အခန်း ၂၁၉
Vol. 22 Ch. 219
အခန်း(219)
လုတုန်းရှန်မှာ စုဝေ့မင်တစ်ယောက် ဤရက်ပိုင်းတွင် အလုပ်ရှုပ်နေသည့်ကိစ္စကို တွေးမိသွားရကာ မျက်နှာက ချက်ချင်းပင် တည်ကြည်လေးနက်သွားပြီး ပို၍ပင် ရက်စက်ကြမ်းတမ်းလာခဲ့တော့၏။
ယခင်က သူက အနည်းငယ် ထိန်းသိမ်းခဲ့သော်လည်း၊ ယခုအချိန်တွင် ထိုသူက မသေလျှင်ရပြီ၊ မသန်မစွမ်းဖြစ်သွားလျှင်ပင် သူ့ကို အရှင်ဖမ်းထားရမည်ဟု ဆုံးဖြတ်လိုက်လေပြီ။
လုတုန်းရှန်က ထိုအမျိုးသားကို အလွတ်မပေးဘဲ အသေအလဲဖက်တွယ်ထားခဲ့၏။
ထိုအမျိုးသားကလည်း အပူလောင်ထားသော ဒဏ်ရာများကြောင့် အလွန်ပင် နာကျင်နေရပြီး သွေးများက မျက်နှာပေါ်မှတစ်ဆင့် စီးကျနေခဲ့လေသည်။
ထိုအခိုက်အတန့်တွင် အပေါ်ထပ်ရှိ လူများကလည်း ပြတင်းပေါက်များကို ဖွင့်ကြည့်လာကြပြီး၊ အမျိုးသားများက အောက်တွင် လုံးထွေးသတ်ပုတ်နေသည်ကို မြင်လိုက်ရသည်။ တချို့က လုတုန်းရှန်အရေးနိမ့်မည်စိုးသောကြောင့် အမြန်ပင် ဆင်းလာခဲ့ကြတော့၏။
အပေါ်ထပ်မှ အမျိုးသားများက အော်ဟစ်လိုက်ကြပြီး တစ်ဦးက တုတ်တစ်ချောင်းကို ဆွဲကာ အောက်ထပ်သို့ အုပ်စုလိုက်ဆင်းလာခဲ့ကြလေသည်။
အိမ်တွင်ရှိနေသော အမျိုးသမီးနှင့် ကလေးများကတော့ အပြင်သို့ မထွက်ကြဘဲ ဒုတိယထပ်မှသာ ချောင်းကြည့်နေကြလေ၏။
အနီးဆုံးအိမ်မှ အမျိုးသမီးမှာတော့ သူခိုး၏ဦးခေါင်းက အပူလောင်ထားသည်ကို ချက်ချင်းပင် သတိပြုမိလိုက်လေသည်။
သူမ၏ မျက်လုံးများက တောက်ပသွားပြီးနောက် အိမ်ထဲသို့ ပြန်ဝင်ပြီး ဆူပွက်နေသော ရေနွေးတစ်ဇလုံကို သယ်ဆောင်လာခဲ့သည်။ ထို့နောက် ပြတင်းပေါက်မှ အော်လိုက်လေသည်။
“လောင်လု၊ ဖယ်လိုက်ဦး”
လုတုန်းရှန်လည်း မသိစိတ်အရ လက်ကိုလွှတ်လိုက်ပြီး အနောက်သို့ တစ်လှမ်း ဆုတ်လိုက်လေ၏။
ချက်ချင်းပင် ဆူပွက်နေသော ရေနွေးဇလုံက ထိုအမျိုးသား၏ ဦးခေါင်းပေါ်သို့ လောင်းချခြင်းကို ခံလိုက်ရလေတော့သည်။
“အား!”
