အခန်း (၆၈၅)
Vol. 58 Ch. 685
အခန်း ၆၈၅
“ပြန်ရောက်တဲ့အခါ ခင်ဗျားတို့အားလုံးရဲ့ လက်အောက်ငယ်သားတွေကို နန်ပါးထျန်းကို ဖမ်းဆီးဖို့ စေလွှတ်ပေးရမယ်။ နန်ပါးထျန်းကို ဖမ်းမမိသ၍ ဘယ်သူမှ စိတ်အေးအေးနေရမှာ မဟုတ်ဘူး။ နားလည်ကြရဲ့လား”
ထိုအခါ လူအုပ်ကြီးသည် တစ်ပြိုင်နက်တည်း အရိုအသေပြုကြသည်။
“ကောင်းပြီ။ ကျွန်တော်တို့ ပြန်ရောက်တာနဲ့ နန်ပါးထျန်းကို လူလွှတ်ပြီး ရှာပါ့မယ်”
ယဲ့လုဖုန်းမှ ပြောသည်။
“အင်း ကောင်းပြီ။ အဲဒါက ပထမဆုံးကိစ္စပဲ။ ဒုတိယကိစ္စကတော့ စိစစ်ရေးတမန်တော်က မျန့်ရွှေကိုရောက်နေပြီဆိုတာပဲ”
“စိစစ်ရေးတမန်တော်လား”
ထိုအခါ အားလုံး အံ့ဩသွားကြသည်။ သူတို့အားလုံး စိစစ်ရေးတမန်တော် ရောက်လာမည့်ကိစ္စကို သိထားကြသော်ငြား ချန်ကျဲ့မှအပ မည်သူမျှ စိစစ်ရေးတမန်းတော်ကို မမြင်ဖူးကြပေ။
သူတို့အားလုံး မင်သက်နေကြစဉ် ယဲ့လုဖုန်းမှ ဆက်ပြောသည်။
“အင်း ပြောချင်တာကတော့ စိစစ်ရေးတမန်တော် မျန့်ရွှေကိုရောက်နေပြီဆိုတော့ ဒေသခံအဖွဲ့အစည်းတွေအနေနဲ့ ကိုယ့်ရဲ့ရပ်တည်မှုကို ပြသသင့်တယ်။ မဟုတ်လို့ အကယ်၍များ စိစစ်ရေးတမန်တော်က ခင်ဗျားတို့ဆီမှာ အမှားတစ်ခုခုရှာတွေ့သွားခဲ့ရင် ငါတောင်မှ ခင်ဗျားတို့အတွက် ခုခံပြောဆိုပေးနိုင်မှာ မဟုတ်ဘူး။ အဲဒါကြောင့် ဒီအစည်းအဝေးပြီးတဲ့အခါ ခင်ဗျားတို့အားလုံး စိစစ်ရေးတမန်တော်ကို လက်ဆောင်ဆက်သတဲ့အနေနဲ့ တစ်ယောက်ကို ငွေတုံးငါးထောင်စီ ပေးအပ်ကြပါ”
“အဲဒီလိုလုပ်ဖို့ အဆင်ပြေကြတယ်မလား”
ယဲ့လုဖုန်းမှ မေးမြန်းသည်။ ထိုစကားကြောင့် လူအုပ်မှာ ထပ်မံ၍ မင်သက်သွားကြရပြန်သည်။
ငွေတောင်းနေတာကိုမှ တောင်းတဲ့ပမာဏကလည်း ငွေတုံးငါးထောင်တောင်တဲ့။ ယဲ့လုဖုန်းက အရမ်းအခွင့်အရေးယူလွန်းနေတာ မဟုတ်ဘူးလား။
၎င်းငွေတုံးငါးထောင်တွင် တစ်ဝက်ခန့်သည်တော့ စိစစ်ရေးတမန်တော်လက်ထဲ ရောက်ကောင်းရောက်နိုင်ပါ၏။ တစ်ဝက်ရောက်လျှင်ပင် ယဲ့လုဖုန်းမှာ အသိစိတ်ရှိသေးသည်ဟု သတ်မှတ်ရပေလိမ့်မည်။
