← Chapters

အခန်း ၄၀၇

Vol. 41 Ch. 407

အခန်း ၄၀၇

Vol. 41 Ch. 407

အခန်း (၄၀၇)

"ဒုတိယအစ်ကိုတော်၊ ညီမတော် လာလည်တာ။ ဟင်းအသစ်တချို့ ချက်လာတယ်၊ လာမြည်းကြည့်ပါဦး"

ဒုတိယမင်းသား ချင်ကျင်းယွမ်အိမ်တော်၏ နောက်ဖေးခြံဝင်းအတွင်း၌ ချင်စီယောင်က ပျော်ရွှင်စွာ လှမ်းခေါ်လိုက်လေ၏။

"ဆီးနှင်းမင်းသားကို အရိုအသေပေးပါတယ်၊ မင်းသမီးကိုလည်း အရိုအသေပေးပါတယ်"

ဆီးနှင်းမင်းသားနှင့် ဇနီးဖြစ်သူတို့ ရောက်ရှိလာသည်ကို မြင်သောအခါ ဒုတိယမင်းသား၏ မိဖုရားလောင်းဖြစ်သူ မင်းသမီး ကျီယွဲ့က သူမ၏ ပန်းညှပ်ကတ်ကြေးကို အမြန်ချထားလိုက်ပြီး ရှေ့သို့ထွက်ကာ ကြိုဆိုလိုက်လေသည်။

"မရီးတော်ကို အရိုအသေပြုပါတယ်" ဟု ရှောင်မိုက ရိုသေစွာဖြင့် အရိုအသေပေးရင်း ပြောလိုက်၏။

"မရီးတော်၊ ကျွန်မကို မင်းသမီးလို့ မခေါ်ပါနဲ့။ မရီးတော်နဲ့ အစ်ကိုတော်က နောက်နှစ်ဆို လက်ထပ်တော့မှာပဲဟာကို ကျွန်မကို စီယောင်လို့ပဲ ခေါ်ပါ" ဟု ချင်စီယောင်က မင်းသမီးကျီယွဲ့၏ ဖြူဝင်းသော လက်ကောက်ဝတ်လေးကို ကိုင်ကာ နွေးထွေးစွာ ပြောလိုက်လေသည်။

ချင်စီယောင်အနေဖြင့် ဤကျင်းတိုင်းပြည်၏ ပထမမင်းသမီးနှင့် ယခင်က တစ်ကြိမ်သာ ဆုံဖူးခဲ့သော်ငြား မင်းသမီးကျီယွဲ့နှင့် ချက်ချင်းပင် ရင်းနှီးသွားသကဲ့သို့ ခံစားရပြီး သူမကို အလွန်သဘောကျနေခဲ့ပေသည်။

"ကောင်းပါပြီ ညီမတော်စီယောင်" ဟု မင်းသမီးကျီယွဲ့က မငြင်းဆန်တော့ဘဲ အပြုံးဖြင့် တုံ့ပြန်လိုက်လေ၏။

"ဒါနဲ့ မရီးတော်၊ အစ်ကိုတော်ရော ဘယ်မှာလဲ။ ဘယ်သွားလို့လဲဟင်" ဟု ချင်စီယောင်က သိချင်စိတ်ဖြင့် မေးလိုက်သည်။

"ခင်ပွန်းတော်က ကိစ္စလေးတစ်ခုရှိလို့ အပြင်သွားတယ်၊ ဒါပေမဲ့ မကြာခင် ပြန်ရောက်လာပါလိမ့်မယ်။ ညီမတော်စီယောင်တို့ မလောဘူးဆိုရင် လက်ဖက်ရည်လေး အရင်သောက်ပြီး စောင့်ပါလား" ဟု မင်းသမီးကျီယွဲ့က ပြန်ဖြေလိုက်၏။

"ဒါပေါ့ ကျွန်မတို့ မလောပါဘူး၊ ဒုတိယအစ်ကိုတော် ပြန်လာတာကို စောင့်ပါ့မယ်" ဟု ဆိုကာ ချင်စီယောင်က သူမ ယူဆောင်လာသော လက်ဆောင်များကို ချထားလိုက်လေသည်။

