အခန်း (၁၈၅-၁၈၆)
Vol. 19 Ch. 185-186
အခန်း (၁၈၅) - ပိုက်ဆံချေးမလို့လား... ပိုက်ဆံမရှိပါဘူး
လီယွဲ့သည် မာဂျောင်အခန်းထဲမှ တစ်ကိုယ်လုံး ပေါ့ပါးလန်းဆန်းစွာဖြင့် ပျင်းရိပျင်းတွဲ
သက်ပြင်းချရင်း ထွက်လာ၏။ သူ၏နောက်ကွယ်၌မူ မကျေမနပ်ဖြစ်နေသော မျက်နှာသုံးခု
ရှိနေပေသည်။
ရက်ရှာ၏ ရင်ထဲ၌မူ ခါးသီးနာကျင်လှချေပြီ။ လွန်ခဲ့သော ရက်ပိုင်းကမှ သူခက်ခက်ခဲခဲ
ကံကောင်းပြီး နိုင်ထားသမျှ ပိုက်ဆံများမှာ နောက်ဆုံးတွင်
ဆိုင်ရှင်ကြီးထံသို့ လက်ဆောင်ပေးလိုက်ရသကဲ့သို့
ဖြစ်သွားသည့်အပြင် သူ၏ ကိုယ်ပိုင်ပိုက်ဆံ သန်းပေါင်းများစွာကိုပါ ထပ်မံ
စိုက်ပေးလိုက်ရသောကြောင့် ဖြစ်၏။ ထို့အပြင် တစ်မွန်းလွဲလုံးလုံး
မာဂျောင်ဝိုင်းတွင် အနှိပ်စက်ခံလိုက်ရသဖြင့် တစ်ကိုယ်လုံးလည်း
ထုံကျင်နေပြီ ဖြစ်သည်။ အဆိုးဆုံးမှာ ထိုအခြေအနေကို သူ မည်သို့မျှ
မတွန်းလှန်နိုင်ခြင်းပင်...။ တကယ့်ကို ရင်မွန်းစရာ ကောင်းလှသည်။
လုချန်ရှင်းမှာမူ ခေါင်းကို တရစပ် ခါယမ်းနေ၏။ သူသည် ဆိုင်ထဲသို့ မလာခင်ကတည်းကပင်
ဤကဲ့သို့သော ရလဒ်မျိုး ဖြစ်လာမည်ကို ကြိုတင်တွေးဆထားခဲ့ပြီးသား ဖြစ်သည်။
သူသည် ဆိုင်ရှင်ကြီး၏ ဖုန်းနံပါတ်ကို ပိတ်ပစ် ထားလိုက်ရမလားဟုပင်
စဉ်းစားမိလိုက်သည်။ သို့သော် ထိုအတွေးမှာ ခဏမျှသာ ရှိပြီး ချက်ချင်းပင်
လက်လျှော့လိုက်ရ၏။ ဆိုင်ရှင်ကြီးကို ဖုန်းနံပါတ်
ပိတ်ထားရဲသည် ဟုတ်လား...။ တကယ်လို့ ဆိုင်ရှင်ကြီး
ဒေါသထွက်သွားပါက သူ ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
ထို့ကြောင့် ဘေးဒုက္ခမှ ကင်းဝေးရန် ပိုက်ဆံအနည်းငယ် အကုန်အကျခံလိုက်ရသည်ဟုသာ သူ
သတ်မှတ်လိုက်ရတော့သည်။ ဆိုင်ရှင်ကြီးအနေဖြင့် မာဂျောင်ကို မကြာခဏ
မဆော့ပါစေနှင့်၊ အထူးသဖြင့် နောက်တစ်ကြိမ်တွင် သူ့အား
ပစ်မှတ်မထားပါစေနှင့်ဟုသာ သူ မျှော်လင့်နိုင်တော့သည်။
ဤအခိုက်အတန့်တွင် လင်ချိုးမှာမူ မိမိကိုယ်ကိုယ် လွန်စွာ သံသယဝင်နေချေပြီ။
မဖြစ်နိုင်တာ...။ သူသည် ဆိုင်တစ်ခုလုံး၌ မာဂျောင်ကစားရာတွင်
ပြိုင်ဘက်မရှိသူ ဖြစ်ရာ မည်သို့ကြောင့် ဤမျှအခြေအနေအထိ ရှုံးနိမ့်ရပါသနည်း။
အဆိုးဆုံးမှာ ‘ဟူ’ တစ်ကြိမ်မျှပင် မနိုင်လိုက်ဘဲ ပြန်လည်ခုခံနိုင်စွမ်း
လုံးဝမရှိဘဲ ဆိုးဆိုးရွားရွား ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်သည်။
လီယွဲ့၏ ကျောပြင်ကို ကြည့်ရင်း ဆိုင်ရှင်ကြီး လိမ်လည်ကစားခဲ့သည်ဟု သူ
ပြင်းပြင်းထန်ထန် သံသယဝင်နေသော်လည်း မည်သည့်
သက်သေအထောက်အထားမျှ မရှိပေ။
လီယွဲ့သည် သူ၏နောက်ကွယ်မှ စူးစိုက်ကြည့်နေသည့် မျက်လုံးများကို ခံစားမိသဖြင့်
တိတ်တဆိတ် ပြုံးလိုက်သည်။ ဤရက်ပိုင်းအတွင်း ရက်ရှာက အနည်းငယ်
ထောင်လွှားနေသဖြင့် သူ့အား သင်ခန်းစာတစ်ခု ပေးလိုက်ခြင်း
ဖြစ်၏။ ကျန်သည့်လူနှစ်ဦးမှာမူ...
