← Chapters

အခန်း (၁၁၅၉-၁၁၆၀)

Vol. 97 Ch. 1159-1160

အခန်း (၁၁၅၉-၁၁၆၀)

Vol. 97 Ch. 1159-1160

အခန်း ၁၁၅၉ -

အနိုင်ကျင့်ခံရခြင်း။

အသိစိတ်ပင်လယ်ထဲ ကြာမြင့်စွာ အိပ်ပျော်နေသော ငရဲကိုးပါးဓားမှာ မငြိမ်မသက် လှုပ်ရှားလာသဖြင့် စုရီကအရက်ခွက်ကိုချကာ ပြန်မော့ကြည့်လိုက်သည်။

ငရဲဘုံကိုးပါးဓားနိုးထခြင်းသည် နတ်ဘုရားစွမ်းအား သို့မဟုတ် နတ်ဘုရားအမိန့် များနှင့် ဆက်စပ်နေခြင်းကို ခံစားနိုင်၏။

ချင်းဝေစကားအရ ဝိညာဉ်တစ်သောင်း ဂိုဏ်းနောက်ကွယ်၌ နတ်ဘုရားတစ်ပါးရှိသည်။ ထိုကြောင့် တစ်ဖက်လူတွင် ငရဲဘုံကိုးပါးဓားကို နိုးထစေသော တစ်စုံတစ်ရာရှိနေရချေမည်။

သည့်စဉ် ယဇ်ပရောဟိတ်သည် ကျောက်စိမ်းစင်မြင့်ပေါ်တွင် ထိုင်ချလိုက်ပြီ ဖြစ်သည်။ အကြီးအကဲရှောင်ကျူက အစည်းအဝေးကို စတင်တော့၏။

“ လူတိုင်း၊ ဒီနေ့အစည်းအဝေးမှာ ငါရှောင်ကျူက အရေးကြီးတဲ့ ကိစ္စသုံးရပ်ကို ကြေညာပါ့မယ် အဆုံးမှာတော့ ငါတို့ရဲ့ မိုးတိမ် ယဇ်ပုရောဟိတ်က နတ်ဘုရားအမိန့်တစ်ခုကို ပြန်လည်ထုတ်ပြန်ပေးမှာပါ။ ”

ထိုစကားက လူတိုင်းအပေါ် ရုတ်ရုတ်သဲသဲဖြစ်စေ၏။ ဆန့်ကျင်ဘက် အနေဖြင့် သူတော်စင်အင်မော်တယ်များ သည်သာ ငြိမ်သက်နေကြသည်။

ဤဓမ္မအစည်းအဝေးသို့ မတက်ရောက်မီ သူတို့အားလုံးသည် ဝိညာဉ်တစ်သောင်းဂိုဏ်းမှ နတ်ဘုရားအမိန့်တစ်ရပ် ထုတ်ပြန်မည်ကို ကြားသိထားခဲ့ပြီးဖြစ်၏။

“ ဒီလောကမှာ နတ်ဘုရားတွေ တကယ်ရှိတာလား။ ”

ဖန်ဟန်က အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်သည်။ စုရီမှ ဂရုမစိုက်ဟန်ဖြင့်၊

“ နတ်ဘုရားလို့ခေါ်တဲ့ တည်ရှိမှုတွေက ကျင့်ကြံသူတွေပါပဲ သူတို့ကို ဒီလောက်လည်း အထင်ကြီးစရာမလိုပါဘူး။ ”

-ဟု တုန့်ပြန်ပြောကြားလိုက်သည်။ ထိုစကားကြောင့်ဖန်ဟန်မှ လှောင်ပြောင်ပြီး၊

“ မင်းက တော်တော် မာနကြီးတာပဲ။ ”

-ဟု မှတ်ချက်ပေးလိုက်သည်။ စုရီက သူ့စကားအပေါ် စိတ်ထဲမထားတော့ချေ။ ထိုစဉ် အကြီးအကဲရှောင်ကျူက လက်ကိုမြှောက်ကာ ဆူညံနေသံများကို တိတ်ဆိတ်စေလိုက်၏။

“ အခု ငါရှောင်ကျူက ပထမဆုံးအရေးကြီးတဲ့ ကိစ္စတစ်ရပ်ကို ကြေညာပါ့မယ်။ ”

အားလုံး၏အကြည့်များက သူ့ဆီသို့ ကျရောက်သွားကြသည်။ ရှောင်ကျူမှ ပြုံးပြပြီး၊

“ ပထမဆုံးအကြောင်းအရာက ဒီနေ့ အစည်းအဝေးမှာ သူတော်စင် အင်မော်တယ် (၆)ပါးနဲ့ ဗလာနယ်ပယ် အင်မော်တယ် (၄၉)ပါး ငါ့ရဲ့ဝိညာဉ်တစ်သောင်းဂိုဏ်းနဲ့ ပူးပေါင်းမယ့် သတင်းပါပဲ။ ”

-ဟု ပြောကြားလိုက်၏။ ထို့နောက် ခဏမျှ ငြိမ်သက်သွားပြီးနောက် သူကပင်၊

“ ကျေးဇူးပြုပြီး ထရပ်နှုတ်ဆက်ပေးကြပါ။ ”

-ဟု ပြောကြားလိုက်တော့၏။

ချက်ချင်းပင် ကြိုးကြာကိုးပါး အင်မော်တယ်နှင့် မီးလျှံတံဆိပ်အင်မော်တယ် အပါအဝင် သူတော်စင်အင်မော်တယ်များနှင့် အတူ ဗလာနယ်ပယ်အင်မော်တယ် (၄၉)ပါး မတ်တပ်ထရပ်လာကြသည်။

မြင်ကွင်းမှာ အတော်ပင် ခမ်းနားလှ၏။ အခမ်းအနားကို တက်ရောက်ဖို့ရန် ဖိတ်ကြား ခံရသူများ အားလုံး အံ့အားသင့်သွားသည်။

ဤသတင်းကို ကောလဟလအဖြစ် ကြားသိထားသော်မှ တုန်လှုပ်နေဆဲဖြစ်သည်။ ယင်းသည်သာ ပျံ့နှံ့သွားသော် အင်မော်တယ် နယ်မြေသည် မုန်တိုင်းကြီးတစ်ခု ဖြစ်ပေါ်ပေလိမ့်မည်။

