← Chapters

အခန်း (၆၇၉)

Vol. 58 Ch. 679

အခန်း (၆၇၉)

Vol. 58 Ch. 679

ချန်ကျဲ့ သိုင်းကျမ်းများကို ကြည့်ပြီးနောက် ၎င်းမှာ ရှန်းရှီးရှိ ဖုဟူဂိုဏ်းမှဖြစ်ကြောင်း သိလိုက်သည်။

ဒဏ္ဍာရီများအရ ဖုဟူဂိုဏ်းသည် မျန့်ရွှေစီရင်စုတွင် ငါးဖမ်းကုန်သည်အဖွဲ့၏ အဆင့်အတန်းနှင့် ဆင်တူသည့် ဒေသခံဂိုဏ်းတစ်ခု ဖြစ်သည်။ ဖုဟူလက်သီးသိုင်းသည် ထိုဂိုဏ်း၏ ကိုယ်စားပြုသိုင်းပညာဖြစ်သည်။

အကြီးအကဲအဆင့်နှင့်အထက် ဂိုဏ်းသားများသာလျှင် ထိုသိုင်းကို ကျင့်ကြံခွင့်ရှိသည်။

ဤလောကတစ်ခွင်၌ မျန့်ရွှေ၏ ငါးဖမ်းကုန်သည်အဖွဲ့နှင့် ချောင်ကုန်သည်အဖွဲ့ကဲ့သို့ အဖွဲ့အစည်းများစွာ တည်ရှိသည်ကို ချန်ကျဲ့သိသည်။ ၎င်းအဖွဲ့အစည်းအများစုသည် တော်ဝင်နန်းတော်ကို ကူညီကာ သက်ဆိုင်ရာဒေသအတွင်းရှိ သာမန်ပြည်သူများကို စီမံအုပ်ချုပ်ပေးကြသည်။

ကူညီခြင်းတော့လည်း မဟုတ်ပါချေ။ ၎င်းမှာ နိုင်ငံရေးဆိုင်ရာ ဂေဟစနစ်တစ်ခုသာ ဖြစ်ပေသည်။

မည်သို့ပင်ဖြစ်စေ ဤဖုဟူလက်သီးသိုင်းကို အကြီးအကဲအဆင့်နှင့်အထက် ဂိုဏ်းသားများသာ ကျင့်ကြံခွင့်ရှိခြင်းမှာ ဤသိုင်းသည် အင်အားကြီးမားသည်ဟု ဆိုလိုပေသည်။

ချန်ကျဲ့ သေချာကြည့်ရှုပြီးနောက် အမှန်တကယ်ပင် အင်အားကြီးမားကြောင်း အတည်ပြုနိုင်လိုက်သည်။

အင်း ဒီလောက်အင်အားကြီးမားလို့လည်း နန်ပါးထျန်းက စုဆောင်းထားတာပေါ့။

ကြမ်းကြုတ်ကျားသိုင်း၁၃ကွက်သည်လည်း ဖုဟူလက်သီးသိုင်းနှင့် ကျင့်စဉ်ဆင်တူသည်။ သို့သော် ကြမ်းကြုတ်ကျားသိုင်းသည် လက်နက်အသုံးပြုရ၏။ အထူးသဖြင့် တစ်ဖက်သွားဓားရှည်ကို အသုံးပြုရလေသည်။

ချန်ကျဲ့သည် တစ်ဖက်သွားဓားကို အသုံးပြုသူမဟုတ်သဖြင့် သူ့အတွက် အသုံးမဝင်လှပေ။ သို့သော် တစ်ကြိမ်မျှ သေချာဖတ်ကြည့်ခြင်းသည် သူ့အတွက် အထောက်အကူဖြစ်နိုင်ပြီး အချို့သော သိုင်းကျင့်စဉ်များကို နားလည်နိုင်စေရန် အထောက်အကူပြုသည်။

ချန်ကျဲ့အတွက် ဤသိုင်းကျမ်းနှစ်ခုသည် များများစားစား အထောက်အကူမဖြစ်လှပေ။ အများဆုံးမှ သူ့ကို ဗဟုသုတ တိုးပွားစေရုံသာ ဖြစ်သည်။

