အခန်း (၆၈၁)
Vol. 58 Ch. 681
အခန်း 681
“အင်း”
“ငါ ငါ ခန်းမအရှင်သခင်ချန်ကို ပျက်ရယ်ပြုမိခဲ့တာလား”
“အင်း”
“ငါ…”
“အင်း မင်း အကုန်လုပ်ခဲ့တယ်”
အနီးရှိ စားသုံးသူများအားလုံး ခေါင်းညိတ်ထောက်ခံကြ၏။ တစ်ယောက်မှ ထိုလူ၏ပခုံးကို ဖွဖွပုတ်ကာ ပြောသည်။
“ခုနကနေရာမှာ နန်ပါးထျန်းသာဆိုရင် မင်းကတော့ တစ်ကိုယ်လုံး ပေါက်ကွဲသွားပြီးလောက်ပြီ။ ခန်းမအရှင်သခင်ချန်က စိတ်သဘောထားကြီးမားလို့သာ မင်းအခုထိ ရပ်နေနိုင်သေးတာ”
ထိုအခါ ခုနက လေလုံးထွားနေခဲ့သူသည် ခန္ဓာကိုယ်မှ ဝိဉာဉ်ထွက်သွားသူအလား ဒုန်းခနဲ ထိုင်ချလိုက်တော့သည်။
ထိုအချိန်၌ ဆိုင်ရှင်သည် ဖက်ထုပ်ပန်းကန်တစ်လုံးနှင့်အတူ ပြန်ထွက်လာပြီး ဖက်ထုပ်ပန်းကန်လုံးကို စားပွဲတွင်ချကာ ပြောသည်။
“ဘာမှမဖြစ်ပါဘူးကွာ။ မင်းက ခန်းမအရှင်သခင်ချန်ကို မကောင်းပြောတာမှ မဟုတ်ဘဲ။ စိတ်မပူပါနဲ့။ ခန်းမအရှင်သခင်ချန်က နန်ပါးထျန်းလို မဟုတ်ပါဘူး။ ခန်းမအရှင်သခင်ချန်က အရမ်းရင်းနှီးတတ်တဲ့သူပါ။ သူသာ မျန့်ရွှေကို စီမံအုပ်ချုပ်ရင် ငါတို့အားလုံး ကောင်းချီးပေးခံရတာပဲ”
ထို့နောက် စားသုံးသူများမှ မေးသည်။
“ဆိုင်ရှင် ခင်ဗျားက ခန်းမအရှင်သခင်ချန်ကို ဘယ်လိုလုပ်သိနေတာလဲ”
ထိုအမေးစကားတွင် အခြားစားသုံးသူများသည်လည်း စူးစမ်းလိုစိတ်ပြင်းပြလာကြသည်။
ဒီလိုဖက်ထုပ်ဆိုင်လေးရဲ့ပိုင်ရှင်က ဘယ်လိုလုပ်ပြီး ခန်းမအရှင်သခင်ချန်နဲ့ သိနေရတာလဲ။
ဆိုင်ရှင်သည် ကိုယ်ကိုမတ်လိုက်ရင်း မနီးမဝေးရှိ အိမ်တစ်လုံးကို လက်ညှိုးညွှန်ပြရင်း ပြောသည်။
“အဲဒါကိုမြင်လား။ ခန်းမအရှင်သခင်ချန် မျန့်ရွှေကို စရောက်တုန်းက အဲဒီရှေ့က အသီးအရွက်စျေးကြီးက အဲဒီအိမ်မှာ နေခဲ့တာ”
လူအုပ်ကြီးသည် ချက်ချင်း နားလည်သွားခဲ့သည်။
…
“အဘိုးယန်ရဲ့ဖက်ထုပ်တွေက ပိုကောင်းပြီးရင်း ကောင်းလာနေတော့တာပဲ”
ချန်ကျဲ့သည် မြင်းစီးရင်း သွားကြားထိုးနေသည်။ ရှောင်ဟူမှ ပြောသည်။
“အင်း ဒီတစ်ခေါက် အသားအစာသွပ်က ပိုကြီးလာတယ်”
ချန်ကျဲ့မှ ပြောသည်။
