← Chapters

အခန်း (၆၈၂)

Vol. 58 Ch. 682

အခန်း (၆၈၂)

Vol. 58 Ch. 682

အခန်း 682

စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်

စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်၏ အပြင်ဘက်ကို သံနက်မြင်းတပ်ငါးရာကျော်မှ စောင့်ကြပ်နေသည်။ သူတို့သည် စနစ်တကျ နေရာယူစောင့်ကြပ်ထားကြသည်မှာ မှိုင်းထိုင်းလေးလံသော အရှိန်အဝါကို ထုတ်လွှတ်နေတော့သည်။

အိမ်တော်အပြင်ရှိ ရထားလုံးများ၊ မြင်းများသည် စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်ကြီးတစ်ခုလုံးအား တင်းမာလေးနက်သည့် အခြေအနေမျိုး ထင်ဟပ်နေစေသည်။

အကြောင်းအရင်းမှာ ရိုးရှင်းပါ၏။ မနေ့က နန်ပါးထျန်းကို လွတ်သွားခဲ့သဖြင့် ယခုတွင် တစ်မြို့လုံးမှာ ကသောင်းကနင်းဖြစ်နေကာ မရေမတွက်နိုင်သော အင်အားစုများသည် မျန့်ရွှေမှ အဓိကကျသည့် အပြောင်းအလဲများ ပြုလုပ်လာမည်ကို စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။

ဒီနေ့မနက်တွင် ယဲ့လုဖုန်းသည် ထိုလူများကို အစည်းအဝေးကျင်းပရန် ဆင့်ခေါ်ခဲ့သည်။

ဒီနေ့အစည်းအဝေး၏ အကြောင်းအရာမှာ မျန့်ရွှေစီရင်စု၏ နောက်ပိုင်းအကျိုးအမြတ်များကို ခွဲဝေမည့်အကြောင်းအား ဆွေးနွေးရန်ဖြစ်သည်။

…

“ကျားဖြူခန်းမ ချန်ကျိုစစ် ရောက်ပါပြီ”

ချန်ကျဲ့နှင့် ရှောင်ဟူတို့ စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်သို့ ရောက်သောအခါ အားဟယ်ထိုက်သည် ချက်ချင်း ထွက်လာနှုတ်ဆက်သည်။ ထို့နောက် ချန်ကျဲ့၏အစေခံများကို သီးခြားကျန်ရစ်ခဲ့စေပြီး ချန်ကျဲ့နှင့် ရှောင်ဟူတို့ကို အိမ်တော်ထဲ ခေါ်သွားပေးသည်။

ထိုသို့လေးနက်နေပုံကို မြင်သောအခါ ရှောင်ဟူသည် အားဟယ်ထိုအနီးသို့ ကပ်သွားလိုက်ပြီး တီးတိုးမေးသည်။

“အစ်ကိုကြီး ဘာအခြေအနေလဲဗျ”

ရှောင်ဟူနှင့် အားဟယ်ထိုက်တို့သည် မိတ်ဆွေများဖြစ်သည်။ လွန်ခဲ့သည့်တစ်ခေါက်က နန်ပါးထျန်းကို ထောင်ချောက်ဆင်ချိန်တွင် သူတို့ အားဟယ်ထိုက်ကို အသုံးချခဲ့ဖူးသည်။

ရှောင်ဟူ၏အမေးကို အားဟယ်ထိုက်မှ ပြန်ဖြေသည်။

“ညီနောင်ဟူဇစ် မင်းဒီနေ့ ဂရုစိုက်နော်။ ဒီနေ့ သခင်ကြီးယဲ့လုက မျန့်ရွှေရဲ့အစောင့်အရှောက်ကြီး၁၃ဦးစလုံးကို ဆင့်ခေါ်ထားတယ်”

ထိုအခါ ရှောင်ဟူမှ ပြောသည်။

“အစောင့်အရှောက်ကြီး၁၃ဦးစလုံးကို ဆင့်ခေါ်ထားတယ်လား”

အားဟယ်ထိုက်မှ ပြောသည်။

“ခန်းမအရှင်သခင်ချန်အနေနဲ့ ငါးဖမ်းကုန်သည်အဖွဲ့ခေါင်းဆောင်ဖြစ်လာချင်ရင် အစောင့်အရှောက်ကြီး၁၃ဦးရဲ့ သဘောတူညီမှုကို လိုအပ်တယ်။ အစောင့်အရှောက်ကြီးတွေက အသိအမှတ်မပြုရင် တိုက်ပွဲကြီးကို မရှောင်လွှဲနိုင်မှာ စိုးမိတယ်”