သို့သော် တတိယမြောက်သိုင်းကျမ်းသည် ချန်ကျဲ့အတွက် အနည်းငယ် အထောက်အကူဖြစ်ပါ၏၊

၎င်းသည် အတွင်းအားကျင့်စဉ်တစ်ခုဖြစ်သည်။ ၎င်းအတွင်းအားကျင့်စဉ်၏ အဆင့်သည် အရေးမကြီးပေ။ ခြုံငုံလိုက်သော် ဤသုံးမျိုးပေါင်းစည်းကျင့်စဉ်သည် ချန်ကျဲ့၏ယန်ချွမ်ကျင့်စဉ်နှင့် ယှဉ်နိုင်သည့်အရာ မဟုတ်ချေ။

သို့သော် ၎င်းအတွင်းရှိ ကျင့်စဉ်အကြောင်းအရာ အယူအဆသည် အရေးပါလှသည်။

သုံးမျိုးပေါင်းစည်းကျင့်စဉ်သည် စွမ်းအင်ပေါင်းစည်းသည့်ပုံစံ ဖြစ်သည်။ ကျင့်ကြံချိန်တွင် အတွင်းအား၊ ပြင်ပအားနှင့် သဘာဝအားဟူ၍ ကျင့်ကြံနည်းသုံးမျိုးအဖြစ် ခွဲခြားထားသည်။

တိုက်ခိုက်ချိန်တွင် ထိုစွမ်းအင်သုံးမျိုးသည် ပေါင်းစည်းသွားပြီး နက်ရှိုင်းသည့်စွမ်းအင်ကို ဖန်တီးပေးလိမ့်မည်။ အထက်ရှိမိတ်ဆက်စာကို ဖတ်ကြည့်ပြီးနောက် ချန်ကျဲ့ အကြံတစ်ခု ထွက်ပေါ်လာ၏။

ဒီစွမ်းအင်သုံးမျိုးထဲက အတွင်းအားကို ယန်ချွမ်ကျင့်စဉ်နဲ့ အစားထိုးလိုက်ရင်ရော..

ပြီးတော့ ပြင်ပအားကို နဂါးနိုင်လက်ဝါးသိုင်းနဲ့ ပေါင်းမယ်။ ဒီလိုနှစ်ခုပေါင်းလိုက်တဲ့အင်အားက ခွဲထုတ်အသုံးပြုရတဲ့အင်အားထက် အများကြီးပိုပြီး သက်ရောက်မှုအားကောင်းမှာပဲ။

သို့ဖြင့် ချန်ကျဲ့သည် သုံးမျိုးပေါင်းစည်းကျင့်စဉ်ကို သေချာဖတ်ရှုလေ့လာသည်။ မြန်မြန်ပြီးစီးရန် အဓိကမထားဘဲ သိုင်းကျင့်စဉ်၏သီအိုရီအား အဓိကထား လေ့လာသည်။

လက်နက်ကိုပါ ထပ်ပေါင်းသုံးမယ်ဆိုရင်

ယန်ချွမ်ကျင့်စဉ်ရဲ့အတွင်းအား၊ နဂါးနိုင်လက်ဝါးသိုင်းရဲ့ပြင်ပအားအပြင် သဘာဝအားနဲ့ လက်နက်အသုံးပြုတဲ့ အတိဒုက္ခဆယ့်သုံးပါးလှံသိုင်းကို ပေါင်းလိုက်မယ်ဆိုရင်ရော

ဒီလိုပေါင်းစည်းလိုက်တာက မယုံကြည်နိုင်လောက်အောင် အင်အားကြီးမားမှာပဲ။

သို့သော် ထိုသို့ပေါင်းစည်းခြင်းကို အောင်မြင်ခြင်းငှာ အလွန်ခက်ခဲ၏။ ဤသုံးမျိုးပေါင်းစည်းကျင့်စဉ်ကို ဖန်တီးခဲ့သူသည် အမှန်စင်စစ်သော ပါရမီရှင်ကြီး ဖြစ်ပေလိမ့်မည်။ ထိုလူသည် ဤစွမ်းအင်သုံးမျိုးအား တဖြည်းဖြည်းချင်း ပေါင်းစည်းနိုင်မည့်နည်းလမ်းကို ရှာတွေ့ခဲ့သည် မဟုတ်ပါလော။

