အခန်း ၄၀၂
Vol. 41 Ch. 402
အခန်း (၄၀၂)
မကြာမီတွင်ပင် ရှောင်မိုက မြင်းလှည်းတစ်စီးကို ပြင်ဆင်လိုက်လေ၏။ ထိုမြင်းလှည်းမှာ သာမန်သူဌေးမိသားစုများ အသုံးပြုလေ့ရှိသော မြင်းလှည်းများနှင့် ဘာမျှမကွာခြားလှသဖြင့် သူတို့၏ ကိုယ်ပိုင်မည်သူမည်ဝါဖြစ်ကြောင်းကို ဖုံးကွယ်ထားရန် လုံလောက်ပေသည်။
ချင်စီယောင်၏ လမ်းညွှန်မှုဖြင့် မြင်းလှည်းလေးသည် မြို့တော်၏ ဆင်ခြေဖုံးရပ်ကွက်ဆီသို့ ဦးတည်ထွက်ခွာသွားလေတော့သည်။
အမွှေးတိုင်နှစ်တိုင်စာ လောင်ကျွမ်းချိန်ခန့် အကြာတွင်တော့ မြင်းလှည်းလေးက တောင်ခြေတစ်ခု၌ ရပ်တန့်သွားချေပြီ။ သူတို့တစ်စုက တောင်ပေါ်သို့ တက်လာခဲ့ကြပြီး တောင်ထိပ်သို့ ရောက်ရှိသွားကြ၏။
ပတ်ဝန်းကျင် အခြေအနေ လုံခြုံစိတ်ချရကြောင်း သေချာသွားသည်နှင့် ဝေ့ရွှန်းက လက်ဝှေ့ယမ်းပြလိုက်ကာ အစောင့်အကြပ်များနှင့်အတူ နောက်ဆုတ်သွားပြီး တောင်တက်လမ်းတစ်လျှောက်တွင် အစောင့်ချထားလိုက်လေတော့သည်။
တောင်ထိပ်ပေါ်တွင်မူ ရှောင်မို၊ ချင်စီယောင်နှင့် အစေခံမလေးမင်ယွဲ့တို့သာ ကျန်ရစ်နေခဲ့လေ၏။
ထိုအချိန်၌ ဆည်းဆာနေဝန်းက အနောက်အရပ်ဆီသို့ တဖြည်းဖြည်း တိမ်းညွတ်ဝင်ရောက်နေချေပြီ။
တစ်ချိန်က တောက်ပပူပြင်းခဲ့သော နေမင်းကြီးသည် ယခုအခါ၌ နီရဲရဲ ကြက်သွေးရောင်အဆင်းအဖြစ် ပြောင်းလဲသွားခဲ့လေပြီ။ နေမင်း၏ နောက်ဆုံးလက်ကျန် ရောင်ခြည်တန်းများက တောင်ကြောများကို ဖြတ်သန်းထိုးဆင်းကာ မညီမညာဖြစ်နေသော ကျောက်ဆောင်ကမ်းပါးများကို နွေးထွေးသော လိမ္မော်ရောင်အဖြစ် ဆေးခြယ်ပေးထားပေသည်။
အဝေးဆီမှ တောင်တန်းကြီးများကမူ တဖြည်းဖြည်း ပျံ့နှံ့လာသော မင်ပြာရောင်အသွေးအဖြစ် အလွှာလိုက်ပေါ်လွင်နေပြီး ခပ်ဖျော့ဖျော့ ခရမ်းရောင်မြူခိုးများအတွင်းသို့ အရည်ပျော်ဝင်သွားသကဲ့သို့ ရှိလေ၏။
ငှက်အုပ်များက ပိုးသားကဲ့သို့ နူးညံ့ချောမွေ့သော ကြက်သွေးရောင်ကောင်းကင်ယံကို ဖြတ်သန်းပျံသန်းသွားကြရာ သူတို့၏ တောင်ပံစွန်းလေးများက တိမ်တိုက်များကို ထိုးခွဲသွားပြီး ကောင်းကင်တစ်ပြင်လုံးကို အကြေးခွံသဏ္ဌာန် တိမ်တိုက်နီများအဖြစ် ဖန်တီးလိုက်လေတော့သည်။
