အခန်း (၁၈၉-၁၉၀)
Vol. 19 Ch. 189-190
အခန်း (၁၈၉) - ဂိုဏ်းတစ်ခုလုံး ပြာကျပျက်စီးခြင်း
“သတ်ကြ...”
“သတ်... ဂိုဏ်းချုပ်အတွက် ကလဲ့စားချေကြစို့...”
တောင်အောက်ခြေမှသည် မရေမတွက်နိုင်သော ဟစ်အော်သံများမှာ ဆူညံစွာဖြင့် တိုးကပ်လာနေ၏။
ထိုသူတို့ကား လင်လန်ဂိုဏ်း၏ ပြင်ပဂိုဏ်းသားများပင် ဖြစ်ကြသည်။
ကောင်းကင်ယံထက်တွင်မူ အလင်းတန်းများစွာမှာ မိုးကုတ်စက်ဝိုင်းကို ဖြတ်သန်းကာ
အရှိန်အဟုန်ဖြင့် ပျံသန်းနေကြ၏။ ၎င်းတို့မှာ လင်လန်ဂိုဏ်း၏
အထူးချွန်ဆုံး အတွင်းစည်းဂိုဏ်းသားများ ဖြစ်ကြသည်။
အကြီးအကဲ လုဖန်နှင့် အခြားသော အကြီးအကဲအချို့သည် ပေပေါင်းများစွာ ရှည်လျားသော
ဝိညာဉ်လှေပျံကြီးထက်တွင် မတ်တပ်ရပ်နေကြပြီး သူတို့၏မျက်နှာများထက်ဝယ်
သတ်ဖြတ်လိုသော အငွေ့အသက်များ ပြည့်နှက်နေတော့သည်။
ထန်ရွမ်၏ ခန္ဓာကိုယ်မှာ တုန်ရီနေသည်။
လင်လန်ဂိုဏ်းက ဂိုဏ်းလုံးကျွတ် အလုံးအရင်းနှင့် အမှန်တကယ် စစ်မက်ပြုလာခဲ့ချေပြီ။
ငါတို့ရဲ့ တိယွဲ့ဂိုဏ်းက ဘယ်လိုအပြစ်မျိုး ကျူးလွန်ခဲ့လို့ ဒီလိုကပ်ဘေးနဲ့
ရင်ဆိုင်ရရတာလဲ...
“ပြေးကြ...”
ယခုအခိုက်အတန့်တွင် သူ၏စိတ်ထဲ၌ အတွေးတစ်ခုသာ ကျန်ရှိတော့၏။ ထိုအရာကား
အသက်လွတ်ပြေးရန်ပင်။
လွန်ခဲ့သော ခဏတာကပင် ဂိုဏ်းနှင့်အတူ သေအတူရှင်မတူ ရင်ဆိုင်မည်ဟူသော စိတ်ဓာတ်တို့မှာ
ယခုမူ တစ်စစီ ပျက်စီးပျောက်ကွယ်သွားခဲ့ပြီ။
“လျန်ဝေဆိုတဲ့ ဂိုဏ်းသားကလွဲလို့ ကျန်တဲ့သူတွေကို အသက်မချန်နဲ့... အားလုံးကို
သတ်ပစ်ကြ...”
“သတ်...”
လင်လန်ဂိုဏ်း၏ သောင်းချီသော ဂိုဏ်းသားများသည် တစ်ဟုန်ထိုး တိုက်ခိုက်ဝင်ရောက်လာပြီး
ချုံးတောင်တန်းတစ်ခုလုံးကို ပိတ်ဆို့လိုက်ကြသည်။ ထွက်ပြေးရန် ကြိုးစားနေကြသော
တိယွဲ့ဂိုဏ်းသားများနောက်သို့ လင်လန်ဂိုဏ်းသားများက လိုက်လံ၍
ရက်ရက်စက်စက် သတ်ဖြတ်လေတော့သည်။
“လျန်ဝေဆိုတာ ဘယ်သူလဲ...”
“ကျွန်တော်က ဂိုဏ်းထဲဝင်ခါစမို့လို့ မသိပါဘူး...”
“လျန်ဝေဆိုတဲ့ အကောင်က ဘယ်သူလဲ... မင်းတို့ အခုချက်ချင်း ထွက်ခဲ့စမ်း...”
“ကျွန်တော်သိတယ်... ကျွန်တော်သိတယ်... ကျွန်တော့်ကို မသတ်ပါနဲ့... လျန်ဝေကို
တိယွဲ့ဂိုဏ်းက မောင်းထုတ်လိုက်တာ ကြာလှပါပြီ...”
“ကျွန်တော် လက်နက်ချပါ့မယ်... လင်လန်ဂိုဏ်းထဲကို ဝင်ပါ့မယ်...”
“ဒါတွေက ကျွန်တော်နဲ့ ဘာမှမဆိုင်ပါဘူး... ကျွန်တော် မှားသွားပါတယ်...”
“အား...”
“တောက်... ဒီအကောင် လျန်ဝေကြောင့် ငါတို့အားလုံး သေရတော့မယ်...”
တိယွဲ့ဂိုဏ်းသားများသည် အသက်ဘေးမှ လွတ်မြောက်ရန် တုန်လှုပ်ချောက်ချားစွာဖြင့်
ဒူးထောက်အသနားခံနေကြသော်လည်း လင်လန်ဂိုဏ်းကမူ စာနာညှာတာမှု
အလျဉ်းမရှိပေ။
ခေတ္တမျှအတွင်း စူးရှသော အော်ဟစ်သံများမှာ တောင်စဉ်တစ်ခုလုံး ပျံ့လွင့်သွားပြီး
သွေးညှီနံ့များကလည်း ချုံးတောင်တန်းတစ်ခုလုံးတွင် လွှမ်းမိုးသွားတော့သည်။
“အကြီးအကဲလု... လျန်ဝေဆိုတဲ့ ဂိုဏ်းသားကို ရှာမတွေ့သေးပါဘူး။ ဂိုဏ်းချုပ်က သူ့ကို
တောင်အောက် ခေါ်သွားတဲ့နေ့ကစပြီး ပြန်မလာတော့ဘူးလို့ ပြောကြပါတယ်...”
လုဖန်၏ မျက်နှာမှာ ညိုမည်းသွား၏။
“ရန်ဟိန်ဆိုတဲ့ ခွေးအိုကြီးကတော့ အမှန်တရားကို သိမှာ သေချာတယ်။ ဂိုဏ်းရဲ့
ဘိုးဘေးကိုယ်တိုင် သွားရောက် ကိုင်တွယ်နေတာဆိုတော့ ဂိုဏ်းချုပ်
ကျဆုံးသွားရတဲ့ နောက်ကွယ်က လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်မှာ သေချာတယ်။”
“အားလုံးပဲ... တိယွဲ့ဂိုဏ်းကို အမြစ်ပြတ် သုတ်သင်ကြ... တစ်ယောက်မှ မလွတ်စေနဲ့...”
ချုံးတောင်တန်း၏ အပြင်ဘက် ဆယ်မိုင်အကွာ၌...
လူရိပ်တစ်ခုသည် ပျံသန်းနိုင်သော ဓားပျံတစ်စင်းကို စီးနင်းကာ အစွမ်းကုန်
ထွက်ပြေးနေ၏။
ထိုသူကား တိယွဲ့ဂိုဏ်းချုပ် ရန်ဟိန် ဖြစ်ပေသည်။ သူသည် သွေးမြူများ ဖုံးလွှမ်းနေသော
ချုံးတောင်တန်းဆီသို့ နောက်လှည့်ကြည့်ရင်း ရင်ထဲတွင် ပူဆွေးသောကများ
လှိုင်းလုံးကြီးသဖွယ် တိုးဝှေ့လာသည်။
ရာစုနှစ်တစ်ခုတိုင်တိုင် တည်ဆောက်ခဲ့ရသော အခြေခံအုတ်မြစ်ကြီးမှာ
မျက်စိတစ်မှိတ်အတွင်း ပြာကျ
ပျက်စီးသွားရချေပြီ။
ငါတို့ရဲ့ တိယွဲ့ဂိုဏ်းက ဘာတွေများ မှားယွင်းခဲ့လို့လဲ...
“ဆရာ...”
“ရှောင်ဝူ... လော့ဖန်... မင်းတို့ လွတ်လာကြတာလား...”
ထိုစဉ် ဘေးဘက်မှ လူအချို့ ပျံသန်းဝင်ရောက်လာသဖြင့် ရန်ဟိန် ကြည့်လိုက်ရာ
တိယွဲ့ဂိုဏ်း၏ တန်ခိုးအရှိဆုံး အကြီးအကဲများ ဖြစ်နေသည်ကို
တွေ့ရသဖြင့် ဝမ်းသာအားရ ဖြစ်သွားသည်။
“ကောင်းတယ်... သိပ်ကောင်းတာပဲ... ငါတို့ တိယွဲ့ဂိုဏ်းရဲ့ အဓိက အင်အားစုတွေ
မပျက်စီးသေးသရွေ့ တစ်နေ့ကျရင် ငါတို့ ပြန်လည် ထူထောင်နိုင်မှာ
သေချာတယ်...”
