← Chapters

အခန်း (၆၈၆)

Vol. 58 Ch. 686

အခန်း (၆၈၆)

Vol. 58 Ch. 686

အခန်း ၆၈၆

ကိုယ့်ရဲ့အသည်းအသန်ဖြစ်နေတဲ့ပုံစံကို ဘယ်လိုလုပ် ပြလို့ဖြစ်ပါ့မလဲ။

ထိုသို့လုပ်ရပ်မှာ သူ၏စီရင်စုအုပ်ချုပ်ရေးမှူးအဆင့်အတန်းနှင့် မသင့်တော်လေရာ ကျိုးဖန်းကို အကြောင်းပြ၍ အခြေအနေကို ကိုင်တွယ်ရန်သာ တတ်နိုင်ပေသည်။ ထိုသို့ကိုင်တွယ်ခြင်းသည် သူ၏ နဂါးနိုင်လက်ဝါးသိုင်းအား တပ်မက်မှုကို မမြင်သာစေရန် ဖုံးကွယ်နိုင်လိမ့်မည် မဟုတ်ပါလော။

ငါက ယုံကြည်အားထားရတဲ့ သခင်ကြီးယဲ့လုပဲ။

သို့သော် ယခုတွင် ချန်ကျဲ့ကြောင့် အကျပ်ရိုက်နေရလေပြီ။

ချန်ကျဲ့သည် စကားလေးတစ်ခွန်းတည်းဖြင့် ယဲ့လုဖုန်းကို ထုတ်ဖော်သွားခဲ့လေသည်။ ယခုအချိန်တွင် ယဲ့လုဖုန်းမှ သူ့အိတ်ထဲကို သိုင်းကျမ်းကောက်ထည့်လိုက်ပါက အခြားသူများသည် သူ့အား မည်သို့ထင်မြင်ကြလိမ့်မည်နည်း။

စကားမတည်တဲ့ ယုံကြည်အားထားမရတဲ့သူ ဖြစ်မသွားပေဘူးလား။

ယဲ့လုဖုန်းသည် ဒေါသကြောင့် အံတင်းတင်းကြိတ်လျက် ချန်ကျဲ့ကို စိုက်ကြည့်နေခဲ့သည်။ ချန်ကျဲ့သည်တော့ နာခံတတ်ခြင်း၏ စံနမူနာတစ်ခုအလား အလွန်တရာမှ ရိုးသားဖြူစင်ဟန်ဖြင့် ရပ်နေခဲ့လေသည်။

ဤအခြေအနေမှာ ယဲ့လုဖုန်းအတွက် အလွန်မွန်းကြပ်ဖွယ်ကောင်းလှ၏။ အားကုန်အရှိန်ယူ၍ လက်သီးဖြင့် ထိုးလိုက်သည့်တိုင် ဝါဂွမ်းစကိုသာ ထိုးမိသကဲ့သို့ နည်းနည်းလေးမှ စိတ်ကျေနပ်စရာမရှိနေချေ။

နေရာရှိအခြားသူများသည် အပြန်အလှန် အကြည့်ချင်းဖလှယ်လိုက်ကြသည်။ သူတို့အားလုံးသည် ချန်ကျိုစစ်မှာ မည်မျှရူးမိုက်လိုက်သနည်းဟု တွေးနေခဲ့ကြသည်။

ချန်ကျိုစစ်က သခင်ကြီးယဲ့လုကို အကျပ်ရိုက်အောင် လုပ်နေတာပဲ။ နဂါးနိုင်လက်ဝါးသိုင်းကျမ်းကိုသုံးပြီး ယဲ့လုဖုန်းကို သူ့မျက်နှာသူဖြတ်ရိုက်ခိုင်းနေတာ။ ဘယ်လိုပဲဖြစ်ဖြစ် သူလုပ်လိုက်တာ တန်တယ်ပြောရမယ်။

