← Chapters

အခန်း (၁၀၆၃)

Vol. 104 Ch. 1063

အခန်း (၁၀၆၃)

Vol. 104 Ch. 1063

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၁၀၆၃)

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

သူ့အား တောင်ဝှေးဖြင့် ရိုက်ချလိုက်သည်ဟု တုပိုင် မခံစားရပေ။ ထိုအစား ကောင်းကင်ကြီးတစ်ခုလုံး ပြိုကျလာသကဲ့သို့ ခံစားလိုက်ရ၏။ ကောင်းကင်ယံမှ ကျဆင်းလာသည့် ဧရာမ အမှောင်စွမ်းအင်များကို တုပိုင် ရှင်းလင်းစွာ ခံစားလိုက်ရသည်။

ထိုစွမ်းအားမှာ အလွန်တရာ အားကောင်းလွန်းလှပြီး တန်သန်းပေါင်းများစွာဖြင့်ပင် တိုင်းတာ၍ ရနိုင်မည် မဟုတ်ချေ။ အလွန်တရာ ပြင်းထန်လှသည့် အင်အားက တုပိုင်၏ ခန္ဓာကိုယ်အား အပြင်းအထန် ရိုက်ခတ်သွား၏။

ချက်ချင်းဆိုသလိုပင် သူ၏ ရွှေရောင်ခန္ဓာကိုယ်မှာ အပိုင်းပိုင်းအစစ ကြေမွသွားတော့သည်။ သူ၏ ခြေအောက်ရှိ ကီလိုမီတာ တစ်ရာကျော် ကျယ်ဝန်းသည့် မြေပြင်မှာလည်း မရေမတွက်နိုင်သည့် ဖုန်မှုန့်များအဖြစ် ချက်ချင်း ကြေမွသွားရ၏။

အိပ်မက်ဆိုး မိစ္ဆာဘုရင်က တုပိုင်၏ ကြေမွနေသည့် အကြွင်းအကျန်များကို အော်ဟစ်လိုက်သည်။ "တုပိုင်၊ မင်းဆီမှာ နဂါးစွမ်းအင်ရှိတော့ ဘာဖြစ်လဲ။ ငါ့ဆီမှာလည်း ရှိတယ်။"

သို့သော် နောက်တစ်စက္ကန့်၌ပင် တုပိုင်၏ ကြေမွသွားသည့် အမှုန်အမွှားများက ပြန်လည်စုစည်းသွားပြီး တုပိုင်အသစ်တစ်ယောက်အဖြစ် ပုံပေါ်လာ၏။

မိစ္ဆာဘုရင်က ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

"အားးး" သူက ရွှေရောင်နဂါးတောင်ဝှေးကြီးကို ထပ်မံ ဝှေ့ယမ်းလိုက်သည်။

"ရွှမ်းးး"

"ဝေါင်းးးး"

ပျက်စီးယိုယွင်းနေသည့် အမှောင်နဂါးစိတ်ဝိညာဉ်တစ်ခုက ရူးသွပ်စွာ ထွက်ပေါ်လာပြီး တုပိုင်၏ ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက် ဝင်တိုက်၏။

ချက်ချင်းဆိုသလိုပင် တုပိုင်မှာ ထပ်မံ၍ အပိုင်းပိုင်းအစစ ကြေမွသွားကာ ပြာအဖြစ်သို့ ပြောင်းလဲသွားသည်။

သို့သော် နောက်တစ်စက္ကန့်၌ပင် သူ၏ ခန္ဓာကိုယ်က အနည်းငယ်မျှပင် ထိခိုက်ဒဏ်ရာမရဘဲ နောက်တစ်ကြိမ် ပြန်လည်ဖွဲ့စည်းလာ၏။

"သေစမ်း ၊ သေစမ်း ၊ သေလိုက်စမ်း။" မိစ္ဆာဘုရင်က ရူးသွပ်စွာ ဂါထာမန္တန်များကို ရွတ်ဆိုလိုက်ရာ အလွန် ကြီးမားလှသည့် အမှောင်မှော်ပညာများ ထွက်ပေါ်လာသည်။

"ဝုန်းးးးး" ကောင်းကင်ယံ၌ အမှောင်မီးတောက်တစ်ခု လင်းလက်လာ၏။ ထိုအရာက တွင်းနက်ကြီးတစ်ခုနှင့် သွားတူနေသည်။

ဤသည်မှာ အိမ်မက်ဆိုး မိစ္ဆာဘုရင်၏ အန္တိမ မီးတောက်ပင်။ မီးတောက်ကြီးမှာ ပို၍ ကြီးမားလာကာ နောက်ဆုံး၌ မိုင်တစ်ရာကျော်အထိ ကြီးမာလာသည်။

