အခန်း (၁၁၅၅-၁၁၅၆)
Vol. 97 Ch. 1155-1156
အခန်း ၁၁၅၅ –
မြင့်မြတ်သူနှင့် ဆုံစည်းခြင်း။
နဂါးနက်စျေးမြို့လမ်းမကြီး၏ တိတ်ဆိတ်ခြောက်ကပ်လှသော လမ်းထောင့် တစ်နေရာတွင် ဗေဒင်ဆရာအဘိုးအိုသည် ဘုန်းခနဲထိုင်ချလိုက်ပြီးနောက် ပြင်းထန်စွာ ချောင်းဆိုးတော့သည်။
“ အဟွတ် အဟွတ် ... ။ ”
သူ၏ ဝါကြင်ကြင် မျက်နှာအိုကြီးမှာ နီမြန်းလာပြီး နဖူးတွင် အကြောအပြိုင်းပြိုင်း ထောင်လာခဲ့သည်။
“ ဒီကံကြမ္မာဆိုးကြီးကနေ လွတ်မြောက်ဖို့အတွက် ဘဝတလျှောက်လုံး ပုန်းအောင်းနေတာတောင် မလွတ်မြောက် နိုင်သေးဘူး။ ”
အဘိုးအိုသည် အသက်ကို လုရှူနေရပြီး တစ်ကိုယ်လုံး အားအင်ကုန်ခမ်းကာ လဲလျောင်း နေလိုက်သည်။
ထိုစဉ် ဖြူဝင်းနုနယ်သော လက်ကလေးတစ်ဖက်သည် အဘိုးအို၏ ရှေ့သို့ ရောက်ရှိလာပြီး စိမ်းဖန့်ဖန့် နတ်ဆေးလုံး တစ်ပြား ပေးအပ်လာ၏။
“ စီနီယာ ... ဒီဆေးလုံးကို သောက်လိုက်ရင် သက်သာသွားပါလိမ့်မယ်။ ”
ဤသည်မှာ မိန်းကလေးတစ်ဦး ဖြစ်လေသည်။ သူမက ရုတ်တရက်ပေါ်လာပြီး အဘိုးအိုကို စိုးရိမ်တကြီး ကြည့်နေတော့၏။
အသက်အရွယ်အရ (၁၆)နှစ်အရွယ်သာ ရှိသေးပြီး ဖျင်ကြမ်းဝတ်စုံဝတ်ဆင်ထားသည်။ ဆံပင်များရှုပ်ပွနေပြီး နက်မှောင်သော ရွှေရောင် မျက်ဝန်းတစ်စုံပိုင်ဆိုင်၏။
“ ဒီလောကရဲ့ ဘယ်ဆေးလုံးကမှ ငါ့ရောဂါကို မကုသနိုင်ပါဘူး ဒီဆေးကို မင်းပဲ သိမ်းထားပါ ... ငါသောက်ရင် ဖြုန်းတီးရာ ရောက်လိမ့်မယ်။ ”
အဘိုးအိုက သက်ပြင်းချကာ ဆေးလုံးကို တွန်းထုတ်လိုက်သည်။ ထို့နောက် အကြည့်မှာ မိန်းကလေး၏ ခြေထောက်ထံ ရောက်ရှိလာ၏။
မိန်းကလေး၏ ခြေကျင်းဝတ် နှစ်ဖက်စလုံးတွင် လက်မခန့်ထူထည်းနေသော သွေးရောင်သံခြေကျင်းများရှိနေ၏။
ယင်းသည် မြင်ရသူတိုင်းကို စိတ်မသက်မသာ ဖြစ်စေသည်။ မိန်းကလေးမှ ဆေးပြားကိုပြန်သိမ်းကာ အဘိုးအို၏ဘေးတွင် ဝင်ထိုင်လိုက်၏။
အဘိုးအိုက ထထိုင်လျက် ဆေးတံကို ထုတ်သောက်နေသဖြင့် မီးခိုးငွေ့များကြားတွင် သူ့မျက်နှာမှာ ဝေဝါးနေခဲ့သည်။
အတန်ကြာမှ အဘိုးအိုက ဆေးတံကို အောက်သို့ ချလိုက်ပြီး၊
“ မင်းဟာ နှစ်ပေါင်းများစွာ ပိတ်မိနေခဲ့ပေမယ့် မင်းရဲ့သံကြိုးတွေကိုဖြတ်ဖို့ အခွင့်အရေး ရောက်လာပြီ မိန်းကလေး၊ မင်း ဒါကို မလွတ်စေနဲ့။ ”
-ဟု သတိပေးလိုက်သည်။ မိန်းကလေး မျက်နှာတွင် တွန့်ဆုတ်နေသည့် အရိပ်အမြွက် ပေါ်လာပြီး၊
“ စီနီယာ ... တကယ်လို့ လက်လွတ်သွားရင် ဘာဖြစ်မလဲ။ ”
“ လက်လွှတ်သွားရင် မိန်းကလေးရဲ့ တစ်သက်မှာ ကျန်းထိုက်အာကိုသတ်ဖို့အတွက် ဘယ်တော့မှ အခွင့်အရေးရှိတော့မယ်လို့ မထင်ဘူး။ ”
ထိုအဖြေကြောင့် မိန်းကလေးသည် လက်သီးကိုတင်းတင်းဆုပ်လိုက်ပြီး ရွှေရောင် မျက်ဝန်းများ၌ ကြောက်မက်ဖွယ်ကောင်းသော အလင်းတန်းများ ဖြာထွက်လာသည်။
“ နားလည်ပါပြီ စီနီယာ။ ”
အဘိုးအိုက ဆက်လက်၍၊
“ မင်းကိုမင်း ယုံကြည်ချက် ရှိရမယ် ... လောကကြီးမှာ အတင်းအကြပ် တောင်းဆိုရင် ဆန့်ကျင်ဘက်ရလဒ်တွေပဲ ရတတ်တယ် ...