“လိမ်လည်ကစားတယ် ဟုတ်လား...။ သိရင်လည်း လာကိုက်လိုက်လေ။”
ထိုညတွင် ဟယ်မိသားစုသည် လမ်းတစ်လျှောက် ခိုးကြောင်ခိုးဝှက်
ရှောင်တိမ်းလာခဲ့ပြီးနောက်
နောက်ဆုံးတွင် ဆိုင်သို့ ရောက်ရှိလာခဲ့ပြီး လျူမူချင်း၏ တည်းခိုခန်း၌
အခန်းပေါင်းများစွာကို လျင်မြန်စွာ ငှားရမ်းလိုက်ကြသည်။
ကျန်းအာဟဲမှာမူ ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သူသည်
တော်ဝင်နန်းတော်၏ လက်ရှိတာဝန်ထမ်းဆောင်နေသော
အရာရှိတစ်ဦး ဖြစ်သဖြင့် အချိန်အကြာကြီး မနေနိုင်ပေ။
နောက်တစ်နေ့ နံနက်စောစောတွင် ဟယ်မိသားစုဝင် အယောက်ပေါင်းများစွာသည် စုပေါင်းလျက်
ကံစမ်းမဲဆိုင်ဆီသို့ ဟန်ပါပါဖြင့် ဦးတည်သွားကြတော့သည်။
“ဒါက... မနေ့ညက မှောင်နေလို့ သေချာမမြင်လိုက်ရဘူး။ ဒီဆိုင်က တကယ်ကို
ကြီးကျယ်လွန်းတာပဲ။”
“ကြည့်ရတာ ယွန်းဖုန်းမြို့ရဲ့ တစ်ဝက်လောက်တောင် ရှိမယ် ထင်တယ်။”
ဟယ်ယွဲ့က ရှင်းပြလိုက်သည်။
“သမီး ကြားတာတော့ ကနဦးတုန်းက ဒီဆိုင်က အဝင်နှစ်ခု၊ အထွက်နှစ်ခုရှိတဲ့
သာမန်ခြံဝင်းအိမ်လေး အတိုင်းအတာပဲ ရှိတာတဲ့။
နောက်ပိုင်းမှာ လူတွေ ပိုပြီး လာကြလို့ ဆိုင်ရှင်ကြီးက
အကြိမ်ကြိမ် ချဲ့ထွင်ခဲ့တာပေါ့။ အခုဆိုရင် လက်ကိုင်ဖုန်းနဲ့
မဲဝယ်တဲ့သူတွေကို မတွက်ရင်တောင် ဆိုင်ထဲကို နေ့တိုင်း
ဝင်ထွက်နေတဲ့သူတင် လူပေါင်း သောင်းချီ ရှိနေပြီ။”
“ရှူး... ဒီလောက်အထိ စီးပွားရေး အောင်မြင်တာမျိုးက တစ်ခါမှ မကြားဖူးဘူး။
ဒီဆိုင်ရှင်က တကယ့်ကို သာမန်လူ မဟုတ်ဘူးပဲ။”
ထိုစဉ် ဆွဲဆောင်မှုရှိသော ကိုယ်လုံးကိုယ်ထည်ရှိသည့် မိန်းကလေးတစ်ဦးသည် သူမ၏
သွယ်လျသော လက်ချောင်းများကြားတွင် စီးကရက်တစ်လိပ်ကို ညှပ်ထားရင်း
ဆေးလိပ်သောက်လျက် ဖြည်းညင်းစွာ ထွက်လာ၏။
“အဲဒါ မမရူယီပဲ... ဆိုင်ရှင်ကြီးရဲ့ အရောင်းဝန်ထမ်းပေါ့။”
ဟယ်မိသားစုဝင်များမှာ ထိတ်လန့်သွားကြသည်။ ဤမျှ ထူးခြားသောအလှရှိသည့် မိန်းကလေးက
သာမန်လူတစ်ယောက် သာ ဖြစ်နေသောကြောင့် ဖြစ်၏။
“နံနက်ခင်းပါ အကြီးအကဲဟယ်။”
ဆိုင်ထဲတွင် လူပေါင်းများစွာ ရှိနေသော်လည်း ယွဲ့ရူယီသည် ဟယ်ယွဲ့ကို မှတ်မိနေသေးသည်။
မည်သို့ပင်ဖြစ်စေ သူမသည် မြင့်မြတ်သော သားရဲကြီးလေးကောင် ပုံစံအားလုံးကို
ပထမဦးဆုံးနှင့် လက်ရှိအချိန်အထိ တစ်ဦးတည်းသော
စုဆောင်းနိုင်ခဲ့သူ ဖြစ်သောကြောင့် ဖြစ်၏။
“နံနက်ခင်းပါ မမရူယီ။”
ယွဲ့ရူယီ၏ ဖော်ရွေလှသော အပြုံးက လူများကို သက်တောင့်သက်သာ ဖြစ်စေသည့်အပြင် သူမ၏
လှပသော ရုပ်ရည်ကြောင့် ဟယ်မိသားစုမှ လူငယ်ကျင့်ကြံသူအချို့၏ မျက်နှာများမှာ
ရှက်သွေးဖြာကာ နီရဲသွားကြတော့သည်။
ထိုအခိုက်အတန့်တွင် မိုးကောင်းကင်ထက်၌ အလျားပေပေါင်းများစွာ ရှည်လျားသော
နဂါးပြာကြီးတစ်ကောင်သည် ဟိန်းဟောက်သံနှင့်အတူ ပျံသန်းလာပြီး
၎င်း၏နောက်တွင် ပြင်းထန်သော မီးတောက်များကို ထုတ်လွှတ်နေသည့် ဧရာမ
ငှက်ကြီးတစ်ကောင် လိုက်ပါလာချေပြီ။ သူတို့၏
ကြီးမားလှသော အရှိန်အဝါများက နေရောင်ခြည်ကို ကွယ်ဆို့သွားစေသည်။
“စတုတ္ထအဆင့် မိစ္ဆာသားရဲကြီးတွေပဲ။”
ဟယ်မိသားစုမှ အကြီးအကဲများမှာ ချက်ချင်းပင် သတိရှိသွားကြပြီး သူတို့၏
ရတနာလက်နက်များကို ထုတ်ယူလိုက်ကြသည်။ မျိုးဆက်သစ်
လူငယ်များမှာမူ ကြောက်လန့်တုန်ရီလျက် နေရာတွင်ပင် ဆတ်ဆတ်တုန်နေကြတော့သည်။
“ဒီနေရာက တကယ်ကို ကြောက်စရာကောင်းလွန်းတယ်။ အဘိုး... ကျွန်မ ကြောက်တယ်...”
“အကြီးအကဲ... ကျွန်တော်တို့ ဒီကနေ ပြန်ကြရအောင်။”
ဟယ်ယွဲ့က အလျင်အမြန် ရှင်းပြလိုက်သည်။
“မကြောက်ကြပါနဲ့... အဲဒါတွေက ဆိုင်ရှင်ကြီးရဲ့ အိမ်မွေးတိရစ္ဆာန်တွေဖြစ်သလို
ဆိုင်ရဲ့ ဝန်ထမ်းတွေလည်း ဟုတ်တယ်။ သူတို့က ဘယ်သူ့ကိုမှ
ဒုက္ခမပေးပါဘူး။”
သူမ စကားအဆုံးတွင်ပင် နဂါးပြာကြီးနှင့် ငှက်ကြီးတို့သည် အလင်းတန်းနှစ်ခုအဖြစ်
ပြောင်းလဲကာ မြေပြင်သို့ ဆင်းသက်လာပြီး ရဲရဲတောက် အနီရောင်ဝတ်စုံကို
ဝတ်ဆင်ထားသော ဖျတ်လတ်သည့် လူငယ်တစ်ဦးနှင့် ပြာလဲ့သော ဝတ်စုံကို ဝတ်ဆင်ထားသည့်
လှပသော မိန်းကလေးတစ်ဦးအဖြစ် ပြောင်းလဲသွားကြတော့သည်။
“အကြီးအကဲဟယ်... ဒီနေ့ တော်တော် စောစောရောက်လာတာပဲနော်။”
နင်ယူယူက ပြုံးလျက် နှုတ်ဆက်လိုက်ပြီး စီယွီကမူ ကျွမ်းကျင်စွာဖြင့်
ဟွာကျီစီးကရက်ကို ထုတ်ကာ မီးညှိပြီး ခပ်ပြင်းပြင်း
တစ်ချက် ရှူလိုက်သည်။
“ကျွန်မရဲ့ မိသားစုဝင်တွေ ပထမဆုံးအကြိမ် လာတာမို့လို့ပါ။ သူတို့ တစ်ညလုံးလည်း
ကောင်းကောင်းမအိပ်ဘဲ ကိုယ်တိုင် မြင်ဖူးချင်နေကြတာနဲ့ အစောကြီး
လာစောင့်နေကြတာ။”
ဟယ်မိသားစုဝင်များမှာ နောက်ဆုံးတွင် သတိပြန်ဝင်လာကြသည်။ ထိုစတုတ္ထအဆင့်
မိစ္ဆာသားရဲကြီးနှစ်ကောင်မှာ တကယ့်ကို ဆိုင်၏ ဝန်ထမ်းများ
ဖြစ်နေကြသည် မဟုတ်ပါလော။ မိစ္ဆာမျိုးနွယ်များမှာ မောက်မာလှသဖြင့် ရှေးယခင်ကတည်းက
လူသားတစ်ဦးကို သခင်အဖြစ် အသိအမှတ်ပြုသည်ဟု မကြားဖူးခဲ့ပေ။ ထို့အပြင်
ထိုမိစ္ဆာကြီးနှစ်ကောင်မှာ တတိယအဆင့်နယ်ပယ်သို့ပင်
မရောက်သေးဘဲ လူသားအသွင်သို့ ပြောင်းလဲနိုင်နေကြပြီ ဖြစ်သည်။
သေချာပေါက် ထိုလျှို့ဝှက်ဆန်းကြယ်လှသော ဆိုင်ရှင်ကြီးနှင့် ဆက်စပ်နေပေလိမ့်မည်။
လူတိုင်းက ထိုသို့ တွေးတောလိုက်ကြသည်။
ဆိုင်တံခါးများ ပွင့်သွားသောအခါ ဟယ်ယွဲ့က ဦးဆောင်၍ ဝင်သွားပြီး အခြားလူများကလည်း
အလျင်အမြန် လိုက်ဝင်သွားကြသည်။
သူတို့ ဝင်သွားစဉ်မှာပင် ဆိုင်တံခါးဝ၌ အခြားသော လူစုတစ်စု ပေါ်ထွက်လာပြန်သည်။
ထိုသူများမှာ ဆိုင်သို့ မလာဖြစ်သည်မှာ ကြာပြီဖြစ်သော
မျက်နှာဖုံးစွပ်လူသားများပင် ဖြစ်ကြ၏။ ချူဟယ်က
သူတို့ကို ဆယ်ရက်ခန့် ခွင့်ပေးခဲ့သော်လည်း ဆိုင်သို့ ပြန်လာချိန်တွင်မူ သူတို့၏
ဖီရှူးမျက်နှာဖုံးများကို ဝတ်ဆင်မထားကြပေ။
“သူတို့တွေပါလား...”
