← Chapters

အခန်း (၃၃၉)

Vol. 34 Ch. 339

အခန်း (၃၃၉)

Vol. 34 Ch. 339

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း (၃၃၉)

" မင်းက ကျောက်နယ်မြေကို စီမံခန့်ခွဲပြီးနောက်မှာ တလျန်မြို့တော်ကို သွားပြီး ဒုက္ခသည်တွေကို ကိုင်တွယ်ခဲ့တယ်လို့ ငါကြားတယ်။ ပြီးတော့ မြို့သစ်တစ်ခုတောင် တည်ဆောက်ပေးခဲ့သေးတယ်။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။

" အရှင်မင်းကြီး ဒါက လူဦး‌ရေစာရင်းနဲ့ မြို့သစ်ရဲ့ အိမ်ထောင်စုစာရင်းပါ။ " ဟန်ဖေးက သူ၏ လက်ထဲမှ စာလိပ်ကို မြှောက်ပြီး ပြောလိုက်သည်။

ကျောက်ကောင်းက လျင်မြန်စွာ ဆင်းလာပြီး စာလိပ်ကို ယူကာ ရင်ကျန့်ကို တင်ပြလိုက်သည်။ ရင်ကျန့်က စာလိပ်ကို ယူပြီး စစ်ဆေးလိုက်သည်။ မြို့သစ်၏ အခြေအနေနှင့် အိမ်ထောင်စုစာရင်က ရှင်းလင်းနေသည်။

" ဝန်ကြီးဟန်က တလျန်မြို့က လူတွေကို နေရာချပြီး မြို့သစ်တည်ထောင်ပေးခဲ့တယ်။ ဒီအောင်မြင်မှုက အတော်လေး ကြီးမားတယ်။ " ရင်ကျန့်က တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။

" မြို့တည်ဆောက်ရေးနဲ့ အကောင်ထည်မှုပိုင်းက စစ်သေနာပတိချုပ်ကျောက်ဖုန်းရဲ့ လမ်းညွှန်မှုတွေ ဖြစ်ပြီး သူသာမရှိရင် ကျွန်တော်မျိုးက ဒီလောက်လွယ်လွယ်ကူကူနဲ့ စီမံနိုင်မှာ မဟုတ်ပါဘူး။ ဒီအောင်မြင်မှုတွေက စစ်သေနာပတိချုပ်ကျောက်ဖုန်းကြောင့်ပါ။ ကျွန်တော်မျိုးက အခွင့်အ‌ရေး ယူလိုက်ရုံပါပဲ။ " ဟန်ဖေးက ပြောလိုက်သည်။ ကျောက်ဖုန်းက ထိုစွမ်းဆောင်မှုများကို စေတနာနှင့် ပေးခဲ့သော်လည်း သူက တစ်ယောက်တည်း မရယူလို‌‌ပေ။

" ဝန်ကြီးဟန်ပြောတာ မြို့တည်ဆောက်‌ရေးဗျူဟာနဲ့ အကောင်အထည်ဖော်မှုတွေကို ကျောက်ဖုန်းက စီစဉ်ပေးခဲ့တယ်လို့ ဆိုလိုတာလား။ " ရင်ကျန့်က မေးလိုက်သည်။

" မှန်ပါတယ်။ အဲ့ဒီဗျူဟာနဲ့ နည်းလမ်းတွေကို စစ်သေနာပတိချုပ်ကျောက်ဖုန်းက စီစဉ်ပေးတာပါ။ ကျွန်တော်မျိုးက စစ်သေနာပတိချုပ်ကျောက်ဖုန်းရဲ့ စီစဉ်မှုအတိုင်း ဆောင်ရွက်ခဲ့ရုံပါပဲ။ " ဟန်ဖေးက ပြန်ဖြေလိုက်သည်။

" ကျောက်ဖုန်းက အုပ်ချုပ်‌‌ရေးကိုလည်း နားလည်လိမ့်မယ်လို့ မမျှော်လင့်ထားမိဘူး။ " ရင်ကျန့်က အနည်းငယ် လေးစားစွာဖြင့် ပြောလိုက်သည်။

