အခန်း (၆၈၈)
Vol. 58 Ch. 688
အခန်း ၆၈၈
ကျောက်ယာသည် ကျက်သရတင့်တယ်စွာဖြင့် ထွက်ခွာသွားခဲ့သည်။ နေရာရှိလူများသည် ချန်ကျဲ့ကို ကြောင်အစွာ ကြည့်လျက် ကျန်ရစ်ခဲ့ကြလေသည်။
ချန်ကျဲ့ ကူကယ်ရာမဲ့သွားရသည်။ ခရိုင်မင်းသမီး၏စကားများသည် ဒွိဟဖြစ်ဖွယ်သော အဓိပ္ပာယ်ရောက်၏။
‘ငါ့ကို အနောက်ခြံဝင်းမှာ လာတွေ့လှည့်’ဆိုတာက ဘာစကားကြီးလဲ။
သို့သော်ငြား ချန်ကျဲ့သည် ရှင်းပြရခြင်းငှာ ပျင်းရိနေသည့်အပြင် ၎င်းသည်လည်း သူ့အတွက် အထိအခိုက်မရှိဘဲ အကျိုးရှိလေရာ ဒီတိုင်းထားလိုက်တော့သည်။
အခြေအနေသည် ဤသို့ဖြစ်လာခဲ့ရာ ချန်ကျဲ့သည် အေးအေးဆေးဆေးပင် လက်ခံလိုက်တော့သည်။
ထိုသို့အတွေးဖြင့် ချန်ကျဲ့သည် ဘာမှမပြောဘဲ ဆက်ထိုင်နေလိုက်သည်။ ရှောင်ဟူသည်တော့ သူ၏အစ်ကိုကျိုစစ်အား အနည်းငယ်ထူးဆန်းစွာ ကြည့်နေခဲ့လေသည်။
အစ်ကိုကျိုစစ်က ဘယ်တုန်းက ခရိုင်မင်းသမီးနဲ့ အဆက်အဆံရှိသွားတာလဲ။ အရင်က လက်ဖက်ရည်ဆိုင်မှာ တစ်ခါပဲ တွေ့ဖူးတာပါ။
ရှောင်ဟူ ခေါင်းခါလိုက်ပြီး စိတ်ထဲမှ တွေးလိုက်သည်။
“အစ်ကိုကျိုစစ်ရဲ့ ဆွဲဆောင်မှုရှိချက်ကတော့ သေလောက်တယ်”
ချန်ကျဲ့မှာ တည်ငြိမ်နေစဉ် အခြားသူများသည်တော့ ပါးစပ်အဟောင်းသားဖြင့် အံ့အားသင့်လျက် သူ့ကိုကြည့်နေကြလေသည်။
ဒေသခံအဖွဲ့အစည်းတစ်ခုရဲ့ ခေါင်းဆောင်လေးတစ်ယောက်က အင်း ခေါင်းဆောင်မဟုတ်သေးဘူး ခန်းမအရှင်သခင်လေးပဲ ရှိသေးတာကို ရူယန်မင်းသားရဲ့ လမ်းကြီးခုနစ်လမ်းတစ်လျှောက်က ကျန်းနန် စီရင်စု၈၁ခုကို အစိုးရတဲ့ ခရိုင်မင်းသမီးနဲ့… ဒီနှစ်ယောက်က ဘယ်လိုချိတ်ဆက်မိသွားရတာလဲ။ ဒါက ဖြစ်နိုင်ခြေမရှိတဲ့ စိတ်ကူးယဉ်ဇာတ်လမ်းကြီး မဟုတ်ဘူးလား။
လျိုလောင်ကွေ့လည်း အံ့အားသင့်နေခဲ့သည်။
ငါ့ညီနောင်ကျိုစစ်က တကယ့်ကို သာမန်လူမဟုတ်ဘူးပဲ။ စိစစ်ရေးတမန်တော်နဲ့တောင် အဆက်အသွယ်ရှိတယ်။ အခု ကျိုစစ်ရဲ့ရာထူးအဆင့်အတန်းက ခိုင်မာသွားပြီ။ ယဲ့လုဖုန်းတောင် သူ့ကို မထိနိုင်တော့ဘူး။
