← Chapters

အခန်း (၃၃၁)

Vol. 34 Ch. 331

အခန်း (၃၃၁)

Vol. 34 Ch. 331

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း (၃၃၁)

ယန်နိုင်ငံ၊ ကျိမြို့တော်။

" အရှင်မင်းကြီး ဝေနိုင်ငံ ကျဆုံးသွားပါပြီ။ ချင်နိုင်ငံရဲ့ ဝူအန်းစခန်းက တလျန်မြို့တော်ကို ရေလွှမ်းမိုးစေခဲ့ပါတယ်။ ဝေဝူကျိက သေဆုံးခဲ့ပြီး ဝေဘုရင်က လက်နက်ချခဲ့ပါတယ်။ ဝေနိုင်ငံမရှိတော့ပါဘူး။ အခု ချင်ရဲ့ ဝူအန်းစခန်းက ယွင်ကျုံးမြို့ကို ပြန်ဆုတ်သွားပါပြီ။ ကျောက်၊ ဟန်နဲ့ ဝေ ကျင့်သုံးနိုင်ငံက အခုဆိုရင် ချင်နိုင်ငံရဲ့ လက်ထဲကျရောက်သွားပါပြီ။ " ဝန်ကြီးတစ်ယောက်က လေးနက်စွာ ပြောလိုက်သည်။

ပလ္လင်ထက်မှ ယန်ဘုရင်ကလည်း မျက်နှာပျက်နေခဲ့သည်။ ညီလာခံရှိ ဝန်ကြီးများကလည်း စိုးရိမ်နေကြသည်။

" အရှင်မင်းကြီး အခုဆိုရင် ဝေနိုင်ငံက ချင်နိုင်ငံရဲ့ ဖျက်ဆီးခြင်းခံလိုက်ရပြီ။ ပြီးတော့ ချင်ရဲ့ ဝူအန်းစခန်းကလည်း ယွင်ကျုံးမြို့မှာ အခြေစိုက်ထားတယ်။ ချင်နိုင်ငံက ယန်နိုင်ငံကိုရော တိုက်ခိုက်လာဦးမှာလား။ တကယ်လို့ ချင်နိုင်ငံက ကျွန်တော်မျိုးတို့ ယန်ကို တိုက်ခိုက်လာရင် ကျွန်တော်မျိုးတို့က ချင်နိုင်ငံကို ယှဉ်နိုင်မှာမဟုတ်ပါဘူး။ အရှင်မင်းကြီး ဆုံးဖြတ်ချက်တစ်ခုချပေးပါ။ " ဝန်ကြီးတစ်ယောက်က ပြောလိုက်သည်။

" ကျွန်တော်မျိုးတို့ ယန်နိုင်ငံရဲ့ အင်အားက အားနည်းပြီး ဝေနိုင်ငံထက်တောင် နိမ့်ကျပါတယ်။ ချင်နိုင်ငံကသာ ကျွန်တော်မျိုးတို့ကို တိုက်ခိုက်လာရင် ကျွန်တော်မျိုးတို့ ခုခံနိုင်မှာမဟုတ်ပါဘူး။ ဒီကိစ္စက ချက်ချင်း ဆုံးဖြတ်ချက်ချဖို့ လိုအပ်ပါတယ်။ "

ဝန်ကြီးများက တစ်ယောက်ပြီးတစ်ယောက် ​ပြောလိုက်ကြသည်။ သူတို့က နိုင်ငံပျက်စီးတော့မည့်အခြေအနေကို ခံစားနေရသည်။ ကျောက်နိုင်ငံနှင့် ရင်ဆိုင်ခဲ့ရချိန်တွင် ယန်နိုင်ငံ၏ စစ်တပ်များက အဆက်မပြတ် ဆုတ်ခွာနေရသော်လည်း သူတို့တွင် မျှော်လင့်ချက်ရှိနေသေးသည်။ သို့သော် ချင်နိုင်ငံသာ တိုက်ခိုက်လာလျှင် သူတို့တွင် မည်သည့်မျှော်လင့်ချက်မှ ရှိတော့မည်မဟုတ်ပေ။

" ချူနိုင်ငံက ဖရိုဖရဲအခြေအနေတွေ ပြေလည်သွားပြီလား။ " ယန်ဘုရင်က စိတ်ပျက်စွာဖြင့် မေးလိုက်သည်။

