အခန်း ၄၀၅
Vol. 41 Ch. 405
အခန်း (၄၀၅)
ဆီးနှင်းမင်းသားအိမ်တော်၏ ဘေးဘက်ခြံဝင်းအတွင်း၌ဖြစ်ပါသည်။
ဟွာရှန်းက ခြံဝင်းထဲတွင် ဝတ္ထုစာအုပ်တစ်အုပ်ကို ဖတ်ရှုနေလေ၏။
ချင်စီယောင်၏ ကိုယ်ပိုင်အစေခံမလေးဖြစ်သည့်အလျောက် ချင်စီယောင် ဆီးနှင်းမင်းသားအိမ်တော်သို့ ပြောင်းရွှေ့လာချိန်တွင် ဟွာရှန်းကလည်း သဘာဝကျစွာပင် လိုက်ပါပြောင်းရွှေ့လာခဲ့ခြင်းဖြစ်ချေသည်။
ထို့အပြင် ဆီးနှင်းမင်းသားအိမ်တော်သို့ ပြောင်းရွှေ့လာပြီးနောက်တွင် ဟွာရှန်းက သူမအတွက် အားလပ်ချိန်များစွာ ပိုမိုရရှိလာကြောင်း တွေ့ရှိခဲ့ရပြီး အားလပ်ချိန်ရတိုင်း ဝတ္ထုစာအုပ်များဖတ်ရသည်ကို နှစ်သက်သဘောကျနေခဲ့လေ၏။
သူမက ဖီးနစ်နီတစ်ကောင်ဖြစ်လင့်ကစား ဟွာရှန်း အနှစ်သက်ဆုံးအရာမှာ လူသားမျိုးနွယ်တို့၏ အချစ်ရေးရာနှင့် ရိုမန်တစ်ဆန်သော ဝတ္ထုစာအုပ်များပင် ဖြစ်ပေသည်။
ဥပမာအားဖြင့် စာအုပ်များထဲတွင် ဖော်ပြထားလေ့ရှိသော လူသားများနှင့် တစ္ဆေများအကြားမှ မပြည့်စုံနိုင်သော အချစ်ဇာတ်လမ်းမျိုးများပေတည်း။
သို့မဟုတ်ပါကလည်း သမ္မာလမ်းစဉ်မှ သခင်လေးတစ်ဦးနှင့် မိစ္ဆာလမ်းစဉ်မှ မိန်းမပျိုလေးတစ်ဦးတို့အကြားက အလွမ်းအဆွေး အချစ်ဇာတ်လမ်းများပင် ဖြစ်လေသည်။
သို့တည်းမဟုတ် လူသားမျိုးနွယ်တို့၏ ဓားမသေမျိုးဘိုးဘေးကြီးအကြောင်းကဲ့သို့သော ရှေးဟောင်းဒဏ္ဍာရီများမှ မှီးငြမ်းရေးဖွဲ့ထားသည့် ဇာတ်လမ်းများပင်တည်း။
ဤဇာတ်လမ်းများအားလုံးသည် လုပ်ကြံဖန်တီးထားခြင်းများ သက်သက်သာဖြစ်သော်ငြား ဟွာရှန်းကတော့ ရိုးရှင်းစွာပင် သဘောကျနှစ်ခြိုက်နေခဲ့လေ၏။
ထို့အပြင် ဟွာရှန်းက အလွန်ပင် သိချင်နေမိသေး၏။ ဤလူသားမျိုးနွယ် ဝတ္ထုရေးဆရာအများစုသည် သူတို့ကိုယ်တိုင် မေ့မရနိုင်သော အချစ်မျိုးကို တွေ့ကြုံဖူးကြမည်မဟုတ်ဘဲလျက် မည်သည့်အတွက်ကြောင့် ထိုအကြောင်းအရာများကို ဤမျှကျွမ်းကျင်ပိုင်နိုင်စွာ ရေးဖွဲ့နိုင်ကြပါသနည်း။ သူတို့၏ စိတ်ကူးယဉ်ဖန်တီးနိုင်စွမ်းများက တကယ်ကို ရှင်သန်လှုပ်ရှားနေပေသည်။
"အစ်မဟွာရှန်း... မြန်မြန်လာပြီး ညီမတော် အခုလေးတင် ချက်ထားတဲ့ ကြက်သားစပ်ကြော်လေးကို မြည်းကြည့်ပါဦး။ အရမ်းစားကောင်းတာနော်"
မီးဖိုချောင်ထဲမှနေ၍ ချင်စီယောင်က သူမ ယခုလေးတင် ချက်ပြုတ်ပြီးစီးသွားသော ဟင်းလျာကို သယ်ဆောင်လာကာ ကျောက်တုံးစားပွဲပေါ်တွင် ချထားလိုက်လေ၏။
