← Chapters

အခန်း ၂၁၈

Vol. 22 Ch. 218

အခန်း ၂၁၈

Vol. 22 Ch. 218

အခန်း(218)

လီရှန်းက သူမကို လှေကားထောင့်ချိုးသို့ ဆွဲခေါ်လာပြီးမှ ခပ်တိုးတိုး ပြောလိုက်လေသည်။

“အဒေါ်လု၊ ကျွန်မ ခုနက အဒေါ်မာတို့အိမ်က လိုက်ကာက လှုပ်သွားတာ မြင်လိုက်သလိုပဲ၊ အဲဒီအိမ်မှာ လူရှိနေတာလား”

“မဖြစ်နိုင်တာ၊ မာချန်က စက်ရုံက သီးသန့်ဆောင်မှာ ရှိနေတုန်းပဲလေ၊ စက်ရုံက သူ့အတွက် ဆုံးဖြတ်ချက် မချရသေးဘူး၊ ဘာပဲဖြစ်ဖြစ် အဖေကို ဒဏ်ရာရအောင် လုပ်တာက မိသားစုရေးရာလို့ သတ်မှတ်လို့ ရသလို ဥပဒေကိစ္စလို့လည်း သတ်မှတ်လို့ ရတာပဲ၊

တကယ်လို့ စက်ရုံရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်က သူ့ကို ရဲစခန်းကို ပို့ဖို့ဆိုရင်တော့ မာချန်တစ်ယောက် အလုပ်ကြမ်းစခန်းကို သွားရဖို့ များတယ်၊ လောင်မာကလည်း ဆေးရုံမှာဆိုတော့... ”

သူမက စကားပြောရင်း ခဏမျှ တုံ့ဆိုင်းသွားသည်။

“အိုး၊ သူ့ချွေးမ ဖြစ်မလား မသိဘူးနော်”

“ဒါပေမဲ့ ကျွန်မကြည့်ရသလောက်တော့ မတူသလိုပဲ၊ အဲဒီ ချွေးမက ကိုယ်ဝန်ကြီးနဲ့လေ”

“ဒါဆို ဘယ်သူ ဖြစ်နိုင်မလဲ၊ လောင်မာရဲ့ လျှို့ဝှက်ရည်းစားများလား”

လုချင်းလန်က ချက်ချင်းပင် စိတ်ဝင်စားသွားပြီး လီရှန်း၏ လက်ထဲမှ ရုန်းထွက်ကာ အောက်ထပ်သို့ ဆင်းသွားလေ၏။

“ငါ သွားကြည့်လိုက်ဦးမယ်”

“အဒေါ်လု၊ သူခိုး ဖြစ်နေရင် ဘယ်လိုလုပ်မလဲ၊ နောက်ထပ် လူတချို့လောက် ထပ်ခေါ်ရရင် မကောင်းဘူးလား”

လီရှန်းက လုချင်းလန်ကို အဖော်ပြုပေးရန်အတွက် အနောက်မှ လိုက်သွားခဲ့လေ၏။

လုချင်းလန်ကလည်း ထိုအချက်က ကျိုးကြောင်းစီလျော်သည်ဟု ထင်မြင်မိသည်။

မည်သို့ပင်ဖြစ်စေ ပြီးခဲ့သည့် နှစ်ရက်အတွင်း မာမိသားစု၏ အိမ်တွင် လူမရှိကြောင်းကို လူတိုင်းက သိထားကြသည် မဟုတ်ပါလား။

သူခိုး ခိုးယူခြင်းလည်း ဖြစ်နိုင်သောကြောင့် လွှတ်ထား၍ မရပေ။

တကယ်လို့ မာမိသားစုက အခိုးခံရပြီး မကျေမနပ် ဖြစ်နေဦးမယ်ဆိုရင် ဘယ်လိုလုပ်မလဲ။

ဤသို့တွေးမိသည့်အချိန်တွင် လုချင်းလန်က ချက်ချင်း အနောက်သို့ လှည့်လိုက်လေသည်။

“လောင်လုက အိမ်မှာ နားနေတယ်၊ ငါ သူ့ကို သွားခေါ်လိုက်ဦးမယ်၊

နင် ဒီမှာပဲ စောင့်ကြည့်နေဦး၊ တစ်ယောက်ယောက် ထွက်လာမလား ကြည့်နေလိုက်နော်”