သို့သော် ထိုအချိန်တွင်ပင် တောင်တန်းကြီးများကို ပြိုလဲစေနိုင်သည့်
ခန့်ညားထည်ဝါလှသော စွမ်းအင်လှိုင်းတစ်ခုသည်
ကောင်းကင်ယံထက်မှ ဝုန်းကနဲ ဖြတ်သန်းလာကာ သူတို့အား
ဝိညာဉ်ရတနာများပေါ်မှ လွင့်စဉ်ကျစေလျက်
မြေပြင်ပေါ်သို့ ရိုက်ချလိုက်လေသည်။
ဤသည်ကား တတိယအဆင့် ကျင့်ကြံသူတစ်ဦး၏ စွမ်းအင်ဖိအားပင် ဖြစ်၏။
လီယွန့်ထျန်း... ထိုနာမည်သည် ရန်ဟိန်၏ ဦးနှောက်ထဲသို့ ရုတ်ခြည်း ဝင်ရောက်လာသည်။
ရန်ဟိန်၏ စိတ်ထဲ၌ ကြောက်ရွံ့ထိတ်လန့်မှုများ ပြည့်နှက်သွားရသည်။ တတိယအဆင့်
ကျွမ်းကျင်သူတစ်ဦးက ကိုယ်တိုင်ကိုယ်ကျ ကြွရောက်လာသည်တဲ့လား။
ငါ့ကို တကယ်ပဲ မျက်နှာသာ ပေးလွန်းလှချေပြီ။
“အမြန်ပြေးကြ...”
သို့သော် သူသည် ခြေလှမ်းအနည်းငယ်မျှသာ လှမ်းရသေး၏။ သူ၏ ခန္ဓာကိုယ်မှာ လှုပ်ရှား၍
မရတော့ဘဲ တောင့်တင်းသွားရသည်။ မြင်မရသော အင်အားတစ်ခုက သူတို့အားလုံးကို
အပေါ်သို့ ဆွဲတင်ကာ လေထုထဲ၌ တွဲလောင်း ဆွဲထားလိုက်လေတော့သည်။
“ဂိုဏ်းချုပ်လီ... အသက်ချမ်းသာပေးပါ...”
“စီနီယာလီ... ဘာလို့ ဒီလောက်အထိ ရက်စက်ရတာလဲ... ကျွန်တော်တို့ လက်နက်ချပါ့မယ်...”
“ကျွန်တော်တို့ လင်လန်ဂိုဏ်းထဲကို ဝင်ပြီး စီနီယာခိုင်းတာမှန်သမျှ ရေထဲဆင်းဆိုဆင်း၊
မီးထဲတိုးဆိုတိုး ဆောင်ရွက်ပါ့မယ်... အသက်ကိုတော့ ချမ်းသာပေးပါ...”
အကြီးအကဲအချို့က ကြောက်ရွံ့တုန်လှုပ်စွာဖြင့် အသနားခံနေကြသည်။
ရန်ဟိန်ကမူ ပို၍ပင် အရှက်မရှိ အော်ဟစ်လိုက်၏။ “အကယ်၍ စီနီယာက ကျွန်တော့်ကို
မရွံရှာဘူးဆိုရင် ကျွန်တော်က စီနီယာလီကို မွေးစားအဖေအဖြစ်
လေးလေးစားစား ကန်တော့ချင်ပါတယ်...”
“ဟမ့်... မင်းလို ကြွက်တွင်းကောင်က ငါ့ရဲ့ မွေးစားသား ဖြစ်ထိုက်သလား...”
ဒေါသအမျက်၊ အေးစက်မှုနှင့် မထီမဲ့မြင်ပြုမှုတို့ ပြည့်နှက်နေသော
အိုမင်းရင့်ရော်သည့် အသံတစ်သံသည် လေထုထဲမှ
ထွက်ပေါ်လာသည်။
ထို့နောက် လူရိပ်တစ်ခု ပေါ်ထွက်လာ၏။
ထိုသူသည် လီယွန့်ထျန်း မဟုတ်ပေ။
ရန်ဟိန် တစ်ချက် ကြောင်အသွားရသည်။
သူကား... လင်လန်ဂိုဏ်း၏ ဘိုးဘေးကြီးပင် ဖြစ်သည်။
သွားပြီ... ငါတို့တော့ တကယ်ကို သေရတော့မယ်...
ကောလာဟလများအရ လင်လန်ဂိုဏ်း၏ ဘိုးဘေးကြီး လီဖန်စုန်းသည် လူသတ်ရသည်ကို ဝါသနာပါသော
သွေးဆာနေသူတစ်ဦး ဖြစ်သည်။ နဂါးဂူ လျှို့ဝှက်နယ်မြေ၏ ရတနာလုပွဲတွင် သူသည်
ဂိုဏ်းအင်အားစု နှစ်ခုလုံးကို တစ်ဦးတည်းဖြင့် အမြစ်ပြတ်
သုတ်သင်ပစ်ခဲ့ပြီး ဆယ်မိုင်ပတ်လည်ကို သွေးပင်လယ်
ဝေစေခဲ့ဖူး၏။
“ငါမေးမယ်... ငါ့မြေး လီယွန့်ထျန်းကို ဘယ်သူ သတ်လိုက်တာလဲ...”
“ဗျာ... ဘာ...”
ရန်ဟိန် ထစ်ထစ်အအဖြင့် မေးလိုက်မိသည်။ “ဂိုဏ်းချုပ်လီက... သေသွားပြီလား...”
“ဟမ့်...”
နှာခေါင်းရှုံ့သံ တစ်ချက် ထွက်ပေါ်လာသည်။
ရန်ဟိန်၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် ပျက်ယွင်းသွားပြီး သူ၏ ခန္ဓာကိုယ်အတွင်းရှိ
သွေးလှည့်ပတ်မှုများ ကမောက်ကမဖြစ်ကာ သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရတော့သည်။
တောက်... တတိယအဆင့် ကျင့်ကြံသူတွေက တကယ်ကို အနိုင်ကျင့်လွန်းလှချေတကား...
ရန်ဟိန်၏ မျက်နှာသည် ရုတ်ချည်းပင် ဖြူလျော်သွားပြီး သနားစရာကောင်းလောက်အောင်
ပြောလိုက်ရရှာသည်။ “စီနီယာ... စီနီယာလီ... ကျွန်တော် တကယ်ပဲ
မသိပါဘူး။ ဂိုဏ်းချုပ်လီ ကွယ်လွန်သွားတဲ့အကြောင်းကိုတောင်
ကျွန်တော် မကြားမိပါဘူး။ ဒါဆိုရင် သူ့ကို ဘယ်သူ သတ်လိုက်လဲဆိုတာ
ကျွန်တော် ဘယ်လိုလုပ် သိနိုင်မှာလဲ...”
လီဖန်စုန်းက အေးစက်စွာ မေးလိုက်သည်။ “ဒါဆို လျန်ဝေဆိုတဲ့ ဂိုဏ်းသားကော ဘယ်မှာလဲ...”
“လျန်ဝေလား... ဂိုဏ်းချုပ်လီ ခေါ်သွားတဲ့နေ့ကစပြီး ပြန်မလာတော့ပါဘူး။
တိယွဲ့ဂိုဏ်းကလည်း သူ့ကို ဂိုဏ်းကနေ
မောင်းထုတ်လိုက်ပါပြီ...”
“စီနီယာ... ကျွန်တော်တို့ တကယ် ဘာမှမသိပါဘူး...”
“ကျွန်တော်တို့ကို လွှတ်ပေးပါ...”
“ဆူညံလိုက်တာ...” လီဖန်စုန်းက ဒေါသတကြီး အော်ဟစ်လိုက်၏။
“မင်းတို့ မပြောရင်လည်း ငါ့ဘာသာ ရှာဖွေနိုင်တဲ့ နည်းလမ်းတွေ ရှိတယ်...”
ပြောပြောဆိုဆိုဖြင့် သူသည် လက်အင်္ကျီကို ဝှေ့ယမ်းလိုက်ရာ လူတစ်စုလုံး လေထဲသို့
မြောက်တက်သွားတော့သည်။
စိတ်ဝိညာဉ် ရှာဖွေခြင်းအတတ်
“အား...”
ဆိုးရွားပြင်းထန်လှသော နာကျင်မှုကြောင့် ရန်ဟိန်သည် သေချင်စိတ်ပင်
ပေါက်သွားတော့သည်။ လော့ဖန်နှင့်
ဝူလင်စုတို့မှာမူ မျက်လုံးများ ပြူးကျယ်သွားပြီး
သတိလစ် မေ့မြောသွားကြ၏။
ခေတ္တမျှ ကြာပြီးနောက်...
ထိုလူအနည်းငယ်သည် ရွှံ့ညွှန်တုံးများအလား မြေပြင်ပေါ်သို့ ပျော့ခွေကျသွားကြသည်။
လီဖန်စုန်းက မျက်မှောင်ကြုတ်လိုက်၏။
“သူတို့ တကယ် မသိကြဘူးပဲ...”
“ဒါဆို ယူရုံ့ထျန်းကို ဘယ်သူ သတ်လိုက်တာလဲ...”