ဒီပါရမီရှင်ကို ကြည့်စမ်းပါဦး။ ငါပြန်ရောက်လို့ကတော့ အိမ်က သုံးစားမရတဲ့ ငတုံးကောင်ကို သေချာလေး သင်ခန်းစာပြသရမယ်။ ကောင်စုတ်လေးက နေ့တိုင်း ထောင်လွှားနေတာ။ သူနဲ့ ကျိုစစ်ကြားက ကွာခြားချက်ကို သေချာမြင်အောင် ပြသေပေးမှဖြစ်မယ်။
ဝူဟုန်သည် ချန်ကျဲ့ကို ကြည့်လိုက်သည်။ ထို့နောက် မထိန်းချုပ်နိုင်စွာ မသိမသာ ပြုံးလိုက်၏။ ခုနလေးကမှ သူသည် သူ၏ညီနောင်ကျိုစစ်အတွက် စိတ်ပူနေခဲ့သေးသည်။ သို့သော် မျက်တောင်တစ်ခတ်အတွင်း၌ ကျိုစစ်သည် ဤမျှအင်အားကြီးမားသည့် မဟာမိတ်ကို ရှာတွေ့နိုင်ခဲ့လေသည်။
ဒီညီနောင်ကတော့ နေရာခိုင်မာသွားပြီပဲ။
ချောင်ဟုန်ယန်သည် သိသိသာသာ မျက်မှောင်ကြုတ်နေ၏။
ချန်ကျိုစစ်က ဘယ်တုန်းက တော်ဝင်နန်းတော်က ခရိုင်မင်းသမီးနဲ့ အဆက်အဆံရှိသွားတာလဲ။ မဖြစ်ဘူး၊ ငါတစ်ခုခုစဉ်းစားထားမှ ဖြစ်မယ်။ ချန်ကျိုစစ်ကို တော်ဝင်နန်းတော်က သွေးဆောင်ခံရလို့မဖြစ်ဘူး. သူသာ မိန်ဂိုဏ်းရဲ့ရန်သူဖြစ်လာရင်…
ချောင်ဟုန်ယန်သည် မျက်မှောင်ကြုတ်ထားလျက် ကပ်ဘေးတစ်ခု နီးကပ်လာနေသည့်အလား ခံစားနေခဲ့ရသည်။
ချန်ကျိုစစ်ကို မိန်ဂိုဏ်းထဲဝင်အောင် ဘယ်လိုလုပ်ရပါ့မလဲ။
ချောင်ဟုန်ယန်၏ဘေးရှိ တတိယသခင်မလေးဟွားသည်လည်း သိသိသာသာ မျက်မှောင်ကြုတ်နေသည်။ သူမ၏မောင်လေးချန်ကျိုစစ်သည် ဆွဲဆောင်မှုရှိလွန်းနေသည်။
သူဘယ်တုန်းက ခရိုင်မင်းသမီးနဲ့ ချိတ်ဆက်မိသွားတာလဲ။ မဖြစ်ဘူး၊ ငါ ပြီးရင် ညီမလေးယွင်ကျင်းကို သွားပြောရမယ်။ သူ့လူကို ဆက်တိုက်စောင့်ကြည့်နေဖို့ သတိပေးမှပဲ။ မဟုတ်ရင် နောက်ကျမှ နောင်တရဖို့ နောက်ကျသွားလိမ့်မယ်။
ထိုအချိန်၌ အားစန်း၏ရိုက်နှက်ခံခဲ့ရသည့် ကျိုးဖန်းသည် ပါးနှစ်ဖက်ရောင်ကိုင်းနေလျက် မျက်နှာပုံပျက်နေလေသည်။ ယခုတွင် သူသည် ချန်ကျဲ့အား ရွဲ့စောင်းနေသည့်မျက်နှာဖြင့် မနာလိုစိတ်အပြည့်ဖြင့် ကြည့်နေခဲ့သည်။