ချင်ဝေမှ ထရပ်ခြင်း မရှိချေ။ ထိုအပြုအမူသည် သူမကို အထူးသတိပြုမိသွားစေသည်။

“ အားလုံးပဲ ပြန်ထိုင်ကြပါ ... ငါ့ရဲ့ဂိုဏ်းချုပ်ဆီကနေ ဆုလာဘ်တွေကို ပေးအပ်လိုက်တဲ့ စာရင်းအပေါ် သန့်ရှင်းသော သားတော်ချုံချီက ဖတ်ကြားပေးပါလိမ့်မယ်။ ”

သူ့စကားဆုံးသည်နှင့် လူတိုင်း ထိုင်ချလိုက်သည်။ ချက်ချင်းပင် ချုံချီသည် ထရပ်ပြီး ဆုလာဘ်များစာရင်းကို ကြေငြာ ပေးလိုက်တော့၏။

ဆုလာဘ်စာရင်း ကြေငြာပေးပြီးနောက် ကြိုးကြာကိုးပါးအင်မော်တယ်သည် လူတိုင်း၏ ကိုယ်စား ကျေးဇူးတင်စကား ပြောကြားသည်။

“ တကယ်ပဲ ... ရက်ရောတဲ့ လက်ဆောင်တွေပါလား သူတို့သာ ငါ့ရဲ့မျိုးဆက် သွေးကို ထုတ်ယူမယ်ဆိုရင်တောင် လွန်ဆန်ဝံ့မယ် မထင်ဘူး။ ”

ဖန်ဟန်က မနာလိုစွာဖြင့် ရေရွတ်လိုက်လေသည်။ စုရီတစ်ယောက် တည်ငြိမ်စွာပြုံးလျက်၊

“ ဒါက သူတို့ရဲ့ ရည်ရွယ်ချက်ပဲ ... ရက်ရောတဲ့ဆုလာဘ်တွေ ပေးပြီး တခြားသူတွေ အပေါ် ဆွဲဆောင်ဖို့ပဲ ဒီလိုနည်းလမ်းနဲ့ ဘယ်သူမဆို သွေးဆောင်မှု ခံရနိုင်တယ် ...

... ကံမကောင်းစွာနဲ့ပဲ လူတွေရဲ့ နှလုံးသားပေါ်အနိုင်ယူဖို့ဆိုတာ ဒီနည်းလမ်းက အသုံးမဝင်နိုင်ဘူး။ ”

အာဏာကိုအခြေခံပြီး ပေါင်းသင်းဆက်ဆံသူများသည် အာဏာ ကုန်ဆုံးသွားသောအခါ ပြန်လည် ကွဲကွာ သွားပေလိမ့်မည်။

အမြတ်အစွန်းကို အခြေခံကာ ပေါင်းစည်းသူများသည်လည်း အမြတ်အစွန်း ကုန်ဆုံးသွားသောအခါ ပြန့်ကျဲသွားနိုင်၏။

များမကြာခင် ရှောင်ကျူးသည် ဒုတိယကိစ္စကို ထပ်မံကြေညာလိုက်တော့သည်။

“ အခု ဒုတိယကိစ္စကတော့ သူတော်စင်ချင်းဝေနဲ့ သက်ဆိုင်ပါတယ်။ ”

ထိုစကားကြောင့် လူတိုင်း၏အာရုံသည် သူမထံသို့ကျဆင်းသွားလေသည်။ ယနေ့တွင် ချင်းဝေသည် အထင်ရှားဆုံးပုဂ္ဂိုလ်ပေပင်။

ပထမအချက်အနေနှင့် သူတော်စင် အင်မော်တယ်တစ်းပါးဖြစ်ပြီး မြင့်မားသော အဆင့်အတန်းကို ပိုင်ဆိုင်ထား၏။

ဒုတိယအချက်မှာ သူမသည် ပြိုင်ဘက်ကင်းအောင်လှပပြီး ဆွဲဆောင်မှုရှိနေ ချေပြီ။ သို့သော် ချင်းဝေမှ ထိုအချင်းအရာထံ ဂရုမစိုက်ခဲ့ဘဲ၊

“ ငါ့ကိစ္စတွေက အရေးမကြီးဘူး တတိယကိစ္စကို ဆက်သွားပါ။ ”

-ဟု ပြောကြားလိုက်သည်။

အကြီးအကဲရှောင်ကျူမှ တစ်စုံတစ်ရာ ပြောကြားရန်ပြင်စဉ် သန့်ရှင်းသောသားတော် ချုံးချီက၊

“ သူတော်စင်ချင်းဝေ၊ စိတ်လျှော့ပါ ဒုတိယကိစ္စကို အရင်နားထောင်ရအောင်။ ”

-ဟု ဝင်ရောက်ပြောကြားလာသည်။

ထို့သို့ ဝင်ရောက်စွက်ဖက်မှုကြောင့် လူအများက သူ့ထံထူးဆန်းစွာ ကြည့်လာကြ၏။ ချုံချီသည် သန့်ရှင်းသော သားတော်တစ်ပါး ဖြစ်သော်လည်း ဗလာနယ်ပယ်ကျင့်ကြံမှု အဆင့်မျှသာရှိသည်။

သူတော်စင် အင်မော်တယ်တစ်ပါးကို သူတော်စင်ဟူသော ဘွဲ့အမည်ဖြင့် တိုက်ရိုက် ပြောကြားနေချေပြီ။ စိတ်ဝင်စားစရာဖြစ်၏။

“ ဟမ့် ... အကြီးအကဲတွေ စကားပြောနေချိန်မှာ ဒီလိုမျိုးမလေးမစားပြုမှု နေတာလား ... ဒါက ဝိညာဉ်တစ်သောင်း ဂိုဏ်းရဲ့ သန့်ရှင်းသောသားတော်တစ်ပါးရဲ့ စရိုက်လက္ခဏာလား။ ”

ချင်းဝေက အေးစက်စွာ ဝေဖန်လိုက်သည်။ ချုံချီတစ်ယောက် မျက်နှာပေါ်တွင် ရှက်ရွံ့မှုများ ထင်ဟပ်လာတော့၏။