ငါးဖမ်းကုန်သည်အဖွဲ့ခေါင်းဆောင်နေရာသည် မျန့်ရွှေစီရင်စု၏ နံပါတ်တစ်နေရာဖြစ်သည်။ ငါးဖမ်းကုန်သည်အဖွဲ့ခေါင်းဆောင်ရာထူးကို ဆက်ခံလိုပါက မျန့်ရွှေ၏ အခြားသော စွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းပညာရှင်များကို လွှမ်းမိုးနိုင်ရန် လိုအပ်သည် မဟုတ်ပါလော။

သို့ဖြစ်ရာ မျန့်ရွှေတွင် အင်အားအာဏာကို တည်ဆောက်လိုပါက မျန့်ရွှေသားအားလုံး၏ အသိအမှတ်ပြုမှုကို ရရှိရန် လိုအပ်ပေသည်။

“အဲဒါကြောင့် ညီနောင်ဟူဇစ် ဂရုစိုက်ပါ။ ဒီနေ့အခြေအနေကတော့ ငါလည်း မင်းကို မကူညီနိုင်ဘူး”

အားဟယ်ထိုက်မှ ပြောသည်။ ထိုအခါ ရှောင်ဟူသည် လက်သီးယှက်အရိုအသေပြုကာ ကျေးဇူးတင်စကားဆိုသည်။

“ညီနောင်အားဟယ်ထိုက်ကို ကျေးဇူးတင်ပါတယ်။ ဒီမှာ ဒါ အစ်ကို့အတွက် လက်ဖက်ရည်ဖိုး ငွေစတစ်ရာ”

“ဟေး ဟေး ညီနောင်ဟူဇစ် ဒါက…”

“ယူလိုက်ပါ”

အားဟယ်ထိုက်မှ ပြန်ပြောသည်။

“ကောင်းပြီလေ။ ဒါဆိုလည်း ငါလက်ခံထားလိုက်မယ်”

ရှောင်ဟူ ခေါင်းညိတ်လိုက်သည်။ မကြာခဏ ငွေသုံးမပေးပါက အားဟယ်ထိုက်ကဲ့သို့လူမျိုးသည် အဘယ်သို့များ သတင်းဝေမျှပေးပါလိမ့်မည်နည်း။ သို့ဖြစ်ရာ တစ်ဖက်လူမှ ယဉ်ယဉ်ကျေးကျေး ငြင်းဆန်နေလျှင်ပင် တကယ်ကြီး ပြန်မရုတ်သိမ်းလိုက်သင့်ပေ။ သို့မဟုတ်ပါက နောက်တစ်ကြိမ်တွင် တစ်ဖက်လူသည် သင့်ကိုကူညီရန် လက်ကမ်းပေးလာတော့မည် မဟုတ်ပေ။

ဤအရာများသည် ချန်ကျဲ့မှ ရှောင်ဟူကို သင်ထားပေးခြင်းဖြစ်သည်။

ရှောင်ဟူ ချန်ကျဲ့ဘေးသို့ ပြန်သွားလိုက်ပြီး တင်ပြသည်။

“အစ်ကိုကျိုစစ် ကျွန်တော်သိခဲ့ပြီ။ အပြင်က ရထားလုံးတွေက အစောင့်အရှောက်ကြီး၁၃ဦးရဲ့ ရထားလုံးတွေပဲ။ ဒီနေ့ သခင်ကြီးယဲ့လုက မျန့်ရွှေရဲ့အစောင့်အရှောက်ကြီး၁၃ဦးစလုံးကို ဆင့်ခေါ်ထားတယ်။ ကြည့်ရတာ မရိုးရှင်းလောက်ဘူး”

ထိုအခါ ချန်ကျဲ့ပြုံးလိုက်ပြီး ပြောသည်။

“အို ကြည့်ရတာ သခင်ကြီးယဲ့လုက ငါ့ကို အတော်လေး အလေးအနက်ထားပုံပဲ”

သို့ဖြင့် ချန်ကျဲ့သည် အိမ်တော်၏အလယ်ရှိ ဧည့်ခန်းမသို့ ဦးတည်လျှောက်သွားခဲ့သည်။

ဧည့်ခန်းမအတွင်း၌ အလွန်ရှည်လျားသည့် သစ်သားစားပွဲရှည်တစ်လုံးကို တည်ခင်းထားပြီး ၎င်းစားပွဲရှည်မှာ လျန်ရှန်း၏ဖြောင့်မတ်ခြင်းခန်းမတွင် အသုံးပြုလေ့ရှိသည့် စားပွဲနှင့်ပင် ဆင်တူလေသည်။ ထိုစားပွဲရှည်တွင် လူတစ်စု နေရာယူထားပြီး ဖြစ်၏။