ချန်ကျိုစစ်က ဘာလို့ အကောင်းတွေချည်း ပိုင်ဆိုင်ထားရတာလဲ။ နဂါးနိုင်လက်ဝါးသိုင်းကိုလည်း ချန်ကျိုစစ်က ရှာတွေ့သွားတယ်။ အခုလည်း ခရိုင်မင်းသမီးက သူ့ကို အလေးထားနေပြန်ပြီ။ ဘာလို့လဲ။ သူက ဘာလို့ ဒီလောက်တောင် ကံကောင်းနေရတာလဲ။
ခရိုင်မင်းသမီးထွက်သွားပြီးနောက် ယဲ့လုဖုန်းသည် နေရာတွင် ဘာမှမပြောဘဲ အေးအေးလူလူထိုင်နေသည့် ချန်ကျဲ့ကို ကြည့်လိုက်သည်။
သူ၏မျက်လုံးအစုံတွင် ခံစားချက်ပေါင်းစုံ ပြောင်းလဲထင်ဟပ်နေခဲ့၏။ အံ့အားသင့်ခြင်းမှသည် အမျက်ဒေါသအဖြစ်၊ ထိုမှတစ်ဆင့် ကြောက်ရွံ့မှုနှင့် မျှော်လင့်ချက်မဲ့မှု၊ နောက်ဆုံးတွင်တော့ ကသိကအောက်နိုင်လှစွာသော ရယ်မောခြင်းအဖြစ်သို့ ပြောင်းလဲသွားလေသည်။
“ဟားဟား… ချန်ကျိုစစ် မင်းက ခရိုင်မင်းသမီးနဲ့ သိကျွမ်းတယ်လား။ မင်းဘာလို့ ငါတို့ကို ကြိုမပြောရတာလဲ။ ငါတို့အကုန် ဒုက္ခရောက်ကုန်တော့မလို့”
ကူကယ်ရာမဲ့မှုများပါဝင်နေသည့် ကသိကအောက်နိုင်လှစွာသော ယဲ့လုဖုန်း၏ ရယ်သံသည် ရှုံးနိမ့်ခြင်းသော ခံစားချက်ကို ဖော်ပြနေသည်။ အာဏာသည် အာဏာကို ထိန်းချုပ်နိုင်၏။ ခရိုင်မင်းသမီးနှင့် ယှဉ်လိုက်ပါက သူ၏ မျန့်ရွှေ၏ဒေသခံစီရင်စုအုပ်ချုပ်ရေးမှူးရာထူးလေးသည် နှမ်းစေ့တမျှ သေးငယ်သွားလေသည်။
ခရိုင်မင်းသမီးသည် ကျန်းနန်နှင့် အနောက်တောင်ပိုင်းဒေသ၏ ဧကရာဇ်တစ်ပါးကဲ့သို့သော ရူယန်မင်းသား၏ သမီးဖြစ်သည်။
သူသည်တော့ လက်အောက်ငယ်သား၏ လက်အောက်ငယ်သားဖြစ်ကာ… သူမ၏ လက်အောက်ငယ်သားဖြစ်သည်။
၎င်းမှာ ကွာခြားမှုအသေးအမွှားလေး မဟုတ်ချေ။ သူမသည် သူ၏သေခြင်းရှင်ခြင်းကို အဆုံးအဖြတ်ပေးနိုင်စွမ်းရှိသူ ဖြစ်သည်။
ယခုတွင် ချန်ကျိုစစ်သည် ခရိုင်မင်းသမီးနှင့် အဆက်အသွယ်ရှိလေရာ သူမည်မျှ ဒေါသထွက်ပြီး မွန်းကျပ်နေသည်ဖြစ်စေ ချန်ကျိုစစ်ကို ပြဿနာရှာခြင်းငှာ မသင့်တော်တော့ပေ။ ချန်ကျဲ့ကို အရမ်းမနှောင့်ယှက်စေမိရန်ပင် သတိထားရတော့မည် ဖြစ်သည်။