ဟွာရှန်းက မင်းသမီးလေး ပြင်ဆင်ထားသော အစားအစာကို တစ်ချက်ကြည့်လိုက်ပြီးနောက် မင်းသမီး၏ မျက်ဝန်းများထဲမှ အပြည့်အဝ ယုံကြည်မှုရှိနေသော အကြည့်ကို မြင်လိုက်ရသောအခါ မနေနိုင်ဘဲ ကြက်သီးမွေးညင်းများပင် ထသွားခဲ့ရချေပြီ။
မင်းသမီးလေး ချက်ပြုတ်ထားသော အစားအစာများက ရုပ်ဆင်းသဏ္ဌာန်နှင့် ရနံ့ပိုင်းတွင် အလွန်ကောင်းမွန်ကြောင်း ဟွာရှန်း ဝန်ခံပါ၏။ သို့သော် အရသာကတော့ သေချာပေါက်... ဖော်ပြရန် ခက်ခဲလွန်းလှပေလိမ့်မည်။
အရင်တစ်ခေါက်က မင်းသမီးလေး ချက်ကျွေးဖူးသော ဟင်းကို စားပြီးနောက် တစ်နေ့လုံး ပြန်လည်နာလန်မထူနိုင်ခဲ့သည်ကို သူမ ယခုထက်တိုင် မှတ်မိနေဆဲပင်။
သူမက နောက်တစ်ကြိမ် ထပ်အလိမ်ခံမည် မဟုတ်တော့ပါချေ။
"မင်းသမီး... သခင်လေးရှောင်က မြို့မြောက်ဘက်ကိုသွားပြီး ဝိညာဉ်ဆေးတချို့ သွားရှာခိုင်းထားတာကို ဒီအစေခံ ရုတ်တရက် သတိရသွားလို့ပါ။ မေ့တောင်မေ့နေပြီ။ အခုချက်ချင်း သွားလိုက်ပါဦးမယ်"
ထိုသို့ပြောပြီးနောက် ဟွာရှန်းက သူမလက်ထဲရှိ စာအုပ်ကို ကမန်းကတန်း ချထားလိုက်ပြီး ခြံဝင်းထဲမှ ခပ်သုတ်သုတ် လျှောက်ထွက်သွားလေတော့သည်။
"အယ်... အစ်မဟွာရှန်း၊ ဘာမှ လောစရာမလိုပါဘူး။ မသွားခင်လေး တစ်လုပ်လောက်ဖြစ်ဖြစ် စားသွားပါဦးလား။ အစ်မဟွာရှန်း"
ချင်စီယောင်က ချိုသာသော အသံလေးဖြင့် လှမ်းခေါ်လိုက်သော်ငြား ဟွာရှန်း၏ ခြေလှမ်းများက ပို၍ပို၍ မြန်ဆန်သွားကာ မကြာမီမှာပင် မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့လေ၏။
"တကယ်ပါပဲ... ငါ့ဟင်းချက်လက်ရာက တော်တော်လေး တိုးတက်လာတာ သိသာနေတာကို။ သေချာပေါက် အရင်ကလောက်တော့ ဆိုးမှာမဟုတ်ပါဘူး"
ချင်စီယောင်က နှုတ်ခမ်းလေးကို ဆူထော်လိုက်ပြီး တူကိုကောက်ကိုင်ကာ သူမကိုယ်တိုင် တစ်လုပ်ခန့် မြည်းစမ်းကြည့်ရန် ပြင်လိုက်လေသည်။
သို့သော် တစ်ခဏမျှ စဉ်းစားပြီးနောက် သူမက နောက်ဆုံးတွင် လက်လျှော့လိုက်ချေပြီ။
"ထားလိုက်ပါတော့၊ နည်းနည်းနေရင် ငါ့အစ်ကိုဆီပဲ ယူသွားပေးလိုက်တော့မယ်။ ဒီနေ့က ဒုတိယအစ်ကို့အလှည့်ပဲ"
ချင်စီယောင်က တူကို ပြန်ချထားလိုက်ပြီး သူမကိုယ်သူမ ပျော်ရွှင်စွာဖြင့် တီးတိုးရေရွတ်လိုက်လေ၏။
"ဟင်... အစ်မဟွာရှန်းက ဘာစာအုပ်တွေ ဖတ်နေတာပါလိမ့်"
