သူတော်စင်ခုနစ်ပါးရွှံ့နွံအိုင်သို့ သွားရောက်ခြင်း
Vol. 119 Ch. 1184
များပြားလှသော နတ်ဆိုးသက်တမ်းက အဆုံးအစမရှိသောအဝါရောင်မြူခိုးများအဖြစ်သို့ ပြောင်းလဲသွား၏။ ရှန်းယီ၏နတ်ဝိညာဉ်က ၎င်းအတွင်း လှည့်လည်သွားလာနေပြီး တာအိုကာကွယ်ရေးစွမ်းအားမှ ထွက်ပေါ်လာသော ရွှေရောင်ချည်မျှင်များကို ကျွမ်းကျင်စွာ ထုတ်ယူနေသည်။ ယခုအခါ ဤအရာကိုရယူခြင်းက ခက်ခဲသော အလုပ်တစ်ခုမဟုတ်တော့ဘဲ အမှားအယွင်းများလည်း ဖြစ်ခဲလှ၏။ သို့သော် အခက်အခဲက ဤရွှေရောင်ချည်မျှင်များကို ကောင်းကင်တာအိုမူရင်းမြစ်နှင့် ကိုက်ညီသော အသွင်ပြောင်းလဲမှုများအဖြစ် မည်သို့ ယက်လုပ်ရမည်ဟူသော အချက်ပင်။ ကပ်ဘေးနှစ်သောင်းတစ်ထောင်စာ နတ်ဆိုးသက်တမ်းက သူ၏ခန္ဓာကိုယ်အတွင်း လွင့်မျှောနေသောရွှေရောင်ချည်မျှင်နှစ်ဆယ့်တစ်မျှင်အဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွား၏။ ရှန်းယီက ပယင်းလုံးအတွင်းသို့ သူ၏စိတ်ကို နှစ်မြှုပ်လိုက်ပြီးအတွင်းရှိ နဂါးနှင့် ကျားကို သေချာစွာ စစ်ဆေးလိုက်သည်။ တင်ပျဉ်ခွေထိုင်နေသော အာဟတ်အသီးအပွင့်ကိုလည်း သူ လှမ်းကြည့်လိုက်၏။ ရွှေရောင်ပုံရိပ်က အသေးစိတ်မထင်ရှားသော်လည်း လက်နှစ်ဖက်ကို ယှက်ကာ တိတ်ဆိတ်စွာထိုင်နေပြီး ၎င်း၏နောက်တွင် လက်လေးဖက်ကဆန့်တန်းနေကာ ရှင်းပြ၍မရနိုင်သော ခမ်းနာထည်ဝါမှုတစ်ခုကို ထုတ်လွှတ်နေသည်။ "တစ်စုံတစ်ခု လိုအပ်နေသလိုပဲ" မူလရင်းမြစ်ရွှေရောင်ချည်မျှင်များကိုစုဆောင်းနေစဉ် ရှန်းယီက စနစ်မျက်နှာပြင်မှတစ်ဆင့် ဝိညာဉ်စွမ်းအားကာကွယ်ရေးကျမ်းစာကို အကြိမ်ကြိမ်ဆင်ခြင်သဘောပေါက်အောင် ကြိုးစားနေ၏။ တတိယအဆင့်နယ်ပယ်တွင် အသွင်ပြောင်းလဲခြင်း လေးခုရှိပြီး ကိုးနှင့်ကိုးအဆင့်က အသွင်ပြောင်းလဲခြင်း၏အထွတ်အထိပ်ပင်။ လက်ရှိ ဗောဓိသတ္တအသီးအပွင့်က သန္ဓေသားအဆင့်တွင်သာရှိသေးပြီး ဆင့်ကဲပြောင်းလဲရန် အလားအလာများစွာ ရှိနေသေး၏။ ရှန်းယီ၏အကြည့်က