အခန်း (၁၆၉-၁၇၀)
Vol. 17 Ch. 169-170
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၁၇ ၊ အတွဲ ၁ ၊ အပိုင်း ၁၆၉
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team
လင်းချန် မျက်မှောင်ကြုတ်ကာ တိတ်ဆိတ်စွာ စဉ်းစားနေပြီးမှ ကောပန်လီကို ကြည့်လိုက်၏။
“နောက်ထပ် ကိစ္စတစ်ခု ရှိသေးတယ်... စီနီယာအစ်ကို့အဘိုးကိစ္စက ဘာဖြစ်နေတာလဲ။ ရှန်ထျန်ဂိုဏ်းနဲ့ ဘာလို့ ပြန်ပေါင်းစည်းဖို့ သဘောတူပြီး သူတို့လက်အောက်ခံ ဖြစ်သွားရတာလဲ။”
“ငါ့အဘိုး... သူ့ပုံစံက တစ်မျိုးပဲ။” ကောပန်လီက မှုန်ကုပ်နေသည့် မျက်နှာထားဖြင့် တိုးတိုးလေး ဖြေလာသည်။
“သူ့ဆီက ထွက်လာတဲ့ အငွေ့အသက်တွေက အရမ်းအေးစက်နေတယ်လို့ အမြဲခံစားရတယ်။” လင်းချန်၏ မျက်နှာထားမှာ တည်တင်းသွား၏။ အခြေအနေများက ပို၍ ရှုပ်ထွေးလာလေပြီ။
စစ်ဧကရာဇ် ဝေဝူရွှမ်မှာ ကမ်းရိုးတန်းပြည်နယ်မှ ထွက်ခွာသွားပြီးနောက် အင်အားစုတစ်ခုထံ ဝင်ရောက်ပူးပေါင်းခဲ့ခြင်း ဖြစ်သည်။ သူ့အား ဆရာတစ်ဆူအလား လေးစားကြည်ညိုသည့် ကောပန်လီကလည်း ထိုအင်အားစုဆီသို့ နောက်မှ လိုက်ပါသွား၏။
သို့သော် ထိုအင်အားစုထဲတွင် ဝေဝူရွှမ်အား နေရာတကာ၌ အမြဲတမ်း ဆန့်ကျင်တိုက်ခိုက်နေသည့် ရန်သူတစ်ယောက် ရှိနေသည်။
နောက်ဆုံး၌မူ ဝေဝူရွှမ် သတိလက်လွတ်ဖြစ်နေချိန်ကို အခွင့်ကောင်းယူကာ ထိုလူက ချုံခိုလုပ်ကြံခဲ့၏။ ဖြေဆေးမရှိသည့် အဆိပ်မိသွားသောကြောင့် ဝေဝူရွှမ်ခမျာ တိတ်ဆိတ်စွာဖြင့် သေမည့်ရက်ကို စောင့်မျှော်နေရုံမှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ပေ။
ချန်လုံနှင့် သူ၏ညီအစ်ကိုများအပါအဝင် သူတို့နှင့်အတူ ပါလာသူများမှာ မူလက ကမ်းရိုးတန်းပြည်နယ် ပြင်ပမှ တပည့်များဖြစ်ကြပြီး ကောပန်လီနောက်သို့ လိုက်ပါလာကြသူများ ဖြစ်၏။ သို့သော် အမှန်တကယ်၌မူ... ထိုလူများမှာ ဆရာဝေဝူရွှမ်ကို လုပ်ကြံသူက သူ၏ဘေးနား၌ စောင့်ကြည့်ရန် လျှို့ဝှက်ထည့်သွင်းထားသည့် သူလျှိုများဖြစ်ကြောင်းကို ကောပန်လီက ရိပ်မိပြီးသား ဖြစ်သည်။