အဆုံးသတ်၌ ခရိုင်မင်းသမီး၏ စကားတစ်ခွန်းသည် သူ့အနေဖြင့် စီရင်စုအုပ်ချုပ်ရေးမှူးရာထူးတွင် ဆက်နေနိုင်ခြင်း၊ မနေနိုင်ခြင်းကို ဆုံးဖြတ်ပေးနိုင်သည် မဟုတ်ပါလော။
ထို့ပြင် ခရိုင်မင်းသမီးသည် စိစစ်ရေးတမန်တော်အဖြစ် တာဝန်ထမ်းဆောင်နေစဉ်အတွင်း၌ စီရင်စုအုပ်ချုပ်ရေးမှူးသုံးဦးကို ကွပ်မျက်ခဲ့သည်ဟူသည့် ကောလာဟလများသည် သတင်းအမှား မဟုတ်ချေ။ တခြားစီရင်စုအုပ်ချုပ်ရေးတွေကိုတောင် သတ်နိုင်သေးရင် ငါယဲ့လုကိုရော မသတ်နိုင်စရာရှိပါ့မလား။
ယဲ့လုဖုန်းသည် မုလန်လူမျိုးများတွင် အခြေခံအုတ်မြစ်ထင်ရှားသည့် ယဲ့လုမျိုးနွယ်စုမှ ဆင်းသက်လာသူဖြစ်သော်ငြား သူသည် ယဲ့လုမျိုးနွယ်စု၏ မျိုးနွယ်အခွဲတစ်ခုမှ မျိုးနွယ်ဝင်တစ်ယောက်သာ ဖြစ်သည်။ ရူယန်မင်းသားကြီး၏ အာရုံစိုက်မှုနှင့် မထိုက်တန်ပေ။
ချန်ကျိုစစ်က အခုနောက်ပိုင်း အရမ်းရဲတင်းလာတယ်လို့ ခံစားနေရတာ မထူးဆန်းတော့ပါဘူး။ လက်စသတ်တော့ သူက သစ်ကိုင်းအမြင့်ပေါ် တက်နိုင်သွားတာပဲ။
ယဲ့လုဖုန်း၏ အတွင်းစိတ်ဝဲဂယက်မှာ အလွန်လှိုင်းထန်နေသည်။ နောက်ဆုံးတွင်တော့ အင်အားကြီးမားခြင်းရှေ့မှောက်၌ သူသည် အတင်းအကျပ် မြိုသိပ်ထားလိုက်ရကာ ချန်ကျဲ့အား ကသိကအောက်နိုင်လှစွာသော အပြုံးတစ်ခု ကမ်းလှမ်းရန်သာ တတ်နိုင်ခဲ့လေသည်။
ချန်ကျဲ့သည် တစ်ချိန်လုံး အေးအေးဆေးဆေးပင်။ သူသည် ယခုတွင် အင်အားအာဏာကို အောင်မြင်စွာ ငှားရမ်းနိုင်ခဲ့ပြီးဖြစ်ရာ စကားများများပြောခြင်းသည် သူ့ကိုယ်သူ ပို၍ထုတ်ဖော်မိပေလိမ့်မည်။ ထို့ကြောင့် စကားမပြောရန် ရွေးချယ်လိုက်သည်။
သူတို့စိတ်တိုင်းကျ စိတ်ကူးယဉ်ကြပါစေလေ။
ချန်ကျဲ့ ဘာမှမပြောဘဲ တိတ်ဆိတ်နေသည်ကို မြင်သောအခါ ယဲ့လုဖုန်းသည် လည်ချောင်းရှင်းလိုက်ပြီး ပြောသည်။