... အလျင်မလိုနဲ့ ဒီလောက်ကြာအောင် မင်းစောင့်ခဲ့ပြီးပြီပဲ .. နည်းနည်းထပ်စောင့်ရတာ ဘာမှမဖြစ်ပါဘူး။ ”
ဤစကားကြောင့် မိန်းကလေးက၊
“ စီနီယာ စောင့်ရမှာကို မကြောက်ပါဘူး၊ ဒါပေမဲ့ ... ။ ”
-ဟု စကားပြောရန်ပြင်၏။
သို့သော် အဘိုးအိုမှ သူမဆိုလိုချင်သော စကားကိုကြားသိလိုက်သည့်အလား ပြုံးပြပြီး၊
“ ငါ့ကို မယုံရင်နေပါ ဒါပေမဲ့ သူ့ကိုတော့ လုံးဝယုံကြည်ရမယ် ... ငါ့ဘဝမှာအင်မော်တယ် တာအိုရဲ့ ထိပ်တန်းကျွမ်းကျင်သူတွေ အများကြီးကို ပေါ်ထွန်းလာတာ ...
... မြင်တွေ့ခဲ့ဖူးတယ် နတ်ဘုရား စစ်ပွဲတွေတောင်ချွင်းချက်မရှိဘဲ လက်ရှိအချိန် ခွေးတစ်ကောင်လို ပုန်းအောင်းနေခဲ့ရပေမယ့် ဒီနေ့အထိတော့ ငါအသက်ရှင်နေတုန်းပါ ...
... ဒါကြောင့် ဒီအင်မော်တယ်မြေမှာ ငါ့သက်တမ်းက အရှည်ဆုံးဖြစ်ပြီး လူအနည်းစု လောက်ကိုပဲ မျက်စိထဲထည့်နိုင်တယ်။ ”
-ဟု အသိပေးလိုက်သည်။
“ အဲဒီထဲမှာ သူလည်း အပါအဝင်ပဲလား။ ”
မိန်းကလေးက စိတ်လှုပ်ရှားစွာမေး၏။ သို့သော် အဘိုးအိုမှခေါင်းခါပြပြီး၊
“ မဟုတ်ဘူး ... သူက အဲ့ဒီလူတွေထဲမှာ မပါဘူး သူ့ရှေ့မှာဆိုရင် ငါ့ရဲ့အမြင်ကအရမ်းကို နိမ့်ကျလွန်းပါတယ်။ ”
-ဟု ပြန်ဖြေသည်။ မိန်းကလေးမှ တိတ်ဆိတ်သွား၏။ အဘိုးအိုက တိုးတိုးလေး ထပ်ရှင်းပြသည်။
“ မိန်းကလေး ... အခု မသိသေးပေမဲ့ နောင်ကျရင် သိလာပါလိမ့်မယ် ဒီလောကမှာ ကျန်းထိုက်အာကို ဖိနှိပ်နိုင်တဲ့သူ ရှိချင်ရှိမယ် ဒါပေမဲ့ ကျန်းထိုက်အာကို အိပ်မပျော် ...
... စားမဝင်အောင် ထိတ်လန့် စေနိုင်တာကတော့ ... အများကြီးမရှိနိုင်ဘူး သူတစ်ယောက်တည်းရှိလိမ့်မယ်။ ”
“ ဒါပေမဲ့ သူ အခု ... ။ ”
“ အဟား ... ဒါကြောင့်ပဲ မင်းအတွက် ဒီအခွင့်အရေးပေါ်လာတာပေါ့ မဟုတ်ရင်မင်းမှာ အခွင့်အရေးရှိမယ်ထင်လား။ ”
ဤနေရာအရောက်တွင် မိန်းကလေး၏ စိတ်ထဲ၌ ရုတ်တရက် အလင်းပွင့်သွားခဲ့သည်။ ထိုသူသည်သာ ယခင်ကဲ့သို့အင်မော်တယ်မြေ၏ ထိပ်ဆုံးတွင်ရပ်နေနိုင်ခဲ့သော် အနားသို့ပင် သူမ ချဉ်းကပ်နိုင်မည်မဟုတ်ချေ။
“ အဟွတ် အဟွတ် ... ။ ”
အဘိုးအိုသည် ပြင်းထန်စွာ ထပ်မံ ချောင်းဆိုးပြန်သည်။ မိန်းကလေးက ကျောပြင် အပေါ် ပွတ်ပေးလျက်၊
“ စီနီယာရဲ့ စေတနာကို နားလည်ပါပြီ ဒီအခွင့်အရေးကို လက်လွတ်မခံတော့ပါဘူး။ ”
-ဟု ကတိပေးလိုက်တော့၏။ အဘိုးအိုက ချောင်းဆိုးရပ်သွားပြီးနောက်၊
“ ဒီအခွင့်အရေးကို မင်းနားလည်ဖို့ အချိန်အကြာကြီးစောင့်ပေးခဲ့ရတယ် အခုလည်း ကောင်းကင်ဘုံလျှို့ဝှက်ချက်တွေကို အများကြီး ပြောမိသွားပြီ ... ငါ ထွက်သွားမှရတော့မယ် ...