စားပွဲပေါ်ရှိ ဝတ္ထုစာအုပ်ကို မြင်သောအခါ ချင်စီယောင်က ကောက်ကိုင်လိုက်ပြီး သိချင်စိတ်ဖြင့် လှန်လှောကြည့်လိုက်လေသည်။
ဖတ်ရှုနေရင်းဖြင့် ချင်စီယောင်၏ ပါးပြင်လေးများက ပို၍ပို၍ နီရဲလာခဲ့လေ၏။
"ဒီဝတ္ထုက ဘယ်လိုလုပ်ပြီး ဒီလောက်တောင်... မဖွယ်မရာ နိုင်ရတာလဲ"
ချင်စီယောင်က ဝတ္ထုစာအုပ်ကို ကပျာကယာ ဖိချထားလိုက်လေသည်။
သို့သော် ခဏအကြာတွင် သူမ၏ ရင်ထဲ၌ အနည်းငယ် ယားကျိကျိ ဖြစ်လာသကဲ့သို့ ခံစားလိုက်ရ၏။
"ဒါပေမဲ့ ဖတ်တောင်ဖတ်မိနေပြီဆိုမှတော့ နောက်ထပ် တစ်ချက်လောက် ထပ်ကြည့်လိုက်ရင်ကောင်းမလား။ အင်း... ဟုတ်တယ်၊ နောက်ဆုံးတစ်ချက်လေးပဲ ကြည့်တော့မယ်"
ချင်စီယောင်က ဝတ္ထုစာအုပ်ကို ပြန်လည်ကောက်ကိုင်လိုက်ပြီး ဆက်လက်ဖတ်ရှုနေခဲ့လေတော့သည်။
နာရီဝက်ခန့် အကြာတွင် ချင်စီယောင်က ဝတ္ထုစာအုပ်ကို ပြန်ချထားလိုက်ပြီး အလွန်ပင် မဖွယ်မရာနိုင်လှသည်ဟု ခံစားနေရဆဲပင် ဖြစ်လေ၏။
"သိသိသာသာကြီးကိုပဲ... ကိစ္စတော်တော်များများက လက်ထပ်ပြီးမှပဲ လုပ်သင့်တဲ့အရာတွေလေ၊ အဲဒါကို အထဲက မိန်းမက မလက်ထပ်ရသေးခင်မှာတင်..."
"တကယ်ကို အရှက်မရှိတာပဲ"
ဝတ္ထုစာအုပ်ကို ဖတ်ရှုပြီးစီးသွားသောအခါ ချင်စီယောင်က သူမ၏ ရင်ထဲမှနေ၍ ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချလိုက်လေသည်။
"ဒါပေမဲ့လည်းလေ..."
ချင်စီယောင်က ဇာတ်လိုက်မင်းသားနှင့် ဇာတ်လိုက်မင်းသမီးတို့ လက်ချောင်းလေးများ ယှက်နွှယ်ထားပုံကို ဖော်ပြထားသည့် စာသားများကို ပြန်လည်အမှတ်ရလိုက်မိရာ သူမ၏ နှလုံးသားထဲတွင် မျှော်လင့်ချက်များနှင့် ဇဝေဇဝါဖြစ်မှုတို့က ရောထွေးပြည့်နှက်သွားခဲ့ချေပြီ။
"လက်ချောင်းလေးတွေ ယှက်နွှယ်ထားတာက ရိုးရိုးလက်ကိုင်တာနဲ့ ဘာများကွာခြားလို့လဲ။ အတူတူပဲ မဟုတ်ဘူးလား။ ဒါပေမဲ့ ဘာလို့ ဒီဝတ္ထုထဲမှာ အဲဒီလောက်တောင် လှလှပပ ဖော်ပြထားရတာလဲ"
ချင်စီယောင်က သူမ၏ သွယ်လျသော လက်လေးများကို ငေးကြည့်ရင်း ရှောင်မိုနှင့်သာ လက်ချောင်းလေးများ ယှက်နွှယ်ထားရမည်ဆိုလျှင် မည်သို့နေမည်ကို စိတ်ကူးယဉ်ကြည့်မိလေ၏။
ထိုအကြောင်းကို တွေးမိသည်နှင့်အမျှ မိန်းမပျိုလေး၏ ရင်ခုန်သံများက ပို၍ပို၍ မြန်ဆန်လာခဲ့ပေသည်။
"တကယ်ပါပဲ... ငါက ဘာလို့ ဒီအကြောင်းတွေကို တွေးနေရတာလဲ။ အရမ်း အရှက်မရှိတာပဲ..."