“လူကြီးမင်းတို့ အချိန်လည်းမစောတော့ဘူး။ ချင်းယင်တို့ညီအစ်ကိုတွေ ကွယ်လွန်သွားကြပြီဆိုတော့ သူတို့ကိစ္စကို ခဏထားလိုက်ရအောင်။ အခုတော့ မြန်မြန်မဲပေးဆုံးဖြတ်ကြတာပေါ့။ ကျိုစစ်က ခရိုင်မင်းသမီးနဲ့ သွားတွေ့ရဦးမှာလေ”
ထိုအခါ အားလုံးသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
ဒီကိစ္စက မဲပေးဆုံးဖြတ်ဖို့ လိုသေးလို့လား။
ယဲ့လုဖုန်း၏အဖြေမှာ လိုအပ်သည်ဖြစ်၏။
ထုံးတမ်းအတွက်ဖြစ်စေ ပြုလုပ်ရန် လိုအပ်ပေသည်။
သို့ဖြစ်ရာ ယဲ့လုဖုန်း ပြောလိုက်သည်။
“ငါးဖမ်းကုန်သည်အဖွဲ့ရဲ့ ခေါင်းဆောင်အသစ်ရာထူးကို ချန်ကျိုစစ်ကို ပေးအပ်ဖို့ ငါအကြံပြုတင်သွင်းလိုတယ်။ ဘယ်သူတွေ ထောက်ခံပြီး ဘယ်သူတွေ ကန့်ကွက်မလဲ”
ဤမေးခွန်း၏ အဓိကရည်ရွယ်ချက်မှာ အားလုံး၏ တုံ့ပြန်မှုပုံစံများကို အကဲခတ်ကြည့်ရန် ဖြစ်သည်။
မေးခွန်းအဆုံး၌ အားလုံးနီးပါးသည် တစ်စိတ်တစ်ဝမ်းတည်း ပြောကြသည်။
“ကန့်ကွက်စရာမရှိပါဘူး။ ကန့်ကွက်စရာမရှိပါဘူး”
ထိုအခါ ယဲ့လုဖုန်း ပြုံးလိုက်သည်။
“ကောင်းတယ် အရမ်းကောင်းတယ်။ ပြီးတော့ ချင်းယင်ကွယ်လွန်သွားပြီဆိုတော့ လင်းယုန်ခန်းမကိုလည်း ငါးဖမ်းကုန်သည်အဖွဲ့ဌာနချုပ်ထဲ ပေါင်းထည့်ရလိမ့်မယ်။ ကျားဖြူခန်းမကို ဆက်ထား၊မထားကတော့ ကျိုစစ် မင်းအပေါ်ပဲ မူတည်တယ်။ အခု ငါးဖမ်းကုန်သည်အဖွဲ့တစ်ခုလုံးကို ထိန်းချုပ်စီမံခွင့်က မင်းလက်ထဲမှာပဲ”
ယဲ့လုဖုန်းမှ ရယ်မောလျက် ပြောသည်။ ယဲ့လုဖုန်းသည် ငါးဖမ်းကုန်သည်အဖွဲ့ကို မည်သည့်ကန့်သတ်ချုပ်ချယ်မှုမျှ မပါဝင်ဘဲ ချန်ကျဲ့ထံ လွှဲပြောင်းပေးသည်ဟူသည့် သူ၏ရပ်တည်ချက်ကို ရှင်းလင်းစွာ ထုတ်ဖော်ပြောခဲ့သည်။
အခု မင်းဆန္ဒရှိသလို လုပ်ဆောင်နိုင်ပြီ။ ဒါက လုံလုံလောက်လောက် သဘောထားကြီးနေပြီ မဟုတ်ပေဘူးလား။
(စာစစ်သူမှတ်ချက် - အခုမှ သတိရတယ်။ ဒီဝတ္ထုမှာ စနစ်ပါတယ်နော် ဟုတ်တယ်မဟုတ်လား။ မမြင်တာကြာတော့ မေ့တောင်မေ့နေပြီ)