← Chapters

အခန်း ၂၁၅

Vol. 22 Ch. 215

အခန်း ၂၁၅

Vol. 22 Ch. 215

အခန်း(215)

ရာသီဥတုကလည်း ပူနွေးလာခဲ့လေပြီ။

စုဝေ့မင်တို့မောင်ဇနီးနှံနှစ်ဦးက ထမင်းစားဆင်းချိန်တွင် နေ့လယ်စာစားရန်အတွက် အိမ်သို့ပြန်လာကြလိမ့်မည်။

စုဝေ့ချင်းက မနက်ပိုင်းတွင် ထမင်းစားဆောင်သို့ သွားပြီး စားဖိုမှူး ယူလာပေးသော နံရိုးနှင့် ပဲသီးများကို ယူလာခဲ့၏။

လီရှန်းကလည်း ပဲသီး၊ နံရိုးတို့နှင့်အတူ ခေါက်ဆွဲပြုလုပ်ရန်အတွက် ခေါက်ဆွဲသားများကို ကိုယ်တိုင်နယ်ကာ နှပ်ထားလိုက်လေ၏။

ဤနည်းလမ်းဖြင့်ဆိုလျှင် သူမက မီးဖိုချောင်ထဲတွင် တစ်ချိန်လုံး ရပ်နေစရာမလိုတော့ဘဲ ထူးခြားပြီး အရသာရှိသော အစားအစာတစ်ခုကို ချက်ပြုတ်နိုင်ပေလိမ့်မည်။

စုဝေ့မင်တို့ဇနီးမောင်နှံက သူတို့၏ မြေးများကို အလွန်ချစ်ကြသောကြောင့် အသားကို ကိုယ်တိုင်မစားရက်ကြဘဲ မြည်းစမ်းကြည့်ရုံသာ လုပ်တတ်ကြသည်။

ယခုကဲ့သို့ အသားများဖြင့် ခေါက်ဆွဲဆီချက်လိုက်ခြင်းက အသားအနည်းငယ်လောက်သာ စားရသည်ထက်တော့ သေချာပေါက် ပို၍ အရသာရှိပေလိမ့်မည်။

သူမက အိုးထဲတွင် အသားကို ချက်ပြုတ်နေခဲ့လေ၏။ မကြာသေးမီမှာပင် ကလေးနှစ်ယောက်က စုဝေ့ချင်းနှင့် ဆော့ကစားရန် စိတ်မပါတော့ဘဲ မီးဖိုချောင်တံခါးဝဆီသို့သာ မကြာခဏ လှမ်းကြည့်လာကြလေတော့၏။

လီရှန်း အပြင်သို့ ထွက်လာသည်နှင့် သူတို့က ငှက်ငယ်လေးများကဲ့သို့ ပြေးလာကြသည်။

“အဒေါ်၊ ဝက်သားနီချက် ချက်နေတာလား၊ မွှေးနေတာပဲ”

“မင်းတို့ရဲ့ နှာခေါင်းလေးတွေကလည်း အနံ့ခံကောင်းလိုက်တာ၊ တကယ် အစားပုတ်လေးတွေကျနေတာပဲ”

လီရှန်းက စုချန်၏ နှာခေါင်းလေးကို အသာအယာ ဆိတ်လိုက်ရင်း စနောက်လိုက်လေသည်။

“ဒါပေမဲ့ ဝက်သားနီချက်မဟုတ်ပါဘူး၊ နံရိုးချက်လေ၊ နေ့လယ်စာအတွက် ခေါက်ဆွဲဆီချက်စားကြမယ်”

“ခေါက်ဆွဲဆီချက်”

စုချန်က အနည်းငယ် စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းလေးကို စောင်းပြီး မေးရှာ၏။

သူက ဤကဲ့သို့သော ခေါက်ဆွဲမျိုးကို တစ်ခါမျှ မစားဖူးပေ။

စုကျွင့်ကတော့ သွားရည်များပင် ကျနေခဲ့လေပြီ။

မည်သို့ပင်ဖြစ်စေ သူက ငယ်သေးသည် မဟုတ်ပါလား။ ယမန်နှစ်က ဤအချိန်တွင် သူက ဆန်ပြုတ်ကိုသာ သောက်နေရဆဲဖြစ်၏။