ထိုသို့တွေးနေကြသော်ငြား အားလုံးမှာ ရွေးချယ်စရာမရှိသဖြင့် ဤသို့သာ ပြန်ပြောကြရသည်။
“ဟုတ်ကဲ့ပါ။ ကျွန်တော်တို့ သခင်ကြီးယဲ့လုရဲ့အမိန့်ကို နာခံပါ့မယ်”
ထိုအခါ ယဲ့လုဖုန်းမှ ပြောသည်။
“ဟေး ဟေး ငါကြိုတင်ပြီး ရှင်းအောင်ပြောထားမယ်နော်။ ဒီကိစ္စက တစ်ရာရာခိုင်နှုန်း မင်းတို့ရဲ့သဘောဆန္ဒအတိုင်း လုပ်ဆောင်ခွင့်ရှိတယ်။ ဖိအားမပေးဘူး။ ပေးလိုတဲ့သူက ပေးနိုင်တယ်။ မပေးချင်တဲ့သူကလည်း မပေးလို့ရတယ်။ ဖိအားမထားနဲ့ ဖိအားမထားနဲ့…”
ယဲ့လုဖုန်း၏စကားအဆုံး၌ အားလုံးသည် တစ်ယောက်တစ်ပြန်ကြည့်လိုက်မိကြသည်။ သူတို့၏မျက်နှာထက်တွင် ကူကယ်ရာမဲ့မှုများ ထင်ဟပ်နေကြ၏။
ဖိအားမပေးဘူးတဲ့။ ဟုတ်တာပေါ့။ ခင်ဗျားဖိအားမပေးတော့ရော ဘယ်သူက မပေးဘဲ နေရဲမှာတဲ့လဲ။
ယဲ့လုဖုန်းသည် အစောင့်အရှောက်ကြီးများ၏ အခြေအနေအား နားလည်သဘောပေါက်မှုအား စိတ်ကျေနပ်မိသည်။ ထို့နောက် ချန်ကျဲ့ကို တစ်ချက်လှမ်းကြည့်သည်။ ထို့နောက် ကျိုးဖန်းဘက်သို့ လှည့်လိုက်ပြီး ပြောသည်။
“လူကြီးမင်းတို့ တတိယကိစ္စကတော့ ငါတို့ရဲ့ အနာဂတ်သူဖုန်းစားဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင် ကျိုးဖန်းကို မိတ်ဆက်ပေးဖို့ပါပဲ”
ကျိုးဖန်းသည် နာမည်အခေါ်ခံလိုက်ရသည်နှင့် ချက်ချင်းထရပ်သည်။
အစောင့်အရှောက်ကြီးများမှာ ယဲ့လုဖုန်းသည် မည်သို့အကြံအစည်ဖြင့် ဤသို့ပြုလုပ်နေသည်ကို နားမလည်ကြပေ။ ထို့နောက် ယဲ့လုဖုန်းမှ ပြောသည်။
“သူဖုန်းစားဂိုဏ်းခေါင်းဆောင်အသစ် ကျိုးဖန်းက သူဖုန်းစားဂိုဏ်းရဲ့ မူလပိုင်နက်ဖြစ်တဲ့ တောင်မြို့ကို စီမံခန့်ခွဲလိမ့်မယ်။ ပြီးတော့ ကျိုစစ်”
ချန်ကျဲ့သည် ယဲ့လုဖုန်း၏ခေါ်သံကို ကြားသည်နှင့် ချက်ချင်း အရိုအသေပြုလိုက်သည်။
“သခင်ကြီးယဲ့လု”
