုရား အနှစ်သာရ ကြယ်ပင်လယ်မှ ဂြိုဟ်သား မျိုးနွယ်များက ဤပစ္စည်းကို မဝယ်ဘဲ အခြား မဟာလောကကြီး သုံးခုအနက်မှ တစ်ခုခုက ဝယ်သွားခဲ့လျှင်လည်း လေလံပွဲ အစီအစဉ်မှူး ပြောခဲ့သည့် အတိုင်းပင် ဖြစ်လာမည်ဖြစ်သည်။ သူတို့သည် ထိုပစ္စည်းကို လေလံပွဲမှ ဝယ်ယူခြင်းဖြစ်သဖြင့် မည်သည့် သတ်ဖြတ်မှုမှ ပါဝင်မည် မဟုတ်ပေ။ အကယ်၍ နံနက်ခင်း တာအိုဂိုဏ်းက ထိုသန့်စင်သော ကြယ်တာရာ ဝတ်ရုံကို ပြန်လည်ရယူလိုပါက ထိုလူများ ဝယ်ယူစဉ်က ပေးခဲ့သော စျေးနှုန်းထက် ပိုမိုမြင့်မားသော စျေးနှုန်းတစ်ခုအား ကမ်းလှမ်းရမည် ဖြစ်သည်။
သို့သော် ဤသည်က အဆိုးရွားဆုံး အခြေအနေ မဟုတ်သေးပေ။ အဆိုးရွားဆုံးကမူ သူ၏ မျက်စိရှေ့မှောက်တွင် အခြားတစ်ယောက်ယောက်က ထိုသန့်စင်သော ကြယ်တာရာ ဝတ်ရုံကို ဝယ်သွားသည်အား သူ ရပ်ကြည့်နေလိုက်ရခြင်းပင် ဖြစ်သည်။ သူ၌ သလင်းကျောက် အလုံအလောက် မရှိခြင်းကြောင့်ဖြစ်စေ အခြား မည်သည့် အကြောင်းပြချက်ကြောင့်ဖြစ်စေ သူသည် အခြားသူတစ်ဦးကို ထိုသန့်စင်သော ကြယ်တာရာ ဝတ်ရုံ ဝယ်ခွင့်ပေးလိုက်သရွေ့ တာအိုခုန်းသည် နံနက်ခင်း တာအိုဂိုဏ်း၏ ဒေါသအား ခံစားရမည် ဖြစ်သည်။ သူသည် တိုက်ရိုက် သွေးမျိုးဆက် ဖြစ်နေစေကာမူ ဂိုဏ်း၏ အကြီးအကဲများက သနားညှာတာမှု ကင်းမဲ့ခြင်း၏ အဓိပ္ပာယ်ကို သူ့အား ပြသကြပေလိမ့်မည်။
"ကျစ်... သောက်ကျိုးနည်းပဲဟေ့" တာအိုခုန်း ဟိန်းဟောက်လိုက်ပြီး သူ၏ မျက်လုံးများ ချက်ချင်းပင် သွေးကြောများဖြင့် နီရဲသွားလေသည်။
မင်နက်ဂြိုဟ်တွင် ဤကဲ့သို့သော အရာမျိုးနှင့် ကြုံတွေ့ရလိမ့်မည်ဟု သူ တစ်ခါမျှ မျှော်လင့်မထားခဲ့ပေ။
နံနက်ခင်း တာအိုဂိုဏ်း၏ တိုက်ရိုက် သွေးမျိုးဆက် တစ်ဦးစီ ပိုင်ဆိုင်သော သန့်စင်သော ကြယ်တာရာ ဝတ်ရုံတိုင်းသည် မယုံနိုင်လောက်အောင် အရေးကြီးပြီး ဂိုဏ်း၏ မှတ်တမ်းစာအုပ်များတွင် ၎င်းတို့ကို အသေးစိတ် မှတ်တမ်းတင်ထားကြောင်း သူ ကောင်းကောင်း သိသည်။ သူတို့၏ မိသားစုဝင်တစ်ဦး သေဆုံးသွားပြီဆိုသည်နှင့် ကြီးမားသည့် ကိစ္စတစ်ခုခု ဖြစ်ပွားခဲ့ပြီဟု အဓိပ္ပာယ် သက်ရောက်ပေသည်။