လီရှန်းက အလေးအနက် ခေါင်းကို ညိတ်ပြလိုက်လေ၏။

လုတုန်းရှန်သာ အိမ်တွင် ရှိနေမည်ဆိုပါက ပို၍ ကောင်းမွန်ပေလိမ့်မည်။

ယောက်ျားတစ်ယောက် ပါဝင်နေခြင်းက လုံခြုံမှုကို ပို၍မြင့်မားစေသည် မဟုတ်ပါလား။

လုတုန်းရှန်က ခုတင်ပေါ်တွင် နားနေချိန်တွင် သူခိုးရှိနိုင်သည်ဟူသော သတင်းကို ကြားလိုက်ရသောကြောင့်ချက်ချင်းပင် ထကာ လုချင်းလန်နှင့်အတူ အောက်ထပ်သို့ ဆင်းလာခဲ့လေသည်။

ဇနီးမောင်နှံနှစ်ဦးက လှေကားနားသို့ ရောက်ရှိသည့်အချိန်တွင် စုမိသားစုမှ ချွေးမငယ်လေးက ထိုင်ခုံကိုကိုင်ပြီး နံရံထောင့်ကို ကပ်၍ မာမိသားစု၏ အိမ်ဘက်ကို ထူးဆန်းသော အမူအရာဖြင့် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရ၏။

လုချင်းလန်၏ နှုတ်ခမ်းများက အသာတွန့်သွားရပြီး သူမ၏ ခင်ပွန်းကို ခပ်တိုးတိုး ပြောလိုက်လေသည်။

“ဒီရှောင်လီကတော့ တကယ့်ကို ရိုးသားတာပဲ”

စောင့်ကြည့်ခိုင်းထားတယ်ဆိုတာနဲ့ ဘာမှမလုပ်ဘဲ စောင့်ကြည့်နေခဲ့တာပဲ။

“မင်းကတော့ လူတိုင်းကို ကိုယ့်လိုပဲ လှည့်ဖြားတတ်တဲ့သူတွေလို့ ထင်နေတာလား”

လုတုန်းရှန်က လုချင်းလန်ကို မျက်လုံးလှန်ကြည့်လိုက်လေ၏။

ဇနီးမောင်နှံနှစ်ဦးက ယနေ့တွင် အနည်းငယ် ရန်ဖြစ်ထားကြသောကြောင့် အပြန်လမ်းတွင်လည်း တစ်ဦးနှင့်တစ်ဦး စကားမပြောခဲ့ကြပေ။

အကယ်၍သာ သူခိုးနှင့် မကြုံခဲ့လျှင် သူတို့၏ စစ်အေးတိုက်ပွဲက ဆက်လက်၍ ရှိနေဦးမည်သာ ဖြစ်သည်။

သူမတွင် အမှားရှိနေကြောင်းကို သိသောကြောင့် လုချင်းလန်က ထိုစကားကြောင့် စိတ်ပျက်သွားရသော်လည်း ပြန်မပြောတော့ပေ။

ထိုအစား သူမက လုတုန်းရှန်ကို တွန်းလိုက်ရင်း ပြောလိုက်လေ၏။

“အမြန် သွားပါဦး၊ မဟုတ်ရင် သူတို့ ထွက်ပြေးကုန်ဦးမယ်”

လုတုန်းရှန်က နှာခေါင်းရှုံ့လိုက်ပြီးနောက် လုချင်းလန်၏ အနောက်မှ အောက်ထပ်သို့ ခပ်သွက်သွက် ဆင်းသွားလေတော့၏။

“ဘယ်သူမှ ထွက်မလာသေးဘူး မလား”

လုတုန်းရှန်က လီရှန်းကို မေးလိုက်လေသည်။

ဇနီးမောင်နှံနှစ်ဦး၏ စကားပြောသံကို ကြားကတည်းက လီရှန်းက သူတို့ ရောက်လာပြီဖြစ်ကြောင်းကို သိထားသောကြောင့် မလန့်သွားဘဲ ခေါင်းကို ညိတ်ပြလိုက်လေသည်။

“ကျွန်မ တစ်ချိန်လုံး စောင့်ကြည့်နေတာပါ၊ ဘယ်သူမှ ထွက်မလာပါဘူး”

လုတုန်းရှန်တွင် အစီအစဉ်တစ်ခု ရှိနေခဲ့လေ၏။

“မင်းတို့ အပြင်ကို မထွက်လာကြနဲ့ဦး၊ ငါ သွားပြီး စစ်ဆေးကြည့်လိုက်မယ်”