" လီယွမ်က ချူနိုင်ငံရဲ့ စစ်ရေးနဲ့ နိုင်ငံရေးအာဏာကို ထိန်းချုပ်ပြီးဖြစ်သလို ဘုရင်အသစ်တစ်ပါးကိုလည်း တင်မြှောက်လိုက်ပါပြီ။ ချူနိုင်ငံက အခုဆိုရင် ငြိမ်သက်သွားပါပြီ။ " ဝန်ကြီးတစ်ယောက်က ပြန်လည်ဖြေကြားလိုက်သည်။

" ချူနိုင်ငံကို လူလွှတ်ပြီး နိုင်ငံတော်အဆင့် ဘဏ္ဍာတွေ ဆက်သလိုက်ပါ။ ငါတို့ ယန်နိုင်ငံက ချူနိုင်ငံနဲ့ မဟာမိတ်ဖြစ်လိုကြောင်း ပြောလိုက်ပါ။ ပြီးတော့ ချီနိုင်ငံကိုလည်း သံတမန်တွေ စေလွှတ်လိုက်ပါ။ သူတို့ကိုလည်း မဟာမိတ်ဖွဲ့ဖို့ ပြောလိုက်ပါ။ " ယန်ဘုရင်က လေးနက်စွာ မိန့်ကြားလိုက်သည်။

" အရှင်မင်းကြီးက အမြော်အမြင် ကြီးမားလှပါတယ်။ ယန်နိုင်ငံက ချီ၊ ချူတို့နဲ့ မဟာမိတ်ဖွဲ့နိုင်ခဲ့ရင် ချင်နိုင်ငံက ကျွန်တော်မျိုးတို့ကို ထိရဲတော့မှာမဟုတ်ပါဘူး။ " ခန်းမအတွင်းမှ ဝန်ကြီးများက ဦးညွှတ်ထောက်ခံလိုက်ကြသည်။

" ငါ့အမိန့်ကို ထုတ်ပြန်လိုက်။ နယ်စပ်ကို စောင့်ကြပ်နေတဲ့ စစ်သူကြီးတွေ ကိုယ်စစ်သည်ကို ထိန်းသိမ်းရမယ်။ ပြီးတော့ ချင်နိုင်ငံနဲ့ ဘယ်လိုထိပ်တိုက်ရင်ဆိုင်မှုမျိုးကိုမဆို ရှောင်ကြဉ်ရမယ်။ ငါတို့ ယန်နိုင်ငံ တည်တံ့ချင်တယ်ဆိုရင် ချင်နိုင်ငံကို လှုပ်ရှားဖို့အတွက် ခိုင်လုံတဲ့ အကြောင်းပြချက်မပေးမိစေနဲ့။ "

" ချင်နိုင်ငံက အကြောင်းပြချက်တစ်ခုရသွားတာနဲ့ ချီနဲ့ချူတို့ရဲ့ ထောက်ပံ့မှုရှိရင်တောင် သူတို့က စစ်တပ်ကို စေလွှတ်ကြလိမ့်မယ်။ " ယန်ဘုရင်က လေးနက်စွာ ပြောလိုက်သည်။

" အရှင်မင်းကြီးက အမြော်အမြင် ကြီးလှပါတယ်။ " ဝန်ကြီးများက ထပ်မံအော်ဟစ်လိုက်ကြသည်။

ခိုင်လုံသော အကြောင်းပြချက်က ဤခေတ်ကာလတွင် အလွန်အရေးကြီးသည်။ ချင်နိုင်ငံက ဟန်နိုင်ငံကို စစ်တပ်စေလွှတ်ရသည့်အကြောင်းရင်းမှာ ဟန်နိုင်ငံ၏ ရန်စမှုကြောင့် ဖြစ်ပြီး ကျောက်နိုင်ငံကို ကူညီကာ ချင်နိုင်ငံကို ဆန့်ကျင်ခဲ့သောကြောင့် ဖြစ်သည်။

ကျောက်နိုင်ငံကို တိုက်ခိုက်သည့်အကြောင်းရင်းကို ယန်ဘုရင်က ပို၍ပင် သိရှိထားသည်။ အကြောင်းမှာ သူကိုယ်တိုင်က ချင်နိုင်ငံကို ခိုင်လုံသော အကြောင်းပြချက် ပေးခဲ့ခြင်းဖြစ်သည်။ ချင်နိုင်ငံကို မဟာမိတ်အဖြစ် တောင်းဆိုပြီး ယန်နိုင်ငံကို ကယ်တင်ရန် စစ်တပ်စေလွှတ်ပေးရန် တောင်းဆိုသဖြင့် ထိုအကြောင်းပြချက်ကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။