သုံးမျိုးပေါင်းစည်းကျင့်စဉ်သည် ချန်ကျဲ့ကို ဤသို့အတွေးအမြင်မျိုး ပေးစွမ်းခဲ့လေသည်။

ဤသုံးမျိုးပေါင်းစည်းကျင့်စဉ်ကို ဖန်တီးခဲ့သူသည် တောင်ပိုင်းစုန့်ခေတ်မှ ချွမ်ကျန်းဂိုဏ်း၏ အကျော်အမော်ကြီးငါးဦးထဲမှ လူထူးဆန်းအဖြစ် ကျော်ကြားခဲ့သည့် ကျုံးရှန်ထုံး၊ ကျိုးပေါ်ထုံးတို့တမျှသော ပါရမီရှင်ကြီးတစ်ယောက်ဟု ချန်ကျဲ့ ခံစားလိုက်ရသည်။

ကျိုးပေါ်ထုံးသည် ခုံးမင်လက်သီးသိုင်းကို ဦးစွာ ဖန်တီးခဲ့ပြီး လက်ဗလာနှစ်ဖက်ဖြင့် တိုက်ခိုက်နိုင်ခဲ့သည်။

ဤသုံးမျိုးပေါင်းစည်းကျင့်စဉ်သည် အတွင်းအားနှင့် ပြင်ပအားကို တစ်ခုတည်းအဖြစ် ပေါင်းစည်းစေနိုင်ပြီး စွမ်းအင်သုံးမျိုးနှင့်အတူ သိုင်းပညာသုံးမျိုးကိုလည်း အသုံးပြုနိုင်စေရာ အောင်မြင်သွားပါက ပါရမီရှင်တစ်ဦးအဖြစ် သေချာပေါက် အသိအမှတ်ပြုခံရသင့်ပေသည်။

သို့သော် ဤသိုင်းကျင့်စဉ်သည် အဆင့်မြင့်ကျင့်စဉ်တစ်ခုတော့ မဟုတ်ချေ။ အကြောင်းမှာ ထိုစွမ်းအင်သုံးမျိုးသည် သံမဏိအရိုးအဆင့်သာ ဖြစ်ကြ၏။

အတူပေါင်းစည်းလိုက်မှ သုံးမျိုးပေါင်းစည်းခြင်း ဖြစ်တည်လာသည်။

ဘာလို့ အင်အားကြီးမားတဲ့သိုင်းကျင့်စဉ်တွေအစား သံမဏိအရိုးအဆင့်သိုင်းကျင့်စဉ်တွေကို ပေါင်းစည်းဖို့ အသုံးပြုရတာလဲ။

ဒီသိုင်းကိုတီထွင်သူက အဆင့်မြင့်သိုင်းကျင့်စဉ်တွေကို ကိုင်တွယ်ဖို့ရာ အရမ်းအားနည်းလွန်းလို့လား ဒါမှမဟုတ် ပိုအင်အားကြီးမားတဲ့သိုင်းတွေက ဆန့်ကျင်အား ပိုများလို့ ပေါင်းစည်းရတာ ပိုခက်ခဲလို့လား။

ချန်ကျဲ့ ခေါင်းခါလိုက်သည်။ ဤအချက်ကိုတော့ နောက်မှ သူကိုယ်တိုင် လေ့လာဆန်းစစ်ရပေမည်။

ချန်ကျဲ့ အတွေးထဲနစ်မြောနေစဉ် အပြင်ဘက်မှ ဆူညံသံတချို့ကြားလိုက်ရသည်။ ရှောင်ဟူမှ အော်ပြောလာ၏။

“ဟားဟား အစ်ကိုကျိုး အစ်ကိုလုပ်နိုင်သွားပြီ။ အစ်ကိုအောင်မြင်သွားပြီ”