... မဟုတ်ရင် ငါ့ရဲ့ကံကြမ္မာကို ရှာတွေ့ပြီးတော့ သူတို့ကသေဆုံးသွားတဲ့အထိ သတ်လာလိမ့်မယ် နှုတ်ဆက်ပါ အနာဂါတ်ဟာ မင်းအပေါ်မှာပဲ မူတည်တော့တယ်။ ”
ထို့နောက် အဖိုးအိုမှ မတ်တပ်ထရပ်လိုက်သည်။
“ စီနီယာ ... စီနီယာ ဘယ်ကိုသွားမလို့လဲ။ ”
မိန်းကလေးက လွမ်းဆွတ်လာ၏။ အဘိုးအိုမှသက်ပြင်းချလျက်၊
“ သူနဲ့ မတွေ့နိုင်သရွေ့ ဘယ်နေရာမဆို ဒီလောကကြီးတစ်ခုလုံးက ငါ့အိမ်ပဲ ငါမသွားခင် ဗေဒင်တစ်ချက် တွက်ကြည့်ခဲ့သေးတယ် ...
... ကောင်းကင်ဘုံက ဒီတစ်ခါတော့ မျက်နှာသာပေးလာတယ် ... ငါပိုင်လုကျိုးကို သွားရမယ် ...
... အဲဒီနေရာမှာ ပုန်းနေရင် သူနဲ့ ဘယ်တော့မှ တွေ့နိုင်တော့မှာ မဟုတ်သလို ကံကောင်းခြင်းတွေလည်း ရနိုင်တယ်။ ”
“ စီနီယာ ... မင်းဂရုစိုက်ရမယ်။ ”
မိန်းကလေးမှ သတိပေးလိုက်သည်။ ထို့နောက် အဘိုးအိုမှ လက်ဝှေ့ယမ်းပြကာ ၊
“ စိတ်ချပါ ... ငါ ပြောပြီးပြီပဲ အသက်အရှည်ဆုံး ရှင်သန်နေထိုင်ခြင်းမှာ ငါ့ကို ယှဉ်နိုင်တဲ့သူ ဘယ်သူမှမရှိပါဘူး။ ”
-ဟု ဆိုကာ ထွက်ခွာသွားတော့သည်။
မိန်းကလေးသည် အဘိုးအိုထံ အချိန်အတော်ကြာအောင် ငေးကြည့်ပြီးနောက် လက်ထဲမှ ကျောက်စိမ်းပြားထံ ဖတ်ကြည့်လိုက်၏။
လွန်ခဲ့သော ရက်အနည်းငယ်က ထိုအဖိုးအိုသည် သူမကံကြမ္မာကိုကြည့်ပေးခဲ့၏။ အကျိုးဆက်အနေဖြင့် အဘိုးအိုသည် တန်ဖိုးတစ်ခု ပေးဆပ်ခဲ့ရသည်။
ထိုဗေဒင်ဟောချက်ကြောင့်ပင် သူမ၏ မှောင်မိုက်နေသောနေ့ရက်များမှာ အလင်းများ ဝင်ရောက်လာခြင်းဖြစ်၏။
ကျောက်စိမ်းပြားတွင် ‘နဂါးပျံသန်းခြင်း၊ မြင့်မြတ်သူနှင့် ဆုံစည်းခြင်း၊’ဟု ရေးထိုးထား လေသည်။
မြင့်မြတ်သူဟူသည် အင်မော်တယ်မြေ၌ အထွတ်အထိပ် အင်မော်တယ်ဘုရင်များအပေါ် ရည်ညွှန်းချေ၏။
...
တစ်ချိန်တည်းမှာပင် နဂါးနက်ဈေး၏ ရှေးဟောင်းနန်းတော်တစ်ခုအတွင်း ဝိညာဉ် တစ်သောင်းဂိုဏ်း၏ ထိပ်တန်းပုဂ္ဂိုလ်များ စုဝေးနေကြသည်။
ထိုအထဲတွင် သန့်ရှင်းသောသားတော် ချုံချီသည်လည်းပါဝင်ချေ၏။ ဗဟိုထိုင်ခုံကြီး၌ မုတ်ဆိတ်မွေးရှည်ရှည်နှင့် ခံ့ညားထည်ဝါသော တန်ခိုးရှင်တစ်ဦးထိုင်နေသည်။
ထိုသူ၏အမည်မှာ ရှောင်ကျူးဖြစ်၏။ သူသည် နတ်ဆိုးလမ်းစဉ်အင်မော်တယ်တစ်ပါး ဖြစ်ပြီး အကြီးအကဲရာထူးကို ရယူထားသည်။
“ ဒီတစ်ခေါက် စည်းဝေးပွဲမှာ ... နတ်ဆိုးကျင့်ကြံသူ အင်မော်တယ်ခုနစ်ပါးနဲ့ အခြားကျင့်ကြံသူ(၄၉)ပါး ပါဝင်လာလိမ့်မယ်။ ”
ရှောင်ကျူးက လူတိုင်းကို အတိပေးလိုက်သည်။
“ အဲ့ဒီအထဲက အများစုက ငါတို့ ဝိညာဉ်တစ်သောင်းဂိုဏ်းကို ဝင်ဖို့အတွက် သဘောတူထားပြီးပြီ ဒါပေမဲ့ လက်မခံသေးတဲ့ ခေါင်းမာတဲ့သူ သုံးယောက် ကျန်သေးတယ်။ ”
“ သူတို့က ကျူးဟဲအင်မော်တယ်၊ ဖူဟော့အင်မော်တယ်နှင့် ချင်းဝေအင်မော်တယ် တို့ပဲ ... အဲဒီထဲမှာ အင်မော်တယ်ကျူးဟဲက ကိစ္စမရှိဘူး၊ သူက တန်ခိုးကြီး ရတနာတစ်ခုပဲ လိုချင်နေတာ အချိန်ကျရင် ပေးလိုက်ရုံပဲ ...
... အင်မော်တယ်ဖူဟော့ကတော့ ခေါင်းမာပြီး တောင်းဆိုတာတွေ များလွန်းတယ်၊ ဒါပေမဲ့ သူ စည်းဝေးပွဲကို လာမယ်ဆိုတည်းက ညှိနှိုင်းလို့ ရနိုင်တဲ့နည်းလမ်းရှိပါသေးတယ် ...