“ဆိုင်ရှင်က အမြဲတမ်း ငါတို့အတွက် အသားတွေ ပိုချန်ထားတတ်တယ်။ အိုး ဒါနဲ့ မင်းပိုက်ဆံရှင်းခဲ့လား”
“စိတ်ချပါ အစ်ကိုကျိုစစ် ကျွန်တော် တစ်ပွဲစာပိုပေးခဲ့ပါတယ်”
ချန်ကျဲ့မှ ပြန်ပြောသည်။
“အင်း သူ့ကို အရှုံးမပေါ်စေနဲ့”
ရှောင်ဟူမှ ပြောသည်။
“အစ်ကိုကျိုစစ် ကျွန်တော်တို့ နောက်ကျ အမြဲတမ်း ဖက်ထုပ်ပဲ စားနေလို့ မဖြစ်တော့ဘူး”
ထိုအခါ ချန်ကျဲ့မှ ပြောသည်။
“အင်း ဟုတ်တယ်၊ ဒီလိုက သူ့စီးပွားရေးကို ထိခိုက်စေလိမ့်မယ်”
“အဲဒီလိုမဟုတ်ဘူး အစ်ကိုကျိုစစ်။ အစ်ကိုက ကုန်သည်အဖွဲ့ခေါင်းဆောင်ဖြစ်လာတော့မှာလေ။ တစ်ချိန်လုံး အပြင်မှာစားနေလို့ တစ်ယောက်ယောက်သိသွားရင် အဆိပ်ခတ်ခံရနိုင်တယ်။ အဲဒီလိုက ကျွန်တော်တို့လည်း အစ်ကို့ကို ကာကွယ်ပေးရခက်တယ်”
ထိုအခါ ချန်ကျဲ့မှ ပြောသည်။
“မှတ်ထားလိုက်ပြီ။ ငါ ထပ်မသွားတော့ဘူး”
အဆင့်အတန်းပြောင်းလဲမှုသည် လူတစ်ယောက်၏ တစ်ချိန်က ရိုးရှင်းသည့်ပျော်ရွှင်မှုများကို ဆုံးရှုံးရစေနိုင်သည်။ ချန်ကျဲ့ကဲ့သို့ပင် ကုန်သည်အဖွဲ့ခေါင်းဆောင်ဖြစ်လာပြီးနောက်၌ လမ်းဘေးဆိုင်များတွင် အရင်ကဲ့သို့ စိတ်တိုင်းကျ စားသောက်၍ မဖြစ်တော့ချေ။
သူတို့နှစ်ဦးသည် ကျားဖြူခန်းမသို့ အမြန်ပြန်လာခဲ့ကြသည်။
သူတို့သည် ဂိတ်တံခါးဝအထိ မြင်းစီးသွားကြသည်။ ထိုအခါ အထဲမှ လူအချို့သည် နံရံကျော်ကာ ခေါင်းပြူကြည့်လာကြသည်။ ချန်ကျဲ့ကိုမြင်သောအခါ စိတ်လှုပ်ရှားစွာဖြင့် အော်ပြော၏။
“ခန်းမအရှင်သခင်ချန်ပြန်လာပြီ ခန်းမအရှင်သခင်ချန်ပြန်လာပြီ”
ထိုအခါ တံခါးသည် လျင်မြန်စွာ ပွင့်သွားပြီး စစ်ရှီးမှ ထွက်လာပြီး နှုတ်ဆက်သည်။
စစ်ရှီး၏မျက်လုံးများ နီရဲနေသည်ကို မြင်သည်တွင် စစ်ရှီးမှာ တစ်ညလုံး မအိပ်ရသေးကြောင်း ချန်ကျဲ့ နားလည်လိုက်သည်။
ချန်ကျဲ့ စစ်ရှီး၏ပခုံးကိုပုတ်၍ ပြောသည်။
“မင်းပင်ပန်းသွားရပြီ။ အခုစိတ်လျှော့လိုက်တော့။ အားလုံးကိုလည်း အနားယူခိုင်းလိုက်တော့။ မင်းလည်း နည်းနည်းလောက် သွားအိပ်လိုက်ဦး”
ထိုအခါ စစ်ရှီးမှ ပြောသည်။
