အခန်း (၁၀၆၁)
Vol. 104 Ch. 1061
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၁၀၆၁)
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။
အိပ်မက်ဆိုး မိစ္ဆာဘုရင်က တုပိုင်အား စိုက်ကြည့်ပြီး ပြောလာသည်။
"တုပိုင်... မြင့်မြတ်နယ်မြေထဲက အရှေ့တိုင်းနဂါးရဲ့ ရုပ်အလောင်းက မယုံနိုင်လောက်အောင် အားကောင်းတယ်။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ မင်းက သူ့ရဲ့ စွမ်းအားတစ်ဝက်ကိုပဲ ထိန်းချုပ်နိုင်တယ်။ အရေးအကြီးဆုံးက သူက အရမ်းဝေးနေတော့ သူ့ရဲ့ စွမ်းအင်တွေ မင်းဆီရောက်ဖို့ ခဲယဉ်းတယ်။"
အရှေ့တိုင်းနဂါး၏ အစွမ်းနှင့် ပတ်သက်၍ သံသယဝင်စရာ မရှိချေ။ စိတ်ဝိညာဉ် အရိပ်အယောင်တစ်ခုမျှ မကျန်ရစ်တော့ဘဲ လုံးဝသေဆုံးသွားပြီ ဖြစ်သော်ငြားလည်း ရုပ်အလောင်းတစ်ခုတည်းနှင့်ပင် ကမ္ဘာမြေကို တုန်လှုပ်စေရန် လုံလောက်သည့် စွမ်းအားရှိနေဆဲပင်။
အတိတ်ကာလ၌ သူ၏ စွမ်းအားက မိစ္ဆာတပ်ရင်း သန်းပေါင်းများစွာကို အလွယ်တကူ သုတ်သင်နိုင်ခဲ့ပြီး လက်ရှိအချိန်၌လည်း မြင့်မြတ်နယ်မြေ၏ စွမ်းအင်ဗဟိုချက်အဖြစ် တည်ရှိနေ၏။
သို့သော် အိပ်မက်ဆိုး မိစ္ဆာဘုရင် ပြောသကဲ့သို့ပင် နဂါးကြီး၏ တည်နေရာမှာ အလွန်ဝေးကွာလွန်းလှပြီး သူတို့၏ လက်ရှိတည်နေရာနှင့် ကီလိုမီတာ တစ်သောင်းကျော် ကွာဝေးနေသည်။
စွမ်းအင်အရင်းအမြစ် တိုင်း၌ အကွာအဝေး ကန့်သတ်ချက် ရှိကြ၏။
အရှေ့တိုင်းနဂါး၏ အကြွင်းမဲ့ အကွာအဝေးမှာ အချင်း ကီလိုမီတာ တစ်ထောင်ဖြစ်ပြီး မြင့်မြတ်နယ်မြေ တစ်ခုလုံးကို ဖုံးလွှမ်းနိုင်စွမ်းရှိသည်။ ထိုနယ်မြေအတွင်း၌ သူ၏ စွမ်းအားတို့က ယှဉ်ပြိုင်နိုင်စွမ်း ကင်းမဲ့လုနီးပါးဖြစ်ကာ အိပ်မက်ဆိုး မိစ္ဆာဘုရင်ပင် မထိရဲချေ။ သို့သော် ထိုနယ်မြေ၏ အပြင်ဘက်သို့ ရောက်သွားသည်နှင့် စွမ်းအင်ဖြာထွက်မှုမှာ အလျင်အမြန် အားနည်းလာရသည်။
ယခုလက်ရှိအချိန်၌ နဂါးကြီးနှင့် ကီလိုမီတာ တစ်သောင်းကျော် ဝေးကွာနေသောကြောင့် တုပိုင်အနေဖြင့် နဂါးထံမှ စွမ်းအင် အနည်းငယ်ကိုသာ ဆွဲယူနိုင်၏။ ထို့အပြင် နဂါး၏ စွမ်းအားနောက်တစ်ဝက်မှ မိုဟန်နှင့် သက်ဆိုင်နေသည်။
သူမ၏ တစ်ဝက်မှာ ဧရာမ စွမ်းအင်အကာအကွယ်ကြီးကို ထိန်းသိမ်းထားရပြီး မြင့်မြတ်နယ်မြေကို ဆက်လက်လည်ပတ်စေရန် လုပ်ဆောင်နေရသောကြောင့် တုပိုင် အသုံးပြုရန်အတွက် စွမ်းအင် ပို၍ပင် နည်းပါးလာရသည်။