နေဝင်ဆည်းဆာအလင်းတန်းများက သူတို့ဘေးနားရှိ ကျောက်နံရံများပေါ်မှ တစ်လက်မချင်း လျှောကျသွားကာ တစ်နေ့တာလုံး ဖြန့်ကြက်ထားခဲ့သော ရွှေရောင်ပိုးသားစကို ပြန်လည်သိမ်းဆည်းလိုက်သည့်အလား ထင်မှတ်ရပေသည်။
ကောင်းကင်နှင့်မြေကြီးကြားရှိ အရာခပ်သိမ်းက လှပသော အနီရောင်လွှမ်းနေပြီး မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားကာ အနီရောင်ခေါင်းဆောင်းဇာပုဝါကို အနည်းငယ် ပင့်မထားသော သတို့သမီးလေးတစ်ဦးနှင့် တူလှပေ၏။ ရှက်သွေးဖြာနေသော်ငြားလည်း အနာဂတ်အတွက် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည့်အလား။
ရှောင်မိုက တောင်ထိပ်ပေါ်တွင် ထိုင်လျက် ဤလောကကြီးကို ငေးမောကြည့်ရှုနေလေသည်။
ချင်စီယောင်ကလည်း သူမ၏ဝတ်ရုံစကို ညင်သာစွာ သပ်ချလိုက်ပြီး ဖြူဝင်းသော ခြေတံရှည်လေးများကို စေ့လျက် သူမ၏ အနာဂတ်ခင်ပွန်းလောင်းဘေးတွင် ဝင်ထိုင်ကာ တဖြည်းဖြည်း ဝင်ရောက်သွားသော ဆည်းဆာနေဝန်းကို အတူတကွ ကြည့်ရှုနေလေ၏။
"အစ်ကိုတော်ဧကရာဇ် ဘယ်လိုထင်လဲဟင်၊ ဒီနေရာလေးက လှတယ်မလား" ချင်စီယောင်က ခေါင်းလှည့်ကာ ရှောင်မိုကိုကြည့်လျက် တိုးညှင်းစွာ မေးလိုက်သည်။
"အင်း... တကယ်ကို လှပတဲ့နေရာလေးပဲ" ရှောင်မိုက ခေါင်းညိတ်လိုက်၏။ "လောကရဲ့ အလှတရားဆိုတာ ကောင်းကင်နဲ့ မြေကြီးကြားက သဘာဝရဲ့ ဖန်တီးမှုတွေထက် ပိုမပိုပါဘူးလေ။ ဒီတောင်က တောင်တန်းတွေကြားမှာ တည်ရှိနေတော့ ခမ်းနားထည်ဝါတဲ့ တောင်ထွတ်တွေကိုလည်း ငုံ့ကြည့်လို့ရသလို လူ့ပြည်လောကရဲ့ သာမန်ဘဝလေးတွေကိုလည်း လှမ်းမြင်နေရတယ်။ တိမ်တိုက်တွေကိုပဲ လှမ်းကိုင်လိုက်လို့ရမလို၊ ကြယ်တွေလတွေကိုပဲ ဆွတ်ခူးလိုက်လို့ရမလို ခံစားရတယ်"
ရှောင်မိုက ခေါင်းလှည့်ကာ သူ၏ဘေးနားရှိ မိန်းမပျိုလေးကို ကြည့်လိုက်သည်။ "မုကျိုးက ဒီနေရာကို ဘယ်လိုများ တွေ့သွားတာလဲ။ ကိုယ်တောင် ဒီနေရာကို မသိခဲ့ဘူး"
