← Chapters

အခန်း ၂၁၁

Vol. 22 Ch. 211

အခန်း ၂၁၁

Vol. 22 Ch. 211

အခန်း(211)

တစ်ဖက်တွင် ဝူလီကလည်း စုဝေ့မင်ကို အဖြစ်အပျက်အားလုံးကို ပြောပြလိုက်လေ၏။

စုဝေ့မင်က အလွန်ပင်ဂရုတစိုက် နားထောင်ခဲ့ပြီး အသေးစိတ် အချက်အလက်များကို ထပ်ခါတလဲလဲ မေးမြန်းခဲ့သည်။

စုဝေ့ချင်း၏ ခန့်မှန်းချက်နှင့် ပေါင်းစပ်ကြည့်လိုက်သည့်အချိန်တွင်၊ စုဝေ့မင်ကလည်း ဤတိုက်ဆိုင်မှုက ထူးဆန်းနေကြောင်းကို ခံစားလိုက်ရလေ၏။

ဝူလီက စကားပြောပြီးချိန်တွင် လည်ပင်းကျုံ့ထားပြီး စကားတစ်လုံးမျှပင် မဟရဲတော့ပေ။

စုဝေ့မင်က မျက်မှောင်ကြုတ်ပြီး ခဏမျှ စဉ်းစားလိုက်ကာ ဝူလီကို ရုတ်တရက် ကြည့်လိုက်သည်။

“မင်းက စုမိသားစုရဲ့ အကြီးဆုံးချွေးမပဲ၊ တကယ်လို့ မင်းကိုယ်တိုင် မဆုံးဖြတ်နိုင်တဲ့ ကိစ္စတစ်ခုခု ရှိလာခဲ့ရင် ငါ့ဆီကို တိုက်ရိုက် လာခဲ့လို့ ရတယ်၊ အရာအားလုံးကို တတိယသားတို့ မိသားစုပေါ်ကိုပဲ ပုံမချလိုက်နဲ့”

“လီရှန်းက စိတ်သဘောထား ကောင်းပေမဲ့ ဝေ့ချင်းကတော့ ပြဿနာရှာတတ်တဲ့သူတစ်ယောက်ပဲ၊

တကယ်လို့ မင်း သူ့ကို စိတ်တိုအောင် လုပ်မိရင် သူက သူ့အစ်ကိုကိုပြောပြီး ပြဿနာရှာလိမ့်မယ်”

ဝူလီ : “...”

ယောက္ခမဖြစ်သူ၏ အထင်လွဲခြင်းကို ခံလိုက်ရသောကြောင့် သူမက အလွန်ပင် စိုးရိမ်သွားရ၏။

“ကျွန်မ..ကျွန်မက အစကတည်းက အဖေ့ကို လာရှာမလို့ပါပဲ၊ ဒါပေမဲ့ ဝေ့ချင်းက တံခါးဖွင့်ပေးလိုက်လို့ပါ”

သူမအနေဖြင့် လူကိုတိုက်မိသည့်ကိစ္စနှင့် ပတ်သက်၍ တတိယသားတို့ ဇနီးမောင်နှံကို ဒုက္ခပေးရန် အမှန်တကယ် ရည်ရွယ်ခဲ့ခြင်း မဟုတ်ပေ။

သို့သော် နောက်ပိုင်းတွင် ထိုချည်သားအိတ်ကို သံသယဖြစ်လာခဲ့ပြီး သူမကိုယ်တိုင်လည်း ထိတ်လန့်သွားသောကြောင့် နောက်ဆုတ်သွားခဲ့ခြင်း ဖြစ်သည်။

ထို့အပြင်...

