အခန်း ၄၀၃
Vol. 41 Ch. 403
အခန်း (၄၀၃)
နန်းတော်သို့ ပြန်လည်ရောက်ရှိလာပြီးနောက် ရှောင်မိုက ရေမိုးချိုးလိုက်ပြီး ကုတင်ပေါ်တွင် တင်ပျဉ်ခွေကာ ပြန်လည်ထိုင်ချလိုက်လေ၏။ သူ၏ စိတ်အာရုံကို ပြောင်းလဲလိုက်သည်နှင့်တစ်ပြိုင်နက် ရှောင်မိုသည် ဘဝတစ်ရာကျမ်းထဲသို့ နောက်တစ်ကြိမ် ထပ်မံဝင်ရောက်သွားလေတော့သည်။
ဘဝတစ်ရာကျမ်းထဲသို့ ပြန်လည်ရောက်ရှိလာချိန်တွင် ရှောင်မို ပထမဆုံးလုပ်ဆောင်ခဲ့သောအရာမှာ လက်တွေ့ကမ္ဘာမှ အဖြစ်အပျက်အချို့ကို ပြန်လည်မှတ်မိရန် ကြိုးစားခြင်းပင်ဖြစ်ချေသည်။
ရှောင်မိုအနေဖြင့် အကြောင်းအရာများစွာကို ပြန်လည်အမှတ်ရနိုင်သော်ငြားလည်း တိကျသောအဖြစ်အပျက်အချို့ကမူ ချိတ်ပိတ်ခံထားရသည့်အလား မည်မျှပင် ကြိုးစားတွေးတောနေပါစေ ပြန်လည်သတိမရနိုင်တော့ပါချေ။
ဤအခြေအနေက ပထမဘဝသုံးခုနှင့် တကယ်ကို ကွာခြားနေခဲ့ပေ၏။
ပထမဘဝသုံးခုတုန်းကဆိုလျှင်။
ဘဝတစ်ရာကျမ်းထဲမှ သူ ထွက်ခွာလာသောအခါ ကျမ်းစာအုပ်၏ နတ်ဘုရားဝိညာဉ်အာရုံ အကာအကွယ်ကြောင့် အတွင်း၌ သူကျင့်ကြံခဲ့သော ကျင့်စဉ်ပညာရပ်များနှင့် အခြားကိစ္စရပ်များ ဝေဝါးသွားခဲ့သော်ငြားလည်း ယေဘုယျ လူပုဂ္ဂိုလ်များနှင့် အဖြစ်အပျက်များကိုမူ သူ မှတ်မိနေခဲ့သေးပေသည်။
သို့သော် ဤဘဝတွင်မူကား။
ဘဝတစ်ရာကျမ်းထဲမှ ထွက်ခွာလာချိန်၌ သူ ဘာကိုမျှ မှတ်မိမနေခဲ့ပါချေ။
ဘဝတစ်ရာကျမ်းထဲသို့ ပြန်လည်ဝင်ရောက်လာချိန်တွင်ပင် လက်တွေ့ကမ္ဘာမှ သူ၏ မှတ်ဉာဏ်အချို့ကို ကျမ်းစာအုပ်က ဖယ်ရှားပစ်လိုက်လေ၏။
ဤသည်မှာလည်း ဘဝတစ်ရာကျမ်း၏ နတ်ဘုရားဝိညာဉ်ကို ကာကွယ်ပေးသည့် ယန္တရားတစ်ခုဖြစ်မည်ဟု ရှောင်မို သံသယဝင်မိလေသည်။
"ထားလိုက်ပါတော့လေ၊ အခုလောလောဆယ် ဒါတွေကို မတွေးတော့ပါဘူး။ နောက်မှပဲ ရှင်းတော့မယ်"
ရှောင်မိုက ခေါင်းခါယမ်းလိုက်လေ၏။
သူ ဆယ်ရက်ဖြစ်စေ၊ လဝက်ဖြစ်စေ ဆက်တိုက် တွေးတောနေမည်ဆိုလျှင်တောင်မှ ယခုအချိန်၌ အဖြေတစ်ခုကို ရှာတွေ့နိုင်မည်မဟုတ်ချေ။ အခြေအနေကို ကြည့်ပြီး တစ်လှမ်းချင်း လျှောက်လှမ်းသွားရန်သာ ရှိလေတော့သည်။
