အခန်း ၇၈၇
Vol. 74 Ch. 787
အခန်း (၇၈၇) - လေဟာနယ်သန့်စင်ခြင်းအဆင့် ခန္ဓာကျင့်ကြံသူအဖြစ်သို့ တက်လှမ်းခြင်း၊ အစစ်အမှန်နဂါး၏ ရိုးတွင်းခြင်ဆီ၊ နဂါးဆင်ဓမ္မသဏ္ဌာန်နှင့် သက်တမ်းနှစ်သိန်း(၂)။
"သက်စောင့်စွမ်းအင်ကလည်း ဘက်စုံ တိုးတက်လာခဲ့ပြီပဲ...”
ကျိုးစွေ့တစ်ယောက် အလွန်တရာ အံ့အားသင့်သွားမိသည်။
သူ၏ရုပ်ခန္ဓာတွင် ကြီးမားလှသော သက်စောင့်စွမ်းအင်များ ပြည့်နှက်နေသည်ကိုလည်း သူ ခံစားလိုက်ရ၏။ ခန္ဓာကိုယ်၏ ကန့်သတ်ချက်သည် ထပ်မံ ချိုးဖြတ်ခံလိုက်ရပြီး အသက်ရှည်ခြင်းဆိုင်ရာ အရာဝတ္ထုများကို ပိုမို လက်ခံသိုလှောင်ထားနိုင်ပြီ ဖြစ်သည်။
ဤသည်က သူ၏သက်တမ်းသည်လည်း ပိုမို တိုးတက်လာပြီ ဖြစ်ကြောင်းကို ကိုယ်စားပြုနေလေ၏။
ယခုအခါ သူသည် ရှေးဟောင်းဒဏ္ဍာရီလာ သက်ရှိများနှင့် များစွာကွာခြားမှု မရှိတော့ချေ။
ရိုးရိုးသားသား ဆိုရလျှင် လက်ရှိ သူသည် မည်မျှကြာအောင် အသက်ရှင်နိုင်မည်နည်း ဆိုသည်ကို သူကိုယ်တိုင်ပင် စိတ်ကူးမယဉ်နိုင်တော့ပေ။
ကောင်းကင်ပြိုကျပြီး မြေကြီးပျက်သုဉ်းသွားသည်အထိဟု မဆိုရဲသော်လည်း အနည်းဆုံးအနေဖြင့် မဟာယာနအဆင့် ကျင့်ကြံသူများပင်လျှင် ဤမျှသာ ဖြစ်တန်ရာသည်။
"သွေးမျိုးဆက်ဆိုင်ရာ နတ်ဘုရားစွမ်းရည်အသစ်ကိုလည်း မွေးဖွားပေးလိုက်ပုံရတယ်...”
ကျိုးစွေ့၏ စိတ်ထဲတွင် လှုပ်ရှားသွားလေ၏။
'နဂါးဆင်ကူ' သည် ဆဋ္ဌမအဆင့် အောက်ခြေအဆင့်သို့ တက်လှမ်းသွားသည်နှင့်အမျှ သွေးမျိုးဆက်ဆိုင်ရာ နတ်ဘုရားစွမ်းရည်အသစ်တစ်ခုကို သဘာဝအလျောက် မွေးဖွားလာစေခဲ့သည်။
ယင်း၏ အမည်သည်ကား 'ကမ္ဘာဦးနဂါးလက်သီး' ပင် ဖြစ်လေသည်။
ဤသွေးမျိုးဆက်ဆိုင်ရာ နတ်ဘုရားစွမ်းရည်သည် အစစ်အမှန်နဂါး၏ စွမ်းအားမှ ဆင်းသက်လာခြင်း ဖြစ်သည်။
လက်သီးတစ်ချက် ထိုးထုတ်လိုက်သည်နှင့် နဂါးဆင်စွမ်းအားများ ကိန်းအောင်းနေရုံသာမက၊ တစ်ချိန်တည်းမှာပင် ကမ္ဘာဦးစွမ်းအားများလည်း ပါဝင်နေပေ၏။
၎င်းသည် နဂါးဆင်စွမ်းအားများအားလုံးကို စုစည်းကာ ကမ္ဘာဦးစွမ်းအားအဖြစ်သို့ ပြောင်းလဲပြီးနောက် လက်သီးတစ်ချက်အဖြစ် ထိုးနှက်နိုင်စွမ်း ရှိလေသည်။