မီးတောက်ကြီးက မိုင်တစ်ထောင်အတွင်းရှိ နေရောင်ခြည်အားလုံးကို ဝါးမျိုပစ်လိုက်သည်။ နေ့ခင်းဘက် ဖြစ်နေသော်ငြား ကောင်းကင်ကြီးမှာ ညသန်းခေါင်ယံထက် ပို၍ မှောင်မိုက်သွား၏။

"သေစမ်း။"

မိစ္ဆာဘုရင်က သူ၏ ရွှေရောင်တောင်ဝှေးကြီးဖြင့် ရိုက်ချလိုက်ပြန်သည်။ ဧရာမ အမှောင်မီးတောက်ကြီးက တုပိုင်၏ အပေါ်သို့ ပြုတ်ကျလာ၏။

"ဝုန်းးး"

တုပိုင် နောက်တစ်ကြိမ် လုံးဝ ဖျက်ဆီးခံလိုက်ရသည်။

ဤတစ်ကြိမ်တွင် သူသည် အပိုင်းပိုင်းအစစ ကြေမွသွားရုံသာမက ရွှေရောင်အမှုန်အမွှား တစ်ခုလေးမျှပင် ကျန်ရစ်မနေချေ။

မိစ္ဆာဘုရင်က အမောတကော ပြောလိုက်သည်။ "သေစမ်း ၊ သေစမ်း။ မင်းရဲ့ စွမ်းအင်ခန္ဓာကိုယ်က ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်ရင်တောင် ငါ့ရဲ့ မိစ္ဆာဘုရင်မီးတောက်တွေကိုတော့ ခုခံနိုင်မှာ မဟုတ်ဘူး။"

တုပိုင်၏ ခန္ဓာကိုယ်တစ်ခုလုံးနှင့် သူ၏ စိတ်ဝိညာဉ်ပင်လျှင် မီးခိုးငွေ့အဖြစ်သို့ ပြောင်းလဲသွားလေပြီ။ အမှောင် အရိပ်အကြမ်းဖျင်း ပုံစံလေးသာ လှုပ်ရှားမှုမရှိဘဲ ကျန်ရစ်နေ၏။

သို့သော် နောက်တစ်စက္ကန့်၌ပင် မရေမတွက်နိုင်သည့် ရွှေရောင်အလင်းတန်းများနှင့် အရိပ်များက ကောင်းကင်ယံမှ မိုးရွာချသည့်အလား ကျဆင်းလာသည်။

ရွှေရောင်အလင်းတန်းများက ကောင်းကင်ယံ၌ ကီလိုမီတာ တစ်သောင်းကျော်အထိ ရှည်လျားစွာ တန်းနေပြီး ဧရာမ ရွှေရောင်သက်တံတံတားကြီး တစ်စင်းနှင့် သွားတူနေ၏။ ထိုရွှေရောင်စွမ်းအင်များက တုပိုင်၏ အမှောင်အရိပ်လေးထဲသို့ အဆုံးအစမဲ့ စီးဝင်သွားကြသည်။

မိနစ်အနည်းငယ်အတွင်းမှာပင် တုပိုင်၏ ခန္ဓာကိုယ်က နောက်တစ်ကြိမ် ပြန်လည်ဖွဲ့စည်းသွားပြီး ရာခိုင်နှုန်းပြည့် ပြန်လည်ကောင်းမွန်လာ၏။

သူသည် သွေးအပြည့်ဖြင့် နောက်တစ်ကြိမ် ပြန်လည်ရှင်သန်လာလေပြီ။ ဂိမ်းထဲမှ ဇာတ်ကောင်ကဲ့သို့ပင်။

"အားးး ၊ အားးး ၊ အားးး ၊ အားးး"

မိစ္ဆာဘုရင်မှာ ရူးသွပ်မတတ် ဖြစ်သွားပြီး လုံးဝ ပြိုလဲသွားရတော့သည်။ ဘာကြောင့် ဤသို့ ဖြစ်ရသနည်း။ မည်သို့ ဖြစ်နိုင်မည်နည်း။

တုပိုင်၏ စွမ်းအင်အဆင့်မှာ သူ၏ စွမ်းအင်အဆင့်ထက် သိသိသာသာ နိမ့်ကျနေသည်မှာ ထင်ရှားလှ၏။