သူ့အနေဖြင့် ကောင်းမွန်သော အစားအစာများကို များများစားစားမမြည်းစမ်းဖူးသေးပေ။

ထို့ကြောင့် ခေါက်ဆွဲဆီချက်ကို ထားဦး၊ ရိုးရိုးခေါက်ဆွဲပြုတ်ကိုပင် အားပါးတရ စားနိုင်သူဖြစ်သည်။

“ဟုတ်တယ်၊ ဒါက မြောက်ပိုင်းက အစားအစာ တစ်မျိုးလေ”

လီရှန်းက စိတ်ရှည်စွာဖြင့် ရှင်းပြလိုက်လေသည်။

“အဒေါ် စာအုပ်ထဲမှာ ဖတ်ဖူးတာ”

ကလေးနှစ်ယောက်၏ မျက်လုံးလေးများက ချက်ချင်းပင် တောက်ပသွားခဲ့လေ၏။

စာအုပ်ထဲက အစားအစာဆိုရင်တော့ သေချာပေါက် အရသာရှိမှာပဲ။

ထို့ကြောင့် သူတို့နှစ်ဦးက စုဝေ့ချင်းနှင့် ဆော့ကစားရန် စိတ်မဝင်စားတော့ဘဲ မီးဖိုဘေးတွင်သာ ဝိုင်းအုံနေကြတော့၏။

လီရှန်းကလည်း သူတို့ကို မောင်းမထုတ်ခဲ့ပေ။ သို့သော် သူတို့ကို မှာထားရလေသည်။

“သတိထားကြဦးနော်၊ မီးဖိုနဲ့ ဝေးဝေးမှာနေကြ၊ အပူလောင်သွားဦးမယ်”

စုချန်က အစာစားချင်စိတ် ပြင်းပြနေသကဲ့သို့ တစ်ဖက်တွင်လည်း ညီဖြစ်သူကို မီးဖိုနှင့် ဝေးဝေးသို့ ဆွဲထားပေးရသောကြောင့် အလွန်ပင် အလုပ်များနေခဲ့ရှာသည်။

စုဝေ့ချင်းကလည်း အပြင်တွင် တစ်ယောက်တည်း မနေနိုင်တော့သောကြောင့် မီးဖိုချောင်ထဲသို့ ဝင်လာခဲ့လေ၏။

အထဲတွင် လူကြီးတစ်ဦးနှင့် ကလေးနှစ်ဦးတို့က တတွတ်တွတ် ဆွေးနွေးနေကြသည်ကို ကြည့်ရင်း သူက တံခါးဘောင်ကို မှီပြီး မပြုံးဘဲမနေနိုင် ဖြစ်နေခဲ့ရလေသည်။

ထိုမြင်ကွင်းက နောက်ထပ် နှစ်အနည်းငယ် ကြာသည့်အချိန်တွင် လီရှန်းက သူတို့၏ ကိုယ်ပိုင်ကလေးများနှင့်အတူ မီးဖိုချောင်တွင် အလုပ်ရှုပ်နေမည့် မြင်ကွင်းကို ကြိုတင်၍ မြင်တွေ့နေရသကဲ့သို့ပင်။

တကယ်တမ်းတွင် ပြန်စဉ်းစားကြည့်မည်ဆိုပါက ကလေးရှိခြင်းက ဆိုးလွန်းသည်တော့ မဟုတ်ပေ။

သူက ဖခင်ကောင်းတစ်ဦး ဖြစ်နိုင်၊ မဖြစ်နိုင် မသိသော်လည်း အတတ်နိုင်ဆုံးတော့ ကြိုးစားသွားပေလိမ့်မည်။

သူ၏ စွမ်းဆောင်ရည်အတွင်းမှ ရှိသမျှ အရာအားလုံးကို အကောင်းဆုံး ဖြစ်အောင် လုပ်ဆောင်သွားမည်။

နေ့လယ်တွင် စုဝေ့မင်တို့ဇနီးမောင်နှံနှစ်ဦး ပြန်ရောက်လာသည့်အချိန်တွင် အလွန်အရသာရှိသော အစားအစာကို စားသောက်ခဲ့ရသည်။