သို့သော် သူသည် နတ်ဘုရား အနှစ်သာရ ကြယ်ပင်လယ်တွင် နှစ်ပေါင်း တစ်ထောင်ကျော်ကြာ နေထိုင်ခဲ့ပြီး ဤကိစ္စများကို တစ်ခါမျှ အာရုံမစိုက်ခဲ့ပေ။ မည်သို့ပင်ဆိုစေ သူတို့၏ မိသားစုဝင်တစ်ဦး သေဆုံးသွားပါက ဂိုဏ်း၏ အကြီးအကဲများက အပြည့်အဝ စုံစမ်းစစ်ဆေးမှု ပြုလုပ်မည်မှာ သေချာသည်။ ထိုသူက မည်သူဖြစ်သည်ကို သိရန်အတွက် သူ ဂိုဏ်းသို့ ပြန်သွားရန် လိုအပ်ပေမည်။
သို့သော် သူ နတ်ဘုရား အနှစ်သာရ နယ်မြေများသို့ မလာရောက်မီက နံနက်ခင်း တာအိုဂိုဏ်းသည် သူတို့၏ သန့်စင်သော ကြယ်တာရာ ဝတ်ရုံများ ဆုံးရှုံးခဲ့ရသည့် အမှုကိစ္စများ အကြောင်းကို ကြားခဲ့ဖူးသည်။ ၎င်းတို့အနက် နှစ်ထည်ကို နောက်ပိုင်းတွင် ပြန်လည်ရရှိခဲ့သော်လည်း လွန်ခဲ့သော နှစ်ပေါင်း နှစ်သောင်းခန့်က ပျောက်ဆုံးသွားခဲ့သော ဝတ်ရုံတစ်ထည် ရှိနေပြီး သဲလွန်စ တစ်စမျှပင် မတွေ့ရချေ။ နံနက်ခင်း တာအိုဂိုဏ်းက မည်သို့သော နည်းလမ်းများကို အသုံးပြု၍ ရှာဖွေစေကာမူ မည်သည့် ရလဒ်မျှ မထွက်ပေါ်ခဲ့ပေ။
တာအိုခုန်း၏ မျက်လုံးများတွင် သွေးကြောများ ပြည့်နှက်လာချိန်တွင် တိုးညှင်းသော ရယ်သံတစ်သံ သူ့နားထဲသို့ ရောက်လာသည်။ ထိုရယ်သံသည် လေထဲတွင် ပဲ့တင်ထပ်နေသကဲ့သို့ ရှိပြီး ရယ်မောလိုက်သူအား သူ မမြင်နိုင်ပေ။
"ပါးစပ်ပိတ်ထား" တာအိုခုန်း ခေါင်းလှည့်ကာ အခန်းထဲသို့ အကြည့်ဝေ့လိုက်သည်။
"ငါရယ်တာ မရယ်တာ ငါ့ကိစ္စပဲ။ နင်နဲ့ ဘာဆိုင်လို့လဲ။ တကယ်လို့ နင်က ဝင်မစွက်ဖက်ဘဲ သန့်စင်တဲ့ ကြယ်တာရာ ဝတ်ရုံကို တခြားလူ ဝယ်ခွင့်ပြုလိုက်တယ် ဆိုတာကို နံနက်ခင်း တာအိုဂိုဏ်းကသာ သိသွားမယ်ဆိုရင် နင် ဘယ်လို ဖြေရှင်းချက်မျိုး ပေးမလဲဆိုတာ ငါ ကြည့်ချင်သေးတယ်" အမျိုးသမီးတစ်ဦးက ပေါ့ပါးသော အသံဖြင့် ပြောလိုက်သည်။
တာအိုခုန်း၏ မျက်နှာအမူအရာမှာ မယုံနိုင်လောက်အောင် မှောင်မိုက်သွားသည်။ သူ စကားပြောတော့မည့် ဆဲဆဲတွင်ပင် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် လေလံဆွဲရန် အော်ဟစ်လိုက်သော အသံများ လေထဲတွင် ချက်ချင်း ပဲ့တင်ထပ်သွားလေသည်။