“ အဟွတ် ... အဟွတ် ... ။ ”

အကြီးအကဲရှောင်ကျူမှ ချောင်းဆိုးပြလိုက်ပြီး၊

“ တာအိုချင်းဝေ၊ အခုကစပြီး မင်းနဲ့ ငါ့ဂိုဏ်းရဲ့ သန့်ရှင်းသောသားတော်ချုံချီတို့က မိသားစုဝင်တွေပါ ဘာလို့ဒီလိုကိစ္စတွေကို ထည့်တွက်နေရတာလဲ။”

-ဟု ပြောကြားပေးလေသည်။

“ ဝိညာဉ်တာအိုဂိုဏ်းရဲ့ သန့်ရှင်းသောသားတော်က တကယ်ပဲ သူတော်စင်အင်မော်တယ်ချင်းဝေနဲ့ တာအို အဖော်တွေ ဖြစ်လာတော့မှာလား။ ”

လူအများသည် ရုတ်ချည်း ကြားလိုက်ရသောသတင်းကြောင့် အံ့အားသင့် ကုန်ကြလေသည်။ ချင်းဝေက စားပွဲပေါ်သို့ လက်ဖြင့် ဖြန်းခနဲရိုက်ကာ မတ်တပ်ရပ်၏။

“ မင်းရဲ့ဂိုဏ်းက ဘာအဓိပ္ပါယ်လဲ ဘာလို့ဒီလိုအခြေအမြစ်မရှိတဲ့ အကြောင်းကို ပြောနေရတာလဲ ငါ့ကို အနိုင်ကျင့်လွယ်တယ်လို့ တကယ်ထင်နေတာလား။ ”

ပတ်ဝန်းကျင်၌ ဖိနှိပ်ချုပ်ချယ်မှုများ ချက်ချင်းပြည့်နှက်လာပြီးနောက် လူတိုင်းသည် တစ်ခုခုမှားယွင်းနေကြောင်း နားလည် သဘောပေါက်ကုန်၏။

“ အင်မော်တယ်ဘုရင် လျိုယွင်က ဒီလက်ထပ်ပွဲကို သဘောတူပြီးသားပါ တာအိုချင်းဝေ။ ”

ထိုအချိန်တွင် ကျောက်စိမ်းစင်မြင့်တွင် ထိုင်နေသော မိုးတိမ်ယဇ်ပရောဟိတ်ယန်ချိုင်မှ တည်ငြိမ်စွာ ဝင်ရောက်ပြောကြားလာသည်။

ဤတစ်ကြိမ်တွင် စုရီသည်ပင် မျက်မှောင်ကြုတ်လိုက်သည်။ ပျော်ရွှင်ခြင်း ကျောက်စိမ်းမျှော်စင်ကို အင်မော်တယ်ဘုရင် လျိုယွင်မှ လက်ရှိအချိန်၌ ထိန်းချုပ်ထား၏။

ထိုသူသည် ချင်းဝေ၏ဆရာပေပင်။ လွန်ခဲ့သော နှစ်ပေါင်းသုံးထောင်က ကျင့်ကြံမှု၌ ပြဿနာရှိလာသဖြင့် လူရှေ့တွင် ပေါ်လာခြင်း မရှိတော့ချေ။

ယခုအချိန်တွင် ဝိညာဉ်တစ်သောင်း ဂိုဏ်းသည် ချင်းဝေကဲ့သို့ သူတော်စင်တစ်ပါးကို အဘယ့်ကြောင့် ဖိအားပေးဝံ့ကြောင်း နားလည်လိုက်ပြီဖြစ်၏။

ဆိုလိုသည်မှာ အင်မော်တယ်ဘုရင် လျိုယွင်တွင် တစ်ခုခု မှားနေကြောင်း ထိုသူများ သိရှိသွား၍ပေပင်။ ထိုစဉ် ချင်းဝေတစ်ယောက် ဒေါသထွက်လာပြီး၊

“ ဒီလောက်အရေးကြီးတဲ့ကိစ္စပဲ၊ ဘာလို့ ငါမသိရတာလဲ။ ”

-ဟု ပြန်လည်မေးမြန်းလိုက်၏။

“ ဒါ အင်မော်တယ်ဘုရင်လျိုယွင်ရဲ့ အမိန့်ပြားပါပဲ မင်းတစ်ချက်ကြည့်လိုက်တာနဲ့ နားလည်သွားပါလိမ့်မယ်။ ”

“ ဝှစ် ... ။ ”

ဤတစ်ကြိမ်တွင် ရှောင်ကျူသည် ရွှေရောင်သင်္ကေတတစ်ခုကို ထုတ်ယူလျက် ချင်းဝေထံပေးအပ်လိုက်သည်။

ချင်းဝေမှ မျက်မှောင်ကြုတ်လျက် ရွှေရောင်သင်္ကေတကိုယူလိုက်ပြီး နတ်အာရုံနှင့် စစ်ဆေးတော့သည်။ အတွင်း၌။

“ အင်မော်တယ်ဘုရင် လျိုယွင် ရင်ဆိုင်နေရတဲ့ ဒုက္ခဟာ တစ်နှစ်အတွင်း သူမကို လုံးဝဖျက်ဆီးသွားလိမ့်မယ် ...

... ဒီဒုက္ခက နတ်ဘုရားစွမ်းအားနဲ့ သက်ဆိုင်တာမို့ ငါ့ရဲ့ဝိညာဉ်တစ်သောင်းဂိုဏ်း ကသာ ဖြေရှင်းပေးနိုင်မယ် ဒါဆိုဘာလုပ်သင့်လဲ မင်းသိပြီလို့ ငါထင်ပါတယ် တာအိုချင်းဝေ။ ”

ဤသည်မှာ သူမဆရာ၏ မှာကြားချက်မဟုတ်ချေ။ အကြောင်းအရာသည် ချင်းဝေကိုအံ့အားသင့်စေပြီး အချိန်အတော်ကြာ တိတ်ဆိတ်သွားစေသည်။

ယင်းကြောင့် အကြီးအကဲ ရှောင်ကျူမှ ပြုံးပြလျက်၊

“ တာအိုချင်းဝေ၊ မင်းနဲ့ ငါ့ဂိုဏ်းရဲ့ သန့်ရှင်းသောသားတော်ဆိုတာ ကောင်းကင်ဘုံ ကနေ ဖန်ဆင်းထားတဲ့ လက်တွဲဖော်ပါပဲ ...