" အရှင်မင်းကြီး စစ်သေနာပတိချုပ်ကျောက်ဖုန်းက စစ်တပ်ကို ကွပ်ကဲတဲ့နေရာမှာသာမက အုပ်ချုပ်‌ရေးမှာလည်း ထူးချွန်လို့ ကျွန်တော်မျိုး သူ့ကို အလွန်လေးစားမိပါတယ်။ " ဟန်ဖေးက ကျယ်လောင်စွာ ပြောလိုက်သည်။

" ဝန်ကြီးဟန်ရဲ့ ချီးကျူးပုံနဲ့ဆို ကျောက်ဖုန်းက အုပ်ချုပ်‌ရေးမှာလည်း တကယ်ထူးချွန်တဲ့ပုံပဲ။ " ရင်ကျန့်က ပြောလိုက်ပြီး စိတ်ထဲတွင် အတော်လေး ဝမ်းသာနေသည်။ " ဖုန်းအာ ဖုန်းအာ ငါမင်းကို အထင်သေးခဲ့မိတာပဲ။ မင်းက အုပ်ချုပ်ရေးမှာ ဒီလောက်ထူးချွန်လိမ့်မယ်လို့ မထင်ထားမိဘူး။ မြို့သစ်တည်ဆောက်တာနဲ့ ဒုက္ခသည်သိန်းချီကို နေရာချပေးတာက သာမန်အုပ်ချုပ်ရေးစွမ်းရည်မျိုး မဟုတ်ဘူး။ ဖုန်းအာက ကောင်းကင်ဘုံက ငါ့ကို ပေးအပ်လိုက်တဲ့ ဆက်ခံသူပဲ။ "

ရင်ကျန့်က ဟန်ဖေးကို ကြည့်လိုက်သည်။ " ကျောက်နယ်မြေကို အုပ်ချုပ်တာနဲ့ ဒုက္ခသည်သိန်းချီကို နေရာချဖို့ မြို့သစ်တည်ဆောက်မှုအတွက် ဝန်ကြီးဟန်ရဲ့ စွမ်းဆောင်မှုတွေက ငြင်းမရနိုင်ဘူး။ ဒါကြောင့် ဝန်ကြီးဟန်က ဆုလာဘ်တွေနဲ့ ထိုက်တန်တယ်။ "

" ငါ့အမိန့်ကို ထုတ်ပြန်လိုက်။ ဒီနေ့ကစပြီး ဟန်ဖေးကို ဝန်ကြီးကိုးပါးထဲက စိုက်ပျိုးရေးဝန်ကြီးအဖြစ် ခန့်အပ်လိုက်တယ်။ " ရင်ကျန့်က ကျယ်လောင်စွာ ကြေညာလိုက်သည်။

" အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်။ " ဟန်ဖေးက တုန့်ဆိုင်းခြင်းမရှိဘဲ ပြန်ပြောလိုက်သည်။

" အရှင်မင်းကြီးရဲ့ ခန့်အပ်မှုကို ထောက်ခံပါတယ်။ ဝန်ကြီးဟန်ရဲ့ အရည်အချင်းနဲ့ ဒီတာဝန်ကို အပြည့်အဝ ယူနိုင်ပါတယ်။ " လီစီက ထရပ်ပြီး ပြောလိုက်သည်။ သူက ဟန်ဖေးနှင့် သူကြားမှ ရင်းနှီးမှုကို ပြန်လည်တည်ဆောက်ရန် ကြိုးစားနေခြင်းဖြစ်သည်။

ထို့နောက် ဝမ်ဝမ်နှင့် အခြားဝန်ကြီးများကလည်း ထောက်ခံပြောဆိုလိုက်ကြသည်။ ရင်ကျန့်၏ ဆုံးဖြတ်ချက်က အတည်ဖြစ်ပြီး စိုက်ပျိုးရေးဝန်ကြီးနေရာက လစ်လပ်နေသည်မှာ ကြာပြီဖြစ်သောကြောင့် ဟန်ဖေးကို ခန့်အပ်လိုက်ခြင်းက အကောင်းဆုံး ဖြေရှင်းချက်ဖြစ်သည်။

" ဝန်ကြီးဟန် မင်းငါ့ကို စိတ်ပျက်စေမှာ မဟုတ်ဘူးလို့ ငါယုံကြည်တယ်။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။