ဘဝတစ်ရာကျမ်းထဲ၌ နေ့ရက်များစွာ ကုန်လွန်သွားခဲ့ပြီး ရှောင်မိုက မြို့တော်အတွင်း၌ပင် ဆက်လက်နေထိုင်ခဲ့လေ၏။
သူ၏ ကလေးဘဝကို ဖယ်ချန်ထားလိုက်မည်ဆိုပါက ဤရက်ပိုင်းများက ရှောင်မို ကြုံတွေ့ဖူးသမျှထဲတွင် အသက်တောင့်သက်သာအရှိဆုံးနှင့် အသာယာဆုံး အချိန်ကာလပင် ဖြစ်ပေလိမ့်မည်။
နေ့စဉ်နေ့တိုင်း ရှောင်မိုက စာအုပ်များဖတ်ခြင်း သို့မဟုတ် ခြံဝင်းအတွင်း၌ လှံသိုင်းပညာရပ်များ လေ့ကျင့်ခြင်းတို့ကို ပြုလုပ်တတ်ပြီး မကြာခဏဆိုသလို မိခင်ဖြစ်သူနှင့်အတူ ထမင်းစားရန် ချင်စီယောင်ကိုခေါ်ကာ ရှောင်အိမ်တော်သို့ ပြန်သွားတတ်လေ၏။
ချင်စီယောင်က ရှောင်မို၏ အိမ်တော်သို့ နေ့စဉ်လာရောက်တတ်ပေသည်။
ချင်တိုင်းပြည်ရဲ့ဘုရင်ထံမှ လက်ထပ်ရန် အမိန့်တော် ကျလာခဲ့ပြီဖြစ်၏။ ချင်စီယောင်က တရားဝင် မလက်ထပ်ရသေးသော်ငြားလည်း သာမန်ဇနီးသည်တစ်ဦးနှင့် ဘာမျှမကွာခြားတော့ဘဲ ဆီးနှင်းမင်းသားအိမ်တော်၏ တရားဝင် သခင်မလေးတစ်ပါး ဖြစ်နေခဲ့ချေပြီ။
ရှောင်မို စာဖတ်နေချိန် သို့မဟုတ် စာရေးနေချိန်များတွင် ချင်စီယောင်က ဘေးနားမှရပ်ကာ လက်ဖက်ရည်နှင့် ရေများ ခစားခြင်း၊ မှင်သွေးပေးခြင်းတို့ကို ပြုလုပ်တတ်သလို တစ်ခါတစ်ရံတွင်လည်း မနီးမဝေး၌ ပန်းချီလိပ်တစ်ခုနှင့်အတူ ထိုင်ကာ ရှောင်မို၏ပုံကို ပန်းချီဆွဲနေတတ်လေသည်။
အတိတ်တုန်းက နန်းတော်ထဲမှထွက်ပြီး ရှောင်မိုကို ရှာဖွေနိုင်ရန်အတွက်သာ အနုပညာရပ်လေးပါးဖြစ်သော စောင်း၊ စစ်တုရင်၊ စာပေနှင့် ပန်းချီတို့ကို ချင်စီယောင်က အတင်းအကျပ် သင်ယူခဲ့ရခြင်းဖြစ်ကာ ပုံမှန်အားဖြင့်တော့ သူမက ထိုအရာများကို ရှောင်ရှားလေ့ရှိပေသည်။
သို့သော် ပန်းချီလိပ်ပေါ်တွင် ချစ်ရသူ၏ ပုံပန်းသဏ္ဌာန်ကို ဖြည်းညင်းစွာ ရေးဆွဲနေရချိန်၌ သူမ မည်မျှပင် ဆွဲနေပါစေ ပင်ပန်းငြီးငွေ့ခြင်း မရှိသည်ကို ချင်စီယောင် တွေ့ရှိလာခဲ့လေ၏။