တစ်ချက်ကြည့်လိုက်သည်နှင့် ချန်ကျဲ့ ရင်းနှီးနေသည့်မျက်နှာများကို မှတ်မိလိုက်သည်။

ညာဘက်ရှိ ပထမထိုင်ခုံတွင် နေရာယူထားသူမှာ ချောင်ကုန်သည်အဖွဲ့ခေါင်းဆောင် လျိုလောင်ကွေ့ဖြစ်သည်။

ဘယ်ဘက်ရှိ ပထမထိုင်ခုံနေရာမှာ လွတ်နေ၏။ ၎င်းသည် ယခင်က နန်ပါးထျန်း၏နေရာဖြစ်သည်။

ထို့နောက် ဘယ်ဘက်ရှိ ဒုတိယထိုင်ခုံတွင် ရာဇဝတ်သားဖမ်းဆီးရေးအရာရှိ၊ ခြေမြန်တော်တပ်ဖွဲ့ခေါင်းဆောင် ဝူဟုန်မှ နေရာယူထားသည်။

ညာဘက်ရှိ ဒုတိယထိုင်ခုံတွင် ယီးဟုန်ဂေဟာ၏ပိုင်ရှင် ချောင်ဟုန်ယန်၊ ဟန်ဟယ့်မှ နေရာယူထားသည်။

ဘယ်ဘက်ရှိ တတိယထိုင်ခုံတွင် မှောင်ခိုစျေးကွက်၏သူဌေး ဆီကုန်သည် တတိယသခင်မလေးဟွားမှ နေရာယူထားသည်။

ညာဘက်ရှိ တတိယထိုင်ခုံတွင် ချောင်ကုန်သည်အဖွဲ့၏ ဗျူဟာမှူး စာပေပညာရှင် ပိုင်မော့ရှန်းမှ နေရာယူထားသည်။

ဘယ်ဘက်ရှိ စတုတ္ထထိုင်ခုံမှာ လွတ်နေသည်။

ဘယ်ညာနှစ်ဖက်စလုံးရှိ စတုတ္ထထိုင်ခုံနှင့် ပဥ္စမထိုင်ခုံများအားလုံး လွတ်နေခြင်းဖြစ်သည်။

ချန်ကျဲ့ရောက်လာသည်နှင့် အားလုံး၏အကြည့်များသည် ချန်ကျဲ့ထံ ရောက်လာကြသည်။ ချန်ကျဲ့ အားလုံးကို အသာခေါင်းညိတ် နှုတ်ဆက်လိုက်သည်။

လျိုလောင်ကွေ့မှ ရယ်မောသည်။

“ကျိုစစ် ငါတို့ မင်းအတွက် ဘယ်ဘက်က အထက်ပိုင်းနေရာကို ချန်ထားပေးတယ်”

ချန်ကျဲ့မှ ပြန်ပြောသည်။

“အစ်ကိုကြီးလျို အဲဒါက ငါးဖမ်းကုန်သည်အဖွဲ့ခေါင်းဆောင်အတွက် နေရာပါ။ ကျွန်တော်က အခုထိ အဲဒီနေရာမှာထိုင်ဖို့ မသင့်တော်သေးပါဘူး”

ထိုသို့ပြောလျက် ချန်ကျဲ့သည် ဘယ်ဘက် စတုတ္ထထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။ ရှောင်ဟူသည်လည်း ချန်ကျဲ့၏ဘေး ဘယ်ဘက်ပဥ္စမထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။

အားလုံးနေရာယူပြီးသောအခါ သူတို့သည် စကားမပြောဘဲ အချင်းချင်း အကြည့်ချင်းဖလှယ်နေခဲ့ကြသည်။

ဒီနေ့အတွက် အဓိကဇာတ်ဆောင်မှာ ချန်ကျဲ့ဖြစ်ကြောင်း သိနေကြလေရာ အကုန်လုံး၏အကြည့်များသည် ချန်ကျဲ့ထံ ကျရောက်နေပေသည်။

အချို့သည် မထိန်းချုပ်နိုင်စွာဖြင့် ချန်ကျဲ့၏အရည်အချင်းကို ချီးမွမ်းပြောဆိုကြသည်။ ဤမျှတိုတောင်းလှသည့် အချိန်လေးအတွင်း၌ လူမသိသည့် အရပ်သားတစ်ဦးမှသည် လက်ရှိအဆင့်အတန်းအထိ တိုးတက်လာခဲ့သည့်အကြောင်းကို ချီးမွမ်းပြောဆိုနေကြသည်။

ဤနေရာရှိလူအားလုံးသည် ချန်ကျဲ့နှင့် အဆက်အဆံရှိဖူးကြ၏။

လျိုလောင်ကွေ့နှင့် ချန်ကျဲ့သည် နန်ပါးထျန်းကို ဘုံရန်သူအဖြစ် အတူဆန့်ကျင်တိုက်ခိုက်သည့် ဆက်ဆံရေးရှိသည်။

