← Chapters

ဒုက္ခရောက်နေသော လိုက်လျောညီထွေမဖြစ်သည့် အမျိုးသား

Vol. 26 Ch. 358

ဒုက္ခရောက်နေသော လိုက်လျောညီထွေမဖြစ်သည့် အမျိုးသား

Vol. 26 Ch. 358

ခဏအကြာတွင် လူတိုင်းက သူတို့၏ အမှတ်များကို အသုံးပြုပြီးသွားကာ သူတို့အလိုရှိသော ရတနာများနှင့် ထွက်သွားကြပြီဖြစ်၏။

အလင်းပြားပေါ်တွင်ရှိသော ပစ္စည်းအများစုမှာ အမှတ်များနှင့် လဲလှယ်ခံရပြီး လူတိုင်းက သူတို့၏ အမှတ်များအားလုံးကို အသုံးပြုပြီးသည်ကို သိရှိပြီးနောက် ပစ္စည်းစာရင်းမှာ ပျောက်ကွယ်သွားလေပြီ။

ထို့နောက်ချက်ချင်းပင် လှိုင်းငယ်လေးများပေါ်နေသော အာကာသ ဝင်ပေါက်တစ်ခုက အဖြူရောင် စားပွဲကြီးပေါ်တွင် ပေါ်လာ၏။

“ငါတို့က ပစ္စည်းကောင်းတွေရပြီးပြီဆိုတော့ အိမ်ပြန်ကြရအောင်။” အန်လင်းက စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသော အသံဖြင့် ပြောလာ၏။

သူတို့က အာကာသ ဝင်ပေါက်ကို ဖြတ်သန်းလာသောအခါ ကျေနပ်ပီတိဖြစ်သော အပြုံးများက လူတိုင်း၏ မျက်နှာပေါ်တွင် ချိတ်ဆွဲနေ၏။

သူတို့ဘေးမှ ကွက်လပ်ကြီးမှာ လှိုင်းများထနေပြီး ထူးဆန်းနေတော့သည်။

အန်လင်း၏ မသဲမကွဲ သိစိတ်ထဲတွင် အမှောင်ထုကိုဖြတ်၍ လာသော ဓားသမားတစ်ဦးကို မြင်လိုက်ရ၏။

ဓားသမားမှာ ဆက်တိုက် တိုက်ခိုက်နေသည်ဖြစ်ပြီး သူ့၏ ခွန်အားမှာ နတ်ဘုရားကဲ့သို့ ကျော်လွှား၍ မရနိုင်ပါပေ။ သို့သော်လည်း သူက သူသတ်ပစ်လိုက်သော မကောင်ဆိုးဝါးများအတွက် မျက်ရည်များ ကျဆင်းနေလေ၏။

သူက သူ့တစ်ဘဝလုံးတိုက်ခိုက်ခဲ့သည်ဖြစ်ပြီး တစ်ဘဝလုံး ရှာဖွေနေသည်ဖြစ်၏။ နောက်ဆုံးတွင်တော့ သူက ဝင်ရိုးစွန်းမှ ထွက်ပေါ်လာသော နေမင်းကြီးဆီသို့ ခေါင်းမော့ကြည့်လိုက်ကာ ဖြည်းညင်းစွာ မျက်လုံးပိတ်လိုက်၏။

အန်လင်းက သတိပြန်ရသောအခါတွင် လူတိုင်းက ကောင်းကင်ဘုံရေကန်၏ အလယ်တွင် ပေါ်လာကြပြီးဖြစ်၏။

လေပြည်ဖွဖွလေး တိုက်ခတ်သွားပြီး အောက်ဘက်မှ ရေများကို လှိုင်းအနည်းငယ်ထစေကာ ဝင်စပြုနေပြီဖြစ်သော နေမင်း၏ နောက်ဆုံးရောင်ခြည်များကို အလင်းပြန်နေစေ၏။

တိုက်ပွဲနတ်ဘုရား ဇီယန်၏ မျက်လုံးမှာနောက်လှန်သွားပြီး ပါးစပ်မှ အမြှုပ်များထွက်ကာ ရေကန်ထဲသို့ ပြုတ်ကျသွား၏။