ယဲ့လုဖုန်း ပြုံးလိုက်ပြီး ပြောသည်။
“ကျိုစစ်၊ ကျိုးဖန်းက သူဖုန်းဂိုဏ်းခေါင်းဆောင်နေရာကို ဆက်ခံလိုက်ပြီဆိုတော့ သူဖုန်းစားဂိုဏ်းရဲ့ပိုင်ဆိုင်မှုတွေကို ပြန်ပေးသင့်တယ်မဟုတ်လား”
ထိုအခါ နေရာရှိလူအားလုံးသည် ချန်ကျဲ့ထံ မသိမသာ ကြည့်လိုက်ကြသည်။
ချန်ကျဲ့သည် သူဖုန်းစားအိုကြီး၏ နဂါးနိုင်လက်ဝါးသိုင်းကွက်အား တတ်မြောက်ထားသည်ကို သူတို့အားလုံးသိကြသည်။ ယခု ယဲ့လုဖုန်း၏ စကားများမှာ ချန်ကျဲ့အား နဂါးနိုင်လက်ဝါးသိုင်းကို လွှဲပြောင်းပေးရန် တောင်းဆိုနေခြင်းဖြစ်ကြောင်း သိသာလှပေသည်။
ချန်ကျဲ့ မတ်တပ်ထရပ်ပြီး အရိုအသေပြုလိုက်သည်။
“သခင်ကြီးယဲ့လုရဲ့ ဆိုလိုရင်းကို ကျွန်တော်နားလည်ပါတယ်။ ဒါက နဂါးနိုင်လက်ဝါးသိုင်းရဲ့ လယ်ပြင်မှာ နဂါးတွေ့သိုင်းကျမ်းပါ”
ချန်ကျဲ့ ရင်ဘတ်ထဲမှ စာရွက်ခေါက်တစ်ခုကို ထုတ်ယူလိုက်သည်။
ထိုမြင်ကွင်းတွင် နေရာရှိအခြားသူများသည် ခေါင်းခါရမ်းလိုက်ကြသည်။
တကယ့်ကိုပဲ ချန်ကျိုစစ်လိုလူမျိုးတောင်မှ သခင်ကြီးယဲ့လု အကျပ်ကိုင်လာရင် မလွှဲသာဘဲ သိုင်းကျမ်းကို ထုတ်ပေးလိုက်ရတာပါပဲလား။
ထို့နောက် ချန်ကျဲ့သည် ထိုနဂါးနိုင်လက်ဝါးသိုင်းကျမ်းစာရွက်ကို ယဲ့လုဖုန်း၏ရှေ့သို့ ချပေးလိုက်သည်။
“သခင်ကြီး စစ်ဆေးကြည့်နိုင်ပါတယ်”
ချန်ကျဲ့ နောက်ပြန်ဆုတ်လိုက်သည်။ ယဲ့လုဖုန်းသည် စားပွဲထက်ရှိ စာရွက်ခေါက်ကိုကြည့်လျက် မျက်နှာထက်တွင် အပြုံးတစ်ခု ဖြစ်တည်လာသည်။
ချန်ကျိုစစ်က စဉ်းစားချင့်ချိန်တတ်သေးသားပဲ။
သို့ဖြင့် ယဲ့လုဖုန်းမှ ပြုံးရယ်လျက် ပြောသည်။
“ချန်ကျိုစစ် မင်းလုပ်တာကောင်းတယ်။ ဒီလိုဆိုမှတော့ ငါ သိုင်းကျမ်းကို မင်းအစား ကျိုးဖန်းကို လွှဲပြောင်းပေးလိုက်တော့မယ်”
သို့သော် မမျှော်လင့်စွာဖြင့် ယဲ့လုဖုန်း၏စကားအဆုံး၌ ချန်ကျဲ့သည် စာရွက်ခေါက်ထက်သို့ လက်ဖိလိုက်ပြီး ယဲ့လုဖုန်းကို စိုက်ကြည့်လေသည်။
