အခန်း (၃၃၄)
Vol. 34 Ch. 334
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့
အခန်း (၃၃၄)
ရင်ကျန့်က ဝန်ကြီးများကို တစ်ချက်ကြည့်လိုက်ပြီး သူတို့၏ စကားများကို ချစ်ချူရှုလိုက်သည်။
" ဖုစုနဲ့ ဟူဟိုက် ညီလာခံကို တက်ရောက်တဲ့ အချိန်ကလည်း ကြာပြီဖြစ်လို့ ငါက မင်းတို့ကိုလည်း အဆိုပြုထောက်ခံခွင့်ပြုမယ်။ မင်းတို့ အိမ်တော်တွေကို ပြန်ရောက်တဲ့အခါ ဒါကို သေချာဆွေးနွေးပါ။ မင်းတို့တစ်ယောက်ချင်းစီက လက်ထောက်တစ်ယောက်စီကို ထောက်ခံခွင့်ပြုတယ်။ " ရင်ကျန့်က လေးနက်စွာ ပြောလိုက်သည်။
သူတို့က အဓိကရာထူးကို မရခဲ့ကြသော်လည်း အနည်းဆုံးတော့ လက်ထောက်နေရာရရှိခဲ့သောကြောင့် အုပ်ချုပ်ရေးဆိုင်ရာ စွမ်းဆောင်မှုများကို ရရှိဦးမည်ဖြစ်သည်။
" ကောင်းပြီ။ ဆွေးနွေးပွဲကို ဆက်လုပ်ကြရအောင်။ " ရင်ကျန့်က ပြောလိုက်သည်။
" အရှင်မင်းကြီး အခု ကျောက်နယ်မြေရဲ့ ကိစ္စတွေအားလုံးက လုံးဝ စီမံခန့်ခွဲပြီးပါပြီ။ ဝန်ကြီးဟန်ဖေးက ရှန်းယန်ကို ပြန်လာပြီး အစီရင်ခံရမယ့်အချိန်ထက် လဝက်ကျော် နောက်ကျနေပါပြီ။ ဝန်ကြီးဟန်ဖေးက မြို့တော်ကို ဘာလို့ပြန်မလာသေးတာလဲဆိုတာ မသိရပါဘူး။ " တော်ဝင်ကြီးကြပ်ရေးမှူး ဖုန်းကျဲက ရှေ့ထွက်ပြီး ပြောလိုက်သည်။
တော်ဝင်ကြီးကြပ်ရေးမှူးက ညီလာခံအတွင်းမှ အရာရှိများကို စောင့်ကြည့်ကြီးကြပ်ရန် တာဝန်ရှိသည်။ သူက ဝန်ကြီးကိုးပါးထဲတွင် မပါဝင်သော်လည်း သူ၏ ရာထူးအဆင့်အတန်းက အတူတူပင်ဖြစ်သည်။
" ဒီကိစ္စနဲ့ ပက်သက်ပြီးတော့ ကျွန်တော်မျိုးက ဝန်ကြီးဟန်ဖေးကိုယ်စား ရှင်းပြပေးနိုင်ပါတယ်။ " ကျောက်ဖုန်းက ဝင်ရောက်ပြောဆိုလိုက်သည်။
" ဝန်ကြီးဟန်ဖေးပ အစီရင်ခံဖို့ မြို့တော်ကို ပြန်လာတဲ့အချိန်တုန်းက တလျန်မြို့တော်က ရေလွှမ်းမိုးမှုကြောင့် ပျက်စီးသွားပြီး ရေဘေးဒုက္ခသည်အမြောက်အမြားရှိနေတာကို ကြားသိခဲ့ရပါတယ်။ ဒါကြောင့် သူက သူ့ရဲ့ လက်အောက်ငယ်သားတွေကို ခေါ်ဆောင်ပြီး တလျန်မြို့တော်ကို လာခဲ့ပါတယ်။ ဝန်ကြီးဟန်ဖေးရဲ့ ကြိုးစားမှုကြောင့် သူက ဒုက္ခသည်များစွာကို စီမံခန့်ခွဲပေးနိုင်ခဲ့ပြီး သူတို့အတွက် မြို့သစ်တစ်မြို့ကို တည်ဆောက်ပေးခဲ့ပါတယ်။ ဝန်ကြီးဟန်ဖေးရဲ့ ထောက်ပံ့မှုကြောင့် ကူးစက်ရောဂါတွေလည်း မဖြစ်ပွားခဲ့ပါဘူး။ " ကျောက်ဖုန်းက ကျယ်လောင်စွာ ပြောလိုက်သည်။