စူးဝါးသော အော်ဟစ်သံတစ်ခုက ထပ်မံ၍ ထွက်ပေါ်လာပြန်၏။
ပြတင်းပေါက်မှ ထိုင်ခုံကိုကိုင်ပြီး ပြန်ထွက်ရန် ပြင်နေသော လီရှန်းလည်း အနည်းငယ် တွန့်ဆုတ်သွားမိသည်။
ထိုအမျိုးသား၏ခေါင်းက အပူလောင်သွားလောက်ပြီလား။
သို့သော် ထိုအချိန်က အခွင့်ကောင်းဖြစ်သောကြောင့် သူမလည်း မည်သည်ကိုမျှ ဂရုမစိုက်တော့ပေ။
သူမက ပြတင်းပေါက်မှ ခုန်ချလိုက်ပြီး ပစ်မချခဲ့ဘဲ ကိုင်ထားမိသည့် ထိုင်ခုံကိုမြှောကာကာ ထိုအမျိုးသားထံသို့ လှမ်းပစ်လိုက်လေတော့၏။
အင်အားမရှိလျှင် နည်းပညာနှင့် အစားထိုးရပေလိမ့်မည်။
ယခင်က ဘိလပ်မြေအိတ်များကို သယ်ယူခဲ့ဖူးသော အတွေ့အကြုံအရ သူမ၏ ထိုင်ခုံပစ်ချက်က အတော်လေး တိကျလွန်းသည်။
ထိုင်ခုံက လေထဲသို့ ပျံတက်သွားပြီးနောက် နာကျင်မှုကြောင့် လူးလိမ့်နေသော အမျိုးသား၏ ခေါင်းကို ကွက်တိ မှန်သွားခဲ့လေ၏။
ထိုအမျိုးသား၏ ခေါင်းက အစကတည်းက အရေပြားများ ကွာကျပြီး အရည်ကြည်ဖုများထွက်နေခဲ့လေပြီ။
ထိုင်ခုံနှင့် အပစ်ခံလိုက်ရခြင်းက ထိုနာကျင်မှုက အသည်းခိုက်မတတ်ခံစားသွားစေတော့၏။
သူက အလွန်အမင်း နာကျင်မှုကြောင့် မြေပြင်ပေါ်တွင် လူးလိမ့်နေရလေသည်။
သူ၏ ညည်းညူသံများကလည်း တဖြည်းဖြည်း အားနည်းဖျော့တော့လာခဲ့တော့၏။
ထိုအချိန်မှာပင် လုချင်းလန်လည်း နောက်ဆုံးတွင် ရောက်ရှိလာခဲ့လေသည်။
သူမက ထိုအမျိုးသားက လုတုန်းရှန်ကို တွန်းထုတ်နေသည်ကို အဝေးမှပင် လှမ်းမြင်လိုက်ရလေ၏။
ထို့ကြောင့် ခပ်တိုးတိုး ဆဲဆိုလိုက်ပြီး ပြေးဝင်သွားကာ သူမ၏ရှိသမျှအင်အားနှင့် ကန်ပစ်လိုက်လေတော့သည်။
တိုက်ဆိုင်ခြင်းက အလွန်ပင် ပြည့်စုံစိာဖြစ်သွားလေ၏။ သူမ၏ ကန်ချက်က ထိုအမျိုးသား၏ ချက်အောက်သုံးလက်မခန့်ရှိသော နေရာသို့ ကွက်တိ ကျရောက်သွားခဲ့၏။
“အား!”
ထိုအသံက ဆူပွက်နေသော ရေနွေးနှင့် နှစ်ကြိမ်တိုင်တိုင် အပူလောင်းခံရချိန်ကထက်ပင် ပို၍ ထိတ်လန့်စရာ ကောင်းလွန်း၏။
တုတ်များ၊ မီးညှပ်များကို ကိုင်ဆောင်ပြီး ရောက်ရှိလာကြသော အမျိုးသားများကလည်း ဤရက်စက်လွန်းသော မြင်ကွင်းကို ကိုယ်တိုင် မြင်တွေ့လိုက်ကြရ၏။
သူတို့က ကျောချမ်းသွားကြပြီး အနောက်သို့ပင် တစ်လှမ်းစီ ဆုတ်လိုက်မိကြလေတော့သည်။
လုချင်းလန် : “...”
လီရှန်း : “...”
