အခန်း (၁၀၆၅)
Vol. 104 Ch. 1065
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၁၀၆၅)
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။
ချက်ချင်းပင် သေမင်းတမန် ပဲ့တင်သံက မြောက်ဘက်သို့ ကရုဏာကင်းမဲ့စွာ ချီတက်သွားပြီး ထိုက်ခန်အင်ပါယာ မြို့တော်ရှိ လူတိုင်းကို မျက်စိတစ်မှိတ်အတွင်း သတ်ဖြတ်ပစ်တော့မည့်အလား ခြိမ်းခြောက်လိုက်သည်။
အနက်ရောင် အရိပ်တစ်တန်းအဖြစ် ပြောင်းလဲသွားပြီးနောက် တုပိုင် အိပ်မက်ဆိုး မိစ္ဆာဘုရင်ထံသို့ ပြေးဝင်သွားလိုက်၏။
စက္ကန့်အနည်းငယ်အတွင်း တုပိုင်၏ ပုံရိပ်က မိစ္ဆာဘုရင်နှင့် လုံးဝ ထပ်တူကျသွားသည်။ ထို့နောက် တုပိုင်က လက်လှမ်းကာ သူ၏ ခေါင်းပေါ်ရှိ အနက်ရောင် သရဖူကို ဆုပ်ကိုင်၍ ဖိချလိုက်၏။
ယခုတစ်ကြိမ်တွင်တော့ သရဖူကို အိပ်မက်ဆိုး မိစ္ဆာဘုရင်၏ ခေါင်းပေါ်သို့ အတင်းအကျပ် စွပ်ချလိုက်ပြီး သူတို့နှစ်ဦးစလုံးကို ချည်နှောင်လိုက်ခြင်း ဖြစ်သည်။
ရုတ်တရက်ဆိုသလို ကမ္ဘာပျက်မတတ် ပဲ့တင်သံကြီး ရပ်တန့်သွား၏။ မိစ္ဆာဘုရင်၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြီးမှာလည်း အတင်းအကျပ် ရပ်တန့်ခံလိုက်ရသည်။
အိပ်မက်ဆိုး မိစ္ဆာဘုရင်က ရူးသွပ်စွာ ရုန်းကန်ရင်း အော်ဟစ်လိုက်၏။ "ဟင့်အင်း... မလုပ်နဲ့... မလုပ်နဲ့။"
သူက သူ၏ ခေါင်းပေါ်ရှိ အနက်ရောင် သရဖူကို လက်နှစ်ဖက်ဖြင့် ကုတ်ဖဲ့ကာ ရိုက်နှက်လိုက်သည်။ "တုပိုင်... မင်းကို ငါ မုန်းတယ်။ အရမ်းမုန်းတယ်။"
မိစ္ဆာဘုရင်က ဆက်ပြော၏။ "ငါ့အသက်နဲ့ရင်းပြီး ပေးဆပ်ခဲ့ရတာ။ ဒီ အနက်ရောင် သရဖူကနေ လွတ်မြောက်ဖို့ ငါ နှစ်ပေါင်းထောင်ချီ အချိန်ယူခဲ့ရတာ။ အခုတော့ ဒါကို ငါ့ခေါင်းပေါ် မင်း ပြန်စွပ်ပေးလိုက်ပြီ။ ငါ့လွတ်လပ်ခွင့်ကို မင်း ဖျက်ဆီးလိုက်တာပဲ။ ပြီးတော့ ငါ့စိတ်ဝိညာဉ်ကိုပါ ဖျက်ဆီးလိုက်ပြီ။"
"လွတ်လပ်ခွင့် ဆုံးရှုံးရမယ့်အစား ငါ သေလိုက်မယ်။"
တုပိုင်က ဟိန်းဟောက်လိုက်၏။ "ဒါဆိုလည်း ငရဲသွားပြီး သေလိုက်စမ်း။"
"ဝုန်းးး ဝုန်းးး ဝုန်းးး" ကမ္ဘာပျက်မတတ် ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာသည်။
တုပိုင် သူ၏ ကျန်ရှိနေသည့် ခွန်အားများအားလုံး ၊ နဂါးမျိုးနွယ်၏ အထွတ်အမြတ် စွမ်းအင်များနှင့် စတေးခံလိုက်ရသော သန်းနှင့်ချီသည့် မိစ္ဆာများထံမှ စုပ်ယူထားသော အမှောင်စွမ်းအင်များကိုပါ စုစည်းလိုက်၏။
