အခန်း ၂၁၃
Vol. 22 Ch. 213
အခန်း(213)
ဝူလီက မုန့်ကြော်နေရင်းဖြင့် အတင်းအဖျင်း သတင်းများကို တက်ကြွစွာ ပြောပြလာခဲ့၏။
လီရှန်း : “...”
ဒါဆိုရင် ဝူလီ ဦးလေးမာကို တကယ်တိုက်မိခဲ့တာ မဟုတ်ဘူးပေါ့။
“တကယ်လား”
“တကယ်ပေါ့၊ အခု စက်ရုံတစ်ခုလုံးက ဦးလေးမာက ဘယ်အိမ်က ချွေးမလေးကို သွားပြီး ပွေရှုပ်ခဲ့တာလဲဆိုတာကို ဝိုင်းပြီး ခန့်မှန်းနေကြတာလေ”
ဝူလီက နှာခေါင်းရှုံ့လိုက်ရင်း ပြောလိုက်လေသည်။
“အဲဒီ ချွေးမလေးကလည်း မျက်စိမပါဘူး၊ ဆေးဝါးစက်ရုံမှာ အလုပ်လုပ်နေတာကို ဘာလို့ ဒီဦးလေးနဲ့ သွားပြီး ပတ်သက်နေရတာလဲ၊
အဲဒီ ဦးလေးမာကလည်း ဘာမှ ကောင်းတာ မဟုတ်ပါဘူး၊ ဘာလို့ ဒုက္ခရှာနေကြတာလဲ မသိဘူး”
သူမက အမျိုးသမီးတစ်ဦးအနေဖြင့် သူမကို သည်းခံနားလည်ပေးနိုင်သော သူမနှစ်သက်သည့် အမျိုးသားတစ်ဦးကိုသာ ရှာဖွေသင့်သည်ဟု ယုံကြည်နေဆဲ ဖြစ်၏။
သို့မဟုတ်ပါက သူအ၏ အိမ်ထောင်ရေးက မပျော်ရွှင်ခဲ့လျှင် အပြင်ဘက်တွင် သာယာမှုကို ရှာဖွေခြင်းက အသိစိတ်အရရော ကိုယ်ကျင့်တရားအရပါ လက်မခံနိုင်သောအရာ ဖြစ်
နေသည် မဟုတ်ပါလား။
“သူ နိုးလာပြီလို့တော့ ပြောတာပဲ၊ ဒါပေမဲ့ တုံ့ပြန်မှုတွေကတော့ နည်းနည်း နှေးနေသလိုပဲတဲ့၊ တိုက်မိတာက အတော်လေး ပြင်းတာကိုး”
ဝူလီက အားမလိုအားမရဖြင့် ခေါင်းကို ခါပြလိုက်လေ၏။
“ဦးလေးမာကို စစ်ဆေးဖို့အတွက် ပြည်နယ်မြို့တော်က ဆေးရုံကြီးဆီ ပို့ဖို့ စီစဉ်နေကြတယ်လို့ ကြားတယ်၊
အဆင်မပြေဘူးဆိုရင်တော့ သူက အချိန်မတိုင်ခင် အငြိမ်းစားယူရတော့မှာပဲ”
သူ၏ ကျန်းမာရေး အခြေအနေနှင့်ဆိုလျှင် ကာယအလုပ်သမားအဖြစ် ဆက်လက်၍ လုပ်ကိုင်ရန် မဖြစ်နိုင်တော့သောကြောင့် အငြိမ်းစားယူလိုက်ခြင်းက ပို၍ ကောင်းမွန်ပေလိမ့်မည်။
ဆေးဝါးကုမ္ပဏီများတွင် အလုပ်အကိုင်ကို သားသမီးများထံသို့ လက်ဆင့်ကမ်းသည့် အလေ့အထတို့ မရှိပေ။
ထို့ကြောင့် ဦးလေးမာ အလုပ်ပြုတ်သွားသည်နှင့် ထိုအလုပ်ကို အမှန်တကယ်ပင် ဆုံးရှုံးသွားတော့ပေလိမ့်မည်။
မာချန်မှာ အိမ်ထောင်ကျသွားသောကြောင့်သာ မြို့ပေါ်တွင် နေထိုင်နိုင်ခြင်းဖြစ်သည်။
သူကိုယ်တိုင်က အလုပ်လက်မဲ့ဖြစ်ပြီး သူ၏ဇနီးကတော့ ဂွမ်းစက်ရုံတစ်ခုတွင် ယာယီအလုပ်သမားအဖြစ် လုပ်ကိုင်နေ၏။