အဘယ်ကြောင့် သူ့အား သတ်၍မရသနည်း။

နဂါးမျိုးနွယ်၏ စွမ်းအင်နိယာမများက အမှန်တကယ်ပင် သူတို့ လုပ်ချင်ရာကို လုပ်ခွင့်ပေးထားသည်လော။ တုပိုင်က တကယ်ကို မသေနိုင်တော့သည်လော။

တုပိုင်က ပြုံးလိုက်သည်။ "အိပ်မက်ဆိုး မိစ္ဆာဘုရင်... ငါ့စွမ်းအင်အဆင့်က မင်းထက် အများကြီး နိမ့်နေတာ အမှန်ပဲ။ မင်း ငါ့ကို အလွယ်တကူ အထပ်ထပ် ဖျက်ဆီးပစ်နိုင်တယ်။ ဒါပေမဲ့ အရှေ့တိုင်းနဂါးရဲ့ စွမ်းအင်က အဆုံးအစမဲ့လုနီးပါးမလို့ ငါက လုံးဝနီးပါး မသေနိုင်တော့ဘူး။ မင်း ငါ့ကို ဘယ်တော့မှ သတ်နိုင်မှာ မဟုတ်ဘူး။"

မိစ္ဆာဘုရင်၏ မျက်နှာက အေးစက်သေဆုံးနေသည့် အမူအရာသို့ ပြောင်းလဲသွားသည်။ "ဟုတ်လို့လား။ ဒါပေမဲ့ မင်းလည်း ငါ့ကို ဘယ်တော့မှ သတ်နိုင်မှာ မဟုတ်ဘူးလေ။"

သူက လှောင်ပြုံး ပြုံးလိုက်သည်။ "ဘာပဲဖြစ်ဖြစ် မင်းစွမ်းအင်အဆင့်က ငါ့ထက် အများကြီး နိမ့်နေတာလေ။ ငါ့ကို သတ်ဖို့ နေနေသာသာ ခြစ်ရာလေးပေးဖို့တောင် မဖြစ်နိုင်ဘူး။"

တုပိုင် တိတ်ဆိတ်သွား၏။

မိစ္ဆာဘုရင်က အေးစက်စွာ ပြောသည်။ "ငါ မင်းကို သတ်လို့မရဘူး။ ဒါပေမဲ့ ဘာဖြစ်လဲ။ မင်းမှာ ဂရုစိုက်ရမယ့်သူတွေ ၊ ချစ်ရတဲ့သူတွေ ရှိတယ်။ ငါ့မှာတော့ မရှိဘူး။ အဲဒီတော့ ငါ့မှာ အားနည်းချက် ၊ အပြစ်အနာအဆာဆိုတာ မရှိဘူး။"

မိစ္ဆာဘုရင်က ခါးသီးစွာ ဆက်ပြောသည်။ "တုပိုင်... ငါ မင်းကို သတ်လို့မရဘူး။ ဒါပေမဲ့ လူသားတွေ အားလုံးကို ငါ သတ်ပစ်လို့ရတယ်။ သူတို့ကို မင်း ဂရုမစိုက်ဘူးလား။ မင်းရဲ့ ဇနီး ၊ သမီး ၊ သားတွေကိုပါ ငါ သတ်ပစ်မယ်။ မင်းကို သတ်လို့ မရပေမဲ့ သေချင်စိတ်ပေါက်သွားအောင် ငါ လုပ်နိုင်တယ်။ ဒါလည်း အောင်ပွဲတစ်မျိုးပဲ မဟုတ်လား။"

မိစ္ဆာဘုရင်က အရူးတစ်ယောက်လို ရယ်မောလိုက်သည်။ "ဟားဟားဟား သေစမ်း ၊ သေလိုက်စမ်း။"

ထို့နောက် သူ၏ လက်ထဲရှိ ရွှေရောင်နဂါးတောင်ဝှေးကို ဝှေ့ယမ်းလိုက်၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုက်ခန်အင်ပါယာ၏ မြောက်ဘက်မှ တောင်ဘက်အထိ မရေမတွက်နိုင်သည့် လူသားများမှာ ရုတ်ချည်း ဖျက်ဆီးခံလိုက်ရသည်။

အရိပ်အယောင် တစ်ခုလေးမျှပင် မကျန်ရစ်ဘဲ သူတို့၏ စိတ်ဝိညာဉ်များပါ ပျက်စီးသွားကာ လုံးဝ ပျောက်ကွယ်သွားကြ၏။ ရုပ်သေးမဟာမိတ်အဖွဲ့များထဲမှ အသက်ရှင်ကျန်ရစ်သူ သိန်းနှင့်ချီကာ ပျောက်ကွယ်သွားကြသည်။