ထို့နောက် အတူတကွ ပျက်စီးမည့်လမ်းကို ရွေးချယ်ကာ အိပ်မက်ဆိုး မိစ္ဆာဘုရင်နှင့်အတူ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲလိုက်သည်။
မျက်စိတစ်မှိတ်အတွင်း အိပ်မက်ဆိုး မိစ္ဆာဘုရင်မှာ ပြာအဖြစ်သို့ ပြောင်းလဲသွားလေပြီ။ အနက်ရောင် သရဖူမှာလည်း အစအနအဖြစ် ကွဲကြေသွားပြီး သူနှင့်အတူ ပျောက်ကွယ်သွား၏။
တုပိုင်သည်လည်း လုံးဝ ပျောက်ကွယ်သွားပြီး တိတ်ဆိတ်နေသည့် အရိပ်မည်းမည်းတစ်ခုသာ ကျန်ရစ်တော့သည်။
ခဏအကြာ၌ မြောက်ဘက် ကောင်းကင်ယံမှနေ၍ တောက်ပနေသည့် ရွှေရောင်အလင်းတန်းကြီး တစ်ခု ပေါက်ကွဲထွက်ပေါ်လာ၏။ ကီလိုမီတာ တစ်သောင်းကျော်အထိ ရှည်လျားသည့် ရွှေရောင်အလင်းတန်းက အောက်သို့ စီးဆင်းလာပြီး မှေးမှိန်နေသည့် တုပိုင်၏ အရိပ်ထဲသို့ ထိုးဖောက် ဝင်ရောက်သွားသည်။
ချက်ချင်းပင် တုပိုင် ပြန်လည် ရှင်သန်လာပြီး သူ၏ အသက်စွမ်းအင်များမှာလည်း အပြည့်အဝ ပြန်လည်ကောင်းမွန်လာ၏။
ဤသည်မှာ နဂါးမျိုးနွယ်၏ အကြွင်းမဲ့ စွမ်းအင်နိယာမပင် ဖြစ်သည်။
**--**--**--**--**--**--**--**
တုပိုင်မှာ အလွန်တရာ စွမ်းအားကြီးမားလာသော်ငြား သာမန်နည်းလမ်းဖြင့် အိပ်မက်ဆိုး မိစ္ဆာဘုရင်ကို မသတ်နိုင်သေးပေ။
ထို့ကြောင့် သူအနေဖြင့် ဤ အကြွင်းမဲ့ ပြတ်သားသည့် နည်းလမ်းကိုသာ အားကိုးရ၏။ ရန်သူကို ထာဝရ ဖျက်ဆီးပစ်နိုင်ရန်အတွက် အနက်ရောင် သရဖူ၏ ချည်နှောင်မှုဘောင်အတွင်းမှနေ၍ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲမှုကို လုပ်ဆောင်လိုက်ရခြင်း ဖြစ်သည်။
အိပ်မက်ဆိုး မိစ္ဆာဘုရင်၏ အက်ကွဲနေသည့် စိတ်ဝိညာဉ်က ဟင်းလင်းပြင်ထဲသို့ ပြန့်ကျဲစပြုလာ၏။ တုပိုင်က လက်နှစ်ဖက်ကို ဆန့်တန်းလိုက်ပြီး ပြန့်ကျဲနေသည့် စိတ်ဝိညာဉ် အပိုင်းအစများကို သူ့ထံသို့ ဆွဲယူလိုက်သည်။
အချိန်တိုလေးအတွင်းမှာပင် အိမ်မက်ဆိုး မိစ္ဆာဘုရင်၏ ကျန်ရစ်နေသည့် စိတ်ဝိညာဉ်များက တောက်ပနေသည့် အလင်းလုံးလေးလုံးအဖြစ် စုစည်းသွားကြ၏။ ဤအလင်းစက် လေးခုကို တုပိုင် အလွန် ရင်းနှီးကျွမ်းဝင်နေသည်။ မူလ အိပ်မက်စနစ်သည် ဤအလင်းလုံးလေးလုံးနှင့် ဖွဲ့စည်းထားခြင်း ဖြစ်၏။