“အသုံးမကျတဲ့ အမှိုက်တွေ...”
သူသည် ဒေါသတကြီးဖြင့် လက်ကို ဝှေ့ယမ်းလိုက်ရာ အနက်ရောင် မီးတောက်များ
ထွက်ပေါ်လာပြီး ရန်ဟိန်နှင့် အခြားလူများဆီသို့
အရှိန်အဟုန်ဖြင့် ပြေးဝင်သွားသည်။
စက္ကန့်အနည်းငယ်မျှ အတွင်းဝယ် မြေပြင်ထက်၌ အနက်ရောင် ပြာမှုန်များသာ ကျန်ရှိတော့၏။
ထိုအချိန်တွင် ဆိုင်အတွင်း၌မူ...
“ဟားဟားဟား... ဘယ်လိုလဲ... ကစားလို့ ကောင်းတယ်မလား...”
မာဂျောင်ကစားခန်းထဲမှ ထွက်လာရင်း လော့ချာက ရှန်ကွမ်ယီ၏ ပုခုံးကို ဖက်ထားကာ
ညီအစ်ကိုရင်းချာများအလား ရင်းနှီးနေပုံရသည်။
ရှန်ကွမ်ယီက အိန္ဒြေမပျက် ပြုံးလျက် “ကောင်းပါတယ်... သိပ်ကို ဆော့လို့
ကောင်းတာပဲ...” ဟု ပြောလိုက်သည်။
သို့သော် သူ၏ စိတ်ထဲ၌မူ ဈေးကြီးလွန်းတာတစ်ခုပဲ ရှိတယ် ဟု တိုးတိုးလေး ညည်းညူနေမိ၏။
တစ်မွန်းလွဲရုံမျှဖြင့် သုံးသန်းကျော် ပျောက်ကွယ်သွားခဲ့ချေပြီ။
ကံကောင်းထောက်မစွာဖြင့် သူသည်
ဂိုဏ်းချုပ်တစ်ဦး ဖြစ်သောကြောင့် သူ၏
စည်းစိမ်ချမ်းသာမှာ အတော်အတန်
တောင့်တင်းလှပေသည်။
“ပထမဆုံးအကြိမ်မလို့ပါ... နောက်ပိုင်း ကျင့်သားရသွားမှာပါ...” လော့ချာက ထပ်ခါတလဲလဲ
နှစ်သိမ့်ပေးနေ၏။
ရှီလုံယန်နှင့် လျိုမုချင်းတို့ကလည်း နောက်ကွယ်မှ ကပ်လျက် လိုက်ပါလာကြသည်။
သူတို့နှစ်ဦးစလုံး၏ မျက်နှာများမှာ စိတ်လှုပ်ရှားမှုကြောင့် နီရဲနေ၏။
ဤနတ်ဆိုးမျိုးနွယ် ဘေးဆိုးကြယ်ကြီးနှင့် မာဂျောင်ကစားရာတွင် သူတို့ မရှုံးသည့်အပြင်
သောင်းဂဏန်းအချို့ကိုပင် နိုင်လိုက်သေးသည်။
တကယ့်ကို စိတ်ကျေနပ်စရာပင်။
သူတို့သည် ရှန်ကွမ်ယီကို ကြည့်ရင်း စိတ်ထဲမှ သနားမိကြ၏။ ဤသနားစရာကောင်းသော
ဂိုဏ်းချုပ်သည်ကား ဤနတ်ဆိုးမျိုးနွယ်ကြီး၏ ပစ်မှတ်ထားခြင်းကို
ခံလိုက်ရပြီးနောက် တစ်ကိုယ်လုံး ဝတ်လစ်စလစ်ဖြစ်သည်အထိ ငွေညှစ်ခံရတော့မည်မှာ
မြေကြီးလက်ခတ်မလွဲပေ။
အခန်း (၁၉၀) - ဈေးသည်မ ထောင်နန်းစံခြင်း
ဆိုင်ပိတ်ပြီးနောက်...
ရှန်ကွမ်ယီသည် ထျန်းချုံမြင့်မြတ်သောဂိုဏ်းသို့ ပြန်မသွားဘဲ လော့ချာနှင့်အတူ
တည်းခိုခန်းတစ်ခု၌ တည်းခိုရန် လိုက်ပါသွားခဲ့သည်။
“ဂိုဏ်း... ဂိုဏ်းချုပ်...”
သူ တည်းခိုခန်းအတွင်းသို့ ဝင်တော့မည့်ဆဲဆဲ၌ သူ၏နောက်ကျောဘက်မှ စိတ်လှုပ်ရှားနေသော
အသံတစ်သံ ထွက်ပေါ်လာ၏။
ရှန်ကွမ်ယီ အံ့အားသင့်စွာဖြင့် လှည့်ကြည့်လိုက်ရာ မျက်နှာတစ်ခုလုံး နီရဲလျက်
အပြေးအလွှား လျှောက်လာနေသော ချန်ရွှမ်ကို တွေ့လိုက်ရသည်။
တစ်မွန်းလွဲလုံးလုံး မာဂျောင်ကစားနေခဲ့သဖြင့် သူသည် ဤကိစ္စကိုပင် မေ့လုနီးပါး
ဖြစ်နေခဲ့ရသည်။
“ဂိုဏ်းချုပ်... ဘာလို့ ဒီကို ရောက်နေတာလဲ။ ကျွန်တော့်ကို ကျောက်တုံးပေးဖို့
ရောက်လာတာလား...”
“အမြန်ပေးပါ... ကျွန်တော်တို့ ဂိုဏ်းကို ပြန်ရောက်ရင် သေချာပေါက် ပြန်ဆပ်ပါ့မယ်...”
ချန်ရွှမ်က ပြောရင်းဖြင့်ပင် သူ၏လက်ကို ကမန်းကတန်း ဆန့်ထုတ်လိုက်လေသည်။
ရှန်ကွမ်ယီက ချက်ချင်းပင် နောက်သို့ ဆုတ်လိုက်ပြီး စိတ်ထဲမှ တိတ်တဆိတ်
သက်ပြင်းချလိုက်မိ၏။
ပုံမှန်အားဖြင့် အေးအေးဆေးဆေးနှင့် တည်ငြိမ်လှသော ကိုးယောက်မြောက် အကြီးအကဲက ဘာလို့
ဒီလိုပုံစံ ဖြစ်သွားရတာလဲ...
“ကိုးအကြီးအကဲ... မင်း ဂိုဏ်းကို ပြန်သင့်ပြီ...”
“မပြန်ဘူး... ကျွန်တော် ဆုကြီးတစ်ခုခု မပေါက်မချင်း ဘယ်တော့မှ ပြန်မသွားဘူးလို့
သစ္စာဆိုထားပြီးသား...” ချန်ရွှမ်က ပြတ်ပြတ်သားသား ပြောလိုက်သည်။
“မင်း...”
ရှန်ကွမ်ယီသည် စကားပင် မဆိုနိုင်တော့ပေ။ ချန်ရွှမ်၏ မျှော်လင့်တကြီး
စောင့်မျှော်နေသော မျက်လုံးများကို ကြည့်ကာ
သက်ပြင်းကိုသာ ရှည်လျားစွာ ချလိုက်ပြီး ငွေစုကတ်ပြားတစ်ခုကို
ထုတ်ပေးလိုက်ရသည်။
သူသည် ချန်ရွှမ်၏ စရိုက်ကို ကောင်းစွာ သိ၏။ သူက အလွန်ခေါင်းမာပြီး ရည်မှန်းချက်
မအောင်မြင်မချင်း လက်လျှော့မည့်သူ မဟုတ်ပေ။
“ဂိုဏ်းချုပ်... နည်းနည်းလောက် ပိုလွှဲပေးပါဦး...” ချန်ရွှမ်က သူ၏ငွေစုကတ်ပြားကို
ရှန်ကွမ်ယီ၏ ကတ်ပြားနှင့် ချိတ်ဆက်ရန် ကမန်းကတန်း လှမ်းပေးလိုက်သည်။
“တစ်သန်းပဲ... ပိုမပေးနိုင်ဘူး...”
“ဒီလို မလုပ်ပါနဲ့ ဂိုဏ်းချုပ်ရာ... ဂိုဏ်းချုပ်က ချမ်းသာတယ်ဆိုတာ ကျွန်တော်
သိပါတယ်။ နောက်ထပ် တစ်သန်းလောက် ထပ်တိုးပေးပါဦး...”
ရှန်ကွမ်ယီက စိတ်ပျက်လက်ပျက်ဖြင့် “တစ်သန်းပဲ... ယူမလား၊ မယူဘူးလား...” ဟု
မေးလိုက်သည်။
“ယူမယ်... ယူမယ်...”