သူတို့ စတင်တွေ့ဆုံရသည့် အခြေအနေကိုပင် ထိုရန်သူက ကွယ်ရာမှ ကြိုးကိုင်ဖန်တီးထားခြင်း ဖြစ်၏။ ထို့အပြင် သူတို့ထံ၌ သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ ပေးပို့နိုင်သည့် စိတ်ဝိညာဉ်ပစ္စည်းများ ပါလာသည်ကြောင်းကိုလည်း ကောပန်လီက ကောင်းကောင်း သိထားသည်။
မည်သို့ပင်ဖြစ်စေကာမူ ချန်လုံတို့အုပ်စုသည် ကောင်းကင်နယ်ပယ် သိုင်းဝိညာဉ်ပညာရှင်များ ဖြစ်ကြသည် မဟုတ်လော။ ထို့ကြောင့် သူတို့ကို ရှင်းလင်းရန် အကောင်းဆုံးနည်းလမ်းမှာ အခြားလူလက်ကိုငှား၍ သတ်ခြင်းပင်။
ကောပန်လီအနေဖြင့် ကိုယ်တိုင် ဝင်သတ်၍ မရပေ။ ချန်လုံနှင့် သူ၏လူများသည်လည်း အရူးများ မဟုတ်ကြပေ။ အကယ်၍ သူ၏အဘိုး ကောယွဲ့ဖေး သို့မဟုတ် ဂိုဏ်းထဲမှ အကြီးအကဲများကိုသာ ဝင်စွက်ဖက်ခိုင်းလိုက်လျှင် ဤသည်မှာ ကောပန်လီ၏ အစီအစဉ်ဖြစ်ကြောင်း ပေါ်လွင်သွားပေလိမ့်မည်။
သူသည် နတ်ဓားဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သည့် အထင်ရှားဆုံး ပုဂ္ဂိုလ်၏ မြေးဖြစ်၏။ သူနှင့် သွေးသောက်ဖွဲ့ထားသော ညီအစ်ကိုများကို နတ်ဓားဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် အကြီးအကဲများက သတ်ဖြတ်လိုက်သည်ဆိုလျှင် သူ၏ဂုဏ်သတင်း ထိခိုက်မည်မှာ အသေအချာပင်။
သို့သော် အကယ်၍ ဤပြဿနာကောင်များကို လုပ်ချင်ရာလုပ်ခွင့်ပေးထားလိုက်ပြီး နတ်ဓားဂိုဏ်းမှ တပည့်များကို ရန်စမိကာ ထိုတပည့်များက ပြန်လည်သတ်ဖြတ်လိုက်မည်ဆိုလျှင်မူ ထိုကိစ္စသည် သူ့ အပေါ် လုံးဝ သက်ရောက်မှု ရှိတော့မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် လက်ရှိအချိန်၌ နတ်ဓားဂိုဏ်းတပည့်များ၏ ကောပန်လီအပေါ် ထားရှိသည့် အမြင်မှာ သိပ်မကောင်းလှသောကြောင့်ပင်။
“ဆရာပြောတယ်... သူသာ အပြည့်အဝ ပြန်ကောင်းရင် လက်ရှိနယ်ပယ်ကို ဖောက်ထွက်ပြီး သေခြင်းရှင်ခြင်းနယ်ပယ်ရဲ့ နှလုံးသားအဆင့်ကို ရောက်နိုင်တယ်တဲ့။ အဲဒီအခါ ပြိုင်ဘက်ရဲ့နယ်ပယ်ကို ကျော်လွန်နိုင်မှာမလို့ သူ့ကို ကြောက်စရာ မလိုတော့ဘူး။”
ကောပန်လီက နဖူးကို ပွတ်သပ်လိုက်သည်။
“ပြဿနာက နတ်ဓားဂိုဏ်းတပည့်တွေက အဲဒီလူတွေကို သတ်နိုင်လောက်တဲ့အထိ အင်အားမကောင်းတာပဲ။ နောက်တစ်ခုက ဆရာက အရင်က ဒဏ်ရာအပြင်းအထန် ရထားတော့ အလုံးစုံ ပြန်ကောင်းဖို့ အမြဲတမ်း ရုန်းကန်နေရတယ်။”