ယခုအခါ အရာအားလုံးကို အကြွင်းမဲ့ ဆုံးရှုံးသွားပြီးနောက် အိပ်မက်ဆိုး မိစ္ဆာဘုရင်မှာ ရိုးရှင်းလှသည့် အလင်းလုံးလေးလုံးအဖြစ်သို့ တစ်ဖန် ပြန်လည်ပြောင်းလဲသွားရလေပြီ။
အိပ်မက်ဆိုး မိစ္ဆာဘုရင်၏ အကြွင်းအကျန် စိတ်ဝိညာဉ်က တီးတိုး ပြောလာသည်။ "စနစ်ရှင်... ငါ ကျဆုံးသွားပြီ။ ငါတို့အိပ်မက်ရဲ့ မျှော်လင့်ချက်တွေ အားလုံး အသုံးမဝင်တော့ဘူး။"
တုပိုင် မေးလိုက်၏။ "ဒီအနက်ရောင်သရဖူကို မင်းအတွက် ဘယ်သူ လုပ်ပေးခဲ့တာလဲ။"
မိစ္ဆာဘုရင်က ပြန်ဖြေသည်။ "အခုချိန်မှာ ဒီအဖြေက အဓိပ္ပာယ် မရှိတော့ဘူး။ မင်းကိုယ်တိုင်လည်း ဒီသရဖူကို ဆောင်းခဲ့ဖူးလို့ပဲ။ မင်း ဒါကို ပြန်ချွတ်နိုင်ခဲ့ရင်တောင် ၊ ဒီသရဖူက ငါနဲ့အတူ ပျက်စီးသွားရင်တောင် ၊ အဲဒါက မင်းရဲ့ စိတ်ဝိညာဉ်ပေါ်မှာ ဘယ်တော့မှ ဖျောက်မရတဲ့ အမှတ်အသား ချန်ရစ်ခဲ့ပြီးပြီ။"
တုပိုင် ခက်ထန်စွာ မေးလိုက်၏။ "ကံကြမ္မာ မိစ္ဆာ ဘယ်မှာလဲ။"
အိပ်မက်ဆိုး မိစ္ဆာဘုရင်က အားနည်းစွာ ရယ်မောလိုက်သည်။ "ကံကြမ္မာ မိစ္ဆာ ဘယ်မှာလဲ ဟုတ်လား။ ငါ မသိဘူး။ ဒီ ခေတ်သစ်ကမ္ဘာမြေကို ရောက်ကတည်းက သူ့ကို တစ်ခါမှ မမြင်ဖူးဘူး။ အရှေ့ဘက်ခြမ်းကို ကျောက်ယန်ဖိန် ပိုင်ပြီး အနောက်ဘက်ခြမ်းကို ငါ ပိုင်တာ။ သူ ဘယ်မှာ ပုန်းနေလဲ ငါ လုံးဝ မသိဘူး။ ဒါပေမဲ့ ငါပြောတာ မှတ်ထား။ မကြာခင် သူ ထွက်လာလိမ့်မယ်။ သူ ထွက်လာတဲ့အခါ မင်းဆီမှာ ထာဝရ မေ့မရတဲ့ အမှတ်တရတစ်ခု သေချာပေါက် ချန်ထားရစ်လိမ့်မယ်။ ဟားဟားဟား"
တုပိုင်က အေးစက်စွာ မေးလိုက်၏။ "နောက်ဆုံး မေးခွန်းတစ်ခုပဲ။ မင်းက ကမ္ဘာလောက တစ်ခုပြီးတစ်ခု ၊ ဟင်းလင်းပြင် တစ်ခုပြီးတစ်ခုကို ရူးသွပ်စွာ ဖျက်ဆီးနေတာ... ဘာလို့လဲ။"
အိပ်မက်ဆိုး မိစ္ဆာဘုရင်က ခဏတာ တိတ်ဆိတ်သွားပြီးနောက် ဖြေလာသည်။ "ရှင်သန်ဖို့အတွက်လေ။ ဂုဏ်သိက္ခာအတွက်... ပြီးတော့ ငါတို့မျှော်လင့်ချက်တွေ အားလုံးဖြစ်တဲ့ ငါတို့ရဲ့ ထာဝရသခင်... မဟာမိစ္ဆာဧကရာဇ်အတွက်ပဲ။"
ရုတ်တရက် တောက်ပနေသည့် အလင်းလုံးလေးလုံးက ရူးသွပ်စွာ လိမ်ကောက်သွားပြီး အော်ဟစ်လိုက်၏။ "တုပိုင်... မင်း ဒါကို တားလို့မရဘူး။ ဒါတွေအကုန်လုံးက ကံစီမံထားပြီးသားပဲ။ ရှင်သန်မှုအတွက် ဒီထာဝရစစ်ပွဲမှာ ငါတို့က နောက်ဆုံးအချိန်အထိ တိုက်ပွဲဝင်သွားမှာဖြစ်ပြီး အဆုံးစွန် အောင်ပွဲကို ရယူမယ်။ ဒီကမ္ဘာမြေ တစ်ခုတည်းရဲ့ စွမ်းအင်နဲ့တင် မဟာမိစ္ဆာဧကရာဇ်က နိုးထလာပြီး ပြန်ရောက်လာလိမ့်မယ်။ အဲဒီအချိန်ကျရင် ငါတို့ကို ကျွန်ပြုခဲ့တဲ့ မျိုးနွယ်စုတွေ အကုန်လုံး အစအနမကျန် ဖျက်ဆီးခံရလိမ့်မယ်။"