ဤသို့ဆိုပါက အဒေါ်မာသာ အလုပ်ရှိသူအဖြစ်ကျန်ရစ်တော့မည်။ သူမက စက်ရုံထမင်းစားဆောင်တွင် ဟင်းသီးဟင်းရွက် ဆေးကြောသူတစ်ဦး ဖြစ်လေ၏။
ဤအလုပ်က စာမေးပွဲဖြေရန် မလိုဘဲ စက်ရုံရှိအခက်အခဲကြုံတွေ့နေရသော ဝန်ထမ်းမိသားစုဝင်များအတွက်သာ ဦးစားပေး၍ခန့်ထားခြင်း ဖြစ်သည်။
ဦးလေးမာက စက်ရုံတွင် အလုပ်မလုပ်တော့သည်နှင့် အဒေါ်မာကလည်း စက်ရုံတွင် အခက်အခဲကြုံတွေ့နေရသော ဝန်ထမ်းမိသားစုဝင်အဖြစ် သတ်မှတ်ခံရတော့မည် မဟုတ်တော့ပေ။
ထို့အပြင် ဦးလေးမာ အငြိမ်းစားယူသွားသည်နှင့် စက်ရုံက အိမ်ကို သေချာပေါက် ပြန်သိမ်းပေလိမ့်မည်။
ထိုအချိန်တွင် ဦးလေးမာ၏ မိသားစုက မည်သို့ဖြစ်သွားမည်ကို မည်သူကမှ မသိနိုင်ပေ။
“မာမိသားစုက နောက်ပိုင်းကျရင် ဘယ်ကိုသွားကြမလဲမသိဘူးနော်”
လီရှန်း သက်ပြင်းချလိုက်မိ၏။ စည်းစနစ်ကျသော မိသားစုလေးတစ်ခုက ခဏတာ စိတ်လိုက်မာန်ပါလုပ်ရပ်ကြောင့် ပျက်စီးသွားခဲ့ရလေပြီ။
ဝူလီ: “ဘယ်သူသိမှာလဲ၊ ဒါပေမဲ့ ဦးလေးမာရဲ့ ဇာတိရွာမှာ မျက်စိမမြင်တဲ့ အဘွားတစ်ယောက် ကျန်ခဲ့သေးတယ်လို့ ကြားတယ်”
လီရှန်းက အံ့ဩတကြီးဖြင့် မေးလိုက်လေသည်။
“ယောက်မက အဲဒါကိုတောင် သိနေတာလား”
ဒီဆေးဝါးစက်ရုံမှာ အလုပ်လုပ်နေတာက ဘယ်သူလဲ။
“ ဒီရက်ပိုင်း ငါတို့အဆောင်ထဲမှာ ဒါတွေပဲ ပြောနေကြတာဆိုတော့ ငါလည်း ကြားဖြတ် နားထောင်မိတာလေ”
ဝူလီက နှိမ့်ချစွာ လက်ကို ခါပြလိုက်ပြီးနောက် ဆက်ပြောလေ၏။
“ဒါပေမဲ့ မျက်စိမမြင်တဲ့ အဘွားအိုမှာ သားတစ်ယောက်ပဲရှိတာ၊ အဲဒါ ဦးလေးမာပဲတဲ့၊
ဦးလေးမာက ဒီနှစ်တွေမှာ ဇာတိရွာကို တစ်ခေါက်မှ မပြန်ဘူးလို့ ကြားတယ်၊ ဘာလို့လဲတော့ မသိဘူး၊ အဲဒီတုန်းက သားအမိနှစ်ယောက် စကားများပြီး ရန်ဖြစ်ခဲ့ကြလို့လို့ ပြောကြတာပဲ”
လီရှန်း၏ စိတ်ထဲတွင် ထိတ်ခနဲ ဖြစ်သွားရလေ၏။
“ အဲဒီလိုလား”
လီရှန်း၏ အစွမ်းထက်လွန်းသော တုံ့ပြန်မှုက သူမကို စကားဆက်ရန်အတွက် တွန်းအားပေးနေသကဲ့သို့ ရှိသောကြောင့် ဝူလီက ဤရက်ပိုင်းအတွင်း ကြားခဲ့ရသော အတင်းအဖျင်းများကို လီရှန်းကို ချက်ချင်းပင် ပြောပြလေတော့သည်။
“ဦးလေးမာရဲ့ အဖေအရင်းက ဟိုဘက်ကိုပါသွားတယ်လို့ ကြားတာပဲ”