“စီနီယာ ဇီယန်...” အန်လင်းက ထိုသည်ကြောင့် အလွန်အမင်း ထိတ်လန့်သွားလေ၏။

ဟူကွမ်သည် ဇီယန်နှင့် အနီးဆုံးဖြစ်ကာ  ချက်ချင်းပင် သူ့အား ရေထဲမှ ကယ်ထုတ်လိုက်၏။

လူတိုင်းက ကောင်းကင်ဘုံရေကန်၏ ကမ်းစပ်သို့ လာလိုက်ပြီး တိုက်ပွဲနတ်ဘုရား ဇီယန်ကို မြေကြီးပေါ်သို့ ထားလိုက်၏။

“စီနီယာဇီယန်က ဘာဖြစ်တာလဲ။” စုချန်းရန်က စိတ်ရှုပ်ထွေးစွာမေးလိုက်၏။

“ဒီမှာ တိုက်ပွဲချီမရှိဘူးလေ။ အဲ့တာကြောင့် သူက ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေမဖြစ်တာ။”

မြွေဖြူဝိညာဉ်၏ လက်မောင်းတွင် ရစ်ပတ်နေသော မြွေစိမ်းက မြေကြီးပေါ်တွင် ငါအသေတစ်ကောင်ကဲ့သို့ ခြေကားယား လက်ကားယား လဲကျနေသော တိုက်ပွဲနတ်ဘုရား ဇီယန်ကို ကြည့်ကာ ခပ်ဖွဖွ ​ဆိုလာ၏။

လူတိုင်းက ချက်ချင်းပင် သဘောပေါက်သွား၏။ တိုက်ပွဲနတ်ဘုရား ဇီယန်က သက်ရှိစွမ်းအင်နဲ့ တစ်ခါမှ မကျင့်ကြံဖူးပါချေ။

“ဟင်... အဲ့တာဆို အစ်မကကျတော့ ဘာလို့ အဆင်ပြေနေတာလဲ စီနီယာပိုင်ချောင်။” ယောင်မင်ရှီက မေးလာ၏။

“ဟိဟိ... ငါက ဟိုးအရင်ကတည်းက နှစ်ခုပြိုင် ကျင့်ကြံနေတာလေ။” မြွေစိမ်းလေးက အစိမ်းရောင်ဝတ်ရုံနှင့် သိမ်မွေ့သော အလှလေး အသွင်ပြောင်းလိုက်ပြီး မြေကြီးပေါ်တွင် ထိုင်ချလိုက်၏။

အန်လင်းက ပိုင်ချောင်၏ စကားများကြောင့် စိတ်လှုပ်ရှားစွာ ရှက်သွေး မဖြာပဲ မနေနိုင်ပါတော့ပေ။ (အန်လင်းက ဘာလို့ရှက်တာလဲဆိုတော့ နှစ်ခုပြိုင်ကျင့်ကြံတယ်ဆိုတာက တခြား ဆန့်ကျင်ဖက်လိင်နဲ့ နှစ်ကိုယ်တွဲ ကျင့်ကြံတယ်လို့လဲ အဓိပ္ပာယ်ရလို့ပါ)

“ငါ့ကို လာမရှုပ်နဲ့နော်။ ငါက သားရဲအမြုတေ အရင် ဖန်တီးလိုက်အုံးမယ်။ အဲ့တာမှ ငါက တိုက်ပွဲချီ မပါဘဲ တိုးတက်ပြောင်းလဲလာလို့ရမှာ။” တိုက်ပွဲနတ်ဘုရားမ ပိုင်ချောင်က မျက်စိမှိတ်လိုက်ပြီး သူမ၏ လက်နှင့် ချိတ်စည်းတစ်ခု ပြုလုပ်လိုက်၏။

စွမ်းအင် အများအပြားက ရုတ်တရက် လေထုထဲတွင် ပေါ်လာပြီး သူမ၏ ခန္ဓာကိုယ်ထဲသို့ သူ့ကိုယ်တိုင် တိုးဝင်သွားတော့သည်။

သူမ၏ ပတ်လည်မှ လူတိုင်းက အထိတ်တလန့်နှင့် စူးစမ်းချင်စိတ်အပြည့်ဖြင့် ကြည့်နေကြ၏။ သူမက ရုတ်တရက် အတွေးတစ်ခုတည်းနှင့် တိုးတက်သွားသည်မှာ အလွန်မိုက်လှပေ၏။