လုတုန်းရှန်ပင်လျှင် မထင်မှတ်ထားသော အဖြစ်အပျက်ကြောင့် မျက်လုံးများပင် ပြူးသွားခဲ့ရလေ၏။
သူက သူ၏ခြေထောက်များကြားတွင် အေးခနဲ ဖြစ်သွားသကဲ့သို့ ခံစားလိုက်ရပြီး၊ ဘောင်းဘီ မဝတ်ထားသကဲ့သို့ပင် ထင်မှတ်မိ၏။
သူ အောက်သို့ ငုံ့ကြည့်လိုက်သည့်အချိန်မှသာ ရုန်းရင်းဆန်ခတ် ဖြစ်ချိန်အတွင်း ထိုအမျိုးသား၏ ခန္ဓာကိုယ်မှ ရေများက သူ၏ဘောင်းဘီပေါ်သို့ အတော်လေး ပေကျံသွားခဲ့သည်။
အေးမြသော လေတိုက်ခတ်မှုကြောင့် အတော်လေး ချမ်းနေခြင်းဖြစ်ကြောင်းကို သိလိုက်ရလေ၏။
လုချင်းလန်ကတော့ ထိုတစ်ချက်တည်းနှင့်ပင် တစ်ညအတွင်း နာမည်ကြီးသွားခဲ့လေပြီ။
စုဝေ့မင်နှင့် လုံခြုံရေးအဖွဲ့ ရောက်ရှိလာသည့်အချိန်တွင် သူတို့က မြင်တွေ့လိုက်ရသည်မှာ ဤထိတ်လန့်ဖွယ်ရာ မြင်ကွင်းပင် ဖြစ်သည်။
မြေပြင်ပေါ်တွင် ညည်းညူနေသော ထိုအမျိုးသားမှလွဲ၍ ကျန်သည့်နေရာများက တိတ်ဆိတ်နေခဲ့လေ၏။
ထိုလူ၏ ဦးခေါင်းဒဏ်ရာကို မြင်ရသည့်အချိန်တွင် စုဝေ့မင်က ထိတ်လန့်သွားရပြီး မေးလိုက်လေသည်။
“ဒါက ဘယ်လိုဖြစ်တာလဲ”
“သူက ထွက်ပြေးဖို့ ကြိုးစားနေလို့ပါ၊ ကျွန်တော်က ဖျော်ထားတာမကြာသေးတဲ့ လက်ဖက်ရည်ခွက်ကို ကိုင်ထားရင်းနဲ့ ဘာမှမစဉ်းစားမိဘဲ ပက်လိုက်တာ”
လုတုန်းရှန်က ထောင့်တစ်နေရာရှိ လက်ဖက်ရည်ခွက်ကို လက်ညှိုးထိုးပြလိုက်လ၏။
ယခင်က အသစ်စက်စက် ဖြစ်နေသော ထိုခွက်က ယခုအချိန်တွင် မြေကြီးများဖြင့် ပေကျံနေပြီး သနားစရာကောင်းလွန်းနေသည်။
စုဝေ့မင်တစ်ယောက် စကားပင် မပြောနိုင်တော့ပေ။
သူက လုတုန်းရှန်ကို ရှုပ်ထွေးသော အကြည့်များဖြင့် ကြည့်လိုက်ပြီး ပြောလိုက်လေ၏။
“ဒီမှာ ရှိနေတဲ့ ရေတွေက လက်ဖက်ရည် သုံးခွက်စာထက်တောင် ပိုနေသေးတယ်”
“အိုး၊ အဲဒါက လောင်လု ရှုံးတော့မှာကို ကျွန်မ မြင်လိုက်လို့ မသိစိတ်နဲမသိစိတ်နဲ အပေါ်ကနေ ရေတွေနဲ့ လှမ်းပက်လိုက်တာပါ၊ အဲဒီရေက ကြက်ကို ရေနွေးဖျောပြီး အမွေးနုတ်ဖို့ ပြင်ထားတာလေ”
စကားပြောလိုက်သော အမျိုးသမီးက အိမ်ထဲမှ အမွေးမနုတ်ရသေးသော ကြက်သေတစ်ကောင်ကိုပင် ထုတ်ပြလိုက်သေးသည်။
ကြည့်ရသည်မှာ ထိုကြက်က မတိုင်ခင်ကမှ တက်ကြွစွာခုန်ပေါက်နေခဲ့ပုံရ၏။
လီရှန်းကလည်း အားနည်းစွာပင် လက်ကို မြှောက်ပြလိုက်လေသည်။
“ကျွန်မ အဒေါ်မာတို့ အိမ်ထဲကို တစ်စုံတစ်ယောက် ခိုးဝင်သွားတာကို တွေ့လိုက်ရတာ၊ အဲဒီတစ်ယောက်ပ လိုက်ကာကိုလည်း မသိမသာ ပိတ်လိုက်တာကို တွေ့လိုက်ရလို့၊ အဒေါ်လုကို ဒါရိုက်တာလုကို သွားခေါ်ခိုင်းပြီး လာကြည့်ခိုင်းတာပါ၊
