← Chapters

အခန်း ၇၈၈

Vol. 74 Ch. 788

အခန်း ၇၈၈

Vol. 74 Ch. 788

အခန်း (၇၈၈) - လေဟာနယ်သန့်စင်ခြင်းအဆင့် ခန္ဓာကျင့်ကြံသူအဖြစ်သို့ တက်လှမ်းခြင်း၊ အစစ်အမှန်နဂါး၏ ရိုးတွင်းခြင်ဆီ၊ နဂါးဆင်ဓမ္မသဏ္ဌာန်နှင့် သက်တမ်းနှစ်သိန်း(၃)။

'မဖြစ်နိုင်တာ၊ သက်တမ်းက နှစ်သိန်းအထိ တက်သွားတာလား...’

'ဒါက တကယ်ကို ချဲ့ကားလွန်းနေပြီ...’

'သာမန် မဟာယာနအဆင့် ကျင့်ကြံသူတွေရဲ့ သက်တမ်းကတောင် ဒီလောက်ပဲ ရှိမှာ...’

'တကယ်လို့ သက်တမ်းက ဒီလိုဆက်ပြီး တိုးနေမယ်ဆိုရင် ငါ့ရဲ့ကျင့်ကြံမှုအဆင့် မဟာယာနအဆင့်ကို ရောက်တဲ့အခါ သက်တမ်းက နှစ်တစ်သန်းထက်တောင် ကျော်လွန်သွားနိုင်တဲ့ အခွင့်အရေးရှိနေပြီပဲ။ ဒါမှမဟုတ် ဒီထက်တောင် ပိုများနိုင်သေးတယ်...’

'နဂါးဆင်သွေးမျိုးဆက်တဲ့လား… ဒဏ္ဍာရီလာခန္ဓာကိုယ်နဲ့ မွေးရာပါ အသက်ရှည်တဲ့မျိုးနွယ် ဖြစ်နေတာ မဆန်းတော့ပါဘူးလေ...’

ကျိုးစွေ့က သက်ပြင်းချကာ တွေးလိုက်မိ၏။

ထိုအစစ်အမှန်ဝိညာဉ်သတ္တဝါများ၊ ထိုဒဏ္ဍာရီလာသတ္တဝါများက ဤမျှအထိ အစွမ်းထက်နေသည်မှာလည်း အံ့သြစရာ မရှိတော့ပေ။

သာမန်လူသားများအနေဖြင့် မရေမတွက်နိုင်သော ကပ်ဘေးများကို ကျော်ဖြတ်ကာ သက်စွန့်ဆံဖျား ကြိုးစားပမ်းစား အားထုတ်ပြီးမှသာ ရှည်လျားသော သက်တမ်းကို ရရှိနိုင်ခြင်း ဖြစ်၏။

သို့သော် ထိုဒဏ္ဍာရီလာ သတ္တဝါများမှာမူ မွေးဖွားလာသည်နှင့် တစ်ပြိုင်နက်တည်းမှာပင် စိတ်ကူးယဉ်နိုင်စွမ်းထက် ကျော်လွန်နေသော ရှည်လျားလှသည့် သက်တမ်းကို ပိုင်ဆိုင်ထားကြသည်။

ဤကမ္ဘာလောကကြီးသည် အမှန်တကယ်ပင် မတရားမှုများဖြင့် ပြည့်နှက်နေသည်ဟုသာ ဆိုရပေမည်။

အချို့သောသူများသည် မွေးဖွားလာသည်နှင့် တစ်ပြိုင်နက် အချမ်းသာဆုံးသူဌေး၏ သားဖြစ်နေပြီး အဆုံးမဲ့သော စည်းစိမ်ချမ်းသာများကို ခံစားကြရလေသည်။

သို့သော် အချို့သောသူများမှာမူ သာမန်အရပ်သားများအဖြစ်သာ မွေးဖွားလာကြပြီး အစွမ်းကုန် ကြိုးစားရုန်းကန်သည့်တိုင် ဝမ်းစာအတွက် ဖူလုံနိုင်ရုံမျှသာ ရှိကြပေသည်။

လူသားမျိုးနွယ်မှာလည်း ထိုနည်းတူပင် ဖြစ်၏။

မတူညီသော မျိုးနွယ်စုများကြားတွင်လည်း ထိုနည်းတူပင် ဖြစ်လေသည်။

လူသားမျိုးနွယ်အနေဖြင့် ထိုဒဏ္ဍာရီလာ မျိုးနွယ်စုများ၊ သက်ရှည်မျိုးနွယ်စုများနှင့် ယှဉ်ပြိုင်နိုင်ရန်မှာ မည်မျှ ကွာဟနေသည်ကိုပင် မသိနိုင်တော့ချေ။

