အခန်း (၆၈၇)
Vol. 58 Ch. 687
အခန်း ၆၈၇
ဤနည်းဖြင့်သာ အားလုံး၏ ရိုသေလေးစားမှုကို ရယူနိုင်မည်ဖြစ်သည်။ သို့မဟုတ်ပါက မျန့်ရွှေရှိ ပြည်သူများသည် သူ့ကို မည်သို့ထင်မြင်ကြလိမ့်မည်နည်း။
လက်အောက်ငယ်သားများကို အုပ်ချုပ်ရာတွင် ဂုဏ်သိက္ခာနှင့် ဩဇာအာဏာတို့ ဟန်ချက်ညီနေရန် လိုအပ်သည်။ ထို့ပြင် ရိုသေလေးစားမှုကို ရယူရမည်။ သို့ဖြစ်ရာ ချန်ကျိုစစ်ကို ခိုင်လုံသည့်သက်သေမရှိဘဲ အပြစ်ပေး၍ မဖြစ်ချေ။
သက်သေမခိုင်လုံဘဲ အပြစ်ပေးလိုက်ပါက မျန့်ရွှေပြည်သူများသည် ခြိမ်းခြောက်မှုကို ခံစားကြရကာ သူအပင်ပန်းခံ၍ ရယူထိန်းသိမ်းလာခဲ့ရသည့် ဟန်ချက်ညီမှုသည်လည်း ပျက်စီးသွားရလိမ့်မည်။
ထိုသို့အတွေးဖြင့် ယဲ့လုဖုန်းသည် ဘာမှမပြောခဲ့ပေ။ သို့သော် ချီမုကောမှ ပြောသည်။
“မဟုတ်ဘူး ချန်ကျိုစစ်။ မနေ့က ငါတို့ နန်ပါးထျန်းအိမ်တော်ကို ရှာဖွေတုန်းက ငါတစ်ယောက်တည်းပဲ။ နန်ပါးထျန်းအိမ်တော်ကို ရောက်ကတည်းက မင်းက အခန်းတစ်ခုထဲ ဝင်သွားပြီး လုံးဝ ထွက်မလာတော့ဘူးလေ”
“ချန်ကျိုစစ် မဟုတ်ဘူးလား”
ချီမုကောမှ မေးသည်။
ချန်ကျဲ့မှ ပြန်ပြောသည်။
“ကျွန်တော် ဒဏ်ရာရထားလို့ အခန်းထဲမှာ ဒဏ်ရာကုသနေတာပါ”
“ဒဏ်ရာကုသနေတာပေါ့လေ။ မင်းတစ်ယောက်တည်းလား။ အဲဒီအခန်းမှာ အနောက်ပြတင်းပေါက်ရှိတယ်။ မင်း အဲဒီပြတင်းပေါက်ကနေ ခုန်ထွက်ပြီး ချင်းယင်ကို သွားမသတ်ခဲ့ပါဘူးလို့ ဘယ်သူက အာမခံပေးနိုင်မှာလဲ”
“ဘယ်သူသက်သေခံနိုင်မှာလဲ”
ချီမုကောသည် ချန်ကျဲ့ကို မေးခွန်းထုတ်ရင်း စိုက်ကြည့်နေခဲ့သည်။ ချန်ကျဲ့ သိသိသာသာ မျက်မှောင်ကြုတ်လိုက်ပြီး ပြန်ပြောရန်ပြင်သည်။
သို့သော် ယဲ့လုဖုန်းမှ ကြားဖြတ်ပြောလာ၏။
“အင်း မုကောပြောတာမှန်တယ်။ ကျိုစစ် မင်း အဲဒီအခန်းထဲကနေ တစ်ချိန်လုံး လုံးဝ ထွက်မသွားဘဲ ရှိနေခဲ့ပါတယ်လို့ ဘယ်သူသက်သေခံပေးနိုင်လဲ”
ချန်ကျဲ့တိတ်ဆိတ်သွားခဲ့သည်။
ယဲ့လုဖုန်း၏နှုတ်ခမ်းထောင့်စွန်းတို့ အနည်းငယ် ကွေးတက်သွား၏။
ကောင်းလိုက်တာ။ ချန်ကျိုစစ်ကို ချုပ်ကိုင်ဖို့ အကြောင်းအရာတစ်ခုရပြီ။
