အခန်း ၂၁၇
Vol. 22 Ch. 217
အခန်း(217)
မွန်းလွဲပိုင်းတွင် စုဝေ့မင်တို့ ဇနီးမောင်နှံနှစ်ဦးက မာမိသားစု၏ ကိစ္စများကို ဖြေရှင်းရန် ထပ်မံ၍ ထွက်ခွာသွားကြပြန်၏။
လီရှန်းသည်လည်း ကလေးနှစ်ယောက်ကို အိမ်ရာဝင်းထဲရှိ ကွင်းပြင်၌ ဆော့ကစားရန်အတွက် အောက်ထပ်သို့ ခေါ်လာခဲ့လေသည်။
စုချန်က စုကျွင့်ကို ခေါ်ပြီး မြက်ခင်းထဲရှိ ပိုးကောင်လေးများကို ဖမ်းဆီးနေခဲ့၏။
သူမကိုယ်တိုင်က ထိုင်ခုံတစ်လုံးကို သယ်လာပြီး စာအုပ်ကိုင်ကာ ထိုင်နေခဲ့လေသည်။ ကလေးများက သူမ၏ မြင်ကွင်းအောက်တွင်ရှိမရှိကိုလည်း ရံဖန်ရံခါ စစ်ဆေးနေခဲ့၏။
“အိမ်သာသွားချင်ရင် တတိယအဒေါ့်ကို ပြောရမယ်နော်၊ နားလည်လား”
“နားလည်ပါတယ် အဒေါ်”
စုချန်က လိမ္မာစွာ ခေါင်းညိတ်ပြလေ၏။ သူ၏ တတိယအဒေါ်က သန့်ရှင်းမှုကို အလွန်မြတ်နိုးသူဖြစ်ကြောင်းကို သူ သိထားသောကြောင့် လီရှန်း၏ အရှေ့တွင်တော့ ထောင့်တစ်နေရာ၌ အပေါ့သွားခြင်းမျိုး သူ လုပ်မည်မဟုတ်ပေ။
မှာစရာရှိသည်များကို မှာပြီးသည့်အချိန်မှ လီရှန်းက စိတ်သက်သာရာသွားရတော့၏။
“ကောင်းပါပြီ၊ သွားဆော့ကြတော့”
စုချန်က ရှောင်ကျွင့်ကို ခေါ်ပြီး ချက်ချင်းပင် ပြေးထွက်သွားခဲ့၏။
အဆောင်ထဲမှ တခြားသော ကလေးတချို့ကလည်း ထွက်လာကြပြီး သူတို့နှင့်အတူ ဆော့ကစားနေကြလေသည်။
သူတို့က ပျော်ရွှင်စွာ ဆော့ကစားနေသည်ကို မြင်ရသည့်အချိန်မှသာ လီရှန်းက သူမ၏ အချက်အလက်များကို ဖွင့်၍ ဖတ်ရှုခဲ့သည်။
အစ်မလျို့၏ လက်တွေ့မှတ်တမ်းများတွင် သူမ၏ လက်တွေ့အတွေ့အကြုံများစွာ ပါဝင်နေ၏။
ထို့ကြောင့် ဤကာလအတွင်း သူမအနေဖြင့် အကျိုးကျေးဇူးများစွာ ရရှိနေသည်ဟု ခံစားရသည်။
သူမအနေဖြင့် ကမ္ဘာများစွာကို ဖြတ်သန်းခဲ့ဖူးသော်လည်း သူမက ကိရိယာတစ်ခုမျှသာ ဖြစ်ခဲ့၏။
နိုးလာသည့် အချိန်တိုင်းက အခက်ခဲဆုံးအချိန်များပင် ဖြစ်ခဲ့ရသည်။
သူမက ကလေးတစ်ယောက်ကို ပြုစုရုံသာမက ရှင်သန်နိုင်ရန်အတွက်လည်း အသည်းအသန် ကြိုးစားခဲ့ရ၏။
သူမအနေဖြင့် ဆေးပညာရပ် တစ်ခုကိုသာ သင်ယူခဲ့ရပြီး ထိုပညာဖြင့်ပင် အလွန်ပင် ပင်ပန်းနွမ်းနယ်စေခဲ့ရ၏။
သူမ ပြုစုခဲ့သော ကလေးက နောက်ဆုံးတွင် ကြီးပြင်းလာသည့်အချိန်တွင် သူမ၏ တာဝန်ကလည်း ပြီးဆုံးသွားခဲ့ရလေပြီ။
ယခု ပြန်စဉ်းစားကြည့်သည့်အချိန်တွင် သူမက တစ်ရက်မျှပင် ပျော်ရွှင်မှုကို မခံစားခဲ့ရပေ။
