← Chapters

အခန်း (၁၁၆၁-၁၁၆၂)

Vol. 97 Ch. 1161-1162

အခန်း (၁၁၆၁-၁၁၆၂)

Vol. 97 Ch. 1161-1162

  အခန်း ၁၁၆၁ -

ဒါ ... သေမျိုးတစ်ယောက်လား။

ချုံချီက သဘာဝအတိုင်း နားလည်၏။ သူ့ပြိုင်ဘက်သည် လက်ကောက်ဝတ်တစ်ချက် လှုပ်ရှားရုံနှင့် ဗလာနယ်ပယ်အင်မော်တယ် တစ်ပါးကို သတ်ပြခဲ့သည်။

ထို့ကြောင့် သတိမထားသော် လူမိုက်ဖြစ်ပေမည်။ သို့သော် ယဇ်ပရောဟိတ် အကြီးအကဲရှေ့တွင် စိုးရိမ်စရာမရှိချေ။ 

လူတိုင်း နောက်ဆုတ်ပြီး နေရာလွတ်တစ်ခုကို ရှင်းလင်းပေးလိုက်သည်။ မင်္ဂလာမိုးတိမ် အင်မော်တယ်နန်းတော်ကို ရှေးခေတ် အင်မော်တယ်ဝင်္ကပါနှင့် ထုံးအုပ်ထားသည်။

အင်မော်တယ်ဘုရင်၏ ခွန်အားအပြည့် တိုက်ခိုက်မှုအပေါ်ပင် ပျက်ပြယ်စေနိုင်အောင် အစွမ်းထက်၏။ ထို့ကြောင့် ပျက်စီးမည်ကို စိုးရိမ်စရာမလိုချေ။

ကြယ်တာရာ သူတော်စင်အင်မော်တယ်နှင့် ဖုန်ရီယွမ်သည် တိုက်ပွဲကိုအချိန်မရွေးဝင်ရောက် စွက်ဖက်ရန် အသင့်ပြင်ထားသည်။

မိုးတိမ်ယဇ်ပရောဟိတ်၊ ရှောင်ကျူ၊ ကြိုးကြာကိုးပါးအင်မော်တယ်နှင့် အခြားသော အင်‌မော်တယ်များမှာ သူတို့သုံးဦးထံ ပိတ်ဆို့စောင့်ကြည့်နေ၏။

စုရီက ပတ်ဝန်းကျင် ပြောင်းလဲမှုကို လျစ်လျူရှုလျက် ကွင်းလယ်သို့ ဖြည်းဖြည်းချင်း လှမ်းတက်သွားသည်။

သူ့ထံမှ မည်သည့် ရောင်ဝါမျှ မထွက်ပေါ်လာခဲ့ဘဲ သေမျိုးတစ်ယောက်ကဲ့သို့ ငြိမ်းအေးနေချေပြီ။ ဤသည်ကပင် လူအချို့ကို မျက်မှောင်ကြုတ်စေ၏။

ချုံးချီတစ်ယောက် အကြည့်များ မှေးစင်းသွားကာ ပြင်းပျသောသွေးဆာနေသည့် ရောင်ဝါကို ပြသလိုက်သည်။

“ ဝှစ် ... ။ ”

ချုံးချီက ရုတ်တရက်တိုက်ခိုက်လိုက်၏။ ရှေ့သို့လှမ်းတက်ကာ ညာဘက်လက်မောင်းကို မြှောက်ပြီး လက်သီးတစ်ချက်ပစ်ချခဲ့သည်။

လျှို့ဝှက်ဆန်းကြယ်သော အင်မော်တယ်ဥပဒေများနှင့် ရောနှောနေသော ရွှေရောင်လက်သီးပုံရိပ်တစ်ခု ပြေးထွက် လာတော့၏။ ရွှေရောင်နေမင်းကြီးတစ်စင်း ကျဆင်းလာသကဲ့သို့ပေပင်။

စွမ်းအားနှင့် ဥပဒေစည်းမျဉ်းများမှာ အလွန်အားကောင်းပြီး ခိုင်မာ၏။ အင်မော်တယ် ချီအနှစ်သာရ၊ စွမ်းအင်နှင့် စိတ်ဝိညာဉ်ကို ပေါင်းစပ်ထားသည်။

ဤလက်သီးချက်ကို ထုတ်လွှတ်လိုက်သောအခါ နတ်ဘုရား၏ ရောင်ဝါတစ်ခုသည်လည်း လိုက်ပါနေ၏။

“ ဘန်း ... ။ ”

“ ဝုန်း ... ။ ”

သို့သော် နောက်တစ်ခဏတွင် မီးတောက်များ ပေါက်ကွဲထွက်လာလေသည်။ ပုံရိပ်တစ်ခုသည် နောက်ပြန်ပျံသန်းသွားပြီး နံရံနှင့် ပြင်းပြင်းထန်ထန် ဆောင့်မိသွား၏။

ခန်းမတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။ အဖျက်စွမ်းအားလှိုင်းများ အလယ်တွင် စုရီတစ်ယောက်သည်သာ မလှုပ်မယှက် ရပ်ျကန်ရစ်၏။

နံရံပေါ်ပြုတ်ကျသွားသော သန့်ရှင်းသောသားတော် ချုံးချီမှာ ခပ်တိုးတိုး ညည်းညူလျက် သူ့ကိုယ်သူ တည်ငြိမ်အောင် ပြင်ယူလိုက်ရသည်။

ချောမောလှပသော သူ့မျက်နှာ၌ အံ့အားသင့်မှုနှင့် သွေးစများစွန်းထင်နေခဲ့၏။ လူတိုင်းသည်လည်း မယုံကြည်နိုင်စွာ ကြည့်လာကုန်ကြသည်။