"ဒါဆိုရင်လည်း ဆီးနှင်းမင်းသားနဲ့ ညီမတော်စီယောင် ထိုင်ကြပါဦး"

မင်းသမီးကျီယွဲ့က သူတို့ကို နေရာထိုင်ခင်းပေးပြီးနောက် လက်ဖက်ရည်ဖျော်ရန် ရေနွေးအိုးကို ကိုယ်တိုင်ကိုယ်ကျ တည်လိုက်လေ၏။

မင်းသမီးကျီယွဲ့၏ လှုပ်ရှားမှုတိုင်းကို ကြည့်ရင်း ရှောင်မိုက သူမသည် ကျင်းတိုင်းပြည်၏ ပထမမင်းသမီးဆိုသည့် ဂုဏ်ပုဒ်နှင့် အမှန်တကယ်ပင် ထိုက်တန်သည်ဟုသာ ဆိုနိုင်တော့ပေသည်။

လက်ဖက်ရည်ပြင်ဆင်နေသော သူမ၏ လှုပ်ရှားမှုတိုင်းက မြင်ရသူ၏ မျက်စိပသာဒဖြစ်စေပြီး ကျက်သရေရှိမှုနှင့် ယဉ်ကျေးသိမ်မွေ့မှုတို့က ယိုဖိတ်နေလေ၏။

ချင်စီယောင်က မင်းသမီးကျီယွဲ့နှင့်အတူ ချင်တိုင်းပြည်၏ ဓလေ့ထုံးတမ်းများအကြောင်းနှင့် ဒုတိယမင်းသား၏ ကလေးဘဝ ဇာတ်လမ်းအချို့ကို စကားစမြည် ပြောဆိုနေခဲ့လေသည်။

မင်းသမီးကျီယွဲ့က စူးစိုက်စွာ နားထောင်နေပြီး တစ်ခါတစ်ရံတွင် ခေါင်းညိတ်ကာ တုံ့ပြန်ပြောဆိုနေလေ၏။

စိတ်ဝင်စားစရာကောင်းသော အကြောင်းအရာများကို ကြားရသောအခါ မင်းသမီးကျီယွဲ့က သူမ၏ ပါးစပ်လေးကိုအုပ်ကာ တခစ်ခစ် ရယ်မောလိုက်ပြီး "ပြီးတော့ရော ဘာဆက်ဖြစ်လဲ" ဟု မေးတတ်ပေသည်။

ရှောင်မိုက ဘေးနားတွင် ထိုင်ကာ လက်ဖက်ရည်ကို တစ်ကိုယ်တည်း သောက်သုံးနေပြီး ထိုအမျိုးသမီးနှစ်ဦးကို မနှောင့်ယှက်ခဲ့ပါချေ။

သို့သော်လည်း ဤကျင်းတိုင်းပြည်မင်းသမီးသည် ဤမင်္ဂလာကိစ္စအပေါ် မည်သည့်နာကြည်းမှုမျိုးမှ ရှိမနေကြောင်း ရှောင်မို သတိပြုမိလိုက်လေ၏။

မည်သို့ပင်ဆိုစေ ကျင်းတိုင်းပြည်သည် အင်အားကြီးမားသော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ချင်တိုင်းပြည်ထက် မနိမ့်ကျသော အင်အားကို ပိုင်ဆိုင်ထားပေသည်။

ထို့အပြင် ကျင်းတိုင်းပြည်၏ ပထမမင်းသမီးတစ်ပါးအနေဖြင့် သူမသည် အလွန်အမင်း အလိုလိုက်ခံရသူ ဖြစ်ရပေမည်။

နိုင်ငံနှစ်ခုအကြား နိုင်ငံရေးအရ လက်ထပ်မဟာမိတ်ဖွဲ့ခြင်းဖြစ်ရာ ဤကျင်းမင်းသမီးအနေဖြင့် အနည်းဆုံးတော့ ကန့်ကွက်မှုအချို့ ရှိလိမ့်မည်ဟု ရှောင်မို ထင်မှတ်ထားခဲ့၏။