... ပြဿနာက အင်မော်တယ်ချင်းဝေပဲ သူ့အတါက်ကတော့ နည်းနည်း ခက်လိမ့်မယ် နောက်ကွယ်ကခွန်အားက အလွန်ရှေးကျပြီး တောင့်တင်းတယ် ...
... သူတို့ကို နတ်ဆိုးဧကရာဇ်အပြင် အခြားသောတန်ခိုးရှင် သုံးပါးကပါ ထောက်ခံ ပေးထားတယ် ...။ ”
ထိုစကားကြောင့် နန်းတော်အတွင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ သန့်ရှင်းသော သားတော် ချုံးချီက အေးစက်စွာဖြင့်၊
“ ဓမ္မအဆုံးခေတ်ပြီးတဲ့နောက် အင်အားကြီးအဖွဲ့တွေ အားလုံး ပျက်စီးကုန်ပါပြီ ပျော်ရွှင်ခြင်းကျောက်စိမ်းမျှော်စင်တောင်မှ ချွင်းချက် မရှိဘူး ...
... သူ့အင်အားက အများကြီး လျော့နည်းသွားပြီ ... နတ်ဆိုးဧကရာဇ်လည်း ပျောက်ကွယ်နေတာ ခုထိသတင်းမရှိဘူး ...
... လက်ရှိမျှော်စင်ကို အုပ်ချုပ်နေတဲ့ လျိုယွန်းအင်မော်တယ်ဘုရင်လည်း တံခါးပိတ် ကျင့်ကြံနေတာ နှစ်ပေါင်းသုံးထောင်ရှိနေပြီ ...
... ဒီလို အခြေအနေမျိုးမှာ အင်မော်တယ်ချင်းဝေက ငါတို့ရှေ့မှာခေါင်းမော့ နေလို့ မရတော့ပါဘူး။ ”
-ဟု ထောက်ပြလိုက်၏။ ရှောင်ကျူးက ရယ်မောလျက်၊
“ ပျော်ရွှင်ခြင်းကျောက်စိမ်း မျှော်စင်က အရင်လို မဟုတ်တော့တာတော့ အမှန်ပဲ ဒါပေမဲ့ ပိန်သွားတဲ့ကုလားအုတ်က မြင်းထက်တော့ ကြီးပါသေးတယ် ...
... ငါတို့ဝိညာဉ်တစ်သောင်းဂိုဏ်းက ဘာကိုမှမကြောက်ပေမဲ့ ... မျက်နှာပျက်စရာ မလိုဘဲ ရှင်းနိုင်ရင် အကောင်းဆုံးပေါ့။ ”
-ဟု ပြောကြားလိုက်၏။
“ ငါ့ခန္ဓာကိုယ်ထဲက ချီလင်သွေးတွေ နိုးထလာဖို့က ဒီမိန်းမအပေါ်မှာ မူတည်နေတယ် ငါရအောင်ယူရမယ်။ ”
သန့်ရှင်းသောသားတော် ချုံချီစကားကို လူတိုင်းခေါင်းညိတ်ထောက်ခံ၏။ ချင်ဝေတွင် ရှေးဟောင်းနတ်သားရဲ ပိုင်ဇီ၏သွေးရှိသည်။
ထို့ကြောင့် သူမကိုကျင့်ကြံဖော်အဖြစ် အသုံးပြုနိုင်ခဲ့သော် ချုံချီ၏မျိုးဆက်သွေးသည် များစွာ သန့်စင်လာပေမည်။
“ ဒါနဲ့ ... နဂါးနီသခင်က ငါတို့ပွဲကိုလာဖို့ သဘောတူရဲ့လား။ ”
ရှောင်ကျူးက ရုတ်တရက် သတိရသွားလေသည်။ လူအုပ်အတွင်းမှ အကြီးအကဲတစ်ယောက်က ခေါင်းခါပြကာ၊
“ ငါအကြိမ်ကြိမ် ဖိတ်ကြားခဲ့ပေမယ့် နဂါးနီသခင်က ငြင်းပယ်ခဲ့တယ် အမှန်အတိုင်း ပြောရရင် အခုထိ နဂါးနီသခင်ရဲ့မျက်နှာကို မမြင်ဖူးသေးပါဘူး ဒါပေမယ့် ...
... နဂါးနက်အစောင့်တပ်က ခေါင်းဆောင်တစ်ယောက်ကိုတော့ ငါတို့ပွဲကို လွှတ်ပေးမယ်လို့ ပြောပါတယ်။ ”
သို့မှသာ ရှောင်ကျူးက သက်ပြင်းချလျက်၊
“ နဂါးနီသခင် မလာချင်ရင်လည်း အတင်းအကြပ် မလုပ်ပါနဲ့ ... ဒီနဂါးနက်ဈေးကို အုပ်ချုပ်နေတဲ့ တန်ခိုးရှင်တစ်ပါးဆိုတာ ...