ကောပန်လီ၏ မျက်နှာထက်၌ စိုးရိမ်ပူပန်မှုများ အထင်းသား ပေါ်လွင်နေကာ ဝေဝူရွှမ်ကလည်း ခါးသက်သက် ပြုံးလိုက်၏။ “အဲဒီတုန်းက မင်းပေးတဲ့ ဆန်းကြယ်တဲ့ ဆေးရည်က တကယ် အံ့ဖွယ်အာနိသင် ရှိတယ်။ ဒါပေမဲ့ ငါ့နယ်ပယ်အတွက်တော့ အာနိသင် နည်းနည်း လိုနေသေးတယ်။”
“ဒါဆို ပိုကောင်းတာ သုံးလိုက်ပေါ့။” လင်းချန်က တည်ငြိမ်စွာ ပြောလိုက်ပြီးနောက် သူ့လက်ထဲ၌ ဖန်ပုလင်းအကြည်တစ်လုံး ပေါ်လာ၏။ ထိုဖန်ပုလင်းထဲ၌ သွေးထက် အနည်းငယ် ဖျော့သည့် အနီရောင်အရည်များက ငြင်သာစွာ လှုပ်ခတ်လျက် ရှိနေသည်။
လင်းချန်က ထိုဖန်ပုလင်းကို ဆရာဖြစ်သူ ဝေဝူရွှမ်ထံ ပစ်ပေးလိုက်၏။ ဝေဝူရွှမ်က အနည်းငယ် ဇဝေဇဝါဖြစ်သွားသော်လည်း ဖန်ပုလင်းကို ဖမ်းယူလိုက်သည်။ ထို့နောက် အဖုံးဖွင့်၍ နှာခေါင်းနားတေ့ကာ အနံ့ခံကြည့်လိုက်၏။
ချက်ချင်းပင် ဆေးရည်ထံမှ မွှေးပျံ့သည့် ရနံ့တစ်ခုက နှာခေါင်းထဲသို့ ဝင်ရောက်လာပြီး နှလုံးနှင့် အဆုတ်များဆီအထိ စိမ့်ဝင်ပျံ့နှံ့သွားသည်။ ဝေဝူရွှမ် တစ်ကိုယ်လုံး သက်တောင့်သက်သာ ဖြစ်သွားပြီး ခန္ဓာကိုယ်ထဲ၌ ဖုံးကွယ်နေသည့် အတွင်းဒဏ်ရာဟောင်းများပင် သက်သာလာမည့် လက္ခဏာ ပြလာတော့သည်။
ဂိမ်းများထဲတွင် သွေးဘူးဟု လူသိများသော ပြန်လည်ကုစားခြင်းဆေးရည်မှာ ဘက်စုံသုံး ဆေးရည်တစ်မျိုး ဖြစ်၏။
ဝေဝူရွှမ်အား အပြည့်အဝ ပြန်လည်သက်သာလာစေရန် အထွတ်အထိပ် အခြေအနေသို့ ပြန်ရောက်စေရန်နှင့် ပိုမိုမြင့်မားသည့် အဆင့်သို့ တက်လှမ်းနိုင်ရန် တားဆီးထားသောအရာမှာ ခန္ဓာကိုယ်ထဲတွင် ကျန်ရစ်နေသည့် ထိုကဲ့သို့ မသိမသာ ဖုံးကွယ်နေသော အတွင်းဒဏ်ရာများပင် ဖြစ်သည်။
ယခုတစ်ကြိမ် လင်းချန်ထုတ်ပေးလိုက်သည့် ပြန်လည်ကုစားခြင်းဆေးရည်သည် အရည်အသွေး ပိုမိုမြင့်မားပြီး သောက်သုံးလိုက်သည်နှင့် တစ်ပြိုင်နက် တစ်ကိုယ်လုံးရှိ ဒဏ်ရာများကို အလျင်အမြန် ကုစားပေးပေလိမ့်မည်။
ဤကဲ့သို့ ပြီးပြည့်စုံသည့် ကုသမှုမျိုးကသာ ဝေဝူရွှမ်၏ ခန္ဓာကိုယ်ထဲရှိ အတွင်းဒဏ်ရာများကို အမြစ်ပြတ် ပျောက်ကင်းစေနိုင်မည် ဖြစ်၏။
“ဒီဆေးနဲ့ဆို ငါ မကြာခင် ပြန်ကောင်းတော့မယ်။”
ဝေဝူရွှမ်က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။ ထို့နောက် ခေါင်းမော့ကာ ဖန်ပုလင်းထဲရှိ ပြန်လည်ကုစားခြင်းဆေးရည်ကို တစ်ကျိုက်တည်း မော့သောက်လိုက်၏။ ထို့နောက် ချက်ချင်းပင် မျက်လုံးမှိတ်၍ ကျင့်ကြံခြင်းကို စတင်လိုက်တော့သည်။