သို့သော် ဤပထမမင်းသမီးက မင်္ဂလာကိစ္စကို အပြည့်အဝ လက်ခံထားပုံရပြီး သူမ၏ အနာဂတ်ခင်ပွန်းအကြောင်းကို ပိုမိုသိရှိလိုနေကာ သူမ၏ မျက်ဝန်းများထဲတွင်လည်း ရိုးသားဖြူစင်မှုများ ပြည့်နှက်နေပေသည်။

တခြားအရာအားလုံးကို ဖယ်ထားလိုက်လျှင်ပင် အကယ်၍ ဤပထမမင်းသမီးက ဟန်ဆောင်နေခြင်းသာ မဟုတ်ပါက ဒုတိယမင်းသားမှာ အမှန်တကယ်ပင် အဖော်ကောင်းတစ်ဦးကို ရှာတွေ့ခဲ့ခြင်းဖြစ်လေတော့သည်။

အမွှေးတိုင်တစ်တိုင်စာ လောင်ကျွမ်းချိန်ခန့် အကြာတွင် ခြံဝင်းအပြင်ဘက်မှ ခြေသံများ ထွက်ပေါ်လာပြီး ဒုတိယမင်းသား ချင်ကျင်းယွမ်က သေရည်အိုးတစ်အိုးကို ကိုင်ဆောင်လျက် ဝင်ရောက်လာခဲ့လေ၏။

သူ၏ ညီမတော်နှင့် ယောက်ဖတော်တို့ကို မြင်သောအခါ ချင်ကျင်းယွမ်က တစ်ခဏမျှ ရပ်တန့်သွားပြီး သူ၏ကိုယ်ပေါ်မှ သေရည်နံ့များကို အမြန်ဖယ်ရှားလိုက်လေသည်။

"ဒုတိယအစ်ကိုတော် ဘယ်တွေသွားနေတာလဲ၊ ဘာလို့ သေရည်နံ့တွေ နံဟောင်နေရတာလဲ"

အစ်ကိုဖြစ်သူ၏ မူးယစ်နေသော ပုံစံကို မြင်သောအခါ ချင်စီယောင်က မျက်မှောင်ကြုတ်လိုက်၏။

"ဟားဟားဟား၊ ဘယ်သွားရမှာလဲ၊ ကဗျာရွတ်ဆိုပွဲ သွားတာလေ။ ဖိတ်ကြားချက်ကို ငြင်းဆန်ဖို့ ခက်တာနဲ့ နည်းနည်းများသွားတယ်" ဟု ချင်ကျင်းယွမ်က ပြုံးကာ ပြောလိုက်သည်။ "စီယောင်၊ ဒီကို ဘာကိစ္စများ လာတာလဲ"

"နှစ်သစ်ကူးဖို့ နီးလာပြီလေ၊ ညီမတော်က အစ်ကိုတော့်အတွက် မြောက်ပိုင်းဒေသက ပစ္စည်းတချို့ ယူလာပေးတာ။ အို... ပြီးတော့ ညီမတော် ကိုယ်တိုင်ချက်ထားတဲ့ ဟင်းတွေလည်း ပါတယ်၊ လာ... လာမြည်းကြည့်ပါဦး"

နောက်ဆုံးစကားကြောင်းသို့ ရောက်သောအခါ ချင်စီယောင်၏ မျက်လုံးများက တောက်ပသွားလေ၏။

"ကောင်းပြီလေ၊ ဒါဆိုရင်လည်း အစ်ကိုတော် မြည်းကြည့်ရတာပေါ့"

ချင်ကျင်းယွမ်က ခေါင်းညိတ်လိုက်ပြီး ကျောက်တုံးခုံပေါ်တွင် ဝင်ထိုင်လိုက်လေသည်။

ထိုအချိန်၌ မင်းသမီးကျီယွဲ့က အခန်းတွင်းမှ ဝတ်ရုံသစ်တစ်ထည်ကို ယူဆောင်လာခဲ့ချေပြီ။ သူမက ချင်ကျင်းယွမ်အား ပြုစုယုယကာ သေရည်နံ့များ စွဲထင်းနေသော ဝတ်ရုံကို လဲလှယ်ပေးလိုက်ပြီး သူမ စောစောကတည်းက ပြင်ဆင်ထားသော အမူးပြေလက်ဖက်ရည် တစ်ခွက်ကို သူ၏ရှေ့တွင် ချထားပေးလိုက်လေ၏။