ဝိညာဉ်တစ်သောင်းဂိုဏ်းမှ သန့်ရှင်းသောသားတော်သည် သေမျိုးတစ်ဦး၏ လက်သီးတစ်ချက်ကိုပင် မခံနိုင်ခဲ့ချေ။ သူတို့၏ မျှော်လင့်ချက်များကို လုံးဝ ဆန့်ကျင်နေ၏။

“ ဒါ အင်မော်တယ်နယ်ပယ်အောက်က သေမျိုးတစ်ယောက် အသုံးပြုနိုင်တဲ့ ခွန်အား တကယ်ပဲလား။ ”

ဖုန်ရီယွမ်မှ အံ့သြတကြီးဖြစ်လာ၏။ သူတော်စင် အင်မော်တယ်တစ်ပါးအနေဖြင့် စုရီသည် ရိုးရှင်းပြီး တိုက်ရိုက်ဆန်လွန်းသော လက်သီးသာ သုံးခဲ့ကြောင်း မြင်နိုင်သည်။   

သို့သော် ထိုလက်သီးသည် အလွန်အမင်း အစွမ်းထက်ကာ ချုံးချီအပေါ်သို့ ဝန်းရံကာကွယ် ပေးထားသော အင်မော်တယ်ဥပဒေများကို ချိုးဖျက်နိုင်ခဲ့သည်။

“ ဒီသခင်လေးက ... ငါတို့ကို ဝင်ရောက်မစွက်ဖက်စေချင်တာ အံ့သြစရာ မရှိတော့ဘူး ... ဒါဘီလူးဆန်လွန်းတယ်။ ”

ကြယ်တာရာသူတော်စင် အင်‌မော်တယ်မှ သက်ပြင်းချကာ မှတ်ချက်ပေးလိုက်မိလေသည်။ သူ သည်ပင် မှားယွင်းစွာ ဝင်ရောက်စွက်ဖက်ရန် ပြင်ဆင်ထားမိခဲ့၏။

ထိုအချိန်တွင် ယဇ်ပုရောဟိတ် အကြီးအကဲယွမ်ချိုင်သည် အံ့အားသင့်စွာဖြင့် မျက်ခုံးပင့်လိုက်တော့သည်။ ချုံချီသည် ပေါ့ဆမှု မရှိကြောင်း ရှင်းရှင်းလင်းလင်းမြင်နိုင်၏။

ဆန့်ကျင်ဘက်အနေဖြင့် သူ့တိုက်ခိုက်မှုထံတွင် တစ်ချက်တည်းဖြင့် သတ်ရန် ကြံရွယ်ထားချေပြီ။

“ မင်း ဘာကို တွန့်ဆုတ်နေတာလဲ မင်းရဲ့သတ်ဖြတ်နည်းစနစ်ကိုသုံးပြီး သူ့ကို အခု ဖျက်ဆီးပစ်လိုက်စမ်း။ ”

ယဇ်ပုရောဟိတ်အကြီးအကဲ ယွမ်ချိုင်က အော်ဟစ်အမိန့်ပေးလိုက်သည်။ ယနေ့သတင်း သည်သာ ပျံ့နှံ့သွားသော် ဝိညာဉ်တစ်သောင်း ဂိုဏ်အတွက် ရှက်စရာပေပင်။

“ စိတ်ချပါအကြီးအကဲ။ ”

ချုံးချီက အသက်ပြင်းပြင်းရှူလျက် မျက်လုံးများရဲရဲနီလာကာ ကြောက်မက်ဖွယ် ကောင်းသော ရောင်ဝါများ တောက်ပလာ၏။

“ ကလန့် ... ။ ”

တစ်ဆက်တည်းမှာပင် ငွေရောင်ပုဆိန်တစ်လက် ထုတ်ယူလိုက်၏။ ပုဆိန်သည် လျှပ်စီဥပဒေများ တဖျပ်ဖျပ် ခတ်နေချေပြီ။

ချက်ချင်းပင် လုံးဝကွဲပြားသော လူတစ်ယောက်ကဲ့သို့ ရက်စက်ကြမ်းကြုတ်မှု အကန့်အသတ်မဲ့လာ၏။ သတ်ဖြတ်လိုခြင်း ရည်ရွယ်ချက်မှာ များစွာ ပြင်းထန် လာတော့သည်။

“ သတ် ... ။ ”

ကျယ်လောင်စွာ အော်ဟစ်လျက် သူ့ခန္ဓာကိုယ်သည် အလင်းတန်းတစ်ခုကဲ့သို့ ငွေရောင်ပုဆိန်ကိုကိုင်ဆောင်ကာ စုရီထံ ပြေးဝင်ခုတ်ပိုင်းပစ်လိုက်သည်။

“ ဝုန်း ... ။ ”

မိုးကြိုးပစ်သံများအလား ပေါက်ကွဲမှုကြီးထွက်ပေါ်လာသည်။ လျှပ်စီး ဥပဒေသည် လုံးဝပြန့်ကားသွား၏။

စုရီမှ ဂရုမစိုက်ချေ။ လက်ဗလာဖြင့်ပင် ငွေရောင်ပုဆိန်မှ ထုတ်လွှတ်နေသော ဥပဒေကို ဖြိုခွင်းလိုက်သည်။

“ ဘန်း ... ။ ”

ရွှေတုံးများနှင့် ကျောက်စိမ်းတုံးများ ကွဲကြေသွားသကဲ့သို့ နားကွဲမတတ် ပေါက်ကွဲသံ တစ်သံ ပဲ့တင်ထပ်သွားသည်။