... ဆရာဆိုတာ ဖခင်တစ်ယောက်မို့ အင်မော်တယ်ဘုရင်လျိုယွင် မြင်ချင်တာကို မင်း နားလည်လိမ့်မယ်လို့ ငါယုံကြည်တယ်။ ”

-ဟု ပြောကြားလိုက်သည်။

ထို့နောက် သူက ခဏရပ်လိုက်ပြီး လူတိုင်းထံ လှည့်ပတ်ကြည့်လိုက်လေသည်။

“ ဒီမှာရှိတဲ့ လူတွေအားလုံးလည်း မင်းနဲ့ ချုံချီတို့ တာအိုအဖော်ဖြစ်လာတာကို မြင်တွေ့ဖို့ ဆန္ဒရှိကြတယ်လို့လည်း ငါယုံကြည်တယ်။ ”

လူတိုင်းက အကြည့်ချင်းဖလှယ်လိုက်၏။ မည်သူမျှ ကန့်ကွက်ခြင်း မပြုကြချေ။ ချင်းဝေ တစ်ယောက် မျက်နှာပြာနှမ်းသွားပြီးနောက် ဒေါသများပြည့်လျှံလာခဲ့၏။

သူမဆရာ ရင်ဆိုင်နေရသော ကပ်ဘေးကြီးသည် မည်မျှ ကြောက်မက်ဖွယ် ကောင်းကြောင်း သူမ သိထား၏။

သို့သော် ဝိညာဉ်တစ်သောင်းဂိုဏ်းမှ ဤလျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိ သွားလိမ့် မည်ဟု မမျှော်လင့်ထားခဲ့ချေ။

“ ဂုဏ်ယူပါတယ် တာအိုချင်းဝေ ဝိညာဉ်တစ်သောင်းဂိုဏ်းရဲ့ သန့်ရှင်းသော သားတော်ချုံးချီက သူ့ရဲ့အဆင့်အတန်းအရ ...

... တစ်နေ့မှာ ... သူတော်စင် အင်မော်တယ်အဆင့်ကို တက်လှမ်းပြီး ကျော်ကြားတဲ့ သူတော်စင်အင်မော်တယ် တစ်ပါး ဖြစ်လာနိုင်ပါလိမ့်မယ်။”

“ ဟီးဟီး၊ ဒါက တကယ့်ကို ပြီးပြည့်စုံတဲ့ လိုက်ဖက်မှုပါပဲ။ ”

လူအုပ်ကြီးထံမှ စကားသံများကြောင့် သန့်ရှင်းသောသားတော် ချုံးချီတစ်ယောက် ဂုဏ်ယူဝင့်ကြွားစွာ ပြုံးရယ်နေတော့သည်။

“ ငါ ကန့်ကွက်တယ်။ ”

ထိုစဉ် ကန့်ကွက်သံတစ်သံကြောင့် ခန်းမအတွင်းရှိ ဆူညံသံများ အားလုံး ရုတ်ချည်း တိတ်ဆိတ်သွားတော့၏။

လူတိုင်း အံ့အားသင့်လျက် အသံ၏ရင်းမြစ်ကို အလိုလိုလှည့်ကြည့်လိုက် ကြလေသည်။

“ ဒီလူငယ်က ဘယ်သူလဲ။ ”

ကြိုးကြာကိုးပါး အင်မော်တယ်က အေးစက်စွာဖြင့် မေးမြန်းလိုက်သည်။ ချုံချီမှ သတ်ဖြတ်လိုသောဆန္ဒကို ထုတ်ပြကာ၊

“ သူက ... သူတော်စင်ချင်းဝေနဲ့ လိုက်လာတဲ့ဂျူနီယာတစ်ယောက်ပဲ လူငယ်တွေ မသိနားမလည်ဘဲ ရဲရင့်တယ်ဆိုတာ ငါယုံပြီ။ ”

-ဟု ပြောကြားလိုက်သည်။

ယင်းကြောင့် ဝိညာဉ်တစ်သောင်းဂိုဏ်း၏ ဒေါသထွက်နေသော အင်မော်တယ်တစ်ပါးက စုရီထံစိုက်ကြည့်ကာ၊

“ ငါတို့ဂိုဏ်းရဲ့ သန့်ရှင်းသော သားတော်နဲ့ အင်မော်တယ်ချင်းဝေဆိုတာ လိုက်ဖက်ညီတယ် မင်းလိုဂျူနီယာတစ်ယောက်ကို ဘယ်သူက ကန့်ကွက်ပိုင်ခွင့်ပေးထားတာလဲ။ ”

-ဟု အော်ငေါက်လိုက်တော့၏။  

စုရီက ထောင့်တစ်နေရာတွင် အရေးမပါသူတစ်ယောက်ကဲ့သို့ ထိုင်နေရာမှ ထိုသူစကားကြောင့် မတ်တပ်ရပ်လိုက်သည်။

တစ်ဆက်တည်းမှာပင် လေထဲလက်လှမ်းကာ ထိုသူ၏ဦခေါင်းအပေါ် လက်လှမ်းယူလိုက်တော့၏။

“ မင်း ... ရပ်စမ်း။ ”

“ ခရစ် ... ။ ”

“ ဘန်း ... ။ ”

***

အခန်း ၁၁၆၀ -

ပွဲမပြီးသေးဘူး ... ။

အခန်းအတွင်း ဖိနှိပ်ချုပ်ချယ်သော လေထုသည် တိတ်ဆိတ်စွာကြိုးစိုးလာချေပြီ။ ဤသည်မှာ ဗလာနယ်ပယ် အင်မော်တယ် တစ်ပါးသည် ရုတ်ချည်းအမှုန်အဖြစ် ပြောင်းလဲ ပျောက်ကွယ်သွားခြင်းဖြစ်၏။