"မုကျိုးက ငယ်ငယ်ကတည်းက တောင်တန်းတွေ၊ မြစ်ရေတွေကို အရမ်းချစ်မြတ်နိုးတာလေ။ နေရာတစ်ခုကို ရောက်တိုင်း တောင်တန်းတွေကို အမြဲငေးကြည့်လေ့ရှိတယ်။ ဒီရက်ပိုင်း မုကျိုး အားနေတာနဲ့ ဆင်ခြေဖုံးရပ်ကွက်တွေဘက် လမ်းလျှောက်ထွက်ဖြစ်တာပါ။ အစ်ကိုတော်ဧကရာဇ်က နန်းဆောင်ထဲမှာပဲ အချိန်ကြာကြာနေပြီး မြို့တော်အပြင်ဘက်ကို ထွက်ခဲတော့ ဒီနေရာကို မသိတာ သဘာဝကျပါတယ်"
ချင်စီယောင်က ပါးစပ်ကိုအုပ်ကာ တခစ်ခစ်ဖြင့် ရယ်မောလိုက်လေ၏။ ရှည်လျားသော မျက်တောင်လေးများအောက်မှ သူမ၏ ဆွဲဆောင်မှုရှိသော မျက်ဝန်းလေးများက အနည်းငယ် ပင့်တက်သွားကာ သူ၏မျက်နှာကို ကြည့်လိုက်ပေသည်။
"ပြီးတော့ အစ်ကိုတော်ဧကရာဇ် သိလားဟင်။ ဒီတောင်မှာ တကယ်တော့ ဇာတ်လမ်းတစ်ပုဒ် ရှိတယ်"
"ဇာတ်လမ်းတစ်ပုဒ်" ရှောင်မိုက သိချင်စိတ်ဖြင့် မေးလိုက်လေ၏။
"ဟုတ်တယ်" ချင်စီယောင်က မိုးကုတ်စက်ဝိုင်းပေါ်ရှိ ဆည်းဆာကို ငေးကြည့်ရင်း ခေါင်းညိတ်ပြလိုက်သည်။
"ဒဏ္ဍာရီတွေအရဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ၊ အတော်ကိုကြာခဲ့တဲ့ အချိန်တုန်းက ဒီနေရာက ရှေးဟောင်းချင်တိုင်းပြည်ရဲ့ နယ်မြေဖြစ်ခဲ့ဖူးတယ်တဲ့။"
"ရှေးဟောင်းချင်တိုင်းပြည်မှာ မင်းသမီးလေးတစ်ပါး ရှိခဲ့တယ်။"
"အဲဒီမင်းသမီးလေးက ငယ်ငယ်ကတည်းက ခမည်းတော်၊ မယ်တော်နဲ့ အစ်ကိုတော်တွေရဲ့ အလိုလိုက် အကြိုက်ဆောင်မှုတွေအောက်မှာ ကြီးပြင်းလာခဲ့ရတာလေ။ သူက လောကကြီးအကြောင်း ဘာမှနားမလည်ဘဲ တစ်နေကုန် ပူပင်သောကကင်းကင်းနဲ့ နေထိုင်ခဲ့တယ်။"
"ဒါပေမဲ့ တစ်နေ့ကျတော့ မင်းသမီးလေးက ကောင်လေးတစ်ယောက်နဲ့ တွေ့ဆုံခဲ့တယ်။"
"ကောင်လေးက မင်းသမီးလေးရဲ့ ကိုယ်ရံတော်ဖြစ်လာပြီး သူ့ကို ကာကွယ်ပေးခဲ့တယ်။ မင်းသမီးလေးရဲ့ အသက်ကိုတောင် ကယ်တင်ပေးခဲ့ဖူးတယ်။"
"နောက်ပိုင်းကျတော့ မင်းသမီးလေးနဲ့ အဲဒီကောင်လေးက အတူတကွ ကြီးပြင်းလာခဲ့ကြတယ်။"
"ကောင်လေးက ကျင့်ကြံခြင်း ပါရမီ အရမ်းမြင့်မားသလို အလွန်လည်း ကြိုးစားတယ်။ စစ်တပ်တွေကို ဦးဆောင်ပြီး စစ်တိုက်တဲ့နေရာမှာဆိုရင် ပိုပြီးတော့တောင် အစွမ်းထက်သေးတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ တစ်လောကလုံးမှာ နာမည်ကျော်ကြားလာခဲ့တာပေါ့။"
"အဲဒီ ကောင်မလေးကလည်း တဖြည်းဖြည်းနဲ့ အရွယ်ရောက်လာခဲ့တယ်။"