“တကယ်ပဲ... သူတို့လည်း မအူမလည် မဟုတ်ကြပါဘူး၊ ဆိုင်ရှင်ကြီးရဲ့ နေရာမှာ ခိုလှုံဖို့
လာကြတာပဲ။”
“ဟုတ်တယ်... အပြင်မှာဆိုရင် လူတိုင်းက သူတို့ကို လိုက်လံ ရှာဖွေနေကြတာလေ။”
“စကားတွေ အများကြီး မပြောနဲ့တော့... ငါတို့နဲ့ မဆိုင်ပါဘူး။ ဆိုင်မလာဖြစ်တာ
ကြာပြီဖြစ်လို့ ဒီနေ့တော့ အဝကစားပစ်မယ်။”
“မာဂျောင်ဆော့မယ့်သူ ရှိလား။”
“ရှိတယ်။”
“ငါ့ကိုပါ ထည့်လိုက်။”
“မြေရှင်တိုက်ပွဲ ဆော့ဖို့ တစ်ယောက်လိုသေးတယ်ဟေ့။”
မျက်နှာဖုံးစွပ်လူသားများမှာ လူစုကွဲသွားကြပြီး သူတို့၏ ပိုက်ဆံများကို စတင်
သုံးဖြုန်းကြတော့သည်။
ဆိုင်ပြင်ပ၌လည်း လူများမှာ တစ်ဦးပြီးတစ်ဦး ဆက်တိုက် ဝင်ရောက်လာကြသည်။
သူတို့အားလုံးသည် အချိန်ကို အတိအကျ
တွက်ချက်ထားသည့်အလား တိုတောင်းလှသော
အချိန်အတွင်းမှာပင် လူပေါင်း ထောင်ချီ၍ ရောက်ရှိလာခဲ့ကြပြီ
ဖြစ်သည်။
“ကိုးမြောက်အကြီးအကဲ... ကျွန်တော့်ဆီမှာ တကယ် ကူညီစရာ ပိုက်ဆံမရှိလို့ပါဗျာ။
အကြီးအကဲ ရတနာခြစ်ကတ် ခြစ်နေပုံနဲ့ဆိုရင် ဘယ်သူ့ရဲ့ ပိုက်ဆံအိတ်က
ခံနိုင်ရည်ရှိမှာလဲဗျ” ထျန်ချုန်းမြင့်မြတ်သောဂိုဏ်းမှ တပည့်တစ်ဦးက
ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။
ချန်ရွှမ်းသည် နံနက်မှ ညနေ၊ ညနေမှ ညအထိ ရတနာခြစ်ကတ်များကို မရပ်မနား ခြစ်နေသဖြင့်
ထိုအဘိုးကြီးမှာ လုံးဝ စွဲလမ်းရူးသွပ်သွားပြီ ဖြစ်ကြောင်း ထင်ရှားလှပေသည်။
ယုရှောင်ရှန်းအပါအဝင် ထျန်ချုန်းမြင့်မြတ်သောဂိုဏ်းမှ တပည့်များသည် ချန်ရွှမ်း၏
မျက်လုံးများ သူတို့ဆီသို့ ကျရောက်လာတိုင်း ရှောင်ဖယ်နေကြတော့သည်။
အခြားအရာများဆိုလျှင် ပြဿနာမရှိသော်လည်း ပိုက်ဆံချေးရန်မှာမူ
လုံးဝ မဖြစ်နိုင်ပေ။
အကြီးအကဲတစ်ယောက်ဖြစ်ပြီး တပည့်တွေဆီကနေ ပိုက်ဆံချေးဖို့ ဘယ်လိုတောင် စိတ်ကူးရတာလဲ။
နောက်ဆုံးတွင် ချန်ရွှမ်းသည် ကျန်းယွီ့ဆီသို့ သူ၏ အကြည့်ကို ပို့လိုက်သည်။
ဤကောင်သည် ယခင်က ဆုကြေးငွေ ရရှိထားသဖြင့် ပိုက်ဆံအနည်းငယ်
ကျန်ရှိနေဦးမည် ဖြစ်သည်။
ကျန်းယွီသည်လည်း ချန်ရွှမ်းထက် မသာဘဲ သနားစရာ ကောင်းလှသည်။ သူသည် နေ့စဉ်နှင့်အမျှ
ဝိညာဉ်အိမ်မွေးတိရစ္ဆာန်လှုပ်စက်ကိုသာ စိုက်ကြည့်လျက် ပိုက်ဆံများကို
သုံးဖြုန်းနေသော်လည်း ရရှိလာသမျှမှာ သာမန် ခွေးနက်၊ တောကြက်၊
ငါးကြင်းရောင်စုံ၊ တောဆိတ် စသည့် သာမန် တိရစ္ဆာန်များသာ ဖြစ်သောကြောင့်
ဖြစ်သည်။
မနေ့ကပင် အခြားသော လူငယ်ကျင့်ကြံသူတစ်ဦးက သူ၏ ရှေ့မှောက်၌ပင် ပါရမီအထူးရှိသော
ဝိညာဉ်တိရစ္ဆာန်တစ်ကောင်ကို လှုပ်ထုတ်နိုင်ခဲ့သဖြင့် သူ အလွန် မနာလို
ဖြစ်ခဲ့ရသည်။ ဘာဖြစ်လို့ ဤမျှအထိ ခက်ခဲနေရပါသလဲ။
“ဘာ... ပိုက်ဆံချေးမလို့လား။”
“အကြီးအကဲ... ကျွန်တော်ကတောင် အကြီးအကဲဆီကနေ ပိုက်ဆံချေးမလို့ စဉ်းစားနေတာဗျ။”
ကျန်းယွီက မျက်နှာညှိုးငယ်စွာဖြင့် ပြောလိုက်သည်။ သူ နိုင်ထားသော ရွှေပြားများထဲမှ
ဆယ်ပုံတစ်ပုံခန့်သာ ကျန်ရှိတော့ရာ မည်သို့ ပိုက်ဆံချေးနိုင်ပါမလဲ။ သူသည်
မိမိ၏ တပည့်များထံမှပင် ပိုက်ဆံအချို့ ပြန်ယူရန် ပြင်ဆင်နေသည်။
မည်သို့ပင်ဖြစ်စေ သူသည် ဝိညာဉ်တိရစ္ဆာန်တစ်ကောင်ကို သေချာပေါက်
လှုပ်ယူရမည်ဖြစ်ပြီး မဟုတ်ပါက ဖုန်းမင်းဆက်သို့ ပြန်မည်မဟုတ်ပေ။
သာမန်ပါရမီဖြစ်လျှင်ပင် ရပြီဖြစ်ရာ သူ
ဂျီမတိုက်တော့ပေ။
လုံအန်းသည် ဆိုင်ထဲသို့ နောက်ဆုံးမှ ဝင်လာခဲ့သည်။ သူသည် မနေ့က မြေရှင်တိုက်ပွဲ
ကစားနည်းတွင် ပိုက်ဆံအများကြီး နိုင်ထားသဖြင့် ယနေ့တွင်
စိတ်ရွှင်လန်းနေ၏။ သူ ဝင်လာသည်နှင့်တစ်ပြိုင်နက်
မျက်လုံးနှစ်စုံက သူ့ထံသို့ စူးစိုက်ကျရောက်လာသည်ကို ခံစားလိုက်ရသည်။ သူ၏