သို့သော်လည်း ကိစ္စမရှိပေ။

သူ၏ကျင့်ကြံမှုအဆင့် အဆက်မပြတ် မြင့်တက်လာသည်နှင့်အမျှ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ဤသက်ရှည်မျိုးနွယ်စုများနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိလာမည်သာ။

'ကျင့်ကြံမှုအဆင့်ကလည်း ၈၀ ရာခိုင်နှုန်းအထိ မြင့်တက်လာပြီပဲ...’

'ဆိုလိုတာက နောက်ထပ် အချိန်အတိုင်းအတာတစ်ခုအထိ ကြိုးစားကျင့်ကြံလိုက်မယ်ဆိုရင် နတ်ဘုရားအသွင်ပြောင်း ပြီးပြည့်စုံခြင်းအဆင့်ကို တက်လှမ်းနိုင်ပြီပေါ့...’

'မဆိုးပါဘူး၊ ငါ့ရဲ့ ကျင့်ကြံမှုတိုးတက်နှုန်းက တော်တော်လေး မြန်ဆန်နေဆဲပဲ...’

ကျိုးစွေ့သည် အလွန်အမင်း ကျေနပ်သွားပြီး စိတ်ခံစားချက်များ တက်ကြွရွှင်လန်းနေလေ၏။

သူ၏ခန္ဓာကိုယ်ထက်ရှိ ကြီးမားလှသော ကံကြမ္မာစွမ်းအားများက သူ့အတွက် စိတ်ကူးမယဉ်နိုင်လောက်သော အကျိုးကျေးဇူးများကို ယူဆောင်လာပေးခဲ့သည်မှာ သိသာထင်ရှားလှသည်။

အကယ်၍ သာမန်အတိုင်းသာ တိုးတက်လာမည်ဆိုပါက သူသည် လေဟာနယ်သန့်စင်ခြင်းအဆင့်သို့ ခြေချနိုင်ရန် အနည်းဆုံး အနှစ်တစ်ရာခန့် အချိန်ယူရမည် ဖြစ်၏။

သို့သော် မိုးကြိုးအင်မော်တယ်စံအိမ်၏ အခွင့်အလမ်းများစွာကို ရရှိခဲ့သောကြောင့် ကျင့်ကြံရမည့်အချိန် မည်မျှ‌အား သက်သာသွားစေခဲ့သည်ကိုပင် မသိနိုင်တော့ချေ။

မြေကမ္ဘာအင်မော်တယ်တာအိုအသီး တစ်လုံးတည်းဖြင့်ပင် အခွင့်အလမ်းမည်မျှနှင့် ညီမျှသည်ကို မခန့်မှန်းနိုင်တော့ပေ။

သာမန်ကျင့်ကြံသူတစ်ယောက်သာ ဤကဲ့သို့သော အခွင့်အလမ်းမျိုးကို ရရှိသွားပါက မျက်စိတစ်မှိတ်အတွင်း ကောင်းကင်သို့ ပျံသန်းသွားနိုင်ပြီး ဝိညာဉ်ကမ္ဘာ၏ ကံကြမ္မာသားတော် ဖြစ်လာမည်မှာ အသေအချာပင်။

ကံကြမ္မာ၏ စွမ်းအားသည်ကား အမှန်တကယ်ပင် ပြိုင်ဘက်ကင်းလောက်အောင် ဆန်းကြယ်လှသည်ဟုသာ ဆိုရပေတော့မည်။

၎င်းသည် သာမန်လူတစ်ယောက်ကို မျက်စိတစ်မှိတ်အတွင်း နဂါးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားစေနိုင်၏။

ထို့အပြင် ကောင်းကင်ဘုံ၏ ဂုဏ်ယူဝင့်ကြွားရသော ပါရမီရှင်များကိုလည်း ကျင့်ကြံမှုစွမ်းအားများ ဆုံးရှုံးသွားစေပြီး မြေအောက်ရှိ ရွှံ့နွံများအဖြစ်သို့ ပြောင်းလဲသွားစေနိုင်သည်။

'ဟမ်...'

'နည်းနည်းတော့ ပုံမှန်မဟုတ်ဘူး...’