"တစ်နေ့ကျတော့ အဲဒီကောင်မလေးက သူ့ကို ချစ်မိနေပြီဆိုတာ သိလိုက်ရတယ်။"
"ကောင်လေးက တစ်လောကလုံးကို အောင်နိုင်ပြီး မြို့တော်ကို အောင်ပွဲခံ ပြန်လာတဲ့အချိန်မှာ ရှေးဟောင်းချင်တိုင်းပြည်ဘုရင်ဆီမှာ မင်းသမီးလေးကို လက်ဆက်ခွင့်တောင်းခဲ့တယ်။ ဘုရင်ကြီးကလည်း ဝမ်းသာအားရနဲ့ သဘောတူခဲ့တာပေါ့။"
"ကောင်မလေးကလည်း သူ့ကို လက်ထပ်ရမှာဖြစ်လို့ အရမ်းကို ပျော်ရွှင်နေခဲ့တယ်။ အဲဒီအချိန်ကစပြီး လင်နဲ့သားသမီးတွေကို ပြုစုယုယရင်း သူ့အနားမှာ အတူတကွ အိုမင်းသွားဖို့လောက်ပဲ သူ မျှော်လင့်ခဲ့တာ။"
"မင်းသမီးလေးက မင်္ဂလာဆောင်ရမယ့်နေ့ကို မျှော်လင့်တကြီး စောင့်စားနေခဲ့တယ်။ အနီရောင် မင်္ဂလာဝတ်စုံကို ဝတ်ဆင်ပြီး အနီရောင်ခေါင်းဆောင်း ဇာပုဝါလေးခြုံလို့ သူနဲ့ မင်္ဂလာပွဲဆင်နွှဲချင်ခဲ့တာ။ မင်္ဂလာဦးညကျရင် သူက သူမရဲ့ အနီရောင် ဇာပုဝါလေးကို ဖြည်းဖြည်းချင်း လှန်တင်ပေးမယ့်အချိန်ကို မျှော်လင့်ခဲ့တာပေါ့။"
"ဒါပေမဲ့လေ..."
"ကောင်မလေးက အရင်က အရမ်းကို ပျော်ရွှင်လွန်းခဲ့လို့ နေမှာပါ။"
"တစ်ခါတလေကျရင် အရမ်းပျော်ရွှင်လွန်းရင် တခြားတစ်ဖက်မှာ ပေးဆပ်မှုတစ်ခုခု ပြန်လုပ်ရတတ်တယ်လေ။"
"မကြာခင်မှာပဲ..."
"မင်းသမီးလေးရဲ့ ခမည်းတော်၊ မယ်တော်နဲ့ အစ်ကိုတော်နှစ်ပါးစလုံးက ဒီလောကကြီးကို စွန့်ခွာသွားခဲ့ကြတယ်။"
"နောက်ဆုံးမှာတော့ သူချစ်ရတဲ့သူ တစ်ယောက်ပဲ ဆွေမျိုးဆိုလို့ ကျန်ရစ်ခဲ့တော့တယ်။"
"သူက စစ်တပ်တွေကို ဦးဆောင်ပြီး စစ်ပွဲတွေ အကြိမ်ကြိမ် ဆင်နွှဲခဲ့တယ်။ နန်းတွင်းမှာလည်း သူ့ရဲ့ သြဇာအာဏာက တစ်ကြိမ်ပြီးတစ်ကြိမ် တုန်လှုပ်ချောက်ချားစေခဲ့တာပေါ့။"
"သူ စစ်ထွက်သွားတဲ့ အကြိမ်တိုင်း မင်းသမီးလေးက ဒီတောင်ပေါ်ကနေ လှမ်းကြည့်ပြီး စောင့်မျှော်နေခဲ့တယ်။"
"အကြိမ်တိုင်းမှာ သူ အမြဲတမ်း ပြန်လာနိုင်ခဲ့တယ်။"
"မင်းသမီးလေးကလည်း သူ ပြန်လာမယ်ဆိုတာကို အမြဲယုံကြည်နေခဲ့တာလေ။"
"ဒါပေမဲ့ တစ်ခါကျတော့ မင်းသမီးလေးက အကြာကြီး စောင့်မျှော်ခဲ့ရတယ်။ သိပ်ကို ကြာမြင့်တဲ့အထိ စောင့်ခဲ့ရပေမဲ့ သူ ဘယ်တော့မှ ပြန်မလာခဲ့တော့ဘူး..."