"ဟက်..." အိပ်မက်ဆိုး မိစ္ဆာဘုရင်က ပြုံးလိုက်၏။ "ဒါကြောင့် တုပိုင်... မင်းရဲ့ စွမ်းအားအဆင့်က ငါ့အောက် အများကြီး နိမ့်နေတုန်းပဲ။"
"အင်း..." တုပိုင်က တည်ငြိမ်စွာပင် ခေါင်းညိတ်လိုက်သည်။ "ငါသိတယ်။"
"ဒါတွေတင်မကသေးဘူး။" အိပ်မက်ဆိုး မိစ္ဆာဘုရင်က လှောင်ပြုံး ပြုံးလိုက်၏။ "ငါ့ဆီမှာ သန်းနဲ့ချီတဲ့ မိစ္ဆာစစ်တပ် ရှိနေသေးတယ်။ ဒါပေမဲ့ မင်းဆီမှာက ကာကွယ်ပေးရမယ့် သန်းနဲ့ချီတဲ့ ဝန်ထုပ်ဝန်ပိုးတွေပဲ ရှိတာ။"
သူက လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ရာ ရုတ်တရက် လူသန်းပေါင်းများစွာ ပေါ်လာ၏။ ထိုက်ခန်အင်ပါယာ မြို့တော်ရှိ လူများသာမက ကမ္ဘာမြေပေါ်၌ အသက်ရှင်ကျန်ရစ်သူ အားလုံးမှာ လေထဲ၌ အေးခဲနေကြသည်။
အိပ်မက်ဆိုး မိစ္ဆာဘုရင်က အေးစက်စွာ ကြုံးဝါးလိုက်သည်။ "သူတို့အားလုံးကို ၄၈ နာရီအတွင်း သုတ်သင်ပစ်မယ်လို့ ငါပြောခဲ့တယ်။ အဲဒီကတိက အတည်ပဲ။ ငါ့ကိုလာတိုက်ဖို့ မင်း ဒီကိုရောက်နေပေမဲ့ အချိန်မကုန်ခင် ငါ့ကို မသတ်နိုင်ရင် သူတို့အားလုံးကို သတ်ပစ်မယ်။ အဲဒီအထဲမှာ မင်းရဲ့ ဇနီးနဲ့ သားသမီးတွေလည်း ပါလိမ့်မယ်။ အားလုံးကို သတ်ပစ်မယ်။ သူတို့ နာကျင်မှုမရှိဘဲ သေဆုံးသွားကြလိမ့်မယ်။ အခု မင်းမှာ ၅၁ မိနစ် အချိန်ကျန်သေးတယ်။"
တုပိုင်ကမူ တည်ငြိမ်စွာပင် မြို့ကို ပတ်ပတ်လည် ဝေ့ကြည့်လိုက်၏။ "ဒီမြို့ကို တည်ဆောက်ရတာ မလွယ်ဘူး။ ငါတို့ အပြင်ထွက် တိုက်ကြရင် ဘယ်လိုလဲ။"
အိပ်မက်ဆိုး မိစ္ဆာဘုရင်က ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီလေ။ လီရှောင်ချန်က အမြင်မရှိပေမဲ့ အနည်းဆုံးတော့ ကိုယ့်ကိုယ်ကိုယ် သိတယ်။ ဒီနန်းတော်က ဂိမ်းထဲက လစ်ချ်ဘုရင်ရဲ့ ရေခဲသရဖူခံတပ်ကို ကူးချထားတာ ဆိုပေမဲ့ ကြည့်ရတာ တော်တော်လေး အထင်ကြီးစရာကောင်းပြီး အမှောင်ထု အပြင်အဆင်နဲ့ ကွက်တိကျတယ်။ ဒါပေမဲ့ တကယ်ပြောရရင် ကျောက်ယန်ဖိန်ရဲ့ အိပ်မက်ဆန်တဲ့ မှော်နန်းတော်ဆိုတာကြီးက ဘာခွေးချေးလဲ။"
တုပိုင် လုံးဝ သဘောတူသည်။ ရေခဲသရဖူခံတပ်သည် ဂိမ်းထဲ၌သာ တည်ရှိသော်လည်း လီရှောင်ချန်က လက်တွေ့ဘဝတွင် တည်ဆောက်နိုင်ခဲ့ခြင်းမှာ အမှန်တကယ်ပင် အထင်ကြီးလောက်စရာ ဖြစ်၏။
အိပ်မက်ဆိုး မိစ္ဆာဘုရင် သူ၏ ရွှေရောင်နဂါးတောင်ဝှေးကို ဆုပ်ကိုင်ကာ တုပိုင်နှင့်အတူ အပြင်ဘက်သို့ လျှောက်သွားလိုက်၏။ "ငါ မင်းအယောင်ဆောင်ပြီး မြို့တော်မှာ နေလာတာ အတော်ကြာပြီ။ ဒီနန်းတော်က နည်းနည်းတော့ စွဲလမ်းစရာကောင်းတယ်။ တကယ်ကို ထွက်မသွားချင်ဘူး။ ဒါပေမဲ့ သေချာတာကတော့ ဒီနေ့ မင်းသေပြီးတဲ့နောက် ငါ ဒီမှာ ထာဝရ နေခွင့်ရလိမ့်မယ်။"