ဝေနိုင်ငံ ပျက်စီးသွားခြင်းမှာ ၎င်းက သူတို့ကိုယ်တိုင် ယူဆောင်လာခြင်းဖြစ်သည်။ ချင်နိုင်ငံက ကျောက်နိုင်ငံကို တိုက်ခိုက်သည့်အချိန်တွင် ဝေနိုင်ငံက ကျောက်နိုင်ငံကို ကူညီသည့်အနေဖြင့် ချင်နိုင်ငံကို တိုက်ခိုက်ရန် စစ်တပ်ကို စေလွှတ်ခဲ့သည်။ ထိုအချက်က ဝေနိုင်ငံကို တိုက်ခိုက်ဖျက်ဆီးရန် ခိုင်လုံသော အကြောင်းပြချက် ဖြစ်ခဲ့သည်။

ထို့ကြောင့် ယခုအခါ ယန်ဘုရင်က အလွန်သတိထားနေခဲ့သည်။ သူအနေဖြင့် ချင်နိုင်ငံကို အကြောင်းပြချက်မပေးသရွေ့ ချင်နှင့် ချူနိုင်ငံတို့ကလည်း ယန်နိုင်ငံကို ဖျက်ဆီးနေသည်ကို ထိုင်ကြည့်နေမည်မဟုတ်ပေ။

ယန်ဘုရင်၏ နန်းဆောင်။

" အခုတလော အိမ်ရှေ့စံမင်းသား ဘာလုပ်နေလဲ။ " ယန်ဘုရင်က သူ၏ ရှေ့မှ ချင်ချင်းကို မေးလိုက်သည်။

" အရှင်မင်းကြီး အိမ်ရှေ့စံမင်းသားက သူ့ရဲ့ အိမ်တော်မှာပဲ အနားယူနေပါတယ်။ တစ်ခါတစ်လေ အမဲလိုက်ဖို့ အပြင်ကို ထွက်ပါတယ်။ " ချင်ချင်းက ပြန်ဖြေလိုက်သည်။

" သူ ပြဿနာမရှာသရွေ့ အားလုံး အဆင်ပြေမှာပါ။ " ယန်ဘုရင်က စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။

" စိတ်ချပါ အရှင်မင်းကြီး။ ကျွန်တော်မျိုးက အိမ်ရှေ့စံမင်းသားရဲ့ လှုပ်ရှားမှုတွေကို အနီးကပ် စောင့်ကြည့်ထားပါတယ်။ " ချင်ချင်းက ပြောလိုက်သည်။ " ဒီလောက်အချိန်တွေ ကုန်လွန်သွားပြီဆိုတော့ အိမ်ရှေ့စံမင်းသားလည်း ရင့်ကျက်လောက်ပါပြီ။ "

" ဒီနေ့ ငါ စစ်သေနာပတိချုပ်ကို ဆင့်ခေါ်ရတာက ချင်နိုင်ငံကြောင့်ပဲ။ အခုဆိုရင် ချင်နိုင်ငံက ကျင့်သုံးနိုင်ငံကို သိမ်းပိုက်ပြီးပြီဆိုတော့ သူတို့ရဲ့ အင်အားက အရမ်းကြီးမားနေပြီ။ ငါတို့ ယန်နိုင်ငံက အားနည်းတယ်ဆိုပေမယ့် စစ်အင်အားက ကျဆင်းသွားလို့မဖြစ်ဘူး။ စစ်သေနာပတိချုပ်အနေနဲ့ နောက်ထပ် စစ်သည်နှစ်သိန်းလောက် စုဆောင်းပေးနိုင်ဖို့ ငါမျှော်လင့်ပါတယ်။ " ယန်ဘုရင်က လေးနက်စွာ ပြောလိုက်သည်။

" အရှင်မင်းကြီး ကျွန်တော်မျိုးတို့ ယန်နိုင်ငံက စစ်အင်အားလေးသိန်းရှိပါတယ်။ ဒါက ယန်နိုင်ငံရဲ့ အကန့်အသတ် ရောက်လုနီးပါးဖြစ်နေပြီ။ နောက်ထပ် နှစ်သိန်းစုဆောင်းမယ်ဆိုရင် စိုက်ပျိုးရေးတွေ ထိခိုင်မယ့်အပြင် နိုင်ငံတော်ကိုလည်း ထိခိုက်နိုင်ပါတယ်။ " ချင်ချင်းက ပြောလိုက်သည်။