" ကျွန်တော်မျိုးက ချင်နိုင်ငံအတွက် အကောင်းဆုံး အမှုထမ်းသွားပါမယ်။ " ဟန်ဖေးက ပြောလိုက်သည်။ အစမှအဆုံးထိ သူက ချင်ဘုရင်အပေါ် သစ္စာခံကြောင်း မည်သည့်အခါမှ မပြောခဲ့ပေ။ ၎င်းက သူ၏ နောက်ဆုံးဂုဏ်သိက္ခာကို ထိန်းသိမ်းခြင်းလည်း ဖြစ်နိုင်ပေသည်။ သူက ချင်နိုင်ငံအပေါ် သစ္စာရှိပြီး ချင်ဘုရင်အပေါ် သစ္စာရှိသည်ဟု မဆိုလိုပေ။

ရင်ကျန့်အတွက်မူ ချင်နိုင်ငံက သူဖြစ်ပြီး သူက ချင်နိုင်ငံဖြစ်သည်။ ထို့ကြောင့် ဟန်ဖေးထံမှ ထိုသို့သော သစ္စာစောင့်သိမှုကို သူက လက်ခံပေသည်။

" ကောင်းပြီ။ ညီလာခံကို ဆက်ရအောင်။ " ရင်ကျန့်က လက်ဝေ့ရမ်းပြီး ပြောလိုက်သည်။

" အရှင်မင်းကြီး ကျွန်တော်မျိုး အစီရင်ခံစရာ ရှိပါသေးတယ်။ ဒါက ဝေနယ်မြေက ပြည်သူတွေနဲ့ ပက်သက်နေပါတယ်။ " ဟန်ဖေးက ကျယ်လောင်စွာ ပြောလိုက်သည်။

" ပြောပါ။ " ရင်ကျန့်က ပြောလိုက်သည်။

" ကျွန်တော်မျိုးတို့ ချင်နိုင်ငံက ဝေနိုင်ငံကို မသိမ်းပိုက်ခင် ဝေနိုင်ငံမှာ အခွန်တွေ အရမ်းများခဲ့ပါတယ်။ အခုတော့ သူတို့အားလုံးက ကျွန်တော်မျိုးတို့ရဲ့ ချင်ပြည်သူတွေ ဖြစ်သွားပြီဆိုတော့ ဝေနိုင်ငံက အခွန်တွေကို ချင်နိုင်ငံအတိုင်း လျှော့ချပေးဖို့ တောင်းဆိုပါတယ်။ " ဟန်ဖေးက ကျယ်လောင်စွာ ပြောလိုက်သည်။

" ကျောက်နယ်မြေနဲ့ ဟန်နယ်မြေလိုပဲ။ ဝေနယ်မြေကလည်း ချွင်းချက်မရှိဘူး။ သဘောတူတယ်။ " ရင်ကျန့်က ချက်ချင်း ပြန်ပြောလိုက်သည်။

" အရှင်မင်းကြီးက အမြော်အမြင်ကြီးမားလှပါတယ်။ ကျောက်နဲ ဟန်နယ်မြေကို အခွန်လျှော့ပေးတာက ချင်နိုင်ငံအပေါ် သစ္စာရှိစေခဲ့သလို ဝေပြည်သူတွေအတွက်လည်း အဲ့ဒီလိုလုပ်ဆောင်နိုင်ပါတယ်။ " ယီလျောင်က ချက်ချင်း ထောက်ခံလိုက်သည်။

ကျန်းထိုင်နန်းဆောင်အတွင်း။

" ကျွန်တော်မျိုး အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။ " ဟန်ဖေးက ရင်ကျန့်ကို ဦးညွှတ်လိုက်သည်။

" ထိုင်ပါ။ " ရင်ကျန့်က ထိုင်ဖုံတစ်ခုကို ညွှန်ပြလိုက်သည်။

" ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး။ " ဟန်ဖေးက ထိုင်လိုက်သည်။

" ဟန်ဖေး မင်းစိတ်ကို ငါသိတယ်။ " ရင်ကျန့်က ရုတ်တရက် ပြောလိုက်သည်။

" အရှင်မင်းကြီး ဘာကိုဆိုလိုတာလဲ။ " ဟန်ဖေးက အံ့အားသင့်သွားသည်။

" မင်းရဲ့ ချင်နိုင်ငံအပေါ် သစ္စာရှိမှုက ငါ့အပေါ် သစ္စာရှိတာလို့ မဆိုလိုဘူး။ " ရင်ကျန့်က ဖြည်းညင်းစွာ ပြောလိုက်သည်။

