အခန်း ၄၀၁
Vol. 41 Ch. 401
အခန်း (၄၀၁)
လက်တွေ့ကမ္ဘာ
ကျိုးတိုင်းပြည်၏ မြို့တော်၊ ချင်တိုင်းပြည် သံတမန်အိမ်တော်၏ နောက်ဖေးခြံဝင်းအတွင်း၌ဖြစ်သည်။
ပန်းနုရောင်ဝတ်ရုံဖျော့ဖျော့ကို ဝတ်ဆင်ထားသော မိန်းမပျိုလေးတစ်ဦးက ခြံဝင်းထဲရှိ ကျောက်တုံးခုံလေးပေါ်တွင် ထိုင်နေလေ၏။ ထိုမိန်းကလေးက ခေါင်းကိုငုံ့ကာ ဖိနပ်တစ်ရံကို ဂရုတစိုက် ချုပ်လုပ်နေလေတော့သည်။
ဘေးဘက်တွင်မူ သူမ၏ ကိုယ်ပိုင်အစေခံမလေး မင်ယွဲ့က သခင်မ၏အပါးတွင် ရပ်ကာ စူးစိုက်စွာ စောင့်ကြည့်နေလေ၏။
မင်ယွဲ့ နားမလည်နိုင်ဖြစ်ရသည်မှာ သခင်မသည် မြို့တော်သို့ ရောက်ရှိလာကတည်းက ကျိုးတိုင်းပြည်၏ ဓလေ့ထုံးတမ်းများကို လေ့လာခြင်းနှင့် ချင်တိုင်းပြည်မှ တိုင်းပြည်ရေးရာကိစ္စများကို စီမံခန့်ခွဲခြင်းမှလွဲ၍ အားလပ်ချိန်တိုင်း ခြံဝင်းထဲတွင် ဖိနပ်ချုပ်နေခြင်းပင်ဖြစ်ချေသည်။
ထိုအရာထက် မင်ယွဲ့ကို ပို၍ နားဝေတေတေဖြစ်စေသည့်အရာက အခြားတစ်ခု ရှိသေး၏။
သခင်မ၏အပါးတွင် စတင်ခစားကတည်းက သခင်မ ဖိနပ်ချုပ်သည်ကို သူမ တစ်ခါမျှ မမြင်ဖူးခဲ့ချေ။ သို့သော်လည်း ယခုမူ သခင်မက အကြိမ်ပေါင်းများစွာ ချုပ်လုပ်ဖူးနေသည့်အလား အပ်တစ်ချက်၊ အပ်ချည်တစ်မျှင်တိုင်းက အလွန်ကျွမ်းကျင်ပိုင်နိုင်နေလေတော့သည်။
"ကဲ... နောက်ဆုံးတော့ ပြီးသွားပြီ"
နောက်ဆုံးအပ်ချက်အပြီးတွင် ချင်စီယောင်က ဖိနပ်ကို ကောက်ကိုင်လိုက်ကာ ဟိုဘက်ဒီဘက် ဆွဲဆန့်ကြည့်ပြီး သေချာစွာ စစ်ဆေးနေလေ၏။ ချုပ်ရိုးချုပ်ကြောင်းများ သေသပ်မှုမရှိမည်ကို သူမ စိုးရိမ်နေဟန်ရှိပေသည်။
ဖိနပ်များတွင် ပြဿနာတစ်စုံတစ်ရာမရှိကြောင်း သေချာသွားမှသာ ချင်စီယောင်က ဖြည်းညင်းစွာ ပြန်ချထားလိုက်ချေပြီ။
"သခင်မ... ၊ ဒီဖိနပ်တွေက ယောကျ်ားစီးဖို့ ချုပ်ထားတာလား" မင်ယွဲ့က သိချင်စိတ်ဖြင့် မေးမြန်းလိုက်၏။
"ဒါပေါ့" ချင်စီယောင်က နှုတ်ခမ်းထက်တွင် အပြုံးတစ်ပွင့် ချိတ်ဆွဲလျက် ဆိုလေသည်။ "အရူးမလေး၊ ဒီလောက်ကြီးတဲ့ ခြေထောက်မျိုး မိန်းမတွေမှာ ရှိတာ နင် မြင်ဖူးလို့လား"
"မင်းသမီးက ဒီဖိနပ်ကို ကျိုးတိုင်းပြည်ရဲ့ဘုရင်ကို ပေးမလို့လား" မင်ယွဲ့က တစ်စုံတစ်ခုကို နားလည်သွားဟန်ဖြင့် ပြောလိုက်လေ၏။ ယောကျ်ားစီးဖိနပ်များဖြစ်နေသောကြောင့် သခင်မအနေဖြင့် ကျိုးတိုင်းပြည်ရဲ့ဘုရင်ကိုသာ ပေးရန်ရှိပေလိမ့်မည်။