"ခင်ပွန်းတော်၊ အစာအိမ် နွေးသွားအောင် လက်ဖက်ရည်လေး သောက်လိုက်ပါဦး" ဟု မင်းသမီးကျီယွဲ့က ရိုသေစွာဖြင့် ဆိုလိုက်သည်။

ချင်ကျင်းယွမ်က မင်းသမီးကျီယွဲ့ကို တစ်ချက်ကြည့်လိုက်ပြီး အပြုံးဖြင့် လက်ဖက်ရည်ခွက်ကို လှမ်းယူလိုက်၏။ "ကျေးဇူးပါ ဇနီးသည်"

ရှောင်မိုက သူတို့၏ အပြန်အလှန် ဆက်ဆံပုံများကို စောင့်ကြည့်နေခဲ့လေသည်။ သူတို့က တစ်ဦးနှင့်တစ်ဦး အပြန်အလှန် လေးစားမှုဖြင့် ဆက်ဆံနေကြသော်ငြား မည်သည့်အကြောင်းကြောင့်မှန်းမသိ အနည်းငယ် ထူးဆန်းနေသကဲ့သို့ ခံစားရပေသည်။

ထို့အပြင် ကျင်းမင်းသမီးက အမူးပြေလက်ဖက်ရည်ကို အသင့်ပြင်ဆင်ထားသည်ကို မြင်ရခြင်းက ဒုတိယမင်းသားသည် လတ်တလောတွင် မကြာခဏ အပြင်ထွက်၍ သေရည်သောက်လေ့ရှိကြောင်း ညွှန်ပြနေပေသည်။

ဒုတိယမင်းသားသည် သေရည်သောက်ကြူးသူတစ်ဦး မဟုတ်သင့်ကြောင်းကို သူ မှတ်မိနေသေး၏။

"တကယ်ပါပဲ ဒုတိယအစ်ကိုတော်ရယ်၊ အစ်ကိုတော် သေရည်လျှော့သောက်သင့်တယ်။ ညီမတော် အစ်ကိုတော့်ကို ဒီလိုပုံစံမျိုး တစ်ခါမှ မမြင်ဖူးဘူး" ဟု ချင်စီယောင်က ညည်းတွားလိုက်လေသည်။

"ကောင်းပါပြီ၊ ကောင်းပါပြီ၊ နောက်တစ်ခါ အစ်ကိုတော် သေချာပေါက် သတိထားပါ့မယ်" ဟု ချင်ကျင်းယွမ်က ကမန်းကတန်း ခေါင်းညိတ်လိုက်ပြီးနောက် စကားစကို ပြောင်းလိုက်လေ၏။ "လာပါဦး၊ ညီမတော်ရဲ့ ဟင်းချက်လက်ရာက ဘယ်လိုနေလဲဆိုတာ အစ်ကိုတော် ကြည့်ပါရစေဦး"

"ဒါဆို မြန်မြန် မြည်းကြည့်လေ" ဟု ဆိုကာ သူမ၏ အစ်ကိုဖြစ်သူက သူမ၏ ဟင်းချက်လက်ရာအကြောင်း ပြောလိုက်သည်ကို ကြားသောအခါ ချင်စီယောင်က ပျော်ရွှင်စွာဖြင့် ဟင်းချိုင့်ကိုဖွင့်ကာ သူ့ထံသို့ တူကို ကမ်းပေးလိုက်လေတော့သည်။

ချင်စီယောင် ချက်ပြုတ်ထားသော ခရမ်းသီးနှပ်နှင့် ဝက်ခြေထောက်ပေါင်းတို့ကို ကြည့်ရင်း ရှောင်မိုမှာ မနေနိုင်ဘဲ ကြက်သီးထသွားခဲ့ရကာ စိတ်ပိုင်းဆိုင်ရာ ထိတ်လန့်မှုအရိပ်မည်းကြီးက သူ့အပေါ်သို့ ချက်ချင်းပင် လွှမ်းမိုးလာခဲ့ချေပြီ။