ကောပန်လီက ဝေဝူရွှမ် ဘေးသို့ လွှင့်ပစ်လိုက်သည့် ဖန်ပုလင်းခွံကို စူးစမ်းလိုစိတ်ဖြင့် ကောက်ယူကာ အချိန်အတော်ကြာ ကြည့်ရှုလိုက်၏။
“မဆိုးဘူးပဲ... ဂျူနီယာညီလေး။ ဒီဟာ ဘယ်က ရတာလဲ။”
“ကိုယ့်ဘာသာ ဖော်စပ်ထားတာ။”
လင်းချန်က ပေါ့ပေါ့ပါးပါးပင် ဖြေလိုက်၏။
“ဟားဟားဟား”
လင်းချန်၏ အဖြေကို ကြားသော် ကောပန်လီက သဘောကျစွာ ရယ်မောလိုက်ကာ ရှေ့တိုးလာပြီး လင်းချန်၏ပခုံးကို ပုတ်လိုက်သည်။
“လာပါ ဂျူနီယာညီလေးရာ... မင်းအကြောင်း သိပါတယ်။ မင်းက သီးသန့်အသက်မွေးဝမ်းကျောင်း ပညာရပ်တွေမှာ ဘာပါရမီမှမရှိတဲ့ ပါရမီရှင်တစ်ယောက်လေ။ ဆေးဝါးအကြီးအကဲ ၊ ပန်းပဲအကြီးအကဲ ၊ အစီအရင် အကြီးအကဲနဲ့ တခြား အထူးပြုအကြီးအကဲတွေ အားလုံးကတောင် လက်မြှောက်ထားရတဲ့သူပဲ။”
ကောပန်လီက လက်ထဲမှ ဖန်ပုလင်းကို လှုပ်ယမ်းပြလိုက်၏။ “ဒီလို အံ့ဖွယ်ဆေးရည်ကို မင်း ဖော်စပ်တာလို့ ပြောရင် သေအောင်ရိုက်ရင်တောင် ယုံမှာ မဟုတ်ဘူး။”
“...” လင်းချန်က ခေါင်းကုတ်လိုက်၏။ “ရှေးဟောင်းအမွေအနှစ် နယ်မြေတစ်ခုကနေ ရတာ။ မိုက်တယ်မလား။”
“မိုက်တာပေါ့... နောက်ထပ် ရှိသေးလား။ စီနီယာအစ်ကို့ကို နည်းနည်းလောက် ခွဲပေးပြီး စမ်းသပ်ခိုင်းပါလား။”
ကောပန်လီက လက်ကို ပွတ်သပ်ရင်း ရယ်မောကာ လင်းချန်နားသို့ ကပ်လာပြီး ပခုံးချင်း တိုက်လိုက်သည်။
“နောက်ကျရင် စီနီယာအစ်ကိုက မိန်းကလေးချောချောလေးတွေနဲ့ မိတ်ဆက်ပေးမယ်။ လုံးဝ စိတ်ပျက်စေရမှာ မဟုတ်ဘူးကွာ။”
“ကောင်းပြီလေ... စီနီယာအစ်ကို့ကို ဂါရဝပြုရတာ ပြဿနာမရှိဘူး။ ဒါပေမဲ့ မိန်းကလေးကိစ္စကိုတော့ အစ်ကို့ဘာသာပဲ ခံစားပါတော့။ ကျွန်တော့်မှာ စေ့စပ်ထားတဲ့ ဇနီးလောင်း ရှိတယ်။”
လင်းချန်က နောက်ထပ် ပြန်လည်ကုစားခြင်းဆေးရည် တစ်ပုလင်းနှင့် အတွေ့အကြုံတိုးဆေးရည် တစ်ပုလင်းကို ထုတ်ယူကာ ကောပန်လီထံ ပစ်ပေးလိုက်၏။ ကောပန်လီက ပျာပျာသလဲ ဖမ်းယူလိုက်သည်။
“ဖြုန်းတီးတတ်တဲ့ ကောင်လေး... ဒီပစ္စည်းတွေက အရမ်းတန်ဖိုးရှိတာကို ဘာလို့ လျှောက်ပစ်ပေါက်နေတာလဲ။ ကွဲသွားရင် ဘယ်လိုလုပ်မလဲ။”