"စိတ်ဝင်စားစရာပဲ။ အဲဒီအတွက် သလင်းကျောက် ၁၁ သန်း ပေးမယ်"
"ဟားဟား... ၁၅ သန်းဟေ့"
"ခင်ဗျားတို့အားလုံးက ပိုက်ဆံကို ဒီလောက်တောင် ကပ်စေးနှဲရလားဗျာ။ ကျွန်တော် သန်း ၃၀ ပေးမယ်"
လေလံဆွဲနေသော အသံများသည် တာအိုခုန်း၏ စိတ်နှင့် နှလုံးသားကို အပြင်းအထန် ရိုက်ခတ်သွားသည်။ သူသည် လက်သီးကို တင်းကျပ်စွာ ဆုပ်ထားလိုက်သည်။ ဤဧရိယာရှိ လူများသည် နံနက်ခင်းတာအိုလောကက ဤပစ္စည်းကို ကျိန်းသေပေါက် ဝယ်မည်ဆိုကြောင်း သိနေသောကြောင့် စျေးနှုန်းအား တမင်တကာ မြှင့်တင်နေကြခြင်းဖြစ်ကြောင်း သူ့ရင်တွင်းနက်နက်၌ နားလည်ထားသည်။
စင်စစ် သူသာ ဤပစ္စည်းကို မဝယ်ယူနိုင်ခဲ့ပါက နောက်ပိုင်းတွင် နံနက်ခင်း တာအိုဂိုဏ်းက ၎င်းအား ပြန်လည်ရယူလိုလျှင် အစက ရောင်းချခဲ့သည့် စျေးနှုန်းထက် အဆပေါင်းများစွာ မြင့်မားသော စျေးနှုန်းတစ်ခုကို ကမ်းလှမ်းရမည် ဖြစ်သည်။ ဤသည်မှာ သူတို့အတွက် သေချာပေါက် အမြတ်အစွန်းရရှိမည့် အပေးအယူတစ်ခုဖြစ်ပြီး မည်သည့် ဆုံးရှုံးမှုမျှ မရှိနိုင်ဟု ဆိုနိုင်ပေသည်။
သေချာသည်မှာ ကြိုတင်သတ်မှတ်ချက် အနေဖြင့် သူတို့သည် နံနက်ခင်း တာအိုဂိုဏ်းနှင့် တန်းတူရပ်တည်နိုင်ခွင့် ရှိရမည် ဖြစ်သည်။ ထိုသို့မဟုတ်ပါက စျေးနှုန်းကို မြှင့်တင်ခြင်းသည် သေလမ်းအား ရှာနေခြင်းသာ ဖြစ်ပေလိမ့်မည်။
စုမင်သည် လေလံခန်းမကြီးထဲတွင် ဖြစ်ပျက်နေသည်များကို ကြည့်နေရင်း နှုတ်ခမ်းတွင် အပြုံးတစ်ခု ပေါ်လာသည်။ မူလက သူသည် ထိုသန့်စင်သော ကြယ်တာရာ ဝတ်ရုံကို မထုတ်ချင်ခဲ့ပေ။ သို့သော် တာအိုခုန်းတွင် လေလံပွဲ၌ ပါဝင်ရန် ရည်ရွယ်ချက် မရှိသောကြောင့် တာအိုခုန်းကို အတင်းအကျပ် ဝယ်ယူစေမည့် ပစ္စည်းတစ်ခုအား ထုတ်ယူရန် စုမင် လိုအပ်ခဲ့ခြင်းဖြစ်သည်။
