အခန်း (၆၈၃)
Vol. 58 Ch. 683
အခန်း 683
နန်ပါးထျန်းသည် မျန့်ရွှေအပြင်သို့ ထွက်ပြေးသွားပြီဖြစ်ပြီး သေသည်ရှင်သည် မသိရပေ။
သူဖုန်းစားအိုကြီးသည် နဂါးနိုင်လက်ဝါးသိုင်းကြောင့် နန်ပါးထျန်းနှင့် လျိုလောင်ကွေ့တို့၏ ပူးပေါင်းတိုက်ခိုက်၍ သတ်ဖြတ်ခြင်းခံလိုက်ရသည်။
ယခင်က ရဲမက်ဖြစ်ခဲ့သူ ကျန်းလီယဲ့သည် ယခုတွင် ရာထူးတိုးဖြင့် ဟွမ်ကျိုးပြည်နယ်သို့ ရောက်သွားပြီဖြစ်သည်။
တစ္ဆေလက်ကုချင်းဖုန်းကိုမူ သူကိုယ်တိုင် သူ့လက်ဖြင့် သတ်ဖြတ်ခဲ့သည်။
ပန်းပဲဆရာဖြစ်သူ မိန်ဂိုဏ်း၏ မျန့်ရွှေဂိုဏ်းခွဲခေါင်းဆောင် စွင်းထျဲချွေ့သည် မြောက်ပိုင်းဒေသသို့ ပြန်သွားပြီ ဖြစ်သည်။
သူ၏မွေးစားအဖေဖြစ်သူ တံငါသည်ဖန်းရှစ်ကျုံးသည် ဖုန်းရွှမ်နှင့် နန်ပါးထျန်း၏ ပူးပေါင်းကြံစည်မှုကြောင့် ကွယ်လွန်သွားခဲ့ရသည်။
မျက်မမြင်ကံကြမ္မာဟောပြောသူယွမ်စန်းကျားသည် တွက်ချက်ထားသည့်အတိုင်းဖြစ်ပါက ယွမ်စန်းကျားသည် စီစဉ်မှုအချို့ပြုလုပ်ရန်အတွက် တိုင်းတစ်ပါးတွင် ရှိနေလောက်ပေမည်။
လင်းယုန်၊ကျားနှင့်ကျားသစ် ညီအစ်ကိုများကိုလည်း သူကိုယ်တိုင် သတ်ခဲ့ပြီးဖြစ်သည်။
သို့ဖြစ်ရာ တစ်ချိန်က ဂုဏ်သရေထွန်းတောက်ခဲ့သော အစောင့်အရှောက်အကြီး၁၃ဦးမှာ ပြိုကွဲသွားလေပြီ။
ချန်ကျဲ့ ထိုသို့တွေးတောလျက် နေရာတွင် ကိုယ်ကိုမတ်မတ်ထိုင်နေခဲ့သည်။ လူဟောင်းများ ထွက်ခွာသွားပြီး လူသစ်များ အစားထိုးဝင်ရောက်လာခြင်း ၎င်းသည် အနည်းငယ် စိတ်မကောင်းဖွယ်ဖြစ်သော်ငြား တစ်ချိန်က မျန့်ရွှေတွင် အထင်ကရပုဂ္ဂိုလ်ကြီးများဖြစ်ခဲ့ဖူးသည့် ထိုလူဟောင်းများသည် အကြောင်းအမျိုးမျိုးကြောင့် ထွက်ခွာသွားကြပြီးသည့်တိုင် သူတို့၏ဒဏ္ဍာရီများသည်တော့ အချိန်ကြာမြင့်စွာ ရှင်ကျန်ရစ်ခဲ့လိမ့်မည်သာ။
ချန်ကျဲ့ ယုံကြည်ပါ၏။ နှစ်ပေါင်းများစွာ ကြာမြင့်ပြီးသွားသည့်တိုင် ထိုသူတို့ကို အမှတ်ရနေသူများ ကျိန်းသေပေါက် ရှိနေပါလိမ့်ဦးမည်။
သို့သော်ငြား ထွက်သွားသူမှာ ထွက်သွားပြီဖြစ်ပြီး အနာဂတ်သည် သူ၏စစ်မြေပြင်ဖြစ်သည်။
ချန်ကျဲ့ တိတ်ဆိတ်စွာဖြင့် အကြောင်းအရာများကို ပြန်ပြောင်းတွေးတောနေခဲ့သည်။ ထိုအချိန်၌ ယဲ့လုဖုန်းသည် ခန်းဆီးလိုက်ကာနောက်ဘက်တွင် ထိုင်လျက် အခန်းထဲရှိ အခြေအနေကို စောင့်ကြည့်အကဲခတ်နေခဲ့သည်။ ထို့နောက် အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။