" ချင်နိုင်ငံကိုတော့ သတိထားရမယ်။ တကယ်လို့ ချင်နိုင်ငံက ယန်နိုင်ငံကို တိုက်ခိုက်လာရင် အနည်းဆုံးတော့ ငါတို့က ပြန်ပြီး ခုခံနိုင်ရမယ။ စစ်အင်အား လေးသိန်းနဲ့ကတော့ တားဆီးဖို့ မဖြစ်နိုင်ဘူး။ " ယန်ဘုရင်က ပြောလိုက်သည်။ " ဒ်ိနေ့ကစပြီး ယန်နိုင်ငံက အခွန်ကို ဆယ်ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံရမယ်။ "

" အရှင်မင်းကြီး ကျွန်တော်မျိုးတို့ လက်ရှိအခွန်က ခုနှစ်ဆယ်ရာခိုင်နှုန်းတောင် ရှိနေပါပြီ။ " ချင်ချင်းက ပြောလိုက်သည်။

" တကယ်လို့ ယန်နိုင်ငံသာ မရှိတော့ရင် အရာအားလုံးက အဓိပ္ပါယ်ရှိတော့မှာမဟုတ်ဘူး။ " ယန်ဘုရင်က ဂရုမစိုက်ဘဲ ပြောလိုက်သည်။ " ဒါက စစ်သည်စုဆောင်းရေး အမိန့်ပဲ။ စစ်သေနာပတိချုပ် အမိန့်တော်ကို လက်ခံပါ။ "

" အမိန့်တော်ကို လက်ခံပါတယ်။ " ချင်ချင်းက မငြင်းဆိုရဲသောကြောင့် အမိန့်တော်ကို လက်ခံလိုက်ရသည်။

" သွားတော့။ မင်းကို အားလုံးက ဝိုင်းကူညီပေးဖို့ ငါလုပ်ပေးမယ်။ ဒီစစ်သည်နှစ်သိန်းကို စစ်ပွဲအတွက် အဆင်သင့်ဖြစ်အောင် အမြန်လေ့ကျင့်ပေးလိုက်ပါ။ " ယန်ဘုရင်က အမိန့်ပေးလိုက်သည်။

" နားလည်ပါပြီ။ " ချင်ချင်းက စိတ်ထဲမှ သက်ပြင်းချလိုက်သည်။

ချင်ချင်း ထွက်သွားပြီးနောက် အနက်ရောင်ဝတ်စုံနှ့် မျက်နှာဖုံးတပ်ထားသော လူတစ်ယောက်က ရင်ကျန့်၏ ရှေ့တွင် ဒူးထောက်လိုက်သည်။

" ချင်နိုင်ငံကို သွားပြီး မင်းသမီးကို ငါ ညွှန်ကြားခဲ့တာတွေ မှတ်မိနေဖို့နဲ့ ငါ့ကို စိတ်ပျက်အောင်မလုပ်ဖို့ ပြောလိုက်ပါ။ " ရင်ကျန့်က မိန့်ကြားလိုက်သည်။

" ဟုတ်ကဲ့ပါ။ " အနက်ရောင်ဝတ်စုံနှင့်လူက ဦးညွှတ်ပြီး ထွက်ခွာသွားသည်။

ကျိမြို့တော်၊ အိမ်ရှေ့စံမင်းသား၏ စံအိမ်။

" နှစ်နှစ်နီးပါးရှိသွားပြီ။ ဒီလူတွေကိုပဲ လေ့ကျင့်ပေးနိုင်ခဲ့တာလား။ " ယန်တန်က သူ၏ ရှေ့မှ လူများကို ကြည့်ပြီး စိတ်ပျက်စွာဖြင့် ပြောလိုက်သည်။

" အရှင်သား ဒါက အစွမ်းကုန် ကြိုးစားပြီး လေ့ကျင့်ပေးထားတဲ့ ရလဒ်ပါပဲ။ " သူ၏ ဘေးမှ နောက်လိုက်က ရိုသေစွာ ပြန်ဖြေလိုက်သည်။

" သူတို့နဲ့ဆိုရင်တော့ ကြီးမားတဲ့ တာဝန်တွေ လုပ်ဆောင်ဖို့ မဖြစ်နိုင်ဘူး။ " ယန်တန်က အေးစက်စွာ ပြောလိုက်သည်။

" အားလုံးထွက်သွားကြစမ်း။ "