“ဒီခေါက်ဆွဲက တကယ်ကောင်းတာပဲ၊ အသားနံ့လေးလည်း မွှေးနေတယ်၊ အရမ်းအရသာရှိတယ်”

စုဝေ့မင်က ဤခေါက်ဆွဲကို အမှန်တကယ်ပင် နှစ်သက်ပုံရ၏။

သူက ပုံမှန်ထက်ပင် ပန်းကန်လုံးတစ်ဝက်ခန့် ပိုစားခဲ့သကဲ့သို့၊ ကြက်သွန်ဖြူ အမွှာတစ်ခုကိုပင် ရှာဖွေပြီး ခေါက်ဆွဲတစ်လုပ်၊ ကြက်သွန်ဖြူတစ်ကိုဖြင့် တွဲဖက်၍ စားနေခဲ့လေသည်။

“အာ.. အခုမှပဲ လောင်ယို ဘာလို့ ကြက်သွန်ဖြူအစိမ်းကို ဒီလောက်ကြိုက်လဲဆိုတာ နားလည်တော့တယ်၊ ဒီလို တွဲစပ်မှု တကယ်ကို အရသာရှိတာပဲ”

အလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌယိုမှာ မြောက်ပိုင်းသား ဖြစ်သည်။

သူက ထမင်းထက် ခေါက်ဆွဲကို ပို၍ နှစ်သက်သကဲ့သို့ အသားကို အမြောက်အမြား စားပြီး အရက်သောက်ရသည်ကို အထူးနှစ်သက်သူ ဖြစ်၏။

သို့သော် သူ၏ ရုပ်ရည်သွင်ပြင်က အလွန်ပင် ယဉ်ကျေးသိမ်မွေ့လွန်းသောကြောင့် လူများကို အလွယ်တကူလှည့်ဖြားနိုင်သည်။

သူက ခေါင်းဆောင်သုံးဦးအနက် အတက်ကြွဆုံး အဖွဲ့ဝင်ဖြစ်သောကြောင့် ပြည်နယ်မြို့တော်တွင်ရှိသော ပြင်ပဆက်ဆံရေးရုံးကို တာဝန်ယူထားရလေ၏။

သူ၏ လက်အောက်တွင် နယ်လှည့်အရောင်းဝန်ထမ်း အမြောက်အမြားရှိသည်။

ထိုအရောင်းဝန်ထမ်းများက ဆေးဝါးများကို ရောင်းချရုံသာမက၊ နင်ရှရှိ တခြားသော စက်ရုံများ၏ ထုတ်ကုန်များကိုပါ ရောင်းချပေးကြခြင်း ဖြစ်လေ၏။

သူတို့က ပေကျင်းအထိပင် သွားရောက် ရောင်းချလေ့ရှိကြသည်။

ထို့ကြောင့် ဥက္ကဋ္ဌယိုက ပြည်နယ်မြို့တော်တွင် အလွန်ပင်ကျော်ကြားပြီး နာမည်ကောင်းရှိသူ ဖြစ်လေ၏။

ပုံမှန်အားဖြင့် လူသိနည်းလွန်းသော ဆေးဝါးစက်ရုံနှင့် မတူဘဲ သူက အတော်လေးထင်ပေါ်သူ ဖြစ်သည်။

“ဒါနဲ့ နောက်တစ်ခေါက် လောင်ယို ပြန်လာရင် ရှန်းရှန်းကို နောက်တစ်နပ်လောက် ချက်ခိုင်းရမယ်၊

သူ အပြင်ထွက်နေတာ ကြာပြီဆိုတော့ ကြက်သွန်ဖြူ စားဖို့တောင် အားနာနေရှာတာ၊ သူ ပြန်လာရင်တော့ အဝစားခိုင်းရမှာပေါ့”

“ရှောင်လီ၊ အဖေ နောက်ပိုင်းကျရင် မင်းကို တစ်ခုလောက် အကူအညီ တောင်းလို့ ရမလား”