ထို့အပြင် ပန်းချီဆွဲလေလေ ပို၍ပျော်ရွှင်လာလေလေဖြစ်ကြောင်းကိုပါ ချင်စီယောင် ခံစားလာရပြီး ရှောင်မို၏ပုံကို တစ်သက်လုံး ဆွဲသွားနိုင်မည်ဟု သူမ ခံစားရလေတော့သည်။
သို့သော်လည်း သူမ ဘယ်လိုပင် ပန်းချီဆွဲနေပါစေ အပြင်က အစစ်အမှန် ရှောင်မိုလောက် မချောမောဟု ချင်စီယောင် ခံစားနေရပေသည်။
တစ်ခါတစ်ရံတွင် ချင်စီယောင်က ရှောင်မိုကို ဆွဲခေါ်ကာ သူမနှင့်အတူ စစ်တုရင် ကစားခိုင်းတတ်လေ၏။
ချင်စီယောင်၏ စစ်တုရင်ကစားစွမ်းရည်မှာ သဘာဝအားဖြင့်ပင် ရှောင်မိုလောက် မကျွမ်းကျင်ပါချေ။ သူမက ရှောင်မို၏ အပြတ်အသတ် အနိုင်ယူခြင်းကို မကြာခဏ ခံရတတ်ပေသည်။
သို့သော် နောက်ပိုင်းတွင် သူမ၏ အကွက်များကို ပြန်ရုပ်သိမ်းနိုင်ကြောင်း ချင်စီယောင် သိလာခဲ့လေ၏။
အကွက်မှားရွှေ့မိတိုင်း ချင်စီယောင်က ပါးစပ်လေးကို ဖောင်းကာ သူမ၏ နယ်ရုပ်ကို ပြန်လည်ရုပ်သိမ်းတတ်လေသည်။
သူ၏ရှေ့မှ မိန်းမပျိုလေးက သူမ၏ အကွက်များကို အဆက်မပြတ် ပြန်လည်ရုပ်သိမ်းနေသည်ကို ကြည့်ကာ ရှောင်မိုက ဘာမှမပြောဘဲ အပြုံးလေးတစ်ခုသာ ဖန်တီးလိုက်ပြီး ကစားပွဲကို ဆက်လက်ကစားနေခဲ့လေ၏။
ဤသို့ပင်ဖြစ်လင့်ကစား သူမအနေဖြင့် ရှောင်မိုကို အနိုင်မယူနိုင်သေးဘဲ ပွဲအများအပြား ရှုံးနိမ့်ခဲ့ရကြောင်း ချင်စီယောင် တွေ့ရှိခဲ့ရပေသည်။
နောက်ဆုံးတွင်တော့ ချင်စီယောင်က ပူဖောင်းငါးလေးတစ်ကောင်လို နှုတ်ခမ်းလေးကို ဆူထော်ထားကာ သူမ၏ မျက်လုံးဝိုင်းကြီးများထဲတွင် မျက်ရည်များ ရစ်သိုင်းလာလေတော့သည်။
ဤအခြေအနေသို့ ရောက်လာတိုင်း ရှောင်မိုက ပုံမှန်အားဖြင့် သူမကို တစ်ပွဲလောက် အရှုံးပေးလိုက်တတ်လေ၏။
ချင်စီယောင်က တစ်နေ့လုံးရှုံးနိမ့်ခဲ့ပြီး တစ်ပွဲတည်းသာ နိုင်ခဲ့သော်ငြားလည်း ကလေးလေးတစ်ယောက်လို ပျော်ရွှင်နေဆဲပင် ဖြစ်လေသည်။
ဤကာလအတွင်းမှာပင် မင်းသမီးအိမ်တော်နှင့် ဆီးနှင်းမင်းသားအိမ်တော်အကြား နေ့စဉ် အသွားအပြန်လုပ်ရသည်မှာ ဝေးလွန်းသည်ဟု ချင်စီယောင်က ဆုံးဖြတ်လိုက်ကာ ဆီးနှင်းမင်းသားအိမ်တော်သို့ တိုက်ရိုက်ပင် ပြောင်းရွှေ့လာခဲ့လေတော့သည်။