စကားပြောနေရင်း မိန်းမပျိုလေးက သူမ၏ ဒူးခေါင်းလေးများကို ပွေ့ဖက်လိုက်ပြီး နှုတ်ခမ်းထောင့်လေးများက အနည်းငယ် ကွေးတက်သွားလေ၏။
သူမ၏အပြုံးက မြူပါးပါးလေးနောက်ကွယ်မှ လမင်းကြီးနှင့် တူလှပေသည်။ လမင်း၏ ပုံပန်းသဏ္ဌာန်ကို မြင်နိုင်သော်ငြား ပျော်ရွှင်မှုကိုမူ ထိတွေ့၍ မရနိုင်ချေ။
"နောက်ပိုင်းကျတော့ မင်းသမီးလေးလည်း ပျောက်ကွယ်သွားခဲ့တယ်။"
"တချို့ကပြောကြတယ်... မင်းသမီးလေးက သူမရဲ့ စေ့စပ်ထားသူကို စောင့်မျှော်ငေးကြည့်ရင်းကနေ ကျောက်ရုပ်ကြီးအဖြစ် ပြောင်းလဲသွားခဲ့တယ်တဲ့။"
"တချို့ကလည်း ပြောကြပြန်တယ်... မင်းသမီးလေးက သူ့ကို လိုက်ရှာဖို့ ဘယ်တော့မှ ရပ်တန့်မသွားခဲ့ဘူးတဲ့။ သူ့ရဲ့ ဝိညာဉ်အကြွင်းအကျန် တစ်စွန်းတစ်စလေးပဲ ရရ၊ အဲဒါလေးဆိုရင်ပဲ လုံလောက်ပြီတဲ့လေ။"
"ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ်၊ နောက်ပိုင်းကျတော့ ဒီတောင်ကြီးက နာမည်တစ်ခု ရသွားခဲ့တယ်။"
"အဲဒါကို ဝမ်ကျွင်းတောင် လို့ ခေါ်ကြတယ်လေ"
"ဒီရှေးဟောင်းချင်တိုင်းပြည်က မင်းသမီးလေးဟာ တကယ်ကို အချစ်ကြီးတဲ့သူပဲ" ရှောင်မိုက ချင်စီယောင်ပြောသော ဇာတ်လမ်းကို နားထောင်ရင်း ရင်ထဲတွင် သက်ပြင်းချလိုက်လေ၏။ "အဲဒီမင်းသမီးလေး နောက်ဆုံးမှာ သူ့ကို ရှာတွေ့သွားခဲ့လား"
ချင်စီယောင်က ဘေးနားရှိ အမျိုးသားကို ကြည့်ရန် ခေါင်းလှည့်လိုက်လေသည်။ ကြည်လင်နေသော သူမ၏ မျက်ဝန်းများထဲတွင် သူ၏ ပုံရိပ်များက အပြည့်အဝ ထင်ဟပ်နေလေ၏။
ချင်စီယောင်ထံမှ အတန်ကြာသည်အထိ အဖြေပြန်မရသောအခါ ရှောင်မိုက ခေါင်းလှည့်ကာ မိန်းမပျိုလေးကို ကြည့်ပြီး နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။ "ဘာဖြစ်လို့လဲ"
ချင်စီယောင်က သူမ၏ လျှာဖျားလေးကို အနည်းငယ် ထုတ်ပြလိုက်၏။ ထိုပန်းရောင်စွန်းစွန်း လျှာဖျားလေးက အသစ်ဖူးပွင့်လာသော ပန်းပွင့်ဖတ်လေးတစ်ချပ်ကဲ့သို့၊ သို့မဟုတ် နံနက်ခင်း၏ နုနယ်သော နှင်းစက်လေးကဲ့သို့ ဖြစ်နေပြီး ချက်ချင်းပင် အပြုံးတစ်ခုနောက်ကွယ်သို့ ပြန်လည်ပုန်းကွယ်သွားလေတော့သည်။ "မုကျိုး အစ်ကိုတော်ဧကရာဇ်ကို အခုတော့ မပြောပြသေးဘူး"