ကျိုးချူလည်း အော်ဟစ်လာသည်။

“ဟားဟား ငါစွမ်းအင်ပြောင်းလဲခြင်းအဆင့်ကိုတက်လှမ်းသွားပြီ။ ငါစွမ်းအင်ပြောင်းလဲခြင်းအဆင့်ကို တက်လှမ်းသွားပြီ”

စိတ်လှုပ်ရှားပျော်ရွှင်နေသည့် ထိုစကားများကို ကြားလိုက်သည်တွင် ချန်ကျဲ့လည်း အခန်းထဲမှ ထွက်ကာ အပြင်ဘက်ရှိ လူနှစ်ဦးဆီသို့ သွားလိုက်သည်။ ကျိုးချူသည် ချန်ကျဲ့ကို ကြည့်လာပြီး ပြောသည်။

“ခန်းမအရှင်သခင် ငါစွမ်းအင်ပြောင်းလဲခြင်းအဆင့်ကို တက်လှမ်းသွားပြီ”

ချန်ကျဲ့ ကျိုးချူကို ပြောလိုက်သည်။

“ကောင်းတယ် လောင်ကျိုး။ ငါ့ကို လက်ဝါးသိုင်းကွက်တစ်ကွက်လောက် တိုက်ခိုက်ကြည့်ပါဦး”

ထိုအခါ ကျိုးချူသည် ချန်ကျဲ့ကို လက်ဝါးရိုက်ချက်ဖြင့် တိုက်ရိုက်တိုက်ခိုက်သည်။ ချန်ကျဲ့လည်း လက်မြှောက်၍ လက်ဝါးသိုင်းကွက်ဖြင့်သာ ခုခံလိုက်ရာ ကျိုးချူမှာ အားမာန်တက်ကြွသည့် စွမ်းအင်များဖြင့် ပြည့်ဝနေကြောင်း ခံစားလိုက်ရသည်။ ထိုချီစွမ်းအင်လှိုင်းတစ်လုံးသည် ကျိုးချူမှာ စွမ်းအင်ပြောင်းလဲခြင်းအဆင့်သို့ အောင်မြင်စွာ တက်လှမ်းသွားပြီဖြစ်ကြောင်း အတည်ပြုပေးနေသည်။ ကျိုးချူသည် စိတ်ဝိဉာဉ်ပြောင်းလဲဆေးလုံးကို တစ်လုံးလုံး သောက်သုံးခဲ့သောကြောင့် ရှောင်ဟူ ကျင့်ကြံဆင့်တက်လှမ်းစဉ်ကထက် ပို၍ အခြေအနေကောင်းမွန်ပေသည်။

ထိုအချိန်က ရှောင်ဟူသည် ဆေးလုံးတစ်ဝက်သာလျှင် သောက်သုံးခဲ့ပြီး စွမ်းအင်ပြောင်းလဲခြင်းအဆင့်သို့ ခက်ခက်ခဲခဲတက်လှမ်းခဲ့ရခြင်း ဖြစ်သည်။ ထို့ကြောင့် အခြေခံအားနည်းခဲ့ရ၏။ သို့သော် နောက်ပိုင်းတွင် ချန်ကျဲ့၏အကူအညီဖြင့် အားဖြည့်နိုင်ခဲ့ကာ သာမန်စွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းပညာရှင်များကဲ့သို့ တန်းတူဖြစ်နိုင်ခဲ့သည်။

ကျိုးချူသည် ဆေးတစ်လုံးအပြည့် သောက်သုံးခဲ့ရသောကြောင့် သူ၏ကျင့်ကြံဆင့်တက်လှမ်းမှုသည် သာမန်ဖြစ်ပြီး ကျင့်ကြံဆင့်သည်လည်း ချို့ယွင်းမှုမရှိခဲ့ချေ။

ချန်ကျဲ့မှ ဆက်ပြောသည်။

“မင်း ကျင့်ကြံဆင့်တက်သွားပြီဆိုပေမဲ့ မင်းရဲ့သိုင်းကွက်တွေကတော့ အားနည်းလွန်းတယ်။ ရော့ ဒီသိုင်းကျမ်းသုံးခုကိုယူသွားပြီး လေ့လာချည်”