ရှန်ကွမ်ယီ ဒေါသထွက်တော့မည့် အသွင်အပြင်ကို မြင်သောအခါ ချန်ရွှမ်သည်လည်း
ဆက်မပူဆာရဲတော့ပေ။
ငွေလွှဲခြင်း ပြီးဆုံးသွားသောအခါ ချန်ရွှမ်သည် သက်ပြင်းရှည်ကြီးတစ်ချက်ကို
မှုတ်ထုတ်လိုက်ပြီး မိမိကိုယ်ကိုယ် ယုံကြည်မှုများ
ပြန်လည်ရရှိလာခဲ့သည်။
သူက သဘောတကျ ရယ်မောရင်း ဝှာကျီ စီးကရက်တစ်လိပ်ကို ထုတ်၍ ရှန်ကွမ်ယီထံ
ကမ်းပေးလိုက်၏။
“ဂိုဏ်းချုပ်... ဂိုဏ်းချုပ် အနားယူလိုက်ပါဦး။ ကျွန်တော်ကတော့ အခန်းထဲပြန်ပြီး
ကတ်ပြား သွားခြစ်တော့မယ်...”
ရှန်ကွမ်ယီသည် စီးကရက်ကို လှမ်းယူလိုက်ပြီး ထွက်ခွာသွားသော ချန်ရွှမ်၏ ကျောပြင်ကို
ကြည့်ကာ သက်ပြင်းချလိုက်မိပြန်သည်။
ဒီဆိုင်က တကယ်ပဲ ဒီလောက်တောင် စွမ်းအားထက်မြက်တာလား။ လူတွေ ရောက်လာတာနဲ့ တစ်ခါတည်း
စွဲလမ်းပြီး ပြန်မသွားချင်တော့ဘူးလား...။
အကယ်၍ ထျန်းချုံမြင့်မြတ်သောဂိုဏ်း၏ အတည်ငြိမ်ဆုံးဖြစ်သော ကိုးယောက်မြောက်
အကြီးအကဲပင် ဤကဲ့သို့ ဖြစ်သွားပါက အခြားသူများသာ ရောက်လာလျှင်
ရူးသွပ်သွားကြမည် မဟုတ်ပါလား။
တစ်နေ့လုံး မာဂျောင်သာ ဆော့နေခဲ့သဖြင့် သူသည် အခြားနေရာများကို လေ့လာခြင်း
မပြုရသေးပေ။ ရှန်ကွမ်ယီသည် မနက်ဖြန်တွင် ပတ်ဝန်းကျင်ကို
သေချာပေါက် လှည့်ပတ်ကြည့်ရှုရန် ဆုံးဖြတ်လိုက်သည်။
ထိုထီခြစ်ကတ်ပြားများ၏ ဆုလာဘ်များမှာ တန်ခိုးကျင့်ကြံမှု ပါရမီနှင့် သက်တမ်းတို့ကို
တိုးတက်စေနိုင်သော ရှားပါးရတနာများ ဖြစ်သည်ဟု ကြားသိရသည်။ ထို့ပြင် ရွေးချယ်စရာ
ကောင်းကင်အဆင့် ဝိညာဉ်ရတနာများစွာလည်း ရှိပေသေးသည်။
ထိုအကြောင်းကို တွေးတောမိသောအခါ သူ၏စိတ်ထဲတွင် ရင်ခုန်လှုပ်ရှားမှုအချို့
ဖြစ်ပေါ်လာ၏။
နောက်တစ်နေ့တွင်...
မောင်နှမနှစ်ဦးဖြစ်သော ဟယ်ကျင်းနှင့် ဟယ်ကျန်းတို့သည် နောက်ဆုံးတွင်
ချင်းယန်မြို့သို့ ရောက်ရှိလာခဲ့ကြသည်။
မြို့တော်အတွင်းရှိ တန်ခိုးရှင်အများစု၌
လက်ကိုင်ဖုန်းကိုယ်စီ ရှိနေကြသည်ကို သူတို့
ရှာဖွေတွေ့ရှိလိုက်ရ၏။
လမ်းမများပေါ်တွင်လည်းကောင်း၊ အရက်ဆိုင်များနှင့်
စားသောက်ဆိုင်များအတွင်း၌လည်းကောင်း
ကျင့်ကြံသူများစွာသည် လက်ကိုင်ဖုန်းများကို ကိုင်ဆောင်ကာ အုပ်စုဖွဲ့၍
စကားပြောဆိုနေကြသည်။
“ဒီလို ရတနာမျိုးတွေက ချင်းယန်မြို့ထဲမှာ အများကြီး ရှိနေတာပဲ...” ဟယ်ကျန်းသည်
အလွန်အမင်း အံ့အားသင့်သွားသည်။
“မယုံနိုင်စရာပဲ... ဒီရတနာက ချင်းပြည်နယ်ကနေ စတင်ပြီး ပေါ်ထွက်လာတာများလား...”
“ငါတို့ တစ်ယောက်ယောက်ကို တားပြီး မေးကြည့်ရင် သိရမှာပါ...”
မကြာမီ သူတို့သည် လမ်းသွားလမ်းလာ တစ်ဦးကို တားဆီးလိုက်ကြ၏။
“ဝူး... ဒီလူက ရုပ်ဆိုးလိုက်တာ...” ဟယ်ကျင်းသည် ထိုသူ၏မျက်နှာကို
မြင်လိုက်ရသည်နှင့် စက်ဆုပ်ရွံရှာစွာဖြင့်
နောက်သို့ အဝေးကြီး ဆုတ်သွားလေသည်။
“ဘာလဲဟ... မင်းက ဘယ်လိုစကားမျိုး ပြောလိုက်တာလဲ...”
ယွီရှုပေါင်သည် ယနေ့တွင် ဝဖက်တီးကျင်းနှင့်အတူ ပြည့်တန်ဆာအိမ်သို့ သွားရောက်၍
အရက်သောက်ရန် ချိန်းဆိုထားသဖြင့် စိတ်ကူးအလွန်ကောင်းနေခြင်း ဖြစ်သည်။
မည်သူက ထင်မှတ်ထားမည်နည်း၊ လူနှစ်ယောက်က ရုတ်တရက် ပေါ်ထွက်လာရုံမက သူ့ကို
လန့်အောင်လုပ်ကာ ရုပ်ဆိုးသည်ဟု စွပ်စွဲတိုက်ခိုက်လိုက်ကြသည်။
သူသည် ချက်ချင်းပင် ဒေါသအိုး ပေါက်ကွဲသွားတော့၏။
“ငါ့တစ်သက်မှာ ငါ့မျက်နှာချင်းဆိုင် ရုပ်ဆိုးတယ်လို့ ပြောတဲ့သူ တစ်ယောက်မှ
မရှိဖူးဘူး။ ဒီမိန်းမပျက်ကတော့ ငါ့ကို စော်ကားလွန်းလှပြီ...”
“ဒါပေမဲ့ နင်က တကယ်ပဲ ရုပ်ဆိုးနေတာကို... လူတွေက အမှန်အတိုင်းတောင်
ပြောခွင့်မရှိဘူးလား...”
“သွားရအောင် အစ်ကို... တခြားလူကိုပဲ မေးကြရအောင်။ သူ့မျက်နှာကို ကြည့်ရတာ ကျွန်မ
အော့အန်ချင်လာပြီ...”
“ရွံစရာကောင်းလိုက်တာ...”
ဟယ်ကျင်းသည် အလွန်ပင် မထီမဲ့မြင် ပြုနေ၏။ ထိုကဲ့သို့ ရက်ရက်စက်စက် စကားလုံးများကို
ပစ်ပေါက်ပြီးနောက် သူမသည် ဟယ်ကျန်းကို ဆွဲကာ ထွက်ခွာရန် ပြင်လိုက်သည်။
ယွီရှုပေါင်သည် မခံမရပ်နိုင် ဖြစ်သွားသည်။
“ငါ့လို ချောမောလှပတဲ့ လူငယ်လေးတစ်ယောက်ကို ရုပ်ဆိုးတယ်လို့ ပြောရအောင် နင်
မျက်စိကန်းနေတာလား...”
“ဒီမိန်းမစုတ်... နင့်ပါးစပ်ထဲမှာ အညစ်အကြေးတွေ ပြည့်နေလို့ ဒီလိုမျိုး
စကားအပုပ်တွေ ထွက်နေတာလား။ ငါ့ရဲ့ သခင်လေးက မင်းရဲ့
ပါးစပ်ကို စုတ်ဖြဲပစ်မယ်ဆိုတာ ယုံလား...”
ဟယ်ကျင်းက မထီမဲ့မြင်ပြုစွာဖြင့် “နင်ကလား... ကိုးခုမြောက်အဆင့်ရှိတဲ့
အမှိုက်တစ်စပဲဟာ...”
ဟယ်ကျင်း၏ စရိုက်က မကောင်းသော်လည်း သူမ၏ ကျင့်ကြံမှုမှာ ရှစ်ခုမြောက်အဆင့်သို့
ရောက်ရှိနေပြီဖြစ်သဖြင့် ယွီရှုပေါင်ကို အထင်သေးနေခြင်းမှာ သဘာဝကျပေသည်။
“တောက်...”
ယွီရှုပေါင်သည် သူ၏တစ်သက်တွင် ဤကဲ့သို့ စော်ကားခံရမှုမျိုးကို တစ်ခါမျှ မကြုံဖူးပေ။
သူသည် ခေါင်းကိုမော့ကာ အော်ဟစ်လိုက်၏။ “ယွမ်ကျိုး... မင်း ဘယ်ရောက်နေတာလဲ။
တစ်ယောက်ယောက်က မင်းရဲ့ သခင်လေးကို အနိုင်ကျင့်နေပြီဟေ့...”