သို့သော် ချင်ကျင်းယွမ်ကမူ မည်သည့်အကြောက်တရားမျှ မပြသဘဲ အလုပ်ကြီးများစွာကို စားလိုက်ပြီး သေချာစွာပင် အရသာခံနေခဲ့လေ၏။

"အင်း... စီယောင်ရဲ့ ဟင်းချက်လက်ရာက တိုးတက်လာသားပဲ။ ဒါပေမဲ့ ဒီခရမ်းသီးဟင်းထဲမှာ အသားကြိတ်ထားတာ နည်းနည်းလျှော့လိုက်ရင် ပိုကောင်းမယ်။ ပြီးတော့ ဆီနည်းနည်းလျှော့သုံးရင် ခရမ်းသီးရဲ့ သဘာဝရနံ့ကို ပိုပေါ်လွင်စေလိမ့်မယ်"

"ဒီဝက်ခြေထောက်ပေါင်းက နည်းနည်းချိုနေတယ်၊ သကြားလျှော့သုံးပြီး ဆားအနည်းငယ်လောက် သင့်တော်သလို ထည့်သင့်တယ်"

ထိုသို့ ဒုတိယမင်းသားက ဝေဖန်အကြံပြုလိုက်လေသည်။

"အင်း အင်း အင်း" ဟု ချင်စီယောင်က အမြန်မှတ်သားထားလိုက်၏။ "ကောင်းပြီ ဒုတိယအစ်ကိုတော်၊ မနက်ဖြန်ကျရင် ညီမတော် ပြန်ပြင်ပြီး ထပ်ချက်ကျွေးပါ့မယ်"

"ကောင်းပြီလေ" ဟု ချင်ကျင်းယွမ်က အပြုံးဖြင့် ခေါင်းညိတ်လိုက်သည်။

ဒုတိယမင်းသား၏ တည်ငြိမ်နေသော အမူအရာကို မြင်သောအခါ ရှောင်မို တစ်ယောက် ကြောင်အမ်းသွားခဲ့ရပြီး ဤအချိန်တိုအတွင်းမှာ ချင်စီယောင်၏ ဟင်းချက်လက်ရာက တကယ်ပဲ စားသုံးနိုင်လောက်သည့် အခြေအနေအထိ တိုးတက်လာခဲ့ပြီလားဟု တွေးတောနေမိလေတော့သည်။

"အို... ဇနီးသည်၊ လွန်ခဲ့တဲ့ ရက်အနည်းငယ်က လူတစ်ယောက် လာပို့သွားတဲ့ ကြွေပြာငါးကြင်းတွေ ရှိသေးတယ်လို့ မှတ်မိတယ်၊ ကိုယ် အစေခံတွေကို ကြာကန်ထဲမှာ ထည့်ထားခိုင်းလိုက်တယ်။ စီယောင်က လတ်တလော ဆီးနှင်းမင်းသားအိမ်တော်မှာ အလှဆင်ဖို့ အလုပ်များနေတယ်လို့ ကြားတယ်၊ သူ့ကို သွားပြလိုက်ပါလား။ အကယ်၍ စီယောင် သဘောကျရင် အကောင်ရေနည်းနည်း ယူသွားခိုင်းလိုက်လေ"

ချင်ကျင်းယွမ်က သူ၏ စေ့စပ်ထားသူအား ပြောလိုက်လေ၏။

"ဟုတ်ကဲ့ပါ ခင်ပွန်းတော်" ဟု မင်းသမီးကျီယွဲ့က ခပ်ဖွဖွ အရိုအသေပေးလိုက်သည်။

"သွားကြမယ် သွားကြမယ်၊ မရီးတော် လိုက်ပို့ပေးရတာ အားနာလိုက်တာနော်" ဟု ချင်စီယောင်က ပျော်ရွှင်စွာဖြင့် ပြောလိုက်လေ၏။

"ဒုက္ခမများပါဘူးရှင်" ဟု မင်းသမီးကျီယွဲ့က အပြုံးဖြင့် ခေါင်းခါယမ်းလိုက်သည်။ "ညီမတော်စီယောင်... ဒီဘက်ကို လိုက်ခဲ့ပါ"