ထိုသာမန် လက်သီးချက်သည် ကမ္ဘာကြီးကိုဖျက်ဆီးနိုင်သော စွမ်းအားများဖြင့် ပြည့်နှက်နေပြီး ကောင်းကင်ရှိ မိုးကြိုးမုန်တိုင်း အပေါ်ပင် ဖြိုခွင်းနိုင်၏။

ငွေရောင်ပုဆိန်ခမျာ ပြင်းထန်စွာ တုန်ခါသွားပြီး မျက်စိကွယ်စေသောအလင်းများ ပေါက်ကွဲထွက်ပေါ်လာသည်။

များမကြာခင် ချုံးချီတစ်ယောက် လေထဲယိမ်းနွဲ့လာပြီး နောက်ပြန်လဲကျသွားကာ မျက်နှာဖြူဖျော့သွားခဲ့၏။

လက်သီးချက်များသည် အလွန်အမင်း လွှမ်းမိုးနေပြီး သူ့ခန္ဓာကိုယ်ကို ဓားတစ်လက် ကဲ့သို့ ထိုးဖောက်ဝင်ရောက်နေသည်။

ဗလာနယ်ပယ် အင်မော်တယ်တစ်ပါး၏ ရောင်ဝါပင် ပြိုကျလုနီးပါး ဖြစ်သွားရတော့၏။ လူတိုင်း အံ့အားသင့်သွားကာ မျက်နှာများတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်လာသည်။

“ မင်း သေမင်းကို ဖိတ်ခေါ်နေတာပဲ။ ”

ချုံချီက ဒေါသတကြီး အော်ဟစ်လိုက်ပြီး ပွထနေသောသူ့ဆံပင်ရှည်များကို ဖြတ်ချပစ် လိုက်လေသည်။ ထို့နောက် ကြောက်မက်ဖွယ် မျိုးဆက်သွေးတစ်ခု နိုးထလာခဲ့၏။

လူတိုင်း၏ အကြည့်အောက်တွင် ချုံချီဦးခေါင်းအထက်၌ မီးတောက်မိုးကြိုးများ ခြုံထားသော နတ်သားရဲတစ်ကောင် ထွက်ပေါ်လာသည်။

ဦးခေါင်းသည် နဂါးနှင့်တူကာ ခန္ဓာကိုယ်သည် သမင်တစ်ကောင်ဖြစ်ချေ၏။ ခွာလေးဖက်မှာ ကြယ်များပြည့်နှက်နေသော ကောင်းကင်ကို နင်းထားချေပြီ။

ခန္ဓာကိုယ်အနှံ့ မီးလျှံအကြေးခွံများ ဖုံးလွှမ်းနေ၏။ ဤသည်မှာ ချီလင်နတ်သားရဲ ပေပင်။ ထိုနတ်သားရဲထံမှ ထွက်ပေါ်လာသော ရောင်ဝါသည်ပင် ဗလာနယ်ပယ်အင်မော်တယ် နတ်သားရဲများကို ကြောက်လန့်စေမည်။

ခန်းမအတွင်းရှိ ကျင့်ကြံသူများမှာ နတ်ဆိုးကျင့်ကြံသူများဖြစ်သဖြင့် ချီလင်သွေး ကနေ ထွက်ပေါ်လာသော စွမ်းအားကို ခံစားလိုက်ရချိန်တွင် အေးခဲကုန်၏။

ဤသည်မှာ သွေးမျိုးဆက်ကနေ ထွက်ပေါ်လာသော ဖိနှိပ်မှုတစ်ခုပေပင်။ လက်ရှိ အချိန်၌ သူတော်စင်သခင်များမှာ သူတို့အပေါ် သက်ရောက်မှုမခံရသေးချေ။

သို့သော် ချုံချီသည်သာ သူတော်စင်အင်မော်တယ်အဆင့် တက်ရောက် နိုင်လာပါက သူတို့ထက် သာလွန်မည်ကို နားလည်ထားသည်။

“ သတ် ... ။ ”

ချုံချီမှ ငွေရောင်ပုဆိန်တိုကို ပစ်တင်လွှတ်ပြီးနောက် တံဆိပ်များပြုလုပ်ကာ စုရီထံပြေးဝင်သွားခဲ့၏။

“ လာ ... ငါ မင်းကို စောင့်နေတာ။ ”

စုရီမှ ကျယ်လောင်စွာ ရယ်မောလျက် လက်သီးကိုဆုပ်ကိုင်ကာ လေထုအလယ်သို့ ထိုးနှက်လိုက်တော့သည်။

“ ဝှစ် ... ။ ”

လေဟာနယ်အက်ကွဲလျက် လေထဲရှိချီလင်တံဆိပ်ခမျာ အပိုင်းပိုင်းကွဲလျက် စုရီပုံရိပ်က ရှေ့သို့ရွေ့လျားသွားချေပြီ။

ချီလင်သားရဲသည် ပြင်းစွာရုန်းကန်ပြီး အကန့်အသတ်မရှိသော မိုးကြိုးမီးလျှံများစွာဖြင့် စုရီအပေါ် တားဆီးတော့သည်။

“ ဟမ့် ... ။ ”

စုရီတစ်ယောက် တာအိုအလင်းများဖြင့် တောက်ပလျက် ထိုအဖျက်စွမ်းအားများအပေါ် အလွယ်တကူ ပယ်ရှားလိုက်၏။

ချီလင်သားရဲခမျာ ဝမ်းနည်းစွာ အော်ဟစ်လိုက်ပြီး ချုံချီခန္ဓာကိုယ်မှ ခွဲထွက်ရန် ကြိုးစားနေချေပြီ။