သူ၏ဘေးတွင် သူ့ကိုစောင့်ကြည့်နေသည့် ချီမုကောမှ မေးသည်။
“သခင်ကြီး ဘာကို ကြည့်နေတာပါလဲ”
ယဲ့လုဖုန်းမှ မျက်လုံးတို့မှေးကျဉ်းလိုက်ပြီး ပြောသည်။
“မျန့်ရွှေရဲ့ အနာဂတ်သိုင်းလောကကို ကြည့်နေတာ”
ချီမုကော အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး မေးသည်။
“သခင်ကြီး ဘာမြင်ပါသလဲ”
ယဲ့လုဖုန်းမှ ပြောသည်။
“အမြီးက ဖြုတ်ချနိုင်ဖို့ရာ အရမ်းကြီးလွန်းနေတယ်။ အဲဒါက ဘေးဒုက္ခတွေ ဖြစ်ပွားစေလိမ့်မယ်”
ချီမုကောမှ ပြောသည်။
“ချန်ကျိုစစ်လား”
ယဲ့လုဖုန်းမှ ပြောသည်။
“အင်း။ ဒီလူတွေထဲမှာ ခေါင်းဆောင်လျိုက ချန်ကျိုစစ်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိတယ်။ ဝူဟုန်ရောပဲ”
“သခင်ကြီး အရပ်သားတွေကြားမှာ ပျံ့နှံ့နေတာတော့ ချန်ကျိုစစ်နဲ့ ဝူဟုန်တို့က သဘောထားကွဲလွဲမှုဖြစ်ပြီး ဆက်ဆံရေးပျက်ပြားသွားကြပြီတဲ့။ သူတို့မှာ ရင်းနှီးတဲ့ဆက်ဆံရေးရှိတယ်လို့ သတ်မှတ်နိုင်ပါတော့မလား”
ချီမုကောသည် နားမလည်ပေ။ သို့သော် ယဲ့လုဖုန်းမှ ပြောသည်။
“သဘောထားကွဲလွဲပြီး ဆက်ဆံရေးပျက်ပြားတယ်။ အဲဒါက အပြောသက်သက်ပဲရှိတာ။ ငါတို့မမြင်တွေ့ခဲ့ဘူး။ ဒါပေမဲ့ သူတို့နှစ်ယောက်လုံးက ဇာတိတစ်မြို့တည်းက ရောက်လာကြတဲ့သူတွေပဲ။ ဝူဟုန်ရဲ့အဘိုးက ချန်ကျိုစစ်ရဲ့ဆရာ အဲဒါက ပြောင်းလဲလို့မရတဲ့အချက်ပဲ။ အဲဒါကြောင့် ဒီလူကို ယုံကြည်လို့မရဘူး”
ချီမုကော အံဩသွား၏။
“သခင်ကြီး ဝူဟုန်က မယုံကြည်ရဘူးဆိုရင် ခေါင်းဆောင်လျိုကိုလည်း ယုံကြည်လို့မရနိုင်ဘူးပေါ့။ ကျွန်တော်တို့ တကယ်ပဲ အမျိုးသမီးနှစ်ယောက်ကို အားကိုးပြီး ချန်ကျိုစစ်ကို စောင့်ကြည့်ကြရမှာလား”
ယဲ့လုဖုန်း ခေါင်းခါလိုက်ပြီး ပြောသည်။
“အမျိုးသမီးတစ်ယောက်ပဲ။ ချောင်ဟုန်ယန်က ချန်ကျိုစစ်နဲ့ ဘာမှ ပတ်သက်ဆက်နွယ်မှုရှိပုံမရဘူး။ ပြီးတော့ ယီးဟုန်ဂေဟာကိစ္စတုန်းကလည်း သူတို့နှစ်ယောက်ကြား ကတောက်ကဆဖြစ်ခဲ့ကြတယ်။ ငါတို့ သူတို့ရဲ့ အဲဒီဆက်ဆံရေးအခြေအနေကို အသုံးချလို့ရနိုင်တယ်”
ချီမုကောမှ မေးသည်။
“တတိယသခင်မလေးဟွားကရော”
ယဲ့လုဖုန်းမှ ပြန်ပြောသည်။
“သူနဲ့ ချန်ကျိုစစ်ရဲ့ဇနီးနဲ့က အရမ်းရင်းနှီးကြတယ်။ အဲဒါကြောင့် သူ့ကို သုံးလို့မရဘူး”
ထိုအခါ ချီမုကောမှ မှတ်ချက်ပြုသည်။
