အခန်း ၇၈၂
Vol. 74 Ch. 782
အခန်း (၇၈၂) - မြေကမ္ဘာအင်မော်တယ် တာအိုအသီးကို စားသုံးခြင်း၊ အင်မော်တယ်သလင်းကျောက် သုံးထောင်နှင့် ဖူးစာရေးကြယ်လှုပ်ခတ်ခြင်း(၂)။
"ချီးကိုပဲ... ငါရထားတဲ့ ရတနာတွေကို လုချင်နေတာလား။ အိပ်မက်မက်နေလိုက်...”
"မင်းတို့ကို အမှန်အတိုင်း ပြောပြလိုက်မယ်။ ငါတို့ လေကျားသစ်မျိုးနွယ်က ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျွမ်းကျင်သူ အနီးအနားမှာ ရှိတယ်...”
"ငါ သတင်းပို့လိုက်တာနဲ့ မင်းတို့ သေချာပေါက် သေရလိမ့်မယ်...”
လေကျားသစ်မျိုးနွယ် လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူက အတွင်းစိတ်၌ ကြောက်ရွံ့နေသော်လည်း ဟန်ကိုယ်ဖို့ကာ ပြောလိုက်လေသည်။
၎င်းသည် ယခုအချိန်တွင် အူများပင် စိမ်းသွားလောက်သည်အထိ အလွန်အမင်း နောင်တရနေခဲ့ပြီ ဖြစ်၏။ ကြိုတင်သိရှိထားခဲ့ပါက မိုးကြိုးအင်မော်တယ်စံအိမ်မှ လွင့်စင်ထွက်လာသော ဤကဲ့သို့သော ရတနာများကို သွားရောက်လုယူမည် မဟုတ်ပေ။
ယခုတွင်မူ ရတနာကို လက်ဝယ်ရရှိထားသော်လည်း၊ ကိုယ်ခန္ဓာပျက်စီးရမည့် အသက်အန္တရာယ်နှင့် ကြုံတွေ့နေရပြီ ဖြစ်၏။
အကယ်၍ ရတနာများကို ပေးအပ်လိုက်ရုံဖြင့် အသက်ရှင်သန်နိုင်မည်ဆိုပါက ၎င်းသည် သေချာပေါက် တုံ့ဆိုင်းနေမည် မဟုတ်ပေ။
ပြဿနာမှာ ဤအကောင်များ၏ ရက်စက်ကြမ်းကြုတ်သော စရိုက်လက္ခဏာများအရ ၎င်းကို မည်ကဲ့သို့ အသက်ရှင်ခွင့် ပေးပါမည်နည်း။ တစ်ဖက်လူသည် ရတနာကိုလည်း လိုချင်သလို၊ ၎င်း၏ အသက်ကိုလည်း အလိုရှိနေမည်မှာ သေချာလှသည်။
ထိုသို့ဆိုလျှင်မူ ရန်သူနှင့် အဆုံးထိတိုင် သူသေကိုယ်သေ တိုက်ခိုက်လိုက်ခြင်းက ပိုကောင်းပေလိမ့်မည်။ ၎င်းကိုယ်တိုင် သေဆုံးသွားရမည်ဆိုလျှင်ပင် ရန်သူကို အကြံအစည်အောင်မြင်ခွင့် ပေးမည်မဟုတ်ချေ။
"ဟားဟား... အဆုံးစွန်ထိအောင်ကို မိုက်မဲလွန်းတယ်...”
"မင်းတို့ လေကျားသစ်မျိုးနွယ်မှာ ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျွမ်းကျင်သူ ရှိတယ်ဆိုရင်ရော ဘာလုပ်ရမှာလဲ… ဟဟ… ငါတို့ မြွေပျံမျိုးနွယ်မှာက မရှိဘူးလို့ ထင်နေတာလား...”
"ပိုဆိုးတာက အခု ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျွမ်းကျင်သူတွေအကုန်လုံး မိုးကြိုးအင်မော်တယ်စံအိမ်ကနေ ထွက်လာတဲ့ အင်မော်တယ်လက်နက်တွေကို သွားလုနေကြပြီ။ ဒီနေရာမှာ ဘယ်လိုလုပ် ရှိနေနိုင်မှာလဲ...”