ဤသွေးမျိုးဆက်ဆိုင်ရာ နတ်ဘုရားစွမ်းရည်သည် အနှိုင်းမဲ့ ကြမ်းတမ်းပြင်းထန်ပြီး ရောက်ရှိသွားသည့် နေရာတိုင်းရှိ အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သည်။
နဂါးနတ်ဘုရား ဝင်ရောက်ပူးကပ်နေသကဲ့သို့ တိုက်ပွဲတိုင်းတွင် အနိုင်ရရှိပြီး မည်သည့်တိုက်ခိုက်မှုကိုမဆို ချိုးဖြတ်နိုင်စွမ်း ရှိလေသည်။
ဘန်း...။
ဤအခိုက်အတန့်တွင် ကျိုးစွေ့သည် အတွေးတစ်ချက်ဖြင့် ခန္ဓာကိုယ်တွင်းရှိ သွေးမျိုးဆက်စွမ်းအားကို ချက်ချင်း လှုံ့ဆော်လိုက်ပြီး လက်သီးတစ်ချက်ကို ညင်သာစွာ ထိုးချလိုက်လေ၏။
ချက်ချင်းပင် အဆုံးမဲ့ ကောင်းကင်နှင့်မြေကြီး၏ မူလချီစွမ်းအင်များသည် စုစည်းလာပြီး ကမ္ဘာဦးလက်သီးတစ်လုံးအဖြစ်သို့ ပြောင်းလဲသွားသကဲ့သို့ ရှိချေတော့သည်။
လက်ချောင်းတိုင်းသည် အစစ်အမှန်နဂါးတစ်ကောင်စီအဖြစ် ရှိနေပြီး အစစ်အမှန်နဂါး ငါးကောင်တိတိ၏ စွမ်းအားများ စုစည်းကာ ၎င်းအပေါ်တွင် သိပ်သည်းလှသော နဂါးဆင်အက္ခရာများ ဖုံးလွှမ်းသွားလေ၏။
၎င်းတွင် ဖျက်ဆီးခြင်းစွမ်းအားများနှင့် အရှိန်အဝါများ ကိန်းအောင်းနေချေသည်။
ဘုန်း...။
ဤလက်သီးချက် ထွက်ပေါ်သွားသည်နှင့် မျက်စိတစ်မှိတ်အတွင်းမှာပင် ဂူနန်းတော်၏ နံရံကို ဖောက်ထွင်းသွားတော့သည်။
ဂူနန်းတော်ကို ဖုံးလွှမ်းထားသည့် ဆဋ္ဌမအဆင့် အစီအရင်ကြီးနှင့် အထပ်ထပ်သော အစီအရင်အတားအဆီးများပင်လျှင် ပြင်းထန်စွာ လှုပ်ခါသွားလေသည်။
ဤလက်သီးချက်သည် ဆဋ္ဌမအဆင့် အစီအရင်ကြီး၏ အတားအဆီးကို ဖောက်ထွင်းနိုင်လောက်သည်အထိ လုံလောက်နေသကဲ့သို့ပင် ရှိချေသည်။
ဤသည်က အစီအရင်ကို ကောင်းကင်နှင့်မြေကြီး တုန်လှုပ်သွားသကဲ့သို့ ဖြစ်စေပြီး မရေမတွက်နိုင်သော ကောင်းကင်နှင့်မြေကြီး၏ ဝိညာဉ်ချီများကို ဆူပွက်လာစေသည်။
ဤလက်သီးချက်၏ ဖျက်ဆီးနိုင်စွမ်းကို မှန်းဆကြည့်နိုင်ပေသည်။
ရန်သူသည် ကာကွယ်ရေးအမျိုးအစား အလယ်အလတ် ကောင်းကင်အဆင့်ဝိညာဉ်ရတနာကို ဝတ်ဆင်ထားသည့်တိုင် ခုခံရန် ခက်ခဲမည်မှာ အသေအချာပင်။
"ဒီလိုကိုး...”