ဝတ်ရုံအား အခြားသူများ ဝယ်သွားမည်ကိုလည်း စုမင် စိုးရိမ်မနေခဲ့ပေ။ ဤသည်မှာ တာအိုခုန်း အသေအလဲ ရယူလိုမည့် ဝတ်ရုံဖြစ်ကြောင်း သူ သိထားသည်။ အကယ်၍ အခြား တစ်ယောက်ယောက်ကသာ ဝယ်သွားခဲ့လျှင် ၎င်းသည် တာအိုခုန်းကို သေချာပေါက် ရူးသွပ်သွားစေမည့် အရာတစ်ခု ဖြစ်လာမည်ဖြစ်သည်။
"ဒီအရာက တန်ဖိုးဖြတ်လို့ မရဘူး။ ဒီဝတ်ရုံရဲ့ အဆင့်အတန်းအတွက် သလင်းကျောက် သန်း ၃၀ လေးက ဘယ်လိုလုပ် လုံလောက်မှာလဲ။ အစစ်အမှန် ယင်လောကက သန်း ၅၀ ပေးမယ်"
"အစစ်အမှန် ယင်လောကက ဒီစျေးပေးမှတော့ အသူရာ ဧကရာဇ် မဟာလောကကလည်း သဘာဝကျကျပဲ နောက်ကောက်ကျခံမှာ မဟုတ်ဘူး။ သန်း ၇၀ ဟေ့"
"သန်း ၈၀" အနည်းငယ် ထူးဆန်းသော လေယူလေသိမ်းဖြင့် အသံတစ်သံ ထွက်ပေါ်လာသည်။ လူတိုင်း ထိုအသံကို ကြားလိုက်သောအခါ အသံပိုင်ရှင်သည် မဟာလောကကြီး လေးခုမှ မဟုတ်ဘဲ နတ်ဘုရား အနှစ်သာရ ကြယ်ပင်လယ်၏ ဂြိုဟ်သား မျိုးနွယ်မှ ဖြစ်ကြောင်း ချက်ချင်း သိလိုက်ကြသည်။
"သလင်းကျောက် သန်း ၁၀၀" တာအိုခုန်းသည် ဆက်၍ ထိုင်မနေနိုင်တော့ပေ။ အမှန်တကယ်တွင် သူသည် သူ၏ လက်အောက်ငယ်သားများကို စျေးနှုန်း ကမ်းလှမ်းခိုင်းခြင်း မဟုတ်ဘဲ ကိုယ်တိုင်ကိုယ်ကျ လေလံဆွဲလိုက်ခြင်းဖြစ်သည်။ သူ့အသံသည် လေလံခန်းမကြီး တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားပြီး ရယ်မောသံများစွာကို လှုံ့ဆော်ပေးလိုက်သည်။
"ဒီဝတ်ရုံက နံနက်ခင်းတာအိုလောကနဲ့ သက်ဆိုင်တယ်။ ယှဉ်ပြိုင်ရဲတဲ့ သူတိုင်း နံနက်ခင်းတာအိုလောကက သူတို့အပေါ် ကျရောက်လာမယ့် လက်စားချေမှုကို စဉ်းစားထားရလိမ့်မယ်။ အဲဒီဝတ်ရုံပေါ်မှာ သွေးလွှမ်းတဲ့ အငွေ့အသက်တွေ ရှိနေတယ်။ အဲဒါက အချိန်အတော်ကြာနေပြီဆိုပေမဲ့ ဒီကိစ္စက နံနက်ခင်း တာအိုဂိုဏ်းက မိသားစုဝင် တစ်ယောက်ရဲ့ သေဆုံးမှုနဲ့ သက်ဆိုင်နေတယ်"
"ဒီလေလံပွဲမှာ ပါဝင်ကြသူတွေ အားလုံးဟာ ဒီပစ္စည်းက တကယ်တော့ ခင်ဗျားတို့ဆီမှာ ရှိနေပြီး လျှို့ဝှက်ပိုင်ဆိုင်ထားမယ့်အစား တရားဝင် ပိုင်ဆိုင်ခွင့်ရဖို့ ဒီလေလံပွဲကို အသုံးချနေတယ်လို့ ကျွန်တော့်ကို သံသယဝင်စေတယ်။ ဒါဟာ ခင်ဗျားတို့နဲ့ နံနက်ခင်း တာအိုဂိုဏ်းကြားက သွေးကြွေးကို ဆေးကြောဖို့ လုပ်နေတာပဲ"