မူလက ချင်စီယောင်သည် ရှောင်မို၏ ခြံဝင်းအတွင်းသို့ ပြောင်းရွှေ့လိုခဲ့၏။
သို့သော် သေချာစွာ စဉ်းစားကြည့်ပြီးနောက် တရားဝင် မလက်ထပ်ရသေးသဖြင့် ဤသို့ပြုလုပ်ရန် မသင့်တော်ဟု ချင်စီယောင် ခံစားခဲ့ရလေသည်။
ထို့ကြောင့် ချင်စီယောင်က ရှောင်မို၏ ဘေးခန်းသို့သာ ပြောင်းရွှေ့နေထိုင်ခဲ့ပေသည်။
ချင်စီယောင်သည် ဟင်းချက်လည်း ကျွမ်းကျင်ပေသည်။
သို့သော် သူမ ချက်ပြုတ်ထားသော အစားအစာများကို ရှောင်မိုအား တစ်ခါမျှ ကျွေးလေ့မရှိပါချေ။
ရှောင်မိုက အကြောင်းရင်းကို မေးမြန်းကြည့်ခဲ့၏။
ချင်စီယောင်က မျက်နှာလေး ရဲတက်သွားကာ ပြောလေသည်။ "ကျွန်မလက်ရာက မကောင်းသေးဘူး၊ ဒီဟင်းတွေက သိပ်မစားကောင်းဘူး။ အပြည့်အဝ ကျွမ်းကျင်သွားတဲ့ တစ်နေ့ကျမှ ချက်ကျွေးပါ့မယ်"
ထိုသို့ပြောပြီးနောက် ချင်စီယောင်က ခြံဝင်းထဲမှ ပြေးထွက်သွားကာ သူမ၏ အစ်ကိုတော်နှစ်ပါးထံသို့ ထိုအစားအစာများကို ယူသွားပေးလေတော့သည်။
သို့သော် ချင်စီယောင်က သူမကိုယ်သူမ အလွန်အမင်း တင်းကျပ်လွန်းနေသည်ဟု ရှောင်မို ခံစားရလေ၏။
မည်သို့ပင်ဆိုစေ ရှောင်မို၏ အမြင်တွင် ချင်စီယောင် ချက်ပြုတ်ထားသော ဟင်းလျာများက အလွန်ဆွဲဆောင်မှုရှိပုံပေါ်ပြီး မွှေးကြိုင်သော ရနံ့များလည်း ထွက်ပေါ်နေသောကြောင့်ပင်တည်း။
ချင်စီယောင်ကို အားပေးရန်အတွက် တစ်နေ့တွင် ရှောင်မိုက သူမ၏ ဟင်းလျာတစ်ခုကို ခိုး၍ မြည်းစမ်းကြည့်ခဲ့လေ၏။
ရလဒ်အနေဖြင့် ရွှေအမြူတေအဆင့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသော ရှောင်မိုပင်လျှင် တစ်နေ့လုံး ဗိုက်ထဲတွင် အလွန်ဆိုးရွားစွာ ခံစားလိုက်ရလေတော့သည်။
သူမက သာမန် ဝိညာဉ်သားရဲအသားများကိုသာ အသုံးပြုခဲ့ပြီး ထူးဆန်းသော ပါဝင်ပစ္စည်းများ ဘာမျှမပါဝင်ဘဲလျက် ဟင်းလျာအရသာကို ထိုကဲ့သို့ဖြစ်အောင် မည်သို့ချက်ပြုတ်လိုက်သနည်းဆိုသည်ကို ရှောင်မို တစ်ယောက် မတွေးတတ်အောင် ဖြစ်သွားရလေသည်။
တစ်ခဏမျှတော့ ပထမမင်းသားနှင့် ဒုတိယမင်းသားတို့အတွက် ရှောင်မို အလွန်ပင် သနားသွားမိချေသည်။