"မတူညီတဲ့လူတွေက မတူညီတဲ့ သွေးမျိုးဆက်ဆိုင်ရာ နတ်ဘုရားစွမ်းရည်တွေကို မွေးဖွားပေးနိုင်တာပဲ...”
ကျိုးစွေ့က သူ၏မေးစေ့ကို ပွတ်သပ်လိုက်လေ၏။
ဤ 'ကမ္ဘာဦးနဂါးလက်သီး' နတ်ဘုရားစွမ်းရည်သည် သူ၏ ခန္ဓာကိုယ်တွင်းရှိ နဂါးဆင်သွေးမျိုးဆက်မှ မွေးဖွားလာခြင်းပင် ဖြစ်သည်။
သို့သော် လူတိုင်းသည် တူညီသော သွေးမျိုးဆက်ဆိုင်ရာ နတ်ဘုရားစွမ်းရည်ကို မွေးဖွားနိုင်မည်ဟု မဆိုလိုပေ။
၎င်းသည် အစစ်အမှန်နဂါးမျိုးနွယ်စုနှင့် တူညီလှ၏။ များပြားလှသော အစစ်အမှန်နဂါးများ ရှိသော်လည်း ၎င်းတို့ ကျွမ်းကျင်သည့် သွေးမျိုးဆက်ဆိုင်ရာ နတ်ဘုရားစွမ်းရည်များမှာမူ ကွဲပြားကြလေသည်။
သူသည်လည်း ထို့အတူပင် ဖြစ်၏။
ဤသွေးမျိုးဆက်ဆိုင်ရာ နတ်ဘုရားစွမ်းရည်သည် သူ ကျွမ်းကျင်သည့် စွမ်းအားများနှင့် သူ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုတို့အပေါ် အခြေခံ၍ မွေးဖွားလာခြင်း ဖြစ်သည်။
ထို့ကြောင့် ဤနတ်ဘုရားစွမ်းရည်သည် သူ ခန္ဓာကိုယ်နှင့် အနှိုင်းမဲ့ လိုက်ဖက်ညီနေလေ၏။
၎င်းကို ကျွမ်းကျင်ပိုင်နိုင်ရန်မှာ အသက်ရှူရသည့်အလား လွယ်ကူလှပေသည်။
မည်သို့လေ့ကျင့်ရမည်ကိုပင် မလိုအပ်ဘဲ သဘာဝအလျောက် အလိုလိုတတ်မြောက်သွားခြင်းပင် ဖြစ်၏။
"လက်ရှိ ငါက လေဟာနယ်သန့်စင်ခြင်းအဆင့် ဘိုးဘေးတွေ ပိုင်ဆိုင်တဲ့ ကောင်းကင်မြေကြီး ဓမ္မသဏ္ဌာန်ကို ကျွမ်းကျင်သွားပြီပဲ...”
ကျိုးစွေ့၏ မျက်လုံးများတွင် တောက်ပသော အလင်းရောင်တစ်ခု ထွက်ပေါ်လာပြီး အလွန်တရာ စိတ်လှုပ်ရှားနေတော့သည်။
ဝုန်း...
သူ၏ ခန္ဓာကိုယ်အတွင်းရှိ သွေးကြောများ ဆူပွက်လာသည်ကို မြင်လိုက်ရပြီး ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့်မြေကြီး ဝိညာဉ်ချီများက တစ်နေရာတည်းသို့ စုစည်းသွားကာ နဂါးဆင် ဓမ္မသဏ္ဌာန်အဖြစ် ပေါ်ပေါက်လာလေ၏။
အစစ်အမှန်နဂါးနှင့် နတ်ဘုရားဆင်တို့ အပြန်အလှန် ရင်ဆိုင်နေကြရင်း နဂါးနှင့်ဆင် တိုက်ခိုက်နေသည့် ပုံသဏ္ဌာန်အဖြစ် ပြောင်းလဲသွားတော့သည်။
ပတ်ဝန်းကျင်တစ်ခွင်၌ ထိတ်လန့်ဖွယ်ရာ နတ်ဘုရားစွမ်းအင်များ ဖုံးလွှမ်းသွားပြီး ယှဉ်ပြိုင်နိုင်စွမ်းမရှိသော ကြောက်မက်ဖွယ် ဖိနှိပ်မှုကြီးတစ်ခု ဖြစ်တည်လာကာ ကောင်းကင်နှင့်မြေကြီးကိုပင် တုန်လှုပ်သွားစေ၏။
စိတ်ဆန္ဒအနည်းငယ် လှုပ်ရှားလိုက်ရုံဖြင့်ပင် ဤနဂါးဆင် ဓမ္မသဏ္ဌာန်ကြီးက ပေါက်ကွဲထွက်ပေါ်လာကာ ရန်သူအားလုံးကို ကြိတ်ချေပစ်နိုင်မည့်ပုံ ပေါက်နေလေသည်။
သာမန်ကာလျှံကာ ပြုလုပ်လိုက်သည့်ကြားမှာပင် အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သော အဆုံးမဲ့ ကောင်းကင်အာဏာစက်များ ပြည့်နှက်နေသည်။
ယခုတွင်မူ ကောင်းကင်မြေကြီး ဓမ္မသဏ္ဌာန်ဆိုသည်မှာ အဘယ်ကဲ့သို့သော စွမ်းအားမျိုးဖြစ်သည်ကို သူ နားလည်သဘောပေါက်သွားပြီ ဖြစ်၏။
အမှန်တကယ်တွင် ဤသည်မှာ နယ်ပယ်စွမ်းအား၏ အဆင့်မြင့် အသုံးချမှုတစ်ရပ်ပင် ဖြစ်ချေသည်။
နတ်ဘုရားအသွင်ပြောင်းနယ်ပယ်က နောက်တစ်ဆင့်သို့ အသွင်ပြောင်းသွားပြီး မူလဝိညာဉ်စွမ်းအားများ ထပ်မံမြင့်တက်လာသောအခါ၊ မူလဝိညာဉ်နှင့် ကောင်းကင်နှင့်မြေကြီး ဝိညာဉ်ချီတို့အကြား ကောင်းကင်နှင့်လူသား ဆက်သွယ်မှုများ ဖြစ်ပေါ်လာပြီး မူလဝိညာဉ်နှင့် ဝိညာဉ်ချီတို့ ရောယှက်သွားရာမှ ကောင်းကင်မြေကြီး ဓမ္မသဏ္ဌာန် ဖြစ်တည်လာခြင်းပင်။
ဤကောင်းကင်မြေကြီး ဓမ္မသဏ္ဌာန်၏ စွမ်းအားသည်ကား သဘာဝတရား၏ စွမ်းအားပင် ဖြစ်လေသည်။
ထို့ကြောင့် လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူများသည် ကောင်းကင်နှင့်မြေကြီး သဘာဝတရား၏ စွမ်းအားများကို လက်ဖဝါးလှန်လိုက်သကဲ့သို့ လွယ်ကူစွာ ခြယ်လှယ်နိုင်ပြီး၊ မိမိခန္ဓာကိုယ်ထက် ဆယ်ဆ၊ အဆတစ်ရာမကသော စွမ်းအားများကို ထုတ်ဖော်နိုင်ခြင်း ဖြစ်ရာ အဆင့်နိမ့်ကျင့်ကြံသူများ ယှဉ်ပြိုင်နိုင်စွမ်းမရှိသည်မှာ သဘာဝပင် ဖြစ်၏။