စုရီအနားတွင် ထိုင်နေသူများသည် ဂျူနီယာများသာဖြစ်သဖြင့် အင်မော်တယ်များ ထံမှ အကြည့်များကြောင့် ကြောက်လန့်တကြား အဝေးသို့ ဆုတ်ခွာလိုက်ကြသည်။

ဝိညာဉ်တစ်သောင်းဂိုဏ်းက အကြီးအကဲရှောင်ကျူ၊ သန့်ရှင်းသောသားတော် ချုံးချီနှင့် အခြားသူများမှာ ဒေါသတကြီးနှင့် သတ်ဖြတ်လိုသောဆန္ဒများပြသလာ၏။

ကျောက်စိမ်းစင်မြင့်ပေါ်မှ အကြီးအကဲ ယန်ချိုင်က မျက်မှောင်ကြုတ်ပြီး အကြည့်များ ချက်ချင်းအေးစက်သွားလေသည်။

ချင်းဝေက ရုတ်တရက် သတိဝင်လာကာ ပြုံးလိုက်သည်။ ယခုအချိန်မှစပြီး သူမဆက်၍ ထိန်းထားရန် မလိုတော့ချေ။

“ ကောင်လေး ... ဒီမှာ မင်းဘယ်လို ပြဿနာရှာရဲလဲဆိုတာ မတွေးတတ်တော့ဘူး သေမှာကို မကြောက်ဘူးလား။ ”

သန့်ရှင်းသောသားတော်ချုံချီသည် မျက်နှာတွင် လူသတ်ရန်ရည်ရွယ်ချက်များဖြင့် ပြည့်နှက်နေချေပြီ။

“ ငါ့ဂိုဏ်းရဲ့ဓမ္မစည်းဝေးပွဲမှာ ရမ်းကားဝံ့တယ်လား လာကြစမ်း ... သူ့ကို သတ်လိုက်ကြ။ ”

သူ့အမိန့်ရသည်နှင့် ဝိညာဉ်တစ်သောင်းဂိုဏ်း၏ အင်မော်တယ် များမှာ ချက်ချင်းလှမ်းတက်လာတော့၏။

တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါများ ချင်းဝေ့ထံ ကျရောက်လာသည်။

အကြီးအကဲရှောင်ကျူ၊ ကြိုးကြာကိုးပါး အင်မော်တယ်၊ မီးလျှံတံဆိပ်အင်မော်တယ်နှင့် အခြားသော သူတော်စင်အင်မော်တယ်များက သူမကို တားဆီးရန် ရည်ရွယ်လိုက်ခြင်းဖြစ်၏။

ချင်းဝေ့၏ ဆွဲဆောင်မှုရှိသော မျက်လုံးများသည် သတ်ဖြတ်ခြင်းရည်ရွယ်ချက် များဖြင့် တောက်ပလာသည်။ သူမသည် ဤအရာများကို ဂရုမစိုက်ချေ။

“ ဝုန်း ... ။ ”

သို့သော် လှုပ်ရှားတော့မည့်အချိန်တွင် ကြောက်မက်ဖွယ်ကောင်းသော အင်‌မော်တယ် အလင်းတန်းတစ်ခု ရုတ်တရက် ပေါ်လာသည်။

စုရီထံသို့ သတ်ရန် အပြေးအလွှား ရောက်ရှိလာသော အင်မော်တယ်များအားလုံး ဖရိုဖရဲဖြင့် လွင့်စင်ပြုတ်ကျကုန်၏။

အားလုံးငြိမ်သက်သွားပြီးနောက် နှင်းကဲ့သို့ဖြူဖွေးသောဆံပင်နှင့် အမျိုးသား တစ်ဦး စုရီရှေ့၌ ရုတ်တရက်ပေါ်လာသည်ကို မြင်လိုက်ရသည်။

ဤသည်မှာ ပိုင်ချီခန်းမသခင် ဖုန်ရီယွမ်မှတပါး အခြားမရှိချေ။ သူ့ထံမှ သူတော်စင် အင်မော်တယ်အဆင့် ရောင်ဝါများ ထွက်ပေါ်နေချေပြီး။ ထိုမြင်ကွင်းသည် လူတိုင်းကို အံ့အားသင့်စေခဲ့၏။

“ ညီအစ်ကိုဖုန်၊ မင်း ... ။ ”

ရှောင်ကျူမှ အံ့အားသင့် ဒေါသထွက်သွားသည်။ မိုးတိမ်ယဇ်ပုရောဟိတ် သည်လည်း မျက်နှာမည်းမှောင်သွား၏။

ဤအဖြစ်အပျက်သည် သူမျှော်လင့်ထားသည်ထက် ကျော်လွန်နေ ချေပြီ။

စုရီသည်ပင် သူ့နဖူးကို ကုပ်ခြစ်ကာ အံ့အားသင့်သွားသည်။ တစ်ဖက်လူသည် ဤမျှ ပြတ်ပြတ်သားသားနှင့် တိုက်ရိုက်ရပ်တည်လာ လိမ့်မည်ဟု သူ မထင်ထားချေ။

“ ငါဖုန်ရီယွမ်လည်း ဒီလက်ထပ်ထိမ်းမြားမှုကို ကန့်ကွက်တယ်။ ”

“ ဘာလို့လဲ ... ။ ”

အကြီးအကဲရှောင်ကျူ၏မျက်နှာမှာ မည်းမှောင်သွား၏။ တစ်ဖက်လူသည် နဂါးနက် စျေးမြို့၏ ကျော်ကြားသော ပိုင်ချီခန်းမသခင် ဖြစ်လေသည်။

ယနေ့တွင် နဂါးနက်မြို့၏ အစောင့်တပ်မှူးနှင့်အတူ သူ့ကိုဖိတ်ကြားခဲ့ခြင်း ဖြစ်ချေ၏။ ယခုမူ တစ်ဖက်လူသည် ရုတ်တရက် ရောက်ရှိလာပြီး သူတို့ကို ဆန့်ကျင်နေသည်။

“ ဒီနေ့အခြေအနေကို မင်းတစ်ယောက်တည်းနဲ့ မပြောင်းလဲနိုင်ဘူး ဆိုတာ မင်းသိသင့်တယ် ဒီလိုလုပ်ခြင်းအားဖြင့် ငါ့ဂိုဏ်းကို လုံးဝစော်ကားရာရောက်လိမ့်မယ်။ ”