၎င်းကို ကြားသောအခါ ရင်ကျန့်၏ မျက်ဝန်းများက အနည်းငယ်ပြောင်းလဲသွားပြီး ခေါင်းညိမ့်ကာ စိတ်ထဲမှ တွေးလိုက်သည်။ " ဟေးပင်းထိုင်ရဲ့ တင်ပြချက်အရဆို ဝန်ကြီးတွေထဲမှာ ဟန်ဖေးတစ်ယောက်ပဲ ဖုန်းအာနဲ့ ရင်းနှီးတယ်။ ဟိုတုန်းက ဟန်ဖေး ချင်နိုင်ငံကို အညံ့ခံခဲ့တာ ဖုန်းအာကြောင့်ဆိုတာ အခု ကြည့်ရတာ အမှန်တကယ် ဖြစ်ပုံရတယ်။ အရင် ညီလာခံမှာ ဖုန်းအာကို ပစ်မှတ်ထားကြရင်လဘ်း ဟန်ဖေးကပဲ ဖုန်းအာဘက်က ပထမဆုံး ဝင်ပြောခဲ့တယ်။ သူတို့ရဲ့ ဆက်ဆံရေးက တကယ်ကောင်းမယ့်ပုံပဲ။ "
" ဒါဆိုရင်တော့ ဟန်ဖေးက အပြစ်မရှိတဲ့အပြင် စွမ်းဆောင်မှုတွေတောင် ရှိနေတာပဲ။ " ရင်ကျန့်က စကားစပြောလိုက်သည်။
" ကျွန်တော်မျိုး အတွေးလွန်သွားပါတယ်။ " ဖုန်းကျဲက ဦးညွှတ်ပြီး နောက်သို့ ပြန်ဆုတ်သွားသည်။
" ဟန်ဖေးဆီကို အမိန့်တော်ပို့လိုက်။ သူ့ရဲ့ လက်ထောက် ယန်ပင်းကို ဝေနယ်မြေကို စီမံခန့်ခွဲဖို့ တာဝန်လွှဲပြောင်းပေးပြီး အခြားအရာရှိတွေ ဝေနယ်မြေကို ရောက်တဲ့အခါ အစီရင်ခံဖို့ မြို့တော်ကို ပြန်လာပါစေ။ " ရင်ကျန့်က ဖြည်းညင်းစွာ ပြောလိုက်သည်။
ထို့နောက် ညီလာခံအတွင်း ဆွေးနွေးမှုများက ဆက်လက်ဖြစ်ပွားနေခဲ့သည်။ ဆွေးနွေးသမျှ အရာအားလုံးက နယ်မြေကိစ္စများဖြစ်သည်။ ညီလာခံသိမ်းသောအခါ အချိန်အားဖြင့် ညနေစောင်းနေပြီဖြစ်သည်။
ကျန်းထိုင်နန်းဆောင်အတွင်း၌ စားသောက်ပွဲကို ပြင်ဆင်ထားသည်။ ထိုနေရာတွင် ကျောက်ဖုန်းနှင့် ရင်ကျန့်တို့က ထိုင်နေကြသည်။
" ခြောက်လအတွင်း နိုင်ငံတစ်ခုကို သိမ်းပိုက်ခဲ့တယ်။ အစတုန်းက ငါက တစ်နှစ် ဒါမှမဟုတ် ဒီထက်ပိုကြာလိမ့်မယ်လို့ ထင်ခဲ့တာ။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။
ထိုတိုက်ပွဲက အမှန်တကယ် အံ့ဩစရာကောင်းလှသည်။ ခြောက်လဟု ဆိုသော်လည်း ဝေဘုရင် လက်နက်ချခဲ့သော အချိန်မှတွက်ကြည့်လျှင် ငါးလသာ ကြာမြင့်ခဲ့သည်။ ကျန်ရှိသော အချိန်များက မြို့အသစ်တည်ထောင်နေခြင်းဖြစ်သည်။