“အဲဒါဆိုရင်တော့ ကျွန်တော်တို့ ချန်ကျိုစစ်ကို ထိန်းဖို့အတွက် သုံးနိုင်မယ့်သူက ချောင်ဟုန်ယန်တစ်ယောက်ပဲ ရှိတော့တာပဲ။ သခင်ကြီး ချောင်ဟုန်ယန်ကို ထောက်ပံ့ပေးဖို့ တွေးထားတာပါလား”
ယဲ့လုဖုန်း ခေါင်းခါသည်။
“မဟုတ်ဘူး။ ချောင်ဟုန်ယန်လို အမျိုးသမီးတစ်ယောက်တည်းက ချန်ကျိုစစ်ကို ထိန်းချုပ်ဖို့အတွက် ခက်ခဲလိမ့်မယ်။ ချန်ကျိုစစ်ကို ထိန်းချုပ်ဖို့အတွက် ငါတို့ ခေါင်းဆောင်လျိုကို လိုအပ်သေးတယ်”
ချီမုကောမှ ပြောသည်။
“ဒါပေမဲ့ ခေါင်းဆောင်လျိုက ချန်ကျိုစစ်နဲ့ ဆက်ဆံရေးအဆင်ပြေတယ်လေ”
ယဲ့လုဖုန်းမှ ပြောသည်။
“သူတို့နှစ်ယောက် ဆက်ဆံရေးကောင်းရတဲ့ အကြောင်းအရင်းက သူတို့မှာ နန်ပါးထျန်းဆိုတဲ့ ဘုံရန်သူရှိနေလို့ပဲ။ အခု ဘုံရန်သူမရှိတော့ဘူးဆိုတော့ အချိန်နည်းနည်းပဲ ပေးလိုက်ရင် သူတို့နှစ်ယောက်ကို ဆန့်ကျင်ဘက်ရန်သူတွေဖြစ်အောင် သေချာပေါက် လုပ်နိုင်တယ်”
ချီမုကောမှ ပြောသည်၊
“သခင်ကြီးက ဉာဏ်ပညာကြီးမားလှပါတယ်”
ယဲ့လုဖုန်းမှ ပြောသည်။
“ဒါပေမဲ့ အဲဒါက အဓိက မဟုတ်ဘူး။ အဓိက,က အခု ငါတို့ သတ်ကွင်းထဲကို ပြိုင်ဘက်အသစ်ထည့်ပေးဖို့ပဲ”
“လင်းယုန်ညီအစ်ကိုတွေကို ပြောတာပါလား”
ချီမုကောမှ ပြောသည်။
ယဲ့လုဖုန်းမှ ပြန်ပြောသည်။
“အမှန်ပဲ။ သူတို့အပြင် သူ့ကိုပါ ပေါင်းထည့်လိုက်တာပေါ့”
ယဲ့လုဖုန်း၏စကားအဆုံး၌ လူတစ်ယောက်သည် ခန်းမထဲသို့ အရေးမထားဟန် လျှောက်ဝင်လာခဲ့ကာ ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ဝဲကြည့်ပြီးနောက် ချန်ကျဲ့ထံတွင် ခဏမျှ အကြည့်ရပ်သွား၏။ ထို့နောက် ညာဘက်ခြမ်းသို့ တန်းလျှောက်သွားကာ ဝင်ထိုင်လိုက်သည်။
ရုတ်တရက် လူသစ်တစ်ယောက်ရောက်လာခဲ့ရာ အားလုံး အံ့ဩသွားကြသည်။
ဒါက ဘယ်သူကြီးလဲ။
ချန်ကျဲ့ ထိုလူကိုကြည့်လိုက်ပြီး မျက်လုံးအိမ်တို့ မှေးကျုံ့လိုက်သည်။ သူ့ရှေ့တည့်တည့်တွင် ထိုင်နေသည့် ထိုလူကို ချန်ကျဲ့သိ၏။
ဟုတ်ပါသည်။ သူဖုန်းစားဂိုဏ်းမှ သူဖုန်းစားအိုကြီး၏ အတော်ဆုံးသော လက်အောက်ငယ်သားနှစ်ဦးထဲမှ သံမဏိကျိုးဖန်းဖြစ်သည်။ နောက်တစ်ဦးမှာ ရွှေဓားဖုန်းစန်းဖြစ်သည်။
ရွှေဓားဖုန်းစန်းသည် ချန်ကျဲ့၏လှံထိပ်ဖျားတွင် အသက်သေဆုံးခဲ့ရ၏။ သို့သော် ကျိုးဖန်းသည် စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်၏ ဖမ်းဆီးခံခဲ့ရပြီး ရက်စက်ကြမ်းကြုတ်သည့် ညှင်းပန်းနှိပ်စက်မှုများကို ခံယူခဲ့ရသည်။