ထိုစကားသံတွင် ဖုံးကွယ်မထားသော ခြိမ်းခြောက်မှုများပြည့်နှက်နေ၏။ ရှောင်ကျူ တစ်ယောက် မည်မျှဒေါသထွက်နေသည်ကို မည်သူမဆို မြင်နိုင်ချေပြီ။

“ ဟားဟားဟား အခြေအနေတွေ ပိုဆိုးလာမှာကိုမလိုလားဘူးဆိုရင် အခုချိန်မှာ မင်း ... သူတော်စင်ချင်းဝေအပေါ် တောင်းပန် သင့်နေပြီ မဟုတ်ရင် အကျိုးဆက်တွေကို မင်းလည်းခံနိုင်မှာမဟုတ်ဘူး။ ”

ဖုန်ရီယွမ်မှ တုန့်ပြန်ပြောကြားလိုက်သည်။ သို့သော် အကြီးအကဲရှောင်ကျူးမှ လှောင်ပြုံးနှင့် ရယ်မောလိုက်တော့၏။

“ ဟားဟားဟား မင်းကိုယ်မင်း အထင်ကြီးလွန်းနေပြီ မင်းတစ်ယောက်တည်းနဲ့ ငါ့ရဲ့ဝိညာည်တစ်သောင်းဂိုဏ်းအပေါ် သက်ရောက်နိုင်မယ်ထင်နေလား။ ”

“ ဒါဆိုရင်လည်း ငါ့ကိုထည့်တွက်ပါ။ ”

ထိုစဉ် တည်ငြိမ်လွန်းသော အသံနှင့် ကြယ်တာရာ သူတော်စင် အင်မော်တယ်က ထရပ်လာလေသည်။

သူ့ထံမှ ကြောက်စရာကောင်းသော ဖိအားတစ်ခု ပျံ့နှံ့သွား၏။ ခန်းမကြီးတစ်ခုလုံး တုန်ခါသွားပြီး လူတိုင်း အံ့အားသင့်သွားကာ မယုံနိုင်အောင် ဖြစ်ကုန်သည်။

ရယ်မောနေသော အကြီးအကဲရှောင်ကျူး သည်ပင် အပြုံးများအေးခဲသွား၏။ ကြယ်တာရာ သူတော်စင် အင်မော်တယ်သည် ယနေ့ ဝိညာဉ် တစ်သောင်းဂိုဏ်း၏ အထောက်အပံ့အဖြစ် ဖိတ်ကြားထားသော ဧည့်သည်ပေပင်။

ရုတ်တရက် မျက်နှာစိမ်းလူငယ် တစ်ယောက်အတွက် ထရပ်ပြီး လက်ထပ်ပွဲကို ကန့်ကွက်လိမ့်မည်ဟု မမျှော်လင့်ထားချေ။

“ တာအိုအစ်ကို မင်းဘယ်လိုလုပ် ... ။ ”

အကြီးအကဲရှောင်ကျူမှ အနည်းငယ် ဇဝေဇဝါဖြစ်ကာ မယုံနိုင်အောင် ဖြစ်သွားသည်။ ယနေ့ မမျှော်လင့်သော အရာများစွာ ဖြစ်ပျက် နေတော့၏။

ကြိုးကြာကိုးပါး အင်‌မော်တယ်၊ မီးလျှံတံဆိပ်အင်မော်တယ်နှင့် အခြားသော သူတော်စင်အင်မော်တယ်များမှာ တစ်ခုခု မှားယွင်းနေကြောင်း နားလည်လာ၏။

လျစ်လျူရှုထားသော လူငယ်တစ်ယောက်ကြောင့် ဖြစ်ပေါ်လာသည့် ရုန်းရင်းဆန်ခတ်မှုသည် ပိုင်ချီခန်းမသခင်နှင့် နဂါးနက်အစောင့်တပ်မှူး၏ အာရုံကို ဆွဲဆောင်သွားခဲ့ချေပြီ။

“ အခု မင်းရပ်လိုက်သင့်ပြီ၊ မဟုတ်ရင် ငါဒီမှာ ရပ်ကြည့်နေမှာ မဟုတ်ဘူး။ ”

ကြယ်တာရာသူတော်စင် အင်မော်တယ်က သူ့ရပ်တည်ချက်ကို ပြတ်သားစွာ ပြောကြား လာလေသည်။

ဤအဖြစ်အပျက်များကြောင့် သန့်ရှင်းသောသားတော်ချုံချီခမျာ သွေးအန်လု မတတ် ဒေါသထွက်လာတော့၏။

“ ဒါက မင်းရဲ့သဘောထားလား နဂါးနက်အစောင့်တပ်ရဲ့ သဘောထားလား။ ”

“ ဝိညာည်တစ်သောင်းဂိုဏ်းရဲ့ သန့်ရှင်းသောသားတော်အနေနဲ့ ဘယ်လောက် မိုက်မဲလိုက်တဲ့မေးခွန်းလဲ ... ။ ”

ချုံချီတစ်ယောက် လုံးဝ မျက်နှာပျက်သွားလေသည်။ ယ‌နေ့တွင် သူ၏ သန့်ရှင်းသောသားတော်ဘွဲ့ထံ မေးခွန်း ထုတ်ခံနေရသည်မှာ နှစ်ကြိမ်ရှိပြီဖြစ်၏။

ပထမအကြိမ်သည် ချင်းဝေဖြစ်ကာ ယခုသည် နဂါးနက်အစောင့် တပ်မှူးဖြစ်သည်။ ထိုနှစ်ယောက်လုံးသည် သူတော်စင်သခင်များ ဖြစ်သောကြောင့် အံကြိတ်နေရုံသာရှိချေပြီ။

“ မင်းရဲ့ဝင်ရောက်စွက်ဖက်မှုရဲ့ အကျိုးဆက်တွေကို ဘယ်သူကမစဉ်းစားဘဲ နေမှာလဲ။ ”

ထိုအချိန်တွင် ရုတ်တရက် ကျောက်စိမ်းစင်မြင့်ပေါ်မှာ ထိုင်နေသော မိုးတိမ် ယဇ်ပရောဟိတ် အကြီးအကဲက ဝင်ရောက်ပြောကြားလိုက်၏။