အိပ်မက်ဆိုး မိစ္ဆာဘုရင်က သက်ပြင်းချလိုက်သည်။ "အရှင်မင်းကြီး... ကျွန်တော်မျိုးရဲ့ သခင်... ကျွန်တော်မျိုး ဆက်ပြီး အလုပ်အကျွေး မပြုနိုင်တော့ဘူး။ ကျွန်တော်မျိုးရဲ့ ခရီးက ဒီမှာတင် ဆုံးပါပြီ။"
ထိုသို့ပြောပြီးသည်နှင့် အလင်းလုံးလေးလုံး ပျောက်ကွယ်သွားတော့၏။ အိပ်မက်ဆိုး မိစ္ဆာဘုရင် လုံးဝ သေဆုံးသွားလေပြီ။ သူ၏ တည်ရှိမှုသည်လည်း ဟင်းလင်းပြင်တိုင်းနှင့် ကမ္ဘာလောကတိုင်းမှနေ၍ အကြွင်းမဲ့ ဖျက်ဆီးခံလိုက်ရသည်။
**--**--**--**--**--**--**--**
တစ်ချိန်တည်းမှာပင် ထိုက်ခန်အင်ပါယာ၏ မြို့တော်၌ တုရှောင်က ဖခင်ဖြစ်သူ၏ ရင်ခွင်ထဲသို့ ပြေးဝင်သွားပြီး ဖန်ရှောင်လေးက တုပိုင်၏ လည်ပင်းကို တင်းကျပ်စွာ ဖက်ထား၏။ တုမိုမှာမူ ဘေးတွင်ရပ်နေပြီး ရှေ့သို့ တိုးလာရန် ခဏတာ တုံ့ဆိုင်းနေသည်။ (ဖန်ရှောင်က တာ့နင်က အိမ်ရှေ့စံမင်းသမီးလေး တုရှောင်ပါ။)
တုပိုင်က လက်လှမ်းကာ သူ၏ သားသမီးသုံးယောက်စလုံးကို နွေးထွေးတင်းကျပ်စွာ ပွေ့ဖက်ထားလိုက်၏။
ယခင်က အိပ်မက်ဆိုး မိစ္ဆာဘုရင်သည် တုပိုင်အဖြစ် ရုပ်ဖျက်ကာ မြို့တော်သို့ ပြန်လာခဲ့စဉ်က လူအများစုမှာ ထိုလှည့်စားမှုကို သတိမထားမိခဲ့ကြပေ။ ထိုက်ခန်အင်ပါယာ၏ ပထမ စစ်သေနာပတိ လီစစ်စစ်ပင်လျှင် သတိမထားမိခဲ့ချေ။
သို့သော် တုပိုင်၏ သားသမီးသုံးယောက်နှင့် ဇနီးအချို့မှာမူ ထိုအတုအယောင်သည် သူမဟုတ်ကြောင်းကို ချက်ချင်းနီးပါး သိရှိခဲ့ကြသည်။ သူတို့ထဲမှ မည်သူကမျှ ဖွင့်မပြောရဲခဲ့ကြသော်လည်း သူတို့၏ နှလုံးသားများမှာ ငရဲထဲသို့ ကျရောက်သွားသကဲ့သို့ ခံစားခဲ့ကြရ၏။
သို့သော် ယခုအခါ အစစ်အမှန် တုပိုင် အမှန်တကယ် ပြန်လည်ရောက်ရှိလာလေပြီ။ ပြိုင်ဘက်ကင်းလောက်အောင် စွမ်းအားကြီးမားလှသည့် အိပ်မက်ဆိုး မိစ္ဆာကြီးသည်လည်း နောက်ဆုံး၌ ကျဆုံးသွားရပြီ ဖြစ်၏။
တုရှောင်က မေးသည်။ "အဖေ... အကုန်လုံး ပြီးသွားပြီလား။"
တုပိုင်က ညင်သာစွာ ပြန်ဖြေ၏။ "အင်း... ကမ္ဘာမြေမျက်နှာပြင်ပေါ်က မိစ္ဆာတွေ အကုန်လုံး ရှင်းလင်းပြီးသွားပြီ။"