“ပါးစပ်ပိတ်ထားစမ်း။” လင်းချန်က မျက်မှောင်ကြုတ်လိုက်၏။
လင်းချန် စိတ်ဆိုးသွားသည်ကို မြင်သော် ကောပန်လီက ပါးစပ်ကို အမြန်ပိတ်လိုက်ပြီး နှုတ်ခမ်းစေ့ကာ ပြုံးလိုက်သည်။
“ကျမ်းကျိန်ညီအစ်ကိုတွေ ၊ လက်အောက်ငယ်သားတွေဆိုတဲ့ ကောင်တွေကို ရှင်းဖို့ ငါ့တာဝန်ထား။ စီနီယာအစ်ကိုက သတင်းကောင်းသာ စောင့်နေ။” လင်းချန်က လက်ဝှေ့ယမ်းပြလိုက်ပြီး ထွက်ပေါက်ဆီ လှည့်ထွက်သွား၏။
“ဟေး... တဇွတ်ထိုး မလုပ်နဲ့နော်။ ကိုင်တွယ်နိုင်ရဲ့လား။”
လင်းချန်က ပြန်လှည့်မကြည့်ဘဲ နောက်သို့ လက်ဝှေ့ယမ်းပြလိုက်ကာ အစောက သူ ဆင်းသက်သည့် နေရာ၌ ရပ်လိုက်သည်။ သူ့ ခြေထောက်အောက်ရှိ အစီအရင်ကို အသက်သွင်းလိုက်ရာ ထွက်ပေါ်လာသည့် တွန်းကန်အားက သူ့အား အထက်သို့ ပြန်လည် တွန်းပို့ပေးလိုက်၏။
သူ အဝင်ဝရှိ တဲအိမ်လေးဆီသို့ ပြန်ရောက်သည့်အချိန်တွင် ညဉ့်နက်နေပြီ ဖြစ်၏။ တဲအိမ်လေးထဲမှ ထွက်လာပြီးနောက် နောက်ဖေးဝင်းမှတစ်ဆင့် အပြင်ဘက်သို့ တိုက်ရိုက် ခုန်ထွက်လိုက်ကာ အနီးနားရှိ သစ်တောအုပ်ထဲသို့ ရောက်ရှိသွားသည်။
အမှောင်ရိပ်များထဲမှ အနက်ရောင်ပုံရိပ်များ ထွက်ပေါ်လာ၏။ အနက်ရောင် သံချပ်ကာအပျော့စားကို ဝတ်ဆင်ထားသည့် လေဟုန်စစ်သည် ဒါဇင်ပေါင်းများစွာက လင်းချန်၏ ရှေ့မှောက်တွင် ဒူးတစ်ဖက်ထောက်ကာ အရိုအသေ ပေးလိုက်ကြသည်။
“ဧကရာဇ်မင်းမြတ်...။”
လင်းချန်က သူ၏ လက်ဖဝါးမှနေ၍ ရွှေနီရောင် မိုးကြိုးစိတ်ဝိညာဉ်စွမ်းအင်များကို ထုတ်ဖော်လိုက်ရာ ပုံရိပ်အမျိုးမျိုး ဖြစ်ပေါ်လာပြီး မည်းမှောင်နေသည့် ညအချိန်တွင် အလွန် ထင်ရှားနေသည်။
“သူတို့ကို သတ်လိုက်။”
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၁၇ ၊ အတွဲ ၁ ၊ အပိုင်း ၁၆၉ ပြီး။
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၁၇ ၊ အတွဲ ၁ ၊ အပိုင်း ၁၇၀
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team
လင်းချန် သူ့ရှေ့ရှိ လေဟုန်စစ်သည်များအား လှုပ်ရှားရန် လက်ပြအမိန့်ပေးရင်း ပြောလိုက်၏။ "သေချာမှတ်ထားပါ... အရေးအကြီးဆုံးက မင်းတို့ရဲ့ ခြေရာတွေကို ဖုံးကွယ်ထားပြီး ဘယ်သူမှ သတိမထားမိစေနဲ့။ ဒီကိစ္စပြီးတာနဲ့ နတ်ဓားဂိုဏ်း နောက်ဖက်က လျှို့ဝှက်တောင်ကြားကို သွားပြီး ကောယွဲ့ဖေးရဲ့ အခြေအနေကို စစ်ဆေး။"