သူက စကားပြောရင်းနှင့် လီရှန်း၏ အနောက်မှ ပတ်သွားခဲ့သည်။ သူက လက်ထဲတွင် လက်ဖက်ရည်ခွက်ကို ကိုင်ထားရင်း တစ်စုံတစ်ဦးကို အလုပ်ကိစ္စဖြင့် သွားရှာသကဲ့သို့ ဟန်ဆောင်လိုက်လေ၏။

သူက မာမိသားစု၏ တံခါးဝသို့ အသာလျှောက်သွားပြီး ပြတင်းပေါက်ကို အရင်ဆုံး လှမ်းကြည့်လိုက်လေသည်။

လိုက်ကာများက သေသပ်စွာပင် ပိတ်ထားပြီး မည်သည့်အသံမျှ မထွက်သည်ကို တွေ့လိုက်ရ၏။

လီရှန်းက စုချန်ကို ယုံကြည်သကဲ့သို့ပင်၊ လုတုန်းရှန်ကလည်း လုချင်းလန်ကို ယုံကြည်သည်။

လုချင်းလန်က အပြောကြီးသူဖြစ်သော်လည်း လိမ်ညာတတ်သူတော့ မဟုတ်ပေ။

ထို့ကြောင့် သူက ဝေ့ဝိုက်မနေတော့ဘဲ တံခါး အရှေ့သို့ အမြန်လျှောက်သွားပြီးနောက် တံခါးကို ကန်ဖွင့်လိုက်လေသည်။ တံခါးက နံရံနှင့် ဒုန်းခနဲ ရိုက်မိသွားခဲ့လေပြီ။

လုတုန်းရှန်က ပြတင်းပေါက်တွင် ခိုကပ်နေသော အမျိုးသားတစ်ဦးကို ချက်ချင်း မြင်လိုက်ရလေ၏။

ထိုလူ၏ ခြေထောက်တစ်ဖက်က အထဲတွင်ရှိနေပြီး ကျန်တစ်ဖက်က အပြင်သို့ ရောက်နေခဲ့လေပြီ။

သူက အပြင်ဘက်မှ ခြေသံများကို ကြားလိုက်ရသောကြောင့် တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်းကို သိပြီး ထွက်ပြေးရန် ကြိုးစားနေခြင်း ဖြစ်သည်က ထင်ရှားလွန်း၏။

“ဘယ်ကိုပြေးမလို့လဲ”

လုတုန်းရှန်က ထိုနေရာတွင် လူတစ်ယောက် ရှိနေသည်ကိုတွေ့လိုက်ရသောကြောင့် အံ့ဩသွားရပြီး၊ လက်ထဲမှ လက်ဖက်ရည်ခွက်ကို ကိုင်ပြီး အပြေးအလွှား သွားခဲ့လေတော့၏။

အခြေအနေမဟန်တော့ကြောင်းကို သိချိန်တွင် ထိုအမျိုးသားက ပို၍ပင် လျင်မြန်စွာ လှုပ်ရှားလိုက်သည်။

သူ၏ ကျန်ရှိနေသော ခြေထောက်တစ်ဖက်ကို အပြင်သို့ ထုတ်ရန် ပြင်လိုက်ချိန်မှာပင် လုတုန်းရှန်က သူ၏ လက်ဖက်ရည်ခွက်ထဲမှ ဆူပွက်နေသော ရေနွေးများဖြင့် လှမ်းပက်လိုက်တော့၏။

“အား!”

ထိုအမျိုးသားက သူ၏ မျက်နှာကို အုပ်ပြီး ပြတင်းပေါက်အပြင်ဘက်သို့ ပြုတ်ကျသွားခဲ့လေပြီ။

လုတုန်းရှန်က လက်ဖက်ရည်ခွက်ကို ပစ်ချပြီး သူ၏ အနောက်သို့ ထပ်ကြပ်မကွာ လိုက်ပါရင်း ပြတင်းပေါက်မှ ခုန်ချလိုက်လေ၏။

ထိုအမျိုးသားက မြေပြင်ပေါ်တွင် လူးလိမ့်နေပြီး သူ၏ မျက်နှာက နီရဲကာ အရေပြားများက ကွာကျနေခဲ့သောကြောင့် အောက်မှ နီရဲနေသော အသားများကို မြင်နေရလေတော့၏။