တုပိုင်က မျက်ခုံးပင့်လိုက်သည်။ "မင်းရဲ့ ကိုယ်ပိုင်ခိုအောင်းရာနေရာက တကယ်ပဲ အဲဒီလောက် နေရခက်တာလား။"
အိပ်မက်ဆိုး မိစ္ဆာဘုရင်က ပခုံးတွန့်လိုက်၏။ "ငါတို့ ယဉ်ကျေးမှုက နေထိုင်မှုအခြေအနေကို သိပ်ဂရုမစိုက်ဘူး။ မြေအောက်မှာ နေရတာကို နှစ်သက်တော့ အများအားဖြင့် တွင်းပဲတူးကြတယ်။ ငါ့သွေးနွယ်ဖွား မိစ္ဆာတွေက အဆင်ပြေပေမဲ့ မသေမျိုး မိစ္ဆာတွေကတော့ တကယ် ရွံဖို့ကောင်းတာ။ နေရာတိုင်းမှာ အစိမ်းရောင်အရည်တွေ စီးဆင်းနေပြီး နေရာတစ်ခုလုံး ရွှံ့တွေ ဖုံးလွှမ်းနေတာပဲ။"
တုပိုင် ရုတ်တရက် ကြက်သီးထသွားသည်။
အိပ်မက်ဆိုး မိစ္ဆာဘုရင်က မျက်မှောင်ကြုတ်လိုက်သည်။ "ငါ့ရဲ့ ဘယ်စကားက မင်းကို ဒီလောက် နေရခက်သွားစေတာလဲ။ ဘယ်မှတ်ဉာဏ်ကို သွားဆွမိလိုက်တာလဲ။"
တုပိုင်က စိုက်ကြည့်လိုက်၏။ "အရှေ့ယင်းအင်ပါယာကို မင်းသိလား။ ကမ္ဘာမြေပေါ်က အရှေ့ယင်းလေ။" (ဂျပန်)
အိပ်မက်ဆိုး မိစ္ဆာဘုရင်က ခေါင်းညိတ်လိုက်သည်။ "အင်း... သေချာပေါက် သိတာပေါ့။ သူတို့က လူကြီးကားတွေနဲ့ အကျော်ကြားဆုံးလေ။ အဝတ်ဗလာနဲ့ ယောက်ျား မိန်းမတွေ ကုတင်ပေါ်မှာ နပန်းလုံးကြတဲ့ ကားတွေပေါ့။"
တုပိုင်က မျက်ခုံးပင့်လိုက်သည်။ "မင်းရော အဲဒီကားတွေ ကြည့်လား။"
အိပ်မက်ဆိုး မိစ္ဆာဘုရင်က ရယ်မောလိုက်၏။ "ဟားဟား... ငါက သိပ်မကြည့်ပါဘူး။ ဒါပေမဲ့ ကျောက်ယန်ဖိန်က အမြဲကြည့်လေ့ရှိတယ်။ သူက နေ့တိုင်း ကားပေါင်းများစွာ ကြည့်တတ်တယ်။ နှစ်တွေကြာလာတော့ သူ ကားပေါင်း သောင်းနဲ့ချီ ကြည့်ပြီးလောက်ပြီ။ ဒါပေမဲ့ ကြည့်လေ ပိုပြီး အားမလိုအားမရ ဖြစ်လာလေပဲ။ တကယ်တော့ သူကိုယ်တိုင် အချစ်အက်ရှင်ကားကြီး ရိုက်ချင်တာ။ ကံမကောင်းစွာနဲ့ သူ့အစီအစဉ်တွေကို မင်း ဖျက်ဆီးပစ်လိုက်တယ်လေ။"
အိပ်မက်ဆိုး မိစ္ဆာဘုရင်က လက်ကာပြလိုက်သည်။ "ထားလိုက်ပါတော့... မင်းအကြောင်း ဆက်ပြောဦး။ ငါ့ရဲ့ ဘယ်စကားက မင်းကို အဲဒီလို တုံ့ပြန်သွားစေတာလဲ။"
တုပိုင်က မျက်မှောင်ကြုတ်လိုက်၏။ "နေရာတိုင်းမှာ အစိမ်းရောင်အရည်တွေ စီးဆင်းနေတယ်ဆိုတာလေ။ တစ်ခါက အရှေ့ယင်းက လူကြီးကားရိုက်ကွင်း နောက်ကွယ်အကြောင်း မှတ်တမ်းရုပ်ရှင်တစ်ခု ငါကြည့်ဖူးတယ်။ မင်းသားတစ်ယောက်က အဲဒီအချိန်တုန်းက မင်းသမီးဆီကနေ အစိမ်းရောင်အရည်တွေ ယိုစိမ့်နေတယ်လို့ ပြောတယ်။ မင်းသမီးက နေမကောင်းဖြစ်နေတာ သိသာပေမဲ့ ဒါရိုက်တာက သူ့ကို အတင်းအကျပ်..."