“ဟုတ်ကဲ့၊ ငါးဖမ်းကုန်သည်အဖွဲ့က…”
ချန်ကျဲ့မှ ပြောသည်။
“နန်ပါးထျန်း ထွက်ပြေးသွားပြီ။ အခု ငါးဖမ်းကုန်သည်အဖွဲ့ဌာနချုပ်ကို ငါအုပ်ချုပ်ရတော့မှာ။ ဒါနဲ့ ခဏနေရင် တန်ဖိုးကြီးသိုင်းကျမ်းတွေနဲ့ ဆေးဖက်ဝင်ပစ္စည်းတွေ လာပို့လိမ့်မယ်။ မင်း လက်ခံယူပေးထားဦး။ ဆေးတွေကို သိုလှောင်ရုံဆီ ပို့လိုက်။ သိုင်းကျမ်းတွေကိုတော့ စာကြည့်ဆောင်မှာ သိမ်းမယ်”
“ကောင်းပြီ။ ကျွန်တော်ကိုယ်တိုင် စောင့်ကြည့်လိုက်ပါ့မယ်”
“မလိုဘူး။ တစ်ယောက်ယောက်ကိုပဲ တာဝန်ပေးလိုက်”
ချန်ကျဲ့မှ ပြောသည်။
စစ်ရှီးမှ ပြောသည်။
“မဟုတ်တာ။ ကျွန်တော် တခြားလူကို တာဝန်ပေးရမှာ စိတ်မချဘူး။ ခန်းမအရှင်သခင် သွားအနားယူလိုက်ပါ။ ကျွန်တော် ကျန်တာတွေ ဆက်ကိုင်တွယ်လိုက်ပါ့မယ်”
ချန်ကျဲ့ ခေါင်းညိတ်လိုက်သည်။
“ဒါဆို မင်းကိုအပ်ခဲ့ပြီနော်။ အနားယူဖို့လည်း မမေ့နဲ့ဦး”
“ဟုတ်ကဲ့”
ချန်ကျဲ့ အတွင်းခြံဝင်းထဲသို့ ဝင်သွားလိုက်သည်။
အတွင်းခြံဝင်း၏ အစေခံမိန်းကလေးများသည် နိုးနေပြီဖြစ်ကာ ယင်ဟုန်မိန်သည်လည်း ရေတစ်ဇလုံကိုသယ်လျက် အခန်းထဲမှ ထွက်လာသည်။ ချန်ကျဲ့ကိုမြင်သောအခါ ပျော်ရွှင်စွာ အရိုအသေပြုလိုက်ပြီး ပြောသည်။
“သခင်ကြီး ပြန်လာပြီပဲ”
ချန်ကျဲ့ ယင်ဟုန်မိန်ကို မေးလိုက်သည်။
“သခင်မရော”
ယင်ဟုန်မိန်မှ ပြောသည်။
“အခန်းထဲမှာပါ။ သခင်မ တစ်ညလုံး မအိပ်ရသေးဘူး”
ချန်ကျဲ့ အသာခေါင်းညိတ်လိုက်ပြီး ပြောသည်။
“အင်း အလုပ်သွားလုပ်တော့။ စားဖိုဆောင်ကို အာဟာရဖြစ်မယ့်အစားအစာတွေ ပြင်ခိုင်းထားလိုက်”
“ဟုတ်ကဲ့”
ထို့နောက် ချန်ကျဲ့သည် စူးယွင်ကျင်း၏အခန်းအနီးသို့ လျှောက်သွားလိုက်ပြီး အခန်းတံခါးတွန်းဖွင့်လိုက်သည်။
ထိုအချိန်၌ စူးယွင်ကျင်းသည် တံခါးကို နောက်ခိုင်းကာ မှန်တင်ခုံကို မျက်နှာချင်းဆိုင်၍ ထိုင်နေသည်။ သူမ၏နောက်ရှိ လှုပ်ရှားသံကို ကြားလိုက်သည်တွင် ယင်ဟုန်မိန်ပြန်ရောက်လာသည်ဟုထင်ကာ ပြောသည်။
“ဟုန်မိန် ခေါင်းဘီးယူလာခဲ့ပေးပါ”
ချန်ကျဲ့ စားပွဲပေါ်ရှိ သစ်သားဘီးကို ကြည့်လိုက်သည်။