စုဝေ့မင်က အမိန့်သာပေးတတ်သော တခြားသော ယောက္ခမများနှင့် မတူပေ။

သူက လီရှန်း၏ သဘောထားကို အမြဲတစေ မေးမြန်းလေ့ရှိ၏။

အကယ်၍ လီရှန်းသာ ငြင်းဆိုမည်ဆိုပါက သူက မည်သည့်အချိန်တွင်မျှ အတင်းအကျပ် မလုပ်ပေ။

အလွန်ဆုံးမှ လော်ယွီရှို့ကို လီရှန်းအား သင်ပြပေးရန် တောင်းဆိုပြီး လော်ယွီရှို့ကိုသာ လုပ်ခိုင်းပေလိမ့်မည်။

“ရပါတယ် အဖေ၊ ကျွန်မကို ကြိုပြီးသာ ပြောထားလိုက်ပါ၊ ကျွန်မတို့က မိသားစုတွေပဲလေ၊ အားနာနေစရာ မလိုပါဘူး”

လီရှန်း စကားများနှင့် ဟန်ဆောင်မနေဘဲ တိုက်ရိုက်ပင် ခေါင်းညိတ်သဘောတူလိုက်သည်။

ဆိုရလျှင် စုဝေ့မင်နှင့် သူ၏ဇနီးတို့က ဤကဲ့သို့သော ဆက်ဆံရေးမျိုးကို နှစ်သက်ကြလေ၏။

အရာအားလုံးကို အလိုအလျောက် ရပိုင်ခွင့်ရှိသည်ဟု မှတ်ယူထားခြင်းက သံယောဇဉ်ကိုသာ လျော့ပါးစေမည်ဖြစ်သည်။

ထို့ကြောင့် အကြံဉာဏ်တစ်ခုခု ရှိပါက အရင်ဆုံးမေးမြန်းခြင်းက တစ်ဦးကိုတစ်ဦး လေးစားရာရောက်လေ၏။

ထို့အပြင် ကိုယ့်ကိုယ်ကိုလည်း လေးစားမှုရှိသကဲ့သို့ဖြစ်စေသည် မဟုတ်ပါလား။

“ဒါဆိုရင်တော့ ရှောင်လီ့ကို အားနာစရာဖြစ်စေတော့မှာပဲ”

စုဝေ့မင်က အလွန်ပင် ဝမ်းသာသွားသောကြောင့် ပန်းကန်အလွတ်ကို ကိုင်ပြီး ထပ်ထည့်ရန် ပြင်လိုက်လေသည်။

သို့သော် လော်ယွီရှို့က သူ၏ပန်းကန်ကို ဆွဲယူလိုက်လေသည်။

“ရှင် ဘယ်လောက်ပဲ ကြိုက်ကြိုက် ဒီလောက်အထိတော့ မစားရဘူးလေ၊ စားပြီးမှ အစာကြေဆေးတွေ သောက်နေရရင် လူတွေ ရယ်နေကြလိမ့်မယ်”

စုဝေ့မင်က အသာချောင်းဟန့်လိုက်ပြီး ရှင်းပြလေသည်။

“ငါ ဒီမနက်ပိုင်းက ကာယအလုပ်တွေ လုပ်ထားရတာ၊ နည်းနည်းလောက်ပိုစားမိတာ ဘာမှားလို့လဲ”

“ဘာမှတော့ မမှားပါဘူး၊ ရှင် အစာမကြေဖြစ်မှာကိုပဲ ပြောနေတာ..

တကယ်လို့ ကုန်အောင် မစားနိုင်ရင်လည်း အိုးထဲမှာပဲ ထားလိုက်လေ၊ ညဘက်ကျမှ ပြန်နွှေးစားတာပေါ့”

သူတို့က အသက်အရွယ် ရလာကြပြီဖြစ်၍ အစာအိမ်က အတန်ငယ် အားနည်းနေလေပြီ။

အစားအလွန်အကျွံ စားခြင်းကြောင့် နာမကျန်းမဖြစ်စေချင်ပေ။

သို့မဟုတ်ပါက ချွေးမဖြစ်သူ၏ စေတနာက ဝေဒနာ ဖြစ်သွားနိုင်သည် မဟုတ်ပါလား။

“ကောင်းပြီလေ”