အိပ်မက်ဆိုး မိစ္ဆာဘုရင်က သူ့စကားကို ဖြတ်ရန် လက်ကို အမြန်ဝှေ့ယမ်းလိုက်၏။ "ဆက်မပြောနဲ့တော့။ အရှင်တုပိုင်... တာ့နင်အင်ပါယာမှာ ငါမင်းကို နှစ်အတော်ကြာ ဒုက္ခပေးခဲ့တာ သိပေမဲ့ မင်းက ငါ့ကို ဒီလိုမျိုး ကလဲ့စားချေဖို့ မလိုပါဘူး။ ဒါကိုကြားပြီးသွားတော့ နောက်နောင် ဆွဲဆောင်မှုရှိတဲ့ မိစ္ဆာမလေးတွေကို ငါဘယ်လို လုပ်ကြည့်ရတော့မလဲ။"
တုပိုင် အံ့ဩသွားသည်။ "အိပ်မက်ဆိုး မိစ္ဆာဘုရင်... မင်း တကယ်ပဲ မိန်းမတွေနဲ့ အိပ်တတ်လို့လား။"
အိပ်မက်ဆိုး မိစ္ဆာဘုရင်က နှာခေါင်းရှုံ့လိုက်၏။ "ဟမ့်... ဘာလို့ အဲဒီလောက် ထူးဆန်းနေရတာလဲ။ ငါက စွမ်းအားကြီးတဲ့ အဆင့်မြင့် သက်ရှိဖြစ်နေလို့ မိန်းမတွေကို မနှစ်သက်ဘူးလို့ မင်းထင်နေတာလား။ လူ့သမိုင်းမှာရှိတဲ့ ကြီးမြတ်တဲ့ သူတော်စင်တွေတောင် နှစ်ရက်သုံးရက်လောက်နေရင် မိန်းမတစ်ယောက်နဲ့ ကုတင်ပေါ်တက်လေ့ ရှိကြတာပဲ။"
လက်ရှိအချိန်၌ သူတို့နှစ်ဦးသည် မြို့တော်မှ မိုင်နှစ်ရာကျော်သို့ ရောက်လာကြပြီဖြစ်သည်။
"ငါတို့ ဒီမှာပဲ တိုက်ကြမလား။ မင်းမှာ ၄၃ မိနစ် ကျန်သေးတယ်။ မင်းသာ ကျရှုံးသွားရင် မင်းရဲ့ ဇနီးနဲ့ သားသမီးတွေ အပါအဝင် ထိုက်ခန်အင်ပါယာထဲက လူသားအားလုံး သေရလိမ့်မယ်။ ငါ့ကို မသတ်နိုင်သရွေ့ သေမင်းလက်ကနေ သူတို့ကို ဘယ်သူမှ မကယ်နိုင်ဘူး။"
တုပိုင်က ခေါင်းညိတ်လိုက်၏။ "ကောင်းပြီလေ။"
အိပ်မက်ဆိုး မိစ္ဆာဘုရင်က သူ၏ လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်သည်။
ချက်ချင်းဆိုသလိုပင် သူတို့ခြေအောက်ရှိ မြေပြင်က ရုတ်ချည်း စုတ်ပြဲသွား၏။ ကီလိုမီတာ တစ်ရာကျော် ကျယ်ဝန်းသည့် ဧရာမ မြေကွက်ကြီးတစ်ခုသည် မြေကြီးထဲမှ ကွဲထွက်သွားကာ ကောင်းကင်ပေါ်သို့ ပေါလောပေါ်တက်သွား၏။ ထိုမိုင်တစ်ရာ ပတ်လည်အတွင်းရှိ အိမ်များ ၊ မြစ်များနှင့် တောင်များအားလုံး လေထဲသို့ မြောက်တက်လာကြသည်။
အိပ်မက်ဆိုး မိစ္ဆာဘုရင်က ပြုံးလိုက်သည်။ "လာစမ်းပါ။"