" ကျွန်တော်မျိုး စိုးရွံ့မိပါတယ်။ " ဟန်ဖေး၏ အမူအရာက ပြောင်းလဲသွားပြီး လျင်မြန်စွာ ဦးညွှတ်လိုက်သည်။

" ငါနားလည်တယ်။ မင်းရဲ့ သစ္စာရှိမှုက ဒီနိုင်ငံနဲ့ ဟွာရှလူမျိုးတွေအတွက်ပဲ။ " ရင်ကျန့်က လက်ဝေ့ရမ်းပြီး ပြောလိုက်သည်။ " ငါ့အတွက်ကတော့ အတူတူပဲ။ ဘာလို့လဲဆိုတော့ ငါက ချင်ဘုရင်ဖြစ်ပြီး နိုင်ငံအပေါ် မင်းရဲ့ သစ္စာစောင့်သိမှုက ငါ့အပေါ် သစ္စာရှိတာပဲ။ "

ဟန်ဖေးက ဘာမှပြန်မပြောပေ။ သူ၏ ရှေ့မှ ဘုရင်၏ အရှိန်အဝါနှင့် လွှမ်းမိုးနိုင်စွမ်းကို သူခံစားလိုက်ရသည်။

" ဝန်ကြီးကိုးပါးရဲ့ ရာထူးက မြင့်မားပြီးအာဏာကလည်း ကြီးမားတယ်။ အစက အညံ့ခံတဲ့ ဝန်ကြီးတစ်ယောက်က ဒီလိုရာထူးရဖို့ အခွင့်အရေးမရှိဘူး။ ငါမင်းကို ဘာလို့ခန့်အပ်တာလဲ သိလား။ " ရင်ကျန့်က ပြုံး၍ မေးလိုက်သည်။

" ဒါက သာမန်ဘုရင်တွေထက် သာလွန်တဲ့ အရှင်မင်းကြီးရဲ့ ဘုန်းတန်ခိုးကြောင့်ပါ။ " ဟန်ဖေးက ဦးညွှတ်ပြီး ပြောလိုက်သည်။

" ကျောက်ဖုန်းအပေါ် မင်းရဲ့ အမြင်က ဘယ်လိုရှိလဲ။ " ရင်ကျန့်က အခြားမေးခွန်းတစ်ခုကို ပြောင်းလဲလိုက်သည်။

" အရှင်မင်းကြီးကို မလိမ်ပါဘူး။ ဟန်နိုင်ငံ ပျက်စီးသွားတဲ့အချိန်မှာ ကျွန်တော်မျိုးက သေဖို့အထိ စဉ်းစားခဲ့ပါတယ်။ ကျွန်တော်မျိုး ချင်နိုင်ငံကို ရောက်လာတာ စစ်သေနာပတိချုပ် ကျောက်ဖုန်းရဲ့ စည်းရုံးမှုကြောင့်ပါ။ ကျွန်တော်မျိုးက သူ့ကို လေးစားသလို ချင်နိုင်ငံအတွက် သူရယူခဲ့တဲ့ စစ်ရေးအောင်မြင်မှုတွေကို တွေ့ရတဲ့အခါ ပိုပြီးတောင် လေးစားမိပါတယ်။ စာပေနဲ့ စစ်ပညာနှစ်ခုလုံးမှာ ထူးချွန်တဲ့ စစ်သေနာပတိချုပ် ကျောက်ဖုန်းက ကျွန်တော်မျိုးထက် အများကြီး သာလွန်ပါတယ်။ " ဟန်ဖေးက ရိုးသားစွာ ပြောလိုက်သည်။

" တလျန်မြို့က ဒုက္ခသည်တွေကို နေရာချပေးတဲ့ စွမ်းဆောင်မှုကို ကျောက်ဖုန်းက မင်းကို ပေးခဲ့တာ တကယ်လား။ " ရင်ကျန့်က ပြုံး၍ မေးလိုက်သည်။