သူ့စကားသံ ဆုံးသည်နှင့် လူရိပ်တစ်ခု ပျံသန်းဝင်ရောက်လာသည်။ ထိုသူကား ပါရမီရှင်
ဓားသမား ဖြစ်သော ရွှီယွမ်ကျိုးပင် ဖြစ်၏။
“သခင်လေး...”
“ဒီမိန်းမက ငါ့ကို ရုပ်ဆိုးတယ်လို့ ပြောတယ်။ သူ့ပါးကို ရိုက်စမ်း...”
ရွှီယွမ်ကျိုး တစ်ချက် အံ့အားသင့်သွားသည်။
သူသည် ဟယ်မောင်နှမကို ကြည့်လိုက်၏။
တကယ်ကို သတ္တိကောင်းလှချေတကား... သခင်လေးရဲ့ ရှေ့မှောက်မှာ အမှန်တရားကို
ဘွင်းဘွင်းကြီး ပြောရဲရအောင်...
“မင်းတို့ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ...”
ရွှီယွမ်ကျိုးက အေးစက်စွာ နှာခေါင်းရှုံ့လျက် လက်ကို ရှေ့သို့ ဆန့်ထုတ်လိုက်သည်။
ဟယ်ကျန်းက ၎င်းကို တားဆီးရန် ကြိုးစားသော်လည်း ရွှီယွမ်ကျိုး၏
လက်ဝါးချက်တစ်ချက်ကြောင့် သူသည်
လွင့်စဉ်သွားရတော့သည်။
ဟယ်ကျင်းသည် ကြောက်လန့်တကြားဖြင့် ထွက်ပြေးရန် ပြင်သော်လည်း သူမကို ရွှီယွမ်ကျိုးက
ချက်ချင်း ဖမ်းမိသွား၏။
ဖြန်း...
ပြင်းထန်လှသော ပါးရိုက်ချက်တစ်ခုကြောင့် ဟယ်ကျင်းသည် မူးဝေသွားသည်။ သူမသည်
ပါးပြင်ကို ကိုင်ရင်း မျက်လုံးများကို ပြူးကျယ်လျက်
မယုံကြည်နိုင်စွာ ကြည့်လိုက်၏။
“နင်... နင်က ငါ့ကို ရိုက်ရဲတယ်ပေါ့...”
“ဟမ့်... သခင်လေးကို စော်ကားတဲ့သူက အရိုက်ခံရဖို့ ထိုက်တန်တယ်...”
ဟယ်ကျင်းသည် ဒေါသအလွန်အမင်း ထွက်သွားသည်။ “ဒီခွေးကောင်... ငါက ဘယ်သူလဲဆိုတာ နင်
သိရဲ့လား။ ငါ နင့်ကို သတ်ပစ်မယ်...”
သူမသည် လက်မောင်းများကို ဝှေ့ယမ်းကာ ရှေ့သို့ ပြေးဝင်လာသော်လည်း ရွှီယွမ်ကျိုး၏
ခြေကန်ချက်ကြောင့် လွင့်ထွက်သွားရပြန်သည်။
ဆဋ္ဌမအဆင့် အမြုတေဖွဲ့စည်းခြင်းနယ်ပယ်၏ စွမ်းအားဖြင့် သူသည် ဟယ်မောင်နှမကို
အလွယ်တကူ ဖိနှိပ်ထားနိုင်ခဲ့၏။
“အား... ခွေးအစေခံ... ငါ နင့်ကို သတ်မယ်...”
ဟယ်ကျင်းသည် ရူးသွပ်နေသော မိန်းမတစ်ဦးကဲ့သို့ လူးလဲထရပ်လိုက်သည်။
“ငါက ဟယ်မိသားစုဝင်တစ်ယောက်ပဲ။ နင်က ငါ့ကို ရိုက်ရဲတယ်ပေါ့။ ခွေးအစေခံ... နင်
သေရမယ်...”
ဟယ်ကျန်းက သူမကို အမြန်ပင် ဆွဲထိန်းလိုက်ရသည်။
ယခုအချိန်တွင် ဟယ်မိသားစုဟူ၍ မရှိတော့သလို ဤနေရာမှာလည်း ချင်းယန်မြို့ ဖြစ်ပေသည်။
ထို့ပြင် နဖူးစည်းဆံပင်စောင်းနှင့် ထိုရုပ်ဆိုးသော သခင်လေးသည်
အလွန်တန်ဖိုးကြီးသော ဝတ်စုံကို ဝတ်ဆင်ထားသဖြင့်
သူ၏နောက်ခံမှာ သာမန်မဟုတ်သည်မှာ ထင်ရှားလှပေသည်။
“နင်က ဘာလို့ ငါ့ကို ဆွဲထားရတာလဲ။ ငါ အနိုင်ကျင့်ခံနေရတာကို မမြင်ဘူးလား။
အမြန်သွားပြီး သူတို့ကို သတ်ပစ်စမ်း...”
ဟယ်ကျန်းသည် စိတ်ထဲမှနေ၍ သူမအား လူအုန်းသီးကြီးဟု ကျိန်ဆဲနေမိတော့သည်။
အကယ်၍ သူမသာ သူ၏ညီမရင်း မဟုတ်ပါက သူကိုယ်တိုင်ပင် ပါးရိုက်မိလိမ့်မည် ဖြစ်သည်။
သူသည် ဒေါသကို မြိုသိပ်ကာ တိုးတိုးလေး ပြောလိုက်၏။ “ဒီနေရာက အကြာကြီး
နေလို့ရတဲ့နေရာ မဟုတ်ဘူး။ အရင်ဆုံး
ထွက်သွားကြရအောင်...”
ထိုအတောအတွင်း ပတ်ဝန်းကျင်၌ ကြည့်ရှုသူများ ပိုမိုများပြားလာပြီး လက်ညှိုးထိုးကာ
တိုးတိုးတိုးတိုး ပြောဆိုနေကြသည်။
“ဘာတွေ လာကြည့်နေကြတာလဲ။ သွားကြ... အဝေးကို သွားကြ...”
ဟယ်ကျင်းသည် လူအုပ်ကြီးကို ဒေါသတကြီး အော်ဟစ်ဆဲဆိုလေသည်။
ဟယ်ကျန်းက သူမကို လူအုပ်ကြားထဲမှ ဆွဲထုတ်ရန် ကြိုးစားနေစဉ် ရုတ်တရက် ဆူညံသံကြောင့်
ရောက်ရှိလာသော မြို့စောင့်စစ်သည်များ အဖွဲ့ ရောက်ရှိလာသည်။
“ချင်းယန်မြို့တော်အတွင်းမှာ ဘယ်သူက မငြိမ်မသက်ဖြစ်အောင် လုပ်ရဲတာလဲ...”
ဟယ်ကျန်းသည် ထိတ်လန့်သွားပြီး ဟယ်ကျင်းကို ချက်ချင်း လွှတ်လိုက်၏။ “ဒါ အထင်လွဲတာပါ
အရာရှိတို့... ကျွန်တော်နဲ့ သူနဲ့ သိပ်မရင်းနှီးပါဘူး...”
ပြောပြောဆိုဆိုဖြင့် သူသည် ထွက်ပြေးရန် ကြိုးစားသော်လည်း မြို့စောင့်စစ်သည်နှစ်ဦး၏
ဖိနှိပ်ချုပ်ကိုင်ခြင်းကို ခံလိုက်ရသည်။
ထိုမြင်ကွင်းကို မြင်သောအခါ ဟယ်ကျင်းသည် မြေပြင်ပေါ်သို့ ပစ်ထိုင်ချလိုက်ပြီး
စတင်ငိုယိုတော့သည်။ “သူတို့ ကျွန်မကို အနိုင်ကျင့်နေကြတယ်။ အားလုံးပဲ
လာကြည့်ကြပါဦး။ ဒီရုပ်ဆိုးမက ကျွန်မကို အနိုင်ကျင့်ပြီး လူလွှတ်ရိုက်ခိုင်းတယ်။
ကျွန်မမျက်နှာလည်း ဖူးယောင်နေပြီ။ ဘယ်သူမှ မကူညီကြဘူးလား။ ဘုရားရေ...
ယောကျာ်းကြီးနှစ်ယောက်က ကျွန်မလို အားနွဲ့တဲ့
မိန်းကလေးတစ်ယောက်ကို အနိုင်ကျင့်နေကြတယ်။ တရားမျှတမှုက
ဘယ်မှာလဲ...”
ယွီရှုပေါင်နှင့် ရွှီယွမ်ကျိုးတို့မှာ ဆွံ့အသွားကြသည်။ ဤမိန်းကလေးမှာ
အသက်သိပ်မကြီးသေးသော်လည်း ကျေးရွာများရှိ မြေပြင်ပေါ်၌
လူးလှိမ့်ငိုယိုတတ်သော ဈေးသည်မကြီးများကဲ့သို့ ပြုမူနေပေသည်။
မြို့စောင့်စစ်သည်များလည်း မျက်မှောင်ကြုတ်သွားကြ၏။ ကြည့်ရှုသူ
ပိုမိုများပြားလာသဖြင့်
စစ်သည်အဖွဲ့ခေါင်းဆောင်သည် စိတ်ပျက်သွားကာ
လက်ကို ဝှေ့ယမ်းလိုက်သည်။
“အားလုံးကို ဖမ်းဆီးလိုက်ကြ...”