"အမိန့်တော်အတိုင်းပါ... ဧကရာဇ်မင်းမြတ်။" လေဟုန်စစ်သည်များ၏ ပုံရိပ်များမှာ အရိပ်များအဖြစ် ပြောင်းလဲသွားကာ သစ်တောဘေးရှိ ချောက်ကမ်းပါးအစွန်းမှ ခုန်ဆင်းသွားကြသည်။
လင်းချန် ချောက်ကမ်းပါးအစွန်းသို့ လျှောက်သွားလိုက်ရာ ပြင်းထန်သော လေတိုက်ခတ်မှုကြောင့် သူ၏ ဆံပင်ရှည်များ လွင့်ပျံနေ၏။ လေဟုန်စစ်သည်များ ချောက်ကမ်းပါးအောက်သို့ ခုန်ဆင်းသွားပြီး မြင်ကွင်းမှ ပျောက်ကွယ်သွားသည်အထိ သူ စောင့်ကြည့်နေလိုက်သည်။
နောက်ဆုံး၌ လင်းချန် လှည့်ထွက်လာလိုက်ပြီး သူ၏ နေအိမ်သို့ ပြန်လာခဲ့လိုက်သည်။ အင်ပါယာစစ်သည်တော်များ၏ စွမ်းရည်ကို ယုံကြည်ပြီး မနက်ဖြန်တွင် သတင်းကောင်း ကြားရမည်ဟု မျှော်လင့်ထား၏။
နောက်တစ်နေ့ နံနက်စောစောအချိန်၌ ကျင့်ကြံခြင်း ပြီးဆုံးသွားပြီဖြစ်သည့် လင်းချန် ကုတင်ပေါ်မှ ထရန် ပြင်ဆင်နေစဉ် အခန်းတံခါး ရုတ်တရက် ပွင့်လာ၏။
အခန်းထဲသို့ အလျင်စလို ပြေးဝင်လာသော ကောပန်လီက လင်းချန်အား အံ့သြတကြီး မေးလိုက်သည်။
"ဂျူနီယာညီလေး... မင်း ဘယ်လိုများ လုပ်လိုက်တာလဲ။"
လင်းချန်က ကောပန်လီကို တစ်ချက်ကြည့်လိုက်ပြီး တည်ငြိမ်စွာပင် ပြန်မေးလိုက်၏။
"ဘာကိုလဲ။"
"ဘာကိုလဲ ဟုတ်လား... ချန်လုံတို့အဖွဲ့က သူတို့အိမ်ထဲမှာပဲ အသတ်ခံလိုက်ရပြီလေ။ အကုန်လုံးက ပုံစံတူပဲ အသတ်ခံထားရတာ။ နောက်ကျောဘက်ကနေ နှလုံးကို ထိုးဖောက်ခံထားရပြီး လည်ပင်းလှီးခံထားရတယ်။"
"သူတို့ ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာနှစ်ခုပဲ ရှိပြီး အိမ်ထဲမှာလည်း ရုန်းရင်းဆန်ခတ် ဖြစ်ထားတဲ့ လက္ခဏာ လုံးဝ မရှိဘူး။"
"ဒါကို ကြည့်ရင် လုပ်ကြံတဲ့သူက အလွန်ကျွမ်းကျင်ပြီး သူတို့ထက် ပိုစွမ်းအားကြီးတယ်ဆိုတာ သေချာတယ်။ အဲဒီလိုမှ မဟုတ်ရင် ကျင့်ကြံနေတဲ့အချိန် အာရုံခံစားမှုတွေ မြင့်တက်နေတတ်လို့ သူတို့နဲ့ နယ်ပယ်တူ ဒါမှမဟုတ် နယ်ပယ်နိမ့်တဲ့သူ ဆိုရင် သေချာပေါက် ရိပ်မိမှာပဲ။"
ကောပန်လီက လင်းချန်ကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်၏။
"မင်းကလေ... ကြာလေ အကဲခတ်ရ ခက်လေပဲကွာ။"
လင်းချန်က ပခုံးတွန့်လိုက်ပြီး ကောပန်လီကို မေးလိုက်သည်။