လေလွင့်မဟာမိတ်အဖွဲ့မှ အသက်ရှင်ကျန်ရစ်သူ သန်းနှင့်ချီကာ အပိုင်းပိုင်းအစစ ကြေမွသွားသည်။

နောက်ထပ်မှာ ထိုအင်ပါယာ၏ မြောက်ဘက်ရှိ အခြေချနေထိုင်ရာ နေရာများနှင့် မြို့များပင်။ ထောင်ပေါင်းများစွာ ၊ သောင်းပေါင်းများစွာ ၊ သိန်းပေါင်းများစွာသော လူသားများ ပျောက်ကွယ်သွားကြ၏။

မိစ္ဆာဘုရင်မှာ လူသားများကို အရူးတစ်ယောက်ကဲ့သို့ သတ်ဖြတ်နေသည်။

မိစ္ဆာဘုရင်က ရူးသွပ်စွာ ရယ်မောလိုက်သည်။ "ဟားဟားဟားးး တုပိုင်... ငါ မင်းကို သတ်လို့မရပေမဲ့ လူသားတွေ အားလုံးကိုတော့ သတ်ပစ်နိုင်တယ်။ မကြာခင် မင်းဇနီးနဲ့ သားသမီးတွေ အလှည့် ရောက်လာတော့မယ်။ မင်း ငါ့ကို မသတ်နိုင်တဲ့အတွက် သူတို့အားလုံး သေသွားတာကို ထိုင်ကြည့်နေဖို့ပဲ တတ်နိုင်မှာ... ဟားဟားဟားးး။"

တုပိုင် မျက်လုံးများကို တစ်စက္ကန့်မျှ မှိတ်ထားလိုက်၏။

သူ ဤသို့ အမှန်တကယ်ပင် မလုပ်ချင်ချေ။

အနက်ရောင် သရဖူကို သူ အမှန်တကယ်ပင် မဆောင်းချင်ပေ။ အကြောင်းမှာ ထိုသရဖူကို တစ်ကြိမ် ဆောင်းလိုက်သည်နှင့် ရာသက်ပန် ပြန်ချွတ်နိုင်မည် မဟုတ်သောကြောင့်ပင်။

အရာအားလုံးက နမိတ်ဖတ်ထားသည့် အတိုင်း အမှန်တကယ်ပင် တိတိကျကျ ဖြစ်လာတော့မည်လော။ ဤအချိန်လိုင်းက ထိန်းချုပ်မှု ပြင်ပသို့ ရောက်သွားလေပြီလော။

လူသားအားလုံး သေဆုံးသွားသည်ကို သူ ဤအတိုင်း ရပ်ကြည့်နေရမည်လော။ သူ၏ ဇနီးနှင့် သားသမီးများ သေဆုံးသွားသည်ကို ရပ်ကြည့်နေရမည်လော။ မဖြစ်နိုင်ပေ။ လုံးဝ မဖြစ်နိုင်ချေ။

တုပိုင်က အေးစက်စွာ ပြောသည်။ "အိပ်မက်ဆိုး မိစ္ဆာဘုရင်... မင်းကို ငါ မသတ်နိုင်ဘူးလို့ ဘယ်သူပြောလဲ။"

ထို့နောက် တုပိုင်က ဟင်းလင်းပြင် အက်ကွဲကြောင်းတစ်ခုကို ရုတ်တရက် ဆွဲဖြဲလိုက်ပြီး အတွင်းမှ အနက်ရောင် သရဖူကို ဆွဲထုတ်ကာ သူ၏ ခေါင်းပေါ်သို့ အတင်းအကျပ် ဆောင်းတင်လိုက်၏။

ချက်ချင်းဆိုသလိုပင် ကမ္ဘာမြေကြီးတစ်ခုလုံး အပြင်းအထန် တုန်ခါသွားသည်။ ကောင်းကင်ယံမှ နေမင်းကြီးမှာလည်း လုံးဝနီးပါး ပျောက်ကွယ်သွားတော့၏။

မိုင်ထောင်ချီ ကျယ်ဝန်းသည့် ကမ္ဘာကြီးမှာ အကြွင်းမဲ့ အမှောင်ထုထဲသို့ ကျဆင်းသွားသည်။

တုပိုင် ကြုံးဝါးလိုက်သည်။ "အိပ်မက်နယ်မြေရဲ့ မင်းသား... မင်း သေရမယ့် အချိန်ရောက်ပြီ။"

ထို့နောက် မိစ္ဆာဘုရင်ဆီသို့ တုပိုင် လက်ဝါးရိုက်ချက်တစ်ခုကို ထုတ်လွှတ်လိုက်၏။

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၁၀၆၃) ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

All Chapters