← Chapters

အလွန်အမင်း စိတ်လှုပ်ရှားနေသော တပိုင်

Vol. 26 Ch. 359

အလွန်အမင်း စိတ်လှုပ်ရှားနေသော တပိုင်

Vol. 26 Ch. 359

တစ်ခုသော အနက်ရောင် အခန်းတစ်ခုထဲတွင် ကတုံးအမျိုးသားက လေးစားမှုအပြည့်နှင့် ပြောလာ၏။ “မာစတာ ဘလက်၊ သူတို့က ကမ္ဘာကြီးဆီကို ပြန်သွားကြပါပြီ။ နတ်ဘုရား အင်မော်တယ် ရှောင်ယန်ချန်ခဲ့တဲ့ ကျန်နေတဲ့ ရတနာတွေကို ကျွန်တော်တို့ ဘာလုပ်သင့်လဲ။”

မြွေနက်ဝိညာဉ်က သူမ၏ လက်ကို အထင်သေးစွာ လှုပ်ယမ်းပြလိုက်ပြီး “ဘာပဲဖြစ်ဖြစ် ကောင်းတာလဲ တစ်ခုမှ မကျန်တော့ပါဘူး။ စိတ်ဝိညာဉ် ကျောက်တုံးတွေကို သိမ်းထားလိုက်ပြီး ကျန်တဲ့ဟာတွေကို ကမ္ဘာပေါ်ကို ပို့လိုက်ပြီး ကျင့်ကြံခြင်း အဖွဲ့အစည်းကြီးကို တိုးတက်အောင်ကူညီပေးလိုက်။”

“ဟုတ်ကဲ့။ ကျွန်တော် ချက်ချင်း လုပ်လိုက်ပါ့မယ်။” ကတုံးအမျိုးသားက ခေါင်းငြိမ့်ပြလိုက်ပြီး ကမ္ဘာပေါ်ကို ထွက်ခွာရန် ပြင်ဆင်လိုက်၏။

“အို၊ ဟုတ်သားပဲ။ ငါ့ကို မာစတာချန်ရဲ့ ဆိုင်ကနေ ဆားစိမ်ဘဲဥတွေနဲ့ နှစ်ထောင်ချီ ကြက်ဥတွေ ဝယ်လာဖို့ မမေ့နဲ့နော်။” မြွေနက်ဝိညာဉ်က ထပ်ပေါင်းပြောလိုက်၏။

ကတုံးအမျိုးသားက သူမ၏ ညွှန်ကြားချက်တွင် ခေတ္တမျှ တုန့်ဆိုင်းသွား၏။ “မာစတာချန်က သေသွားပါပြီ။”

“ဘယ်လို...။” မြွေနက်ဝိညာဉ်က  သူမကိုယ်သူမ ပြန်မပြောခင် တအံ့တဩ ဆိုလိုက်၏။ “ခဏလေး။ မင်းက ဒီကြားထဲမှာ ကမ္ဘာပေါ်ကို မရောက်ပါဘူး။ သူသေသွားပြီဆိုတာ မင်းဘယ်လိုလုပ်သိလဲ။”

ကတုံးအမျိုးသား၏ နှုတ်ခမ်းများက တွန့်ကွေးသွား၏။ “ဒါပေမဲ့ အဲ့ဒီ့ 'ဒီကြားထဲ'ဆိုတာက နှစ်ငါးဆယ်ရှိပြီလေ။ မာစတာချန်က ကျွန်တော်တို့ နောက်ဆုံးတစ်ခေါက် သူ့ဆိုင် သွားလည်တုန်းကတောင် အသက်ခြောက်ဆယ် ကျော်နေပြီကို။ ပြီးတော့ သူက ကျင့်ကြံသူလဲမဟုတ်ဘူးလေ။ အဲ့တော့ သူကသေချာပေါက် သေနေလောက်ပြီ...”

မြွေနက်ဝိညာဉ်က လုံးဝ တိတ်ဆိတ်သွားလေတော့သည်။ အဲ့လောက်တောင် ကြာသွားပြီလား။

သူမက ပတ်ဝန်းကျင်ရှိ အမှောင်ထု ကျယ်ကျယ်ကြီးကို ကြည့်ကာ စိတ်ခံစားချက် အမြောက်အများက သူမ၏ နှလုံးသားထဲတွင် ဖြစ်တည်လာ၏။ သူမက ဒီမှာရှိနေတာ နှစ်ငါးဆယ်တောင် ရှိသွားပြီလား။ သူမက ဒီနေရာမှ ထွက်သွားမှ ဖြစ်မည်။ မဟုတ်ပါက သူမတွင် မှိုများ ပေါက်လာပေလိမ့်မည်...