ချန်ကျဲ့ သိုင်းကျမ်းသုံးအုပ်ကို ကျိုးချူထံ ပစ်ပေးလိုက်ရင်း ပြောသည်။

“အဲဒီသိုင်းကျမ်းတွေကို မပျက်စီးစေနဲ့နော်။ အဲဒါ ကုန်သည်အဖွဲ့ရဲ့ပိုင်ဆိုင်မှုပဲ။ မင်းလေ့လာလို့ပြီးရင် စာကြည့်ဆောင်ကို ပြန်အပ်ရမယ်”

ထိုအခါ ကျိုးချူ ပြုံးလိုက်ပြီး ပြန်ပြောသည်။

“သိပါပြီ ခန်းမအရှင်သခင် ဟားဟားဟား….”

ကျိုးချူသည် အလွန်ပျော်ရွှင်နေ၏။ နောက်ဆုံးတွင်တော့ စွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းပညာရှင်တစ်ဦးဖြစ်လာခဲ့ပြီး မျန့်ရွှေစီရင်စု၏ အထင်ကရပုဂ္ဂိုလ်တစ်ဦး ဖြစ်လာတော့ပေမည်။

ဟားဟားဟား…

အစောင့်အရှောက်ကြီး၁၃ဦးအဖွဲ့ဝင်တစ်ယောက်လည်း ဖြစ်ကောင်းဖြစ်လာနိုင်သေးသည်။

အခုအချိန်ကစပြီးတော့ မျန့်ရွှေစီရင်စုမှာ ငါ့ကို လူကြီးမင်းကျိုးလို့ တလေးတစားနဲ့ မခေါ်တဲ့သူ မရှိနိုင်တော့ဘူးကွ ဟားဟား..

ဟီးဟီး ဒီနေ့ညတော့ ငါအိမ်ပြန်ပြီး ဇနီးလေးကို အံ့အားသင့်စရာလေးပေးရမယ်။ ပြီးရင် ငါ့ကို ခြေထောက်ရေဆေးပေးခိုင်းရမယ် ဟားဟားဟားဟား…

ကျိုးချူမှာ အတွေးများဖြင့် အလွန်ပျော်ရွှင်မြူးတူးနေတော့သည်။

ထိုစဉ် ချန်ကျဲ့မှ ပြောသည်။

“ဒီမှာ ဘာမှထပ်မရှိလောက်တော့ဘူး။ ခဏနေရင် ကျားဖြူခန်းမအဖွဲ့သားတွေကို ဒီက သိုင်းကျမ်းတွေနဲ့ ပစ္စည်းတွေအကုန်လုံးကို ကျားဖြူခန်းမဆီ ပြောင်းရွှေ့ခိုင်းလိုက်မယ်။ အခုကစပြီးတော့ ကျားဖြူခန်းမက ငါးဖမ်းကုန်သည်အဖွဲ့ရဲ့ဌာနချုပ်ပဲ။ ဒီနေရာကိုတော့ လက်အောက်ခံခန်းမ ဖွဲ့စည်းမယ်”

“ဟုတ်ကဲ့”

ရှောင်ဟူနှင့် ကျိုးချူတို့ တစ်ပြိုင်နက်တည်း ပြန်တုံ့ပြန်သည်။

ထို့နောက် ချန်ကျဲ့သည် ချီစွမ်းအင်ဆေးလုံးအတွက် လိုအပ်သည့်ပစ္စည်းများကို ကိုယ်တိုင်ကိုယ်ကျ သယ်သွားလိုက်သည်။ ကျန်ပစ္စည်းများနှင့် သိုင်းကျမ်းများသည် ထိုမျှ အဖိုးမတန်လေရာ ကျားဖြူခန်းမအဖွဲ့သားများကိုသာ သယ်ပို့စေသည်။

အလုပ်များလွန်းခဲ့သည့် အချိန်အဆုံး၌ နေ့အလင်းရောင် ထွက်ပေါ်လာခဲ့တော့သည်။

All Chapters