မျက်ဝန်းအစုံမှာ တုန်လှုပ်သွားပြီး ထိတ်လန့်တကြား အော်ဟစ်ကာ
နောက်ပြန်လှည့်၍ ပြေးရန် ပြင်လိုက်တော့သည်။
“တပည့်လေး... မသွားနဲ့ဦး။”
“မိတ်ဆွေလေး... ဒါက ဂျာင်ဟူရဲ့ အရေးပေါ်အခြေအနေပါကွ။”
ယုရှောင်ရှန်းက ခောင်းကို ခါယမ်းကာ မချိပြုံး ပြုံးလိုက်မိသည်။ ပုံမှန်အချိန်၌
တည်ငြိမ်ပြီး လေးနက်လှသော ကိုးမြောက်အကြီးအကဲမှာ ဤနေရာသို့
ရောက်ရှိလာပြီးနောက် လုံးဝ ပြောင်းလဲသွားခဲ့ပြီ
ဖြစ်သည်။
“ယွဲ့လေး... ဆိုင်ရှင်ကြီးက ဘယ်မှာလဲဟင်။”
“အစ်မကြီး... ဆိုင်ရှင်ကြီး ပေါ်လာတဲ့အချိန်က အတိအကျ မရှိဘူး။ တစ်ခါတလေကျရင်
တစ်နေ့လုံး သူ့ကို မမြင်ရသလို၊ တစ်ခါတလေကျရင်လည်း ခြံဝင်းရဲ့
ထောင့်တစ်နေရာမှာ အိပ်ပျော်နေတတ်တယ်။ အဲဒါက ကံတရားအပေါ်ပဲ
မူတည်တယ်။”
အကြီးအကဲ မိုက သူ၏ မုတ်ဆိတ်မွှေးကို သပ်ရင်း သက်ပြင်းချလိုက်သည်။
“တကယ့် ပညာရှင်တွေက ဒီလိုပဲ နေတတ်ကြတာပဲ။”
လမ်းခရီးတစ်လျှောက်တွင် ဟယ်မိသားစုဝင်များသည် ဟယ်ယွဲ့အား ဆိုင်ရှင်ကြီးနှင့်
ပတ်သက်၍ မေးခွန်းများစွာ မေးမြန်းခဲ့ကြသည်။ လူသားတို့၏ သဘာဝအရ
လျှို့ဝှက်ဆန်းကြယ်သော အစွမ်းထက်ပညာရှင်များအပေါ် စိတ်ဝင်စားကြသဖြင့်
သူတို့လည်း ဆိုင်ရှင်ကြီးနှင့် အထူး တွေ့ဆုံချင်နေကြသည်။
“ငါတို့ အရင်ဆုံး ရတနာခြစ်ကတ် ခြစ်ကြတာပေါ့။ သမီး မမရူယီကို မေးကြည့်တော့
မြင့်မြတ်သော သားရဲကြီးလေးကောင် ပုံစံအားလုံး စုဆောင်းမိရင်
ရနိုင်တဲ့ ဆုတွေထဲမှာ လူတစ်ယောက်ရဲ့ ပျက်စီးသွားတဲ့ ကျင့်ကြံခြင်း
အခြေခံအမြစ်ကို ကုသပေးနိုင်မယ့် ဆေးစွမ်းကောင်း ပါတယ်တဲ့။”
“တကယ်လား။” ဟယ်လင်သည် ဝမ်းသာအားရ ဖြစ်သွားသည်။
“ဒါဆိုရင်တော့ ဘိုးဘေးကြီး မျှော်လင့်ချက် ရှိပြီပေါ့။ တကယ့်ကို ဝမ်းသာစရာပဲ။”
ဟယ်မိသားစုဝင်များမှာ စိတ်လှုပ်ရှားသွားကြသည်။ ဘိုးဘေးကြီးသာ အသက်ရှင်နေသရွေ့
ဟယ်မိသားစုသည် လဲပြိုမည် မဟုတ်ပေ။
“အရင်ဆုံး ကတ်ပြားတစ်ခု အရင်လုပ်ကြရအောင်... ဒါက ပိုပြီး အဆင်ပြေစေလိမ့်မယ်။”
ဟယ်ယွဲ့က ဆိုင်၏ ဖောက်သည်ဟောင်းပီပီ မိသားစုဝင်များကို ကျွမ်းကျင်စွာ
လမ်းညွှန်ပြသပေးလေသည်။
ထိုအလုပ်ကို လုပ်ဆောင်ပေးရမည့် စီယွီမှာမူ ယခုအခါ ခြံဝင်း၏ ထောင့်တစ်နေရာတွင်
နှုတ်ခမ်း၌ စီးကရက်ကို ခဲထားရင်း မီးခိုးငွေ့များကို အသာအယာ
မှုတ်ထုတ်လျက် ရှိနေသည်။ သူ၏အနီးတွင် ချူဟယ်လည်း ရှိနေ၏။
ထိုစဉ် ဆိုင်တံခါးဝမှနေ၍ အရပ်ရှည်ရှည်နှင့် သန်မာလှသော လူအုပ်ကြီးတစ်စု
ဝင်ရောက်လာသည်။
“အဲဒါ... အဲဒါ မိစ္ဆာမျိုးနွယ်တွေပဲ။”
ဟယ်မိသားစုဝင်များ၏ နှလုံးသားမှာ လည်ချောင်းဝသို့ ရောက်ရှိသွားမတတ်
ထိတ်လန့်သွားကြတော့သည်။
“မကြောက်ကြပါနဲ့... မိစ္ဆာမျိုးနွယ်တွေကလည်း ဆိုင်ရဲ့ ဖောက်သည်တွေပဲ၊ သူတို့
ဒီဆိုင်ထဲမှာ ပြဿနာ မရှာရဲကြပါဘူး။”
မိစ္ဆာမျိုးနွယ်ဝင်များသည် ဆိုင်ထဲသို့ ဝင်လာပြီးနောက် ငြိမ်သက်စွာဖြင့်
လူစုခွဲလိုက်ကြပြီး သူတို့ ကစားလိုသော နေရာများဆီသို့
အုပ်စုဖွဲ့၍ သွားကြရာ ဤနေရာနှင့် လွန်စွာ
ရင်းနှီးကျွမ်းဝင်နေသည့်အလား
ရှိနေတော့သည်။
လူတိုင်း၏ မျက်နှာထက်တွင် အံ့သြတုန်လှုပ်မှုများ ပြည့်နှက်နေ၏။ ကောလာဟလများအရ
မိစ္ဆာမျိုးနွယ်များသည် သွေးဆာတတ်ကြပြီး လူသားများနှင့် ဆုံတွေ့ပါက
သွေးချောင်းစီးစေတတ်သည်ဟု ကြားဖူးသော်လည်း ယခုမူ... သူတို့သည် အလွန်ပင်
လိမ္မာယဉ်ကျေးစွာ ကစားနေကြသည် မဟုတ်ပါလော။
ဤဆိုင်သည် တကယ့်ကို စိတ်ကူးကြည့်၍မရနိုင်လောက်အောင် ထူးဆန်းလွန်းလှပေသည်။
အခန်း (၁၈၆) - အမှိုက်၊ အမှိုက်၊ သောက်သုံးမကျတဲ့ အမှိုက်များ
“ဒီနေရာက တော်တော်လေး ဘေးကင်းလိမ့်မယ်။ ကျန်းမိသားစုက လူယုတ်မာတွေရဲ့ အန္တရာယ်ကို