“ကျန်းချီကုန်းမြေကြီးကို ငါ့အစား စောင့်ရှောင်ထားလိုက်။ ငါခဏ လျှောက်ပတ်ကြည့်လိုက် အုံးမယ်။” မြွေနက်ဝိညာဉ်က သူမ၏ လက်ကို ဝှေ့ယမ်းပြကာ အာကာသ ဝင်ပေါက်တစ်ခုက သူ့မရှေ့တွင် ပေါ်လာပြီး သူမက တုံ့ဆိုင်းမှုမရှိ ခုန်ဝင်လိုက်လေ၏။

“ဟေး... မာစတာ ဘလက်။ ကျွန်တော်က ရှောင်ယန်ချန်ခဲ့တဲ့ ရတနာတွေကို ပို့ရအုံးမှာလေ။” ကတုံးအမျိုးသား အနက်ရောင် အာကာသ ဝင်ပေါက်ကို ကြည့်ကာ အော်ဟစ်လိုက်၏။

သို့သော်လည်း သူက တုန့်ပြန်ချက် ပြန်မရကာ အာကာသ ဝင်ပေါက်က တဖြည်းဖြည်း သူဘာသူ ပိတ်သွားလေတော့၏...။

ကတုံးအမျိုးသားက လကျမြှောက်အရှုံးပေးသည့်အနေဖြင့် ပြုံးလာလေ၏။

မြွေနက်ဝိညာဉ်၏ သူမအလိုရှိသလို အသွားအလာလုပ်တတ်သည့် အကျင့်က ပြင်လို့မရနိုင်တော့ပါချေ။ တည်ငြိမ်ပြီး စိတ်ချရသော အမျိုးသမီးတစ်ဦးဖြစ်လေလေ တစ်ယောက်တည်း လွှတ်ထားပါက ပိုရူးသွပ်နိုင်လေလေဖြစ်၏။ နောက်ဆုံးတစ်ခေါက်က သူမသည် ဗုဒ္ဓနှင့် သူမ၏ တိုက်ပွဲအတွင်း၌ ဗုဒ္ဓဘာသာနိုင်ငံတော်၏ ဘူဒီတောင်ကို အမှုန့်ချေပစ်လိုက်၏။ သူမက ဒီတစ်ခေါက်တွင်ရော မည်သည့် ပြဿနာမျိုး ရှာလာမည်ကို မည်သူက သိလိမ့်မည်နည်း...

...

ကောင်းကင်ဘုံရေကန်၏ ကမ်းစပ်တွင်...

ပိုင်ချောင်၏ သိမ့်မွေ့သော အသွင်အပြင်များပေါ်တွင် ရှားပါးသည့် သနားသော အမူအရာက ပေါ်နေလေ၏။ “အကုန်လုံးက ငါ့အမှားတွေပါ ဇီယန်။ ငါက မင်းကို သက်ရှိစွမ်းအင်နဲ့ ဘယ်လို ကျင့်ကြံရမလဲဆိုတာ မသင်ပေးခင် ဒီကပတ်ဝန်းကျင်နဲ့ ပိုပြီးကျင့်သားရအောင် ထားလိုက်ဖို့ စီစဉ်ထားတာ။”

သူမက ဇီယန်၏ ကိုယ်ပေါ်မှ အကြောနေရာ တစ်ချို့ကို ဖိလိုက်ပြီး သူမ၏ လက်ထိပ်မှ ဇီယန်ကိုယ်ထဲသို့ စွမ်းအင်များ စီးဆင်းစေလိုက်၏။

တိုက်ပွဲနတ်ဘုရား ဇီယန်က နောက်ဆုံးတော့ ဝမ်းနည်းမှု နာကျင်မှုများဖြင့် ပြည့်နေသော သူ့၏ မျက်လုံးများကို ဖွင့်လာ၏။