ချင်စီယောင်က ခေါင်းခါယမ်းလိုက်ပြီး သူမ၏ ရင်ခုန်သံများကို အမြန်ဆုံး တည်ငြိမ်အောင် ထိန်းချုပ်လိုက်ကာ ပုံမှန်အတိုင်း ရှောင်မိုကို ရှာဖွေရန် ထွက်ခွာသွားလေတော့သည်။
ရှောင်မို၏ ခြံဝင်းက ချင်စီယောင်၏ ခြံဝင်းနှင့် ကပ်လျက်တွင် ရှိလေ၏။
ချင်စီယောင်က ရှောင်မို၏ ခြံဝင်းအတွင်းသို့ ဝင်ရောက်သွားသောအခါ သူက မျက်လုံးများကို မှိတ်လျက် တရားထိုင်နေသည်ကို တွေ့လိုက်ရပေသည်။
ရှောင်မို၏ ပတ်ဝန်းကျင်၌ ကြည်လင်ပြတ်သားနေသော လှံရှည်ပုံရိပ်ယောင် အရေအတွက် များပြားစွာက အဆက်မပြတ် လှည့်ပတ်နေကြလေ၏။
ခြံဝင်းတစ်ခုလုံးတွင် လှံရှည်များ၏ ထက်ရှမှုများနှင့် သိုင်းကျင့်ကြံသူတစ်ဦး၏ လွှမ်းမိုးနိုင်စွမ်းရှိသော သွေးချီတို့က ပြည့်နှက်နေချေပြီ။
ခြံဝင်းအတွင်း ဝိညာဉ်ကျောက်တုံးများ ခင်းကျင်းထားသည့် ကျောက်စရစ်လမ်းပေါ်တွင် ကျောက်တုံးလေးများက အဆက်မပြတ် တုန်ခါနေကြပြီး ဝိညာဉ်စွမ်းအင်များက ရှောင်မို၏ ခန္ဓာကိုယ်အတွင်းရှိ ရွှေအမြူတေဆီသို့ စုစည်းစီးဆင်းသွားကြလေသည်။
ချင်စီယောင်က ရှောင်မိုကို မနှောင့်ယှက်ခဲ့ပါချေ။
ရှောင်မိုသည် ရွှေအမြူတေအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ကာ မကြာမီအချိန်အတွင်း သန္ဓေတည်ဝိညာဉ်အဆင့်သို့ တက်လှမ်းရန်အတွက် ဘေးဒဏ်ခံယူခြင်းကိုပင် စမ်းသပ်လာနိုင်ကြောင်း သူမ သိထားလေ၏။
ချင်စီယောင်သည် ရှောင်မို၏ အစွမ်းအစများကို အစောကတည်းက သိရှိထားခဲ့သော်ငြားလည်း အံ့အားသင့်နေရဆဲပင် ဖြစ်ပေသည်။
ဤလောကတွင် သေသည်အထိ ကျင့်ကြံခဲ့သော်လည်း အုတ်မြစ်ချခြင်းအဆင့်သို့ တစ်ခါမျှ မရောက်ရှိနိုင်ခဲ့သူ မည်မျှပင် ရှိပါသနည်း။
အုတ်မြစ်ချခြင်းအဆင့်သို့ ရောက်ရှိသွားလျှင်တောင်မှ ဂူဗိမာန်အဆင့်၊ နဂါးတံခါးအဆင့်နှင့် နောက်ဆုံးတွင် ရွှေအမြူတေအဆင့်သို့ တက်လှမ်းနိုင်ရန် လူမည်မျှနှင့် နှစ်ပေါင်းမည်မျှ ကြာမြင့်မည်နည်း။
လောကရှိ ရွှေအမြူတေအဆင့် ကျင့်ကြံသူအများစုသည် အသက်ခုနစ်ရာ သို့မဟုတ် ရှစ်ရာခန့်ရှိပြီဖြစ်သော အဘိုးအိုကြီးများ ဖြစ်ကြသော်ငြား ရှောင်မိုမှာမူ အသက်သုံးဆယ်ပင် မပြည့်သေးဘဲ ရွှေအမြူတေအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့ချေပြီ။