... ငါတို့ရဲ့ ဂိုဏ်းချုပ်ကိုယ်တိုင်လာပြီး ဖိတ်ကြားမှပဲ သူ တက်ရောက်လာလိမ့်မယ် ဒါက ပုံမှန်ပဲ။ ”
နဂါးနက်ဈေးမြို့သည် အလွန်ထူးခြားပြီး အင်မော်တယ်မြေတွင် အကြီးဆုံးသောအမှောင် စျေးမြို့ကြီးသုံးခုအနက် တစ်ခုဖြစ်၏။
နတ်ဆိုးကျင့်ကြံသူများကြား အလွန် သြဇာကြီးမားသည်။ မည်သူမဆို နဂါးနက်ဈေး အတွင်းသို့ ဝင်ရောက်လာပါက ဤစျေးမြို့၏ စည်းမျဉ်းများကို လိုက်နာရမည်ဖြစ်၏။
***
အခန်း ၁၁၅၆ –
နဂါးခြင်္သေ့ မျိုးဆက်သွေး ... ။
နောက်တစ်နေ့ နံနက်စောစောတွင် စုရီတစ်ယောက် လိုအပ်သောအင်မော်တယ် ဆေးဘက်ဝင်အပင်များ ဝယ်ယူရန် တစ်ဦးတည်း ထွက်ခွာလာခဲ့သည်။
ချင်းဝေမှ လိုက်ပါရန် ပြင်သော်လည်း ငြင်းပယ်လိုက်ပြီး ဝိညာဉ်တစ်သောင်းဂိုဏ်း၏ စည်းဝေးပွဲအတွက် ပြင်ဆင်နေရန်သာ မှာကြားခဲ့သည်။
“ အမည်ခံအင်မော်တယ်အဆင့် အင်မော်တယ်ဆေးဝါးတွေနဲ့ ဗလာနယ်ပယ် တက်လှမ်းချိန်မှာ အုတ်မြစ်ခိုင်မာစေဖို့ အတွက်လည်း ပြင်ဆင်ရမယ်။ ”
စုရီတစ်ယောက် တစ်ယောက်တည်း တွေးတောလျက် လမ်းမအတိုင်းလျှောက်လှမ်း လာခဲ့သည်။
အင်မော်တယ်နယ်ပယ်သို့ တက်လှမ်းခြင်းသည် လုံးဝသစ်လွင်သော လမ်းစဉ်တစ်ခုဖြစ်၏။ ထိုအထဲတွင် အမည်ခံ အင်မော်တယ်သည် ပထမဆုံး အဆင့်ပေပင်။
အပင်တစ်ပင်သည် အစေ့အဆန်မှ စတင်ရသည်ဟူသောစကားအတိုင်း နတ်ဝိညာဉ် အဆင့်သို့ ခြေချချိန်တွင် တည်ဆောက်မည့် အခြေခံမှာ အနာဂါတ်ကို ဆုံးဖြတ်ပေမည်။
သူရှာဖွေနေသော လမ်းစဉ်သည် ကမ္ဘာဦးကတည်းက မရှိခဲ့ဖူးသောလမ်းဖြစ်ရာ သူ့အခြေခံသည် ပို၍ပင် အရေးကြီးလှသည်။
“ ရွှေအရိုးသန့်စင်ခြင်း ဆေးပြား ... ။ ”
ဝမ်ယဲ့၏မှတ်ဉာဏ်များအရ အင်မော်တယ်အဆင့် ဆေးနည်းများစွာ ရှိသည်။ ထိုအထဲတွင် ဤဆေးလုံးသည် အင်မော်တယ် လမ်းအတွက် အခြေခံကို တည်ဆောက်ရန် အကောင်းဆုံးဆေးဖြစ်၏။
သို့သော် ထိုဆေးလုံးမှာ အလွန်ပင် တားမြစ်ဆန်ပြီး ဆေးလုံး အောင်မြင်ချိန်တွင် ပြင်းထန်သော ကပ်ဘေးကို ကြုံရချေမည်။
၎င်းအပြင် လိုအပ်သော ဆေးဘက်ဝင် အပင်များမှာလည်း အလွန်ရှားပါးလွန်းလှသဖြင့် ဆေးအင်မော်တယ်များပင် လွယ်လွယ်နှင့် မဖော်စပ်နိုင်ကြချေ။
သို့သော် စုရီအတွက်မူ ကောင်းကင်ဆန္ဒဆေးမီးဖို ရှိနေခဲ့သဖြင့် ဆေး ကပ်ဘေးကို တားဆီးနိုင်စွမ်းရှိသည်။
လမ်းတလျှောက် ဆေးဆိုင်များသို့ ဝင်ရောက်ကာ အင်မော်တယ်ဆေးပင်များကို ဝယ်ယူခဲ့၏။
ညနေစောင်းချိန်ရောင်သည်အထိ နတ်ကျောက်(၇၀၀၀)ကို အသုံးပြုကာ ဆေးပင် (၄၀)ကျော်သာ ဝယ်ယူနိုင်သည်။
၎င်းတို့အထဲတွင် လျှပ်စီးဝါးသည် နတ်ကျောက်တုံး (၁၀၀၀)တန်ချေ၏။ သို့သော် ရွှေဖားအရေခွံ၊ ဆီးနှင်းရည်၊ မင်္ဂလာဆင်အမှုန့်၊ ဖီးနစ်သစ်ရွက်၊ ငါးပါးအာရုံ ကြာပန်းဟူသော ဆေးဘက်ဝင်အပင်ငါးမျိုးကိုမူ ရှာမတွေ့ချေ။
နဂါးနက်ဈေးအတွင်း၌ပင် ဤဆေးပင်များမှာ အလွန် ရှားပါးနေသည်ဟု ကုန်သည်များက ပြောလာကြလေသည်။
ထို့ကြောင့် စုရီတစ်ယောက် လက်လျှော့ရန်ပြင်စဉ် ရုတ်တရက် အော်ဟစ်သံ တစ်သံကြောင့် အာရုံစိုက်မိသွား၏။
“ အားလုံးပဲ ... အကောင်းဆုံး အစီအစဉ် ရောက်ရှိလာပြီ အခုနောက်ဆုံးကျန်နေတဲ့ ကျွန် တစ်ယောက်ကတော့ ထိပ်တန်းအဆင့်ပါ ဈေးအမြင့်ဆုံး ပေးနိုင်တဲ့သူရမယ်။ ”
“ ဟမ့် ... ဒီကလေးက တကယ်ပဲ နဂါးခြင်္သေ့မျိုးနွယ်ရဲ့ တိုက်ရိုက်မျိုးဆက်သွေး ပါနေတာလား။ ”