သူမက ပြောပြောဆိုဆိုဖြင့် မေးစေ့ကို ထိုင်ဝမ်ပြည်နယ်ဘက်သို့ ညွှန်ပြလိုက်လေပြီး၊ လက်ချောင်းလေးများဖြင့် ဂဏန်းနှစ်လုံးကို ညွှန်းပြလိုက်လေ၏။
“ဒီနှစ်မှာ သူ သွားခဲ့တာတဲ့”
လီရှန်းက လက်ချောင်းလေးများက ညွှန်ပြနေသော ခုနှစ်များကို တစ်ချက်ကြည့်လိုက်လေသည်။
ထို့နောက် သူမက ဝူလီကို မသိမသာ အကဲခတ်လိုက်လျှင် သူမ၏ မျက်ဝန်းများက တောက်ပနေပြီး ဤသတင်းကို အတင်းအဖျင်း သက်သက်အဖြစ်သာ သဘောထားနေကြောင်းကို တွေ့လိုက်ရလေ၏။
သို့သော် လီရှန်းက ဤအချက်အလက်များကို မည်သူက ပေါက်ကြားစေခဲ့သနည်းဟု တွေးတောနေမိ၏။
တစ်စုံတစ်ယောက်က သူတို့၏ အာရုံကို ဦးလေးမာဆီသို့ ဆွဲခေါ်နေသကဲ့သို့ သူမ ခံစားနေရသည်။
ဦးလေးမာ ပြဿနာတက်သည့်အချိန်တွင် သူ၏အဖေအရင်းက ရေလက်ကြား တစ်ဖက်ကမ်းဖြစ်သည့် ထိုင်ဝမ်သို့ သွားခဲ့သည်ဟု တစ်စုံတစ်ယောက်က ပြောဆိုလာခဲ့လေပြီ။
လက်ရှိ အခြေအနေအရဆိုလျှင် တစ်ဖက်ကမ်းတွင်ဖခင်ဖြစ်သူ ရှိနေသည့် သားသမီးက သံသယအဖြစ်ခံရဆုံး ဖြစ်ပေလိမ့်မည်။
အကယ်၍ တစ်စုံတစ်ယောက်က အာရုံလွှဲရန်အတွက် ဤအချက်ကို အမှန်တကယ် အသုံးပြုနေခြင်း ဖြစ်ပါက ထိုသူက အမှန်တကယ့်ကို သေထိုက်သည့်လူပင်။
ဝူလီက နောက်ထပ် ကြောင်နားရွက်မုန့် အိုးတစ်လုံးကို ထပ်မံ၍ ကြော်လိုက်ပြန်လေ၏။
သူမက ဆက်ပြောလာသည်။
“ ဒါနဲ့ ငါ ရှုရှင်းလန်နဲ့လည်း ငါ ဆုံခဲ့သေးတယ်၊ မြစ်ဘေးမှာ တွေ့တာလေ၊ သူက မြစ်ကမ်းနဖူးမှာ လမ်း လျှောက်နေပြီးတော့ မြစ်ထဲကို ခြေထောက်ကို စမ်းပြီး နှစ်ကြည့်နေတာ၊ငါတော့ လန့်သေတော့မလို့ပဲ၊ သူ မြစ်ထဲ ခုန်ချတော့မလားလို့ ထင်နေတာ”
“ရှုရှင်းလန်နဲ့ ဆုံခဲ့တယ် ဟုတ်လား”
လီရှန်း၏ လေသံက ရုတ်တရက် တည်ကြည်သွလေးနက်ားခဲ့လေသည်။
ဝူလီတစ်ယောက် လန့်သွားရ၏။
“ဘာလို့ ရုတ်တရက်ကြီး အသံကျယ်သွားရတာလဲ၊ ငါက သူ မြစ်ထဲ ခုန်ချတော့မလားလို့ ထင်ပြီးတော့ သူ့ကို ဆွဲခေါ်ခဲ့တာ၊
သူက မျက်လုံးတွေ ပြူးပြီး သတိလွတ်နေတဲ့လူတစ်ယောက်လိုပဲ ဖြစ်နေတာ၊ ငါ ဆွဲခေါ်လိုက်တော့မှ သူက သတိပြန်ဝင်လာပြီး ရေထဲ ခုန်မချတော့ဘူးလို့ ပြောခဲ့တယ်”
“သူ ဘာတွေ ပြောသေးလဲ”