တကယ်တော့ ကျိုးဖန်းသည်လည်း ညှင်းပန်းနှိပ်စက်ခံရပြီး သေဆုံးသွားရမည်ဖြစ်၏။ ယခုအချိန်အထိ အသက်ရှင်နေသေးသည်မှာ အံ့ဩစရာပင်။
ခုနက သူ၏မာန်အပြည့်နှင့် ခြေလှမ်းများကိုကြည့်ရသည်မှာ သူသည်လည်း စွမ်းအင်ပြောင်းလဲခြင်းအဆင့်ဖြစ်လိမ့်မည်။
ချန်ကျဲ့သည် ကျိုးဖန်းကို စေ့စပ်စွာ အကဲခတ်ကြည့်ရှုနေခဲ့သည်။ ထိုစဉ် ကျိုးဖန်းသည်လည်း ခေါင်းမော့ကြည့်လာ၏။ ကျိုးဖန်း၏မျက်နှာမှာ အမုန်းတရားများဖြင့် ပြည့်နှက်နေခဲ့ကာ ချန်ကျဲ့ကို ပြောသည်။
“ချန်ကျိုစစ် မတွေ့တာကြာပြီနော်”
ချန်ကျဲ့သည် မျက်လုံးတို့မှေးကျုံ့ထားဆဲပင်။ ချန်ကျဲ့ ပြန်ပြောလိုက်သည်။
“ငါ မင်းကိုမှတ်မိတယ်။ သူဖုန်းစားဂိုဏ်း ကျိုးဖန်း”
“ဟားဟားဟား… ငါ့ရဲ့သိမ်နုပ်လှတဲ့နာမည်လေးကို ခန်းမအရှင်သခင်ချန်က မှတ်မိနေမယ်လို့ ထင်မထားမိဘူးပဲ။ တကယ့်ကို ဂုဏ်ယူမိပါတယ်”
ချန်ကျဲ့ ဘာမှပြန်မပြောဘဲ မျက်လုံးမှေးစင်းလျက် ကြည့်နေခဲ့သည်။ ကျိုးဖန်းမှ ပြောသည်။
“ခန်းမအရှင်သခင်ချန် ငါ့အထင်တော့ ငါတို့နှစ်ယောက် စကားပြောဖို့လိုတယ်ထင်တာပဲ”
“ရဲတင်းလိုက်တာ။ ဒီမလောက်လေးမလောက်စားကောင်က ဘယ်ကထွက်လာပြီး စကားကို မောက်မောက်မာမာပြောနေတာလဲ။ ထွက်သွားစမ်း”
လျိုလောင်ကွေ့သည် ဒေါသလွယ်သူဖြစ်သည့်အလျောက် ဘယ်ကမှန်းမသိ မမျှော်လင့်ဘဲ ထွက်ပေါ်လာသည့် ကျိုးဖန်းကို အေးစက်စွာကြည့်လျက် လက်ထဲရှိ လက်ဖက်ရည်ခွက်ကို စားပွဲပေါ်သို့ ဆောင့်ချလိုက်ရင်း ကြိမ်းမောင်းသည်။
ထို့နောက် လက်ဖက်ရည်ခွက်သည် ပြင်းထန်အားကောင်းသည့် ချီစွမ်းအင်နှင့်အတူ ကျိုးဖန်းသို့ တန်းတန်းမတ်မတ် ဦးတည်သွား၏။
သို့သော် ကျိုးဖန်းသည် ထိတ်ပျာမသွားဘဲ လက်ဝါးသိုင်းကွက်ဖြင့် ထိပ်တိုက်ပြန်ခုခံသည်။ လက်ဖက်ရည်ခွက်သည် ကွဲအက်သံနှင့်အတူ ကွဲကြေသွား၏။ ထိုအခြင်းအရာကြောင့် အနီးရှိလူများမှာ မျက်နှာအမူအရာပြောင်းလဲသွားကြကာ ကိုယ်စီ လက်ဝှေ့ယမ်းလျက် ဖန်ကွဲစများ မထိမှန်စေရန် ကာကွယ်လိုက်ကြသည်။
သူတို့အားလုံး ကျိုးဖန်းကို ကြည့်နေခဲ့ကြသည်။ ကျိုးဖန်းသည် စွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းပညာရှင်တစ်ဦးဖြစ်ပြီး သူတို့ထက် အားမနည်းချေ။
ဒီလူ အရမ်းရဲတင်းနေတာ မထူးဆန်းတော့ပါဘူး။