မျက်နှာချင်းဆိုင် တွေ့ဆုံလိုက်သည်နှင့် တစ်ပြိုင်နက် အဆင့်နိမ့်ကျင့်ကြံသူ အများအပြားကို အလွယ်တကူ ကြိတ်ချေပစ်နိုင်မည်ဖြစ်ပြီး ပြိုင်ဘက်ကင်းနေမည်မှာ အသေအချာပင်။
ဤသို့ဖြစ်သောကြောင့် မတူညီကွဲပြားသော ကျင့်စဉ်များကို ကျင့်ကြံထားကြသည့် ကျင့်ကြံသူများတွင် ကိုယ်ပိုင်မူလဝိညာဉ်များ ရှိသည်ဖြစ်ရာ၊ မတူကွဲပြားသော ကောင်းကင်မြေကြီး ဓမ္မသဏ္ဌာန်များ ထွက်ပေါ်လာမည်ဖြစ်သည်။ ဤသည်မှာ မတူကွဲပြားသော ကျင့်ကြံသူများ လိုက်စားကြသည့် လမ်းစဉ်နှင့် တာအိုကို ကိုယ်စားပြုနေလေသည်။
“ဆိုလိုတာက နောက်ထပ် ငါ့ရဲ့မူလဝိညဉ်ကို သန့်စင်ယန်အဖြစ် ပြောင်းလဲလိုက်ပြီး ကျင့်ကြံမှုအဆင့်ကို နတ်ဘုရားအသွင်ပြောင်း ပြီးပြည့်စုံခြင်းအဆင့်ရောက်အောင် မြှင့်တင်နိုင်ရင် သူ့အလိုလို လေဟာနယ်သန့်စင်ခြင်းအဆင့်ကို တက်လှမ်းနိုင်ပြီပေါ့…”
“ငါ့အတွက်တော့ လေဟာနယ်သန့်စင်ခြင်း မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်ဖို့ဆိုတာက ကလေးကစားစရာပဲ…”
“လေဟာနယ်သန့်စင်ခြင်းအဆင့်ကို လက်တစ်ကမ်းမှာတင် ရယူနိုင်ပြီပဲ…”
ကျိုးစွေ့မှာ အလွန်အမင်း ဝမ်းသာပီတိဖြစ်နေတော့သည်။
သာမန် နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူများအနေဖြင့် လေဟာနယ်သန့်စင်ခြင်းအဆင့်သို့ တက်လှမ်းလိုပါက အခက်အခဲပေါင်း ထောင်သောင်းမက ရှိနေသည်ကို သိထားသင့်ပေသည်။
နှစ်ထောင်ပေါင်းများစွာ အချိန်ကုန်ဆုံးခံလျှင်ပင် လေဟာနယ်သန့်စင်ခြင်းအဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်မည်ဟု မသေချာချေ။
သို့သော် ယခုမူ ဝိညာဉ်ကမ္ဘာသို့ ရောက်ရှိလာသည်မှာ နှစ်တစ်ရာ၊ နှစ်ရာခန့်သာ ရှိသေးသော်လည်း လေဟာနယ်သန့်စင်ခြင်းအဆင့်သို့ ခြေချနိုင်မည့် အခွင့်အရေး ရရှိနေပြီ ဖြစ်၏။
အကယ်၍ ဤကိစ္စကိုသာ အခြားကျင့်ကြံသူများ သိရှိသွားပါက မနာလိုလွန်း၍ အူတိုကာ လဲသေသွားကြမည်မှာ သေချာသည်။
ဝှမ်...။
ဤနေရာအထိ တွေးမိသောအခါ သူ၏စိတ်ထဲတွင် လှုပ်ရှားသွားပြီး သူ၏ခန္ဓာကိုယ်ပေါ်ရှိ အချက်အလက်ပြမျက်နှာပြင်ကို ချက်ချင်းဖွင့်လိုက်ကာ လက်ရှိ သူ၏အချက်အလက်များ မည်သို့ရှိနေသည်ကို ကြည့်ရှုလိုမိတော့သည်။
ဤသည်က သူ၏ပြောင်းလဲမှုများကို အတိုင်းအတာတစ်ခုအထိ နားလည်နိုင်စေမည် မဟုတ်ပါလော။