'ဘာလို့ ရုတ်တရက်ကြီး ကပ်ဘေးအငွေ့အသက်တွေ ဒီလောက်တောင် များပြားလာရတာလဲ...’

'တိမ်မည်းတွေ အုံ့ဆိုင်းလာပြီး သွေးရောင်အလင်းတန်းတွေ ကောင်းကင်ကို ထိုးတက်လာသလိုပဲ...’

ဤအချိန်တွင်ပင် ကျိုးစွေ့တစ်ယောက် မျက်မှောင်ကြုတ်သွားလေ၏။

သူ၏ဦးခေါင်းထက်ရှိ ကံကြမ္မာရွှေနဂါးမှာ တစ်ခဏအတွင်းမှာပင် တိမ်မည်းများ၏ ဖုံးလွှမ်းခြင်းကို ခံလိုက်ရပြီး၊ တစ်ချိန်တည်းမှာပင် သွေးရောင်အလင်းတန်းများပါ ယှဉ်တွဲ၍ ထွက်ပေါ်လာသည်ကို မြင်တွေ့လိုက်ရချေသည်။

ဝိုးတဝါးဖြင့် အဆုံးမဲ့သော သတ်ဖြတ်လိုစိတ်များ ရှိနေသကဲ့သို့ ဖြစ်ပြီး လူကို ကြောက်ရွံ့တုန်လှုပ်သွားစေသည်။

ဧရာမ ကပ်ဘေးကြီးတစ်ခု ဆိုက်ရောက်လာတော့မည့်ပုံ ပေါ်နေသည်မှာ သိသာထင်ရှားလှပေသည်။

ထို့အပြင် ဤကဲ့သို့သော ကပ်ဘေးသည် သူ့အား ပစ်မှတ်ထားနေခြင်း မဟုတ်ဘဲ ဖုန်းရှီးမြို့တော်တစ်ခုလုံးကို ပစ်မှတ်ထားနေခြင်း ဖြစ်သည်။

သူသည် လှိုင်းဂယက်ကြားမှ မြေစာပင် ဖြစ်ရရုံမျှသာ ဖြစ်ပေသည်။

'မိုးကြိုးအင်မော်တယ်စံအိမ်နဲ့များ ပတ်သက်နေတာလား...’

ကျိုးစွေ့သည် မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး ဤအချက်ကို မတွေးဘဲ မနေနိုင်တော့ချေ။

ဤတစ်ကြိမ်တွင် မိုးကြိုးအင်မော်တယ်စံအိမ်ထဲမှ ရတနာများစွာ ပျံသန်းထွက်ပေါ်လာခဲ့ပြီး မျိုးနွယ်စုအသီးသီးက လုယက်ခဲ့ကြသည်ကို သိထားသင့်ပေသည်။

လူသားမျိုးနွယ်အနေဖြင့်လည်း ရတနာအများအပြားကို ရရှိနိုင်မည့် အခွင့်အရေး ကြီးကြီးမားမား ရှိနေ၏။

အကယ်၍ လူသားမျိုးနွယ်သာ အင်မော်တယ်ရတနာကဲ့သို့သော ထိပ်တန်းအဆင့် ရတနာများကို ရရှိသွားခဲ့မည်ဆိုပါက အမျိုးမျိုးသော ကပ်ဘေးများနှင့် ကြုံတွေ့ရနိုင်ခြေ အလွန်များပြားသည်။

အထူးသဖြင့် ဖုန်းရှီးမြို့တော်မှာ အဓိက ပစ်မှတ်ထားခံရမည့်နေရာ ဖြစ်လေသည်။

ယခင်အချိန်က သန့်စင်ခြင်္သေ့မျိုးနွယ်သည်လည်း အစစ်အမှန်ဝိညာဉ် သတ္တဝါများ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီး၊ နောက်ဆုံးတွင် သန့်စင်ခြင်္သေ့မျိုးနွယ်ခမျာ လုံးဝယိုယွင်းကျဆင်းသွားခဲ့ရသည် မဟုတ်ပါလော။

ယနေ့အချိန်အထိ ပြန်လည်နာလန်မထူနိုင်သေးသည့်အပြင် ပြန်လည်ရှင်သန်နိုင်မည့် မျှော်လင့်ချက်ကိုပင် မမြင်တွေ့ရတော့ချေ။

'အကယ်လို့ တကယ်ပဲ ဒီလိုဖြစ်လာခဲ့မယ်ဆိုရင် ငါ ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်နေပြီပဲ...’