ရွှေရောင်ပုံရိပ်၏အနောက်ရှိ ဗလာနေသော လက်လေးဖက်ပေါ်သို့ ကျရောက်သွားသည်။ တစ်ချို့အရာများကို သူ တဖြည်းဖြည်း သဘောပေါက်လာ၏။ တာအိုကာကွယ်ရေးစွမ်းအား။ ကာကွယ်ရန် မည်သည့်အရာကိုအသုံးပြုရမည်နှင့် ကာကွယ်ရမည့် တာအိုဆိုသည်မှာ မည်သည့်အရာဖြစ်သည် ဟူသောအချက်များပင်။ အသွင်ပြောင်းလဲခြင်းကို ပြီးမြောက်ရန် ဤအချက်နှစ်ချက်မှ စတင်ရပါလိမ့်မည်။ ကံမကောင်းစွာဖြင့် ဗောဓိသွန်သင်ချက်များအပေါ် ရှန်းယီ၏နားလည်မှုက ကန့်သတ်ချက်ရှိနေသေးပြီး ကိုးကားစရာလမ်းဝများစွာမရှိသဖြင့် လမ်းဟောင်းသို့ပြန်သွားရန်သာ တတ်နိုင်ပါလိမ့်မည်။ သူက တစ်ခဏတာ တုံ့ဆိုင်းသွားပြီးနောက် ရွှေရောင်ချည်မျှင်များကို စတင်ထိန်းချုပ်ကာ ဓမ္မကိုယ်ထည်၏အနောက်ရှိ လက်တစ်ဖက်ပေါ်သို့ ကျဆင်းစေလိုက်၏။ ငွေရောင်အပ်များဖြင့် ပေါင်းစပ်လိုက်သကဲ့သို့ ရွှေရောင်ချည်မျှင်များက များပြားသောနတ်ဆိုးသက်တမ်း၏အကူညီများကြားတွင် လျင်မြန်စွာ ပုံသဏ္ဌာန်ပေါ်လာ၏။ ၎င်း၏ဦးခေါင်းက ထင်ရှားပြီး လည်ဆံမွေးများက လွင့်မျောနေသည်။ ၎င်း၏ခြေလက်များက သန်မာအားကောင်းပြီး လင်းယုန်လက်သည်းကဲ့သို့ လက်သည်းများရှိကာ ကြီးစိုးနိုင်သော မိုးပြာရောင်နဂါးတစ်ကောင်နှင့် ဆင်တူ၏။ ဤအခိုက်အတန့်တွင် ထိုနဂါးက ဧရာမလက်ကြီး၏လက်ဖဝါးအတွင်း ဆုပ်ကိုင်ခံထားရ၏။ ရှန်းယီက ရပ်တန့်မသွားဘဲ ရွှေရောင်ချည်မျှင်များကိုထပ်မံဆွဲယူကာ နောက်ထပ်လက်တစ်ဖက်အတွင်းသို့ ရက်လုပ်လိုက်သည်။ မကြာမီ မိုးပြာရောင်နဂါး၏ဘေးတွင် ကြောက်မက်ဖွယ်ကောင်းသော ကျားရိုင်းတစ်ကောင်ပေါ်လာသည်။ ထိုနှစ်ကောင်က အတူတကွရုန်းကန်နေကြသဖြင့် တင်ပျဉ်ခွေထိုင်နေသော အသီးအပွင့်ဓမ္မကိုယ်ထည်အား အနည်းငယ်မတည်မငြိမ်ဖြစ်လာစေ၏။ ဤမြင်ကွင်းကို မသေမျိုးသုံးပါးဂိုဏ်းမှ ကျွမ်းကျင်သူ တစ်ဦးဦးကမြင်တွေ့သွားပါက သေချာပေါက် လှောင်ပြောင်ကြပေလိမ့်မည်။ နဂါးနှင့် ကျား နှစ်ကောင်စလုံးက မွေးရာပါစွမ်းရည်များကိုယ်စီရှိသော