“သခင်ကြီး ဘာပြောလိုက်တာလဲ”
ယဲ့လုဖုန်း မျက်မှောင်ကြုတ်သွားပြီး ပြန်ပြောသည်။
“မင်း ဒါဘာအဓိပ္ပာယ်လဲ”
“ကျွန်တော်က သခင်ကြီး ခုနက ဘာပြောလိုက်တာလဲလို့ မေးရုံပါ သခင်ကြီး”
ယဲ့လုဖုန်း မျက်မှောင်ကြုတ်လျက် ပြောသည်။
“ငါပြောတာက ဒီသိုင်းကျမ်းကို မင်းအစား ကျိုးဖန်းကို လွှဲပြောင်းပေးမယ်လို့”
“မရဘူး”
ချန်ကျဲ့ ဘွင်းဘွင်းရှင်းရှင်းပင် ငြင်းလိုက်သည်။ ယဲ့လုဖုန်းမှ မေးသည်။
“မရဘူးဆိုတာ ဘာအဓိပ္ပာယ်လဲ”
ချန်ကျဲ့ ရှင်းပြသည်။
“ကျွန်တော်ဆိုလိုတာက ဒီသိုင်းကျမ်းကို သခင်ကြီး အလိုရှိတာဆိုရင် ကျွန်တော် စိတ်လိုလက်ရ လွှဲပြောင်းပေးလိုတယ်။ ဒါပေမဲ့ ကျိုးဖန်းအတွက်ဆိုရင်တော့ ကျွန်တော် လုံးဝ မပေးလိုက်နိုင်ပါဘူး”
“ဘာ”
ထိုစကားတွင် ယဲ့လုဖုန်း၏ မျက်နှာအမူအရာ မည်းမှောင်သွားတော့သည်။
“ဘာလို့မပေးနိုင်ရတာလဲ”
ချန်ကျဲ့မှ ပြန်ပြောသည်။
“သခင်ကြီးကို ပေးလိုက်ရတာက ထိုက်တန်ပါတယ်။ ကျွန်တော်က သာ့ချန်ရဲ့ပြည်သူတစ်ယောက်ဖြစ်ပြီး သခင်ကြီးက သာ့ချန်ရဲ့အရာရှိတစ်ယောက်ဖြစ်တာကြောင့် ကျွန်တော် ဒီသိုင်းကျမ်းကို သခင်ကြီးကို ပေးလိုက်ရတာက ဖြစ်သင့်တဲ့အရာပဲ။ ဒါပေမဲ့ ကျိုးဖန်းကတော့ ဒီနဂါးနိုင်လက်ဝါးသိုင်းကျမ်းကို ရယူဖို့ ဘာအခွင့်အရေးမှ မရှိဘူး”
“ဘာ”
ယဲ့လုဖုန်း၏မျက်နှာ အနည်းငယ် ပြန်လင်းလက်သွား၏။ သူသည် ချန်ကျဲ့ကိုကြည့်လျက် မေးမြန်းသည်။
“သူက သူဖုန်းစားအိုကြီးရဲ့ ဆက်ခံသူပဲ။ ဘာလို့ သူဖုန်းစာအိုကြီးရဲ့သိုင်းကျမ်းကို သူ့ကို လွှဲပေးလို့ မရရမှာလဲ”
ချန်ကျဲ့ ပြန်ပြောသည်။
“မဟုတ်ဘူး။ သူက သူဖုန်းစားအိုကြီးရဲ့ ဆက်ခံသူဆိုရင် သူ့မှာ နဂါးနိုင်လက်ဝါးသိုင်းကို ဆက်ခံခွင့်ရှိပါတယ်။ ဒါပေမဲ့ သူက ဆက်ခံသူမဟုတ်ဘူး။ ခုနကပဲ ခေါင်းဆောင်လျိုမေးခဲ့တယ်။ သူဖုန်းစားဂိုဏ်းက ပြန်ရှင်သန်လာတာလားလို့။ အဲဒီတုန်းက သူက သူဖုန်းစားဂိုဏ်းအသစ်ရဲ့ခေါင်းဆောင်ပါ၊ သူဖုန်းစားအိုကြီးနဲ့ ဘာမှမသက်ဆိုင်ပါဘူးလို့ သူသေချာပြောခဲ့တယ်”