ထိုအချိန်၌ ချန်ကျဲ့သည် သူရွေးချယ်နိုင်မည့်အရာများကို စိတ်ထဲမှ တွက်ချက်နေခဲ့သည်။ စကားဝိုင်းအခြေအနေသည် ဤအခြေအနေသို့ ရောက်လာခဲ့ပြီဖြစ်ရာ သူ့တွင် မိမိကိုယ်ကိုယ် အပြစ်ကင်းစင်ကြောင်း သက်သေပြနိုင်သည့်နည်းလမ်း မရှိပေ။ သက်သေပြနိုင်ခဲ့လျှင်သော်မှ ယဲ့လုဖုန်းသည် လုပ်ကြံပြောဆိုသည့်သက်သေအဖြစ် ပယ်ချပစ်နိုင်သည်။ ချန်ကျဲ့သည် ရွေးချယ်စရာမရှိတော့ဘဲ အရင်းအနှီးများသည့် ဒုတိယအစီအစဉ်ကို သုံးရတော့သည်။
ချန်ကျဲ့အနေဖြင့် ဤမှန်းဆစွပ်စွဲချက်မှ လွတ်မြောက်နိုင်သော်ငြား သူ့အတွက် ထိခိုက်မှုကြီးမားလိမ့်မည်။
ချန်ကျဲ့သည် သေချာစဉ်းစားပြီးနောက် အရင်းအနှီးများသည် ဒုတိယအစီအစဉ်ကို အသုံးပြုလုနီးတွင် အပြင်ဘက်မှ အက်ကွဲနေသည့်အသံတစ်သံ ထွက်ပေါ်လာသည်။
“ငါသက်သေပြနိုင်တယ်”
ဘယ်သူလဲ။
အားလုံး အသံလာရာသို့ လှည့်ကြည့်လိုက်ကြသည်။ အဖြူရောင်ဝတ်စုံ၊ သခင်လေးတစ်ဦးကဲ့သို့ ဆံပင်ထုံးဖွဲ့ဟန်ဖြင့် ခေါက်ယပ်တောင်တစ်ချောင်း ကိုင်ဆောင်ထားသည့် လူငယ်လေးသည် ကျက်သရေတင့်တယ်စွာဖြင့် ခြံဝင်းထဲ ဝင်ရောက်လာသည်။
သူ၏နောက်တွင် ကြံ့ခိုင်သန်မာသည့်လူသုံးဦး လိုက်ပါလာ၏။
တစ်ဦးသည် ဓားကိုင်ဆောင်သည်။ တစ်ဦးသည် နီရဲရဲမျက်နှာပိုင်ရှင်ဖြစ်ကာ ကျန်တစ်ဦးမှာ ခက်ထန်မာကြောသည့် ရုပ်ရည်ပိုင်ရှင်ဖြစ်သည်။
ထိုသူတို့ကိုမြင်သောအခါ ယဲ့လုဖုန်း၏မျက်နှာအမူအရာ ရုတ်ချည်းပြောင်းလဲသွား၏။
မင်းသမီးကျောက်ယာပဲ။
ယဲ့လုဖုန်း၏မျက်နှာအမူအရာ ပြောင်းလဲသွားသောကြောင့် အခြားသူများမှာ အခြေအနေကို နားမလည်နိုင်ဘဲ စိတ်ရှုပ်ထွေးကုန်ကြတော့သည်။
ကျောက်ယာသည် အခန်းထဲသို့ တင့်တယ်စွာ လျှောက်ဝင်လာခဲ့ပြီး အခန်းထဲကို ဝေ့ဝဲကြည့်လိုက်သည်။ ထို့နောက် ချန်ကျဲ့ဘက်သို့ လှည့်လာပြီး ပြောသည်။
“ငါ သူ့အတွက် သက်သေခံမယ်။ မနေ့ညက သူ ဘယ်မှမသွားခဲ့ဘူး။ တစ်ချိန်လုံး အခန်းထဲမှာ ငါနဲ့ စကားပြောနေခဲ့တာ”
“မင်းက ဘယ်သူလဲ။ မင်းရဲ့စကားတစ်ခွန်းလေးက ချန်ကျိုစစ်ကို အပြစ်ကင်းကြောင်း သက်သေပြနိုင်မှာတဲ့လား”