စိုးရိမ်စရာ မလိုဘူး။ အားလုံးပဲ ကံစမ်းမဲခြစ်ကတ်တွေ ဝယ်ကြ။ ငါတို့ရဲ့
အဓိကပန်းတိုင်က ဘိုးဘေးရဲ့ ဒဏ်ရာကို ကုသဖို့ဆိုတာ သတိရကြပါ”
ဟယ်မိသားစု၏ လက်ရှိခေါင်းဆောင်ဖြစ်သူ ဟယ်လင်းက လေးနက်တည်ကြည်စွာဖြင့်
ညွှန်ကြားလိုက်၏။
“ဟုတ်ကဲ့ပါ”
ဟယ်မိသားစုဝင်များသည် ခြစ်ကတ်များကို အသီးသီး ဝယ်ယူပြီးနောက် ဘေးသို့ လူစုခွဲကာ
အားသွန်ခွန်စိုက် ခြစ်တော့ကြသည်။ ကနဦးတွင် သူတို့သည် စိုးရိမ်တကြီး
ဖြစ်နေခဲ့ကြသော်လည်း ရင်ပြင်အတွင်းရှိ အခြားသော ဖောက်သည်များမှာ
အလွန်အမင်း စိတ်လှုပ်ရှား တက်ကြွနေကြသည်ကို မြင်သောအခါမှသာ
စိတ်အေးသွားကြတော့သည်။
ဟယ်ကျင့်နှင့် သူမ၏မောင်ဖြစ်သူတို့သည် ယွန်းဖုန်းမြို့သို့ ပြန်လည်ရောက်ရှိလာသောအခါ
ဟယ်မိသားစု၏ အိမ်ရာဝင်းကြီးမှာ အခြားသူတစ်ဦး၏ လက်ထဲသို့ ရောက်ရှိသွားပြီး
မိသားစုပိုင် စီးပွားရေးလုပ်ငန်းအားလုံးကိုလည်း လော့မိသားစုက
သိမ်းပိုက်ထားသည်ကိုသာ တွေ့လိုက်ရလေသည်။
“တောက်... တကယ် မုန်းဖို့ကောင်းလိုက်တာ”
“ဘိုးဘေးက တတိယအဆင့်ကို ရောက်သွားပြီ မဟုတ်ဘူးလား။ မိသားစုကိုတောင် မကာကွယ်နိုင်ရင်
ဘာဖြစ်လို့ ဘိုးဘေးလို့ အခေါ်ခံနေဦးမှာလဲ” ဟယ်ကျင့်၏ မျက်နှာတွင် မကျေနပ်မှုနှင့်
ဒေါသအရိပ်အယောင်တို့ ဖြတ်သန်းသွား၏။
ဟယ်ကျန်းက “အစ်မ... စိတ်မပူပါနဲ့။ အခု ငါတို့က ကျန်းမိသားစုအတွက်
အလုပ်လုပ်ပေးနေရတာပဲ။ ကျန်းမိသားစုရဲ့
အရင်းအမြစ်တွေက ဟယ်မိသားစုထက် အဆပေါင်းများစွာ သာလွန်တယ်။ ငါတို့သာ
အလုပ်ကို သေချာလုပ်နိုင်ရင် နောင်ကျရင် ကျန်းမိသားစုဝင်တွေ ဖြစ်လာနိုင်တာပဲ” ဟု
ပြောလိုက်သည်။
ဟယ်ကျင့်က သက်ပြင်းတစ်ချက်ကို ခပ်ပြင်းပြင်း ချလိုက်ပြီး
“ဒါလည်း ဟုတ်တာပဲလေ။ လူဆိုတာ အမြဲတမ်း အထက်ကိုပဲ တက်လှမ်းချင်ကြတာပဲ။ အခုလောလောဆယ်
အရေးကြီးဆုံးက မိသားစု အကြီးအကဲတွေ ဘယ်ရောက်နေလဲဆိုတာကို မြန်မြန် ရှာဖို့ပဲ”
“ကိုကိုဖုန်းက ကျန်းမိသားစုနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိပုံရတယ်။ ငါသာ
ကျန်းမိသားစုအိမ်တော်ထဲ ဝင်ခွင့်ရရင် ကိုကိုဖုန်းနဲ့
အတူတူ နေနိုင်တော့မှာပဲ”
ဤသို့ တွေးတောရင်း ဟယ်ကျင့်၏ နှုတ်ခမ်းထောင့်များက မသိမသာ ကွေးညွတ်ကာ
ပြုံးယောင်သန်းသွားတော့သည်။
ဟယ်ကျန်းက မျက်မှောင်ကြုတ်ကာ “ဒါပေမဲ့ အခု ငါတို့ ဘာဆက်လုပ်ကြမလဲ။ သူတို့ကို
ဘယ်မှာသွားရှာရမလဲ” ဟု မေးလိုက်သည်။
ဟယ်ကျင့်က ခဏမျှ စဉ်းစားလိုက်ပြီးနောက် ရုတ်တရက် လူတစ်ယောက်ကို
လှမ်းမြင်လိုက်သဖြင့် မျက်လုံးများ
တောက်ပသွားတော့သည်။
“မလောပါနဲ့ဦး။ ငါတို့ ယွဲ့ပြည်နယ်မှာ နေခဲ့တာ ကြာပြီဆိုတော့ လက်ထဲမှာ ပိုက်ဆံလည်း
ကုန်သလောက် ဖြစ်နေပြီ။ အရင်ဆုံး ပိုက်ဆံရမယ့်နည်းလမ်းကို ရှာပြီးမှ
တခြားကိစ္စတွေကို ဆက်လုပ်ကြတာပေါ့”
ထိုအချိန်တွင် ကျန်းဆန်းချင်းသည် လမ်းမပေါ်၌ အေးအေးလူလူ လမ်းလျှောက်နေရင်း လက်ထဲရှိ
လက်ကိုင်ဖုန်းမျက်နှာပြင်ကို စဉ်ဆက်မပြတ် ပွတ်ဆွဲနေသည်။ သူ၏မျက်နှာထက်တွင်လည်း
ပျော်ရွှင်ကြည်နူးမှုများ လျှံထွက်နေလေသည်။
“ဒီဖုန်းက တကယ် ဆော့လို့ကောင်းတာပဲ။ ဝိုး... ဝိုး... ဒီကျင့်ကြံရေးဂိုဏ်းက မမတွေက
တော်တော်လှတာပဲ။ ပြည့်တန်ဆာရုံက အလှပြင်ထားတဲ့ မိန်းမတွေနဲ့ ယှဉ်ရင်
ကောင်းကင်နဲ့ မြေကြီးလိုပဲ”
“ဟားဟားဟား... ဒီငတုံးကတော့ တကယ့်ပါးစပ်စုန်းပဲ။ မနေ့က ဝက်တစ်ကောင်လုံးကို
တစ်လုပ်တည်းနဲ့ ဝါးစားပြတယ်၊ ဒီနေ့ကျတော့ နွားတစ်ကောင်ကို
သုံးလုပ်နဲ့ စားပြဦးမလို့တဲ့။ ရူးနေတာလား”
“ထီလက်မှတ်တွေတဲ့လား... ဟင်း... စိတ်ဝင်စားစရာပဲ။ ‘ကျိုကောရွေးချယ်မှု’ တဲ့လား...