ဒါရိုက်တာလု တံခါးဝကို ရောက်တာနဲ့ ဒီသူခိုးက ပြတင်းပေါက်ကနေ ထွက်ပြေးဖို့အတွက် ကြိုးစားနေတာကို မြင်လိုက်ရပြီး အခုလိုဖြစ်ခဲ့တာ”
ထို့ကြောင့်လည်း ဒါရိုက်တာလုက လက်ဖက်ရည်ခွက်နှင့် လှမ်းပက်လိုက်ခြင်း ဖြစ်ပေလိမ့်မည်။
စုဝေ့မင်က ထိုအမျိုးသား၏ တခြားသော ဒဏ်ရာများကိုပါ မေးမြန်းချင်နေသေးသည်ကို မြင်ချှင် လီရှန်းက သူ့ကို မျက်စိမိပြလိုက်ပြီးနောက် စိုးရိမ်သော လေသံဖြင့် ပြောလိုက်လေသည်။
“သူ့ကို စက်ရုံဆေးရုံကို အရင် ခေါ်သွားရအောင်လေ၊ တကယ်လို့ လူတစ်ယောက် တကယ် သေသွားရင်မလွယ်ဘူး၊
ဒီအပူလောင်ဒဏ်ရာတွေကနေ သွေးဆိပ်တက်တာ ဖြစ်ဖို့ လွယ်ကူတယ်လေ၊ ရာသီဥတုကလည်း ပိုပိုပြီး ပူလာပြီဆိုတော့ အမြန်လုပ်ကြရအောင်”
စုဝေ့မင်တစ်ယောက် ခေတ္တမျှ အံ့အားသင့်သွားရလေ၏။ လီရှန်းက အဘယ်ကြောင့် ထိုသို့သော အကြည့်မျိုးဖြင့် သူ့ကို ကြည့်လာသည်ကို သူက နားမလည်ပေ။
သို့သော် သူ၏ ချွေးမဖြစ်သူကို ယုံကြည်သောကြောင့် လုံခြုံရေးဝန်ထမ်းများအား တစ်ဖက်လူကို စက်ရုံဆေးရုံသို့ အရင်ဆုံးပို့လိုက်ရန် အမြန် ညွှန်ကြားလိုက်လေသည်။
လီရှန်းက ထပ်မံမှာလိုက်လေသည်။
“သူ့ကို သေသေချာချာ စောင့်ကြည့်ထားကြဦးနော်၊ ထွက်ပြေးမသွားစေနဲ့နော်”
“ အဲဒီဝင်းထဲမှာ အပြင်ကလာတဲ့ လူအတွက်စာရင်းကိုင်တစ်ယောက်ပဲ နေတယ်လို့ပြောကြတယ် မဟုတ်ဘူးလား၊ အဲဒီလူကိုလည်း အဲဒီဝင်းထဲမှာပဲ ထားရင် ကောင်းမယ်လို့ ကျွန်မ ထင်မိတယ်”
လီရှန်းက ထိုသို့ပြောလိုက်သည်နှင့် စုဝေ့မင်က နားလည်သွားပြီး သူ၏ မျက်နှာကလည်း ပို၍ပင် တည်ကြည်သွားခဲ့လေ၏။
သူက လုံခြုံရေးဌာနမှ အသင်းခေါင်းဆောင်ကို စကားအနည်းငယ်ကို ခပ်တိုးတိုးမှာလိုက်သည်။ထို့နောက်တွင် ထိုအမျိုးသားက ခွေးသေတစ်ကောင်ကဲ့သို့ ဆွဲခေါ်ခြင်းကို ခံလိုက်ရတော့လေသည်။
သူခိုးကို ဖမ်းခေါ်သွားသည့်အချိန်မှ လူတိုင်းက စိတ်သက်သာရာ ရသွားကြလေတော့၏။
အမျိုးသားတချို့က လုတုန်းရှန်၏ ပုခုံးကို ဖက်ပြီး ပြောလိုက်လေသည်။
“မဆိုးဘူး လောင်လု၊ မင်း ဒီလောက်အထိ စွမ်းဆောင်နိုင်မယ်လို့ ငါတို့ တကယ် မသိခဲ့ဘူး၊ မင်းကတော့ ဘာမှ မတွေးဘဲ တန်းဝင်ချလိုက်တာပဲနော်”
“ဒါပေါ့”
လုတုန်းရှန်က ယခုအချိန်တွင် အနည်းငယ် ထိတ်လန့်နေဆဲဖြစ်သော်လည်း ချီးကျူးခံရသည့်အချိန်တွင် သူ၏မေးကို ချက်ချင်းပင် မော့လိုက်သည်။
“ပြီးတော့ အစ်မလုနဲ့တောင် အတူရှိနေနိုင်သေးတယ်၊ မင်းကတော့ တကယ့် ယောက်ျားကောင်းပဲ”
ချက်ချင်းပင် နောက်ထပ်တစ်ဦးက လက်မထောင်ပြလိုက်ပြန်၏။
လုတုန်းရှန် : “...”