"အခု မင်းကို စောင့်ကြည့်ဖို့ တာဝန်ပေးထားတဲ့သူတွေ အကုန်လုံး ရှင်းလင်းပြီးသွားပြီဆိုတော့ တင်းကျစ်ရုံတို့ကို ပြန်လွှတ်ပေးဖို့ အချိန်တန်ပြီ မဟုတ်လား။"
ကောပန်လီက လက်ကို ဖြန့်ကားရင်း ပျော်ရွှင်စွာ ပြောလိုက်၏။
"မင်း ပြောစရာတောင် မလိုပါဘူး။ အဲဒီကောင်တွေ သေသွားတာ တစ်ချိန်တည်းပြိုင်တူဆိုတော့ သတင်းတစ်စွန်းတစ်စတောင် ပြန်မပို့နိုင်လိုက်ကြဘူး။ ဒါက ငါ့အတွက် အများကြီး အဆင်ပြေသွားစေတယ်။"
လင်းချန်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"မင်း ပြဿနာတွေ ပြီးသွားပုံရပေမဲ့ မင်းအဘိုးနဲ့ ပတ်သက်ပြီး ဘာတွေ ဖြစ်နေတာလဲ။"
လင်းချန်၏ မေးခွန်းကြောင့် ကောပန်လီလည်း စိတ်ရှုပ်ထွေးသွား၏။
"ငါလည်း ရှင်းရှင်းလင်းလင်း မသိဘူး။ ခုတစ်ခေါက် ပြန်ရောက်ကတည်းက အဘိုးက ငါနဲ့ တွေ့ဖို့ ဝန်လေးနေတယ်။ အချိန်တော်တော်ကြာတာတောင် ငါတို့ လေးကြိမ်လောက်ပဲ တွေ့ခဲ့ရတယ်။"
ကောပန်လီ၏ အဖြေကို ကြားသောအခါ လင်းချန် အမှန်တကယ် အံ့သြသွားသည်။
"မင်းက သူ့ရဲ့ အချစ်ဆုံးမြေးလေ... သူနဲ့အတူတူ နေသင့်တာ မဟုတ်ဘူးလား။"
လေချန်၏ အဘိုး လေဟန်သည် မြေးဖြစ်သူကို အလွန်ချစ်ခင်သောကြောင့် ကျင့်ကြံခြင်း ပြီးဆုံးပြီးနောက် အတူတူ နေထိုင်ခိုင်းခဲ့သည် မဟုတ်ပါလော။
မည်သို့ပင်ဆိုစေ လေချန်သည် လေဟန်၏ တစ်ဦးတည်းသော မြေးဖြစ်သည်။ အတူတူ နေထိုင်ခွင့်ရပြီး ချစ်ရသော မြေးကို နေ့တိုင်း တွေ့မြင်ရခြင်းမှာ အဘိုးတစ်ယောက်အနေဖြင့် အပျော်ရွှင်ဆုံး ခံစားချက်ပင်။
အလားတူပင် ကောပန်လီ၏ အခြေအနေသည်လည်း လေချန်နှင့် များစွာ တူညီနေသည်။ နှစ်ယောက်စလုံးသည် မိဘမဲ့များ ဖြစ်ကြပြီး အဘိုးများကသာ ပြုစုပျိုးထောင်ခဲ့ကြခြင်း ဖြစ်၏။
ယခုအခါ ကောယွဲ့ဖေးသည် မြေးဖြစ်သူနှင့် အတူမနေဘဲ ဤမျှ ကြာမြင့်သည့်အချိန်ကာလအတွင်း လေးကြိမ်သာ တွေ့ဆုံခဲ့သည်ဆိုခြင်းမှာ သေချာပေါက် သံသယဖြစ်ဖွယ် ကောင်းလှသည်။
ကောပန်လီက မေးစေ့ကို ပွတ်သပ်ရင်း စဉ်းစားခန်း ဝင်သွား၏။
"တစ်ခုခုတော့ မှားနေတယ် မဟုတ်လား။ ငါလည်း ထူးဆန်းတယ်လို့ ထင်မိတယ်။ အဘိုးက အမြဲတမ်း တံခါးပိတ်ကျင့်ကြံရာ နေရာမှာပဲ နေပြီး ဂိုဏ်းရဲ့ အာဏာကို ဆုပ်ကိုင်ထားတယ်။ ငါ သူ့ကို တွေ့ဖို့ တောင်းဆိုတိုင်း စိတ်ပျက်လက်ပျက်နဲ့ပဲ ပြန်လာခဲ့ရတယ်။"