ဤအကြောင်းအား တွေးမိသောအခါ ကျိုးစွေ့သည် အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းလိုက်ပြီး ယာယီ တည်ငြိမ်သွားစေရန် လုပ်ဆောင်လိုက်လေ၏။

မည်သို့ပင်ဆိုစေကာမူ သူ၏ လက်ရှိစွမ်းရည်များအရ ဤမျှကြီးမားကျယ်ပြန့်လှသော ဝိညာဉ်ကမ္ဘာတွင် မည်သည့်နေရာသို့မဆို သွားရောက်နိုင်သည်။

ဖုန်းရှီးမြို့တော်တွင် မနေပါကလည်း အခြားနေရာများသို့ သွားရောက်နိုင်လေသည်။ မည်သည့်အရာကိုမျှ စိုးရိမ်ပူပန်နေရန် မလိုအပ်ပေ။

ဝှစ်...။

ကျိုးစွေ့သည် ကျင့်ကြံမှုအဆင့်ကို အနည်းငယ် ခိုင်မာသွားစေရန် ပြုလုပ်လိုက်ပြီးနောက် ဂူနန်းတော်ထဲမှ ထွက်လာခဲ့တော့သည်။

"ယောကျ်ား၊ တံခါးပိတ်ကျင့်ကြံတာ ပြီးသွားပြီလား...”

"ကျွန်မရဲ့ ဒီအဝတ်အစားလေးကို ဘယ်လိုထင်လဲ...”

"ဒါ ကျွန်မ အခုလေးတင် အပြင်ကနေ ဝယ်လာတဲ့ နောက်ဆုံးပေါ် ပုံစံလေးပဲ...”

ပိုင်စုကျဲ့က ကျိုးစွေ့အား သူမ ဝယ်လာသော အဝတ်အစားများကို စိတ်လှုပ်ရှားစွာ ပြသလိုက်ပြီး၊ သူမ၏ ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်အချိုးအစားကိုပါ ဖော်ပြလိုက်လေသည်။

"ဒီဟာလား၊ ကိုယ်ကတော့ မင်း ဘာမှမဝတ်ထားတာက အကောင်းဆုံးလို့ ထင်တာပဲ...”

ကျိုးစွေ့က ရှေ့သို့တိုးသွားကာ ဤအလှတရားနှင့် ပြည့်စုံသော မိန်းမချောလေးကို ဖက်ထားလိုက်လေ၏။

သူ၏ ခန္ဓာကိုယ်အတွင်းရှိ နဂါးဆင်သွေးမျိုးဆက်များ တုန်လှုပ်နေသည်ကို ခံစားလိုက်ရသည်။

ဆဋ္ဌမအဆင့်သို့ တက်လှမ်းသွားပြီးနောက်တွင် သူ၏ ခန္ဓာကိုယ်တွင်းရှိ နဂါးဆင်သွေးမျိုးဆက်မှာ ပိုမိုကြမ်းတမ်းလာပြီး ထိုကိစ္စနှင့်ပတ်သက်သော လိုအင်ဆန္ဒများမှာလည်း ပိုမိုပြင်းထန်လာသည်မှာ သိသာလှသည်။

"ယောကျ်ားနော်... ဟွန့်…"

ပိုင်စုကျဲ့၏ လှပသော မျက်နှာလေးမှာ နီရဲသွားပြီး အရည်လဲ့နေသော မျက်လုံးဝိုင်းကြီးများဖြင့် ကျိုးစွေ့ကို ကြည့်လိုက်လေ၏။ သူမသည် ကျိုးစွေ့ထံမှ သန့်စင်ယန်စွမ်းအင်များ ထွက်ပေါ်လာကာ သူမ၏ တစ်ကိုယ်လုံးကို ချက်ချင်း ရစ်ပတ်သွားသည်ကို ခံစားလိုက်ရပြီး သူမ၏ ခုခံနိုင်စွမ်းများအားလုံး ပျောက်ဆုံးသွားစေခဲ့သည်။

သူမ၏ ယောကျ်ားမှာ ယခင်ကထက်ပင် ပို၍ ဆွဲဆောင်မှုရှိလာသကဲ့သို့ ခံစားလိုက်ရလေသည်။

မကြာမီမှာပင် အိပ်ခန်းထဲမှ နူးညံ့သော တီးတိုးညည်းညူသံများ ထွက်ပေါ်လာပြီး သုံးရက်တိုင်တိုင် ရပ်တန့်သွားခြင်း မရှိတော့ချေ။

............

All Chapters