သေချာပေ၏။ လုတုန်းရှန်၏ လက်ထဲရှိ ခွက်ထဲတွင် လက်ဖက်ရည် ရှိနေခြင်း မဟုတ်ဘဲ၊ ဆူပွက်နေသော ရေနွေးများရှိနေခြင်းသာဖြစ်ပေသည်။

ထိုအမျိုးသားက တစ်စုံတစ်ဦးက သူ့ကို လိုက်ဖမ်းနေသည်ကို မြင်ရချိန်တွင် နာကျင်မှုကို ဂရုမစိုက်တော့ဘဲ ထွက်ပြေးရန်အတွက် ထရပ်လိုက်လေ၏။

သို့သော် သူက ခန္ဓာကိုယ်ကို မတ်လိုက်သည်နှင့် လုတုန်းရှန်က သူ့ကို ကန်လိုက်ပြန်သည်။

သို့သော် လုတုန်းရှန်၏ ကန်ချက်က လွဲချော်သွားသောကြောင့် ထိုအမျိုးသားက ယိမ်းထိုးသွားသော်လည်း လဲမကျသွားပေ။

သူက အလွန် နာကျင်နေသောကြောင့် လုတုန်းရှန်နှင့် ရန်ဖြစ်နေရန် စိတ်မကူးတော့ပေ။

သူက လုတုန်းရှန်ကို အပြင်းအထန် တွန်းထုတ်လိုက်ပြီးနောက် ထိတ်လန့်တကြားဖြင့် ထွက်ပြေးရန် ကြိုးစားတော့၏။

လုတုန်းရှန်မှာ နံရံနှင့် ရိုက်မိသွားပြီး သူ၏ တစ်ကိုယ်လုံးရှိ အရိုးများက ကျိုးသွားသကဲ့သို့ နာကျင်နေသော်လည်း သူ ဂရုမစိုက်ပေ။

သူက ချက်ချင်းပင် အစွမ်းကုန် အော်ဟစ်လိုက်လေသည်။

“လာကြပါဦး၊ သူခိုး၊ သူခိုး!”

ယနေ့က ပိတ်ရက်ဖြစ်သောကြောင့် နေ့ဘက်တွင် အိမ်မှာ လူများစွာ မရှိသော်လည်း တချို့တော့ ရှိနေကြဆဲပင်။

အော်သံကို ကြားသည်နှင့် ဒုတိယထပ်မှ လူတစ်ဦးက ခေါင်းပြူထွက်လာလေ၏။

ထိုလူက အိပ်ချင်မူးတူး ဖြစ်နေဆဲပင် ဖြစ်သော်လည်း သူခိုးဟူသော အော်သံကို ကြားရသည့်အချိန်တွင် ဖိနပ်ပင် မစီးနိုင်တော့ဘဲ ခြေဗလာဖြင့် အောက်ထပ်သို့ ပြေးဆင်းလာလေတော့၏။

လုတုန်းရှန်က ရုံးခန်းထဲတွင် နှစ်ပေါင်းများစွာ ထိုင်ခဲ့သူ ဖြစ်ပြီး ပိန်သွယ်သောကြောင့် ထိုအမျိုးသားလောက် အင်အား မရှိပေ။

သို့သော် သူက သူ၏ ရှိသမျှအင်အားကို စုစည်းပြီး ထိုအမျိုးသား၏ လက်မောင်းကို လှမ်းဖမ်းကာ သူ၏လက်သည်းများဖြင့် ထိုသူ၏နဖူးကို ကုပ်ခြစ်လိုက်လေသည်။

သူက အင်အားမကြီးသော်လည်း ထိုသူကို မည်သို့ ပို၍ နာကျင်အောင် လုပ်ရမည်ကို သိရှိနေခဲ့၏။

“ငါ မင်းကို သေအောင်ရိုက်မယ်၊ သူခိုးကောင်! ဆေးဝါးစက်ရုံက ပစ္စည်းတွေကို ခိုးရဲတယ်ပေါ့၊ မင်း ယမ်းမှုန့်တွေကို ရှာနေတာလား”

လုတုန်းရှန်က ထုရိုက်နေရင်းနှင့်ပင် အဆက်မပြတာ ရေရွတ်နေခဲ့လေသည်။

ထိုအမျိုးသားက လုတုန်းရှန်ကို အားနှင့် နောက်တစ်ကြိမ် တွန်းထုတ်လိုက်သောကြောင့် လုတုန်းရှန်က နံရံနှင့် ပြန်လည်၍ ရိုက်မိသွားခဲ့ပြန်၏။