ခဏအကြာတွင် ချင်စီယောင်နှင့် မင်းသမီးကျီယွဲ့တို့က ခြံဝင်းအတွင်းမှ ထွက်ခွာသွားကြပြီး ရှောင်မိုနှင့် ဒုတိယမင်းသားတို့သာ ကျန်ရစ်ခဲ့လေတော့သည်။

ရှောင်မိုက စားပွဲပေါ်ရှိ ဟင်းလျာများကို ကြည့်လိုက်ပြီး အမှန်တကယ် အရသာမည်သို့ရှိသနည်းဆိုသည်ကို သိနိုင်ရန် တစ်လုပ်ခန့် မြည်းစမ်းကြည့်ချင်သွားလေ၏။

သို့သော် နှင်းခဲဖြူငှက်တစ်ကောင်က ခြံဝင်းအတွင်းသို့ ဆင်းသက်လာပြီး ခရမ်းသီးဟင်းကို တစ်လုပ်ခန့် စားလိုက်လေသည်။ နောက်တစ်ခဏတွင်မူ ၎င်း၏ခြေထောက်များက တွန့်လိမ်သွားပြီး သတိလစ်မေ့မြောသွားလေတော့သည်။

ရှောင်မိုက ထိုအတွေးကို ချက်ချင်းပင် ဖျောက်ဖျက်လိုက်ပြီး ဒုတိယမင်းသားအား ကြည့်သော သူ၏အကြည့်က ပို၍ပင် လေးစားအားကျဖွယ် ဖြစ်လာခဲ့ချေပြီ။

ဒုတိယမင်းသားသည် ချင်စီယောင်၏ ဟင်းချက်လက်ရာအပေါ် ခုခံနိုင်စွမ်းတစ်ခု ပျိုးထောင်ထားနိုင်ခဲ့ပြီဖြစ်ပုံရပေသည်။

"လာ ယောက်ဖတော်၊ သူတို့နှစ်ယောက်ကတော့ သွားဆော့နေကြပြီ။ ငါတို့ လက်ဖက်ရည်ပဲ သောက်ကြတာပေါ့"

ချင်ကျင်းယွမ်က ပြုံးကာ ရှောင်မိုအတွက် လက်ဖက်ရည်ကောင်း တစ်ခွက် ငှဲ့ပေးလိုက်လေ၏။

ရှောင်မိုက ခေါင်းညိတ်ကာ လှမ်းယူလိုက်သည်။ "ဒုတိယအစ်ကိုတော်နဲ့ မရီးတော်က ဆက်ဆံရေး တော်တော်ကောင်းတဲ့ပုံပဲ"

"မဆိုးပါဘူး" ဟု ချင်ကျင်းယွမ်က ပြုံးလိုက်၏။ "သူနဲ့ငါက လက်ထပ်စာချုပ်တစ်ခုကြောင့်သာ အတူတူရှိနေရတာပါ၊ မင်းနဲ့ စီယောင်တို့လို ငယ်ငယ်ကတည်းက သိကျွမ်းလာခဲ့ပြီး လိုက်ဖက်ညီတဲ့ စုံတွဲမျိုးနဲ့ မတူဘူးလေ"

"တစ်ခါတလေကျရင် လက်ထပ်စာချုပ်ကနေတစ်ဆင့် မှန်ကန်တဲ့လူဆီကို ရောက်သွားတတ်ပါတယ်" ဟု ရှောင်မိုက ဖြည်းညင်းစွာ ဆိုလိုက်သည်။ "ဒုတိယအစ်ကိုတော်နဲ့ ပထမမင်းသမီးတို့ သေချာပေါက် သင့်မြတ်ပျော်ရွှင်စွာ နေထိုင်သွားနိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်"

"ဟားဟားဟား" ဟု ချင်ကျင်းယွမ်က ရယ်မောလိုက်လေ၏။ "ဒါဆိုရင်လည်း ယောက်ဖတော်ရဲ့ မင်္ဂလာစကားကို ငါ လက်ခံလိုက်ပါ့မယ်"