ကျိုးဖန်းသည် ကျောက်ယာကိုမြင်သောအခါ မယုံသင်္ကာဖြင့် ပြောသည်။
စကားတစ်ခွန်းတည်းနဲ့ ချန်ကျိုစစ် အပြစ်ကင်းကြောင်း သက်သေခံနိုင်ရအောင် မင်းက ဘယ်သူမို့လို့လဲ။
ကျိုးဖန်း၏စကားတွင် ကျောက်ယာ၏မျက်နှာ မည်းမှောင်သွား၏။ ကျောက်ယာပြောလိုက်သည်။
“အားစန်း သူ့ကိုရိုက်လိုက်”
အားစန်း ပြုံးလိုက်ပြီး ပြောသည်။
“မင်းက အတော်သတ္တိကောင်းတာပဲ ကောင်စုတ်လေး။ ငါတို့သခင်ကိုတောင် အပြစ်ပြုရဲတယ်”
ထို့နောက် အားစန်းသည် ကျိုးဖန်းဘေးသို့ ချက်ချင်း ရောက်ရှိသွားသည်မှာ သူ၏လှုပ်ရှားမှုကို မည်သူမျှ ရှင်းရှင်းလင်းလင်း မမြင်လိုက်ရသည်အထိပင်။ ကျိုးဖန်း ထိတ်ပျာသွားကာ အားစန်းကို တိုက်ခိုက်ရန် ကြိုးပမ်းသည်။ သို့သော် အားစန်းသည် ရိုးရှင်းစွာပင် ကျိုးဖန်း၏လက်မောင်းကို လိမ်ချိုးလိုက်ပြီး ကြက်ပေါက်တစ်ကောင်အလား ပင့်မြှောက်လိုက်လေသည်။
ထို့နောက် လက်ပြန်ရုတ်ကာ ကျိုးဖန်း၏မျက်နှာကို သုံးချက်ရိုက်လိုက်သည်။ သို့ဖြင့် ကျိုးဖန်း၏မျက်နှာမှာ ရုတ်ချည်း ရောင်ရမ်းသွားတော့သည်။
သို့တိုင် ယဲ့လုဖုန်းနှင့် ချီမုကောသည် စကားတစ်ခွန်းမျှ ဝင်မပြောရဲကြချေ။
ကျောက်ယာသည် ယဲ့လုဖုန်းကိုကြည့်လိုက်ပြီး ပြောသည်။
“သခင်ကြီးယဲ့လု ကျွန်တော်ဘယ်သူလဲ မမေးတော့ဘူးလား”
ယဲ့လုဖုန်းသည် ကသိကအောက်နိုင်စွာ ပြုံးလိုက်ပြီး ပြောသည်။
“ခရိုင်မင်းသမီး မေ့နေတာထင်ပါတယ်။ ကျွန်တော် မင်းသားအိမ်တော်မှာ ခရိုင်မင်းသမီးကို မြင်ဖူးပါတယ်”
ခရိုင်မင်းသမီးလား။
ထိုစကားတွင် အားလုံးမှာ အံ့အားသင့်ကုန်ကြလျက် ကျောက်ယာကို ကြည့်လိုက်ကြသည်။
ဒီလူက တကယ်တော့ ခရိုင်မင်းသမီးဖြစ်နေတာပဲ။
ကျောက်ယာသည် အခန်းတွင်းရှိလူအားလုံး၏ မျက်နှာအမူအရာများကို သာမန်ကာလျှံကာမျှ ဝေ့ဝဲကြည့်လိုက်ပြီးနောက် ချန်ကျဲ့ကိုသာ အာရုံပြန်စိုက်လိုက်သည်။
ချန်ကျဲ့သည် အတော်လေး သရုပ်ဆောင်ကောင်း၏။ ခရိုင်မင်းသမီး၏သရုပ်မှန်ကို သိထားပြီးဖြစ်သည့်တိုင် သူ၏မျက်နှာတွင် မယုံကြည်နိုင်ခြင်းများ အတိုင်းသားထင်ဟပ်နေလျက် ကြောင်အ,မင်သက်နေလေသည်။