အဝေးရှိ ကွင်းပြင်ကျယ်ကြီးတစ်ခုအတွင်း ဆွေးနွေးသံများကျယ်လောင်နေ၏။ ဤသည်မှာ ကျွန်စျေးဆိုင်တစ်ခုပေပင်။
ထိုနေရာတွင် သံလှောင်အိမ်များစွာရှိပြီး ၎င်းအထဲတွင် ရောင်းချရန် ဖမ်းဆီးထားသော ကျွန်များ ရှိနေကြသည်။
လူမျိုးစုံ၊ ပုံစံမျိုးစုံ ကျွန်များကြားတွင် ကျင့်ကြံသူတစ်စုသည် လှောင်အိမ်တစ်လုံးရှေ့၌ စုဝေးကာ အတွင်းရှိ လူငယ်လေးတစ်ဦးကို စိုက်ကြည့်နေကြခြင်းဖြစ်၏။
ထိုလူငယ်သည် ခန္ဓာကိုယ်တစ်ခုလုံး သွေးများဖြင့် ရွှဲနစ်နေပြီး အဝတ်အစားများမှာ စုတ်ပြတ်နေသည်။
လည်ပင်း၊ လက်နှင့်ခြေထောက်တို့တွင် သံခြေကျင်းများခတ်ထားကာ အသက်အရွယ် အရ(၁၀)နှစ်ကျော်ခန့်သာ ရှိသေး၏။
ခေါင်းငုံ့လျက် ငြိမ်သက်စွာ ထိုင်နေရာ ရုပ်ရည်ကိုမမြင်ရချေ။ ကျွန်ပိုင်ရှင်ကုန်သည်က လူအများ၏ စိတ်ဝင်စားမှုကို မြင်ပြီးနောက်၊
“ ဒီကျွန်လေးက နဂါခြင်္သေ့မျိုးနွယ်ရဲ့ မျိုးဆက်တစ်ယောက်ဖြစ်ကြောင်း အာမခံတယ် မဟုတ်ရင် ငါ့ခေါင်းကို ဖြတ်ပစ်လိုက် မင်းတို့ရဲ့ အလေးထားမှုကို စတင်နိုင်ပါပြီ။ ”
-ဟု အော်ဟစ်ကာ အရှိန်ကို မြင့်တင်လိုက်လေသည်။ ထို့နောက် ဈေးစတင် ခေါ်ဆိုခိုင်းတော့၏။
“ ငါ အင်မော်တယ်တုံး (၃၀)ပေးမယ်။ ”
“ ဟမ့် ... အင်မော်တယ် ကျောက်တုံး သုံးဆယ်လောက်နဲ့ ဒီလိုမျိုးဆက်သွေးမျိုးကို လိုချင်နေတာလား ... အိမ်မက်မက်မနေနဲ့ ... ငါငါးဆယ်ပေးမယ်။ ”
“ တစ်ရာ့နှစ်ဆယ် ... ။ ”
“ တစ်ရာ့ခုနစ်ဆယ် ... ။ ”
လူအများက အပြိုင်အဆိုင် ဈေးပေးလာကြသည်။ များမကြာမီအတွင်း အင်မော်တယ်ကျောက်တုံး (၅၀၀)အထိ ရောက်ရှိလာတော့၏။ ကျွန်ကုန်သည်မှာ ပြုံးရွှင်စွာဖြင့် စောင့်ကြည့်နေချေပြီ။
စုရီတစ်ယောက် ဆူပွက်နေသော လေထုအောက်တွင် ထိုလှောင်အိမ်ကြီးရှေ့သို့ ဖြည်းညှင်းစွာ ရောက်ရှိလာလေသည်။
သူ့မျက်ဝန်းများတွင် သံသယများဖြင့် တောက်ပနေတော့၏။ အဘယ့်ကြောင့်ဆိုသော် လှောင်အိမ်အတွင်းရှိ လူငယ်လေးထံပါးမှ ရင်းနှီးသောခံစားချက်ကို ရရှိနေချေပြီ။
များမကြာခင် စုရီတစ်ယောက် မျက်ခုံးပင့်လိုက်တော့၏။ သူ့စိတ်ထဲ ရုတ်ချည်း အတိတ်မှ မြင်ကွင်းများ ထွက်ပေါ်လာသည်။
ထိုစဉ်က သတ္တမကောင်းကင်တံခါး အပြင်ဘက်တွင် အလောင်းများ တောင်လိုပုံကာ သွေးပင်လယ်ပြင်ကြီး ဖြစ်ပေါ်နေ၏။
လေထုအတွင်း၌လည်း စစ်ဗုံသံများ ဟိန်းထွက်ပြီး မရေမတွက်နိုင်သောကျင့်ကြံသူ အများအပြားသွေးမြေကျနေ၏။
နတ်ဆိုးမျိုးနွယ်မှ စစ်သည်များမှာ ဆုတ်ခွာခြင်းမရှိ ပြင်းထန်စွာတိုက်ခိုက်လာ၏။ တံခါးဝ၏ တံတိုင်းအထက်တွင် ခန္ဓာကိုယ်ပေါ်၌ သွေးများဖြင့် ရွှဲနစ်နေသော အဘိုးအိုတစ်ဦး လဲလျောင်းနေသည်။
သူ့လက်သည် ဝမ်ယဲ့လက်ကို တင်းတင်းဆုပ်ကိုင်ထားကာ တုန်ရီသော အသံဖြင့်၊
“ ဧကရာဇ်သခင် ... ဒီအစေခံက သခင့်ရဲ့မျက်နှာကို ပျက်စေခဲ့ရပါပြီ ... ဒီအစေခံ တစ်သက် သခင်ရဲ့နောက်လိုက်ပြီး လောကကြီး အပေါ် သိမ်းပိုက်မဲ့မြင်ကွင်းမျိုး မြင်ချင်ခဲ့တာ အခုတော့ နှမျောစရာပါပဲ။ ”
-ဟု တောင်းပန်လိုက်သည်။ ဝမ်ယဲ့တစ်ယောက် မျက်ဝန်းများ ရဲရဲနီလာပြီး နှလုံးသားတစ်ခုလုံး နာကျင်လာခဲ့၏။ ထို့နောက် အံကြိတ်လျက်၊
“ အဖိုးကြီးဖန် ... ငါ ကတိပေးတယ်၊ အဲ့ဒီမိစ္ဆာတွေကို အကုန်လုံးကိုသတ်ပေးမယ်။ ”
-ဟု ဆိုလိုက်သည်။ အဘိုးအိုက ပြုံးလိုက်၏။
“ ဧကရာဇ်သခင်ရဲ့ နောက်ကိုလိုက်ပြီး အင်မော်တယ်မြေအတွက် တိုက်ပွဲဝင်ခဲ့ရတာ ဒီအစေခံဘဝမှာ ဂုဏ်အယူရဆုံးပါပဲ ...