“အဒေါ်”
ရုတ်တရက် မနီးမဝေးမှ စုချန်၏ အသံက ထွက်ပေါ်လာလေ၏။
လီရှန်းက အမြန်ပင် မော့ကြည့်လိုက်လေသည်။
“ဘာဖြစ်လို့လဲ၊ အိမ်သာသွားချင်လို့လား”
“ဦးလေးမာတို့ အိမ်ထဲကို တစ်ယောက်ယောက် ဝင်သွားတာကို ကျွန်တော် မြင်လိုက်တယ်”
စုချန်က ရုတ်တရက် အနားသို့ တိုးကပ်လာပြီး လက်လေးဖြင့် ကာ၍ လီရှန်း၏ နားရွက်နားတွင် ခပ်တိုးတိုး ကပ်ပြောလာ၏။
မာမိသားစုရဲ့ အိမ်ထဲကို တစ်စုံတစ်ယောက် ဝင်သွားတယ် ဟုတ်လား။
လီရှန်း၏ ပေါ့ပါးနေသည့်စိတ်များက ချက်ချင်းပင် ပျောက်ကွယ်သွားပြီး သူမ၏ မျက်နှာအမူအရာကလည်း တည်ကြည်လေးနက်သွားခဲ့၏။
သူမက စုချန်ကို ချက်ချင်းပင် ညွှန်ကြားလိုက်လေသည်။
“ရှောင်ကျွင့်ကို အမြန်ဆုံး အိမ်ပြန်ခေါ်သွားလိုက်တော့၊ ပြီးတော့ မင်း သူငယ်ချင်းတွေကိုလည်း အိမ်ပြန်ကြဖို့ ပြောလိုက်ဦး”
“ဒါပေမဲ့”
စုချန်အနေဖြင့် ထိုကလေးများက သူ့စကားကို နားထောင်ကြမည် မဟုတ်ဘူးကြောင်း ပြောချင်နေခဲ့သည်။
သို့သော် သူ စကားမဆုံးသေးမီမှာပင် အဒေါ်က သူ့ကို ယုံကြည်မှုအပြည့်ရှိသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရလေ၏။
သူက ချက်ချင်းပင် စကားကိုရပ်လိုက်ပြီး၊ ခန္ဓာကိုယ်ကို မတ်မတ်ထားပြီး လက်မြှောက်၍ စနစ်တကျ အလေးပြုလိုက်ရင်း ပြောလိုက်လေသည်။
“တာဝန်ကို အောင်မြင်အောင် ထမ်းဆောင်ပါ့မယ်လို့ အာမခံပါတယ်”
ထို့နောက် သူက အနောက်သို့ လှည့်မကြည့်တော့ဘဲ သူငယ်ချင်းများဆီသို့ ပြေးသွားပြီး အော်ဟစ်လိုက်လေ၏။
“ငါ့ဆီမှာ ကောင်းတဲ့ ကာတွန်းစာအုပ်တွေ ရှိတယ်၊ ဖတ်ချင်တဲ့သူတွေ ငါနဲ့အတူ လိုက်ခဲ့ကြ”
ကာတွန်းစာအုပ်ဟုတ်လား။
ထိုစကားလုံး သုံးလုံးက ကလေးများအပေါ်ရှိနိုင်သည့် ဆွဲဆောင်မှုကို လျှော့မတွက်သင့်ပေ။
စုချန် အော်လိုက်သည်နှင့် တစ်ပြိုင်နက် ကလေးတစ်စုက သူ၏နောက်သို့ ပြေးလိုက်သွားကြတော့၏။
အနောက်တွင် ကျန်ရစ်ခဲ့သော စုကျွင့်ကလည်း သူ၏ ခြေတံတိုလေးများဖြင့် မနည်းလိုက်နေရရှာသည်။
“အစ်ကို၊ ကျွန်တော့်ကို စောင့်ပါဦး”
သူတို့အားလုံးက လေပွေတစ်ခုကဲ့သို့ ပျောက်ကွယ်သွားကြလေတော့၏။
လီရှန်းက အချက်အလက်စာအုပ်ကို ပိတ်ပြီး၊ ထိုင်ခုံကို ကောက်ကိုင်လိုက်ပြီးနောက် လှေကားဘက်သို့ အားမလိုအားမရသော မျက်နှာအမူအရာဖြင့် လိုက်သွားခဲ့လေသည်။