" ဟုတ်ပါတယ်။ " ဟန်ဖေးက ဖုံးကွယ်ခြင်းမရှိဘဲ ပြောလိုက်သည်။

" ဒီကောင်လေးက သူ့ရဲ့ အောင်မြင်မှုကို ထုတ်မပြောခဲ့ဘူး။ " ရင်ကျန့်က ပြုံးလိုက်သည်။

" စစ်သေနာပတိချုပ်ကျောက်ဖုန်းက စစ်ဘက်ဆိုင်ရာအရာရှိဖြစ်လို့ အရပ်ဘက်အရာရှိတွေရဲ့ အောင်မြင်မှုက သူ့အတွက် အရေးမပါဘူးလို့ ပြောပါတယ်။ " ဟန်ဖေးက ထပ်ပြောလိုက်သည်။

" သူက ဆုလာဘ်တွေကိုတောင် မလိုချင်ဘူးပဲ။ " ရင်ကျန့်က အနည်းငယ် စိတ်ပျက်စွာဖြင့် ပြောလိုက်သည်။

" ငါ မင်းကို ဝန်ကြီးကိုးပါးထဲက တစ်ပါး အထူးသဖြင့် အရေးကြီးတဲ့ စိုက်ပျိုးရေးဝန်ကြီးအဖြစ် ခန့်အပ်တာက ကျောက်ဖုန်းရဲ့ အကြံပြုချက်ကြောင့်ပဲ။ ငါသူ့ကို ယုံကြည်တယ်။ ပြီးတော့ မင်းကိုလည်း ယုံကြည်တယ်။ "

" အရှင်မင်းကြီးရဲ့ ယုံကြည်မှုအတွက် ကျေးဇူးတင်ပါတယ်။ " ဟန်ဖေးက ဦးညွှတ်ပြီး ပြောလိုက်သည်။

" မင်း ကျောက်ဖုန်းရဲ့ ကျေးဇူးကို မှတ်ထားရမယ်။ ကျောက်ဖုန်း မင်းကို ဘယ်လိုကူညီခဲ့လဲဆိုတာ မှတ်ထားရမယ်။အထူးသဖြင့် ကျောက်ဖုန်းကြောင့် မင်းအသက်ရှင်နေတယ်ဆိုတာ အမြဲမှတ်ထားရမယ်။ "

" ကောင်းပြီ။ ငါ့မှာ ပြောစရာမရှိတော့ဘူး။ မင်းသွားလို့ရပြီ။ " ရင်ကျန့်က လက်ဝှေ့ရမ်းပြီး ပြောလိုက်သည်။

" ကျွန်တော်မျိုးကို ခွင့်ပြုပါဦး။ " ဟန်ဖေးက ဦးညွှတ်လိုက်ပြီး သူ၏ စိတ်ထဲတွင် အလွန်ရှုပ်ထွေးနေသည်။

" အရှင်မင်းကြီးက ဘာကိုဆိုလိုတာလဲ။ ငါ့ကို ဆုံးမချင်တာလား။ ဒါပေမယ့် နောက်ပိုင်းမှာ ဘာလို့ ကျောက်ဖုန်းအကြောင်းကို ထပ်ခါတလဲလဲ ပြောနေတာလဲ။ သူ့ကျေးဇူးကို မှတ်ထားခိုင်းတာ ဘာသဘောလဲ။ အရှင်မင်းကြီးက ကျောက်ဖုန်းကို အဲ့လောက်တောင် အလေးပေးနေတာလဲ။ ကျောက်ဖုန်းနဲ့ ပူးပေါင်းဖို့ ပွင့်ပွင့်လင်းလင်း ပြောနေသလိုပဲ။ "

ရင်ကျန့်က ထွက်ခွာသွားသော ဟန်ဖေးကို ကြည့်ရင်း ပြုံးလိုက်သည်။ "ဖုန်းအာ မင်း လူရွေးတော်တာပဲ။ ဟန်ဖေးက စိတ်ခံစားချက်ပြင်းပြပြီး တရားမျှတတဲ့သူပဲ။ သူက မင်းကို အစွမ်းကုန် ကူညီပေးလိမ့်မယ်။ ငါမင်းအတွက် လုပ်ပေးနိုင်တာက ဟန်ဖေးကို စိတ်ပူစရာမလိုပဲ ပူးပေါင်းခွင့်ပေးလိုက်တာပဲ။ "

All Chapters