"အင်း" ချင်စီယောင်က မတ်တတ်ရပ်လိုက်ပြီး ဖိနပ်များကို သေတ္တာတစ်လုံးအတွင်းသို့ သေသပ်စွာ ထည့်လိုက်လေသည်။ "သွားရအောင်၊ ငါ့နောက်ကနေ နန်းတော်ထဲ လိုက်ခဲ့။ ငါ အစ်ကိုတော်ဧကရာဇ်ကို သွားတွေ့ချင်တယ်"
ထိုသို့ပြောပြီးနောက် ချင်စီယောင်က သေတ္တာကို ကိုယ်တိုင်ကိုင်ဆောင်ကာ ဝတ်ရုံအောက်မှ ဖြူဝင်းသော ခြေတံရှည်လေးများဖြင့် ခြံဝင်းအတွင်းမှ ပျော်ရွှင်စွာ လျှောက်လှမ်းသွားလေတော့သည်။
ထွက်ခွာသွားသော သခင်မ၏ ကျောပြင်ကို ကြည့်ရင်း မင်ယွဲ့လည်း ကမန်းကတန်း နောက်မှ လိုက်သွားရလေ၏။
သို့သော်လည်း...
မင်ယွဲ့ သူမဘာသာ စိတ်ထင်နေခြင်းလားဆိုသည်ကိုမူ အသေအချာ မသိပါချေ။ သခင်မသည် ကျိုးမြို့တော်သို့ ရောက်ရှိလာပြီးနောက်ပိုင်း သူမ၏ စရိုက်လက္ခဏာက ပိုမိုတက်ကြွရွှင်လန်းလာကာ ကလေးမလေးတစ်ယောက်လိုမျိုး ဖြစ်လာသည်ဟု သူမ ခံစားနေရပေသည်။
"အစ်ကိုတော်ဧကရာဇ်၊ မုကျိုး အစ်ကိုတော့်ဆီ လာလည်တာ။ အစ်ကိုတော် ရှိလားဟင်"
ကျိုးနန်းတော်အတွင်းရှိ စိတ်ဝိညာဉ်ပြုစုပျိုးထောင်ရေး ခန်းမဆောင်၏ အပြင်ဘက်ဆီမှပေတည်း။ သာယာငြိမ့်ညောင်းသော မိန်းမပျိုလေး၏ အသံက အခန်းတွင်းသို့ လွင့်ပျံလာလေ၏။
ရှောင်မို၏ ဝိညာဉ်အာရုံက ဘဝတစ်ရာကျမ်းထဲမှ ဖြည်းညင်းစွာ ဆုတ်ခွာလာပြီး နောက်ဆုံးတွင် ခန္ဓာကိုယ်အတွင်းသို့ ပြန်လည်ဝင်ရောက်လာလေတော့သည်။
"ဟူး"
ရှောင်မိုက လေပူတစ်ချက်ကို ရှိုက်ထုတ်လိုက်ပြီး မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်လေ၏။ ယခုရက်ပိုင်းအတွင်း ရှောင်မိုက ဘဝတစ်ရာကျမ်းထဲတွင် အချိန်အတော်ကြာအောင် နေထိုင်ခဲ့မိချေပြီ။ ရှောင်မို နိုးထလာသောအခါ ဝေဝေဝါးဝါးဖြစ်နေမှုနှင့် နတ်ဘုရားဝိညာဉ်အတွင်းမှ နာကျင်မှုက ယခင်ကထက်ပင် ပိုမိုပြင်းထန်နေလေ၏။
ကံကောင်းထောက်မစွာဖြင့် ရှောင်မိုက သူ၏စိတ်ကို အမြန်ဆုံး တည်ငြိမ်အောင် ထိန်းချုပ်လိုက်နိုင်ပေသည်။ သူ၏ အသိစိတ်များ ခန္ဓာကိုယ်ထဲသို့ ပြန်လည်ရောက်ရှိလာပြီးနောက် ဘဝတစ်ရာကျမ်းထဲတွင် ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုသည်ကို ရှောင်မို ပြန်လည်စဉ်းစားရန် ကြိုးစားလိုက်လေ၏။