“ဘာလို့ ကျွန်မကို ဖမ်းတာလဲ။ သူက ကျွန်မကို အရင်ရိုက်တာလေ။ လွှတ်... လွှတ်စမ်း...”
“ကျွန်မတို့ ဟယ်မိသားစုက လေပြည်နယ် စစ်ရေးဌာနနဲ့ ရင်းနှီးတာနော်။ နင်တို့အားလုံးကို
သတ်ပစ်လို့ရတယ်ဆိုတာ ယုံလား...”
မြို့စောင့်စစ်သည်ခေါင်းဆောင်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။
“လေပြည်နယ် ဟုတ်လား။ ဒါက ချင်းပြည်နယ်ကွ။ လေပြည်နယ်စစ်ရေးဌာနက ဒီနေရာမှာ လာပြီး
အာဏာပြလို့မရဘူး...”
“သူတို့ကို ခေါ်သွားကြ...”
ထို့နောက် သူသည် ယွီရှုပေါင်ထံသို့ လျှောက်သွားကာ စကားပြောရန် ပြင်စဉ်
သူ၏မျက်စိရှေ့၌ သေးငယ်သော တံဆိပ်ပြားလေးတစ်ခု
ထွက်ပေါ်လာသည်။
သူ၏မျက်နှာအမူအရာမှာ ချက်ချင်းပင် ပြောင်းလဲသွားပြီး ရိုသေစွာဖြင့် ဦးညွတ်လိုက်၏။
“မြို့စားမင်းလေး...”
“အင်း...” ယွီရှုပေါင်သည် ခါးထောက်လျက် မတ်တပ်ရပ်နေသည်။ “ဒီမိန်းမပျက်က ငါ့ကို
အရင်စော်ကားလို့ ငါက သွန်သင်ဆုံးမရုံတင်ပဲ...”
စစ်သည်ခေါင်းဆောင်က ဖားသည့်လေသံဖြင့် ပြောလိုက်သည်။ “မြို့စားမင်းလေးအပေါ်
စော်ကားရဲတဲ့အတွက် သူ အရိုက်ခံရတာ လုံးဝထိုက်တန်ပါတယ်ခင်ဗျာ...”
ယွီရှုပေါင်က သူ၏ပုခုံးကို ပုတ်ကာ ပြောလိုက်၏။ “မင်းက တော်တော်လေး အမြင်ကျယ်တာပဲ။
ကောင်းပြီ... မင်းတို့အလုပ် မင်းတို့ ဆက်လုပ်ကြတော့။ ငါ့မှာလည်း
သွားစရာရှိသေးတယ်...”
“လမ်းခရီး ဖြောင့်ဖြူးပါစေ မြို့စားမင်းလေး...”
ဟယ်ကျန်းသည် ဆွံ့အသွားရသည်။ ထိုသူက မြို့စားမင်းလေး တဲ့လား။ ဒါဆိုရင်
ငါတို့ကတော့... “သူတို့ကို ခေါ်သွားပြီး မြေတိုက်ထဲ
ထည့်ထားလိုက်...”
ထိုအခါမှသာ ဟယ်ကျန်းသည် မိမိတို့ မဆွတ်သာသော ပန်းကို ဆွတ်မိသွားပြီဖြစ်ကြောင်း
သဘောပေါက်လိုက်တော့သည်။ ယခင် ယွံဖုန်းမြို့တွင် ရှိစဉ်ကမူ သူတို့ကို
ကာကွယ်ပေးမည့် ဟယ်မိသားစုနှင့် ကျန်းအာဟဲ ရှိသော်လည်း ယခုမူ
ဟယ်မိသားစုမှာ မရှိတော့ဘဲ ဤနေရာကလည်း ချင်းယန်မြို့
ဖြစ်နေချေပြီ။
“ငါ့ကို မဆွဲနဲ့။ သွားကြစမ်း...”
ဟယ်ကျင်းသည် ဆဲဆိုရင်း ရုန်းကန်နေဆဲဖြစ်သည်ကို ကြည့်ကာ ဟယ်ကျန်းသည်
သက်ပြင်းချလိုက်ပြီး ဆက်လက်မရုန်းကန်တော့ပေ။
သူ၏ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် သူ၏ညီမအပေါ် စက်ဆုပ်ရွံရှာသော စိတ်တို့
ဖြစ်ပေါ်လာခဲ့သည်။
ထောင့်တစ်နေရာတွင် ပုန်းကွယ်နေသော အိမ်တော်ထိန်းကျန်း၏ မျက်နှာမှာလည်း ဖြူလျော်နေ၏။
ဒီလူအနှစ်နှစ်ယောက်... အထူးသဖြင့် အဲဒီမိန်းမက ဘာအသုံးမှမကျတဲ့အပြင်
အလုပ်ပျက်အောင်လုပ်ဖို့ပဲ တတ်တယ်...
အချက်အလက်အချို့ကို စုံစမ်းရန် ကြိုးစားရုံမျှကိုပင် ဤမျှအထိ ပြဿနာကြီးအောင်
လုပ်သွားခဲ့ချေပြီ။
သူတို့ မြေတိုက်ထဲမှာပဲ သေသွားရင် ပိုကောင်းမယ်...
သူသည် သက်ပြင်းရှည်ကြီးတစ်ချက်ကို ချလိုက်ပြီး ထွက်ခွာသွားသော ယွီရှုပေါင်ကို
ကြည့်လိုက်၏။ ထို့နောက် ဘေးပတ်ဝန်းကျင်ရှိ တန်ခိုးရှင်အချို့
ကိုင်ဆောင်ထားသော စတုဂံပုံစံ အရာဝတ္ထုလေးများကို
ကြည့်လိုက်သည်။
ထိုမောင်နှမနှစ်ဦးသည် ထိုစတုဂံပုံစံလေးများဆီမှ သဲလွန်စအချို့ကို
ရှာဖွေတွေ့ရှိသွားပုံရပေသည်။
ပြည့်တန်ဆာအိမ်အတွင်း၌...
ယွီရှုပေါင်နှင့် ဝဖက်တီးကျင်းတို့သည် မိန်းကလေးတစ်ဦးစီကို ပွေ့ဖက်ထားကာ
အရက်သောက်ရင်း မြိုင်မြိုင်ဆိုင်ဆိုင် စကားပြောနေကြသည်။
မြန်ယန်မြို့တွင် အတူတကွ ဒုက္ခခံခဲ့ကြပြီးနောက် သူတို့၏ ဆက်ဆံရေးမှာ
ပိုမိုရင်းနှီးလာခဲ့သည်။
“ဝဖက်တီးကျင်း... မင်းတို့ ကျင်းမိသားစုက ချင်းယန်မြို့မှာ လေလံအိမ်သစ်တစ်ခု
ဖွင့်ချင်တယ်လို့ ပြီးခဲ့တဲ့တစ်ခေါက်က ပြောတယ်မလား...”
“ဟုတ်တယ်... ထျန်းယွမ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်က နားမလည်နိုင်စရာ နည်းလမ်းနဲ့
သေဆုံးသွားပြီးတဲ့နောက်ပိုင်း ဂိုဏ်းရဲ့ ဂုဏ်သိက္ခာက အကြီးအကျယ်
ကျဆင်းသွားခဲ့တယ်။ အရင်ကလို မဟုတ်တော့ဘူးလေ။ ချင်းယန်မြို့က သူတို့
ထိန်းချုပ်ထားတဲ့ ထျန်းယွမ်လေလံအိမ်ကလည်း တစ်နေ့တခြား
ဆုတ်ယုတ်လာတဲ့အတွက် ငါတို့ ကျင်းမိသားစုက အစားထိုးဖို့ ပြင်ဆင်နေတာ...”
“ဒါဆိုရင် ဘယ်တော့ ဖွင့်မှာလဲ။ ငါလည်း လာပြီး အားပေးရမှာပေါ့...”
“နောက်နှစ်အစပိုင်းလောက် ဖြစ်လိမ့်မယ်။ နောက်နှစ်အစပိုင်းက ဘယ်လိုနေ့မျိုးလဲဆိုတာ
မင်း မေ့နေတာလား...”
ယွီရှုပေါင် တစ်ချက် ကြောင်အသွားသည်။ “ဘယ်လိုနေ့မို့လို့လဲ...”
ဝဖက်တီးကျင်းက အံ့အားသင့်စွာဖြင့် မေးလိုက်၏။ “မြို့စားမင်းလေး... နောက်နှစ်က
နှစ်တစ်ရာမှာ တစ်ကြိမ်သာ ပွင့်တတ်တဲ့ နဂါးဂူချောက်နက် လျှို့ဝှက်နယ်မြေ
ပွင့်မယ့်နှစ်လေ။ မင်း မသိဘူးလား...”