“သူကိုယ်တိုင်က သူနဲ့ သူဖုန်းစားအိုကြီးနဲ့ ဘာမှမသက်ဆိုင်ပါဘူးလို့ ပြောခဲ့မှတော့ သူ့မှာ သူဖုန်းစားအိုကြီးရဲ့ နဂါးနိုင်လက်ဝါးသိုင်းကို ဆက်ခံခွင့်မရှိဘူး။ ကျွန်တော် သူ့ကို မပေးနိုင်ဘူး။ မဟုတ်ရင် ကျွန်တော်က ဘာဖြစ်သွားမလဲ။ ကျွန်တော်က အမှားအမှန်ကို ခွဲခြားမသိမြင်နိုင်တဲ့သူ ဖြစ်မသွားဘူးလား”
“ဒါပေါ့ သခင်ကြီးယဲ့လုက အဲဒီလိုဆန္ဒရှိရင်တော့ ယူသွားလိုက်ပါ။ ကျွန်တော် စောဒက မတက်လိုပါဘူး”
ချန်ကျဲ့သည် စားပွဲထက်ရှိ နဂါးနိုင်လက်ဝါးသိုင်းသို့ လက်ညွှန်ပြလျက် ယဲ့လုဖုန်းအား အလိုရှိပါက ယူသွားနိုင်ကြောင်း ပြောခဲ့သည်။
ထိုအခါ ယဲ့လုဖုန်းမှာ အကျပ်ရိုက်သွားတော့သည်။ သူ၏ မူလအစီအစဉ်မှာ ကျိုးဖန်း၏ သူဖုန်းစားဂိုဏ်းခေါင်းဆောင်ဟူသည့် အဆင့်အတန်းကို အသုံးချပြီး ချန်ကျဲ့အား နဂါးနိုင်လက်ဝါးသိုင်းကျမ်း ထုတ်ပေးလာရန် ဖိအားပေးလိုခြင်း ဖြစ်သည်။ ထို့နောက်တွင် ကျိုးဖန်းသည် သိုင်းကျမ်းအား သူ့ကို ပြန်ပေးအပ်လိမ့်မည်။ သို့နည်းဖြင့် သူသည်လည်း စကားမတည်ဘဲ မဖြစ်တော့ပေ။
ဤရိုးရှင်းလှပါသည့် အကြံအစည်လေးမှာ မနေ့ညက သူသည် ချန်ကျိုစစ်အား နဂါးနိုင်လက်ဝါးသိုင်းကို တပ်မက်မှုမရှိပါကြောင်း အတိအလင်း ပြောဆိုခဲ့သောကြောင့် ပြုလုပ်ခဲ့ရခြင်း ဖြစ်ပေသည်။
ထိုစကားကို ထိုနေရာတွင်ရှိနေသည့် လူငါးရာ၊ခြောက်ရာခန့်က ကြားသိထားခဲ့သည်။ သို့ဖြင့် ယဲ့လုဖုန်းသည် မိမိ၏ဂုဏ်သတင်းကို ထိခိုက်မိအား စိုးရိမ်မိလေသည်။ သူသည် လူကြီးလူကောင်းတစ်ယောက်ဖြစ်ရာ အဘယ်သို့များ ပြောခဲ့ပြီးသည့်စကားကို ဖောက်ဖျက်နိုင်ပါမည်နည်း။
တစ်ညကုန်လွန်ပြီးသွားတာနဲ့ ငါက စကားဖျက်ပြီး ချန်ကျိုစစ်ဆီကနေ နဂါးနိုင်လက်ဝါးသိုင်းကျမ်းကို တောင်းတာကြီးက အဆင်မပြေဘူး မဟုတ်လား…