" ဟန်ကုစခန်းကလည်း ဒီတိုက်ပွဲမှာ အထောက်အကူပြုခဲ့ပါတယ်။ သူတို့သာ ဝေနိုင်ငံရဲ့ အင်အားတစ်ဝက်ကို ထိန်းချုပ်မထားရင် ဝူအန်းစခန်းက တလျန်မြို့တော်ကို မြန်မြန်ချီတက်နိုင်မှာမဟုတ်ပါဘူး။ " ကျောက်ဖုန်းက နှိမ့်ချစွာဖြင့် ပြောလိုက်သည်။
" ဘာပဲဖြစ်ဖြစ် ဒီတိုက်ပွဲရဲ့ အဓိကအောင်မြင်မှုက မင်းကြောင့်ပဲ။ " ရင်ကျန့်က ပြောလိုက်သည်။
" ကျွန်တော်မျိုး ရှန်းယန်ကို ပြန်ရောက်တဲ့အခါ သတင်းအချို့ ကြားခဲ့ရပါတယ်။ ညီလာခံမှာ အချို့လူတွေက ကျွန်တော်မျိုးနဲ့ ကျွန်တော်မျိုးရဲ့ ယောက္ခမတို့က စသ်အာဏာကို အလွန်အကျွံထိန်းချုပ်ထားလို့ ပုန်ကန်လာမှာ စိုးရိမ်ရတယ်လို့ အပြစ်တင်စွပ်စွဲကြပါတယ်။ ဒါက အမှန်လားဆိုတာ ကျွန်တော်မျိုးသိချင်ပါတယ်။ " ကျောက်ဖုန်းက ရင်ကျန့်ကို ကြည့်ပြီး ပြောလိုက်သည်။
" ဘာလို့လဲ။ မင်းက ငါ့ကို စမ်းသပ်နေတာလား။ " ရင်ကျန့်က ကျောက်ဖုန်းကို ပြုံး၍ ကြည့်လိုက်သည်။
" ကျွန်တော်မျိုးက အရှင်မင်းကြီးကို မစမ်းသပ်ဝံ့ပါဘူး။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်ပြီး စိတ်ထဲမှာ တွေးလိုက်သည်။ " ချင်ဘုရင်က တကယ် ထက်မြက်လွန်းတယ်။ စကားတစ်ခွန်းနဲ့ ဆိုလိုရင်းကို သိတယ်။ သမိုင်းတစ်လျှောက်လုံးမှာ မိုက်မဲတဲ့ ဘုရင်တွေကို ကိုင်တွယ်ရခက်တယ်လို့ ပြောကြပေမယ့် ဒီလိုထက်မြက်လွန်းတဲ့ ဘုရင်တွေရှေ့မှာ ရင်ဆိုင်ရတာက ပိုပြီးတော့တောင် ခက်ခဲသေးတယ်။ "
" မင်းက ငါ့ကို ကိုယ်လက်အောက်ငယ်ကို ကြောက်တဲ့ ဘုရင်မျိုးလို့ ထင်နေတာလား။ " ရင်ကျန့်က အနည်းငယ် ပြုံးလိုက်သည်။
၎င်းကို ကြားသောအခါ ကျောက်ဖုန်းက ခေါင်းခါလိုက်သည်။ " အရှင်မင်းကြီးက အဲ့လိုလူမျိုးမဟုတ်ပါဘူး။ "
" ဒါကြောင့် ညီလာခံမှာ စွပ်စွဲသံတွေ ရှိနေရင်တောင် ကြောက်ရမလား မကြောက်ရဘူးလားဆိုတာ ငါ့အပေါ်မှာပဲ မူတည်တယ်။ ဒီကိစ္စကြောင့် ငါက ဝမ်ကျန့်နဲ့ မင်းကို ပစ်မှတ်ထားမယ်လို့ မင်းထင်နေတာလား။ " ရင်ကျန့်က ရယ်မောပြီး ပြောလိုက်သည်။
" အရှင်မင်းကြီးက အဲ့ဒီလိုလုပ်မှာမဟုတ်ဘူးဆိုတာ ကျွန်တော်မျိုး ယုံကြည်ပါတယ်။ " ကျောက်ဖုန်းက ခေါင်းညိမ့်ပြီး ပြောလိုက်သည်။