ဆီးနှင်းမင်းသားအိမ်တော်မှာ မူလက သိပ်ပြီး အလှဆင်ထားခြင်း မရှိခဲ့သော်လည်း ချင်တိုင်းပြည်ရဲ့ဘုရင်က လက်ထပ်မိန့် ချမှတ်ပေးပြီးနောက်တွင်မူ ချင်စီယောင်က ဝိညာဉ်ကျောက်တုံးများဖြင့် ပြုလုပ်ထားသော ကျောက်ဆောင်တုများ၊ ဝိညာဉ်ပန်းများနှင့် ဝိညာဉ်သစ်ပင်များကို လူများကိုခိုင်း၍ မကြာခဏ သယ်ဆောင်လာစေခဲ့ပေသည်။
ဆီးနှင်းမင်းသားအိမ်တော်ရှိ ရေကန်ထဲတွင်လည်း ဝိညာဉ်ငါးအချို့ကို မွေးမြူထားကာ သူမက အိမ်တော်အတွင်းရှိ ပစ္စည်းတိုင်းကို ပျော်ရွှင်စွာဖြင့် အလှဆင်နေခဲ့လေ၏။
မင်္ဂလာပွဲ ကျင်းပရန် အချိန်လိုနေသေး၍သာ တော်သေး၏။ သို့မဟုတ်ပါက ချင်စီယောင် တစ်ယောက် သတို့သမီးအခန်းကို အလှဆင်ရန် အလုပ်များနေလိမ့်မည်ဟု ရှောင်မို ခံစားရလေတော့သည်။
နန်းတွင်းရေးရာ ကိစ္စများနှင့် ပတ်သက်၍ကား။
နန်းတော်ဘက်မှ မည်သည့်သတင်းမှ ထွက်ပေါ်လာခြင်း မရှိသေးပါချေ။
အစောပိုင်းက ရှောင်မို တင်ပြခဲ့သော ပြုပြင်ပြောင်းလဲရေးများကို ချင်တိုင်းပြည်ရဲ့ဘုရင်က လျစ်လျူရှုထားပုံပေါ်ပြီး အမတ်အသိုင်းအဝိုင်းတွင်လည်း မည်သည့် လှုပ်ရှားမှုမျှ မရှိခဲ့ပေ။
သို့သော်လည်း ချင်တိုင်းပြည်ရဲ့ဘုရင်မှာမူ ပြုပြင်ပြောင်းလဲရေးအတွက် နည်းလမ်းများကို ရှာဖွေနေဆဲပင် ဖြစ်သော်ငြား အမတ်ကြီးများ တင်သွင်းလာသော လျှောက်တင်လွှာများကို သူက ကျေနပ်အားရမှု မရှိခဲ့ပါချေ။
အမှန်တကယ်တော့ ချင်တိုင်းပြည်ရဲ့ဘုရင် မည်ကဲ့သို့သော လျှောက်တင်လွှာမျိုးကို မြင်တွေ့လိုသနည်းဆိုသည်ကို နန်းတွင်းအမတ်အများစုက သိရှိကြပေသည်။ နန်းတော်တွင်းသို့ ဝင်ရောက်လာသူများထဲတွင် မည်သူမျှ လူမိုက်များ မဟုတ်ကြသောကြောင့်ပင်။
သို့သော် သူတို့က မည်သို့လုပ်၍ ထုတ်ပြောရဲပါမည်နည်း။
တကယ်တမ်းတွင် ရှောင်မိုလည်း ဤအရာကို နားလည်နိုင်ပေသည်။
သူ အဆိုပြုခဲ့သော ပြုပြင်ပြောင်းလဲရေးများသည် ကြီးမားကျယ်ပြန့်လွန်းသော အာဏာများနှင့် ပတ်သက်ဆက်နွှယ်နေလေ၏။