ရှုရှင်းလန်က ဝူလီကို အသုံးချပြီး စုမိသားစုနှင့် နီးစပ်အောင် ကြိုးစားနေခြင်းများလား။
“သူက ဘာမှ မပြောပါဘူး၊ သူ့မြေးအကြောင်းပဲ ပြောနေတာ၊ ဟူး.. သနားစရာတော့ ကောင်းပါတယ်၊ ဒါပေမဲ့ ဘာမှ မတတ်နိုင်ဘူးလေ၊
ဝက်ရူးပြန်ရောဂါ ပျောက်ကင်းသွားတဲ့သူမျိုး ငါ တစ်ခါမှ မမြင်ဖူးဘူး၊ ငါလည်း သူ့ကို အရင်က ငါတွေ့ဖူးတဲ့ ဝက်ရူးပြန်ရောဂါသည်အကြောင်းကို ပြောပြလိုက်တယ်၊
သေသေချာချာ ဂရုစိုက်ပေးရင် နောက်ပိုင်းကျရင် အိမ်ထောင်ပြုတာ၊
ကလေးယူတာတွေအတွက် ဘာမှ အနှောင့်အယှက် မဖြစ်ဘူးလို့လည်း ငါ ဖျောင်းဖျပေးခဲ့သေးတယ်”
“ဝက်ရူးပြန်ရောဂါက မျိုးရိုးလိုက်နိုင်ခြေ ရှိတယ်လေ”
လီရှန်းက ဝူလီကို ကြည့်ပြီး ပြောလိုက်လေ၏။
ဝူလီ : “ဟင်၊ ငါ အဲဒါတွေကို မသိဘူးလေ”
သူမရဲ့ အိမ်နီးနားချင်းဖြစ်တဲ့ လမ်းကြားထဲက ဝက်ရူးပြန်ရောဂါရှိတဲ့ ကလေးကို ကြည့်ရတာတော့ ပုံမှန်အတိုင်းပဲမလား။
“အဲဒါက ကံကောင်းလို့လည်း ဖြစ်နိုင်တယ် ၊ အဲဒီလူနာရဲ့ ရောဂါက မပြင်းထန်လို့ သူ မွေးဖွားလာတဲ့ ကလေးက ပုံမှန်အတိုင်း ဖြစ်နေတာမျိုး၊ သူ နောက်ထပ် ဘာတွေ ပြောသေးလဲ”
“ပြောစရာ ဘာရှိဦးမှာလဲ၊ သူက ငါ့ကိုတောင် မသိဘူး၊ ဒါပေမဲ့ သူ့ကိုကြည့်ရတာ အတော်လေး ပျော်သွားပုံရတယ်၊
ငါ ပြန်ခါနီးမှာ သူ့မြေးအတွက် အသားသွားဝယ်မယ်လို့ ပြုံးပြီး ပြောနေတာ၊ သူ စိတ်သက်သာရာ ရသွားပြီ ထင်တာပဲ”
လီရှန်း : “...”
သူမက တကယ်ပဲ ဘာမှ ထပ်မပြောခဲ့တာလား။
“နင်ကတော့ အရမ်း တွေးနေကြတာပဲ”
ဝူလီက မျက်လုံးလှန်ကြည့်လိုက်ပြီး ကျန်ရှိသော မုန့်များကို ဆက်လက်၍ ကြော်နေခဲ့တော့၏။
မုန့်ကြော်ပြီးနောက် သူမက လက်ကို ဆေးကြောပြီး၊ လီရှန်း၏ မျက်နှာလိမ်းခရင်မ် တချို့ကို ယူကာ သူမ၏လက်တွင် လိမ်းလိုက်သောကြောင့် လက်များက မွှေးပျံ့သွားခဲ့လေ၏။
သူမက နာရီကို ကြည့်လိုက်ပြီး အချိန်မရှိတော့ကြောင်းကို သိလိုက်သောကြောင့် အမြန်ပင် ပြေးထွက်သွားတော့၏။
လီရှန်းကတော့ သူမ၏ ဘဝအကြောင်းကို အနည်းငယ် စိတ်ရှုပ်ထွေး၍ ကျန်ရစ်ခဲ့ရသည်။
စုဝေ့ချင်းသည်လည်း ကြားလိုက်ရသော သတင်းများကြောင့် စိတ်ရှုပ်ထွေးနေခဲ့လေ၏။
ဇနီးမောင်နှံနှစ်ဦးက ခဏမျှ ထိုင်နေကြသော်လည်း၊ နောက်ဆုံးတွင် ကလေးငယ်လေး နှစ်ဦးကသာ သူတို့အတွက် အဖြေပေးခဲ့ကြသည်။