သူမက လမ်းတွင် လုချင်းလန်နှင့် ဆုံခဲ့လေ၏။ သူမ၏ သားကြီးက စစ်တပ်မှာ အနုပညာအဖွဲ့ထဲသို့ ဝင်ခွင့်စာမေးပွဲ အောင်မြင်သွားသည်။
ထို့ကြောင့် ယူနန်ပြည်နယ် စစ်ဒေသ အနုပညာအဖွဲ့သို့ ဝင်ရောက်ရန်အတွက် မနေ့ကမှ ရထားဖြင့် ထွက်ခွာသွားခဲ့ခြင်း ဖြစ်လေ၏။
ယနေ့ မနက်တွင်တော့ သူမက အကောင်းဆုံး အဝတ်အစားများကို ဝတ်ဆင်ပြီး ပြည်နယ်မြို့တော်သို့ သွားရောက် ဂုဏ်ယူဝင့်ကြွားခဲ့၏။
သို့သော် သူမ၏ မျက်နှာအမူအရာကို ကြည့်ခြင်းအားဖြင့် ရလဒ်က သိပ်ပြီးမကောင်းခဲ့ပုံရသည်။
လုချင်းလန်တစ်ယောက် ရင်ဖွင့်စရာ တစ်စုံတစ်ဦးကို ရှာနေချိန်တွင် လီရှန်းကို တွေ့လိုက်ရလေ၏။
ထို့ကြောင့် သူမ၏ လက်ကို ထိလိုက်သည်နှင့် စတင်ညည်းညူပြောဆိုလေတော့သည်။
သူမက ယနေ့မနက် အစောပိုင်းက ပြည်နယ်မြို့တော်သို့ သွားရောက်ခဲ့ခြင်းမှာ ခဲအိုဖြစ်သူ၏ မိသားစုထံသို့ သွားခဲ့ခြင်းဖြစ်၏။ သူမ၏ သားမှာ သူတို့သားဖြစ်သူ ကျေးလက်ဒေသသို့ အနှင်ခံရခြင်းမှ ကာကွယ်ပေးရန်အတွက် အသုံးချခံရမည့်သူမျိုး မဟုတ်ကြောင်းကို ပြသချင်ခဲ့သည်။
သူက ယခုအချိန်တွင် စစ်တပ်ထဲသို့ ဝင်သွားခဲ့လေပြီ။ စစ်တပ်အနုပညာဌာနမှ တစ်ဦးသာ ဖြစ်သော်လည်း ထောက်ပံ့ကြေး အတော်လေးရရှိလေသည်။
ထို့အပြင် သူမက သားဖြစ်သူ၏ ပိုက်ဆံကိုလည်း မယူလိုပေ။ သူ၏ လစာအနည်းငယ်ကို သူကိုယ်တိုင် စုဆောင်းထားနိုင်၏။
ထို့ကြောင့် သူ အိမ်ထောင်ပြုသည့် အချိန်တွင်လည်း သူတို့အနေဖြင့် စိုးရိမ်နေရန် မလိုတော့ပေ။
သူမက သူမ၏ ခဲအိုဖြစ်သူတို့မိသားစုကို မနာလိုဖြစ်အောင် လုပ်နိုင်လိမ့်မည်ဟု ထင်ခဲ့သည်။
သို့သော် သူတို့၏ အရှက်မရှိမှုကို သူမ လျှော့တွက်ခဲ့မိခြင်း ဖြစ်လေ၏။
“..သူတို့က သူတို့ကလေးကိုလည်း စစ်တပ်ထဲကို ထည့်နိုင်ဖို့ နည်းလမ်းရှာပေးပါဦးတဲ့လေ၊ ဟား.. တကယ့်ကို အိပ်မက်လှလှမက်နေကြတာပဲ”
အသုံးချစရာ လူ မရှိတော့သည့်အတွက်ကြောင့် လုချင်းလန်၏ မတ်ဖြစ်သူတို့မိသားစုမှ သားမှာ ကျေးလက်ဒေသဘက်သို့ သွားရန်မှလွဲ၍ တခြားရွေးချယ်စရာ မရှိတော့ပေ။
သူတို့၏ အိမ်တွင် ခိုကပ်နေခဲ့ရသော ကလေးက စစ်တပ်ထဲသို့ ဝင်သွားပြီး၊ သူတို့၏ ကိုယ်ပိုင်ကလေးကတော့ ကျေးလက်ဒေသဘက်သို့ အပို့ခံရသည်ကို မြင်ရသည့်အချိန်တွင် သူမ၏ ယောက်မဖြစ်သူက လုံးဝ ရူးသွပ်သွားလေတော့၏။