သို့သော် ကံဆိုးစွာဖြင့် သူ ဘာကိုမျှ မှတ်မိမနေခဲ့ပါချေ။
ပထမဘဝသုံးခုတွင် ဘဝတစ်ရာကျမ်းထဲမှ သူ ထွက်ခွာလာသောအခါ မှတ်ဉာဏ်များက မြူခိုးများ ဖုံးလွှမ်းနေသကဲ့သို့ ဖြစ်နေခဲ့၏။ ဝေဝါးနေသော်ငြားလည်း အနည်းဆုံး လူအချို့နှင့် အဖြစ်အပျက်တချို့ကိုတော့ ခပ်ရေးရေး မှတ်မိနေခဲ့သေးသည်။ သို့သော် ယခုမူ ဘဝတစ်ရာကျမ်းထဲမှ စတုတ္ထမြောက်ဘဝ၏ အတွေ့အကြုံများကို ပြန်လည်စဉ်းစားရန် ကြိုးစားကြည့်သော်လည်း ဘာတစ်ခုကိုမျှ ပြန်လည်အမှတ်ရမလာခဲ့ပေ။ စတုတ္ထမြောက်ဘဝထဲမှ နာမည်တစ်လုံးကိုပင် သူ လုံးဝမေ့ပျောက်သွားခဲ့ချေပြီ။
"အစ်ကိုတော်ဧကရာဇ်၊ မုကျိုး ဝင်လာလို့ရမလားဟင်" တံခါးအပြင်ဘက်မှ ချင်စီယောင်က လှမ်းခေါ်လိုက်လေ၏။
ရှောင်မိုက ခေါင်းညိတ်လိုက်သည်။ "ရတာပေါ့၊ မုကျိုး ဝင်လာခဲ့လေ"
"ဟေး... ကောင်းပြီ"
ချင်စီယောင်က တံခါးကို ပျော်ရွှင်စွာ တွန်းဖွင့်ကာ အခန်းတွင်းသို့ ဝင်ရောက်လာပြီး အစေခံမလေး မင်ယွဲ့ကို အပြင်တွင်ထားခဲ့ကာ တံခါးကို ပြန်ပိတ်လိုက်လေတော့သည်။
"အစ်ကိုတော်ဧကရာဇ် အခန်းထဲမှာ တစ်ယောက်တည်းလား၊ ပြုစုပေးမယ့် နန်းတွင်းအစေခံတွေ ဘာတွေ မရှိဘူးလား" ချင်စီယောင်က သေတ္တာကိုကိုင်ထားရင်း တစ်စုံတစ်ခုကို ရှာဖွေစူးစမ်းနေသည့်အလား မျက်လုံးများတွင် သိချင်စိတ်များ အပြည့်ဖြင့် ဘယ်ညာကြည့်ကာ မေးလိုက်လေ၏။
"မရှိပါဘူး" ရှောင်မိုက ခေါင်းခါလိုက်သည်။ "သာမန်ဆိုရင် နန်းတွင်းအစေခံတွေက အပြင်ဘက်မှာပဲ စောင့်နေကြတာ။ ကိစ္စတစ်ခုခုရှိရင် ဝေ့ရွှန်းက ငါ့ဆီ လာသတင်းပို့တယ်လေ"
"ဒါဆိုလည်း..." ချင်စီယောင်က ရှေ့သို့ လျှောက်လာလေ၏။ "အစ်ကိုတော်ဧကရာဇ်က တာအိုကျင့်ကြံနေတာလား၊ ညီမတော် အနှောင့်အယှက်များ ဖြစ်သွားလားဟင်"
"တရားထိုင်နေတာပါ၊ အနှောင့်အယှက် မဖြစ်ပါဘူး"
ရှောင်မိုက ဝတ်ရုံကို ဖုန်ခါလိုက်ပြီး ကုတင်ပေါ်မှဆင်းကာ သူနှင့် ချင်စီယောင်အတွက် လက်ဖက်ရည်တစ်ခွက်စီ ငှဲ့လိုက်လေ၏။ ရှောင်မိုက ချင်စီယောင်ကို မလွှဲသာဘဲ နောက်ထပ် အကြိမ်အနည်းငယ်မျှ ကြည့်လိုက်မိတော့သည်။