ချုံချီသည်လည်း အလွန်ကြောက်ရွံ့သွားပြီး ဒေါသတကြီး အော်ဟစ်ကျိန်ဆဲလိုက်တော့၏။

“ လူယုတ်မာ ... ။ ”

တစ်ဆက်တည်းမှာပင် ပြင်းထန်သော လက်သီးများဖြင့် တုန့်ပြန်ထိုးနှက်လိုက်သည်။ ဤစုရီသည် ယုတ်မာစွာဖြင့် သူ့ချီလင်သွေးကို ထုတ်ယူနေချေ၏။

စုရီမှ အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ညာဘက်လက်သည် လေထဲရှိ နတ်သားချီလင် လည်ပင်းကို ဖမ်းဆုပ်လိုက်တော့သည်။

“ ဘန်း ... ။ ”

ချုံချီခမျာ နတ်တောင်ကြီးတစ်လုံး ပြိုကျသွားသကဲ့သို့ ကြမ်းပြင်ပေါ် ချက်ချင်းပင် ပြုတ်ကျသွားတော့သည်။ အရိုးများစွာ ကွဲအက် နေသံသည် စိတ်မချမ်းမြေ့စရာပေပင်။

“ အား ... ။ ”

ဒွာရခုနစ်ပါးမှ သွေးများ စီးကျလာပြီး နာကျင်စွာအော်ဟစ်သံက လူတိုင်းနှလုံးသားထဲ ပဲ့တင်ထပ်နေခဲ့သည်။

ထိုအချိန်တွင် စုရီသည် အခွင့်အရေးကို ဆုပ်ကိုင်ကာ ချီလင်သားရဲကို ပြင်းပြင်းထန်ထန် ဆွဲထုတ်လိုက်တော့၏။ ချီလင်သားရဲခမျာ စုရီ လက်ဖဝါးထဲ မီးလျှံအလင်းစက်အဖြစ် ပြောင်းလဲ ကျဆင်းလာချေပြီ။

ဤသည်မှာ ချီလင်မျိုးဆက်သွေး ဖြစ်လေသည်။

“ ဗလာနယ်ပယ် အင်မော်တယ် ကျင့်ကြံမှုရှိတာတောင် အရမ်းအားနည်းနေတာ အံ့သြစရာ မရှိပါဘူး ... မင်းရဲ့မျိုးဆက်သွေးက မွေးရာပါမှ မဟုတ်ဘဲ။ ”

စုရီက ရုတ်တရက် သဘောပေါက်သွားလေသည်။ ချုံချီခမျာ ထိတ်လန့်တကြားဖြင့်၊

“ မဟုတ်ဘူး ... ။ ”

-ဟု အော်ဟစ်လိုက်သည်။

ဤအဖြစ်အပျက်များသည် အလွန်ပင်မြန်ဆန်နေသဖြင့် ယဇ်ပရောဟိတ် သည်ပင် တားဆီးရန် အချိန်မရလိုက်ချေ။

“ သေမျိုးတစ်ယောက်က ဘယ်လိုလုပ် ဒီလောက်တောင် အစွမ်းထက်နေရတာလဲ။ ”

“ မမျှော်လင့်ဘဲ ... တကယ်ကို အားနည်းတဲ့သူက သန့်ရှင်းသောသားတော် ချုံချီဖြစ်နေတာပဲ။ ”

သူတော်စင်အင်မော်တယ်သခင်များပင် အံ့အားသင့်နေကြလေသည်။ အင်မော်တယ်မြေ သမိုင်းတလျှောက် သေမျိုးတစ်ယောက်လက်၌ အရှက်တကွဲ ရှုံးနိမ့်သွားသော အင်‌မော်တယ် ဟူ၍ တစ်ပါးမျှမရှိချေ။

ချုံချီသည် သာမန် ဗလာနယ်ပယ် အင်မော်တယ်များထက် များစွာသာလွန်သည်။ ထို့ကြောင့် ဤရလာဒ်ကို ဝိညာဉ်တစ်သောင်း ဂိုဏ်းသည်ပင် မမျှော်လင့်ထားကြောင်း ပြောနိုင်ချေပြီ။

***

  အခန်း ၁၁၆၂ -

မင်းမှားတယ် ... ဒါက ငါ့ကိုယ်ငါ ကယ်တင်နေတာ။

လူတိုင်းအံ့အားသင့်နေချိန်မှာပင် မိုးတိမ်ယဇ်ပုရောဟိတ် အကြီးအကဲယန်ချိုင်မှ ဦးစွာသတိဝင်လာ၏။

“ ငါ့ဂိုဏ်းရဲ့ သန့်ရှင်းသောသားတော်ကို လွှတ်ပေးပြီး စစ်မှန်တဲ့ချီလင်သွေးကို ပြန်ပေး၊ မဟုတ်ရင် သေ ... ။ ”

သူတော်စင် အင်မော်တယ်တစ်ပါး၏ ကြောက်စရာကောင်းသောစွမ်းအားက ခန်းမ တစ်ခုလုံးကို ပြင်းစွာတုန်ခါစေသည်။

လူတိုင်း၏မျက်နှာအမူအရာ ပြောင်းလဲသွားတော့၏။ အခန်းအတွင်းရှိ သတ်ဖြတ်လိုသောဆန္ဒများသည် သွေးနီရောင် တိမ်တိုက်အဖြစ် ထွက်ပေါ်လာနေသည်။