ဝိညာဉ်သားရဲများဖြစ်ကြသည်။ ဤကဲ့သို့သန့်စင်သော ကောင်းကင်တာအိုမူလရင်းမြစ်တွင် တာအိုကာကွယ်ရေးစွမ်းအားဖြင့် ပေါင်းစပ်ခြင်းက ရှုပ်ထွေးလွန်းနေသကဲ့သို့ပေါ်နေသဖြင့် အသွင်ပြောင်းလဲခြင်းကို စွန့်လွှတ်ကာ ရွှေရောင်ချည်မျှင်များကို အသီးအပွင့်အတွင်းသို့ ရိုးရှင်းစွာပေါင်းစပ်လိုက်ခြင်းကပင် အနည်းဆုံးတော့ ကပ်ဘေးစွမ်းအားတိုးတက်စေနိုင်သေး၏။ သို့သော် ရှန်းယီက လေးနက်နေခဲ့ပါသည်။ နဂါးနှင့် ကျားက ယခင်အာဟတ်အသီးအပွင့်မှ လာခြင်းဖြစ်ပြီး ဤစွမ်းရည်က အရပ်ငါးမျက်နှာအလံကိုလေ့လာစောင့်ကြည့်ခြင်းမှ ရရှိလာခြင်း ဖြစ်သည်။ ဤအရာများက သူထိတွေ့ဖူးသော တစ်ခုတည်းသောအရာများဖြစ်သဖြင့် ၎င်းတို့အပေါ်တွင်သာ သူပုံထားရပါလိမ့်မည်။ "မင်းတို့အားလုံးက တာအိုကိုကာကွယ်ဖို့ကိရိယာတွေပဲ၊ဘယ်လိုလုပ် မဆင်မခြင် ပြုမူရဲတာလဲ" ထိုအခိုက်အတန့်ရောက်မှသာ ရှန်းယီက သူ၏အံ့မခန်းအကြံဉာဏ်ကို ထုတ်ဖော်ပြသလိုက်၏။ သူက တာအိုကိုကာကွယ်ရန် မည်သည့်အရာကို သုံးရမည် နှင့် မည်သည့် ကောင်းကင်တာအိုကို ကာကွယ်ရမည်ဟူသော ပြဿနာနှစ်ခုလုံးကို တစ်ပြိုင်နက်တည်းဖြေရှင်းရန် ရည်ရွယ်ထားသည်။ အတွင်းရှိ မြေ၊ ရေ၊ လေ၊ မီး တို့ကို ပြန်လည်ဖန်တီးကာ ကမ္ဘာတစ်ခုကိုဖွဲ့စည်းရန်ဖြစ်၏။ ထို့နောက် မြေ၊ ရေ၊ လေ၊ မီးကို ဖိနှိပ်ခြင်းအဖြစ် အသုံးပြု၍ကမ္ဘာကြီးကို ကာကွယ်ရန်ပင် ဖြစ်သည်။ "မိုးပြာရောင်နဂါးက လေဓာတ်နဲ့ သက်ဆိုင်တယ်၊ ကိုယ်ထင်ပြစမ်း" ရှန်းယီ၏စိတ်နှလုံးက ပြင်းထန်စွာ အာရုံစိုက်သွား၏။ ရွှေရောင်ချည်မျှင်များဖြင့် ရက်လုပ်ထားသော နဂါးထံမှ ရွှေရောင်အရည်များချက်ချင်း လျှံကျလာပြီး ၎င်းကိုလုံးဝ ဖုံးလွှမ်းသွားသည်။ ရုန်းကန်နေသော နဂါး၏ခန္ဓာကိုယ်က ပြန်လည် ပုံသဏ္ဌာန်ပြောင်းလာခဲ့၏။ မကြာမီ ၎င်းက မိုးပြာရောင်နဂါးတစ်ကောင် ရစ်ခွေနေသောသွယ်လျရှည်လျားပြီး အနည်းငယ် တုံးတိတိနိုင်သောလေးထောင့်ပုံသဏ္ဌာန် ကိရိယာတစ်ခုအဖြစ်ပြောင်းလဲသွားသည်။ ၎င်းက နဂါးရစ်ခွေသံမဏိတုတ်တစ်ခု ဖြစ်ကြောင်း ရှင်းလင်းနေ၏။ ရှန်းယီ၏စိတ်နှလုံး နောက်ထပ် လှုပ်ရှားမှုတစ်ခုနှင့်အတူအခြားတစ်ဖက်ရှိ ကျားရိုင်းက ရွှေရောင်အလင်းတန်းများ၏ဝါးမြိုခြင်းကို ချက်ချင်း ခံလိုက်ရသည်။ ခမ်းနားသောကျားဟိန်းသံကြားတွင် ရွှေရောင်အရည်များကမြစ်ကြီးတစ်ခုအလား ဆုတ်ခွာသွားပြီးထက်မြက်သော ဝရဇိန်လက်နက်တစ်ခုသာ ကျန်ရစ်ကာ အခြားလက်တစ်ဖက်အတွင်းသို့ ဖြည်းညှင်းစွာ ကျဆင်းသွား၏။ "တကယ်ပဲ မှန်ကန်ခဲ့တာပဲ" ဗောဓိသတ္တဓမ္မကိုယ်ထည်၏လက်လေးဖက်တွင် အပိုလက်နက် နှစ်ခုကိုမြင်လိုက်ရသဖြင့် ရှန်းယီက အလွန် ဝမ်းသာသွား၏။ အသွင်ပြောင်းလဲခြင်းက အပြည့်အဝမပြီးမြောက်သေးသော်လည်း သိသာထင်ရှားသော ကျင့်ကြံခြင်းတိုးတက်လာခြင်းက ဤနည်းလမ်း၏ဖြစ်နိုင်ခြေကို အတည်ပြုပေးနေသည်။ သံပူနေတုန်းရိုက်ရမည်ဆိုသကဲ့သို့ သူက နောက်ဆုံးကျန်ရှိနေသော ရွှေရောင်ချည်မျှင်များကို ထိန်းချုပ်ကာ တတိယမြောက်ဝိညာဉ်သားရဲကို ဖန်တီးလိုက်၏။ စတုတ္ထအဆင့်တစ်လျှောက်လုံး သူနှင့်အတူ လိုက်ပါလာခဲ့သော နဂါးနှင့် ကျားတို့နှင့်နှိုင်းယှဉ်ပါက ရွှမ်းဝူနှင့် ကျူးချွဲတို့အတွက်မူ ရှန်းယီက ထိုစဉ်က သူလေ့လာစောင့်ကြည့်ခဲ့ဖူးသော ခန်းမသခင်များထံမှ အခြေခံ၍ အလုပ်လုပ်ရပါလိမ့်မည်။ သူ မတွေ့ရသည်မှာ ကြာပြီဖြစ်သော ဝူကျွင်းကို သူ ခေါ်ထုတ်လိုက်ပြီး ၎င်း၏မူလအသွင်ကို သေချာစွာ လေ့လာစောင့်ကြည့်လိုက်၏။ ဤရွှေလိပ်က မွေးရာပါရေစွမ်းအင်နှင့် သက်ဆိုင်ပြီးတောင်ပိုင်းဟုန်မှ သက်ရှိများစွာကို ဝါးမြိုပြီးနောက် အစစ်အမှန် ရွှမ်းဝူနှင့် ကွဲပြားနေသေးသော်လည်း အသွင်အပြင်၏ဆယ်ပုံသုံးပုံခန့် ရှိနေပြီ ဖြစ်သည်။ ရွှေရောင်ချည်မျှင်များ လွင့်မျောသွားသည်နှင့်အမျှ နောက်ထပ်ကြောက်မက်ဖွယ်ကောင်းသော သတ္တဝါတစ်ကောင် စတင် ပေါ်ထွက်လာ၏။ ကံမကောင်းစွာဖြင့် ၎င်းကတစ်ဝက်သာ ယက်လုပ်ပြီးစီးသေးသည်။ ရှန်းယီ၏နတ်ဝိညာဉ်က ဖမ်းဆုပ်လိုက်သော်လည်း