မဟုတ်ဘူး။ ဒီစကားတွေက နားထောင်လို့ သိပ်မကောင်းသလိုပဲ။
လုချင်းလန်တစ်ယောက် မျက်နှာဖြူဖျော့သွားပြီး ငေးငိုင်သွားရ၏။
သူမ၏ ခင်ပွန်းဘက်မှ ကာကွယ်ပေးလိုက်မိသည့် လုပ်ရပ်က ဤကဲ့သို့ အဆုံးသတ်သွားလိမ့်မည်ဟု သူမ လုံးဝ မထင်မှတ်ထားခဲ့ပေ။
“အား၊ တကယ်ကို ရှက်စရာကောင်းလိုက်တာ”
အဲဒီနေရာကိုမှ ဘယ်လိုဖြစ်ပြီး ကန်မိသွားရတာလဲ။
အဲဒီသူခိုးကို အပြင်းအထန် အကန်မခံလိုက်ရဖို့ကိုပဲ မျှော်လင့်ရတဆာ့မယ်။
တကယ်လို့သာ ထိခိုက်သွားမယ်ဆိုရင်တော့ သူမ တကယ်ပဲ အားနာမိရတော့မှာပဲ။
ဘာပဲဖြစ်ဖြစ် ခိုးမှုဆိုတာ ရာဇဝတ်မှု ဖြစ်ပေမဲ့ သေဒဏ်ပေးရမယ့် ပြစ်မှုမျိုးမှ မဟုတ်ဘူးလေ။
ဒါပေမဲ့ ဒီသူခိုးကတော့ ဒီနေ့ တကယ်ကို ကံဆိုးတာပဲ။ သေတာထက် ပိုဆိုးတဲ့ ဘဝကို ခံစားနေရရှာပြီ။
“အဒေါ်လု၊ အဲဒါကို စိတ်ထဲ အရမ်းမထားပါနဲ့၊ သူ့မှာ တစ်ခုခုဖြစ်သွားရင်တောင် ဒါက သူနဲ့ ထိုက်တန်လို့ပါပဲ၊ မာမိသားစုက တကယ် သနားစရာ ကောင်းတာလေ၊ ဦးလေးမာက အခုထိ သတိမကောင်းသေးသလို ဇာတိရွာကိုလည်း အချိန်မရွေး ပြန်သွားရတာမျိုးဖြစ်နိုင်တယ်၊
ဒါကိုတောင် သူက လာခိုးနေသေးတယ်၊ သူက ဒါမျိုး ခံရတာ ထိုက်တန်တာပေါ့၊ မဟုတ်ဘူးလား”
ထိုစကားကို ကြားလျှင် လုချင်းလန်လည်း လီရှန်း၏ စကားကို သဘောတူလိုက်လေ၏။
တစ်စုံတစ်ဦး၏ မိသားစုက ငွေရေးကြေးရေးအရ အခက်အခဲ ဖြစ်နေသည်ကို သိရက်နှင့် ဤကဲ့သို့သော ယုတ်ညံ့သည့် နည်းလမ်းများကို သုံးနေခြင်းက အလွန် ရက်စက်သောသူများ ဖြစ်ကြပြီး သေထိုက်သူများပင် ဖြစ်သည်။
ဤသို့ စဉ်းစားကြည့်သည့်အချိန်တွင် လုချင်းလန်အနေဖြင့် ချက်ချင်းပင် စိတ်လက်ပေါ့ပါးသွားပြီး လုတုန်းရှန်ကဲ့သို့ပင် သူမ၏မေးကို မော့လိုက်သည်။ မည်သည်ကိုမျှ ရှက်ရွံ့မနေတော့ပေ။
မည်သို့ပင်ဖြစ်စေ သူမ, လုချင်းလန်ကလည်း ဤကဲ့သို့သော ရာဇဝတ်မှုနှိမ်နင်းရေး လုပ်ရပ်အတွက် သူရဲကောင်းတစ်ဦးဟု ခေါ်ဆိုနိုင်သည် မဟုတ်ပါလား။
လုချင်းလန် စိတ်သက်သာရာ ရသွားသည်ကို မြင်မှသာ လီရှန်းလည်း သက်ပြင်းချနိုင်လေတော့၏။
ထို့နောက်တွင် ထိုသူခိုးကိစ္စကို စိုးရိမ်မိပြန်၏။
စုဝေ့မင်အနေဖြင့် ဤအမျိုးသားထံမှ တစ်ခုခုကို စုံစမ်းရရှိနိုင်လိမ့်မည်ဟု မျှော်လင့်ရသည်။
ဤအချိန်မျိုးတွင် အဒေါ်မာတို့၏ အိမ်ထဲသို့ ဝင်ရောက်မွှေနှောက်ရဲသူက သေချာပေါက် သာမန်လူတစ်ယောက်တော့ မဟုတ်နိုင်ပေ။
*