စုဝေ့မင်က အနည်းငယ် နှမြောသော အမူအရာဖြင့် သတင်းစာဖတ်ရန် ဆိုဖာသို့ ပြန်သွားခဲ့လေ၏။

“အဘွား၊ ကျွန်တော် နောက်ထပ် တစ်ပန်းကန်လောက် ထပ်စားချင်တယ်”

စုချန်က သူ၏ ပန်းကန်လုံးအလွတ်လေးကို လှမ်းပေးလိုက်လေ၏။ သူ၏ စားချင်စိတ်က ပုံမှန်ထက် ပို၍ ကြီးမားနေခဲ့သည်။

“ရတာပေါ့၊ ငါတို့ မြေးလေးက ဒါတွေကိုစားပြီး သန်သန်မာမာနဲ့ကြီးထွားလာရမှာ”

သူမက အိုးထဲမှ နံရိုးနှစ်တုံးကိုလည်း စုချန်၏ ပန်းကန်ထဲသို့ ခပ်ထည့်ပေးလိုက်လေသည်။

နောက်ဆုံး ကျန်ရှိနေသော အရိုးမပါသည့် အသားတုံးလေးကိုတော့ စုကျွင့်ကို ပေးရန်အတွက်လည်း မမေ့ခဲ့ပေ။

အသားက အတော်လေး နူးညံ့လွန်းသောကြောင့် စုကျွင့်၏ သွားလေးများနှင့်ပင် အလွယ်တကူ ဝါးစားနိုင်ပေလိမ့်မည်။

လူတိုင်းက နေ့လယ်စာကို အရသာရှိစွာ စားသောက်ခဲ့ကြရသည်။

လော်ယွီရှို့က ပန်းကန်ဆေးရန်အတွက် တာဝန်ယူလိုက်ပြီး၊ ကလေးနှစ်ယောက်ကတော့ ဧည့်ခန်းထဲတွင် ဆော့ကစားနေခဲ့ကြလေ၏။

စုဝေ့မင်ကတော့ စုဝေ့ချင်းနှင့် လီရှန်းတို့ကို စာကြည့်ခန်းထဲသို့ ခေါ်သွားခဲ့သည်။

သူတို့ အထဲသို့ ရောက်ရှိသည်နှင့် စုဝေ့မင်က တည်ကြည်ဘေးနက်စွာဖြင့် ပြောလိုက်လေသည်။

“ဝူလီ တံခါးခေါက်တဲ့ အချိန်ကစပြီး အဲဒီညက ဖြစ်ခဲ့တာတွေကို အစအဆုံး ငါ့ကို ပြန်ပြောပြစမ်းပါဦး”

လီရှန်း၏ စိတ်ထဲတွင် ထိတ်ခနဲ ဖြစ်သွားရ၏။

“အဖေ၊ တစ်ခုခုကို စုံစမ်းသိရှိထားလို့လား”

“တစ်ခုခုတော့ စုံစမ်းသိရှိထားပါတယ်၊ ဒါပေမဲ့ အဲဒါက မင်းတို့ သိဖို့ မလိုတဲ့ ကိစ္စပဲ၊ စိတ်မပူပါနဲ့၊ ဒီကိစ္စက မကြာခင် ပြေလည်သွားတော့မှာပါ၊

အဲဒီအချိန်ကျရင်တော့ မင်းလည်း စိတ်အေးလက်အေးနဲ့ အလုပ်ပြန်ဆင်းနိုင်လိမ့်မယ်၊ မင်းရဲ့မိဘတွေအိမ်ကိုလည်း ပြန်လို့ရပါပြီ”

လီရှန်း : “...”

သူမ စိုးရိမ်နေတာက အဲဒါ မဟုတ်ဘူးလေ။

သူမ သိချင်နေတဲ့ အမှန်တရားက ဘာလဲဆိုတာ အဖေသိရဲ့လား။

သူမက ဦးလေးမာက ဘယ်အိမ်က ချွေးမနှင့် သွားပြီး ပွေရှုပ်ခဲ့တာလဲဆိုတာကို သိချင်တာလို့!

*

All Chapters