မြွေပျံမျိုးနွယ် လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူများက အပေါ်ယံသာ ကြမ်းတမ်းဟန်ပြနေသော လေကျားသစ်မျိုးနွယ် လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူအား လှောင်ပြောင်သရော်သည့် မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။
လောလောဆယ်တွင် မိုးကြိုးတောင်တန်း၏ အဓိကအင်အားစုမှာ လေဟာနယ်သန့်စင်ခြင်းအဆင့် ဘိုးဘေးများသာ ဖြစ်သည်မှာ ထင်ရှားပေသည်။
ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျွမ်းကျင်သူများကမူ အင်မော်တယ်လက်နက်များကို သွားရောက်လုယူရန် ထွက်ခွာသွားကြသည်မှာ ကြာမြင့်နေပြီ ဖြစ်၏။ အချိန်တိုအတွင်းတွင် ၎င်းတို့အနေဖြင့် အရှုံးအနိုင် ခွဲခြားနိုင်မည် မဟုတ်ချေ။
"မင်းတို့ကောင်တွေ..."
ဤစကားကို ကြားလိုက်ရသောအခါ လေကျားသစ်မျိုးနွယ် လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူ၏ မျက်နှာမှာ အလွန်အကျည်းတန်သွားလေသည်။
၎င်းသည် တစ်ဖက်လူကို အနည်းငယ် ခြောက်လှန့်ချင်ရုံသာ ဖြစ်သော်လည်း ဤမျှမြန်ဆန်စွာ အကဲခတ်ခံလိုက်ရမည်ကို မထင်မှတ်ထားခဲ့မိပေ။
ဝုန်း...။
၎င်းအနေဖြင့် မည်သည့်နည်းလမ်းကိုမျှ စဉ်းစားမရသေးခင်မှာပင်၊ လေဟာနယ်သန့်စင်ခြင်းအဆင့် မြွေပျံတစ်ကောင်သည် ချက်ချင်း လက်ဦးမှု ရယူလိုက်ပြီး ကြောက်မက်ဖွယ်ကောင်းသော အဖြူရောင်အလင်းတန်းတစ်ခုက ပြင်းထန်စွာ ပစ်ခတ်လာကာ ဤလေကျားသစ်အား ထိမှန်သွားလေတော့သည်။
ချက်ချင်းပင် ၎င်း၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးသည် နောက်သို့ လွင့်စင်ထွက်သွားပြီး အဝေးရှိ တောင်ကြီးတစ်လုံးပေါ်သို့ အရှိန်ပြင်းစွာဖြင့် ရိုက်ခတ်မိသွားလေ၏။
အုန်း…။
ထိုတောင်ကြီးသည် ချက်ချင်းပင် အပိုင်းပိုင်းအစစ ကွဲအက်သွားပြီး ကျောက်တုံးကျောက်ခဲများ လွင့်စင်သွားကာ ၎င်း၏အတွင်းမှ လေ့ကျင့်ရာဂူစံအိမ်တစ်ခု ပေါ်ထွက်လာခဲ့၏။
လူသားမျိုးနွယ် နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူတစ်ဦးသည် အတွင်း၌ တံခါးပိတ်ကျင့်ကြံနေခဲ့ပြီး၊ ထိုလူက ထိုကွဲပြားသော မျိုးနွယ်စုများမှ လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူများအား ကူကယ်ရာမဲ့နေသည့် မျက်နှာထားဖြင့် ကြည့်နေခဲ့၏။
ဤသူသည်ကား တခြားသူမဟုတ်ဘဲ ပုန်းအောင်းနေသော ကျိုးစွေ့ပင် ဖြစ်လေတော့သည်။
မူလက သူသည် အနီးအနားတွင် တိတ်တဆိတ် ကျင့်ကြံအားထုတ်နေခဲ့ပြီး ဤကမောက်ကမဖြစ်နေသော အချိန်ကာလကို ကျော်လွန်သွားရန် စောင့်ဆိုင်းချင်ခဲ့ခြင်း ဖြစ်၏။
ပြဿနာများ ထပ်မံမရှာချင်ဘဲ အခွင့်အရေးကို ရှာဖွေကာ အခွင့်ကောင်းယူ၍ ဖုန်းရှီးမြို့တော်ဆီသို့ ပြန်သွားရန် ရည်ရွယ်ထားခဲ့၏။
သို့သော် မည်သူက ထင်မှတ်ထားပါမည်နည်း။ မမျှော်လင့်ဘဲ ကောင်းကင်မှ ကပ်ဘေး ကျရောက်လာသကဲ့သို့ ကွဲပြားသော မျိုးနွယ်စုမှ ကျင့်ကြံသူများသည် သူ၏ ဂူအောင်းလေ့ကျင့်ရာစံအိမ်အနီးသို့ ချဉ်းကပ်လာခဲ့ကြခြင်းပင်။
မဟုတ်သေး၊ ၎င်းကို ကောင်းကင်မှ ကပ်ဘေး ကျရောက်လာသည်ဟု မဆိုနိုင်ဘဲ၊ ကောင်းကင်မှ ကံကောင်းမှုအခွင့်အလမ်းများ ကျရောက်လာသည်ဟု တင်စားရမည် ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ဤကွဲပြားသော မျိုးနွယ်စုမှ ကျင့်ကြံသူများမှာ သူ၏အမြင်တွင် ဟင်းတစ်ပွဲမျှသာ ဖြစ်ပြီး သူ စားချင်သလို စားနိုင်သောကြောင့် ဖြစ်လေ၏။
ကံကြမ္မာ၏ စွမ်းအားသည် အမှန်တကယ်ပင် အဆုံးမဲ့ နက်နဲဆန်းကြယ်လှသည်ဟုသာ ဆိုရမည်ပင်။
သူကိုယ်တိုင် ပုန်းအောင်းနေခဲ့သည့်တိုင် များစွာသော ကံကောင်းမှုအခွင့်အလမ်းများက သူ့ထံသို့ အဆက်မပြတ် ရောက်ရှိလာနေဆဲပင် ဖြစ်ချေတော့သည်။
"ဒီနေရာမှာ လူသားမျိုးနွယ် ကျင့်ကြံသူတစ်ယောက် ပုန်းနေတာလား...”