"ဒါနဲ့ စကားမစပ်" ဟု ချင်ကျင်းယွမ်က ရှောင်မိုကို မေးလိုက်၏။ "ယောက်ဖတော်က ကိုယ်ပိုင် အမာခံအဖွဲ့တစ်ခုတောင် ဖွဲ့စည်းထားပြီးပြီလို့ ကြားတယ်"

"လူတချို့ကို ရှာတွေ့ထားပြီး ဧည့်အကြီးအကဲတချို့ကိုလည်း လက်ခံထားပါတယ်၊ လုံလောက်ရုံလေးပါပဲ"

"ဒါ သိပ်ကောင်းတာပေါ့" ဟု ချင်ကျင်းယွမ်က လက်ဖက်ရည်ကို တစ်ကျိုက် သောက်လိုက်လေသည်။ "မင်း ဒီအခြေအနေအထိ ရောက်လာဖို့ဆိုတာ မလွယ်ကူခဲ့ဘူးဆိုတာ ငါ သိပါတယ်။ ပြီးတော့ ဒါက မင်းအတွက် အစပဲ ရှိသေးတာလေ။ ချင်တိုင်းပြည်ရဲ့ အနာဂတ်က ယောက်ဖတော်အပေါ်မှာပဲ မူတည်နေလိမ့်မယ်"

"ဒုတိယအစ်ကိုတော်၊ ဘာတွေ ပြောနေတာလဲ။ အစ်ကိုတော်ကြီးရော ဒုတိယအစ်ကိုတော်ပါ နှစ်ယောက်စလုံးက ပါရမီရှင်တွေချည်းပါပဲ။ အစ်ကိုတော်တို့ နှစ်ယောက်ရှိနေတာက ချင်တိုင်းပြည်အတွက် ကောင်းချီးတစ်ခုပါ"

"ချင်တိုင်းပြည်အတွက် ကောင်းချီးတစ်ခုတဲ့လား... ဟားဟားဟား" ဟု ချင်ကျင်းယွမ်က အကျယ်ကြီး ရယ်မောလိုက်ပြီး စကားကို ဆက်မပြောတော့ဘဲ ဆောင်းရာသီ ကောင်းကင်ယံကိုသာ မော့ကြည့်နေလိုက်လေတော့သည်။

ချင်ကျင်းယွမ်၏ မျက်ဝန်းများထဲမှ အထီးကျန်ဆန်ပြီး အနည်းငယ် ရှုပ်ထွေးနေသော အကြည့်ကို မြင်သောအခါ ရှောင်မိုကလည်း တိတ်ဆိတ်စွာပင် နေလိုက်လေ၏။

လက်ရှိအချိန်တွင် နန်းတွင်းအမတ် တစ်ဖွဲ့လုံးနီးပါးက ပထမမင်းသားကို အိမ်ရှေ့စံအဖြစ် သတ်မှတ်ထားကြပေသည်။ ဧကရာဇ်မင်းမြတ် ကိုယ်တိုင်ကလည်း ထိုသို့ ရည်ရွယ်ထားပုံပေါ်ပြီး ချင်ကျင်းယွမ်အတွက် နယ်စားပယ်စား နယ်မြေတစ်ခုကိုပင် စတင်ရွေးချယ်နေခဲ့ချေပြီ။

မင်္ဂလာဆောင်ပြီး၍ မကြာမီအချိန်အတွင်းမှာပင် ချင်ကျင်းယွမ် တစ်ယောက် မြို့တော်မှ ထွက်ခွာသွားရပေလိမ့်မည်။

ဒုတိယမင်းသား၏ ပတ်ဝန်းကျင်ရှိ လူများကလည်း တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြကာ ပထမမင်းသား၏ အုပ်စုသို့ ဝင်ရောက်သွားခဲ့ကြလေ၏။