ကျောက်ယာသည် ချန်ကျဲ့၏တုံ့ပြန်ပုံကို အတော်လေး စိတ်ကျေနပ်သွား၏။
ထို့နောက် ကျောက်ယာသည် ရွှေတံဆိပ်ပြားတစ်ခုကို ထုတ်ယူကာ စားပွဲထက် အားပြင်းပြင်း ချလိုက်ရင်း ပြောသည်။
“သခင်ကြီးယဲ့လု ကျွန်မက ဒီနေရာကို ခရိုင်မင်းသမီးတစ်ယောက်အနေနဲ့ပဲ ရောက်လာတာ မဟုတ်ဘူး။ ကျွန်မက တော်ဝင်နန်းတော်က ခန့်အပ်ထားတဲ့ အနောက်တောင်ပိုင်း စိစစ်ရေးတမန်တော်ပဲ”
တံဆိပ်ပြားကို မြင်သည်နှင့်တစ်ပြိုင်နက် ယဲ့လုဖုန်းသည် ချက်ချင်း ဒူးထောက်ချလိုက်ပြီး ပြောသည်။
“ဒီငယ်သား မျန့်ရွှေရဲ့စီရင်စုအုပ်ချုပ်ရေးမှူး ဟွားချီယဲ့လုဖုန်း စိစစ်ရေးတမန်တော်ကို ဂါရဝပြုပါတယ်”
ထိုအခါ အခြားသူများသည်လည်း ဒူးထောက်လိုက်ကြသည်။
“ကျွန်တော်တို့ပြည်သူတွေလည်း စိစစ်ရေးတမန်တော်ကို ဂါရဝပြုပါတယ်”
ကျောက်ယာမှ ပြောသည်။
“အားလုံးပဲ ထကြပါ”
“ကျေးဇူးတင်ပါတယ် မင်းသမီး”
အားလုံး မတ်တပ်ပြန်ရပ်လိုက်ကြသည်။ ကျောက်ယာမှ ယဲ့လုဖုန်းကို ပြောသည်။
“သခင်ကြီးယဲ့လု အခု ကျွန်မက ချန်ကျိုစစ်အပြစ်ကင်းကြောင်း သက်သေပြဖို့ အရည်အချင်းပြည့်မီရဲ့လား”
ယဲ့လုဖုန်းမှ ပြန်ပြောသည်။
“သေချာတာပေါ့ဗျာ”
ချန်ကျဲ့မှ ပြောသည်။
“မျက်မြင်သက်သေဖြစ်ပေးတဲ့အတွက် စိစစ်ရေးတမန်တော်ကို ကျေးဇူးတင်ပါတယ်။ စိစစ်ရေးတမန်တော်ရဲ့ သက်သေခံမှုနဲ့ လုံလောက်ပေမဲ့လည်း ကျွန်တော် တပ်မှူးချီမုကောကို တစ်ခုမေးချင်ပါသေးတယ်။ ချင်းယင်က ဘယ်လိုသေသွားတာပါလဲ။ ကျွန်တော့်ရဲ့သံမဏိလက်ဝါးသိုင်းကြောင့် သေသွားတာလား ဒါမှမဟုတ် နဂါးနိုင်လက်ဝါးသိုင်းကြောင့် သေသွားတာပါလား”
ထိုအခါ ချီမုကော တိတ်ဆိတ်သွားသည်။ အချိန်အတော်ကြာမြင့်ပြီးနောက်မှ ပြန်ပြောလာသည်။
“ရေခဲစိတ်စွမ်းအင်သိုင်းကြောင့်ပါ”
“ရေခဲစိတ်စွမ်းအင်သိုင်းလား”
နေရာရှိလူများမှာ ရှုပ်ထွေးသွားရသည်။
အဲဒါက နန်ပါးထျန်းရဲ့ ကျော်ကြားတဲ့သိုင်းလေ။
ထိုစကားတွင် ယဲ့လုဖုန်း ဒေါသထွက်သွား၏။