တတိယသားတို့ ဇနီးမောင်နှံက မိဘများနှင့် အတူနေထိုင်သည် မဟုတ်လား။

အကယ်၍ သူတို့သာ အပြင်တွင် သီးခြားနေမည်ဆိုပါက သူမကလည်း သူတို့ကို လုံးဝ ဒုက္ခပေးမည် မဟုတ်ပေ။

စုဝေ့မင်က ဝူလီ၏ ရှင်းပြချက်ကို နားမထောင်လိုတော့ပေ။

ဝူလီ၏ တစ်ကိုယ်ကောင်းဆန်သော အပြုအမူများကို သူ တွေ့ရှိခဲ့ရသည်မှာ ဤသည်က ပထမဆုံးအကြိမ် မဟုတ်တော့ပေ။

ဝူလီ၏ စိတ်ထဲတွင် စုဝေ့ဟိုင်တစ်ဦးတည်းသာ သူမ၏ မိသားစုဝင်ဟု မှတ်ယူထားပုံရသည်။

သူမက ကလေးနှစ်ယောက်ကိုပင် စုဝေ့ဟိုင်၏ တင်းကျပ်သော သဘောထားကြောင့်သာ မလွဲသာဘဲ လက်ခံထားခြင်း ဖြစ်လေ၏။

စုဝေ့မင်၏ အမြင်တွင်တော့ သူမက တစ်ကိုယ်ကောင်းဆန်တတ်သူသာဖြစ်သည်။

သူမအနေဖြင့် သူမ၏ မိသားစုငယ်လေး၏ အကျိုးစီးပွားအတွက်သာ ကြိုးစားသည်ကို သူ သည်းခံနိုင်သေး၏။

သို့သော် မောင်နှမများအပေါ်တွင် ရင်းနှီးဖော်ရွေမှု မရှိသည့် ဝူလီ၏ အပြုအမူကိုတော့ သူ သည်းမခံနိုင်ပေ။

စုဝေ့ဟိုင်က သူ၏ အိမ်ထောင်ရေးနှင့် ပတ်သက်၍ စိတ်ရှုပ်ထွေးနေသော်လည်း ညီများအပေါ် အမြဲတစေ တန်ဖိုးထားသူဖြစ်သည်။

အကယ်၍ ဝူလီသာ ဤကဲ့သို့ ဆက်လက်၍ ပြုမူနေမည်ဆိုပါက သူတို့၏ လမ်းခွဲမှုက ဝေးတော့မည် မဟုတ်ပေ။

ဤအကြောင်းကို တွေးမိပြီးနောက် စုဝေ့မင်အနေဖြင့် ခေါင်းခဲသွားရပြန်သည်။

ပထမဆုံး ကွာရှင်းမှုကို ချွေးမဟောင်း၏ မိသားစုအပေါ် ထောက်ပံ့လိုသော စေတနာကြောင့်ဟု အကြောင်းပြနိုင်ခဲ့၏။

သို့သော် ဒုတိယအကြိမ် ကွာရှင်းမှုကိုတော့ ချွေးမ၏ မကောင်းသော အပြုအမူကြောင့်ဟု အကြောင်းမပြနိုင်တော့ပေ။

အကယ်၍ သူသာ ဝူလီနှင့် ကွာရှင်းလိုက်မည်ဆိုပါက သားဖြစ်သူအနေဖြင့် တစ်သက်လုံး တစ်ဦးတည်းသာ နေသွားရန်သာ ရှိလေတော့သည်။

ဤသို့ စဉ်းစားကြည့်သည့်အချိန်တွင် စုဝေ့မင်က စိုးရိမ်ပူပန်လာခဲ့ရ၏။

ဝူလီကို ဖျောင်းဖျမှ ဖြစ်လေတော့မည်။ သို့မဟုတ်ပါက တတိယသားသာ ခေါင်းမာသွားမည်ဆိုလျှင် ညီအစ်ကို နှစ်ယောက်က အမှန်တကယ်ပင် တစ်သက်လုံး စိမ်းကားသွားကြပေလိမ့်မည်။

“အဖေ၊ ဒီကို ခဏလောက်လာပါဦး”