အားလုံးသည် ယဲ့လုဖုန်း၏ရွေးချယ်မှုကို စောင့်ဆိုင်းနေခဲ့ကြသည်။

ယဲ့လုဖုန်းသည် သူ့လက်ထဲရောက်ရှိရန် အလွန်နီးကပ်နေပြီဖြစ်သည့် နဂါးနိုင်လက်ဝါးသိုင်းကျမ်းကို တစ်ချက်ကြည့်လိုက်သည်။ သို့သော် ၎င်းမှာ သူမည်သို့မျှ ကျော်လွှား၍မရနိုင်သော လက်လှမ်းမမီနိုင်သည့် အကွာအဝေးဖြစ်ကြောင်းကို သူကောင်းကောင်းသိနေပေသည်။ ယဲ့လုဖုန်း သက်ပြင်းချလိုက်ပြီး ချန်ကျဲ့ကို ပြောသည်။

“ကျိုစစ် မင်း ငါ့ကို အထင်သေးနေတာပဲ ဟုတ်တယ်မလား။ ငါ မနေ့က မင်းရဲ့နဂါးနိုင်လက်ဝါးသိုင်းကို မတပ်မက်ပါဘူးလို့ ကျိန်ဆိုခဲ့တယ်။ အဲဒါက ဒီတိုင်း အပြောသက်သက်ပဲ ဖြစ်ပါ့မလား”

“ငါက ဒီတိုင်း ကျိုးဖန်းက သူဖုန်းစားဂိုဏ်းခေါင်းဆောင်ဖြစ်သွားပြီဆိုတော့ သူ့အနေနဲ့ နဂါးနိုင်လက်ဝါးသိုင်းကို သင်ယူခွင့်ရှိတယ်လို့ တွေးလိုက်တာ။ ဒါပေမဲ့ သူက သူဖုန်းစားအိုကြီးနဲ့ ဆက်ဆံရေးဖြတ်တောက်ထားမယ်လို့ ငါထင်မထားခဲ့ဘူး။ သူက သိုင်းကျမ်းကို ဆက်ခံခွင့်ရှိတဲ့ ဆက်ခံသူမဟုတ်ဘူး။ မင်းပြောတာမှန်တယ်။ သူ့မှာ မင်းရဲ့နဂါးနိုင်လက်ဝါးသိုင်းကျမ်းကို ရယူပိုင်ခွင့်မရှိဘူး”

“ကောင်းပြီ။ မင်းရဲ့သိုင်းကျမ်းကို အမြန်ပြန်ယူသွားလိုက်တော့။ အခုကစပြီးတော့ မင်းရဲ့နဂါးနိုင်လက်ဝါးသိုင်းကို ဘယ်သူ့ကိုမှ လွှဲပေးဖို့ မလိုတော့ဘူး”

“သခင်ကြီးယဲ့လုကို ကျေးဇူးတင်ပါတယ်”

ချန်ကျဲ့သည် ရုတ်ချည်း လက်သီးယှက်အရိုအသေပြုတုံ့ပြန်လိုက်ပြီးနောက် သိုင်းကျမ်းကို ပြန်ကောက်ယူလိုက်သည်။ သို့သော် အိတ်ထဲမထည့်ပေ။ ထိုအစား အတွင်းအားဖြင့် အစိတ်စိတ်အမွှာမွှာ စုတ်ပြဲစေလိုက်ကာ လေထဲ ပျံ့လွင့်သွားစေခဲ့သည်။

ချန်ကျဲ့၏လုပ်ရပ်တွင် နေရာရှိလူများသည် စိတ်ထဲမှ အသိအမှတ်ပြုလိုက်ကြသည်။

ချန်ကျိုစစ်က တကယ့်ကို သွားရှုပ်သင့်တဲ့သူ မဟုတ်ဘူးပဲ။ အခုတော့ နဂါးနိုင်လက်ဝါးသိုင်းကို ဘယ်သူမှ ရယူဖို့ကြံစည်လို့ မရတော့ဘူး။

သူတို့အတွေးထဲနစ်မြောနေစဉ် ယဲ့လုဖုန်းသည် စိတ်မရှည်စွာ ခေါင်းမော့ကြည့်လာပြီး ပြောသည်။