ထို့နောက် သစ်သားဘီးကို ကောက်ယူလိုက်ပြီး စူးယွင်ကျင်းနောက်သို့ ဖြည်းဖြည်းချင်း ကပ်သွားကာ သူမ၏ဆံသားများကို ထိကိုင်လိုက်သည်။ ထို့နောက် ညင်သာစွာ ခေါင်းဖြီးပေးသည်။
စူးယွင်ကျင်းမှ ပြောသည်။
“ဟုန်မိန် ငါ့ဆံပင်တွေက နောက်ဘက်မှာ နည်းနည်းရှုပ်နေတယ်။ သေချာလေးရှင်းပေးပါဦး။ သခင်ကြီးပြန်လာရင် ဒီလိုမမြင်သင့်…”
ချန်ကျဲ့ ပြုံးလိုက်ပြီး ခေါင်းဆက်ဖြီးပေးနေသည်။ ချန်ကျဲ့ ခေါင်းစဖြီးလိုက်သည်နှင့် စူးယွင်ကျင်း အံ့ဩသွားပြီး နောက်သို့ခေါင်းလှည့်ကြည့်လိုက်သည်။ ချန်ကျဲ့သည် သူမ၏ပခုံးနှစ်ဖက်ကို လက်ဖြင့်ထိန်းလိုက်ပြီး ပြောသည်။
“မလှုပ်နဲ့”
“အာ ယောကျ်ား ရှင်ပြန်လာပြီပဲ”
စူးယွင်ကျင်း၏အသံတွင် ပျော်ရွှင်မှုများ ထင်ဟပ်နေသည်။ သူမသည် တစ်ညလုံး စိတ်ပူနေခဲ့သောကြောင့် ကောင်းကောင်း အိပ်မပျော်နိုင်ခဲ့ချေ။
ချန်ကျဲ့မှ ပြောသည်။
“အင်း ကိုယ်ပြန်လာပြီ”
“ကိစ္စတွေ အကုန်ဖြေရှင်းပြီးသွားပြီလား”
စူးယွင်ကျင်းသည် အနည်းငယ် တွန့်ဆုတ်တွေဝေနေပြီးနောက်မှ မေးသည်။
ချန်ကျဲ့မှ ပြောသည်။
“အင်း ဖြေရှင်းပြီးသွားပြီ”
“ယောကျ်ား ကျွန်မကို ခေါင်းဖြီးမပေးပါနဲ့တော့။ တစ်ယောက်ယောက်မြင်သွားရင် ရှက်စရာကြီး။ ဟုန်မိန်ကိုပဲ လုပ်ခိုင်းလိုက်ပါ”
စူးယွင်ကျင်းမှ ပြောသည်။
ချန်ကျဲ့မှ ပြန်ပြောသည်။
“ကိုယ့်ဇနီးလေးက ကိုယ့်အတွက် တစ်ညလုံးစိတ်ပူပေးနေခဲ့တာကို ကိုယ်က ခေါင်းဖြီးပေးတာ ဘာဖြစ်လဲ။ ရယ်ရဲတဲ့သူရှိရင် ကိုယ် အဲဒီလူရဲ့ခြေထောက်ကို ရိုက်ချိုးပစ်မယ်”
စူးယွင်ကျင်းမှ ပြောသည်။
“ယောက်ျား ရှင်…”
“တော်ပြီ။ ကောင်းကောင်းထိုင်။ မင်းဆံပင်တွေ ဘယ်လောက်ပွနေလဲ ကြည့်ပါဦး။ ကိုယ်မင်းကို လှလှလေး ခေါင်းဖြီးပေးမယ်”
ချန်ကျဲ့ စူးယွင်ကျင်းကို ဆက်လက်၍ ခေါင်းဖြီးပေးသည်။ စူးယွင်ကျင်းသည် ကြေးမုံမှတစ်ဆင့် သူမ၏နောက်ဘက်ပုံရိပ်ကို ကြည့်ရင်း မျက်လုံးအစုံတွင် ပျော်ရွှင်မှုများ ပြည့်နှက်နေသည်။