ချင်တိုင်းပြည်၏ အမွေဆက်ခံသူမှာ အတိအကျ နီးပါး ဆုံးဖြတ်ပြီးသလောက် ဖြစ်နေချေပြီ။

"ဒီအကြောင်းတွေ မပြောကြတော့ပါဘူး" ဟု ချင်ကျင်းယွမ်က လက်ဖက်ရည်ခွက်ကို ချထားလိုက်သည်။ "ယောက်ဖတော်ရဲ့ လှံသိုင်းက ပြိုင်ဘက်ကင်းပြီး လှံနတ်ဘုရားရဲ့ တပည့်လို့ ကြားတယ်။ ငါ မင်းနဲ့ တစ်ခါမှ မယှဉ်ပြိုင်ရသေးဘူး၊ လေ့ကျင့်ကြည့်ကြမလား"

"သဘောအတိုင်းပါပဲပြဿနာမရှိပါဘူး။ ဒါဆိုရင်လည်း ကျွန်တော် ရဲတင်းစွာနဲ့ လက်ခံလိုက်ပါ့မယ်" ဟု ရှောင်မိုက သဘောတူလိုက်၏။

"မိသားစုအချင်းချင်း ဘာလို့ ဒီလောက်တောင် ယဉ်ကျေးနေရတာလဲ။ လာစမ်းပါ"

ချင်ကျင်းယွမ်က သစ်ကိုင်းတစ်ကိုင်းကို ပေါ့ပေါ့ပါးပါး ကောက်ကိုင်လိုက်ပြီး သစ်သားတုတ်တစ်ချောင်းကို ရှောင်မိုထံသို့ ပစ်ပေးလိုက်လေသည်။

သစ်ကိုင်းကို ဓားအဖြစ်၊ သစ်သားတုတ်ကို လှံအဖြစ် ကိုယ်စီအသုံးပြုကာ ခြံဝင်းအတွင်း၌ စတင်ယှဉ်ပြိုင်ကြလေတော့သည်။

အမွှေးတိုင်နှစ်တိုင်စာ အချိန်ကုန်လွန်ပြီးနောက်တွင် ချင်စီယောင်နှင့် မင်းသမီးကျီယွဲ့တို့က ခြံဝင်းအတွင်းသို့ ပြန်ရောက်လာကြပြီး ရှောင်မိုနှင့် သူမ၏ ဒုတိယအစ်ကိုတို့ ယှဉ်ပြိုင်နေကြသည်ကို တွေ့လိုက်ရလေ၏။

"တော်ပြီ တော်ပြီ၊ ဆက်မချကြနဲ့တော့။ နှစ်သစ်ကူးဖို့လည်း နီးနေပြီကို တစ်ယောက်ယောက် ထိခိုက်ဒဏ်ရာရသွားရင် ဘယ်လိုလုပ်မလဲ"

ချင်စီယောင်က အမြန်လျှောက်လာပြီး ရှောင်မိုနှင့် သူမ၏ အစ်ကိုဖြစ်သူတို့ကို ဆွဲခွာလိုက်လေသည်။

"စီယောင်က ဒီလိုပြောနေမှတော့ ဒီနေ့ ဒီလောက်နဲ့ပဲ ရပ်ကြတာပေါ့" ဟု ချင်ကျင်းယွမ်က သစ်ကိုင်းကို ပစ်ချလိုက်၏။ "တစ်လောကလုံး နာမည်ကျော်ကြားတဲ့ ဆီးနှင်းမင်းသားဆိုတဲ့ ဂုဏ်ပုဒ်နဲ့ တကယ်ကို ထိုက်တန်တာပဲ။ ယောက်ဖတော်ရဲ့ လှံသိုင်းက တကယ်ကို ပြောင်မြောက်လှပါတယ်"

"ဒုတိယအစ်ကိုတော် မြှောက်မနေပါနဲ့ဗျာ။ အစ်ကိုတော့်ရဲ့ ဓားသိုင်းကလည်း ကျွန်တော့်မျက်စိကို ပွင့်သွားစေပါတယ်" ဟု ရှောင်မိုက လက်သီးလက်ဝါးစုစည်းကာ အရိုအသေပေးလျက် ဆိုလိုက်လေသည်။

"အို... တော်ပါတော့။ မင်းသာ အချိန်တစ်လျှောက်လုံး အလျှော့ပေးမထားဘူးဆိုရင် ငါက အကွက်နှစ်ဆယ်အတွင်းမှာတင် အလဲထိုးခံလိုက်ရလောက်ပြီ"

All Chapters