ထို့နောက် လူတိုင်းက တိုက်ပွဲနတ်ဘုရား ဇီယန်ကို ကြည့်လိုက်သောအခါ သူက မြေပြင်ပေါ်တွင် လှဲနေဆဲဖြစ်ကာ သူ့ခန္ဓာကိုယ်မှာ မထိန်းချုပ်နိုင်ပဲ ပြင်းထန်စွာ တုန်လှုပ်နေဆဲဖြစ်သည်ကို တွေ့လိုက်ရ၏။

ဟင်း... အတော်လေး ဒုက္ခရောက်နေတာပဲ။

“ပြောကြည့်ကြစမ်း။ စီနီယာ ဇီယန်က အခုဆိုရင် သာမန်လူ ဖြစ်နေပြီ မဟုတ်ဘူးလား။ အဲ့တာဆို သူက ရေနစ်ပြီးတော့ သေသွားနိုင်တယ်မလား။” ဟူကွမ်က အနည်းငယ် စိုးရိမ်နေပေ၏။

“မင်း ဘာလို့ CPR မလုပ်ပေးတာလဲ။” အန်လင်းက ရှက််ရွံ့စွာ စပ်ဖြီးဖြီးလုပ်ပြီး အကြံပြုလာ၏။

ဟူကွမ်က သူ့ကို မကြားချင်ယောင်ဆောင်ကာ အဝေးမှ နေဝင်ဆည်းဆာကို အကြည့်ပြောင်းသွားလေတော့သည်။

“စီနီယာ ဇီယန်က ဒီမှာ တိုက်ပွဲချီကို အသုံးမပြုနိုင်ရင်လဲ သူ့ရဲ့ တိုက်ပွဲနတ်ဘုရားအဖြစ် အသက်စွမ်းအင်ကတော့ အဲ့လောက်လွယ်လွယ် သေမှာ မဟုတ်ပါဘူး။” ရွှမ်ယွမ်ချန်က နည်းနည်းမှ စိုးရိမ်သည့်ပုံ မပေါ်ပါချေ။

တိုက်ပွဲနတ်ဘုရား ဇီယန်က ဒုက္ခရောက်နေသော အနေအထားဖြစ်ပုံရသော်လည်း သူကသေချာပေါက် သေမည်မဟုတ်ပါ။

“အား... စီနီယာ ဇီယန်က သွေးတွေအန်နေပြီ။”

အထိတ်တလန့်ဖြစ်ခြင်းများက စုရှောင်လန်၏ မျက်လုံးထဲတွင် ဖြတ်ပြေးသွားကာ မြေကြီးပေါ်တွင် ပါးစပ်မှ သွေးများ အန်နေသော အမျိုးသားကို ညွှန်ပြလာ၏။

ရွှမ်ယွမ်ချန် : “...”

လူတိုင်း : “...”

“စီနီယာ ဇီယန်က သေတော့မယ်လို့ ငါခံစားနေရတယ်နော်။”

အန်လင်းက တိုက်ပွဲနတ်ဘုရား ဇီယန်ကို ကြည့်ကာ မျက်နှာရှုံ့လိုက်လေ၏။

အန်လင်း၏ စကားလုံးများကို ပြန်တုံ့ပြန်လိုက်သကဲ့သို့ တိုက်ပွဲနတ်ဘုရား ဇီယန်က ရုတ်တရက် မျက်လုံးအကျယ်ကြီး ဖွင့်လာလေ၏။ လူတိုင်းက သွေးရူးသွေးတန်းနှင့် ရဲရဲနီနေသော မျက်လုံးတစ်စုံနှင့် သူ့ခန္ဓာကိုယ်က နောက်ထပ် တောင့်တင်းမသွားခင်တွင် တစ်ခါထပ် တုန်ယင်သွားသည့် မြင်ကွင်းကြောင့် နောက်ဆုတ်သွားကြလေ၏။

ထို့နောက် သူ့ခြေထောက်များက ဖြောင့်တန်းသွားကာ သူ့ခန္ဓာကိုယ်က ပြေလျော့သွားပြီး မျက်လုံးကို ​ဖြည်းဖြည်းချင်း ပြန်ပိတ်သွားလေတော့သည်။

ထိုသည်မှာ နေမဝင်ခင် အလင်းရောင်လေးနှင့် တူလှပြီး မသေဆုံးခင်တွင် နောက်ဆုံးသော အသက်စွမ်းအင် ပေါက်ကွဲမှုလေး ဖြစ်လေ၏...