သူက အသံတိုးတိုးလေးနှင့် ပြောလာ၏။ “ဘုရားသခင်က ငါ့ကို ကမ္ဘာကြီးက ပြည်နှင်ဒဏ်ပေးပြီးတော့ ကောင်းကင်ဘုံ လျှပ်စီးကြောင်းတွေနဲ့ တိုက်နေတယ်ဆိုတဲ့ အိပ်မက်ဆိုးတစ်ခုမက်တယ်...။”

“အဲ့တာက အိပ်မက်တစ်ခုပါပဲ။” အန်လင်းက ညင်သာသော အသံလေးနှင့် နှစ်သိမ့်ပေးလိုက်၏။

“စီနီယာဇီယန်၊ အစ်ကိုက စီနီယာပိုင်ချောင်ဆီကနေ သက်ရှိစွမ်းအင်ကို ဘယ်လို အသုံးပြုရမလဲဆိုတာကို မြန်နိုင်သမျှ မြန်မြန်သင်သင့်တယ်လို့ ကျွန်တော်ထင်တယ်။ စီနီယာ ပိုင်ချောင်က စိတ်ဝိညာဉ် ပျိုးထောင်ခြင်းအဆင့်တောင် ရောက်သွားပြီ။” လျှိုချင်ဟွမ်က ချက်ချင်းပင် စကားလမ်းကြောင်း လွှဲလိုက်၏။

တိုက်ပွဲနတ်ဘုရား ဇီယန်က သူမ၏ စကားလုံးများက အလွန်မှန်ကန်သည်ဟု ခံစားလိုက်ရ၏။ သူ့၏ ပထမဦးစားပေးမှာ ကျင့်ကြံခြင်း အခြေခံကို တတ်နိုင်သမျှ မြန်မြန်တိုးတက်လာအောင် ပြုလုပ်ခြင်း ဖြစ်သင့်၏။ သူက ကမ္ဘာအသစ်နှင့် လိုက်လျောညီထွေဖြစ်အောင် မြန်နိုင်သမျှ မြန်မြန်ကြိုးစားပြီး ဤကမ္ဘာကြီး၏ နတ်ဘုရားဖြစ်လာရမည်။

ထို့ကြောင့် အဓိက အကြောင်းအရာမှာ တိုက်ပွဲနတ်ဘုရား ဇီယန်က အခုအခြေအနေမှ ကျင့်ကြံခြင်းကို တိုးတက်အောင် မည်သို့ ပြုလုပ်သည့် သလဲဆိုသည်ကို ရွေ့သွားတော့၏။

အန်လင်းက သက်ပြင်းခပ်ဖွဖွချပြီး ကော်ဇောပျံပေါ်တွင် ပင်ပန်းစွာ လှဲချလိုက်လေတော့၏။ သူက မျက်လုံးကို တဖြည်းဖြည်းပိတ်လိုက်ပြီး ကောဇော၏ အနွေးဓာတ်ထဲတွင် နေပူဆာလှုံနေလေတော့သည်။

သူက အလွန်ပင်ပန်းနေ၍ဖြစ်မည် တစ်ဖန်ပြန်ကာ အိပ်ပျော်သွားလေတော့၏။

သူက နိုးလာသောအခါ အဖြူရောင် မျက်နှာကြက်၏ မြင်ကွင်းနှင့် မိတ်ဆက်ခြင်းခံလိုက်ရ၏။

“သားနိုးပြီလား လင်းလေး။” ရင်းနှီးသော အသံတစ်ခုက သူ့ဘေးမှ ထွက်လာလေ၏။

အန်လင်းက သူ့ဘေးရှိ သတ်လတ်ပိုင်း အမျိုးသားကို ကြည့်ကာ စိတ်ရှုပ်ထွေးသော အမူအရာ ပေါ်လာလေ၏။ “အဖေ။ အဖေက ဘာလို့ဒီရောက်နေတာလဲ။”

သူက အိပ်ယာတစ်ခုပေါ်တွင် လှဲနေကာ သူရှိနေသော အခန်းထဲတွင် ပြန်လည် အားပြည့်စေသော မန္တန်ဖွဲ့စည်းခြင်းတစ်ခုကို တည်ဆောက်ထား၏။ ထိုသည်မှာ အဖွဲ့ဝင်များအားလုံး အနားယူနေကြသော နေရာပင်ဖြစ်သည်မှာ ရှင်းလင်းလှ၏။