လေထုသည်လည်း လောင်မြိုက် အရည်ပျော်နေသည့် မီးတောင်ကြီးတစ်လုံးနှင့် တူနေတော့၏။

ချင်းဝေ၊ ကြယ်တာရာ သူတော်စင်အင်မော်တယ်နှင့် ဖုန်ရီယွမ်တို့သည် ကြောက်စရာကောင်းသော ရန်သူတစ်ယောက် မြင်လိုက်ရသလို ခံစားလာရသည်။

ကြမ်းပြင်တွင် တက်နင်းခံထားရသော သန့်ရှင်းသောသားတော်ချုံချီသည် နာကျည်းစွာ စုရီထံ ပြန်မော့ကြည့်လျက်၊

“ မင်းငါ့ကို သတ်လိုက်ရင် မင်းတစ်ယောက်တည်း မဟုတ်ဘူး မင်းရဲ့ဂိုဏ်း၊ မင်းရဲ့ဆွေမျိုးနဲ့၊ သူငယ်ချင်းတွေအားလုံး သေရလိမ့်မယ်။ ”

-ဟု ခြိမ်းခြောက်စကားဆိုလိုက်၏။

လူတိုင်း၏ အကြည့်များက စုရီထံ ရောက်ရှိသွားကြသည်။ စုရီက ချီလင်သွေး အဆီအနှစ်ကို သိမ်းဆည်းလျက်၊

“ ဒါဆို ဘယ်သူသေရမလဲကြည့်ရအောင်။ ”

-ဟု ဆိုကာ ချုံချီကို နင်းခြေပစ်လိုက်တော့၏။

“ မလုပ်နဲ့ ... ။ ”

“ ဘန်း ... ။ ”

ချုံးချီခမျာ ခန္ဓာကိုယ်ကွဲကြေသွားပြီး သူ့ဝိညာဉ်သည် ဖုန်မှုန့်များအဖြစ် ပြောင်းလဲ သွားခဲ့လေသည်။ ပုရွက်ဆိတ်တစ်ကောင်ကို ကြိတ်ချေပစ်လိုက်သလိုပေပင်။

“ ဒီလိုမာနကြီးပြီး နုံအလွန်းတဲ့ လူတစ်ယောက်က သန့်ရှင်းသောသားတော် ဆိုတဲ့ ရာထူးမျိုးရထားတာလား နှမျောစရာပဲ။”

စုရီက ခေါင်းရမ်းလျက် မှတ်ချက်ပေး လိုက်သည်။ လူတိုင်း တုန်လှုပ်သွားတော့၏။ ဤစုရီသည် ခြိမ်းခြောက်မှုအားလုံးကို လျစ်လျူရှုထားချေပြီ။

တွန့်ဆုတ်မှုမရှိဘဲ သတ်ဖြတ်ခြင်းဖြင့် ရက်စက်ကြမ်းကြုတ်သော အကျင့်စရိုက်ကို ပြသလာခဲ့သည်။

“ လူယုတ်မာ ... ။ ”

မိုးတိမ် ယဇ်ပရောဟိတ် အကြီးအကဲ ယန်ချိုင်တစ်ယောက် မျက်လုံးများ ရဲရဲနီလျက် ဒေါသတကြီးဖြင့် တိုက်ခိုက်လာတော့၏။

လေထုအလယ် ရုတ်ချည်း တည်နေရာ‌ရွေ့ပြောင်းလျက် ထွက်ပေါ်လာကာ စုရီကို လက်ဖဝါးနှင့် ရိုက်ချလိုက်သည်။

“ မကောင်းတော့ဘူး ... ။ ”

ချင်းဝေနှင့် သူတော်စင် အင်မော်တယ် နှစ်ဦးခမျာ မျက်နှာဖြူဖျော့သွားပြီး ချက်ချင်း ပိတ်ဆို့ဟန့်တားလိုက်ကြသည်။  

တစ်ချိန်တည်းမှာပင် အကြီးအကဲရှောင်ကျူ၊ ကြိုးကြာကိုးပါးအင်မော်တယ်နှင့် အခြားသူများ သည်လည်း ချင်းဝေနှင့်အဖွဲ့ကို တားဆီးရန် လှုပ်ရှားလာတော့၏။

ချက်ချင်းပင် အင်မော်တယ် ဥပဒေစည်းမျဉ်းများ ပေါက်ကွဲထွက်လာကာ ကြောက်မက်ဖွယ်ရာ အဖျက်စွမ်းအားများ ပျံ့နှံ့သွားသည်။

ဗလာနယ်ပယ် အင်မော်တယ်များမှာ ဝင်ရောက်စွက်ဖက်ရန် ကြောက်ရွံ့ပြီး ချက်ချင်း ဆုတ်ခွာသွားကြသည်။

စုရီပုံရိပ်သည် ဖန်ဟန်ရှေ့သို့ ပြန်လည် ဆုတ်ခွာသွား၏။ ထို့နောက် လက်ဝှေ့ရမ်းပြကာ လေးနက်စွာဖြင့်၊

“ ကြည့် ... ပွဲက အခုမှ စတာ။ ”

-ဟု ပြောကြားလိုက်သည်။

ဖန်ဟန်တစ်ယောက် ဦးရေပြားများ ထုံကျင်သွား၏။ နောက်ဆုံးတွင် သူဟူသည် ကျင့်ကြံမှုအားနည်းသူ တစ်ဦးပေပင်။

မည်မျှပင် မာနထောင်လွှားပြီး ခေါင်းမာနေပါစေ ဤကဲ့သို့သောတိုက်ပွဲမျိုးကို မကြုံဖူးသေးချေ။