[ ပိုင်ရှင် - ကျိုးစွေ့၊ ကျင့်ကြံမှု - နတ်ဘုရားအသွင်ပြောင်း နှောင်းပိုင်းအဆင့် (တိုးတက်မှု ၈၀%)၊ သက်တမ်း - ၇၀၇ (၂၀၀၀၀၀) နှစ် ]
[ ပင်ကိုပါရမီ - ကောင်းကင်အဆင့် စိတ်ဝိညာဉ်အမြစ် (၂၅%) ]
[ ဓားတာအို - ပဉ္စမအဆင့် အထွတ်အထိပ် (၈၀%) ]
[ အဆောင်ပညာ - ပဉ္စမအဆင့် အထွတ်အထိပ် (၄၀%) ]
[ အစီအရင်ပညာ - ဆဋ္ဌမအဆင့် အထွတ်အထိပ် (၈၀%) ]
[ ဆေးဖော်စပ်ပညာ - ဆဋ္ဌမအဆင့် အောက်ခြေအဆင့် (၃၀%) ]
[ လက်နက်သန့်စင်ခြင်း - ပဉ္စမအဆင့် အထွတ်အထိပ် (၄၅%) ]
[ နတ်ဆိုးအသွင်ပြောင်းပညာရပ် - မဟာဆရာသခင်အဆင့် ]
[ ကောင်းကင်မြေကြီး ဆေးပေါင်းဖိုပညာရပ် - ကျွမ်းကျင်အဆင့် ]
[ မိစ္ဆာနှလုံးသားဆင့်ခေါ်ခြင်းကျင့်စဉ် - မိစ္ဆာမျိုးစေ့၊ မိစ္ဆာဆင့်ခေါ်ခြင်း၊ မိစ္ဆာဝါးမျိုခြင်း ]
[ အလင်းမျက်လုံးခုနစ်လုံးလျှို့ဝှက်ကျမ်း - နှလုံးသားမျက်လုံး အသိအမှတ်ပြုခြင်း၊ နှလုံးသားမျက်လုံးထိုးထွင်းသိမြင်ခြင်း၊ နှလုံးသားမျက်လုံး ဘာသာစကားနားလည်ခြင်း၊ နှလုံးသားမျက်လုံး စိတ်အာရုံဖတ်ခြင်း၊ နှလုံးသားမျက်လုံး သေကွင်းသေကွက်သိမြင်ခြင်း (၇၀%) ]
[ ကျူးရှန်းဓားသိုင်း - ပထမပုံစံ သဏ္ဌာန်မဲ့ဓားအလင်း၊ ဒုတိယပုံစံ သတ်ဖြတ်ခြင်းဓားအလင်း၊ တတိယပုံစံ ကျော့ကွင်းဓားအလင်း ]
[ ဓာတ်ငါးပါး မိုးကြိုးမန္တန် - ကျွမ်းကျင်အဆင့်၊ ကုယုံဆန်းကြယ်အလင်း - မဟာဆရာသခင်အဆင့်၊ ရှေးဟောင်းလိပ်နက်ပညာရပ် - တတိယအလွှာ၊ ဝိညာဉ်ဖြန့်ကျက်အဆိပ်ဆူး - မဟာဆရာသခင်အဆင့် ]
[ 'ချစ်ခြင်းမေတ္တာကူ' - ဆဋ္ဌမအဆင့် အထွတ်အထိပ်၊ 'ကိုယ်ပွားကူ' - ပဉ္စမအဆင့် အထွတ်အထိပ်၊ 'အရက်ကူ' - ပဉ္စမအဆင့် အထွတ်အထိပ်၊ 'ရွှေစားကူ' - ပဉ္စမအဆင့် အထွတ်အထိပ်၊ 'စာအုပ်ကူ' - သတ္တမအဆင့် အလယ်အလတ်၊ 'အိပ်မက်ဝိညာဉ်ကူ' - ဆဋ္ဌမအဆင့် အလယ်အလတ်၊ 'နဂါးဆင်ကူ' - ဆဋ္ဌမအဆင့် အောက်ခြေအဆင့်၊ 'ရွှေအလင်းအဆိပ်တစ်ထောင်ကူ' - ပဉ္စမအဆင့် အထွတ်အထိပ်၊ 'တည်နေရာပြောင်းကူ' - ပဉ္စမအဆင့် အထွတ်အထိပ်၊ 'အစီအရင်နှလုံးသားကူ' - ဆဋ္ဌမအဆင့် အထွတ်အထိပ်၊ 'ပစ္စည်းရှာဖွေကူ' - ပဉ္စမအဆင့် အထွတ်အထိပ်၊ 'မိုးကြိုးကပ်ဘေးကူ' - ဆဋ္ဌမအဆင့် အောက်ခြေအဆင့်၊ 'ဆေးဝါးကူ' - ပဉ္စမအဆင့် အထွတ်အထိပ်၊ 'ကံကြမ္မာကူ' - ပဉ္စမအဆင့် အထွတ်အထိပ် ]
ချက်ချင်းပင် အချက်အလက်အစဉ်လိုက်က သူ၏ရှေ့မှောက်တွင် ပေါ်လာလေ၏။