သူမက အိမ်တွင် အော်ဟစ်ငိုယိုပြီး ပြဿနာရှာရင်း လုချင်းလန်ကို နည်းလမ်းရှာပေးရန် တောင်းဆိုနေခဲ့သည်။
“သူက ဒီလိုစကားမျိုးကို ဘယ်လိုများ ပြောထွက်ရတာလဲ၊ ဒီနှစ်တွေမှာ ငါတို့က သူတို့အတွက် စားစရိတ်တွေ အများကြီး ပေးခဲ့တာလေ၊
သူက ငါ့သားကို နှိပ်စက်ရုံတင်မကဘဲ နှိမ်လည်း နှိမ်ခဲ့သေးတာ၊ အခုကျမှ ဒီလိုတွေ ပြဿနာလာရှာနေတယ်၊
လူကြီးနှစ်ယောက်ကလည်း သူ့ဘက်ကနေ ကူပြီးတော့ အော်ဟစ်ငိုယိုနေကြသေးတယ်၊
ငါတော့ လုံးဝ သဘောမတူခဲ့ဘူး၊ တကယ်လို့ လုတုန်းရှန်သာ ခေါင်းညိတ်ရဲရင် ငါ သူ့ကို လုံးဝ ခွင့်မလွှတ်ဘူး၊ ငါ သေရင်တောင် သူ့ကိုပါ တစ်ခါတည်း ဆွဲခေါ်သွားမှာ”
ထိုစကားကို ကြားရသည့်အချိန်တွင် လီရှန်းက သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။
အိမ်တိုင်းတွင် ကိုယ်စီ ပြဿနာများက ရှိကြသည် မဟုတ်ပါလား။
လုတုန်းရှန်နှင့် သူ၏ဇနီးတို့က အလွန်အဆင်ပြေကြသည်ဟု ထင်ရသော်လည်း မိသားစုရေးကိစ္စများနှင့် ကြုံရသည့်အချိန်တွင် အတော်လေး ပြင်းထန်လွန်း၏။
လုချင်းလန်က ရင်ဖွင့်စရာ နေရာတစ်ခုသာ လိုအပ်နေခြင်း ဖြစ်၏။
လီရှန်းကတော့ တိတ်တဆိတ်သာ နားထောင်နေခဲ့ပြီး မည်သည့်အမြင်မျှ မပေးခဲ့ပေ။
လုချင်းလန်မှာတော့ လီရှန်းကို အစွမ်းအစ မရှိသူဟု မထင်သည့်အပြင် သူမက တည်ငြိမ်ပြီး အားကိုးရသူဟုပင် ထင်မှတ်သွားခဲ့၏။
အနည်းဆုံးတော့ သူမက လော်တာ့ဖောထက်စာလျှင် ပို၍ လျှို့ဝှက်ချက်ကို ထိန်းနိုင်သူ ဖြစ်သည်။
လုချင်းလန်၏ ညည်းညူသံများစွာကို နားထောင်ပေးနေခဲ့သော်လည်း လီရှန်းက စိတ်မရှည်သည့် အမူအရာ တစ်ခုမျှ မပြခဲ့ပေ။
သူမက ချက်ချင်းပင် အားနာသွားရ၏။
“ကြည့်စမ်း၊ ငါ ဘာလို့ နင့်ကို လျှောက်ပြောနေမိတာလဲ မသိတော့ပါဘူး”
“ကိစ္စမရှိပါဘူး အဒေါ်လု၊ စိတ်မပူပါနဲ့၊ သူတို့က ပြည်နယ်မြို့တော်မှာနေတာလေ၊ အဒေါ်တို့က ဒီခရိုင်ထဲမှာနေတာ.. အဒေါ်တို့ဘက်သာ မြို့တော်ကို ပြန်မသွားရင် သူတို့က ဒီအထိလာပြီး ဒုက္ခပေးမှာ မဟုတ်ပါဘူး”
လုတုန်းရှန်၏ အစ်ကိုနှင့် မရီးဖြစ်သူတို့က ဆေးဝါးစက်ရုံထဲအထိ လာရောက်နိုင်လိမ့်မည်ဟု လီရှန်းက မထင်ပေ။
လုချင်းလန်က သူမ၏ ပေါင်ကို ဖြတ်ခနဲ ရိုက်လိုကလေသည်။
“နင်ပြောတာ မှန်တယ်”