စုဝေ့မင် တစ်ယောက် ခေါင်းခဲနေချိန်မှာပင် စုဝေ့ချင်းက ရုတ်တရက် လှမ်းခေါ်လိုက်သည်။

စုဝေ့မင်ကလည်း ချက်ချင်းပင် အနားသို့ သွားလိုက်လေ၏။

စုဝေ့ချင်းက ခြေရာများကို လက်ညှိုးထိုးပြလိုက်လေသည်။

“အဖေ၊ ကြည့်ပါဦး”

အခန်းထဲရှိ မီးသီးက ဝပ်အား အလွန်နည်းသောကြောင့် စုဝေ့မင်က သေချာ မမြင်နိုင်ခဲ့ပေ။

သို့သော် ထိုအရာက ခြေရာတစ်ခု ဖြစ်နေသည်ကိုတော့ သူက ခွဲခြားနိုင်၏။

ယခုခေတ်တွင် လူအများစုက ချည်ဖိနပ်များကိုသာ စီးလေ့ရှိကြသော်လည်း၊ ဤခြေရာက လွတ်မြောက်ရေးခေတ် စစ်သုံးကင်းဗတ်ဖိနပ်၏ အောက်ခြေ အမှတ်အသား ဖြစ်နေသည်။

“လောင်မာမှာ လွတ်မြောက်ရေးဖိနပ်တွေရှိလား”

စုဝေ့မင်က လှည့်ပြီး မေးလိုက်လေ၏။

စုဝေ့ချင်းက ပုခုံးတွန့်ပြလိုက်လေသည်။

“ကျွန်တော် ဘယ်လိုလုပ်ပြီးသိမှာလဲ”

သူက ဘာအကြောင်းကြောင့် ဦးလေးမာရဲ့ ခြေထောက်တွေကို လျှောက်ကြည့်နေရမှာလဲ။

ဦးလေးမာတွင် လွတ်မြောက်ရေးဖိနပ် မရှိပေ။ သို့သော် သူ၏သားဖြစ်သူ မာချန်တွင် နှစ်စုံ ရှိလေသည်။

အဒေါ်မာက သူမ၏သား မာချန်ကို အလွန်ပင် အလိုလိုက်ထားသူ ဖြစ်၏။

သူ့ထံတွင် လွတ်မြောက်ရေးဖိနပ်များသာမက အဖြူရောင် ကင်းဗတ်ဖိနပ်နှင့် မင်္ဂလာဆောင်ချိန်က ဝယ်ထားခဲ့သော အနက်ရောင် သားရေဖိနပ်များလည်း ရှိလေသည်။

အနက်ရောင် သားရေဖိနပ်များကို ပြောင်လက်နေအောင် တိုက်ချွတ်ပြီး ဗီရိုပေါ်တွင် တင်ထားလေ့ရှိ၏။

သူက ရံဖန်ရံခါတွင် ထိုဖိနပ်များကို ထုတ်ကြည့်ပြီး ဖုန်သုတ်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းများကို လုပ်ဆောင်ပေးတတ်သော်လည်း စီးရန် အလွန်ပင် နှမြောနေခဲ့သည်။

ထိုအချိန်မှာပင် လုံခြုံရေးဝန်ထမ်းများ ရောက်ရှိလာခဲ့ကြလေ၏။ မာချန်၏ ဇနီးဖြစ်သူက ကန့်ကွက်နေခဲ့သည်။

သို့သော် စုဝေ့မင်က လက်ကာပြလိုက်ပြီး အမိန့်ပေးလိုက်လေ၏။

“မာချန်ကို အရင်ဆုံး ခေါ်သွားလိုက်ကြပါ”

“ရှင်တို့ ဘာလုပ်ကြတာလဲ”

မာချန်၏ ဇနီးက နောက်ဆုံးတွင် ထိတ်လန့်သွားလေတော့၏။ သူမက မာချန်ကို ကာကွယ်ရန်အတွက် လက်နှစ်ဖက်ကို ဘေးသို့ ဆန့်ထုတ်ပြီး ပိတ်ဆို့လိုက်လေသည်။