သူတင်မက အခန်းအတွင်းရှိ မည်သူမဆိုတုန်လှုပ်နေကာ စကားမပြောနိုင်‌ ဖြစ်ကုန်လေသည်။

သူတော်စင် အင်မော်တယ်တစ်ပါး၏ တန်ခိုးသည် သာမန်မဟုတ်ချေ။ ယခုကဲ့သို့ သူတော်စင်အင်မော်တယ် ဆယ်ယောက်ထက် မနည်း တိုက်ခိုက်နေခြင်းသည် မင်္ဂလာမိုးတိမ် နန်းတော်ပင် ယိမ်းထိုးစေသည်။

နောက်ဆက်တွဲ ငလျင်လှိုင်းများမှာ သာမန်အင်မော်တယ်များ၏ ခံနိုင်ရည်များထက် ကျော်လွန်နေ၏။   

ဂျူနီယာဆယ်ယောက်ကျော်သည် ထိုအဖျက်စွမ်းအားများ ထိမှန်လျက် ချက်ချင်း သေဆုံးသွားပြီးဝိညာဉ်များ ပြန့်ကျဲကုန်၏။

ဆန့်ကျင်ဘက်အနေဖြင့် ချင်းဝေသည် အချိန်ကြာမြင့်စွာတည်းက ထိန်းထားရသဖြင့် ယခုအချိန်၌ လုံးဝ လွတ်ထွက်သွားသည်။

ကြောက်စရာကောင်းသော အင်‌မော်တယ်ဥပဒေစည်းမျဉ်းများကို ထုတ်ဖော် အသုံးပြုလျက် ယန်ချိုင်ထံ ရှေ့မှနေပြီး ပိတ်ဆို့ ဟန့်တားနေချေပြီ။

“ ငါ့လမ်းက ထွက်သွား ... ။ ”

မိုးတိမ်ယဇ်ပုရောဟိတ်အကြီးအကဲ ယန်ချိုင်တစ်ယောက် ဒေါသဖြင့်ဟိန်းဟောက် လိုက်ပြီး လက်ကိုဝှေ့ယမ်းလိုက်၏။

သွေးရောင်အလင်းများ ထောင်ပေါင်းများစွာ ကျဆင်းလာသည်။ ထိုသွေးရောင်အလင်းများ၌ သတ်ဖြတ်ခြင်းရောင်ဝါများ ပြည့်နှက်နေသဖြင့် ချင်ဝေတစ်ယောက် အစွမ်းကုန်ခုခံလိုက်ရ၏။

များမကြာခင် နှုတ်ခမ်းထောင့်ကနေ သွေးများစီးကျလျက် လှပပြီးဆွဲဆောင်မှုရှိသော မျက်နှာမှာဖြူဖျော့သွားသည်။ စုရီတစ်ယောက် မျက်မှောင်ကြုတ်လိုက်၏။

ယန်ချိုင်၏ အစွမ်းသတ္တိမှာ သူ့မျှော်လင့်ချက်ထက် ကျော်လွန်နေချေပြီ။ သို့သော် ထိုမျှသာပေပင်။ ယနေ့စည်းဝေးပွဲသို့ တက်ရောက်ရန် ဆုံးဖြတ်ပြီးကတည်းက သူ့၌ သဘာဝအတိုင်း ပြင်ဆင်မှုများရှိသည်။

“ သွား ... ။”

ချင်းဝေက အလင်းမုန်တိုင်းတစ်ခု ဖန်တီးကာ မိုးတိမ်ယဇ်ပုရောဟိတ်အကြီးအကဲ ယန်ချိုင်၏လမ်းကြောင်းကို ထပ်မံပိတ်ဆို့လိုက် ပြန်သည်။

ကြောက်စရာကောင်းသော စွမ်းအားက အနားရှိ ဗလာနယ်ပယ်အင်မော်တယ်အချို့ကို ဆွဲငင်သွားချေပြီ။

“ အား ... ။ ”

ထိုသူများခမျာ မတုန့်ပြန်နိုင်ခင်မှာပင် အလင်းမုန်တိုင်းအတွင်း ခန္ဓာကိုယ်များကြေမွှ ပျက်စီးသေဆုံးသွားတော့သည်။

“ မင်း သေမင်းကို ဖိတ်ခေါ်နေတာပဲ။ ”

မိုးတိမ်ယဇ်ပုရောဟိတ် အကြီးအကဲ ယန်ချိုင်က ဒေါသတကြီး အော်ဟစ်လိုက်ပြီး လက်ဖဝါးချက်များ တရစပ် ရိုက်ချလာသည်။

သွေးလက်ဖဝါးရိပ်များသည် ဓားတောင်ကြီးများအလား ရွေ့လျားသွားကာ အလင်းမုန်တိုင်းကိုဖြိုခွင်းလျက် ချင်းဝေထံ ထိမှန်သွားသည်။

“ ဘန်း ... ။ ”

ရလာဒ်အနေဖြင့် ချင်းဝေတစ်ယောက် နောက်သို့လွင့်စင်သွားပြီး ဆံပင်ရှည်များခမျာ ချက်ချင်းဖွာလန်ကျဲသွား၏။ သူမ မျက်ဝန်းများ တွင်လည်း အံ့အားသင့်မှု ဖြစ်ပေါ်လာသည်။

တစ်ဖက်လူသည် ကြောက်မက်ဖွယ် ကောင်းသော တိုက်ပွဲဝင်စွမ်းအားကို ပိုင်ဆိုင် ထားချေ၏။

“ မင်း ဒီကောင်လေးကို ကာကွယ်ထား၊ ငါသူ့ကို ကိုင်တွယ်လိုက်မယ်။ ”

ရုတ်တရက် စုရီက ရှေ့သို့တိုးလာပြီး မျက်လုံးများတွင် အေးစက်သောအရိပ်အမြွက် အချို့ ရစ်သိုင်းလာသည်။ ချင်းဝေက ရှက်ရွံ့စွာ ခေါင်းညိတ်ပြတော့၏။