နောက်ဆုံးတွင်တော့ သပ်သပ်ရပ်ရပ် ခေါင်းဖြီးပြီးသွားသဖြင့် စူးယွင်ကျင်း ထရပ်တော့မည်တွင် ချန်ကျဲ့သည် ရွှေထွင်းကျောက်စိမ်းဆံထိုးတစ်ချောင်းကို ထုတ်လာကာ သူမ၏ဆံထုံးကို ထိုးပေးလိုက်သည်။
ငါ့ဇနီးလေးက တကယ့်ကို ကျက်သရေတင့်တယ်ပြီး ပိုလှပသွားတာပဲ။
စူးယွင်ကျင်း အံ့ဩသွားပြီး မေးသည်။
“ယောကျ်ား ဒီဆံထိုးကို ဘယ်ကရခဲ့တာလဲ”
“လှလား”
ချန်ကျဲ့ မေးလိုက်သည်။’
စူးယွင်ကျင်း ပြုံးလိုက်ပြီး ဖြေသည်။
“လှတယ်”
“ကြိုက်လား”
စူးယွင်ကျင်းသည် ချန်ကျဲ့၏ပခုံးထက် လက်တင်လိုက်ပြီး ပျော်ရွှင်စွာ ပြောသည်။
“ယောကျ်ားပေးတဲ့လက်ဆောင် ဘာဖြစ်ဖြစ် ကျွန်မ အကုန်ကြိုက်တယ်”
ထိုအခါ ချန်ကျဲ့သည် စူးယွင်ကျင်းကို ချက်ချင်း ပွေ့ချီလိုက်သည်။
“ယောက်ျား… ကလေး…”
ချန်ကျဲ့သည် စူးယွင်ကျင်းကို အိပ်ရာထက် သယ်ဆောင်သွားပြီး ညင်သာစွာ ချပေးလိုက်သည်။ ထို့နောက် အနည်းငယ် စိုးရိမ်ပူပန်စွာဖြင့် ပြောသည်။
“မင်းတစ်ညလုံး မအိပ်ရသေးဘူးဆို။ အခု ကောင်းကောင်းအိပ်တော့”
စူးယွင်ကျင်းသည် ချန်ကျဲ့၏စကားကြောင့် စိတ်သက်သာရာရသွားခဲ့သည်။ သူမသည် ချန်ကျဲ့မှ သူမမငြင်းဆိုနိုင်သည့် တောင်းဆိုမှုကို တောင်းဆိုလာခဲ့ပြီး ကလေးကို ထိခိုက်မိမည်အား စိုးရိမ်နေခဲ့ခြင်းဖြစ်သည်။
“မျက်လုံးမှိတ်တော့။ ကိုယ် ဒီနားမှာ မင်းအိပ်တာကို စောင့်ကြည့်နေမယ်”
ချန်ကျဲ့သည် စူးယွင်ကျင်း၏လက်ကို ကိုင်ကာ သူမ၏မျက်လုံးများကို ညင်သာစွာ ဖိမှိတ်စေလိုက်သည်။ စူးယွင်ကျင်းလည်း လျင်မြန်စွာ အိပ်ပျော်သွားတော့သည်။
စူးယွင်ကျင်းအိပ်ပျော်သွားသောအခါ ချန်ကျဲ့လည်း စူးယွင်ကျင်းကို စောင်ခြုံပေးပြီး ထရပ်လိုက်သည်။
ထို့နောက် အပြင်ဘက်မှ ခြေသံများကို ကြားလိုက်ရသည်။ ရှောင်ဟူ တံခါးခေါက်တော့မည်တွင် ချန်ကျဲ့ အပြင်ထွက်သွားပြီး မေးလိုက်သည်။
“ဘာကိစ္စလဲ”
“စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်က ခန်းမအရှင်သခင်ကို ကိစ္စအချို့ဆွေးနွေးဖို့အတွက် ဆင့်ခေါ်နေပါတယ်”
ထိုအခါ ချန်ကျဲ့ မျက်မှောင်ကြုတ်လိုက်ပြီး ရေရွတ်လိုက်သည်။
“ထင်တဲ့အတိုင်းပဲ ရောက်လာပြီ…”