“ချန်ဇီက ဘာလုပ်လို့လဲ၊ ဘာလို့ သူ့ကို ဖမ်းတာလဲ၊ ရှင်တို့အားလုံးက ချန်ဇီက အဖေ့ကို ရိုက်တယ်လို့ပဲ ပြောနေကြတာ၊

ရှင်တို့ မျက်မြင်တွေ့ခဲ့လို့လား၊ ရှင်တို့ အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာပဲ”

လုံခြုံရေးဌာနမှ ဝန်ထမ်းများက တွန့်ဆုတ်သွားကြရ၏။

ဤအမျိုးသမီးငယ်က ကိုယ်ဝန်ရှိနေသည်မဟုတ်ပါလား။

အကယ်၍ သူတို့ကသာ အင်အားသုံးလိုက်မိလျှင် သူမကို ထိခိုက်သွားမည်လားဟု စိုးရိမ်နေကြခြင်းပင်။

စုဝေ့မင်က ပြတ်သားစွာပင် ပြောလိုက်လေသည်။

“ငါ အိမ်ထဲကို စစ်ဆေးပြီးပြီ၊ အခြေအနေက အတော်လေး သံသယဖြစ်စရာ ကောင်းနေတယ်၊

တကယ်လို့ မင်းသာ သူ့ကို စစ်ဆေးဖို့အတွက် ခွင့်မပြုဘူးဆိုရင်တော့ ငါတို့အနေနဲ့ ရဲတပ်ဖွဲ့ကို အကြောင်းကြားရလိမ့်မယ်၊

မင်းယောက္ခမရဲ့ အခြေအနေက အခု အရမ်းဆိုးနေတာ၊ တကယ်လို့ တစ်ခုခုဖြစ်သွားရင် လူတစ်ယောက်ရဲ့ အသက်ဆုံးရှုံးရမှာ၊

မင်း ဒီလိုမျိုး ဆက်ပြီး နှောင့်ယှက်နေမယ်ဆိုရင်တော့ မင်းကိုပါ သူ့နဲ့အတူ တစ်ခါတည်း ဖမ်းခေါ်သွားရလိမ့်မယ်”

သူက စကားပြောရင်းနှင့် လုံခြုံရေးဝန်ထမ်းများကိုအမိန့်ပေးလိုက်ပြန်သည်။

“သူ့ကို ခေါ်သွားလိုက်ကြ”

မာချန်၏ ဇနီးက ဆက်လက်၍ ရုန်းရင်းဆန်ခတ် လုပ်လိုသော်လည်း၊ သူမကိုယ်တိုင်လည်း အလွန်ထိတ်လန့်နေသောကြောင့် ဝမ်းဗိုက်ထဲမှပင် နာလာခဲ့လေပြီ။

သူမက လေသံမာသူ ဖြစ်သော်လည်း လောကအတွေ့အကြုံ မရှိသေးပေ။

သူမက မာချန်၏ အရှေ့တွင် မနည်း အားတင်းပြီး ရပ်နေခြင်းသာ ဖြစ်သည်။

“ရဲဘော်၊ ဘေးကို ဖယ်ပေးပါ၊ ကျွန်တော်တို့ သူ့ကို ခေါ်သွားပြီး ဘာမှ မလုပ်ပါဘူး၊ မေးစရာရှိတာလေးတွေပဲ မေးမှာပါ”

လုံခြုံရေးဝန်ထမ်းများက မာချန်၏ အနားသို့ တိုးကပ်လာကြလေ၏။ အရှေ့ဆုံးမှ ဝန်ထမ်းက မာချန်၏ ဇနီးကို ဖျောင်းဖျလေသည်။

“တကယ်လို့ ကျွန်တော်တို့က ရဲတပ်ဖွဲ့ကို တကယ် အကြောင်းကြားလိုက်မယ်ဆိုရင်တော့၊

ရဲဘော်မာချန်က လူမရိုက်ခဲ့ဘူးဆိုရင်တောင်မှ ဒီပြဿနာတွေ ပြီးသွားတဲ့အချိန်ကျရင် သူ့ရဲ့ နာမည်က ကောင်းမှာမဟုတ်တော့ဘူး”