“ မင်း သေချင်နေတာဆိုရင် ငါဖြည့်စည်းပေးမယ်။ ”

ထိုမြင်ကွင်းကြောင့် ယန်ချိုင်က ချက်ချင်းပြေးဝင်လာပြီ စုရီကို အမှုန့်ချေရန် ကြိုးစားလိုက်လေသည်။

သူတော်စင်အင်မော်တယ် ဥပဒေစည်းမျဉ်းများ ကောင်းကင်တွင်ပျံ့နှံ့လျက် လေဟာနယ်တစ်ခုလုံး ပိတ်ဆို့ကုန်၏။

ထိုမျှသာမန်တိုက်ခိုက်မှုလေးတွင် အကန့်အသတ်မဲ့ ဒေါသနှင့် သတ်ဖြတ်လိုသော ရည်ရွယ်ချက်များ ပါဝင်နေသည်။

သူတော်စင် အင်မော်တယ်များပင် ခံယူနိုင်ရန်မဖြစ်နိုင်သောကြောင့် စုရီအတွက်မူ ဆိုဖွယ်မရှိနိုင်ချေ။

“ ဝုန်း ... ။ ”

ထိုစဉ် ပိန်ပိန်ပါးပါးပုံရိပ်တစ်ခုသည် စုရီရှေ့ပေါ်လာပြီး လက်ဖဝါးကိုခံယူပေးခဲ့၏။ သွေးလက်ဖဝါးမှာ ပေါက်ကွဲသွားလေသည်။

“ အဟွတ် အဟွတ် ... ။ ”

အကျိုးဆက်အနေဖြင့် ယန်ချိုင်ခမျာ တုံ့ပြန်မှုခံလိုက်ရပြီး သူ့ခန္ဓာကိုယ်သည် ခန်းမ နံရံသို့ လွင့်စဉ်တိုက်မိသွားလေသည်။

“ ဝမ် ... ။ ”

နန်းတော်နံရံမှ အကာအကွယ် အစီအစဥ်သည် ချက်ချင်းအသက်ဝင်လာပြီး အဖျက်စွမ်းအားများကို ပယ်ဖျက်သွား၏။

ယန်ချိုင်တစ်ယောက် ကြယ်တာရာ ကောင်းကင်ကြီးကို ရုတ်ချည်းမြင်လိုက်သကဲ့သို့ သွေးအန်လုမတတ် နာကျင်သွားလေသည်။

တစ်ချိန်တည်းမှာပင် တောင်ပြိုကျလာသည့်အလား ဖိအားတစ်ခုမှာ ခန်းမအတွင်း ပျံ့နှံ့လာချေ၏။

အခန်းအတွင်း အပြင်းအထန် တိုက်ခိုက်နေသော သူတော်စင်အင်မော်တယ် အားလုံး တိုက်ပွဲကိုရပ်တန့်လိုက်ရပြီး ထိုပုံရိပ်ထံ လှည့်ကြည့်မိတော့သည်။

“ မိန်းကလေး တစ်ယောက်လား။ ”

လူတိုင်း မှင်သပ်ကုန်၏။ ဤသည်မှာ ဖျင်ကြမ်းအင်္ကျီဝတ်ဆင်ထားသော ရိုးရှင်းသည့် မိန်းကလေး တစ်ယောက်ပေပင်။

ရှည်လျားပြီး ရဲရဲနီနေသော သူမ ဆံပင်များမှာ လေထုအလယ်အရိုင်းဆန်ဆန် ပြန့်ကျဲနေ၏။ အသက်အရွယ်အရ (၁၆)နှစ် အရွယ်သာရှိချေသည်။

သို့သော် နက်ရှိုင်းသော ရွှေရောင်မျက်လုံးများက လူတိုင်း၏ဝိညာဉ်ကို စူးရှနာကျင်လာစေ၏။

လူတိုင်းနှင့် ဆန့်ကျင်ဘက် စုရီ၏ အကြည့်များသည် မိန်းကလေးခြေထောက်ထံ ကျရောက်သွားသည်။ သွယ်လျကြည်လင်သော ခြေကျင်းဝတ်ပေါ်တွင် သွေးနီရောင်သံကြိုးများ ရှိနေချေ၏။

“ ဒါဆို ငါ့ရဲ့လှုပ်ရှားမှုတိုင်းကို တိတ်တိတ်လေး စောင့်ကြည့်နေတာ ... မင်း နဂါးမလေးပေါ့ ... ။ ”

စုရီမှ ရေရွတ်လိုက်သည်။ ဤမတိုင်မီ ပိုင်ချီခန်းမသခင် ဖုန်ရီယွမ်မှ တောင်းပန်လာပြီး သူတော်စင်အဆင့် ဆေးဖက်ဘက်ဝင် အပင်တစ်ပင်ကို ချန်ထားခဲ့ဖူး၏။

ဖန်ဟန်ကို ကယ်တင်စဉ်ကလည်း နဂါးနက်အစောင့်များသည် သူ့ကိုလူသိရှင်ကြား ကူညီခဲ့သည်။

ယနေ့တွင် ဝိညာဉ်တစ်သောင်း ဂိုဏ်းနှင့်ဆက်ဆံရေးကိုပင် နဂါးနက်အစောင့် တပ်မှူးတစ်ဦးမှ လုံးဝဖြတ်တောက်ပစ်၏။

သို့သော် သူ မမျှော်လင့်ထားသည်မှာ တစ်ဖက်လူသည် မိန်းကလေးငယ်တစ်ယောက် ဖြစ်နေခြင်းပေပင်။