ထိုလေဟာနယ်သန့်စင်ခြင်းအဆင့် လေကျားသစ်သည်လည်း ဤကဲ့သို့သော ကိစ္စမျိုး ဖြစ်လာလိမ့်မည်ကို လုံးဝ ထင်မှတ်မထားခဲ့မိသဖြင့် အံ့ဩမှင်တက်သွားခဲ့ရသည်။
အနီးအနားရှိ တောင်တန်းကြီးများထဲတွင် တစ်စုံတစ်ယောက် ပုန်းအောင်းနေလိမ့်မည်ဟု မည်သူက ထင်မှတ်ထားပါမည်နည်း။
ထို့အပြင် ထိုသူမှာ အသက်ရှူသံပင် မထွက်အောင် အစအန ဖျောက်ထားနိုင်ပေသည်။
ဤလူသား နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူမှာလည်း ဘေးအန္တရာယ်ကို ရှောင်ရှားလိုရုံသာ ဖြစ်ပေလိမ့်မည်။
သို့သော် ယခုအခါတွင်မူ အလွန် ကံဆိုးလှစွာဖြင့် မိမိ၏ ရှာဖွေတွေ့ရှိခြင်းကို ခံလိုက်ရချေပြီ။
သူ၏ မျက်လုံးများမှာ လည်ပတ်သွားပြီး အကြံတစ်ခု ရရှိသွားလေသည်။
"ဟဲဟဲ... ငါ့ဆီက ရတနာတွေကို လုယူချင်တာလား၊ အိပ်မက်မက်နေလိုက်...”
"ငါက ဒီရတနာတွေကို တခြားလူကို ပေးလိုက်ရရင် ပေးလိုက်မယ်၊ မင်းတို့ကိုတော့ လုံးဝ မပေးနိုင်ဘူး...”
လေကျားသစ်မျိုးနွယ်မှ လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူက အေးစက်စွာ လှောင်ရယ်လိုက်၏။
သူက လက်ကို ဝေ့ယမ်းလိုက်ရာ သူ၏ ကိုယ်ပေါ်ရှိ အာကာသလက်စွပ်မှာ အဝေးရှိ လူသားကျင့်ကြံသူထံသို့ အရှိန်အဟုန်ဖြင့် လွင့်ပျံသွားပြီး စိတ်ကူးမယဉ်နိုင်သော အမြန်နှုန်းဖြင့် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။
ရွှီး...။
ထို့နောက် သူသည် လွတ်မြောက်ခြင်း အလင်းတန်းတစ်ခုအဖြစ် အသွင်ပြောင်းကာ အဝေးသို့ ထွက်ပြေးရန် ပြင်လိုက်၏။
သူ၏ ရည်ရွယ်ချက်မှာ အလွန်ပင် ရှင်းလင်းလှပေသည်။ ကျိုးစွေ့ကို အသုံးချကာ ဘေးအန္တရာယ်ကို ခုခံခိုင်းပြီး သူကိုယ်တိုင် လွတ်မြောက်ရန် ကြိုးပမ်းလိုက်ခြင်းပင်။
ဤလူသား နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူ မည်သို့ဖြစ်သွားမည်ကိုမူ ခန့်မှန်းကြည့်ရုံဖြင့် သိနိုင်ပေသည်။
သို့သော် သူအနေဖြင့် အဘယ်ကြောင့် ထိုမျှအထိ ဂရုစိုက်နေပါမည်နည်း။ ကျားသစ်တစ်ကောင်အနေဖြင့် မိမိကိုယ်ကျိုးမကြည့်လျှင် ကောင်းကင်နှင့်မြေကြီးကပင် အပြစ်ပေးလိမ့်မည် မဟုတ်ပါလော။
မည်သို့ပင်ဖြစ်စေ လေကျားသစ်မျိုးနွယ်နှင့် လူသားမျိုးနွယ်တို့၏ ဆက်ဆံရေးမှာ သာမန်မျှသာ ဖြစ်ရာ သူ၏ စိတ်ထဲတွင်လည်း အပြစ်ရှိသလို ခံစားနေရခြင်း မရှိပေ။
အလွန်ဆုံးရှိလျှင်မူ နောက်နှစ် အောက်မေ့ဖွယ်နေ့ရောက်သည့်အခါ၌ ဤကောင်လေး၏ ဂူဗိမာန်ပေါ်တွင် အမွှေးတိုင်တစ်တိုင် ထွန်းညှိပေး၍ ကျေးဇူးဆပ်လိုက်မည်သာ။
"ဟူး... မင်းတို့ကို ငါမပတ်သက်ချင်ခဲ့ဘူး...”