ချင်စီယောင်က မတ်တတ်ရပ်လိုက်ပြီး သူမ၏ အဝတ်အစားများပေါ်မှ ဖုန်များကို ခပ်ဖွဖွ ပုတ်ထုတ်လိုက်လေ၏။ "အစ်ကိုတော်ဧကရာဇ်၊ နေလည်း ဝင်သွားပြီ။ ပြန်ကြရအောင်။ မကြာခင် မှောင်တော့မယ်"
"ကောင်းပါပြီလေ" ရှောင်မိုကလည်း မတ်တတ်ရပ်လိုက်သည်။
ရှောင်မိုက ဇာတ်လမ်း၏ နောက်ဆုံးအဆုံးသတ်ကို တကယ် သိချင်နေမိသေးသော်ငြားလည်း ဤတက်ကြွရွှင်လန်းနေသော မိန်းမပျိုလေးက မပြောပြသေးသဖြင့် သူလည်း လောလောဆယ် ဆက်မမေးတော့ပါချေ။
မည်သို့ပင်ဆိုစေ နောင်အခါတွင် အချိန်တွေ အများကြီး ရဦးမည်မဟုတ်ပါလော။
သူတို့နှစ်ဦး တောင်ပေါ်မှ ဆင်းလာပြီးနောက် မြို့တော်အတွင်းသို့ ပြန်လည်ဝင်ရောက်လာခဲ့ကြလေ၏။
ချင်စီယောင်က မြို့တွင်း၌ လမ်းလျှောက်ချင်သေးသည်ဟုဆိုသဖြင့် ရှောင်မိုက သူမကို ချထားပေးခဲ့ကာ နန်းတော်သို့ အရင်ပြန်သွားလေတော့သည်။
မြို့တော်၏ လမ်းမများပေါ်တွင် ချင်စီယောင်က အရိုအသေပေးလိုက်ပြီး မြင်းလှည်းလေး တဖြည်းဖြည်း မောင်းနှင်ထွက်ခွာသွားကာ လမ်း၏အဆုံး၌ ပျောက်ကွယ်သွားသည်အထိ ငေးကြည့်နေလေ၏။
အစေခံမလေးမင်ယွဲ့က သူမ၏သခင်မဘေးတွင် ရပ်လျက် လက်သေးသေးလေးများကို ပွတ်သပ်ကာ မင်းသမီးလေး စောစောက ပြောပြခဲ့သော ဇာတ်လမ်းကို စဉ်းစားနေဆဲဖြစ်ပေသည်။
အချိန်အတော်ကြာ စဉ်းစားကာ တုံ့ဆိုင်းနေပြီးနောက် နောက်ဆုံးတွင် မင်ယွဲ့က မနေနိုင်တော့ဘဲ တိုးညှင်းစွာ ခေါ်လိုက်လေ၏။ "မင်းသမီး"
"ဘာကိစ္စလဲ" ချင်စီယောင်က မေးလိုက်သည်။
"မင်းသမီး၊ ဟိုလေ... စောစောက အစ်ကိုတော်ဧကရာဇ်ကို မင်းသမီး ပြောပြခဲ့တဲ့ ဇာတ်လမ်းလေ... ဒီအစေခံက... ဒီအစေခံက ရဲတင်းစွာနဲ့ မေးခွင့်ပြုပါ။ အဲဒီဇာတ်လမ်းရဲ့ အဆုံးသတ်က ဘယ်လိုဖြစ်သွားလဲဆိုတာ သိခွင့်ရှိမလားဟင်"