ဘာမှ ရှာမတွေ့ပေ။ ကောင်းကင်တာအိုမူရင်းမြစ်က ကုန်ဆုံးသွားပြီ ဖြစ်၏။ သူ၏လက်ရှိ နယ်ပယ်အဆင့်က ခုနစ်ပုံငါးပုံသို့ ရောက်ရှိနေပြီး ခြောက်နှင့်ခြောက် အသွင်ပြောင်းလဲခြင်းကိုအမှန်တကယ် ကျော်ဖြတ်ရန် ရွှေရောင်ချည်မျှင် ကိုးမျှင်သာလိုအပ်တော့သည်။ "..." ရှန်းယီက အချိန်အတော်ကြာတိတ်ဆိတ်နေပြီးနောက် တစ်စုံတစ်ခုမပြီးပြတ်သေးသလို ခံစားရကာ သူ၏နတ်ဝိညာဉ်ကို ရုပ်သိမ်းလိုက်၏။ ခွန်အား တိုးတက်လာသည်နှင့်အမျှ ကျင့်ကြံခြင်း လမ်းကြောင်းကိုစူးစမ်းလေ့လာခြင်းက ပျော်ရွှင်မှု တစ်မျိုး ဖြစ်လာသည်ဟုဆိုရမည်။ အစွန်းရှစ်ပါးချိုင့်ဝှမ်းတိုက်ပွဲက ရှန်းယီကို ရှန်းရွှီတာအိုအသီးနှင့် ဗောဓိသတ္တအသီးအပွင့်တို့ ပေါင်းစပ်ခြင်းဖြင့် တူညီသောနယ်ပယ်ရှိ ကျင့်ကြံသူများကိုဖိနှိပ်နိုင်ကြောင်း အကြမ်းဖျင်း နားလည်သွားစေ၏။ ယခုအခါ အကာအကွယ်နတ်ဘုရားလက်နက်နှစ်ခု ထပ်တိုးလာခြင်းနှင့် နတ်ဆိုးသုတ်သင်ရေးအမိန့ပြား၏အထောက်အပံ့ဖြင့် ခြောက်နှင့်ခြောက် အသွင်ပြောင်းလဲခြင်းကို အမှန်တကယ်ပြီးမြောက်ထားသူများနှင့် ရင်ဆိုင်ရလျှင်ပင် သူတို့ကို ထိပ်တိုက်ရင်ဆိုင်ရန် သူယုံကြည်မှု ရှိနေသည်။ ထွက်ခွာရန်အချိန်လည်း ကျရောက်ပြီဖြစ်၏။ မဟာတောင်ပိုင်းတိုက်ကြီး၊ သူတော်စင်ခုနစ်ပါးရွှံ့နွံ့အိုင် ဤနယ်မြေက ကျယ်ပြောလှသောရေပြင်များဖြင့် ပြည့်နှက်နေသောနေရာတစ်ခုလည်းဖြစ်ပြီး ဟုန်ကျယ်ထက်အဆပေါင်းများစွာပိုမိုကြီးမားကာ အမည်ကိုကြည့်ရုံဖြင့် ဤနေရာရှိနက်ရှိုင်းစွာ အမြစ်တွယ်နေသော အင်အားစုများ၏ရှုပ်ထွေးမှုအကြောင်း သိမြင်နိုင်သည်။ သို့သော် ထိုအရာများအားလုံးက အတိတ်က ကိစ္စများသာ ဖြစ်၏။ မဟာနတ်ဆိုးကြီး သုံးကောင်က မြေရိုင်းနယ်မြေများမှပြန်လည် ရောက်ရှိလာပြီးနောက် ဤနေရာကို မရည်ရွယ်ဘဲ သဘောကျသွားကတည်းက ဤရွှံ့နွံအိုင်ကြီးတွင် ဒေသခံများမရှိတော့ဘဲ အားလုံးက အားဖြည့်ဆေးများအဖြစ် ပြောင်းလဲသွားခဲ့သည်။