လူတိုင်း : “...”

ထျန်းလင်းလင်းနှင့် မြွေဖြူဝိညာဉ်၏ မျက်လုံးထဲတွင် မျက်ရည်များ ရစ်သိုင်းလာလေတော့၏။ ထိုသည်မှာ မိတ်ဆွေကောင်းတစ်ဦးက ကမ္ဘာကြီးမှ ခွဲခွာသွားသည်ကို စောင့်ကြည့်နေရသလိုပါပင်။ သူတို့၏ ပူဆွေးမှုများက ချက်ချင်းပင် မျက်ရည်များ ဖြစ်သည်အထိ လွှမ်းမိုးခံလိုက်ရပေ၏။

“ငါတို့ အခု ဘာလုပ်ကြမလဲ။” အန်လင်းသည်လည်း အနည်းငယ် စိတ်ရှုပ်ထွေးနေလေ၏။

“စီနီယာ ဇီယန်ရဲ့ ခန္ဓာကိုယ်က ငါတို့နဲ့မတူတဲ့ စွမ်းအင်နဲ့ အလုပ်လုပ်တာ။ သူ့အပေါ်ကို အင်မော်တယ် မန္တန်တွေ သွားသုံးလိုက်ရင်လဲ အခြေခံက မရင်းနှီးတဲ့ စွမ်းအင် အစုလိုက်ကို ငြင်းပယ်လာနိုင်တယ်...” ရွှမ်ယွမ်ချန်သည် ဘာလုပ်ရမလဲဆိုသည်ကို လမ်းပျောက်နေပေ၏။

လျှိုချင်ဟွမ်၏ ခရမ်းရောင် မျက်လုံးများက ရုတ်တရက် အရောင်တောက်သွား၏။ “ငါတို့ ရုပ်ပိုင်းဆိုင်ရာကုသမှုတွေ လုပ်လို့ရတာပဲ။ ရှော့တိုက်ပေးတာမျိုးပေါ့။ ဖြစ်နိုင်လား။”

အန်လင်းက သူမ၏ အကြံပြုချက်ကို အတန်ကြာ တွေးတောပြီးနောက် “အဲ့တာက... အလုပ်ဖြစ်မယ် ထင်ရတာပဲ။ ဒါပေမဲ့ ငါတို့က စွမ်းအင်အမှန်ကို မချိန်တတ်မှာကို စိုးရိမ်ရတယ်။ ထျန်းလင်းလင်း မင်းက ငါတို့ထဲမှာ အားအနည်းဆုံးပဲ စီနီယာဇီယန်ရဲ့ နှလုံးကို ရှော့တိုက်ကြည့်လိုက်။”

“ဟမ်... ငါ...” ထျန်းလင်းလင်းက မျက်လုံးပြူးကာ ပတ်ပတ်လည်မှ လူများကို ကြည့်လိုက်သောအခါ လူတိုင်းက သူမကို အားပေးသည့် မျက်လုံးများဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရ၏...။

“ဟုတ်ပြီ။ ငါလုပ်ကြည့်မယ်...” သူမက အသက်ပြင်းပြင်းရှူလိုက်ပြီး သူမ၏ နှလုံးသားထဲတွင် မန်းမှုတ်ခြင်းတစ်ခုကို ရွတ်ဆိုလိုက်၏။ လျှပ်စီးများက သူမ၏ လက်ဖဝါးပေါ်တွင် စုစည်းလာကာ လေထဲသို့ ပျံသွား၏။

“အင်မော်တယ် သိမ်းငှက်လျှပ်စီး ငါဆင့်ခေါ်တာကို သတိပြုပြီး လျှပ်စီးတစ်ခု ယူဆောင်လာပါ။”

သူမက လက်ဝါးသေးသေးလေးကို မြေပြင်ပေါ်သို့ ချလိုက်သောအခါ အဖြူရောင် လျှပ်စီးတန်း တစ်ခုက ကောင်းကင်မှ ဆင်းသက်လာ၏။