အန်မင်ချွန်က ခပ်ဖွဖွရယ်လိုက်၏။ “ဘာလို့လဲ။ အဖေတစ်ယောက်က သူ့သားဆီကို လာလည်လို့မရဘူးလား။”

အန်လင်းက သူ့မေးခွန်းကြောင့် အနည်းငယ် တုံ့ဆိုင်းသွား၏။ “ကျွန်တော်က အဲ့လိုဆိုလိုတာ မဟုတ်ပါဘူး။ အဲ့တာက ဒီအတိုင်း အခုက ညပိုင်းကြီးမလား။ အဖေက အနားယူမနေသင့်ဘူးလား။”

“အို... အခုက မနက်ပိုင်း ၈နာရီခွဲနေပြီ။” အန်မင်ချွန်က ပြန်မဖြေခင် သူ့လက်ပတ်နာရီကို ကြည့်လိုက်၏။

အန်လင်း : “...”

“အဖေက ရှောင်လန်ဆီကနေ မင်းရဲ့ တစ်ခြားကမ္ဘာက စွန့်စားခန်းတွေကို ကြားပြီးသွားပြီ။ အဲ့ကမ္ဘာကြီးက အကြီးကြီးပဲဆို။ စူးစမ်းရှာဖွေရမဲ့ နေရာတွေ အများကြီး ရှိလောက်မှာ...” အန်မင်ချွန်က တောင့်တသော အမူအရာတစ်ခုနှင့် ပြောလာ၏။

အန်လင်း၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာ၏။ “အဖေ၊ အဖေက စိတ်ဝိညာဉ် ပျိုးထောင်ခြင်းအဆင့်ကို ရောက်ပြီဆိုရင် အဖေ့ကို ထိုက်ချူ ကုန်းမြေကြီးကို ခေါ်သွားပေးမယ်နော်။ အဲ့ကုန်းမြေကြီးက ကျန်းချီကုန်းမြေကြီးထက် အများကြီးကြီးတယ်။ အဲ့တာက တကယ့်ကို အဆုံးမရှိ ကျယ်ပြောတဲ့ ကမ္ဘာကြီးလေ။”

“အဖေ့လို လူမျိုးတွေက ကောင်းကင်ဘုံ ခုံရုံးကို သွားဖို့ အတော်လေးခက်တယ်မဟုတ်လား။” အန်မင်ချွန်က မျက်မှောင် ခပ်ဖွဖွကြုတ်လိုက်၏။

“အဲ့တာက ကျွန်တော်တို့က သာမန်လုပ်ရိုးလုပ်စဉ်အတိုင်း သွားရင်လေ။ ဒါပေမဲ့ အဲ့တာအဆင်ပြေပါတယ်။ ကျွန်တော်တို့ အနောက်တံခါးကနေ ဝင်လို့ရတယ်လေ။” အန်လင်းက ဂုဏ်ယူစွာ ပြောလာ၏။

အန်မင်ချွန်က အန်လင်းအား ထူးဆန်းစွာကြည့်လိုက်၏။ သူက 'အနောက်တံခါးမှ ဝင်သည်'ဆိုသည့်အကြောင်းကို ပြောနေစဉ်တွင် အဘယ့်ကြောင့် အနည်းငယ်လေးမှ ရှက်နေပုံ မပေါ်ရသနည်း။ သူ့က ထိုအစား သူ့ကိုယ်သူအတော်လေး ဂုဏ်ယူနေပုံရ၏။

ကောင်းကင်ဘုံ ခုံရုံးမှ လူများက အနောက်တံခါးမှ ဝင်လာသူများဖြစ်ခြင်းကို ဂုဏ်ယူနေကြသည်လား။