“ချင်းယင် ဘယ်ရောက်သွားတာလဲ။ သူဘာလို့ အခုထိ ရောက်မလာသေးရတာလဲ”

အခြားသူများသည်လည်း အံ့အားသင့်နေကြ၏။

တကယ် အချိန်အတော်လင့်နေပြီ။ ချင်းယင် ဘယ်ရောက်နေတာလဲ။

သူတို့တွေးတောနေကြစဉ် ချီမုကော အပြေးဝင်လာပြီး ယဲ့လုဖုန်းအနီးသို့ကပ်ကာ တီးတိုးပြော၏။

“သခင်ကြီး မကောင်းတော့ဘူး။ ချင်းယင်၊ ချင်းဟူ၊ ချင်းပေါင်တို့ ညီအစ်ကိုသုံးယောက် အိမ်တော်ထဲမှာ သေနေတယ်လို့ သတင်းပို့လာပါတယ်”

“ဘာ”

ယဲ့လုဖုန်း၏မျက်နှာ သိသိသာသာ ပြောင်းလဲသွား၏။ ထို့နောက် အလျင်စလို ထရပ်လိုက်ပြီး ပြောသည်။

“ဘာပြောလိုက်တာလဲ ပြန်ပြောစမ်း”

ချီမုကောသည် နောက်တစ်ကြိမ် ယဲ့လုဖုန်း၏ နား,နားသို့ ကိုယ်ကိုကိုင်းညွှတ်လိုက်သည်။ သို့သော် ယဲ့လုဖုန်းမှ ပြောသည်။

“ပြောစမ်း၊ အဲဒီညီအစ်ကိုသုံးယောက် ဘာဖြစ်တာလဲ”

ချီမုကောသည်လည်း မျက်နှာအမူအရာ တောင့်တင်းသွားရလျက် နောက်တစ်ကြိမ် ထပ်ပြောလိုက်သည်။

“ကျွန်တော် အခုပဲ သတင်းရခဲ့ပါတယ်။ ချင်းညီအစ်ကိုတွေ အိမ်တော်မှာ အသတ်ခံထားရပါတယ်”

ဘာ။

ထိုသတင်းသည် အခန်းထဲရှိ လူအားလုံးကို အံ့ဩထိတ်လန့်သွားစေခဲ့သည်။

ချင်းယင်သေပြီလား။

ဘယ်လိုတောင် တိုက်ဆိုင်နေရတာလဲ။

အားလုံး၏အကြည့်များသည် ချန်ကျဲ့ထံ ချက်ချင်း ကျရောက်လာကြသည်။ အကြောင်းမှာ ချင်းယင်၏ သေခြင်းအတွက် အကျိုးအများဆုံးသူမှာ ချန်ကျဲ့ဖြစ်သောကြောင့်ပင်။ ယခုတွင် ချန်ကျဲ့သည် ငါးဖမ်းကုန်သည်အဖွဲ့ကို တစ်ဦးတည်း အုပ်ချုပ်နိုင်ပြီဖြစ်လေရာ သူ၏အင်အားကို သိသိသာသာ တိုးပွားစေလိမ့်မည်။

ချန်ကျဲ့မှာ မိမိ၏သရုပ်ဆောင်စွမ်းရည်ကို ပြသရမည့်အချိန်ကျရောက်လေပြီ။ ချန်ကျဲ့သည် အံ့ဩထိတ်လန့်နေဟန်ဖြင့် ပြော၏။

“ဘာ ချင်းယင်သေပြီလား”

အားလုံးသည် ချန်ကျဲ့၏တုံ့ပြန်မှုကို စောင့်ကြည့်နေကြသည်။ သူတို့သည် စိတ်ထဲတွင် ဤသို့တွေးနေကြ၏။

လုပ်စမ်းပါ ချန်ကျိုစစ်၊ ဆက်သရုပ်ဆောင်နေလိုက်။ မင်း ဘယ်လောက်သရုပ်ဆောင်ကောင်းပါစေ ငါတို့ မင်းကို ယုံမှာမဟုတ်ဘူး။ ဘာလို့ဆို ဒီအခြေအနေမှာ ချင်းယင်သေရင် အကျိုးအရှိဆုံးသူက မင်းဖြစ်နေလို့ပဲ။