တိုက်ပွဲနတ်ဘုရား ဇီယန်က နောက်ဆုံးတွင်တော့  သွေးထွက်နေသည်ကို တည်ငြိမ်သွားအောင် ပြုလုပ်နိုင်ပြီး တဖြည်းဖြည်း သတိရလာတော့သည်။

သူက သူ့ပတ်ဝန်းကျင်မှ ကမ္ဘာမြေကြီး၏ လေကို ခက်ခက်ခဲခဲ ရှူရှိုက်လိုက်ပြီး ခက်ခဲကြီးစွာ မျက်လုံးဖွင့်ရန် တွန်းအားပေးလိုက်လေ၏။ သို့သော်လည်း သူကရုတ်တရက် ကောင်းကင်မှ ကျဆင်းလာသော လျှပ်စီးကြောင်းကြီး၏ မြင်ကွင်းနှင့် မိတ်ဆက်ခံလိုက်ရ၏။

ထို့ပြင် ဦးတည်ချက်မှာလည်း... တခြားမဟုတ်ပဲ သူ့ဆီဖြစ်ပုံရ၏။

ဘုန်း...

သူက သူမျက်စိရှေ့တွင် ပေါ်လာသော အဖြူရောင် လျှပ်စီးကြောင်းနှင့် အမှောင်ထုထဲတွင် ပိတ်မိနေကာ သူ့ခန္ဓာကိုယ်မှာ တုန်ယင်သွားပြီး ထပ်မံ၍ သတိမေ့သွားလေတော့သည်...။

“အာ... ငါတိုက်ပွဲနတ်ဘုရား ဇီယန်က မျက်လုံးဖွင့်လာတာကို မြင်လိုက်သလိုပဲ။” ထျန်းလင်းလင်းက စိတ်လှုပ်ရှားစွာ ပြောလာ၏။

“တကယ်ကြီး...” အန်လင်းက လျှောက်လာပြီး တိုက်ပွဲနတ်ဘုရား ဇီယန်၏ ရင်ဘတ်ပေါ်တွင် လက်တစ်ဖက်တင်ကာ နှလုံးခုန်သံကို ခံစားနိုင်သလားဆိုသည်ကို ရှာဖွေလိုက်၏။

“ငါ သူ့နှလုံးခုန်နေတာကို ခံစားမိတယ်။ တော်တယ်၊ ထျန်းလင်းလင်း...”

အန်လင်းက အပြုံးတစ်ခုနှင့် ချီးကျူးလာ၏။

ထျန်းလင်းလင်းက ရှက်ကိုးရှက်ကန်းနှင့် ခေါင်းကုတ်လိုက်ပြီး “ဟားဟား... အဲ့တာဆို ငါနောက်ထပ် ရှော့ထပ်တိုက်လိုက်ရအုံးမလား။”

“အင်း... အဲ့တာကောင်းတယ်လို့ ငါထင်တာပဲ။” အန်လင်းက အပြုံးလေးနှင့် ခေါင်းငြိမ့်ပြလာ၏။

ဘုန်း...

ဘုန်း...

ဘုန်း...

တိုက်ပွဲနတ်ဘုရားမ ပိုင်ချောင်က မျက်လုံးဖွင့်လာပြီး အသက်ပြင်းပြင်း ရှုလိုက်ကာ တက်ကြွသော အပြုံးတစ်ခုက သူမ၏ မျက်နှာပေါ်တွင် ပေါ်လာလေ၏။

သူမက အောင်မြင်စွာ ကျော်ဖြတ်နိုင်ပြီး သားရဲ အမြုတေတစ်ခုကို ဖန်တီးလိုက်ပြီး စိတ်ဝိညာဉ် ပျိုးထောင်ခြင်းအဆင့်ကို ရောက်ရှိသွားပြီ ဖြစ်၏။

သူမက ပတ်ဝန်းကျင်တွင် သက်ရှိစွမ်းအင် ကြွယ်ကြွယ်ဝဝကို ကြုံတွေ့ရပြီး သူမ၏ ခံစားချက်များ သိသိသာသာ ကောင်းမွန်လာ၏။ သူမက ရက်အနည်းငယ်အတွင်းမှာပင် စိတ်ဝိညာဉ် ပျိုးထောင်ခြင်း အလယ်အဆင့်ကို အောင်နိုင်မည်ဟု ခံစားနေရ၏...