လုတုန်းရှန် ပြေးဝင်သွားချိန်ကတည်းက လုချင်းလန်လည်း ပြေးလာသွားခဲ့သော်လည်း သူမက မာမိသားစု၏ အိမ်ထဲသို့ သွားခဲ့ခြင်း မဟုတ်ပေ။

ထိုအစား သူမက အိမ်ကိုပတ်ပြီး လမ်းကြားလေးအတိုင်း နောက်ဖေးပြတင်းပေါက်ဆီသို့ သွားခဲ့ခြင်း ဖြစ်၏။

လီရှန်းကလည်း အရှုံးမပေးပေ။ သူမက ထိုင်ခုံတစ်လုံးကို ဆွဲပြီး မာမိသားစုအိမ်ထဲသို့ ပြေးဝင်ခဲ့လေ၏။

အတော်လေး မြင့်သော ပြတင်းပေါက်ကို ကျော်တက်လိုက်သည့် အချိန်မှာပင် လုတုန်းရှန်က ထိုအမျိုးသား၏ တွန်းထုတ်ခြင်းကြောင့် နံရံနှင့် ရိုက်မိနေသည်ကို မြင်လိုက်ရတော့သည်။

“ဒါရိုက်တာလု”

လီရှန်း ထိတ်လန့်သွားရပြီး သူမ၏ စိတ်ထဲ၌ ထိတ်ခနဲဖြစ်သွားရလေ၏။

လုတုန်းရှန်ကို တစ်ခုခုဖြစ်သွားမည်ကို သူမ အလွန်ပင် စိုးရိမ်မိသည်။

မည်သို့ပင်ဖြစ်စေ လုချင်းလန်ကို အကူအညီတောင်းခိုင်းခဲ့သူက သူမကိုယ်တိုင်ဖြစ်သည်မဟုတ်ပါလား။

အကယ်၍ လုတုန်းရှန်သာ ထိခိုက်သွားမည်ဆိုပါက လုချင်းလန်က သူမကို မုန်းတီးသွားမည်လားဆိုသည်က ထားဦး၊ သူမကိုယ်တိုင်လည်း စိတ်မသက်သာနိုင်ပေ။

သူမက ဤကိစ္စကို ဖြေရှင်းလိုသော်လည်း တခြားသူတစ်ဦးတစ်ယောက်ကိုတော့ အထိခိုက်မခံစေချင်ပေ။

ကံကောင်းထောက်မစွာဖြင့် လုတုန်းရှန်က အနည်းငယ် တိုက်မိသွားခြင်းသာဖြစ်ပြီး၊ ခေါင်းမူးသွားသော်လည်း ဒဏ်ရာရရှိခြင်း မရှိပေ။

သူက ချက်ချင်းပင် ခေါင်းကိုခါယမ်းလိုက်ပြီး ဟန်ချက်ပြန်ထိန်းလိုက်ကာ ထိုအမျိုးသားပေါ်သို့ လွှားခနဲ ခုန်အုပ်လိုက်လေ၏။

သူက ဤအမျိုးသားက တစ်ခုခု ထူးဆန်းနေကြောင်းကို ရိပ်မိလိုက်လေသည်။

အကယ်၍သာ သာမန်သူခိုးဆိုလျှင် ပစ္စည်းတစ်ခုခုကို ခိုးခဲ့သည့်တိုင်အောင် ယခုကဲ့သို့ အတိုက်ခံရပြီးနောက်တွင်တော့ အလျှော့ပေးလိုက်ပေလိမ့်မည်။

မည်သို့ပင်ဖြစ်စေ စက်ရုံဘက်က ရဲစခန်းသို့ တိုင်တန်းခြင်း သို့မဟုတ် တော်လှန်ရေးကော်မတီသို့ အကြောင်းကြားခြင်းမျိုး မလုပ်သရွေ့တော့ သူ့အနေဖြင် သိပ်ပြီး ဒုက္ခရောက်မည် မဟုတ်ပေ။

အလွန်ဆုံးမှ ငွေအနည်းငယ် ပေးလျော်ရုံသာ ရှိလေသည်။

သို့သော် ယခု သူက အသေအလဲ ထွက်ပြေးရန် ကြိုးစားနေကြသည် မဟုတ်ပါလား။

ဆိုလိုသည်မှာ ဤလူက သာမန်သူခိုး မဟုတ်လောက်ပေ။

*

All Chapters