... ဒီအစေခံရဲ့ နဂါးခြင်္သေ့မျိုးနွယ်ဟာ ကြီးငယ်မရွေး စစ်တလင်းမှာသေဆုံးရတာကို နှစ်ခြိုက်ကြပါတယ် ဒါကြောင့် ဒီအစေခံရဲ့ အရိုးပြာကို သတ္တမမြောက်တံခါးဝမှာပဲ ...
... ကြဲပက်ပေးပါ၊ ဒီအစေခံက သေသွားခဲ့ရင်တောင် ဒီနေရာကို ဆက်ပြီးတော့ စောင့်ရှောက်ချင်လို့ပါ။ ”
ဤသည်မှာ ထိုအဘိုးအိုအတွက် နောက်ဆုံးစကားဖြစ်၏။ နှစ်ပေါင်း(၃၉၀၀၀) တိုင်အောင် ဝမ်ယဲ့နှင့်အတူ စစ်ပွဲများစွာကို ဆင်နွှဲခဲ့ဖူးသည်။
အမည်မှာ ဖန်ရှ ဖြစ်၏။ ‘အသက်ရှင် နေသရွေ့မဆုတ်မနစ်’ဟူသော အဓိပ္ပါယ်ပေပင်။ ဖန်ရှသေဆုံးမှုသည် ဝမ်ယဲ့၏ စိတ်ထဲတွင် အမာရွတ်တစ်ခုအလား ကျန်ရစ်ခဲ့သည်။
ထိုအတိတ်ကို ပြန်လည် သတိရလိုက်သည်နှင့် သူ့နှလုံးသားတစ်ခုလုံး ဒေါသမီးများဖြင့် ပြည့်လျှံသွားတော့၏။
ထိုမျှ ကိုယ်ကျိုးမဖက် ရဲရင့်သော နဂါးခြင်္သေ့မျိုးနွယ်စု၏ တစ်စုံတစ်ဦးအပေါ် အမှိုက်များသည် ကျွန်အဖြစ် ဖမ်းဆီးကာ ရောင်းချနေတော့၏။
လောကကြီးသည် မည်မျှ ရယ်စရာကောင်းလွန်းပြီး ရက်စက်သနည်း။ မည်မျှရှက်စရာ ကောင်းသနည်း။
“ အင်မော်တယ်ကျောက်တုံး (၈၀၀) ... ထပ်ပေးမယ့်သူ ရှိသေးလား မြန်မြန် စျေးပေးပါ မဟုတ်ရင် ... ။ ”
ကျွန်ကုန်သည်မှ အော်ဟစ်လာ၏။ သို့မှသာ စုရီတစ်ယောက် ပြန်သတိဝင်လာပြီး မည်သည့် စကားမျှမဆိုဘဲ လှောင်အိမ်အနားကပ်သွားကာ လက်ဖြင့် ချေမွပစ်လိုက်သည်။
“ ခရစ် ... ။ ”
“ ဝုန်း ... ။ ”
လှောင်အိမ်ပေါ်ရှိ စည်းတံဆိပ်များ ပေါက်ကွဲသွားပြီး သံတိုင်များအားလုံး ပြာအဖြစ် ပြောင်းလဲသွားတော့သည်။
ရုတ်တရက် ထိုလုပ်ရပ်ကြောင့် လှောင်အိမ်အတွင်းရှိ လူငယ်လေးမှခေါင်းကို မော့ကြည့်လာ၏။
“ မင်း ဘာလုပ်တာလဲ။ ”
ကျွန်ကုန်သည်နှင့် အခြားသူများခမျာ အံ့အားသင့်ကုန်ရာမှ ဒေါသများထွက်လာသည်။ ကျွန်ကုန်သည်က ဒေါသတကြီးဖြင့် တားဆီးရန် ချက်ချင်းပြေးလာ၏။
“ ဝှစ် ... ။ ”
စုရီမှ လှည့်ပင်မကြည့်ဘဲ အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ရာ ဖြောင်းခနဲ အသံများနှင့်အတူ ကျွန်ကုန်သည်တစ်ယောက် လွင့်စင်သွား၏။
ဤအဖြစ်ကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်သည်။ ထိုအခွင့်အရေး အပေါ်ရယူကာ လှောင်အိမ်အတွင်းမှ လူငယ်က ထွက်ပြေးရန်ပြင်လိုက်၏။ သို့သော် စုရီက သူ့ပခုံးကို ဖမ်းကိုင်လိုက်သည်။
ကျွန်လူငယ်ခမျာ လျင်မြန်စွာ ဖမ်းဆီးခံလိုက်ရသောကြောင့် သတ်ဖြတ်လိုခြင်း ဆန္ဒများဖြင့် စုရီထံပြန်ကြည့်ပြီး၊
“ ငါ့ကိုလွှတ်။ ”
-ဟု အော်ဟစ်လေသည်။
“ မကြောက်နဲ့၊ ငါ မင်းကို ဒီကနေခေါ်သွားပေးမယ် မဟုတ်ရင် မင်းရဲ့ ခွန်အားနဲ့ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။ ”