ဝူဟုန်သည် ချန်ကျဲ့နှင့် ဇာတိတူသူဖြစ်ကာ ချန်ကျဲ့ကို သိုင်းပညာသင်ကြားပေးခဲ့ဖူးသူလည်း ဖြစ်သည်။

ဟန်ဟယ့်၊ချောင်ဟုန်ယန်နှင့် ချန်ကျဲ့သည်လည်း စစ်လက်နက်ပစ္စည်းများကို အတူပူးပေါင်းပို့ဆောင်ခဲ့ဖူးသည့် ဆက်ဆံရေးရှိသည်။

တတိယသခင်မလေးဟွားသည် ချန်ကျဲ့၏ သွေးသောက်ညီအစ်ကိုနီဝမ်ကျွင့်၏ မိန်းကလေးဖြစ်ပြီး ဇနီးဖြစ်သူ စူးယွင်ကျင်းနှင့် မိသားစုတမျှ ရင်းနှီးသော မိတ်ဆွေကောင်းတစ်ယောက် ဖြစ်သည်။

ကျန်ရှိနေသည့် စွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းပညာရှင်အားလုံးသည် ချန်ကျဲ့နှင့် ကောင်းမွန်သည့်ဆက်ဆံရေးရှိကြသည်ဟု သတ်မှတ်နိုင်ပေသည်။

ချန်ကျဲ့ ထိုလူများကို အသာခေါင်းညိတ်၍ နှုတ်ဆက်လိုက်သည်။

သူတို့သည်လည်း မမြင်သာလောက်အောင် အသာခေါင်းညိတ်၍ ပြန်တုံ့ပြန်ကြကာ ယဲ့လုဖုန်းရောက်လာမည်အား စောင့်ဆိုင်းနေကြသည်။

စောင့်ဆိုင်းနေစဉ်၌ ချန်ကျဲ့ အနားတွင်ထိုင်နေသူများကိုကြည့်ကာ အစောင့်အရှောက်ကြီး၁၃ဦး၏ ဂုဏ်ပုဒ်များကို ပြန်စဉ်းစားကြည့်လိုက်သည်။

အစောင့်အရှောက်ကြီး၁၃ဦးမှ မျန့်ရွှေကို အုပ်စိုးလာခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုကျော် ကြာမြင့်ခဲ့ပြီဖြစ်ကာ ဟန်ချက်ညီအောင် ထိန်းသိမ်းထားနိုင်ခဲ့သည်။ ယခုတွင်မူ ယခင်က လူဟောင်းများမှာ မရှိတော့လုနီးပါးပင်။

ယခင်က အစောင့်အရှောက်ကြီး၁၃ဦးသည် အလွန်တရာ ထင်ရှားကျော်ကြားခဲ့ကြသည်။ ယခုတွင်မူ…အတိတ်အဖြစ်သာ ကျန်ရစ်ခဲ့လေပြီ။

ချန်ကျဲ့သည် အစောင့်အရှောက်ကြီး၁၃ဦးအား မြင့်သွန်းလှသည့် တောင်တန်းကြီးများကဲ့သို့ ခံစားခဲ့ရသည့် သူမျန့်ရွှေကို ပထမဆုံးအကြိမ် ရောက်လာခဲ့ချိန်က အကြောင်းများကို ပြန်တွေးမိရင်း ခဏမျှ စိတ်ပျံ့လွင့်သွားရသည်။

အင်အားကြီးမားလှပါသော နန်ပါးထျန်း၊ လျိုလောင်ကွေ့၊ သူဖုန်းစား၊ ရဲမက်၊ ဆီကုန်သည်၊ တစ္ဆေလက်၊ စာပေပညာရှင်၊ မျက်နှာချေနီ၊ ပန်းပဲဆရာ၊ တံငါသည်၊ မျက်မမြင်ကံကြမ္မာဟောပြောသူ၊ လင်းယုန်၊ ကျားနှင့်ကျားသစ် ဟူသည့် အစောင့်အရှောက်ကြီး၁၃ဦး။

တစ်ချိန်က သူတို့သည် ချန်ကျဲ့၏စိတ်ထဲတွင် အနားမကပ်နိုင်သည့် မြင့်သွန်းလွန်းသူများဖြစ်ခဲ့ကြသည်။ သို့သော် ယခုမူ တစ်နှစ်ကြာပြီးနောက်၌ သူသည် ထိုလူအများစုနှင့် ဆက်ဆံဖူးပြီး အချို့ကိုလည်း အနိုင်တိုက်နိုင်ခဲ့လေပြီ။

All Chapters