မင်ယွဲ့၏ လေသံတွင် ကြောက်ရွံ့စိုးရိမ်မှုများ ပြည့်နှက်နေလေ၏။ သူမက ငယ်ငယ်ကတည်းက ဤကဲ့သို့သော ဇာတ်လမ်းမျိုးများကို အလွန်နှစ်သက်သူဖြစ်ရာ နောက်ဆုံးအဆုံးသတ်ကို တကယ်ကို သိချင်နေမိပေသည်။
"နင်လည်း သိချင်နေတာလား" ချင်စီယောင်က ညင်သာစွာ ပြုံးလိုက်လေသည်။
"ဟုတ်" မင်ယွဲ့က ခေါင်းကို သွက်လက်စွာ ညိတ်ပြလိုက်၏။
"ဒါဆိုရင်လည်း ဒီမင်းသမီးက နင့်ကို မပြောပြနိုင်ဘူးလေ"
မည်သည့်အချိန်ကတည်းကန်းမသိ မိန်းမပျိုလေး၏ လက်ဖဝါးထဲတွင် မျက်နှာဖုံးတစ်ခု ပေါ်လာခဲ့ချေပြီ။
ထိုမျက်နှာဖုံး၏ အချို့နေရာများတွင် ခပ်ဖျော့ဖျော့ အနီရောင်စွန်းထင်းနေလေ၏။ သံချေးတက်နေခြင်းလား၊ သို့မဟုတ် မျက်နှာဖုံး၏ မူလပိုင်ရှင်ထံမှ သွေးများလား ဆိုသည်ကိုတော့ သဲသဲကွဲကွဲ မသိရပါချေ။
ထို့ပြင် မျက်နှာဖုံး၏ ရှေးဟောင်းဆန်မှုအရဆိုလျှင် ၎င်းသည် ရေတွက်၍မရနိုင်သော နှစ်ပေါင်းများစွာကို ဖြတ်သန်းခဲ့ရပုံပေါ်ပေသည်။
မိန်းမပျိုလေးက ခပ်ဖွဖွ ရယ်မောလိုက်ပြီး မျက်နှာဖုံးကို တပ်ဆင်ကာ ရှေ့သို့ ဆက်လျှောက်သွားလေတော့သည်။
လမ်းမပေါ်ရှိ ခရီးသွားပြည်သူများက အချိန်ကာလ၏ ပုံရိပ်ယောင်များအလား မိန်းမပျိုလေး၏ ဘေးမှ ဖြတ်သန်းသွားလာနေကြလေ၏။
ဇာတ်လမ်းထဲက မင်းသမီးလေးသည်လည်း ဤကဲ့သို့ပင် ရပ်တန့်ခြင်းမရှိဘဲ ရှေ့သို့ ဆက်လက်လျှောက်လှမ်းနေခဲ့ပုံရပေသည်။
အထီးကျန်မှုများ ပြည့်နှက်နေသော မြို့ရွာများကို ဖြတ်သန်းကာ တစ်ကိုယ်တည်း လျှောက်လှမ်းနေခဲ့၏။
မြစ်ကမ်းပါးများအားလုံး လွင့်မျောနေသည့်အလား ထင်ရသော လှေငယ်လေးတစ်စင်းပေါ်တွင် တစ်ကိုယ်တည်း ထိုင်နေခဲ့၏။
ပျံသန်းနေသော ငှက်များကဲ့သို့ လူ့ပြည်လောက၏ ဆူညံပွက်လောရိုက်မှုများကို တစ်ကိုယ်တည်း စောင့်ကြည့်နေခဲ့၏။
ကောင်းကင်တစ်ပြင်လုံး ပြည့်နှက်နေသော ပိုးစုန်းကြူးများက မွှေးကြိုင်သော မြက်ခင်းများအဖြစ် ပြောင်းလဲသွားသည်ကို တစ်ကိုယ်တည်း ငေးမောကြည့်နေခဲ့၏။
စိမ်းလန်းသော တောင်တန်းကြီးများက ကျန်ရစ်နေဆဲဖြစ်သော်လည်း... ဦးခေါင်းထက်မှ ဆံကေသာများကမူ ဖြူရော်ကျဲပါးနေခဲ့ချေပြီ။