တစ်လောကလုံးကို ခြုံငုံကြည့်မည်ဆိုလျှင် ဤကဲ့သို့သောလူမျိုး မည်မျှပင် ရှိပါမည်နည်း။
နောက်တစ်ချက် ပြန်စဉ်းစားကြည့်ရလျှင် ကျန်းပေမင်းသားသည်လည်း အသက်တစ်ရာကျော်လေးတွင်ပင် ကျောက်စိမ်းသန့်စင်ခြင်းအဆင့်သို့ ရောက်ရှိခဲ့လေ၏။
ရှောင်မိသားစု မျိုးဆက်များ၏ ကျင့်ကြံခြင်းပါရမီက အမှန်တကယ်ပင် ချဲ့ကားပြောဆိုရလောက်အောင် ကောင်းမွန်လွန်းနေပုံရပေသည်။
"ဒါဆိုရင် ရှောင်မိုနဲ့ ငါ့ရဲ့ ကလေးကျရင်ရော... သူတို့ရဲ့ ပါရမီကရော..."
ထိုအကြောင်းကို တွေးမိသွားသောအခါ ချင်စီယောင်၏ ပါးပြင်လေးများက ရှက်သွေးဖြာကာ ထပ်မံနီရဲသွားပြန်လေ၏။
"အို... ချင်စီယောင်၊ နင် ဘာတွေ တွေးနေတာလဲ။ သူ့အိမ်ကိုတောင် ချွေးမအဖြစ် ဝင်ရသေးတာ မဟုတ်ဘူးလေ... ကလေးယူတယ်ဆိုတာက မင်္ဂလာဆောင်ပြီးမှ ပြောရမယ့်ကိစ္စပါ။ တကယ်ကို ဣန္ဒြေမဆည်နိုင်တာပဲ..."
ချင်စီယောင်က သူမ၏ ပါးပြင်လေးများကို ပုတ်လိုက်ကာ စိတ်ကူးယဉ်နေမှုများကို ရပ်တန့်လိုက်သော်ငြား ရင်ထဲတွင်တော့ မင်္ဂလာပွဲကို ပို၍ပင် မျှော်လင့်လာမိတော့သည်။
သဘာဝကျစွာပင် မင်္ဂလာပွဲကို ပိုမျှော်လင့်လာလေလေ၊ သူမ၏ ဒုတိယအစ်ကိုအပေါ် ပို၍ နာကြည်းလာလေလေပင် ဖြစ်လေ၏။
ဒုတိယအစ်ကိုကြောင့်သာ မဟုတ်ပါက သူမနှင့် ရှောင်မိုတို့သည် လာမည့် ချီးရှီးပွဲတော်တွင် သူတို့၏ ခမ်းနားကြီးကျယ်သော မင်္ဂလာအခမ်းအနားကို ကျင်းပနိုင်မည်ဖြစ်ပေသည်။
ချင်စီယောင် အတွေးလွန်နေစဉ်မှာပင် ခြံဝင်းအတွင်းရှိ လှံဆန္ဒများက တဖြည်းဖြည်း လွင့်စင်ပျောက်ကွယ်သွားပြီး ရှောင်မိုထံမှ ထွက်ပေါ်နေသော ဝိညာဉ်စွမ်းအင်များကလည်း ဖြည်းညင်းစွာ ပြန်လည်ရုပ်သိမ်းသွားလေ၏။
နောက်ဆုံးတွင် ခြံဝင်းအတွင်းရှိ အရာအားလုံးက ငြိမ်းချမ်းမှုဆီသို့ ပြန်လည်ရောက်ရှိသွားချေပြီ။ ရှောင်မိုက နောက်ကျိသော လေပူတစ်ချက်ကို ရှိုက်ထုတ်လိုက်ပြီး မျက်လုံးများကို ဖွင့်လိုက်လေတော့သည်။
"ရှောင်မို... ရှင့်ရဲ့ ကျင့်ကြံခြင်းအဆင့်က ထပ်ပြီး တိုးတက်လာပြန်ပြီထင်တယ်" ချင်စီယောင်က ပျော်ရွှင်စွာဖြင့် ရှေ့သို့ လျှောက်လာရင်း ပြောလိုက်သည်။