စုချန်နှင့် စုကျွင့်တို့က ဧည့်ခန်းထဲတွင် အတူ ဆော့ကစားနေကြရင်း၊ တစ်နည်းနည်းဖြင့် ပြီးခဲ့သည့်တစ်ခေါက်က ကျန်းကျိ အကြောင်းကို ပြောမိသွားကြ၏။
စုကျွင့်က စုဝေ့ချင်းက ခေါက်ပေးထားသော စက္ကူဖားရုပ်လေးကို မြှောက်ပြပြီး ပြောလိုက်လေသည်။
“..နောက်တစ်ခေါက် အစ်ကိုကျန်းကျိကို တွေ့ရင် သား ဒီစက္ကူဖားရုပ်လေး ပေးလိုက်မယ်”
“ဘာလို့လဲ၊ မင်း ဒါကို မကြိုက်ဘူးလား”
စုချန်က ညီဖြစ်သူကို အံ့ဩတကြီးဖြင့် ကြည့်လိုက်လေ၏။
စုကျွင့်က ဤစက္ကူဖားရုပ်ကို မည်သူထက်မဆို ပို၍ တန်ဖိုးထားသည် မဟုတ်ပါလား။
အဒေါ်ဖြစ်သူ ဝူလီက သူတို့၏ အပေါ်တွင် အလွန်ကောင်းသော်လည်း သူမက သူတို့အတွက် ထမင်းချက်ပေးခြင်းနှင့် အဝတ်လျှော်ပေးခြင်းတို့ကိုသာ လုပ်ဆောင်ပေးလေ့ရှိသည်။
သူတို့နှင့် အတူဆော့ကစားခြင်း သို့မဟုတ် ကလေးများ ကစားရန်အတွက် ကစားစရာများကို ပြုလုပ်ပေးခြင်းမျိုး မရှိပေ။
သူတို့တွင်ရှိသော ကစားစရာတိုင်းက ဦးလေးဖြစ်သူက ပြုလုပ်ပေးထားခြင်းသာ ဖြစ်သည်။
ထို့ကြောင့် ဤစက္ကူဖားရုပ်က စုကျွင့်အတွက် အလွန်ပင် တန်ဖိုးရှိလွန်းသော ရတနာဖြစ်ပြီး စုချန်ပင်လျှင် ဆော့ကစားလိုပါက အရင်ဦးဆုံး ခွင့်တောင်းရ၏။
သို့သော် စုကျွင့် ရုတ်တရက် ပြောစကားက စုချန်ကို အံ့အားသင့်သွားစေခဲ့သည်။
“ကျွန်တော် ကြိုက်တာပေါ့၊ ဒါပေမဲ့ အစ်ကိုကျန်းကျိမှာ ကစားစရာတစ်ခုမှ မရှိဘူးလေ၊ သူက အရမ်း သနားစရာ ကောင်းတယ်”
စုကျွင့်၏ စကားပြောပုံက ယခင်ကထက် ပို၍ ရှင်းလင်းလာခဲ့လေပြီ။
တချို့သော စကားလုံးများက အသံထွက် မကွဲပြားနေသေးသော်လည်း၊ ယခုအချိန်တွင် သူက ဆိုလိုသည့် အဓိပ္ပာယ်ကို ပြည့်စုံစွာ ဖော်ပြနိုင်နေခဲ့ပြီ ဖြစ်သည်။
“ဒါပေမဲ့ မင်းမှာလည်း စက္ကူဖားရုပ် တစ်ရုပ်တည်းပဲ ရှိတာလေ”
“ကျွန်တော့်မှာ အစ်ကိုရှိနေတာပဲလေ”
စက္ကူဖားရုပ် တစ်ရုပ်က အစ်ကိုဖြစ်သူနှင့် မည်သို့နှိုင်းယှဉ်နိုင်ပါမည်နည်း။
စုချန်မှာတော့ ပျားရည်သောက်လိုက်ရသကဲ့သို့ အလွန်ပင်ပျော်ရွှင်သွားရ၏။
သူက လက်ကို လှမ်းလိုက်ပြီး စုကျွင့်၏ ဦးခေါင်းကို ပွတ်သပ်ပေးလိုက်လေသည်။
*