အနက်ရောင်ဝတ်စုံနှင့် လူအနည်းငယ်က လျင်မြန်စွာ ဆုတ်ခွာသွားကြသည်။

" အရှင်သား သတင်းတစ်ခု ရောက်လာပါတယ်။ ဝေနိုင်ငံ ကျဆုံးသွားပါပြီ။ " နောက်လိုက်က ပြောလိုက်သည်။

" နောက်ဆုံးတော့ ဒီနေ့ ရောက်လာခဲ့ပြီပဲ။ " ယန်တန်၏ အမူအရာက ပြောင်းလဲသွားသည်။ " ချင်နိုင်ငံက ဝေနိုင်ငံကို တိုက်ခိုက်တာ နှစ်ဝက်ပဲ ကြာသေးတာ။ ဝေနိုင်ငံက တစ်နှစ်တောင် မခံခဲ့ဘူး။ "

" အမှန်တော့ ဝေနိုင်ငံရဲ့ အရှင်ရှင်းလင်းက ရေရှည်ခုခံဖို့အတွက် ကြိုတင်ပြင်ဆင်ထားခဲ့တာ။ ဒါပေမယ့် ချင်နိုင်ငံက ကျောက်ဖုန်းက ကောက်ကျစ်ရက်စက်လွန်းတယ်။ သူက ဟုန်မြောင်းက ရေတွေနဲ့ တလျန်မြို့တော်ကို ရေလွှမ်းစေခဲ့လို့ ဝေစစ်တပ်တွေက မတိုက်ခိုက်ရဘဲ ပျက်စီးသွားခဲ့တယ်။ " နောက်လိုက်က ရှင်းပြလိုက်သည်။

" ကျောက်ဖုန်း ချင်နိုင်ငံ။ " ယန်တန်က မျက်မှောင်ကြုတ်သွားသည်။ " ဝေနိုင်ငံက ကျဆုံးသွားပြီဆိုတော့ ချင်နိုင်ငံရဲ့ နောက်ထပ်ပစ်မှတ်က ငါတို့ ယန်နိုင်ငံဖြစ်လာလိမ့်မယ်။ အချိန်မရှိတော့ဘူး။ ငါတို့ အခုမလှုပ်ရှားရင် အချိန်ကျန်တော့မှာမဟုတ်ဘူး။ " ယန်တန်က လေးနက်စွာ ပြောလိုက်သည်။

" ဒီအသေခံစစ်သည်တွေက ကျွမ်းကျင်ကြတယ်ဆိုပေမယ့် သတ်ဖြတ်ခြင်းအငွေ့အသက်တွေ အရမ်းထူထပ်နေတယ်။ တစ်ချက်ကြည့်လိုက်တာနဲ့ သူတို့ကို တန်းသိတယ်။ သူတို့ကို လွှတ်ရင်လည်း ရင်ကျန့်အနားကို မရောက်ခင် သေသွားလိမ့်မယ်။ ရင်ကျန့်အနားကို ကပ်ဖို့အတွက် အဲ့ဒီလူက သတ်ဖြတ်ခြင်း အငွေ့အသက်တွေ မရှိမှရမယ်။ ပြီးတော့ မင်းလေ့ကျင့်ပေးထားတဲ့ လူတွေက ဒီလိုထူးခြားချက်တွေ မရှိကြဘူး။ " ယန်တန်က အေးစက်စွာ ပြောလိုက်သည်။

" အရှင်သား သူရဲကောင်းကျင်းခဲကို ကြားဖူးပါလား။ သူက လမ်းမှာ ဒုက္ခရောက်နေသူတွေကို ကူညီတတ်တယ်။ အထူးသဖြင့် သူက ဓားရေးမှာ အလွန်ကျွမ်းကျင်တယ်။ သူ့ရဲ့ လက်ချက်နဲ့ ရက်စက်တဲ့ လူဆိုးတွေ သေရတာမနည်းဘူး။ ကျွန်တော်မျိုး သူ့သတင်းကို ရထားပါတယ်။ သူက အခု ကျွန်တော်မျိုးတို့ရဲ့ ယန်နယ်မြေထဲကို ရောက်နေပါတယ်။ " နောက်လိုက်က ပြောလိုက်သည်။

" သူဘယ်မှာလဲ။ ငါ သူနဲ့ တွေ့ချင်တယ်။ သူက တကယ်အရည်အချင်းရှိတဲ့သူဆို မင်းလည်း ဆုလာဘ်တွေ ရရှိလိမ့်မယ်။ " ယန်တန်က ပြောလိုက်သည်။

All Chapters