မာချန်၏ ဇနီးက တုံ့ဆိုင်းသွားရသည်။

“ရှင်တို့ သူ့ကို တကယ် မရိုက်ဘူးလား”

“ဘာတွေ ပြောနေတာလဲ၊ ကျွန်တော်တို့မှာ သူ့ကို ရိုက်ပိုင်ခွင့် မရှိပါဘူး”

လုံခြုံရေးဝန်ထမ်းက စိတ်ဆိုးဟန်ဆောင်ပြီး ပြောလိုက်လေ၏။

မာချန်၏ ဇနီးလည်း နောက်ဆုံးတွင် စိတ်လျှော့ပြီး ဘေးသို့ ဖယ်ပေးလိုက်လေတော့သည်။

သူမက လုံခြုံရေးဝန်ထမ်းများအား သူမ၏ ခင်ပွန်းကို ခေါ်ဆောင်သွားခြင်းကို ခွင့်ပြုလိုက်တော့၏။

သူမက အလွန် စိုးရိမ်နေသောကြောင့် အနောက်မှ လိုက်ပါသွားခဲ့လေ၏။ မာချန်က ရုတ်တရက် သတိဝင်လာပုံရပြီး သူ၏ဇနီးကို ပြောလိုက်လေသည်။

“ငါ့နောက်ကို လိုက်မလာနဲ့တော့၊ အရင် ပြန်နှင့်လိုက်ပါ၊ ငါ့ဘာသာ ငါ သွားနိုင်ပါတယ်”

“မဖြစ်ဘူး၊ ကျွန်မ သူတို့ကို စောင့်ကြည့်ရမယ်”

မာချန်၏ ဇနီးက အံကြိတ်ပြီး ပြောလိုက်လေ၏။

“ရပါတယ်၊ ငါတို့စက်ရုံရဲ့ အလုပ်ပတ်ဝန်းကျင်က ဘယ်လိုလဲဆိုတာ ငါသိပါတယ်၊ ငါ ဘာမှမဖြစ်ပါဘူး”

သို့သော်လည်း အနည်းငယ်တော့ ဒုက္ခခံရမည်ပင်။

မာချန်၏ဇနီးသည်မှာ နှာခေါင်းများ နီရဲလာပြီး မျက်ရည်များလည်း ဝဲလာခဲ့လေ၏။

“ဘာမှ ဖုံးမထားနဲ့နော်၊ အမှန်အတိုင်းပဲ ပြောလိုက်ပါ၊ ကျွန်မတို့မှာ ကြောက်စရာ ဘာမှမရှိဘူး”

မာချန်က ပြုံးပြလိုက်သော်လည်း မည်သည့်အရာကိုမှတော့ ပြန်မပြောပေ။

လုံခြုံရေးဝန်ထမ်းများက မာချန်ကို ဝန်ထမ်းအိမ်ရာဝင်းထဲမှ အမြန် ခေါ်ဆောင်သွားကြလေတော့၏။

မာမိသားစု၏ အဖြစ်အပျက်ကြောင့် ထိုအဆောင်ငယ်လေးရှိ လူတိုင်းက ထိုညက ကောင်းကောင်း မအိပ်နိုင်ကြပေ။

လူတိုင်းက ခုတင်ပေါ်တွင် လှဲလျောင်းရင်း မာချန်မှ ဦးလေးမာကို အဘယ်ကြောင့် ရုတ်တရက် ဤမျှအထိ ပြင်းထန်စွာ ရိုက်နှက်ခဲ့ရသနည်းဟု ဆွေးနွေးနေကြလေသည်။