" ဒါဆို ဘာလို့ အဲ့ဒီကောလဟာလတွေကို ခေါင်းထဲထည့်နေမှာလဲ။ ငါ ဒီမှာရှိနေသရွေ့တော့ ဘယ်သူက ဝမ်မိသားစုကို ထိရဲမှာလဲ။ ဘယ်သူက မင်းကို ထိရဲမှာလဲ။ " ရင်ကျန့်က ပြောလိုက်သည်။
ကျောက်ဖုန်းက ထိုကိစ္စနှင့် ပက်သက်ပြီး ထပ်မပြောတော့ပေ။ သူ၏ ယောက္ခမကြီး ကျန်းထိုင်နန်းဆောင်အတွင်းမှ ထွက်ခွာလာပြီးနောက် မျက်နှာမကောင်းခြင်းမှာ အခြားအကြောင်းရင်းကြောင့်ဖြစ်ပြီး ထိုအရာကို နန်းတွင်းမှ လူများက နားလည်မှုလွဲသွားခြင်းဖြစ်သည်။
" ဒါပေမယ့် အဲ့ဒါလည်း ကောင်းတာပဲ။ ညီလာခံထဲကလူတွေက အရှင်မင်းကြီး ငါတို့ကို သတိထားနေတယ်လို့ ထင်ပါစေ။ ဒါမှ သူတို့တွေ လှည့်ကွက်နည်းနည်းပဲ သုံးဝံ့မှာ။." ကျောက်ဖုန်းက စိတ်ထဲမှ တွေးလိုက်သည်။
ရင်ကျန့်က ဝိုင်အိုးကို ကောက်ယူလိုက်ပြီး ကျောက်ဖုန်းအတွက်ရော သူ့အတွက်ပါ ငှဲ့လိုက်သည်။ " အနာဂတ်မှာ ငါက ဘယ်သူ့ကို အိမ်ရှေ့စံမင်းသားအဖြစ် ခန့်အပ်လိမ့်မယ်လို့ မင်းထင်လဲ။ "
" အရှင်မင်းကြီး ဒါက အရှင်မင်းကြီးကိုယ်တိုင် စဉ်းစားရမယ့်ကိစ္စပါ။ ကျွန်တော်မျိုးလို လက်အေက်ခံတစ်ယောက်က အများကြီး မပြောရဲပါဘူး။ ပြီးတော့ အရင်ကလည်း အရှင်မင်းကြီး ဒီလိုပဲ မေးခဲ့ဖူးတယ်။ " ကျောက်ဖုန်းက မသက်မသာဖြင့် ပြောလိုက်သည်။
" ဘာလဲ။ ငါ့ရဲ့ သားတော်တွေထဲမှာ မင်း သင့်တော်တဲ့ထင်တဲ့သူ တစ်ယောက်မှ မရှိဘူးလား။ " ရင်ကျမ့်က ပြုံး၍ ပြောလိုက်သည်။
" အာ..." ကျောက်ဖုန်းက တုန့်ဆိုင်းသွားသည်။
" အင်း ငါ့သားတော်တွေသာ မင်းမှာရှိတဲ့ စိတ်ဓာတ်ခိုင်မာမှုတစ်ဝက်ခေါက်ရှိရင် ငါ ဒီလောက် ပူပန်နေစရာမလိုဘူး။ " ရင်ကျန့်က စိတ်ပျက်စွာဖြင့် ပြောလိုက်သည်။
" အရှင်မင်းကြီးရဲ့ သားသမီးတွေမှာ သူတို့ ကံတရားနဲ့သူတို့ ရှိပါတယ်။ အခုအချိန်မှာ အရှင်မင်းကြီးက စွမ်းအားပြည့်ဝနေဆဲ ဖြစ်လို့အရမ်းကြီး ပူပန်နေစရာမလိုပါဘူး။ အခုအချိန်မှာ တစ်နိုင်ငံလုံးရဲ့ အခြေအနေကို စောင့်ကြည့်ဖို့ပဲ လိုပါတယ်။ ကျင့်သုံးနိုင်ငံ ကိဆုံးသွားပြီ။ ချီ၊ ချူနဲ့ ယန်ပဲကျတော့တယ်။ အဲ့ဒီနိုင်ငံသုံးခုကို သိမ်းပိုက်ပြီးသွားရင် အရှင်မင်းကြီးက သမိုင်းတစ်လျှောက်လုံးမှာ အကြီးကျယ်ဆုံး ဘုရင်တစ်ပါး ဖြစ်လာမှာပါ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