ချန်ကျဲ့သည် သူ့ထံ ကျရောက်နေသည့် အကြည့်များကို မြင်သောအခါ ထိတ်ပျာနေသည့်အသံဖြင့် ပြောလိုက်သည်။

“ခင်ဗျားတို့ ဘာလို့ ကျွန်တော့်ကို ဒီလိုကြီးကြည့်နေကြတာလဲ။ ကျွန်တော်က ချင်းယင်ကို သတ်လိုက်တာလို့ ထင်နေကြတာတော့ မဟုတ်ပါဘူးနော်”

ထိုအခါ ယဲ့လုဖုန်းမှ ပြောသည်။

“မင်းမဟုတ်ဘူးလား”

ချန်ကျဲ့ ချက်ချင်း လက်သီးယှက်အရိုအသေပြုလိုက်ပြီး ပြောသည်။

“သခင်ကြီး ကျွန်တော် မတရားစွပ်စွဲခံရတာပါ။ ကျွန်တော် မဟုတ်ပါဘူး။ တကယ်မဟုတ်တာပါ”

ယဲ့လုဖုန်းသည် အရေးမထားဟန်ဖြင့် ပြန်ပြောသည်။

“မင်းမဟုတ်ရင် တခြားဘယ်သူဖြစ်နိုင်ဦးမှာလဲ။ ချင်းယင်သေရင် အကျိုးအများဆုံးရမယ့်သူက မင်းပဲ။ အဲဒါကို မင်းက မင်းသတ်တာ မဟုတ်ပါဘူးလို့ ပြောနေသေးတယ်လား”

ချန်ကျဲ့မှ ပြောသည်။

“သခင်ကြီး ချင်းယင်ရဲ့သေခြင်းက ကျွန်တော့်အတွက် ဘယ်လိုများ အကျိုးအများဆုံးဖြစ်ရတာပါလဲ။ ချင်းယင်က ကျွန်တော်တို့ငါးဖမ်းကုန်သည်အဖွဲ့ရဲ့ အရေးပါတဲ့လူတစ်ယောက်ပဲ။ သူရဲ့သေဆုံးမှုက ကျွန်တော်တို့ကို ထိခိုက်နိုင်တယ်။ ဘယ်လိုလုပ်ပြီး ကျွန်တော့်အတွက် အကျိုးများနိုင်မှာလဲ”

ထိုအခါ ကျိုးဖန်းမှ အေးစက်စွာ ပြောသည်။

“ချန်ကျိုစစ် အမှန်တရားကို ဖုံးကွယ်မနေနဲ့တော့။ သခင်ကြီးယဲ့လုက မင်းကို စောင့်ကြည့်ထိန်းချုပ်ဖို့အတွက် ချင်းယင်ကို ရွေးချယ်ထားတယ်ဆိုတာ လူတိုင်းသိတယ်။ အခု ချင်းယင်သေသွားတော့ ငါးဖမ်းကုန်သည်အဖွဲ့မှာ မင်းကိုဟန့်တားနိုင်တဲ့သူ ဘယ်သူမှမရှိတော့ဘူး။ မင်းတစ်ယောက်တည်းနဲ့ ကုန်သည်အဖွဲ့တစ်ခုလုံးကို အုပ်စိုးနိုင်ပြီလေ။ အဲဒီတော့ အကျိုးအများဆုံးရတဲ့သူက ဘယ်သူဖြစ်မှာတဲ့လဲ။ မင်းဝန်ခံလိုက်စမ်းပါ”

ချန်ကျဲ့ အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီးနောက် ပြောသည်။

“သခင်ကြီးယဲ့လု အဲဒါအမှန်ပဲလား။ သခင်ကြီးက ချင်းယင်ကို ကျွန်တော့်ကိုစောင့်ကြည့်ထိန်းချုပ်ဖို့ နေရာချထားတာလား”