ခြေတစ်လှမ်း မှားယွင်းသွားသည်နှင့်တစ်ပြိုင်နက် ထိုမှူးမတ်များ ပူးပေါင်းကာ ပြဿနာရှာလာပါက ချင်တိုင်းပြည်တစ်ခုလုံး ပြိုကွဲသွားနိုင်ပြီး အခြားတိုင်းပြည်များကလည်း ထိုအခွင့်အရေးကို အသုံးချကာ ဝင်ရောက်ကျူးကျော်လာနိုင်ပေသည်။
မည်သို့ပင်ဆိုစေ ချင်တိုင်းပြည်ရဲ့ဘုရင်က နိုင်ငံအသီးသီးမှ ဧည့်အကြီးအကဲများကို စုဆောင်းရန် အမိန့်တော်တစ်ရပ်ကို ထုတ်ပြန်ခဲ့လေ၏။
ရှောင်မို အကြံပြုခဲ့သော ဧည့်အကြီးအကဲများအတွက် သုံးဆင့်စနစ်အပေါ် အခြေခံကာ ချင်တိုင်းပြည်ရဲ့ဘုရင်က ပိုမိုတိကျသော စည်းမျဉ်းများကို ရေးဆွဲခဲ့လေသည်။
ယေဘုယျအားဖြင့် အဓိကအချက် သုံးချက် ရှိပေသည်။
ပထမအချက်အနေဖြင့် နောက်ခံဇာစ်မြစ်ကို ထည့်သွင်းစဉ်းစားခြင်းမပြုဘဲ စွမ်းဆောင်ရည်အပေါ် မူတည်၍သာ ရာထူးတိုးမြှင့်ပေးရန်ဖြစ်သည်။ သိက္ခာကျဆင်းနေသော မှူးမတ်ဖြစ်စေ၊ သာမန်အရပ်သားဖြစ်စေ၊ နိုင်ငံခြားသူလျှိုဖြစ်စေ တကယ့် အရည်အချင်းနှင့် ပညာရပ်များရှိနေသရွေ့ အလုပ်ခန့်အပ်ခံရနိုင်ပေသည်။
ဒုတိယအချက်မှာ အောင်မြင်မှုသည်သာ အဓိကဖြစ်ပြီး အနှစ်သာရမရှိသော ဂုဏ်သတင်းများကို လျစ်လျူရှုထားရန်ဖြစ်သည်။ ရာထူးတိုးမြှင့်ခြင်းအတွက် တစ်ခုတည်းသော ခိုင်မာသည့် အရာမှာ စွမ်းဆောင်မှုပင်ဖြစ်ပြီး အထူးသဖြင့် စစ်ရေးစွမ်းဆောင်မှုနှင့် မြင်သာထင်ရှားသော မူဝါဒဆိုင်ရာ ရလဒ်များပင် ဖြစ်လေ၏။ မေတ္တာတရားနှင့် ကိုယ်ကျင့်တရားများကိုသာ ဟောပြောနေသူများအနေဖြင့် ချင်တိုင်းပြည်တွင် ခြေကုပ်ရယူနိုင်ရန် ခဲယဉ်းပေလိမ့်မည်။
တတိယအချက်အနေဖြင့် ချင်တိုင်းပြည်ရဲ့ဘုရင်က ဧည့်အကြီးအကဲများအကြား ပြိုင်ဆိုင်မှုကို တမင်တကာပင် ပိုမိုပြင်းထန်လာစေခဲ့လေသည်။
အဘယ်ကြောင့်ဆိုသော် ဧည့်အကြီးအကဲများတွင် အပြောင်းအလဲများစွာ ရှိနိုင်ပြီး သူတို့၏ ရာထူးများနှင့် မှူးမတ်ဘွဲ့များကို အမွေဆက်ခံ၍ မရနိုင်သောကြောင့်ပင်တည်း။ ယနေ့တွင် အဆင့်မြင့်အရာရှိဖြစ်နေသူတစ်ဦးသည် မနက်ဖြန်တွင် ကျရှုံးမှုကြောင့် ရာထူးမှ ထုတ်ပယ်ခံရနိုင်ပေသည်။