တာအိုခုန်းသည် လူမိုက်တစ်ယောက် မဟုတ်ပေ။ သူသည် ကြီးမားသော အလားအလာနှင့် နံနက်ခင်းတာအိုလောက၏ ကံကြမ္မာကို ပိုင်ဆိုင်ထားသူ ဖြစ်သောကြောင့် သူသည် သာမန်လူတစ်ယောက် ဖြစ်နေစရာ အကြောင်းမရှိပေ။
ခဏအကြာတွင် သူသည် ဤစကားများကို စဉ်းစားမိသွားပြီး ၎င်းသည် လေလံဆွဲလိုသော အခြား မဟာလောကကြီးများမှ လူများကို သူတို့၏ လုပ်ရပ်များ၌ ခေတ္တ ရပ်တန့်သွားစေခဲ့သည်။
"ဒီတာအိုခုန်းက တကယ်ကို တုံ့ပြန်မှု မြန်တာပဲ။ ဒါပေမဲ့ သူ ဒီလို ပိုတုံ့ပြန်လေ ပိုကောင်းလေပဲ" စုမင်သည် လေလံခန်းမကြီးထဲတွင် တိုက်ခတ်နေသော မုန်တိုင်းကို ကြည့်ရင်း ခပ်ဖွဖွ ပြုံးလိုက်သည်။ ယခုတစ်ကြိမ်တွင် သူချထားသော ကျော့ကွင်းထဲသို့ တာအိုခုန်း သေချာပေါက် ဝင်လာမည်ကို သူ သိနေသည်။
"သန်း ၁၃၀" နတ်ဘုရား အနှစ်သာရ ကြယ်ပင်လယ်၏ ဂြိုဟ်သား မျိုးနွယ်မှ ထူးဆန်းသော အသံက ထပ်မံ ထွက်ပေါ်လာသည်။ ထိုအသံတွင် အက်ကွဲကွဲ လေသံတစ်သံ ပါဝင်နေပြီး လေယူလေသိမ်းမှာ ထူးခြားနေသော်လည်း ၎င်းအတွင်းမှ ရှေးကျသော ခံစားချက်က စကားပြောသူ၏ အသက်အရွယ်ကို ဖော်ပြနေဆဲဖြစ်သည်။
အခြား ဘေးမှကြည့်နေသူများသည် နံနက်ခင်းတာအိုလောကကို ဂရုစိုက်ကောင်း စိုက်ကြမည်ဖြစ်သော်လည်း နတ်ဘုရား အနှစ်သာရ ကြယ်ပင်လယ်မှ ဂြိုဟ်သား မျိုးနွယ်များကမူ မည်သည့် မဟာလောကကိုမျှ ဂရုမစိုက်ကြချေ။ သူတို့အကြားရှိ အကွာအဝေးမှာ အလွန် ကြီးမားလွန်းပြီး နံနက်ခင်းတာအိုလောက ဒေါသထွက်နေလျှင်ပင် နတ်ဘုရား အနှစ်သာရ ကြယ်ပင်လယ် အတွင်းရှိ ဂြိုဟ်သား မျိုးနွယ်များအပေါ် လက်စားချေမှုများ ပြုလုပ်ရန် အခက်အခဲ ရှိနေဆဲပင် ဖြစ်သည်။
"သန်း ၁၅၀"
တာအိုခုန်း၏ မျက်နှာအမူအရာမှာ လုံးဝ ရှုံ့မဲ့သွားပြီး ရက်စက်ကြမ်းကြုတ်သော အသွင်အပြင်တစ်ခု သူ့မျက်နှာပေါ်တွင် ပေါ်လာသည်။ သလင်းကျောက်များ ဆုံးရှုံးရမည့်အတွက် သူ၏ နှလုံးသားမှာ သွေးထွက်မတတ် နာကျင်နေပြီး ယခုတစ်ကြိမ်တွင် သူ၏ တာဝန်ကို ပြီးမြောက်နိုင်မည့် နည်းလမ်းမရှိတော့ကြောင်း သူ သိသည်။ သို့သော် ထိုသန့်စင်သော ကြယ်တာရာ ဝတ်ရုံကိုသာ ရရှိခဲ့ပါက နံနက်ခင်း တာအိုဂိုဏ်းသို့ ပြန်ရောက်သောအခါ ၎င်းအား အကျိုးပြုမှုတစ်ခုအဖြစ် ရှုမြင်ကြမည်ဖြစ်သည်။ ထိုအခါ သူ၏ တာဝန်ကို မပြီးမြောက်ခဲ့ခြင်း အချက်အား မည်သူကမျှ သိပ်ဂရုစိုက်ကြမည် မဟုတ်တော့ပေ။
"သန်း ၂၀၀" တိုးညှင်းသော ရယ်သံတစ်သံ လေထဲတွင် ပဲ့တင်ထပ်သွားသည်။ ထိုအသံ ပေါ်ထွက်လာမှုက လေလံခန်းမကြီးထဲရှိ ကျင့်ကြံသူများကို ချက်ချင်း အံ့အားသင့်သွားစေသည်။ အကြောင်းမှာ ထိုအမျိုးသမီး၏ အသံသည် တာအိုခုန်း၏ အခန်းထဲမှ ထွက်ပေါ်လာခြင်း ဖြစ်သောကြောင့်ပင်။
"ရွှီဟွေ့" တာအိုခုန်း နောက်လှည့်ကာ သူ၏ ပတ်ဝန်းကျင်ရှိ လေဟာနယ်ကို စိုက်ကြည့်လိုက်သည်။ ထိုသို့လုပ်နေစဉ် အံများကိုပင် ကျိတ်ထားလိုက်မိသည်။
"ငါ ဒီပစ္စည်းကို ဝယ်ပြီး နင်နဲ့ စေ့စပ်ထားတာကို ဖျက်သိမ်းဖို့ နံနက်ခင်း တာအိုဂိုဏ်းကို လက်ဆောင်အဖြစ် ပေးမယ်။ အဲဒါ လုံလောက်ပြီလို့ နင် မထင်ဘူးလား" အမျိုးသမီးက စကားပြောရင်း ခေါင်းလောင်းသံလေးကဲ့သို့ ရယ်မောလိုက်သည်။
ဤကိစ္စကို တာအိုခုန်း သဘောတူမည့် အကြောင်းမရှိပေ။ ရွှီဟွေ့က ထိုသန့်စင်သော ကြယ်တာရာ ဝတ်ရုံကို ဝယ်လိုက်ပါက သူ့အတွက် သလင်းကျောက်များ ဆုံးရှုံးမှု မရှိနိုင်ဘဲ သူ့တာဝန်အား ဆက်လက် ပြီးမြောက်အောင် လုပ်နိုင်မည် ဆိုစေကာမူ သူသည် အမှန်တကယ် ဆုံးရှုံးမှုကို ခံစားရမည်ဖြစ်သည်။ ဇနီးတစ်ဦး ဆုံးရှုံးရမည့်အပြင် သူ မြေပြင်ကပ်ဘေး နယ်ပယ်သို့ ရောက်ရှိချိန်တွင် သူ၏ ပထမဆုံး အကြိမ် နှစ်ကိုယ်တူ ကျင့်ကြံခြင်းအား ပြုလုပ်ရင်း အဆင့်ချိုးဖျက်နိုင်မည့် အခွင့်အရေးကိုပါ ဆုံးရှုံးရမည်ဖြစ်သည်။ ထို့အပြင် ရွှီဟွေ့ကသာ သူနှင့် စေ့စပ်ထားခြင်းကို ဖျက်သိမ်းလိုက်ပါက နံနက်ခင်းတာအိုလောကရှိ သူ၏ ဂုဏ်သတင်းမှာလည်း အကြီးအကျယ် ထိခိုက်သွားပေလိမ့်မည်။
ဤသည်မှာ မာနကြီးသော တာအိုခုန်း လက်မခံနိုင်သည့် အရာဖြစ်သည်။
"သန်း ၃၀၀" သူက မှောင်မိုက်သော အသံဖြင့် ပြောလိုက်သည်။