ထိုမျက်နှာကြီးမားလွန်းသော အစ်ကိုနှင့် ယောက်မဖြစ်သူတို့က သူတို့၏ သားအတွက် စစ်တပ်ထဲတွင် နေရာရဖို့အရေးနှင့် ပြည်နယ်မြို့တော်မှနေ၍ ဤခရိုင်မြို့လေးအထိ အရှက်မရှိ လာရောက်လိမ့်မည်ဟု သူမ မယုံကြည်ပေ။
အကယ်၍ သူတို့သာ အမှန်တကယ် လာရဲမည်ဆိုလျှင်တော့ သူမအနေဖြင့် သိက္ခာကို အောက်ချပြီး စုဝေ့မင်နှင့် လော်ယွီရှို့တို့ကို အကူအညီတောင်းပြီး ထိုကောင်လေးကို အပင်ပန်းဆုံးဖြစ်သော စိုက်ပျိုးရေးနှင့် တည်ဆောက်ရေး တပ်ဖွဲ့ထဲသို့သာ ပို့ပစ်လိုက်မည် ဖြစ်သည်။
ရှင်းကျန်းစိုက်ပျိုးရေးတပ်ဖွဲ့ကလည်း စစ်တပ်ပဲ မဟုတ်ဘူးလား။
သူမက ခါးထောက်ပြီး မကျေမနပ် ဖြစ်နေဆဲ ဖြစ်သော်လည်း လီရှန်း၏ နှစ်သိမ့်စကားများကြောင့် စိတ်ထဲတွင် အတော်လေး သက်သာရာ ရသွားခဲ့၏။
သူမက လော်ယွီရှို့၏ ချွေးမငယ်လေးကို ပို၍ သဘောကျလာသော်လည်း အနည်းငယ်တော့ မနာလို ဖြစ်မိသည်။
လော်ယွီရှို့တွင် မည်သို့သော ကံမျိုးရှိသည်ကို သူမ မသိတော့ပေ။
သူမ၏ ချွေးမ၏ သုံးယောက်နှင့်သားမတ်တစ်ယောက်တွင် ကိုယ်စီ အားနည်းချက်များ ရှိကြသော်လည်း၊ အရည်အချင်းပိုင်းတွင်တော့ မည်သူကမျှ မညံ့ကြပေ။
သူမက တကယ့်ကို အကောင်းဆုံးတွေကို ရွေးချယ်နိုင်ခဲ့တာပဲ။
လီရှန်း ပြုံးပြလိုက်သော်လည်း သူမ၏ မျက်လုံးများက လုချင်းလန်၏ အနောက်ရှိ မာမိသားစု၏ အိမ်ဘက်ကို တိတ်တဆိတ် အကဲခတ်နေခဲ့လေ၏။
မာမိသားစု၏ တံခါးက တင်းတင်းစေ့ထားပြီး၊ ပြတင်းပေါက်များကလည်း ပိတ်ထားသောကြောင့် အထဲတွင် လူရှိသည့် လက္ခဏာ တစ်ခုမျှ မတွေ့ရပေ။
သို့သော် စုချန်က လိမ်ညာတတ်သော ကလေးမျိုး မဟုတ်ပေ။
သူ မြင်ခဲ့သည်ဟု ပြောလျှင် သေချာပေါက် မြင်ခဲ့ခြင်းပင် ဖြစ်ပေလိမ့်မည်။
သို့သော် သူမအနေဖြင့် ယခုချက်ချင်း သွားရောက် စုံစမ်း၍ မရပေ။
ထို့အပြင် အကယ်၍ တံခါးအနောက်မှာ သန်မာသည့် အမျိုးသားတစ်ယောက်သာ ရှိနေမည်ဆိုပါက သူမကဲ့သို့ သွယ်လျသော ကိုယ်လုံးနှင့် မည်သို့ တားဆီးနိုင်ပါမည်နည်း။
လုချင်းလန်သာ ဒီထဲမှာ ပါဝင်နေမယ်ဆိုရင်ရော...
လီရှန်းက နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီးနောက်၊ သူမ၏ မျက်နှာအမူအရာက ရုတ်တရက် ပြောင်းလဲသွားခဲ့လေ၏။
သူမက လုချင်းလန်ကို ဆွဲပြီး လှေကားထစ်ဘက်သို့ အမြန် လျှောက်သွားလေတော့သည်။
လုချင်းလန်မှာလည်း အခြေအနေကို မသိဘဲ ဆွဲခေါ်သွားခြင်းကို ခံလိုက်ရ၏။
*