အဓိက လျှို့ဝှက်နယ်မြေကြီး သုံးခုအနက် ယူရွှီပင်လယ်ပြင်သည် အနှစ်နှစ်ဆယ်လျှင်
တစ်ကြိမ် ပွင့်တတ်ပြီး နဂါးဂူချောက်နက်သည် အနှစ်တစ်ရာလျှင် တစ်ကြိမ်သာ
ပွင့်တတ်ပေသည်။ ထိုလျှို့ဝှက်နယ်မြေနှစ်ခု၏ ပွင့်မည့်အချိန်ကာလမှာ ယခုနှစ်နှင့်
နောက်နှစ်သို့ တိုက်တိုက်ဆိုင်ဆိုင် နီးကပ်နေခဲ့၏။
ယွီရှုပေါင်က ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်၏။ “မင်းလည်း သိတဲ့အတိုင်း ငါက
ဒီလိုအရာတွေမှာ ဘယ်တုန်းကမှ စိတ်မဝင်စားခဲ့ဘူး။
ယူရွှီလျှို့ဝှက်နယ်မြေထဲကိုတောင် ငါ
မဝင်ခဲ့တာ... နဂါးဂူချောက်နက်ကိုတော့ ပြောနေစရာတောင် မလိုတော့ဘူး...”
ဝဖက်တီးကျင်းက ခေါင်းကို ခါယမ်းကာ ရယ်မောလိုက်သည်။ “ငါလည်း မင်းလိုပါပဲ
မြို့စားမင်းလေးရာ... ဒါပေမဲ့ ငါ့အဖေကတော့
စီးပွားရေးလုပ်တဲ့သူတွေအနေနဲ့
ကျင့်ကြံခြင်းလောကအကြောင်းကို
နားလည်ထားရမယ်လို့ ပြောတယ်။ လျှို့ဝှက်နယ်မြေ ပွင့်တိုင်းက
စီးပွားရေး အခွင့်အလမ်းကောင်းကြီးပဲ...”
“ဥပမာပြောရရင် နဂါးဂူချောက်နက်ထဲမှာ နတ်ဆိုးမြူထုတွေ အလွှာလိုက် ရှိနေတာ။
ဝိညာဉ်ရတနာတွေ၊ ဆေးလုံးတွေ၊ အဆောင်လက်ဖွဲ့တွေအပြင်
ကာကွယ်ရေးဆေးလုံးတွေကတင် အကြီးအကျယ် ရောင်းရမယ့်အရာတွေပဲ။
ငါ့အဘိုးကတော့ အနည်းဆုံး ဒီလောက်ရမယ်လို့ ခန့်မှန်းထားတယ်...”
ဝဖက်တီးကျင်းက လက်ချောင်းငါးချောင်းကို ထောင်ပြလိုက်၏။
“ငါးသန်းလား...”
“မဟုတ်ဘူး... သိန်းငါးထောင်လေ... ဒါက ချင်းပြည်နယ်တစ်ခုတည်းရဲ့ ဘတ်ဂျက်နော်...”
ယွီရှုပေါင်သည် ၎င်းကို ကြားသောအခါ အသက်ပင် ပြင်းပြင်းရှူလိုက်မိပြီး
မျက်လုံးများထဲ၌ မနာလိုမှုအချို့ ဖြတ်သန်းသွားသည်။
ကျင်းမိသားစုသည် စစ်လောကတွင် အင်အားအကြီးဆုံး စီးပွားရေးမိသားစုဖြစ်ပြီး သူတို့၏
စီးပွားရေး အရောင်းအဝယ်များမှာ သန်းပေါင်းများစွာ တန်ဖိုးရှိပေသည်။
သူတို့၏ မြို့စားမင်းအိမ်တော်မှာလည်း မြို့တော်တွင် စီးပွားရေးလုပ်ငန်းအချို့
ရှိသော်လည်း ကျင်းမိသားစုနှင့် ယှဉ်လျှင် ဖုန်မှုန့်မျှသာ ရှိပေသည်။
“လာ... လာ... သောက်ကြစို့...”
ယွီရှုပေါင်နှင့် ခွက်ချင်းတိုက်ပြီးနောက် ဝဖက်တီးကျင်းက သက်ပြင်းချလိုက်ပြန်သည်။
“ဟူး... လေလံအိမ်ဖွင့်ပြီးရင် ငါလည်း ချင်းယန်မြို့မှာပဲ အခြေချရတော့မယ် ထင်တယ်။
ငါတို့မိသားစုရဲ့ ကျင့်ကြံခြင်းလမ်းစဉ်က အမြဲတမ်း ခက်ခဲလွန်းတယ်။
ငါ့အသက်အရွယ်နဲ့ဆို မိသားစုစီးပွားရေးမှာ ပါဝင်ဖို့
အချိန်တန်ပြီလေ...”
“ဆိုင်ရှင်ကြီး ရှိနေတာပဲ မဟုတ်ဘူးလား။ ထီသွားခြစ်လေ... မင်းတို့မိသားစုက
ပိုက်ဆံအများကြီး ရှိတာပဲ။ ပါရမီအရည်ရဖို့
ပိုက်ဆံမသုံးနိုင်မှာကို
စိုးရိမ်နေတာလား...”
ဝဖက်တီးကျင်းက ခါးသီးစွာ ပြုံးလိုက်၏။ “ငါ့အဖေက ထီဆိုင်ဘေးက တည်းခိုခန်းမှာ
လူတစ်ဒါဇင်ကျော်ကို နေ့ရောညပါ ထီခြစ်ဖို့ တာဝန်ပေးထားပြီးသား။
ဒါပေမဲ့ အခုထိ ဆုကြီးကြီးမားမား တစ်ခုမှ မပေါက်သေးဘူး။ ငါ့ရဲ့ ကံက
မင်းလို မကောင်းဘူး မြို့စားမင်းလေးရာ...”
ယွီရှုပေါင်က နှစ်သိမ့်လိုက်သည်။ “မလောပါနဲ့... ကံဆိုတာ ခန့်မှန်းရခက်ပါတယ်။ ဟို
ဟယ်မျိုးရိုးနဲ့ အဘွားကြီးကို ကြည့်လေ... ရက်အနည်းငယ်အတွင်းမှာပဲ
ပုံစံအားလုံးစုမိပြီး ကောင်းကင်အဆင့် ဝိညာဉ်ရတနာကြီးကို
သိမ်းပိုက်သွားတာ။ သူ့နောက်ပိုင်း ဒုတိယမြောက်လူ မပေါ်သေးဘူး...”
“အရင်က ပိုက်ဆံရှိရင် အားလုံးအဆင်ပြေတယ်လို့ ထင်ခဲ့ပေမဲ့ အခုတော့ ပိုက်ဆံနဲ့
ဖြေရှင်းလို့မရတဲ့ အရာတွေလည်း ရှိနေပြီပဲ...”
ဝဖက်တီးကျင်းက ခေါင်းခါယမ်းကာ သက်ပြင်းချလိုက်၏။ “ဒါတွေ ထားလိုက်ပါတော့...
သောက်ကြစို့...”
ထောင့်တစ်နေရာတွင် အိမ်တော်ထိန်းကျန်းသည် သူ၏ ဝိညာဉ်အာရုံကို
ပြန်လည်ရုပ်သိမ်းလိုက်ပြီး
မျက်လုံးများ မှေးကျဉ်းသွားသည်။
အဓိက သော့ချက်စကားလုံးကား ထီဆိုင် ပင် ဖြစ်၏။
ဆိုင်အတွင်း၌မူ...
နှစ်ရောင်ခြယ်ဘောလုံးထီနှင့် စူပါထီကြီးတို့မှာ မကြာသေးမီကပင် ထွက်ရှိထားသည်။
ဆုငယ်လေးများစွာ ပေါ်ထွက်ခဲ့သော်လည်း တတိယအဆင့်ထက် မြင့်မားသော
ဆုကြီးကြီးမားမား တစ်ခုမျှ ပေါ်မလာခဲ့ပေ။
ဝယ်ယူသူများသည်လည်း ယင်းကို ကျင့်သားရနေကြပြီ ဖြစ်သည်။
ရှန်ကွမ်ယီသည် ယခုအခါ ယွီရှောင်ရှန်း၊ လုံအန်းတို့နှင့်အတူ “မြေပိုင်ရှင်ကို
တိုက်ခိုက်ခြင်း” ဖဲကစားနည်းကို ကစားနေသည်။ မာဂျောင်နှင့်
နှိုင်းယှဉ်လျှင် ၎င်းကစားနည်းမှာ ပုံစံတစ်မျိုးဖြစ်ပြီး
နှစ်ယောက်တစ်ဖွဲ့ စနစ် ဖြစ်ပေသည်။
အကြိမ်အနည်းငယ် ကစားပြီးနောက် သူသည် ပိုမို၍ စိတ်ဝင်စားလာခဲ့သည်။
ထိုအချိန်တွင် လော့ချာ ဆိုင်အတွင်းသို့ ဝင်ရောက်လာ၏။
သူ ဝင်လာသည်နှင့် ရှီလုံယန်၊ လျိုမုချင်းတို့နှင့် တိုက်တိုက်ဆိုင်ဆိုင်
ဆုံတွေ့သွားကြသည်။ သူတို့ သုံးဦးသည် တစ်ဦးကိုတစ်ဦး
လျှို့ဝှက်စွာ ခေါင်းညိတ်ပြလိုက်ကြ၏။
ရှီလုံယန်က ဖဲကစားရာနေရာသို့ မျက်ရိပ်ပြလိုက်သဖြင့် လော့ချာ သဘောပေါက်သွားပြီး
လျှောက်သွားလိုက်သည်။
“အိုး... မင်းတို့ စောစောစီးစီး ရောက်နေကြတာပဲ...”