စုရီက ပြောလိုက်သည်။ လူငယ်မှ ခေတ္တမျှအံ့အားသင့်လျက် ရုန်းကန်ခြင်းကို ရပ်တန့်လိုက်တော့၏။
ယင်းသည် ယုံကြည်ခြင်း မဟုတ်ဘဲ စုရီလက်မှမလွတ်မြောက်နိုင်ကြောင်း သိရှိကာ ရပ်တန့်လိုက်ခြင်းမျှသာပေပင်။
“ ဟမ့် ... လူယုတ်မာလေး မင်းငါ့ရဲ့ ကျွန်တစ်ယောက်ကိုလုဝံ့တယ်လား လာကြစမ်း သူ့ကိုသတ်လိုက်ကြ။ ”
မြေပြင်ပေါ် ပြန်ထရပ်လာသော ကျွန်ကုန်သည်မှ မီးထွက်မတက်ဒေါသများနှင့် အော်ဟစ်အမိန့်ပေးလိုက်တော့သည်။
“ ဝှစ် ... ။ ”
ချက်ချင်းပင် အမည်ခံအင်မော်တယ် အစောင့်ခုနစ်ဦးသည် စုရီထံသို့လက်နက်များ အပြည့်နှင့် ပြေးဝင်လာကြ၏။
တစ်ဖက်တွင် စုရီသည် နှလုံးသားထဲ ဒေါသများ ပြည့်နေသဖြင့် သက်ညှာနေခြင်း မရှိတော့ချေ။ သူ့လက်ဖဝါးကို လေထဲ ပြင်းထန်စွာရိုက်ချလိုက်၏။
“ ဝုန်း ... ။ ”
ဓားအလင်းများဖြင့် ပြည့်နှက်နေသော ကမ္ဘာကြီးတစ်ခု ကောင်းကင်မှ ကျဆင်းလာပြီး ပြေးဝင်လာသူများအားလုံး မျက်စိတစ်မှိတ် အတွင်း ပေါက်ကွဲပျောက်ကွယ်သွားသည်။
“ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ”
လူတိုင်း အံ့အားသင့် ထိတ်လန့်ကုန်၏။ ဤသည်မှာ အမည်ခံအင်မော်တယ်များ ပေပင်။ အဘယ့်ကြောင့် တိမ်ပေါ်ပျံသန်းခြင်းအဆင့်မှ လူငယ်၏ လက်ဖဝါးချက်ကိုမခံနိုင်သနည်း။
“ အဖိုးဟော် ဒီမှာတစ်ယောက်ယောက် ပြဿနာလာရှာနေတယ် ငါတို့လူတွေကိုလည်း သတ်သွားပြီ။ ”
ကျွန်ကုန်သည်က တံဆိပ်တစ်ခုကို ထုတ်ယူလျက် စူးစူးဝါးဝါး အော်ဟစ်လိုက်၏။ တံဆိပ်ထံမှ ရွှေအလင်းများ ပြေးထွက်သွားပြီး များမကြာခင် အင်မော်တယ် ရောင်ဝါနှင့်အတူ လူရိပ်တစ်ရိပ်ထွက်ပေါ်လာလေသည်။
ဤသည်မှာ ဗလာနယ်ပယ် အင်မော်တယ်တစ်ပါးဖြစ်၏။ ထိုသူက စုရီထံ စိုက်ကြည့်လျက်၊
“ ကောင်လေး ... ဒါက နဂါးနက်ဈေးပါ မင်းရဲ့လုပ်ရပ်က ဒီမြို့ရဲ့စည်းမျဉ်းကိုချိုးဖြတ် လိုက်တာမို့ မင်းအတွက်သေခြင်းပဲရှိတယ်။ ”
-ဟု ဆိုကာ လက်သီးဖြင့် လှမ်းထိုးလိုက်တော့၏။
ဗလာနယ်ပယ် အင်မော်တယ် တစ်ပါး၏ ရောင်ဝါဖိအားကြောင့် စုရီလက်ထဲရှိလူငယ်မှာ အသက်ရှူရခက်ခဲလာ၏။ သို့သော် ထိုခဏ၌ ဖြူဝင်းသောလက်တစ်ဖက်သည် လေထဲ ဆန့်ထွက်သွားလေသည်။
“ ဝုန်း ... ။ ”
လေထုအလယ် လက်သီးရိပ်ကြီးမှာ ရုတ်ချည်းပေါက်ကွဲလျက် နတ်ဘုရားကြီးကဲ့သို့ ကြီးစိုးပြနေသော ဗလာနယ်ပယ်အင်မော်တယ် ခမျာ စက္ကူအလား ပေါက်ကွဲသွားတော့၏။
တစ်ချက်တည်းဖြင့် ဝိညာဉ်သည်ပင် မကျန်အောင် ပျောက်ကွယ်သွားရတော့သည်။ ပတ်ဝန်းကျင်တစ်ခုလုံး အသက်ရှူသံများ ရပ်တန့်ကုန်၏။
တစ်စုံတစ်ဦးသည် နဂါးနက်စျေးတွင် ဤမျှစွာသော ရမ်းကားသည့်အမှုမျိုးကို ထပ်ခါ ထပ်ခါ ကျူးလွန်းဝံ့သည်လော။ ယုံနိုင်စရာ မရှိချေ။
***