“ဟုတ်ပြီ။ ငါတို့က ထိုက်ချူကုန်းမြေကြီးကို သွားမဲ့ အကြောင်း နောက်တစ်ခေါက်မှ ပြောကြတာပေါ့။” အန်မင်ချွန်က အန်လင်း၏ မျက်လုံးထဲသိ့ နက်နက်ရှိုင်းရှိုင်းကြည့်လာကာ ပြောလိုက်၏။ “လင်းလေး၊ တကယ်တော့ သားက တိုးတက်ဖို့အတွက် အရမ်းကြီး ကြိုးစားနေစရာ မလိုပါဘူး။ အဲ့တာအတွက် အချိန်ယူအုံး။ ဥပမာပြောရမယ်ဆိုရင် သားက လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း အိပ်ယာပေါ်မှာပဲလှဲနေရတာ။ တခြားသူတွေက အတိအကျ မပြောပြပေမဲ့လည်း အဖေက ဒီတစ်ခေါက် သားဘယ်လောက် အန္တရာယ် များခဲ့လဲဆိုတာ အကြမ်းဖျင်းတော့ သဘောပေါက်တယ်။ သားသာ တစ်ခုခုဖြစ်သွားခဲ့ရင် အဖေတစ်ယောက်တည်း ကျင့်ကြံရတဲ့ ရည်ရွယ်ချက်က ဘာဖြစ်မလဲ...။”

“အဖေ...” အန်လင်း၏ နှလုံးသားက တုန်ယင်သွားကာ ပြောစရာ စကားပျောက်ရှသွားပြီး တိတ်ဆိတ်သွားတော့၏။

နောက်ဆုံးတွင်တော့ အန်လင်းက ကမ္ဘာပေါ်သို့ ပြန်လာရန် အခွင့်အရေးရခဲ့လေပြီ။ သို့သော် သူက ပထမဆုံးတွင် ရေခဲရုပ်ထုအဖြစ် ပြောင်းသွားပြီး အခုတွင်တော့ များစွာသော ဒဏ်ရာများဖြင့် အိပ်ယာထဲတွင် လှဲနေရ၏။ ထိုအခြေအနေများအရ အန်မင်ချွန်က သူ့အတွက် စိတ်ပူသည်မှာ အံ့ဩစရာတော့ မရှိပါချေ။

တိတ်ဆိတ်ခြင်းက တံခါးပေါက်မှ တံခါးခေါက်သံကြောင့် ရုတ်တရက် ပြိုကွဲသွားလေ၏။

“အန်ကိုကြီး အန်၊ အစ်ကိုက နောက်ဆုံးတော့ နိုးလာပြီပေါ့။ ဝုတ်...” တပိုင်က အန်လင်းဆီသို့ စိတ်လှုပ်ရှားစွာ တိုးဝင်လာ၏။

“ဟားဟား... မင်းအခုတစ်လော ဘာတွေလုပ်နေတာလဲ တပိုင်။” အန်လင်းက တပိုင်မျက်နှာကို မြင်လိုက်သောအခါ ရယ်မောလိုက်လေ၏။

“အို... အရင်လိုပါပဲ။ လှပတဲ့ မိန်းမတစ်ချို့ကို ကြည့်တယ်။ စာအုပ်တစ်ချို့ ဖတ်တယ်။ ဗီဒီယိုတစ်ချို့ကြည့်တယ်။ ဝုတ်...” တပိုင်က စကားပြောသည့်အခါ လျှာကိုယမ်းနေလေ၏။

အန်လင်းက မျက်လုံးလှန်လိုက်လေ၏။ “အဲ့သုံးခုလုံးက တစ်ခုတည်း အတူတူပဲမလား။”

“အစ်ကိုကြီးအန်က ငါ့ကို ကောင်းကောင်းသိတာပ​ဲ။ ဝုတ်... “ တပိုင်က ကျေနပ်နေသော အမူအရာဖြင့် အန်လင်းကို ကြည့်လိုက်၏။

“အို... ဟုတ်သား။ ငါမင်းအတွက် လက်ဆောင်တစ်ခု ပြန်ယူလာတယ်။” အန်လင်းက သိုလှောင်လက်စွပ်ကို လှည့်ပတ်ရှာဖွေကာ တပိုင်ကို လက်ကမ်းပေးရန် လက်အိတ်တစ်စုံထုတ်လိုက်ပြီး ​ပြောလာလေ၏။ “အဲ့တာတွေကို ကောင်းကင် ပြိုကွဲစေနိုင်တဲ့ လက်သည်းလို့ခေါ်တယ်။ သူတို့က စွမ်းအားအကြီးဆံုး စိတ်ဝိညာဉ် ကိရိယာတွေ။ မင်းသူတို့ကို ပျိုးထောင်ပေးရင် သူတို့က အင်မော်တယ် ကိရိယာအဖြစ် တိုးတက်လာနိုင်တဲ့ အခွင့်အရေးကောင်းရှိတယ်။ သူတို့က သတ္ထုအမျိုးအစားနဲ့ လေအမျိုးအစား မန္တန်နည်းလမ်းတွေမှာ ကြီးမားတဲ့ ဆတိုးခြင်း အကျိုးသက်ရောက်မှုရှိတာမို့ မင်းနဲ့ဆို ကွက်တိပဲ။”