အမလေး... ဖော်လိုဝါတွေ အများကြီးပဲဟ”
“ချင်းယန်မြို့... အဖေက ငါ့ကို သွားခွင့်မပြုဘူး။ ရက်နည်းနည်းလောက် စောင့်ဦးတဲ့။
စိတ်ပျက်ဖို့ ကောင်းလိုက်တာ”
အဘယ်ကြောင့် ထိုသို့ တားမြစ်သည်ကို သူ မသိသော်လည်း ဖခင်ဖြစ်သူက သူ့အား
ဒုက္ခပေးမည်မဟုတ်သည်ကိုတော့ သိပေသည်။
ကျန်းဆန်းချင်းတစ်ကိုယ်တည်း ရေရွတ်နေစဉ်မှာပင် သူ့ရှေ့တည့်တည့်သို့ လူရိပ်နှစ်ခု
ပိတ်ရပ်လာသည်။
“ဟယ်ကျင့်... ဟယ်ကျန်း...”
“သခင်လေးကျန်း~~” ဟယ်ကျင့်က မျက်ခုံးတစ်ဖက်ကို ပင့်လိုက်ကာ ဆွဲဆောင်မှုရှိသော
အမူအရာဖြင့် ကျန်းဆန်းချင်းထံသို့ တိုးကပ်သွားသည်။ ထို့နောက် သူမ၏
ရင်ညွန့်ကို ကျန်းဆန်းချင်း၏ လက်မောင်းနှင့် ထိကပ်စေလျက် ချွဲနွဲ့သော
အသံလေးဖြင့် ခပ်တိုးတိုး ကပ်ပြောလိုက်လေသည်။
ကျန်းဆန်းချင်းသည် လေပြည်နယ် တွင် အလုပ်မရှိ အလုပ်ရှာကာ
ပြည့်တန်ဆာရုံနှင့် ပျော်ပွဲစားရုံများ၌ အချိန်ဖြုန်းလေ့ရှိသော
နာမည်ကြီး လူရှုပ်လူပွေ သခင်လေးတစ်ဦး ဖြစ်သည်။
သူသည် အလှအပကို အလွန်အမင်း မက်မောသူလည်း ဖြစ်၏။
ဟယ်ကျင့်သည် စရိုက်ဆိုးသော်လည်း ရုပ်ရည်ရူပကာမှာ အလွန်လှပသဖြင့် မိမိကိုယ်ကိုယ်
အထူးယုံကြည်မှု ရှိနေသည်။
သူမက စိတ်ထဲတွင် ကျိတ်၍ ပြုံးလိုက်၏။
‘ဒီလို သောက်သုံးမကျတဲ့ လူရှုပ်ကလေးတစ်ယောက်က ငါ့လက်ခုပ်ထဲက ရေပဲ မဟုတ်ဘူးလား’
“ဟမ်”
သို့သော် ဟယ်ကျင့်၏ ဆွဲဆောင်မှုသည် ကျန်းဆန်းချင်းထံမှ လွန်ကဲသော ရွံရှာမှုကိုသာ
ရရှိခဲ့ပြီး ကျန်းဆန်းချင်းက သူမကို လက်တစ်ဖက်ဖြင့် တွန်းထုတ်ပစ်လိုက်လေသည်။
“ဟယ်ကျင့်... နင် ဘာလုပ်နေတာလဲ”
သူ၏ဖခင် ကျန်းအာဟယ်ကြောင့် ကျန်းဆန်းချင်းသည် ဟယ်မိသားစု၏ မျိုးဆက်သစ်လူငယ်များကို
သိရှိသော်လည်း ဤမိန်းမနှင့် လုံးဝ မရင်းနှီးသလို၊ ရင်းနှီးရန်လည်း စိတ်မကူးပေ။
အဓိကအကြောင်းအရင်းမှာ ထိုမိန်းမသည် နာမည်ဆိုးဖြင့် ကျော်ကြားလွန်းသောကြောင့်
ဖြစ်သည်။ သူမသည် မိသားစု၏ အရှိန်အဝါကို အသုံးချကာ သာမန်ပြည်သူများကို
အမြဲတစေ နိုင်ထက်စီးနင်း ပြုလုပ်တတ်သည်။ တစ်ကြိမ်တွင် လမ်းမပေါ်၌ မြင်းကို
အရှိန်ပြင်းပြင်း စီးနင်းခဲ့ရာမှ သာမန်အရပ်သားတစ်ဦးကို နင်းမိ၍
နေရာတွင်တင် ပွဲချင်းပြီး သေဆုံးစေခဲ့ဖူးသည်။
ထိုစဉ်က သူ၏ဖခင် ကျန်းအာဟယ်ကပင် ပြဿနာများကို လိုက်လံဖြေရှင်းပေးခဲ့ရခြင်း ဖြစ်၏။
သူမ၏မောင် ဟယ်ကျန်းမှာလည်း မည်သို့မျှ မကောင်းပေ။ ငယ်စဉ်ကတည်းက
ဂိုဏ်းငယ်တစ်ခုသို့ ဝင်ရောက်ခဲ့ပြီး ဂိုဏ်းတွင်း၌
မောက်မာရိုင်းစိုင်းစွာ ပြုမူနေထိုင်ကာ လူသတ်မှုပင် ကျူးလွန်ခဲ့သည်။
ထိုအမှုအတွက်လည်း ဟယ်မိသားစုက ငွေအမြောက်အမြား
အကုန်အကျခံကာ ဖြေရှင်းပေးခဲ့ရသည်။
ဟယ်မိသားစုသည်လည်း ဤမောင်နှမနှစ်ယောက်ကို မည်သို့မျှ မတတ်နိုင်ခဲ့ပေ။ မိသားစုတွင်း၌
မျိုးဆက်သစ်လူငယ် အနည်းငယ်သာ ရှိပြီး ဟယ်ကျင့်နှင့် ဟယ်ကျန်းတို့၏ ဖခင်မှာ လက်ရှိ
ဟယ်မိသားစုခေါင်းဆောင် ဟယ်လင်း၏ အစ်ကိုကြီး ဖြစ်သည်။
လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကျော်က ဘိုးဘေးဖြစ်သူ အဆင့်တက်လှမ်းနိုင်ရန်
အထောက်အကူပြုမည့် အဖိုးတန်ဆေးဖက်ဝင်အပင်ကို
လိုက်လံရှာဖွေရင်း မန်တန်းတောင်တန်း
၌ ကွယ်လွန်သွားခဲ့ရာ သားတစ်ယောက်နှင့် သမီးတစ်ယောက် ကျန်ရစ်ခဲ့ခြင်း ဖြစ်ပေသည်။
သူတို့ဖခင်၏ မိသားစုအပေါ် ပေးဆပ်ခဲ့မှုများကြောင့် ဟယ်မိသားစုတစ်ခုလုံးက
ဤမောင်နှမနှစ်ယောက်ကို ငယ်စဉ်ကတည်းက အထူးတလည် အလိုလိုက်ထားခဲ့ကြသည်။
ထိုသို့ အလိုလိုက်ခဲ့ခြင်းကြောင့်ပင် သူတို့မောင်နှမနှစ်ယောက်မှာ ဤကဲ့သို့
စရိုက်ဆိုးများ ရှိလာခြင်း ဖြစ်ပေလိမ့်မည်။
ကျန်းဆန်းချင်းသည် လူရှုပ်တစ်ဦး ဖြစ်သော်လည်း ကိုယ်ပိုင်မူဝါဒ ရှိသူဖြစ်သည်။ သူသည်