ယဲ့လုဖုန်းသည် ကျိုးဖန်းကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။ သူသည် ဟန်ချက်ညီခြင်းအနုပညာကို အလေးထားသော်ငြား ၎င်းကို ဘွင်းဘွင်းရှင်းရှင်းကြီး ထုတ်ဖော်ပြသ၍ မဖြစ်ချေ။ ထိုသို့ပွင့်လင်းသည့် ထုတ်ဖော်ဝန်ခံမှုသည် သူ့ကို သနားစဖွယ်ပုံစံဖြစ်စေကာ သူ၏ပုံရိပ်ကို ပျက်စီးစေနိုင်သည်။

သို့သော်ငြား လက်ရှိမှာ ချန်ကျိုစစ်ကို အလွယ်တကူ အလွတ်ပေး၍မဖြစ်ချေ။

ဒီချန်ကျိုစစ်က အရမ်း ထိန်းမနိုင်သိမ်းမရဖြစ်လာနေတယ်။

သူ ဘယ်လိုတောင် ချင်းယင်ကို သတ်ရဲရတာလဲ။ ငါ သူ့ကို အပြစ်မပေးရရင် ငါ့စိတ်ထဲတောက်လောင်နေတဲ့ မုန်းတီးမှုကို နှိမ်နင်းနိုင်တော့မှာ မဟုတ်ဘူး။

ထိုသို့တွေးလျက် ယဲ့လုဖုန်း ချန်ကျဲ့ကို ပြောလိုက်သည်။

“အမှန်ပဲ။ ငါ ချင်းယင်ကို ငါးဖမ်းကုန်သည်အဖွဲ့ရဲ့ စီမံခန့်ခွဲမှုကိစ္စတွေမှာ မင်းကိုကူညီပေးနိုင်ဖို့ မျှော်လင့်ခဲ့တာ”

ထိုအခါ ချန်ကျဲ့ ပြန်ပြောလိုက်သည်။

“သခင်ကြီးရဲ့ ဂရုစိုက်ပေးမှုအတွက် ဒီငယ်သား ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ အဲဒီလိုဆိုရင်တောင်မှ ချင်းယင်တို့ညီအစ်ကိုသုံးယောက်ကို သတ်တဲ့သူက ကျွန်တော်ပါလို့ သက်သေပြနိုင်တဲ့အရာ မရှိဘူးလေ”

ထို့နောက် ချန်ကျဲ့ ချီမုကောဘက်သို့ လှည့်လိုက်ပြီး ပြောသည်။

“တပ်မှူးချီမုကော၊ ကျွန်တော်တို့နှစ်ယောက် မနေ့ညက မြို့ထဲပြန်သွားပြီးတော့ နန်ပါးထျန်းရဲ့အိမ်တော်ကို အတူစစ်ဆေးခဲ့ကြတာ မဟုတ်ဘူးလား။ မနေ့ညက ကျွန်တော်က တပ်မှူးချီနဲ့အတူ နန်ပါးထျန်းရဲ့အိမ်တော်မှာ ရှိနေခဲ့တာ။ ဘယ်မှမသွားခဲ့ဘူး။ မဟုတ်မှ ကျွန်တော်က နှစ်ကိုယ်ခွဲနိုင်တဲ့စွမ်းရည်ရှိနေပြီး ချင်းယင်တို့ကို သူတို့အိမ်တော်မှာ သွားသတ်လိုက်တာများလား”

ထိုအခါ နားထောင်နေသူများသည် ချီမုကောသို့ အကြည့်ပြောင်းသွားကြသည်။ ယဲ့လုဖုန်းလည်း ချီမုကောကို ကြည့်နေခဲ့၏။

ဒီနေ့ဒီနေရာတွင် လူအများရှိနေလေရာ ယဲ့လုဖုန်းအနေဖြင့် ချန်ကျဲ့ကို ဖြေရှင်းချင်လျှင်သော်မှ ကျိုးကြောင်းဆီလျော်ပြီး ခိုင်လုံသည့်သက်သေ လိုအပ်ပေသည်။

All Chapters