တပိုင်၏ ကြီးမားပြီး မျက်ရည်များပြည့်နေသော မျက်လုံးများက လက်အိတ်တစ်စုံကို ကိုင်ထားရင်း မယုံနိုင်မှုဖြင့် ပြူးကျယ်နေတော့၏။ သူက ထိုထဲမှ ထုတ်လွှတ်နေသော အစွမ်းထက် စွမ်းအင် မတည်ငြိမ်မှုများကို ကြုံတွေ့ရပြီး နောက်ဆုံးတွင်တော့ ထိုသည်များမှာ ထိပ်ဆုံးအဆင့် စိတ်ဝိညာဉ် ကိရိယာများဖြစ်သည်ကို ယုံကြည်သွားတော့သည်။

“ဝါး... အစ်ကိုကြီး အန်၊ မင်းက ငါ့အတွက် တကယ်ကြီး လက်ဆောင် ပြန်ဝယ်လာပေးတာကို မယုံနိုင်သေးဘူး...”

“ဒါကပထမဆုံးပဲ။ မင်းက ငါ့ကို တစ်ခါမှ လက်ဆောင်မပေးဖူးဘူး။ ငါအရင်က ဒီလို ကောင်းမွန်တဲ့ လက်ဆောင် တစ်ခါမှ မရဖူးဘူး။ ငါက တစ်ခါတုန်းကဆို ငါက အတားအဆီးမရှိ၊ အချစ်မခံရတဲ့ ခွေးလေခွေးလွင့်တစ်ကောင်လို့ ထင်ခဲ့ဖူးတယ်...ဒါပေမဲ့ တကယ်တော့ မထင်ပါဘူးလေ...။ အိုး... ငါအရမ်းကို ရင်ထဲထိသွားပြီ။ ဝုတ်...”

တပိုင်၏ စိတ်လှုပ်ရှားမှုက အဆီအငေါ်တည့်သော စာကြောင်းတစ်ခုဖွဲ့စည်းရန် သူ့ကြိုးစားနေမှုကို ဟန့်တားထားပြီး သူက အန်လင်းဆီသို့ ခုန်အုပ်ကာ သူ့မျက်နှာကို အပြင်းအထန် လျက်နေတော့သည်။

အန်လင်းသည် တပိုင်က သူ့အဖေရှေ့တွင် သူ့အပေါ်သို့ အတင်းအကြပ်တက်လာမည်ဟု မမျှော်လင့်ထားပါပေ။ သူက လုံးဝ မောပန်းနေကာ မခုခံနိုင်သောကြောင့် ဒေါသဖြင့် ပြန်ပြောရန်သာ တတ်နိုင်ပေ၏။ “မင်းကန်းနေလား။ ဒါက ဘယ်လိုလုပ်ပြီးတော့များ မင်းကို ပထမဆုံး အကြိမ် လက်ဆောင်ပေးတာ ဖြစ်ရမှာလဲ။ ငါအရင်က မင်းကို မြွေအင်ပါယာ ဆေးတောင့်တေွ အများကြီး ပေးဖူးတယ်လေ။ အဲ့တာတွေ အကုန် ခွေးစားသွားလို့လား။”

“ဟုတ်တယ်။ အဲ့တာတွေက ငါစားလိုက်တာ။ ဝုတ်...” တပိုင်က စိတ်လှုပ်ရှားစွာ ပြန်ဖြေလာ၏။

သူက အန်လင်း၏ ဗိုက်ပေါ်တွင်ထိုင်ကာ အန်လင်း၏ လက်ကောက်ဝတ်များကို သူ့​လက်များဖြင့်ဖိထားပြီး သူ့၏ ကျေးဇူးတင်ရှိခြင်းကို စိတ်အားထက်သန်စွာ ဖော်ပြနေလေ၏။

***

All Chapters