"မဆိုးပါဘူး"
ရှောင်မိုက ပြုံးလိုက်လေ၏။
ရှောင်မို၏ အမြင်တွင် ချင်စီယောင်၏ ကျင့်ကြံခြင်းပါရမီမှာ သူထက်မနိမ့်ကျလှပါချေ။ သူမက နေ့စဉ်ဘဝတွင် အနည်းငယ် ပို၍ ဆော့ကစားတတ်ပုံရရုံသာ ဖြစ်ပေသည်။
သို့သော် တစ်ဖန် ပြန်စဉ်းစားကြည့်ရလျှင် ချင်စီယောင်က သူ၏ လက်ကို ဘာကြောင့်များ စူးစိုက်ကြည့်နေပါသနည်း။
"ငါ့လက်ပေါ်မှာ တစ်ခုခုများ ပေနေလို့လား" ရှောင်မိုက မေးလိုက်သည်။
"မ... မဟုတ်ပါဘူး" ချင်စီယောင်က မျက်နှာလေး ရဲတက်သွားကာ ခေါင်းကို တစ်ဖက်သို့ လှည့်လိုက်ပြီးနောက် ရှောင်မို၏ လက်ဖဝါးကို နောက်ထပ်တစ်ကြိမ် ခိုးကြည့်လိုက်ပြန်လေ၏။
ရှောင်မိုက ဤမိန်းကလေး၏ စိတ်ထဲတွင် တစ်ခုခုရှိနေရမည်ဟု ခံစားလိုက်ရပေသည်။
ရှောင်မိုက ထပ်မံမေးမြန်းချင်နေသော်ငြား အစေခံမလေးတစ်ဦးက ခြံဝင်းအတွင်းသို့ ဝင်ရောက်လာပြီး သူနှင့် ချင်စီယောင်ကို အရိုအသေပေးလိုက်လေသည်။
"သခင်ကြီး၊ သခင်မလေး..."
"ဘာကိစ္စလဲ" ရှောင်မိုက မေးလိုက်၏။
"သခင်ကြီးကို သတင်းပို့ပါတယ်... စစ်သူကြီးရှာဟောက်ဆီက စာလွှာတစ်စောင်ကို ကိုင်ဆောင်လာတဲ့ အမျိုးသမီးတစ်ယောက်က သခင်ကြီးနဲ့ တွေ့ဆုံချင်နေပါတယ်။ သူက စစ်သူကြီးရှာဟောက်ရဲ့ အကဲဖြတ်စစ်ဆေးမှုကို အောင်မြင်လာတယ်လို့ ဆိုပါတယ်" အစေခံမလေးက အမှန်အတိုင်း သတင်းပို့လိုက်လေသည်။ "အဲဒီအမျိုးသမီးရဲ့ နာမည်က လျန်လီ လို့ ခေါ်ပါတယ်တဲ့"
"..."
ဤနာမည်ကို ကြားလိုက်ရသောအခါ ရှောင်မို တစ်ယောက် အံ့အားသင့်သွားခဲ့လေ၏။ လျန်လီ တစ်ယောက် ချင်တိုင်းပြည်သို့ အမှန်တကယ် ရောက်ရှိလာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
ရှောင်မို တစ်ယောက် ကြောင်အမ်းအမ်း ဖြစ်နေစဉ်မှာပင် သူ၏ ဘေးနားမှနေ၍ အန္တရာယ်ငွေ့သက်တစ်ခု တဖြည်းဖြည်း ထွက်ပေါ်လာသည်ကို ခံစားလိုက်ရလေသည်။
ရှောင်မိုက ခေါင်းလှည့်ကြည့်လိုက်သောအခါ ချင်စီယောင်က သူမ၏ ပါးစပ်သေးသေးလေးကို ဆူထော်ထားပြီး လှပသော ကြွေရည်သုတ် မျက်ဝန်းလေးများဖြင့် သူ့ကို မှိုင်းညို့စွာ စိုက်ကြည့်နေသည်ကို တွေ့လိုက်ရလေတော့သည်။