ပျော်ပါးသော်လည်း မည်သည့်အခါမျှ အိပ်မလိုက်ပေ။ ပျော်ပျော်ပါးပါး နေတတ်သော်လည်း
သာမန်လူများကို နိုင်ထက်စီးနင်း မလုပ်ဖူးပေ။ သူသည် ဆိုးသွမ်းသော ကလေးတစ်ဦးသာ
ဖြစ်ပြီး စိတ်ရင်းဆိုးသူ မဟုတ်ပေ။
ထို့ကြောင့် သူသည် ဟယ်ကျင့်နှင့် ဟယ်ကျန်းတို့ကို အထင်သေးပေသည်။
“သခင်လေးကျန်းရယ်~”
“မင်း... ငါ့အနား မကပ်နဲ့”
ဟယ်ကျင့် အံ့အားသင့်သွားကာ သူမ၏ မျက်လုံးများထဲတွင် မကျေနပ်မှုများ
ဖြတ်ပြေးသွားသည်။ ‘တောက်... ငါ့ရဲ့ ဆွဲဆောင်မှုက
ပြည့်တန်ဆာရုံက မိန်းမတွေလောက်တောင် မရှိဘူးလား။ ငါကိုယ်တိုင် ဒီလောက်
အောက်ကျနောက်ကျ ခံနေတာကို သူက ငါ့ကို ရွံသလို ကြည့်ရဲတယ်ပေါ့လေ’
“ဒါနဲ့... ဟယ်မိသားစုလည်း ပျက်စီးသွားပြီ၊ နင်တို့ မိသားစုဝင်တွေလည်း အကုန်
ထွက်ပြေးကုန်ပြီ မဟုတ်လား။ နင်တို့နှစ်ယောက်က ဘာလို့ ပြန်လာတာလဲ”
ဟယ်ကျန်း၏ မျက်လုံးများ တောက်ပသွားပြီး “အစ်ကိုကြီးကျန်း... အကြီးအကဲတွေ ဘယ်ကို
သွားကြလဲဆိုတာ ခင်ဗျား သိလား” ဟု မေးလိုက်သည်။
“ငါက ဘယ်လိုလုပ် သိမှာလဲ”
ကျန်းဆန်းချင်းက စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။ မနေ့က ဖခင်ဖြစ်သူ ပြန်လာစဉ်က
မေးမြန်းခဲ့သော်လည်း ဖခင်ဖြစ်သူက သူ့အား စကားမပြောဘဲ သူတပါးကိစ္စတွင်
ဝင်မစွက်ဖက်ရန်သာ သတိပေးခဲ့သည်။
ထိုအရာက ကောင်းကင်အဆင့် ရတနာတစ်ပါး မဟုတ်ပါလား။
သူလည်း ကြည့်ချင်သေးသော်လည်း ဟယ်မိသားစုဝင်များမှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
ထိုသို့ပြောပြီးနောက် ကျန်းဆန်းချင်းသည် ထိုနှစ်ယောက်ကို ဆက်လက်စကားပြောရန်
စိတ်မပါတော့သဖြင့် ထွက်ခွာသွားရန် ပြင်လိုက်တော့သည်။
သို့သော် ဟယ်ကျင့်က သူ၏ လက်မောင်းကို ရုတ်တရက် ဆွဲဖမ်းလိုက်ပြန်သည်။
“နင် ဘာလုပ်တာလဲ။ မိန်းမတစ်ယောက်ဖြစ်ပြီး ဘာလို့ ဒီလောက်တောင် ရှက်ရကောင်းမှန်းမသိ
ဖြစ်နေရတာလဲ။ ကျား၊ မ ကြားမှာ စည်းရှိရမယ်ဆိုတာ မသိဘူးလား” ကျန်းဆန်းချင်းက
သူမ၏လက်ကို အတင်း ရုန်းဖယ်လိုက်သည်။
ဟယ်ကျင့်သည် စိတ်ထဲတွင် ဒေါသတကြီး ကြုံးဝါးလိုက်၏။ ‘ဒီလောက် လေလွင့်နေတဲ့
သောက်ကောင်က ပြည့်တန်ဆာရုံမှာ တစ်နေကုန် နေပြီးတော့ ငါ့ကျမှ
လာပြီး လူကောင်းယောင်ဆောင်နေတယ်’
သို့သော် ယခုအချိန်တွင် သူမ၌ အကူအညီ လိုအပ်နေသဖြင့် ဒေါသကို မြိုသိပ်ကာ လေသံကို
လျှော့လိုက်ရသည်။
သူမ၏ မျက်လုံးများက ဝိုင်းစက်ကာ ညှို့ဓာတ်အပြည့်ဖြင့် ပြောလိုက်သည်။ “ဟို...
သခင်လေးကျန်း... ကျွန်မကို ပိုက်ဆံလေး နည်းနည်းလောက်
ချေးပေးနိုင်မလားဟင်”
“ပိုက်ဆံချေးမယ် ဟုတ်လား”
“ဟုတ်ပါတယ်။ ရွှေပြား တစ်သိန်းလောက်ပါပဲ။ နောင်ကျရင် ကျွန်မ သေချာပေါက်
ပြန်ဆပ်ပါ့မယ်”
“ငါ့ဖင်ကို ချေးလိုက်မယ်။ နင်တို့ ဟယ်မိသားစုလည်း မရှိတော့ဘူး။ နင်တို့လို
သောက်သုံးမကျတဲ့ အမှိုက်နှစ်ကောင်က ဘာနဲ့ ပြန်ဆပ်မှာလဲ”
“မင်း...” ဟယ်ကျင့်သည် ဒေါသကြောင့် မျက်လုံးများ ပြူးကျယ်သွားတော့သည်။
ဟယ်ကျန်းကလည်း မျက်နှာပျက်သွားကာ “ကိုကျန်း... ဒီလောက်အပြီးတိုင် ရိုင်းစိုင်းစရာ
မလိုပါဘူး။ ငါတို့ ဟယ်မိသားစုနဲ့ မင်းတို့ ကျန်းမိသားစုက
မိတ်ဟောင်းဆွေဟောင်းတွေပဲလေ” ဟု
ဝင်ပြောလိုက်သည်။
ကျန်းဆန်းချင်းက လှောင်ပြုံးပြုံးလျက် အထင်သေးစွာဖြင့် နှာခေါင်းရှုံ့လိုက်၏။
“ဟယ်လုံဒါမှမဟုတ် ဟယ်ယီသာ ငါ့ဆီ လာချေးရင် ငါ
သေချာပေါက် ချေးပေးမှာပဲ။ ဒါပေမဲ့ နင်တို့လို ဘာကောင်မှ မဟုတ်တဲ့
အသုံးမကျတဲ့ အမှိုက်တွေကိုတော့... ထွီ...”
ပြောပြီးသည်နှင့် သူသည် ဝတ်ရုံစကို ခါထုတ်ကာ နောက်သို့ လှည့်မကြည့်တမ်း
ထွက်ခွာသွားတော့သည်။
“ကျန်းဆန်းချင်း... မင်းက ဘာကောင်မို့လို့ ငါ့ကို ဒီလိုမျိုး စော်ကားရဲတာလဲ”
“အား...”