"ဒါပေမဲ့… ကိုယ်တိုင်လာပြီး အသေခံမယ်လို့ မထင်ထားမိဘူး။ ဒါဆိုရင်တော့ ငါ့ကို အပြစ်မတင်နဲ့တော့...”
"အားလုံး သေကြပေတော့...”
ကျိုးစွေ့က သက်ပြင်းတစ်ချက် ချလိုက်ကာ လက်ကို ဝေ့ယမ်းလိုက်၏။
ဆဋ္ဌမအဆင့် အလယ်အလတ်အဆင့် ‘အိပ်မက်ဝိညာဉ်ကူ’။
မှန်ပေသည်၊ ရက်အနည်းငယ်အတွင်းမှာပင် ‘အိပ်မက်ဝိညာဉ်ကူ’ မှာ တစ်ဆင့်မြင့်တက်သွားခဲ့ပြီး ဆဋ္ဌမအဆင့် အောက်ခြေအဆင့်မှ ဆဋ္ဌမအဆင့် အလယ်အလတ်အဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ထိုအင်မော်တယ် ဝိညာဉ်အကြွင်းအကျန်၏ စွမ်းအင်မှာ အလွန်တရာ ကြီးမားလှသောကြောင့်ပင်။
သူ၏ ခန့်မှန်းချက်အရဆိုလျှင်မူ အဆိုပါ အင်မော်တယ်ဝိညာဉ်အကြွင်းအကျန်၏ စွမ်းအင်များ အကုန်အစင် ကုန်ဆုံးသွားချိန်တွင် ‘အိပ်မက်ဝိညာဉ်ကူ’ မှာ အနည်းဆုံး ဆဋ္ဌမအဆင့် အထွတ်အထိပ်အထိ တက်လှမ်းနိုင်ပေလိမ့်မည်။
နတ်ဘုရားစွမ်းရည်... အိပ်မက်ထဲသို့ ဆွဲသွင်းခြင်း။
ထိုခဏ၌ပင် မြင်တွေ့နိုင်စွမ်းမရှိသော အိပ်မက်ကမ္ဘာစွမ်းအားများက လွင့်ပျံထွက်သွားပြီး ကီလိုမီတာ တစ်သောင်းပတ်လည်ကို လွှမ်းခြုံသွားလေသည်။ ဧရာမ အိပ်မက်ကမ္ဘာကြီးတစ်ခု ကျဆင်းလာသကဲ့သို့ အတားအဆီးနယ်မြေတစ်ခု ဖြစ်ပေါ်လာ၏။
'ဘာဖြစ်သွားတာလဲ...’