ရုတ်တရက် အမှောင်ထုက သူတို့ကို လုံးဝ ဝန်းရံသွား၏။ ဤသည်မှာ မိစ္ဆာ၏ အမှောင်ဟင်းလင်းပြင်ပင်။ အိပ်မက်ဆိုး မိစ္ဆာဘုရင်သည် အရာအားလုံး မှောင်မည်းနေသည့် မိစ္ဆာဟင်းလင်းပြင်ခွဲတစ်ခုကို ဖန်တီးလိုက်ခြင်း ဖြစ်သည်။ တုပိုင်၏ နဂါးစွမ်းအင်ကို ဖိနှိပ်ရန်အတွက် သူက အထူးရည်ရွယ်၍ ဤသို့ လုပ်ဆောင်လိုက်ခြင်းဖြစ်၏။
အမှောင်ထုထဲ၌ ထူးဆန်းပြီး ဆိုးယုတ်သည့် ရယ်သံများ ပဲ့တင်ထပ်လာ၏။ "ဟားဟားဟားးး"
ထိုနောက် ချက်ချင်းဆိုသလိုပင် ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်၌ မရေမတွက်နိုင်သည့် အက်ကွဲကြောင်းများ စုတ်ပြဲသွားသည်။ ထို့နောက် အက်ကွဲကြောင်းများထဲမှ အဆုံးအစမဲ့ မိစ္ဆာအုပ်ကြီး အလုံးအရင်းနှင့် ထွက်လာကြ၏။ သောင်းချီ ၊ သိန်းချီ၊ သန်းနှင့်ချီ၍ ထွက်လာကြသည်။ ထိုမိစ္ဆာများက ဧရာမ ဒီရေလုံးကြီးတစ်ခုအလား စီးထွက်လာကြ၏။
မရေမတွက်နိုင်သည့် မိစ္ဆာများသည် ထူးဆန်းသည့် အလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားကာ တုပိုင်ဆီသို့ တိုက်ရိုက် ပြေးဝင်လာကြ၏။ ဤသည်မှာ အသေခံတိုက်ခိုက်မှုပင်။
တုပိုင် ဂုဏ်ယူသင့်သည်။ ရန်သူတစ်ယောက်သည် သူ၏ပြိုင်ဘက်က အလွန်တရာ အားကောင်းနေမှသာ အသေခံတိုက်ခိုက်မှုကို အသုံးပြုမည် ဖြစ်၏။
"ဝုန်းးး ဝုန်းးး ဝုန်းးး"
မရေမတွက်နိုင်သည့် ပေါက်ကွဲသံများ ထွက်ပေါ်လာ၏။
မိစ္ဆာများက တုပိုင်အား အကြမ်းပတမ်း ဝင်တိုက်လိုက်ကြပြီး သူ၏ ကိုယ်တွင်းရှိ နဂါးစွမ်းအင်ကို တဖြည်းဖြည်းချင်း တစ်စစီ ချေဖျက်ပစ်လိုက်ကြသည်။ တုပိုင်၏ အားကောင်းသည့် စွမ်းအင်များ ဆက်တိုက် ယိုစိမ့်ထွက်လာတော့၏။
တုပိုင် သူ၏ စိတ်ဝိညာဉ်စွမ်းအားကို စုစည်းလိုက်ပြီး ကီလိုမီတာ တစ်သောင်းကျော်အကွာရှိ အရှေ့တိုင်းနဂါးထံမှ စွမ်းအင်များကို ပိုမိုဆွဲယူနိုင်ရန် အပြင်းအထန် ကြိုးစားလိုက်သည်။
သို့သော် လုံးဝ အချည်းနှီးသာ ဖြစ်၏။ သူသည် အိပ်မက်ဆိုး မိစ္ဆာဘုရင် ဖန်တီးထားသည့် မိစ္ဆာဟင်းလင်းပြင်ထဲသို့ ဆွဲသွင်းခံလိုက်ရသောကြောင့် ပြင်ပကမ္ဘာနှင့် လုံးဝ အဆက်အသွယ် ပြတ်တောက်သွားလေပြီ။
ဤစစ်မြေပြင်က လှပမနေသလို အိပ်မက်တစ်ခုလည်း မဟုတ်နေပေ။
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၁၀၆၁) ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။