ဟယ်ကျင့်သည် ရပ်နေသည့် နေရာတွင်တင် ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။
ဟယ်ကျန်းက သက်ပြင်းချလိုက်သည်။ ထိုစဉ် ရုတ်တရက် အသိတစ်ယောက်ကို
လှမ်းမြင်လိုက်သဖြင့် ချက်ချင်းပင်
လျှောက်သွားလိုက်၏။
“ရွှီကျန့်”
“ကိုကိုဟယ်... ခင်ဗျား...” လူငယ်လေးသည် တုန်လှုပ်သွားကာ လက်ထဲရှိ လက်ကိုင်ဖုန်းကို
အမြန် သိမ်းဆည်းလိုက်သည်။
“အဲဒါ ဘာပစ္စည်းလဲ”
ဟယ်ကျန်းကလည်း ယင်းကို သတိပြုမိပေသည်။ ယွန်းဖုန်းမြို့သို့ ဝင်လာကတည်းက
လူအများအပြားက လက်ဝါးခန့်ရှိပြီး လင်းလက်နေသော ထူးဆန်းသည့်
ပစ္စည်းတစ်ခုကို ကိုင်တွယ်နေကြသည်ကို သူ တွေ့ခဲ့ရသည်။
စောစောက ကျန်းဆန်းချင်းနှင့် တွေ့စဉ်ကလည်း ထိုအရာကို ကိုင်ထားသည်ကို တွေ့ခဲ့ရ၏။ သူ
မေးမြန်းရန် ပြင်သော်လည်း ကျန်းဆန်းချင်းက အဖက်မလုပ်ဘဲ ထွက်သွားခဲ့ခြင်း ဖြစ်သည်။
“ဘာ... ဘာမှမဟုတ်ပါဘူး”
လူငယ်လေးက လက်ကို ခါယမ်းကာ ငြင်းဆန်လိုက်သည်။ သူသည် မြို့ထဲရှိ
စားသောက်ဆိုင်ပိုင်ရှင်၏ သားဖြစ်၏။
ဟယ်မိသားစု ပျက်စီးသွားသည်ကို ကြားသိရသောအခါ သူ အလွန် ဝမ်းသာခဲ့သည်။
အဘယ်ကြောင့်ဆိုသော် အတိတ်က သူသည် ဟယ်ကျန်း၏ နိုင်ထက်စီးနင်း ပြုလုပ်ခြင်းကို
မကြာခဏ ခံခဲ့ရဖူးသောကြောင့်ပင်။
လွန်ခဲ့သော ရက်အနည်းငယ်က ကျင်းပခဲ့သော မိတ်ဆက်ပွဲတွင် သူသည် သူ၏ဖခင်ကို အတင်းပူဆာကာ
ဤဖုန်းကို ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူသည် ဤဖုန်းကို ဟယ်ကျန်းကဲ့သို့သော
တိရစ္ဆာန်ထက် မခြားသည့် လူယုတ်မာ၏ လက်ထဲသို့ မရောက်စေလိုပေ။ အဘယ်ကြောင့်ဆိုသော်
ဟယ်ကျန်းသည် ယခင်ကလည်း ဤကဲ့သို့သော လုယက်မှုများကို အကြိမ်ကြိမ်
ပြုလုပ်ခဲ့ဖူးသောကြောင့် ဖြစ်သည်။
ဟယ်ကျန်းက မျက်မှောင်ကြုတ်ကာ မျက်နှာထားမှာ ချက်ချင်းပင် ရက်စက်ကြမ်းကြုတ်သွားသည်။
“ရွှီကျန့်... မင်းကတော့ အနာတရ ဒဏ်ရာတွေကို မေ့သွားပြန်ပြီ ထင်တယ်”
ရွှီကျန့်သည် သူ၏လည်ပင်းကို တောင့်တင်းထားပြီး မျက်လုံးများ နီမြန်းလာကာ
“ဟယ်ကျန်း... မင်း... မင်းတို့ ဟယ်မိသားစုက ပျက်စီးသွားပြီပဲ။ ဘာလို့ ဒီလောက်တောင်
မောက်မာနေရသေးတာလဲ”
“မင်း... သေချင်နေတာလား”
ထိုအချိန်တွင် ဟယ်ကျင့်လည်း လျှောက်လာခဲ့သည်။
ဤမောင်နှမနှစ်ယောက်စလုံးသည် ယွန်းဖုန်းမြို့တွင် မောက်မာရိုင်းစိုင်းမှုကြောင့်
နာမည်ကျော်ကြားလှသည်။ အတိတ်က ခံစားခဲ့ရသော စိတ်ဒဏ်ရာများကြောင့်
ရွှီကျန့်သည် ကြောက်ရွံ့တုန်လှုပ်လာတော့သည်။
“အနားမတိုးနဲ့”
“ဖုန်းကို ကောင်းကောင်းပေးမလား၊ အတင်းလုရမလား။ မင်းက ကိုးဆင့်မြောက် အဆင့်နိမ့်
အမှိုက်တစ်ယောက်ပဲဆိုတာ မမေ့နဲ့ဦး”
ခြိမ်းခြောက်မှုကို မတောင့်ခံနိုင်တော့ဘဲ ရွှီကျန့်သည် နောက်ဆုံးတွင် ဖုန်းကို
ဟယ်ကျန်းထံသို့ လွှင့်ပစ်ပေးလိုက်ကာ ငိုယိုရင်း ထွက်ပြေးသွားတော့သည်။
“မင်းက သိတတ်သားပဲ”
ဟယ်ကျန်းသည် လက်ကိုင်ဖုန်းကို ကိုင်ဆောင်လျက် စိတ်ဝင်တစား ကြည့်ရှုလိုက်သည်။ သူသည်
အမှတ်မထင် ဗီဒီယိုကြည့်ရှုလို့ရသော app ကို ဖွင့်မိသွားရာ ဗီဒီယိုမျိုးစုံ
ပေါ်ထွက်လာတော့သည်။
“ဒါ... ဒါက ဘယ်လို ရတနာမျိုးလဲ”
“ဟားဟားဟား... တကယ့်ကို အဖိုးတန်ရတနာပဲ။ ရွှီကျန့်လို ငတုံးတစ်ယောက်က ဒီလိုအရာကို
ပိုင်ဆိုင်ဖို့ တန်လို့လား”
“မောင်လေး... အထဲမှာ လူသေးသေးလေးတွေ အများကြီး ရှိနေတာလား။ ဆန်းကြယ်လိုက်တာ၊
ငါ့ကိုလည်း ပြဦး”
မောင်နှမနှစ်ယောက်စလုံးသည် စွဲလမ်းသွားကြပြီး လမ်းထောင့်တစ်ခုတွင်
ဆောင့်ကြောင့်ထိုင်လျက် ဖုန်းကို
စတင်ပွတ်ဆွဲကြည့်ရှုကာ အဆက်မပြတ် အံ့ဩတသ
ဖြစ်နေကြတော့သည်။
အဝေးတစ်နေရာမှ ကျန်းမိသားစု၏ အိမ်တော်ထိန်းသည် ၎င်းမြင်ကွင်းကို ကြည့်ကာ
မျက်နှာတစ်ခုလုံး မည်းမှောင်နေလေသည်။
ဤအသုံးမကျသည့် အမှိုက်နှစ်ကောင်၊ လူအနှစ်မဲ့ ငတုံးများ။
သူတို့၏ တာဝန်ကို ကောင်းစွာမထမ်းဆောင်ဘဲ ပိုက်ဆံလိုက်ချေးခြင်း၊ လုယက်ခြင်းများကို
ပြုလုပ်ပြီးနောက် ယခုမူ လမ်းဘေးတွင် ဆောင့်ကြောင့်ထိုင်ကာ တဟားဟား ရယ်မောနေကြသည်။
တကယ့်ကို အဓိပ္ပာယ်မရှိလိုက်ပုံများ။
ဤကဲ့သို့သော အမှိုက်များက မည်သို့သော အရေးပါသည့်အလုပ်ကို လုပ်ဆောင်နိုင်မလဲ။
သူသည် ၎င်းတို့နှစ်ဦးကို ချက်ချင်းပင် သတ်ပစ်ချင်နေမိသည်။
သို့သော် သခင်ဖြစ်သူ၏ အမိန့်ကို ပြန်လည်သတိရကာ စိတ်ကို ထိန်းချုပ်လိုက်ရသည်။
“အမှိုက်... သောက်သုံးမကျတဲ့ အမှိုက်တွေ...”
အိမ်တော်ထိန်းသည် ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ရီနေတော့သည်။