ရှောင်မိုအနေဖြင့် ချင်စီယောင်ကို ယခင်ကတည်းက မြင်ဖူးခဲ့သော်လည်း ရင်ထဲ၌ ခပ်ရေးရေး ရင်းနှီးကျွမ်းဝင်နေသကဲ့သို့ ခံစားနေရ၏။ ယခုအခါ မည်သည့်အကြောင်းကြောင့်မှန်းမသိ၊ ရှောင်မို၏ နှလုံးသားထဲမှ ထိုရင်းနှီးကျွမ်းဝင်သော ခံစားချက်က ပို၍ပင် အားကောင်းလာချေပြီ။
"မုကျိုး ငါ့ဆီလာတာ ကိစ္စများရှိလို့လား" ရှောင်မိုက ထူးဆန်းသော အတွေးများကို ဖယ်ရှားလိုက်ပြီး အပြုံးဖြင့် မေးလိုက်လေသည်။
"မုကျိုးက အစ်ကိုတော်ဧကရာဇ်ကို ပေးစရာတစ်ခု ရှိလို့ပါ" ချင်စီယောင်က ပျော်ရွှင်စွာဖြင့် ခပ်သုတ်သုတ်လေး လျှောက်လာလေရာ သူမ၏ဝတ်ရုံစက နေ့လယ်ခင်းနေရောင်ခြည်၏ တောက်ပမှုအောက်တွင် တလွင့်လွင့် ဖြစ်နေလေ၏။
မိန်းမပျိုလေးက သေတ္တာကို ဖွင့်လိုက်သောအခါ အတွင်း၌ အသစ်စက်စက် ဖိနပ်တစ်ရံကို တွေ့လိုက်ရပေသည်။ ထိုဖိနပ်တစ်ရံကို မြင်လိုက်ရသောအခါ ရှောင်မို၏ စိတ်အာရုံက အနည်းငယ် တန့်သွားလေ၏။
ထိုဖိနပ်များက ထူးထူးခြားခြား မရှိလှသော်ငြားလည်း ရှောင်မို၏ ရင်ထဲတွင် ဝမ်းနည်းမှုတစ်စွန်းတစ်စကို ခံစားလိုက်ရပြီး သိမ်မွေ့လှသော နာကျင်မှုတစ်ခုကိုပင် ခံစားလိုက်ရလေတော့သည်။
"အစ်ကိုတော်ဧကရာဇ်၊ ဘာဖြစ်လို့လဲဟင်" ချင်စီယောင်၏ မျက်လုံးများထဲတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်သွားလေ၏။ "ဒီဖိနပ်တွေက မလှလို့လား၊ ဒါဆိုရင် မုကျိုး နောက်တစ်ရံ အသစ် ပြန်ချုပ်ပေးမယ်လေ"
စကားပြောရင်း ချင်စီယောင်က သေတ္တာကို ပြန်ယူရန် လက်လှမ်းလိုက်လေသည်။
"မယူပါနဲ့၊ အရမ်းလှပါတယ်" ရှောင်မိုက သေတ္တာထဲမှ ဖိနပ်ကို ယူလိုက်ပြီး ပြုံးကာ ပြောလိုက်သည်။ "ဒါ မင်း ကိုယ်တိုင် ချုပ်ထားတာလား"
"ဟုတ်တယ်" ချင်စီယောင်က ခေါင်းညိတ်လိုက်လေ၏။ "ဘယ်လိုလဲ... အစ်ကိုတော်ဧကရာဇ်၊ မုကျိုး တော်တယ်မလား"
"အင်း... တော်ပါတယ်။ တကယ်ကို သပ်သပ်ရပ်ရပ် ချုပ်ထားတာပဲ" ရှောင်မိုက ခေါင်းညိတ်လိုက်သည်။
"ဒါဆိုလည်း အစ်ကိုတော်ဧကရာဇ် မြန်မြန် စီးကြည့်ပါလား၊ အဆင်မပြေရင် မုကျိုး ပြန်ပြင်ပေးမယ်" ချင်စီယောင်က ပျော်ရွှင်စွာဖြင့် တိုက်တွန်းလေ၏။
"စီးကြည့်ပါ့မယ်"