အဝေးသို့ အသည်းအသန် ထွက်ပြေးနေသည့် လေဟာနယ်သန့်စင်ခြင်း အစောပိုင်းအဆင့်ရှိ လေကျားသစ်မှာ ကြောင်အသွားချေသည်။
သူ၏ ဝမ်းသာအားရ ဖြစ်နေသော မျက်နှာမှာ အေးခဲသွားပြီး ဝိညာဉ်မှာ အိပ်မက်ကမ္ဘာထဲသို့ တန်းခနဲ ကျဆင်းသွားလေသည်။ တစ်ကိုယ်လုံးမှာ နေရာတွင်ပင် ရပ်တန့်သွားပြီး၊ လှုပ်ရှား၍ မရတော့ဘဲ မျက်လုံးများမှာလည်း အသက်ကင်းမဲ့သွား၏။
ထိုသို့ ဖြစ်သွားသည်မှာ ထိုလေကျားသစ်တစ်ကောင်တည်း မဟုတ်ပေ။
ကျန်ရှိနေသော လေဟာနယ်သန့်စင်ခြင်းအဆင့်ရှိ မြွေပျံငါးကောင်မှာလည်း ထိုနည်းအတိုင်းပင်။
၎င်းတို့မှာ အရေခွံထူထဲပြီး တိုက်ခိုက်ရေးစွမ်းရည် မြင့်မားကြသော်လည်း ဝိညာဉ်ပိုင်းဆိုင်ရာမှာမူ အားနည်းချက်ပင် ဖြစ်၏။
ဆဋ္ဌမအဆင့် ‘အိပ်မက်ဝိညာဉ်ကူ’ ၏ စွမ်းအားရှေ့တွင် မည်ကဲ့သို့ ခုခံနိုင်ပါမည်နည်း။
ချက်ချင်းပင် တစ်ကောင်ချင်းစီမှာ နေရာမှာတင် ရပ်တန့်သွားကြပြီး ဝိညာဉ်များမှာလည်း အိပ်မက်မန္တန်အတွင်းသို့ ကျရောက်ကာ လုံးဝ ပိတ်မိသွားကြတော့သည်။
"သေလိုက်ကြတော့...”
ကျိုးစွေ့က လက်ညှိုးဖြင့် အသာအယာညွှန်လိုက်ကာ 'မိုးကြိုးကပ်ဘေးကူ' ၏ စွမ်းအားကို လှုံ့ဆော်လိုက်၏။
မိုးကြိုးအလင်းတန်းများက လေဟာနယ်သန့်စင်ခြင်းအဆင့်ရှိ မျိုးနွယ်ခြား ကျင့်ကြံသူ ခြောက်ဦးထံသို့ အရှိန်အဟုန်ဖြင့် ကျရောက်သွားတော့သည်။
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ၎င်းတို့မှာ ချက်ချင်းပင် အသက်ပျောက်သွားကြ၏။ ဝိညာဉ်များမှာ ပျက်စီးသွားပြီး ဧရာမ ခန္ဓာကိုယ်ကြီးများမှာလည်း မြေပြင်ပေါ်သို့ လဲကျကာ လုံးဝ ဇာတ်သိမ်းသွားတော့သည်။
ယခုအချိန်တွင်မူ ကျိုးစွေ့၏အစွမ်းမှာ သာမန် လေဟာနယ်သန့်စင်ခြင်းအဆင့်ရှိ ကျင့်ကြံသူများ ယှဉ်ပြိုင်နိုင်သောအဆင့်တွင် မရှိတော့ကြောင်း အသေအချာပင်။
"ကျွတ်ကျွတ်... ကံတရား ကောင်းမွန်တာက အတော်လေး အစွမ်းထက်တာပဲ...”
"အပြင်မထွက်ဘဲ အိမ်ထဲမှာ အောင်းနေရင်တောင် ရတနာတွေက သူ့အလိုလို လာဆက်သကြတာပဲ...”
ကျိုးစွေ့က မေးစေ့ကို ပွတ်သပ်လိုက်၏။
သူသည် ဤဂူထဲတွင်သာ နေထိုင်ပြီး မည်သည့်နေရာကိုမှ မသွားခဲ့ပေ။
သို့တိုင် သူ၏ကိုယ်ပေါ်ရှိ ကံတရားမှာ အလွန်တရာ တောက်ပြောင်နေသောကြောင့် ကံကောင်းမှုများစွာက သူ့ထံသို့ အလိုအလျောက် ဆွဲဆောင်ခံနေရခြင်း ဖြစ်လေသည်။
အမှန်အတိုင်းဆိုရလျှင် ဤလေဟာနယ်သန့်စင်ခြင်းအဆင့်ရှိ မျိုးနွယ်ခြား ကျင့်ကြံသူများမှာ ပထမဆုံးအသုတ် မဟုတ်ဘဲ ပဉ္စမမြောက်အသုတ်ပင် ဖြစ်၏။
၎င်းတို့မှာ မိုးကြိုးအင်မော်တယ်စံအိမ်မှ ရရှိခဲ့သော ရတနာအမြောက်အမြားကို သယ်ဆောင်လာခဲ့ကြခြင်း ဖြစ်သည်။
ရလဒ်အနေဖြင့်မူ နောက်ဆုံးတွင် သူ့အတွက်သာ အကျိုးအမြတ် ဖြစ်သွားခဲ့လေသည်။