လော့ချာက သူတို့ သုံးဦးလုံးကို စီးကရက်တစ်လိပ်စီ ပေးလိုက်ပြီး မိမိကိုယ်တိုင်လည်း
တစ်လိပ်ညှိကာ ဘေးတွင် ထိုင်လိုက်၏။
“စီနီယာကြီး... လာကစားမလို့လား...”
လုံအန်းသည် ထိုခေါ်သံကို ကြားသောအခါ စိတ်ထဲမှ ဘုရားရေ... ဒုတိယအဆင့်
အမြင့်မြတ်ဆုံးပညာရှင်ပဲ ဟု ရေရွတ်လိုက်မိသည်။
သူသည် ထိုင်ခုံမှ ကမန်းကတန်း ထကာ နေရာဖယ်ပေးလိုက်၏။
“မကစားပါဘူး... ဒီအရာက မာဂျောင်လောက် စိတ်ဝင်စားဖို့ မကောင်းဘူး...”
ရှန်ကွမ်ယီက ပြုံးလျက် “ကျွန်တော်ကတော့ မာဂျောင်နဲ့မတူဘဲ တစ်မျိုးလေး
ပျော်စရာကောင်းတယ်လို့ ထင်တာပဲ...”
လော့ချာက နှုတ်ခမ်းကို မဲ့လိုက်ပြီး ဘာမှမပြောပေ။
ဤဖဲတစ်ချီ ပြီးဆုံးသွားသောအခါ သူသည် ယွီရှောင်ရှန်းကို မျက်လုံးတစ်ချက်
ဝေ့ကြည့်လိုက်သည်။
ကောင်လေး... အသာတကြည် ဖယ်ပေးတော့...
ယွီရှောင်ရှန်း၏ နှလုံးသားမှာ တုန်လှုပ်သွား၏။ သူက ရိုးသားအေးဆေးသူ ဖြစ်သော်လည်း
လူမိုက်မဟုတ်ပေ။ သူသည် လုံအန်းကို ဆွဲကာ မတ်တပ်ရပ်လိုက်သည်။
“ဂိုဏ်းချုပ်... ကျွန်တော့်မှာ အလုပ်တစ်ခုရှိတာ ရုတ်တရက် သတိရလို့...
အရင်သွားလိုက်ပါဦးမယ်...”
“ဟင်... ဒါပေမဲ့ ငါ့မှာ ဘာအလုပ်မှ မရှိသေး...”
“မင်းမှာ ရှိတယ်...”
ယွီရှောင်ရှန်းက လုံအန်းကို အတင်းအကျပ် ဆွဲခေါ်သွားတော့သည်။
“တောင်းပန်ပါတယ် ဂိုဏ်းချုပ်ရာ... ဒါက နတ်ဆိုးမျိုးနွယ်ရဲ့ ဒုတိယအဆင့်
ကျွမ်းကျင်သူကြီးမို့လို့ ကျွန်တော်တို့လို
လူငယ်လေးတွေ မစော်ကားရဲဘူး။ ကိုယ့်ဘာသာပဲ အဆင်ပြေအောင်
ဖြေရှင်းလိုက်ပါတော့...”
ရှန်ကွမ်ယီသည် မနေ့က မာဂျောင်ကစားရာတွင် ရွှေပြား သန်းပေါင်းများစွာ
ဆုံးရှုံးခဲ့သည်ကို သူလည်း ကြားသိထားပေသည်။
ဤလော့ချာကြီးသည် သူတို့ဂိုဏ်းချုပ်ကို
ပစ်မှတ်ထားနေပြီဖြစ်ကြောင်း
သူ ကောင်းစွာ ခန့်မှန်းမိ၏။
“မင်းတို့ကတော့...”
ရှန်ကွမ်ယီသည် ကြောင်အသွားပြီးနောက် လော့ချာနှင့် မျက်လုံးချင်း ဆုံသွားသည်။
“ဟဲဟဲ... မင်းတို့ ဝိုင်းပျက်သွားပြီပဲ။ ဒါဆို ဒီလူကြီးမင်းနဲ့အတူ မာဂျောင်ကစားဖို့
လိုက်ခဲ့မလား...”
“အာ... ဒါပေမဲ့...”
“ဒါပေမဲ့တွေ လုပ်မနေနဲ့တော့။ ငါက လူတွေ အကုန်လုံးကို ရှာထားပြီးသား...”
ပြောပြောဆိုဆိုဖြင့် လော့ချာသည် ရှန်ကွမ်ယီကို မာဂျောင်ခန်းမထဲသို့
တိုက်ရိုက်ခေါ်ဆောင်သွားတော့သည်။
ရှီလုံယန်နှင့် လျိုမုချင်းတို့ကို မြင်လိုက်ရသောအခါ ရှန်ကွမ်ယီ၏ နှုတ်ခမ်းများ
တုန်ရီသွား၏။ ဒီနှစ်ယောက်ပဲ ဖြစ်နေပြန်ပြီ...
သူသည် လေထုထဲ၌ ပူးပေါင်းကြံစည်မှု အနံ့အသက်အချို့ကို ရရှိနေသကဲ့သို့
ခံစားလိုက်ရသည်။
“သွားစို့... သွားစို့... အခန်း အသင့်ဖြစ်ပြီလား...”
ရှီလုံယန်က ကမန်းကတန်း ပြုံးလျက် “ကျွန်တော် နေ့တိုင်း ဒီကိုရောက်တာနဲ့
ပထမဆုံးလုပ်တာ အခန်းဖွင့်တာပဲ...”
“မင်းက တော်တော်လေး အကွက်မြင်တာပဲ...”
“ချီးမွမ်းလွန်းရာ ရောက်နေပါပြီ... ဒါက ကျင့်သားရနေလို့ပါ...”
မနေ့က မာဂျောင်အုပ်စုသည် ယနေ့တွင်လည်း ထပ်မံ၍ ဆုံတွေ့ကြပြန်သည်။
သူတို့၏ကျောပြင်ကို ကြည့်ကာ ယွီရှောင်ရှန်း ခေါင်းခါယမ်းလိုက်မိ၏။
“ဟူး... ဂိုဏ်းချုပ်ကတော့ တကယ်ပဲ သနားစရာကောင်းလိုက်တာ...”
“တပည့်... မင်း ဒီမှာ ရှိနေတာကိုး...”
ထိုစဉ် ကျန်းယွီပြေးဝင်လာပြီး လုံအန်း၏ လက်မောင်းကို ဆွဲကိုင်လိုက်သည်။
“ငါ့ကို ပိုက်ဆံနည်းနည်းလောက် ထပ်ချေးပါဦး...”
လွန်ခဲ့သော ရက်ပိုင်းအတွင်း ကျန်းယွီသည် သိသိသာသာ ပိန်ကျသွားခဲ့သည်။ သူသည်
နေ့တိုင်း ဝိညာဉ်အိမ်မွေးတိရစ္ဆာန်ရရှိရန် ကြိုးစားနေသော်လည်း
ရရှိလာသော သာမန်တိရစ္ဆာန်များမှာ တိရစ္ဆာန်ရုံတစ်ခုစာပင် ပြည့်လုနီးပါး
ဖြစ်နေသော်လည်း ဝိညာဉ်တိရစ္ဆာန်အဆင့်ကိုမူ တစ်ကောင်မျှ မရရှိသေးပေ။
“ဆရာ... ဆရာ ကျွန်တော့်ဆီက ငါးသိန်းတောင် ချေးထားပြီးပြီလေ။ ထပ်ချေးရင် ဆရာ
ပြန်ဆပ်နိုင်မှာ မဟုတ်တော့ဘူး...”
“ပေါက်ကရတွေ... ငါက ဘာလို့ ပြန်မဆပ်နိုင်ရမှာလဲ...”
လုံအန်း ငိုချင်စိတ်ပင် ပေါက်သွားသည်။
သူသည် သူ၏ဆရာတွင် မည်မျှ ချမ်းသာသည်ကို ကောင်းစွာသိသော်လည်း သူတို့၏ ဆက်ဆံရေးအရ
ငြင်းပယ်ရန် အလွန်ခက်ခဲလှပေသည်။
ကျန်းယွီက နှာခေါင်းရှုံ့လျက် “ဒီကောင်လေး... မင်းက ဆရာ့ကို တကယ်ပဲ မယုံတာလား။
ကောင်းပြီ... ငါ့ရဲ့ အရိပ်သတ်ဓားကိုပါ မင်းဆီမှာ အပေါင်ထားမယ်။
ဘယ်လိုလဲ...”