ရှောင်မိုက ချင်စီယောင် ကိုယ်တိုင်ချုပ်ထားပေးသော ဖိနပ်အသစ်ကို လဲလှယ်စီးလိုက်လေတော့သည်။ အစပိုင်းတွင် ရှောင်မိုက ဖိနပ်သည် ကြီးလွန်းခြင်း သို့မဟုတ် သေးလွန်းခြင်း ဖြစ်နိုင်သည်ဟု ထင်မှတ်ထားခဲ့၏။ သို့သော် အံ့သြစရာကောင်းလောက်အောင်ပင် ဖိနပ်က အံကိုက်ဖြစ်နေကာ အလွန်သက်တောင့်သက်သာ ရှိလှပေသည်။
"အစ်ကိုတော်ဧကရာဇ် ဘယ်လိုထင်လဲ၊ စီးလို့ အဆင်ပြေရဲ့လား" ချင်စီယောင်က သူမ၏ လက်သေးသေးလေးများကို ဆုပ်ကိုင်ထားကာ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်ဖြင့် မေးလိုက်လေ၏။
"အရမ်းအံကိုက်ဖြစ်တယ်။ တော်ဝင် ရက်ကန်းဌာနက ချုပ်တဲ့ဖိနပ်တွေထက်တောင် ပိုပြီး သက်တောင့်သက်သာဖြစ်နေသေးတယ်" ဟု ရှောင်မိုက အမှန်အတိုင်း ပြောလိုက်လေသည်။
"အစ်ကိုတော်ဧကရာဇ် သဘောကျရင် ပြီးတာပါပဲ"
ချင်စီယောင်က ရှောင်မို၏ ခြေဖဝါးပေါ်ရှိ ဖိနပ်များကို ကြည့်ရင်း နှုတ်ခမ်းထောင့်လေးများ အနည်းငယ် ကွေးတက်သွားကာ သူမ၏ မျက်ဝန်းများထဲတွင် ဖော်ပြ၍မရနိုင်သော နူးညံ့ကြင်နာမှုများ ဖြတ်ပြေးသွားလေတော့သည်။
"ကျေးဇူးပါပဲ မုကျိုးရယ်... ဒါပေမဲ့ မုကျိုးက ငါ့ကို လက်ဆောင်ပေးမှတော့ ငါ ဒီအတိုင်း အလကား ယူထားလို့ မဖြစ်သေးဘူးလေ" မကြာမီတွင် မိသားစုအတွင်းသို့ ဝင်ရောက်လာတော့မည့် ဇနီးလောင်းအား ရှောင်မိုက မေးလိုက်သည်။ "မုကျိုး လိုချင်တာ တစ်ခုခုရှိလား"
"အင်း..." ချင်စီယောင်က သူမ၏ လက်သေးသေးလေးကို ဖြူဝင်းသော မေးစေ့ပေါ်တွင် ထောက်ကာ အလေးအနက် စဉ်းစားလိုက်ပြီးနောက် အပြင်ဘက်ကောင်းကင်ပြင်သို့ ကြည့်လိုက်ရာ သူမ၏ မျက်လုံးများက တောက်ပသွားလေ၏။ "အစ်ကိုတော်ဧကရာဇ်၊ ညီမတော် အရင်တစ်ခေါက် မြို့တော်ကို လာတုန်းက အရမ်းလှတဲ့နေရာတစ်ခုကို တွေ့ခဲ့တယ်။ အစ်ကိုတော် ညီမတော်နဲ့အတူ အပြင်ထွက်ပြီး လိုက်ကြည့်ပေးမလားဟင်"
"အခုလား"
ရှောင်မိုက ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်သို့ လှမ်းကြည့်လိုက်လေသည်။ အချိန်က မျောက်နာရီ၏ တစ်ဝက်ကို ကျော်လွန်နေပြီဖြစ်ရာ မကြာမီ နေဝင်တော့မည်ဖြစ်ချေသည်။
"အင်း" ချင်စီယောင်က ရှောင်မို၏ ဝတ်ရုံလက်စကို ဆွဲလိုက်လေ၏။ "အခုပဲ သွားရအောင်လေ"
"ကောင်းပြီ၊ သွားကြတာပေါ့"
ရှောင်မိုက ငြင်းဆန်ခြင်း မရှိပါချေ။ သူကိုယ်တိုင်လည်း အပြင်ထွက်လမ်းလျှောက်ကာ စိတ်အပန်းဖြေသင့်သည်ဟု ခံစားနေရသောကြောင့်ပင်တည်း။