“ ငါမေးပါရစေ ... မင်းရဲ့သဘောထားက တာအိုနဂါးနီသခင်ရဲ့သဘောထားကို ကိုယ်စား ပြုနိုင်မလား။ ”

“ မင်းရော ဘယ်လိုထင်လဲ။ ”

ဤသည်မှာ ထိပ်တိုက်စိန်ခေါ်သော အဖြေမျိုးဖြစ်၏။ ထို့ကြောင့် လေထုအတွင်းရှိ တင်းမာမှုမှာ ပိုမိုမြင့်တက်လာချေပြီ။

ထိုအချိန်တွင် မိုက်မဲဆုံးလူလျှင်ပင် စုရီ၏လက္ခဏာသည် လုံးဝမရိုးရှင်းကြောင်း ပြောနိုင်လာ၏။

မဟုတ်သော် ဂါရဝပြုဖို့ရန် ရောက်ရှိလာခဲ့သည့် သူတော်စင်အင်မော်တယ် တစ်ပါးနှင့် ဖုန်ရီယွမ်တို့မှာ ထွက်လာမည် မဟုတ်ချေ။

ပတ်ဝန်းကျင်တစ်ခုလုံး ခဏမျှ တိတ်ဆိတ်သွားပြီး မိုးတိမ်ယဇ်ပရောဟိတ် အကြီးအကဲယန်ချိုင်က၊

“ လုံ‌လောက်ပြီ ... ငါတို့ရဲ့ ဝိညာဉ်တစ်သောင်းဂိုဏ်းက နဂါးနီသခင်ကို မျက်နှာသာပေးဖို့အတွက် ဒီနေ့ပြဿနာကို အတင်းအကျပ်မလုပ်တော့ဘူး။ ”

-ဟု ပြောကြားလိုက်သည်။

သူ့အသံသည် အေးစက်နေပြီး ဝိညာဉ်တစ်သောင်းဂိုဏ်းအနေဖြင့် ယနေ့ ရလာဒ်အပေါ် လက်မခံနိုင်ကြောင်း နားလည်လိုက်ကြသည်။

မည်သို့ပင်ဆိုစေကာမူ ဤသို့ ခြေတစ်လှမ်းဆုတ်ခွာခြင်းသည် ခန်းမထဲရှိ လူအုပ်ကြီးကို သက်ပြင်းချမိစေ၏။

မဟုတ်သော် အကျိုးဆက်မှာ မယုံနိုင်စရာကောင်းပေလိမ့်မည်။ မည်မျှ လူအင်အားသာလွန်နေပါစေ ဤသည်မှာ နဂါးနက်စျေးမြို့ဖြစ်ချေ၏။

အထူးသဖြင့် ယနေ့ မင်္ဂလာမိုးတိမ် အင်မော်တယ်နန်းတော်နှင့် နဂါးပုန်းတောင်မှာ နီးကပ်လွန်းနေသည်။

အကြီးအကဲရှောင်ကျူ မျက်နှာသည် အကျည်းတန်နေပြီး အဆုံး၌မည်သည့်စကားမျှ မဆိုတော့ချေ။ သန့်ရှင်းသောသားတော်ချုံးချီမှာ ဒေါသဖြင့်ရူးသွပ်လုနီးပါး ဖြစ်နေချေပြီ။

“ ချင်းဝေ၊ ငါပြောမယ်၊ ငါချုံးချီ ပစ်မှတ်ထားတဲ့ မိန်းမတိုင်းက ငါ့လက်ကနေ ဘယ်တော့မှ လွတ်မြောက်မှာ မဟုတ်ဘူး ငါ့ဂိုဏ်းရဲ့ အကူအညီမပါရင် မင်းရဲ့သခင်က တစ်နှစ်ထက် ပိုအသက်ရှင်မှာ မဟုတ်ဘူး။ ”

သူ့အသံက ခန်းမတစ်ခုလုံးကို တုန်ခါသွားစေ၏။ ချင်းဝေမှာမူ ဂရုမစိုက်ဘဲ စုရီထံလျှောက်လှမ်းလာကာ၊

“ သခင်လေး၊ သွားကြရအောင်။ ”

-ဟု ပြောကြားလိုက်သည်။

ဖုန်ရီယွမ်သည်လည်း ပြုံးလျက်၊

“ ဒါဆို အတူတူသွားရအောင်။ ”

-ဟု ဝင်ရောက်ပြောကြားလာသည်။

ကြယ်တာရာ သူတော်စင် အင်မော်တယ်သည်လည်း ခေါင်းညိတ်ပြပြီး၊

“ ဒီနေရာက နေဖို့ စိတ်ဝင်စားစရာ မကောင်းတော့ဘူး။ ”

-ဟု ပြောကြားလာ၏။

သူသည်လည်း ထွက်ခွာရန် ရည်ရွယ်ချက် ရှိနေပုံပေပင်။ သို့သော် စုရီမှ စကားမဆိုသဖြင့် သူတော်စင် အင်မော်တယ်သုံးပါးခမျာ ရပ်တန့်သွားလေသည်။

ဤသဘောထားအရ ဆုံးဖြတ်ချက် ချမည့်သူသည် ထိုသူတော်စင်အင်မော်တယ်များ မဟုတ်ကြောင်း မြင်သာနေ၏။

ယင်းက လူအုပ်ကြီးကို မျက်ခုံးပင့်မိစေသည်။ ဤလူငယ်သည် မည်သူနည်း။ အဘယ့်ကြောင့် ဤမျှ တန်ခိုးထွားနေရသနည်း။

ဖန်ဟန်သည်ပင် တိတ်တိတ်လေး ထရပ်လိုက်သော်လည်း ခေါင်းမာပြီး မာနကြီး လွန်းသည့် စုရီထံကြည့်ကာ၊

“ မင်းပြောနေတဲ့ ပွဲကောင်းက ဒါလား ပျင်းစရာပဲ သွားရအောင်။ ”

-ဟု တိုးတိုးလေး ပြောကြားလိုက်သည်။

စုရီက သူ့အကြည့်များကို သန့်ရှင်းသောသားတော်ချုံချီထံ ပို့လွှတ်ကာ ပြုံးလျက်၊

“ အဲဒီတုန်းက လူအိုကြီးတစ်ယောက်က သူ့အတွက် ဗေဒင်ဟောခဲ့တယ် သူ့ကံကြမ္မာမှာ မကောင်းဆိုးရွားတဲ့မိုးတိမ်တွေ ဖိစီးနေတယ် သေခြင်းနဲ့ ရှင်ခြင်းက ချည်မျှင်တစ်မျှင်စာပဲ ...