ပိုင်ချောင်က မြွေဖြူဝိညာဉ်ကို လှည့်ပတ်ရှာလိုက်ပြီး သူမက တခြားသူများနှင့်အတူ တစ်စုံတစ်ခု၏ ပတ်လည်တွင် စုစည်းကာ သူတို့အချင်းချင်း တစ်ခုခုကို အသည်းအသန် ဆွေးနွေးနေသည်ကို တွေ့လိုက်၏။

“ငါထင်တာတော့ သူ့ကို နောက်တစ်ခါ ရှော့ထပ်တိုက်သင့်တယ် ထင်တယ်။”

“မလုပ်နဲ့။ ဇီယန်က အားနည်းနေတာပဲရှိတာ။ သူ့ကို ရှော့တိုက်တာက အကူအညီမဖြစ်ဘူး။”

“ဒါပေမဲ့ သူ့နှလုံးခုန်နှုန်းက အတော်လေး အားပျော့နေတာ။ သူ့ကို ဒီအတိုင်းထားလိုက်လို့ နှလုံးခုန် ရပ်သွားရင် ဘယ်လိုလုပ်မလဲ။”

“အဲ့တာဆိုလဲ နောက်တစ်ခါ ထပ်လျော့မတိုက်ခင် သူ့နှလုံးခုန်တာ ရပ်သွားတဲ့အထိ စောင့်ရအောင်”

“ခဏလေး ငါချင်းတုမှာ နည်းနည်း ရှာလိုက်အုံးမယ်...”

...

တိုက်ပွဲနတ်ဘုရားမ ပိုင်ချောင်က အားလုံးဆီသို့ လျှောက်သွားပြီး တိုက်ပွဲနတ်ဘုရား ဇီယန်ကို တွေ့လိုက်ပြီးသောအခါ သက်ပြင်းချလိုက်လေ၏။

တိုက်ပွဲနတ်ဘုရား ဇီယန်က အလွန်အမင်း စိတ်မကောင်းစရာ အခြေအနေသို့ ရောက်နေခြင်းပင်။

သူက မြေပြင်ပေါ်တွင် နှုတ်ခမ်းထောင့်၌ သွေးများခြောက်သွေ့နေကာ မျက်နှာပေါ်တွင် မြက်များနှင့် သတိမရှိသော စိုစွတ်နေသည့် ခွေးတစ်ကောင်ကဲ့သို့ လှဲနေလေ၏။ သူ့ဆံပင်များက ကောက်ကွေးနေကာ မီးကျွမ်းနေပြီး သူ့အဝတ်အစားများ၏ ရင်ဘတ်နေရာတွင် အပေါက်ကြီးတစ်ပေါက် ရှိနေလေ၏...။

“အာ... ချင်လေး နင်က နောက်ဆုံးတော့ ကျော်ဖြတ်မှုကို လုပ်ပြီးသွားပြီပေါ့။ တိုက်ပွဲနတ်ဘုရား ဇီယန်က ဘာဖြစ်နေတာလဲ ငါတို့ကို လာပြောပြပါအုံး။” မြွေဖြူဝိညာဉ်က ချင်လေး၏ လက်မောင်းကို ဆွဲလိုက်ပြီး စိတ်လှုပ်ရှားစွာ ပြောလာ၏။

“အမကို နှောက်ယှက်ရတာ တောင်းပန်ပါတယ် စီနီယာ ပိုင်ချောင်။ ဒါပေမဲ့ ကျွန်တော်တို့လဲ အကောင်းဆုံးကြိုးစားပြီးပြီ...” အန်လင်းက လက်လျော့ကာ သက်ပြင်းချလာ၏။

တိုက်ပွဲနတ်ဘုရားမ ပိုင်ချောင်က နှုတ်ခမ်းကိုမဲ့ကာ အန်လင်းကို ကြည့်လိုက်၏။ “အကောင်းဆုံးကြိုးစားတယ်ဟုတ်လား။ မင်းက ဘာလုပ်ဖို့ ကြိုးစားနေတာလဲ...။”

“CPR လေ။” အန်လင်းက အတည်ပေါက် ပြန်ဖြေလာ၏။

ပိုင်ချောင် : “...”

CPR ဟုတ်လား… ။ သူတို့က သောက်ကျိုးနည်း သူ့ကို သတ်ဖို့ကြိုးစားနေတာ အသိသာကြီးကို။

***

All Chapters