ရင်ကျန့်က ဝိုင်တစ်ငုံကို မော့သောက်လိုက်ပြီး နောက်ပြောင်သည့်လေသံဖြင့် ပြောလိုက်သည်။ " မင်းသာ ငါ့ရဲ့ သားတော်ဖြစ်ခဲ့ရင် ဘယ်လောက်တောင်ကောင်းလိုက်မလဲ။ "
ထိုစကားများကို ကြားသောအခါ ကျောက်ဖုန်းက အံ့အားသင့်သွားပြီး လက်ဝှေ့ရမ်းလိုက်သည်။ " အရှင်မင်းကြီး အဲ့လိုပြောလို့မရပါဘူး။ တော်ဝင်ကြီးကြပ်ရေးမှူးတွေသာ ကြားသွားရင် သူတို့ ဘာတွေးကြမလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ။ "
" ဘာလဲ။ မင်းက ငါ့ရဲ့ သားတော်ဖြစ်တာကို လုံးဝ မလိုလားဘူးလား။ " ရင်ကျန့်က မေးလိုက်သည်။
" အရှင်မင်းကြီး မနောက်ပါနဲ့။ ကျွန်တော်မျိုးမှာ တော်ဝင်သွေးမျိုးဆက် မရှိပါဘူး။ " ကျောက်ဖုန်းက ရယ်မောပြီး ပြောလိုက်သည်။
" ငါသာ ချင်ရှီဟွမ်ရဲ့ သားတော်ဖြစ်မယ်ဆိုရင် အဲ့ဒါက တကယ်ကို ကောင်းကင်ဘုံက ပေးတဲ့ ဆုလာဘ်ပဲ။ အဲ့ဒါဆိုရင် လာမယ့် ချင်အင်ပါယာက ငါ့ဟာ ဖြစ်မသွားဘူးလား။ "
သို့သော် သူက ရှချူးခရိုင်မှ မွေးဖွားလာပြီး ချင်တော်ဝင်မိသားစုနှင့် မည်သို့မှ သက်ဆိုင်မှုမရှိပေ။ သမိုင်းကြောင်းအရ ချင်ရှီဟွမ်တွင် ပျောက်ဆုံးနေသော သားသမီးများ မရှိပေ။
ကျောက်ဖုန်း၏ အမူအရာကို ကြည့်ပြီး ရင်ကျန့်က ထပ်မပြောတော့ပေ။ ထိုစကားက ရင်ကျန့်အနေဖြင့် ကျောက်ဖုန်းအပေါ် အမှတ်တရတစ်ခုခု ချန်ထားခဲ့ခြင်း ဖြစ်နိုင်သည်။ တစ်လောကလုံး စုစည်းပြီးသွားလျှင် ကျောက်ဖုန်းက ဤမျှလောင်ထိ စိုးရိမ်တော့မည်မဟုတ်ပေ။
" ငါကြားတာ လီယောင်က မင်းရဲ့ ညီမနဲ့ အတော်လေး ရင်းနှီးနေပုံရတယ်။ " ရင်ကျန့်က သဘောမကျစွာဖြင့် ပြောလိုက်သည်။
ရင်ကျန့်၏ အမူအရာကို မြင်သောအခါ ကျောက်ဖုန်းက စိတ်ထဲမှ တုန်ရင်သွားသည်။ " ချင်ရှီဟွမ်က ငါ့ညီမကို တကယ်စိတ်ဝင်စားနေတာလား။ မဖြစ်ဘူး။ ဒီအရွယ်ကြီးနဲ့တော့ မဖြစ်ပါဘူး။ "
" ကျွန်တော်မျိုးရဲ့ ညီမက ရွေးချယ်မှုအပိုင်းမှာ အမြင်ရှိတဲ့သူပါ။ လီယောင်က ကျွန်တော်မျိုးရဲ့ ညီမအပေါ် သံယောဇဉ်ရှိနေပေမယ့် ကျွန်တောမျိုးရဲ့ ညီမက စိတ်ဝင်စားမှု သိပ်မရှိပါဘူး။ " ကျောက်ဖုန်းက ပြန်ဖြေလိုက်သည်။