“မုကော မင်းက တကယ် အသုံးမကျတာပဲ။ ဒီလောက်အရေးကြီးတဲ့အချက်ကို ခုနက ဘာလို့ မပြောရတာလဲ။ ရေခဲစိတ်စွမ်းအင်သိုင်း အဲဒါက သေချာပေါက် နန်ပါးထျန်းမဟုတ်ရင် သူ့အပေါင်းအပါရဲ့လက်ချက်ဆိုတာ သိသာနေတာပဲ။ ငါတို့ ကျိုစစ်ကို မတရားစွပ်စွဲမိတော့မလို့။ မင်း ပြီးရင် ကျိုစစ်ကို ကိုယ်တိုင်ကိုယ်ကျ သွားတောင်းပန်ချည်”
ထို့နောက် ယဲ့လုဖုန်းသည် ကျောက်ယာအနီးသို့ ချဉ်းကပ်သွားပြီး အပြုံးဖြင့် ပြောသည်။
“စိစစ်ရေးတမန်တော်က မျန့်ရွှေကို ဘယ်တုန်းက ရောက်တာပါလဲ။ စိစစ်ရေးတမန်တော် ခရီးဝေးက ရောက်လာတာကို မကြိုဆိုလိုက်ရတာ ကျွန်တော် စိတ်မကောင်းဖြစ်မိပါတယ်”
ထိုအချိန်၌ ကျောက်ယာသည် တွေ့ကရာထိုင်ခုံတစ်လုံးတွင် ကောက်ထိုင်လိုက်ပြီး ပြောသည်။
“အင်း.. သခင်ကြီးယဲ့လု ကျွန်မကို စိတ်ထဲမထားပါနဲ့။ အစည်းအဝေး ဆက်လုပ်လိုက်ပါ…”
ယဲ့လုဖုန်းမှ ပြောသည်။
“အို အစည်းအဝေးက ငါးဖမ်းကုန်သည်အဖွဲ့ရဲ့ ခေါင်းဆောင်အသစ်ကို ရွေးချယ်ဖို့ပါ။ ချန်ကျိုစစ်က အဲဒီရာထူးကို ဆက်ခံသင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။ စိစစ်ရေးတမန်တော်ရော ဘယ်လိုသဘောရပါသလဲ”
ကျောက်ယာမှ ပြန်ပြောသည်။
“ချန်ကျိုစစ်လား။ အရမ်းကောင်းတာပေါ့။ ကျွန်မ ဝင်မနှောင့်ယှက်တော့ဘူး။ ရှင်တို့ရဲ့ ပုံမှန်ရွေးချယ်မှုလုပ်ရိုးလုပ်စဉ်တွေကို ဆက်လုပ်ကြပါ။ ကျွန်မကို စိတ်ထဲထားမနေနဲ့။ ဒါနဲ့ ကျိုစစ်၊ ရှင် ဒီမှာကိစ္စပြီးရင် ကျွန်မကို အနောက်ခြံဝင်းမှာ လာတွေ့လှည့်ဦး”
စကားအဆုံး၌ ကျောက်ယာသည် ထိုင်ခုံမှ ထကာ ထွက်သွားခဲ့သည်။
ထိုအခါ အားလုံး၏အကြည့်များသည် ချန်ကျဲ့ထံ ချက်ချင်း ကျရောက်လာကြသည်။
စိစစ်ရေးတမန်တော်ကို အနောက်ခြံဝင်းမှာ သွားတွေ့ရမယ်တဲ့လား။
ချန်ကျိုစစ်နဲ့ ခရိုင်မင်းသမီးနဲ့က ဘယ်လိုဆက်ဆံရေးရှိနေတာလဲ။
ပြီးတော့လည်း မနေ့ညက သူတို့နှစ်ယောက်တည်း အခန်းထဲမှာ စကားပြောနေခဲ့ကြတယ်တဲ့။
အားလုံး၏ ချန်ကျဲ့အပေါ်အကြည့်များသည် ရုတ်ချည်း ပြောင်းလဲသွားလေတော့သည်။