... ခြားတယ်တဲ့ အခုတော့ အဲဒီဗေဒင်ဟောချက်ကို သက်သေပြဖို့အတွက် သူ့ အသက်ကိုယူရအောင်။ ”

-ဟု ပြောကြားလိုက်လေသည်။

ဤသည်မှာ ဝိညာဉ်တစ်သောင်းဂိုဏ်း၏ သန့်ရှင်းသောသားတော်ကို သေမိန့်ပေးနေခြင်း ပေပင်။ ထိုစကားသံသည် တိုးညှင်းသော်မှ လူတိုင်းကြားနိုင်၏။

“ မင်း ... ။ ”

သန့်ရှင်းသောသားတော် ချုံချီခမျာ ဒေါသထွက်လွန်းသဖြင့် အဆုတ်များပေါက်ပြဲ သွေးအန်ချင်လာသည်။

“ မင်းတို့နှစ်ယောက်ရော ဒါက သဘောထားတူလား တာအိုမိတ်ဆွေ။ ”

ကျောက်စိမ်းစင်မြင့်ပေါ်တွင် တစ်ချိန်လုံးထိုင်နေသော အကြီးအကဲယန်ချိုင်မှ ဖြည်းဖြည်းချင်းထရပ်ကာ မေးမြန်းလိုက်၏။

ဤတစ်ကြိမ်တွင် သူ့မျက်နှာသည် အေးစက်နေပြီး ကြောက်စရာကောင်းသော မီးလျှံများ တောက်လောင်လာ၏။

သို့တိုင် ဖုန်ရီယွမ် မျက်နှာအမူအရာက ပြောင်းလဲခြင်းမရှိဘဲ၊

“ သခင်လေးက ဗေဒင်ဆရာအဖိုးကြီး စကားကို အတည်ပြုပေးနေတာပဲ ငါဘာလို့ သဘောမတူစရာရှိလဲ။ ”

-ဟု ပြန်ဖြေ၏။ ကြယ်တာရာ သူတော်စင်အင်မော်တယ်မှာမူ စကားမဆိုဘဲ တိတ်ဆိတ်စွာ ပြန်ကြည့်လိုက်သည်။

ချက်ချင်းပင် လူတိုင်း တုန်လှုပ်သွား၏။ မိုးတိမ်ယဇ်ပုရောဟိတ်အကြီးအကဲ ယွမ်ချိုင်က သဘောကျစွာ ရယ်မောလိုက်လေသည်။

“ ဟားဟားဟား ... ။ ”

ထို့နောက် ခန်းမတစ်ခုလုံးကို ဝေ့ကြည့်ပြီးနောက် စကားလုံးတစ်လုံးချင်း အေးစက်စွာ ပြောကြားလိုက်သည်။

“ ဒီလိုဆိုရင် ငါကြိုးစားကြည့်မယ် ... ငါ့နှာခေါင်းအောက်မှာ မင်းတို့ထဲကဘယ်သူများ ငါ့ဂိုဏ်းရဲ့ သန့်ရှင်းသောသားတော်ကို သတ်နိုင်သလဲ။ ”

ဤအသံသည် ခန်းမတစ်ခုလုံးကို တုန်ခါစေကာ ဓားသံလှံသံများညံနေသော တိုက်ပွဲမြေပြင်ထံ ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရစေ၏။

“ ကောင်းပြီ မင်းရဲ့ဆန္ဒအတိုင်း ... ။ ”

စုရီက ပြုံးလျက် ရှေ့သို့ လှမ်းတက်လိုက်သည်။ ဖုန်ရီယွမ်မှ လျင်မြန်စွာ ဖျောင်းဖျတားဆီးရန် ကြိုးစားလိုက်၏။

“ သခင်လေး ဒီကိစ္စကို … ။ ”

“ ပါးစပ်ပိတ်ထား ... ပြီးတော့ မင်းတို့ ဘယ်သူမှ ဒီကိစ္စထဲကို ဝင်ရောက်စွက်ဖက်ခွင့် မရှိဘူး နားလည်လား။ ”

စုရီက လှည့်မကြည့်ဘဲ ဖုန်ရီယွမ်နှင့် ကြယ်တာရာ သူတော်စင်အင်မော်တယ်တို့ကို သတိပေးလိုက်သည်။

သူတော်စင် အင်မော်တယ် နှစ်ပါးခမျာ မျက်နှာအမူအရာများပျက်ယွင်းပြီး တွန့်ဆုတ် နေကြသော်လည်း နောက်ဆုံးတွင် မည်သူမျှ ကန့်ကွက်ခြင်း မပြုကြတော့ချေ။

ချင်းဝေသာလျှင် တည်ငြိမ်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။ ဧကရာဇ်သခင်သည် သူတို့ဆန္ဒရှိသလို ပြန်လည်ဆုတ်ခွာနိုင်သည့် ပစ်မှတ်အဖြစ် ထင်မှတ်နေကြသည်လော။

“ သတိထား ... ။ ”

ထိုစည် မိုးတိမ်ယဇ်ပုရောဟိတ် အကြီးအကဲယွမ်ချိုင်က မျက်မှောင်ကြုတ်ပြီး သတိပေးလာသည်။ သို့သော် သန့်ရှင်းသော သားတော်ချုံချီမှ ဂရုမိစိုက်ဘဲ လှမ်းတက်ကာ၊

“ လာခဲ့ ... မိန်းမတစ်ယောက်နောက်မှာ တချိန်လုံးပုန်းနေတဲ့ မင်းလိုလူက ငါ့အသက်ကို ဘယ်လိုယူမလဲကြည့်ရအောင်။”

-ဟု စိန်ခေါ်လိုက်တော့သည်။

***

All Chapters