“ဦးလေးမာက ကိုယ့်ကိုယ်ကိုယ်မထိန်းနိုင်တဲ့သူဖြစ်ရမယ်၊ သူက ညသန်းခေါင်ယံမှာ တိတ်တဆိတ် အပြင်ထွက်တာကို မာချန် မိသွားတာနေမှာ၊

သူ ငယ်ငယ်တုန်းကလည်း သူ့မိန်းမနဲ့ အဆင်မပြေခဲ့ဘူးလေ၊ သုံးရက်တစ်ခေါက် ရန်ဖြစ်ပြီး ဆယ်ရက်တစ်ခေါက်လောက် သတ်ပုတ်နေကြတာ၊ နောက်ပိုင်း ဦးလေးမာက ခြေထောက် ဒဏ်ရာရသွားတော့မှပဲ နည်းနည်း ငြိမ်သွားတာ”

“အဲဒါတော့ မှန်တယ်၊ ဒါပေမဲ့ လူတစ်ယောက်ကိုတော့ ဒီလို မရိုက်သင့်ဘူးလေ”

“ရှင်တို့ ယောက်ျားတွေကတော့ တစ်ယောက်နဲ့တစ်ယောက် အမြဲ အမှားကို ဖုံးပေးချင်ကြတာပဲ၊ ကျွန်မအမြင်ကတော့ ဦးလေးမာသာ တကယ်ပဲ အပြင်မှာ သွားပြီး ပွေနေတာဆိုရင်တော့ ဒီအရိုက်ခံရတာ ထိုက်တန်ပါတယ်”

“ဟေ့၊ မင်းကလည်း ပွစိပွစိပြောမနေစမ်းနဲ့၊ ငါ ဆိုလိုတာက ဦးလေးမာက မာချန်အပေါ်မှာ တကယ်ကို အနစ်နာခံခဲ့တာလေ၊ တကယ်လို့ သူ့မှာ တခြား မကောင်းတဲ့ ရည်ရွယ်ချက် ရှိနေရင်တောင်မှ၊ မာချန်အနေနဲ့ အဖေဖြစ်သူကို သေသေချာချာ ပြောပြသင့်တာပေါ့၊

အခုဆို မြေးတောင် ရတော့မှာကို ဘာလို့ ဒီလိုတွေ ပြဿနာရှာရတာလဲ၊ ဒီလို မိသားစုကောင်းလေး တစ်ခုကို ဖျက်ဆီးပစ်တာ တကယ်ကို နှမြောစရာပဲ”

“အဲဒါတော့ ဟုတ်ပါတယ်၊ ဒါပေမဲ့ လူငယ်ဆိုတော့လည်း သိတဲ့အတိုင်း စိတ်တိုလာရင် ခဏတာအတွင်း ဘာလုပ်မိမှန်း မသိဖြစ်သွားတတ်တာမျိုး ရှိတာပေါ့”

“ကြည့်စမ်း၊ မင်းပဲ ငါ့ကို ယောက်ျားချင်း အမှားဖုံးပေးတယ် ပြောပြီး၊ အခုကျတော့ မင်းကိုယ်တိုင်လည်း အမှားဖုံးပေးနေတာပဲ မဟုတ်လား”

ထိုအမျိုးသားက ပြန်လည်၍ ညည်းတွားလိုက်လေ၏။

အမျိုးသမီးက အမြန်ပင် လေသံလျှော့လိုက်ရလေသည်။

“ကျွန်မက ရှင်ပြောတာကို သဘောတူရုံတင်ပါပဲ”

ထိုအမျိုးသားက ဒေါသတကြီးနှင့် ခန္ဓာကိုယ်ကို စောင်းလိုက်ပြီးနောက် စောင်ကို ခေါင်းမြီးခြုံပြီး ပြောလိုက်လေ၏။

“မပြောတော့ဘူး၊ အိပ်ပြီ”

ထိုညက ထိုအဆောင်ရှိ အိမ်တိုင်းတွင် ဤကဲ့သို့သော စကားပြောဆိုမှုများ ရှိနေခဲ့သည်။

*

All Chapters