လက်ရှိအချိန်၌ ကံကြမ္မာ မိစ္ဆာ တစ်ပါးသာ ကျန်ရှိသည်။ ကံကြမ္မာ မိစ္ဆာကို သုတ်သင်ပြီးသွားသည်နှင့် ကမ္ဘာမြေကြီး တစ်ခုလုံး အပြည့်အဝ လွတ်မြောက်သွားမည် ဖြစ်၏။
လက်ရှိ ကမ္ဘာမြေသည် အရိုင်းအစိုင်းဆန်ပြီး ရက်စက်ကြမ်းကြုတ်သော နေရာတစ်ခု ဖြစ်နေသော်ငြား ၊ လူသားများ၏ မွေးရပ်မြေ ဖြစ်သည်။
**--**--**--**--**--**--**--**
အခန်းထဲ၌ တုပိုင်နှင့် တုရှောင်တို့ နှစ်ယောက်တည်းသာ ရှိနေ၏။ တုပိုင်က ညင်သာစွာ ပြောသည်။ "ရှောင်ရှောင်... အဖေ သမီးအမေကို တွေ့ခဲ့တယ်။"
တုရှောင်၏ မျက်လုံးများထဲ၌ မျက်ရည်များ ပြည့်လျှံလာပြီး သူမက ခပ်သွက်သွက် ခေါင်းညိတ်လိုက်၏။ "သမီး သိတယ်။ အမေ မြင့်မြတ်နယ်မြေမှာ ရှိတယ်လို့ အိပ်မက်ဆိုး မိစ္ဆာ ပြောတယ်။ ပြီးတော့ အမေ့ဆီ သွားချင်လားလို့ မေးတယ်။ ဒါပေမဲ့ သမီး ငြင်းလိုက်တယ်။ အဖေ ပြန်လာတာကို သမီး စောင့်ချင်လို့။ ပြီးတော့ မောင်လေးနဲ့ ညီမလေးကို ကာကွယ်ပေးဖို့ သမီး ကျန်ခဲ့ရမယ်လေ။"
တုပိုင်က လက်လှမ်းကာ သူမ၏ ခေါင်းလုံးလုံးလေးကို ချစ်ခင်ယုယစွာ ပွတ်သပ်ပေးလိုက်သည်။ "အခု အိပ်မက်ဆိုး မိစ္ဆာ သေသွားပြီဆိုတော့ သမီး အမေ့ဆီသွားလည်ဖို့ အဖေနဲ့အတူ လိုက်ချင်လား။ သမီးအမေနဲ့ အတူတူ နေချင်လား။"
တုရှောင်၏ မျက်လုံးများ အရောင်လက်သွား၏။ သေချာပေါက် သူမ သွားချင်သည်သာ။ လွန်ခဲ့သည့် ဆယ်နှစ်တာ ကာလတစ်လျှောက်လုံး သူမသည် မိခင်ဖြစ်သူကို နေ့တိုင်း လွမ်းဆွတ်ခဲ့ရပြီး အတူတကွ ပြန်လည်နေထိုင်ရရန် အိပ်မက်မက်ခဲ့ရသည်။ သို့သော် သူမက ချက်ချင်း လက်မခံဘဲ မေးလိုက်၏။ "အဖေ... သမီး အဲဒီကို သွားသင့်လား။"
တုပိုင် ခဏတာ တိတ်ဆိတ်သွားပြီးနောက် ခေါင်းခါလိုက်သည်။ "ဟင့်အင်း... သမီး လောလောဆယ် ဒီမှာပဲ နေသင့်တယ်။ အချိန်ကျလာတဲ့အခါ သမီးတို့အားလုံးနဲ့ ပြန်ဆုံဖို့ သမီးအမေကို အဖေ ပြန်ခေါ်လာမယ်။ ဟိုက လှပတဲ့ နေရာတစ်ခုဆိုပေမဲ့ အဲဒါက အဖေတို့အိမ်မှ မဟုတ်တာ။ ကမ္ဘာမြေက အခုလောလောဆယ် ကြောက်စရာကောင်းပြီး ဖရိုဖရဲ ဖြစ်နေတဲ့နေရာ ဖြစ်ချင်ဖြစ်နေလိမ့်မယ်။ ဒါပေမဲ့ ဒါက အဖေတို့ရဲ့အိမ်ပဲလေ။"
တုရှောင်က ခိုင်မာစွာ ခေါင်းညိတ်လိုက်၏။ "ဟုတ်ကဲ့ပါ အဖေ"
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၁၀၆၅) ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။