သူမ၏ ခြေကျင်းဝတ်တွင် သွေးနီရောင် သံကြိုးများ ချည်နှောင်ထားခြင်းကိုမြင်ပြီးချိန်၌ အဘယ့်ကြောင့် သူ့ထံ ထိုမျှ အာရုံစိုက်နေမှန်း နားလည်လာခဲ့သည်။

“ အဲဒီအဘိုးကြီး ဒါကိုကြိုတင်မြင်ထားပုံပဲ။ ”

စုရီက ဗေဒင်ဆရာအိုကြီးကို သတိရသွားတော့၏။ တစ်ဖက်တွင် ရုတ်ချည်း ပေါ်လာသော မိန်းကလေးကြောင့် လူတိုင်း ထိတ်လန့်တကြား ရပ်တန့်ကုန်သည်။

“ အင်‌မော်တယ်ဘုရင် ... ။ ”

သူမ ရောက်ရှိလာချိန်တွင် လူတိုင်းကို ကြီးစွာသောဖိအားများခံစားရပြီး ဖြစ်တည်မှု နိမ့်ကျသွားစေသည်မှာ မထူးဆန်းတော့ချေ။

နဂါးနက် အစောင့်တပ်မှူး ကြယ်တာရာ သူတော်စင်အင်မော်တယ်နှင့် ဖုန်ရီယွမ်တို့သည် သက်ပြင်းချလျက် ဂါရဝပြုလိုက်ကြသည်။

“ မင်္ဂလာပါ သခင်နီ။ ”

သူတို့၏ နှုတ်ဆက်စကားကြောင့် ခန်းမအတွင်းရှိ လူအုပ်ကြီးမှာ ကျောရိုးအနှံ့ အေးစက်မှုများ ခံစားလိုက်ရသည်။

“ နောက်ဆုတ် ... ။ ”

မိန်းကလေးက အမိန့်ပေးလိုက်သည်။ ရှင်းယုနှင့် ဖုန်ရီယွမ်တို့နှစ်ယောက်စလုံးဘေးသို့ ဆုတ်ခွာလိုက်ကြ၏။

ထိုအချိန်တွင် မိုးတိမ်ယဇ်ပုရောဟိတ် အကြီးအကဲယန်ချိုင်သည် မျက်နှာဖြူဖျော့ကာ မတ်တပ်ထရပ်လာသည်။

“ မင်းရဲ့အဆင့်အတန်းနဲ့ ဘာလို့ ဒီနေ့ကိစ္စတွေကို ပါဝင်ပတ်သက်ချင်ရတာလဲ။ ”

ယန်ချိုင်မှ မေးလိုက်သည်။ မိန်းကလေးက တည်ငြိမ်စွာဖြင့် ပြန်ဖြေ၏။

“ နက်နဂါးဈေးက ငါ့နယ်မြေပဲ ငါဘာလုပ်မယ်ဆိုတာ ရှင်းပြဖို့ လိုသေးလား။ ”

“ ဒါဆို မင်းက အဲဒီလူငယ်အတွက် ရပ်တည်ပြီး ငါ့ရဲ့ဝိညာဉ်တစ်သောင်းဂိုဏ်းကို လုံးဝဆန့်ကျင်တော့မှာလား။ ”

“ မှားတယ် ... ဘယ်သူ့အတွက်မှ ရပ်တည်တာမဟုတ်ဘူး ငါ့ကိုယ်ငါကယ်တင်ဖို့ ကြိုးစားနေတာ ... ဒီနေ့ မင်းတို့အားလုံးရဲ့ အသက်ကိုငှားပါရစေ။ ”

ထိုစကားထွက်လာသည်နှင့် ဝိညာဉ်တစ်သောင်းဂိုဏ်း၏ အရေးကြီးသော ပုဂ္ဂိုလ်များအားလုံး တုန်ယင်သွားသည်။

ယနေ့သည် သူတို့အတွက် ကြီးကျယ်ခမ်းနားသည့် ပျော်ရွှင်ဖွယ်ရာ အခါသမယဖြစ်၏။ ထိုစဉ် ကြိုးကြာကိုးပါး သခင်သည် တုန်လှုပ်စွာဖြင့်၊

“ စီနီယာ ... ဒီဂျူနီယာက ဝိညာဉ် တစ်သောင်းဂိုဏ်းကိုဝင်ဖို့ သဘောတူခဲ့ပေမယ့် တရားဝင် မဖြစ်သေးပါဘူး အခုငါ့အမှားကို သဘောပေါက်ပြီး နောင်တရနေပါပြီ၊ စီနီယာ ကရုဏာပြဖို့ တောင်းပန်ပါတယ်။ ”

-ဟု လေးနက်စွာ ဦးညွှတ်ပြီး အသနားခံလာတော့သည်။

ထိုအပြုအမူကြောင့် လူတိုင်း မျက်ခုံးပင့်ကုန်၏။ သို့သော် ဤသည်မှာ အဆုံး မဟုတ်ခဲ့ချေ။

“ စီနီယာ ... ဒီဂျူနီယာလည်း နော်ငတရနေပါပြီ။ ”

“ စီနီယာ ... ဒီမျက်ကန်းကြီးကို ခွင့်လွှတ်ပေးပါ။”

သူတော်စင်သခင်လေးပါးသည် ဆက်တိုက်ဆိုသလို သတိဝင်လာပြီးနောက် ကြိုးကြာကိုးပါး သူ‌တော်စင်အင်‌မော်တယ် ကဲ့သို့ လိုက်ပါ ဦးညွှတ်တောင်းပန်တော့၏။   

***

All Chapters