ထို့ကြောင့် အရည်အချင်းရှိသူ တက်၊ သာမန်လူ ဖယ်၊ အရည်အချင်းမရှိသူ ဆင်းဆိုသည့် ဧည့်အကြီးအကဲများအကြားမှ ရက်စက်ကြမ်းကြုတ်လှသော ပြိုင်ဆိုင်မှုကို ရှောင်မို ကြိုတင်မြင်တွေ့နေရပြီဖြစ်ချေသည်။
သေချာပေါက်ပင် ချင်တိုင်းပြည်အနေဖြင့် အရည်အချင်းရှိသော ဧည့်အကြီးအကဲများအပေါ်တွင် နှမြောတွန့်တိုနေမည်မဟုတ်ဘဲ လုံလောက်သော ဆုလာဘ်များနှင့် လေးစားမှုများကို ပေးအပ်သွားမည်ဖြစ်လေ၏။
ဧည့်အကြီးအကဲများကို စုဆောင်းမည့် လမ်းကြောင်းများနှင့် ပတ်သက်၍ကား အဓိကအားဖြင့် နှစ်မျိုးရှိပေသည်။
အခြားသူများ၏ ထောက်ခံစာဖြင့်ဖြစ်စေ၊ ကိုယ်တိုင်လာရောက် လျှောက်ထားခြင်းဖြစ်စေ လက်ခံနိုင်လေသည်။
ချင်တိုင်းပြည်ရဲ့ဘုရင်က အရာရှိအချို့ကို ဧည့်အကြီးအကဲများအား စစ်ဆေးအကဲဖြတ်ရန် အထူးအခွင့်အာဏာ ပေးအပ်ထားလေ၏။
အကဲဖြတ်မှုကို အောင်မြင်သူများအနေဖြင့် ဧည့်အကြီးအကဲအဆင့်အတန်းကို ချီးမြှင့်ခံရမည် ဖြစ်ပေသည်။
ထို့နောက် သူတို့ကို ချင်တိုင်းပြည်ရဲ့ဘုရင်ထံ မိတ်ဆက်ပေးမည်ဖြစ်၏။
စမ်းသပ်မှုတစ်ခုအနေဖြင့် ချင်တိုင်းပြည်ရဲ့ဘုရင်က သူတို့အား တိကျသော အစိုးရတာဝန်များကို ပေးအပ်သွားမည်ဖြစ်သည်။ ဥပမာအားဖြင့် အခြားနိုင်ငံသို့ သံတမန်အဖြစ် သွားရောက်ခြင်း၊ စစ်ရေးအကြံပေးအဖြစ် တာဝန်ထမ်းဆောင်ခြင်း သို့မဟုတ် တပ်များကို ဦးဆောင်ကာ စစ်တိုက်ခြင်း၊ သို့မဟုတ်ပါကလည်း တိကျသော စီမံကိန်းတစ်ခုကို ကြီးကြပ်ကွပ်ကဲခြင်း စသည်တို့ဖြစ်ချေသည်။
အကယ်၍ သူတို့က စမ်းသပ်မှုအတွင်း စွမ်းဆောင်မှုတစ်ခုခု ပြသနိုင်ပါက ခိုင်မာသော ရာထူးနေရာတစ်ခုနှင့် မှူးမတ်ဘွဲ့တို့ကို ချီးမြှင့်ခံရမည်ဖြစ်သည်။
သူတို့ တက်လှမ်းနိုင်မည့် အမြင့်ဆုံးရာထူးမှာ နန်းရင်းဝန်ပင် ဖြစ်လေတော့သည်။
သဘာဝကျစွာပင်။
အကယ်၍ ဧည့်အကြီးအကဲတစ်ဦးက စွမ်းဆောင်မှုရရှိခဲ့ပါက ထိုသူကို ထောက်ခံပေးခဲ့သူသည်လည်း ဆုလာဘ်များကို ရရှိမည်ဖြစ်ပေသည်။