"သူ့ကို တွေ့ခဲ့ရတဲ့ လေးကြိမ်ဆိုတာကလည်း... ပထမတစ်ကြိမ်က ငါ ပြန်ရောက်စတုန်းက။ ကျန်တဲ့ သုံးကြိမ်ကတော့ ငါက ဟိုကောင်တွေကို လွှတ်ထားပေးလိုက်လို့ ဂိုဏ်းထဲက အကြီးအကဲတချို့ အဘိုးဆီ လာတိုင်ကြပြီး ပြဿနာ အကြီးအကျယ် တက်ကုန်လို့လေ။ အဲဒီတော့မှ သူက ရွေးချယ်စရာ မရှိတော့ဘဲ ငါ့ကို လက်ခံတွေ့ဆုံပြီး သူတို့တွေကို တတ်နိုင်သမျှ ထိန်းပေးဖို့ ပြောခဲ့တာ။"
"ဒါပေမဲ့ ငါ့အမြင်မှာတော့ အဘိုးက ဒီကိစ္စကို တကယ်စိတ်ဝင်စားပုံ မရဘဲ အကြီးအကဲတွေကို ပြီးပြီးရော သဘောမျိုးနဲ့ ကိုင်တွယ်လိုက်သလို ခံစားရတယ်။"
လက်ရှိ အခြေအနေနှင့် ပတ်သက်ပြီး ကောပန်လီ ကိုယ်တိုင်လည်း ဇဝေဇဝါ ဖြစ်ပြီး နားမလည်နိုင် ဖြစ်နေသည်မှာ ထင်ရှားလှသည်။
လင်းချန်က ခြံဝင်းအရှေ့ဘက်သို့ လျှောက်သွားရင်း ကောပန်လီကို ပြောလိုက်၏။
"ကြည့်ရတာ... မင်းရဲ့အဘိုးက မင်း တစ်ခုခုကို သိသွားမှာ ကြောက်ပြီး ရှောင်နေသလိုပဲ။"
"ဒါပေမဲ့ မင်းက သူ့ရဲ့ မြေးအရင်းခေါက်ခေါက်လေ... မင်းကိုတောင် မပြောနိုင်တဲ့ကိစ္စ ဘာများ ရှိနိုင်မှာလဲ။"
ကောပန်လီကလည်း သူ၏ ဂျူနီယာညီလေး၏ စကားကို ထောက်ခံလိုက်သည်။
"ဟုတ်တယ်... တကယ်ကို နားမလည်နိုင်စရာပဲ။"
လင်းချန်နှင့် ကောပန်လီတို့ စကားပြောရင်း လျှောက်လာကြရာ မကြာမီ ခြံဝင်းအရှေ့ဘက်သို့ ရောက်ရှိလာကြ၏။
ထိုအချိန်တွင် ခြံဝင်းတံခါးဝ အပြင်ဘက်မှ ခြေသံအချို့နှင့် စကားသံများကို ကြားလိုက်ရသည်။
"ထူးဆန်းလိုက်တာ... ဟိုကောင်တွေ သေပြီးသွားတာနဲ့ ကောပန်လီက ဘာလို့ ငါတို့ကို လွှတ်ပေးလိုက်တာလဲ။"
"ဘယ်သူ သိမှာလဲကွာ။ ဒါပေမဲ့ အဲဒီ ဗိုလ်ကျတဲ့ကောင်တွေ သေသွားတာ ဝဋ်လည်တာပါပဲ။ ငါတို့ ဂိုဏ်းသားတွေ အတော်များများကို ဒုက္ခပေးခဲ့တယ်ဆိုတာ အားလုံးသိကြတာပဲ။"
စကားသံများ နီးကပ်လာသည်နှင့်အမျှ လူရိပ်အချို့ ခြံဝင်းထဲသို့ ဝင်ရောက်လာကြ၏။
ရှေ့ဆုံးမှ လျှောက်လာသူက ခြံဝင်းထဲသို့ ရောက်သည်နှင့် လှမ်းအော်လိုက်သည်။
"ခေါင်းဆောင်... ခင်ဗျားလူတွေကို ကျွန်တော် ပြန်ခေါ်လာခဲ့ပြီ။"
ခြံဝင်းထဲသို့ ရှေ့ဆုံးမှ ဝင်လာသူမှာ ထုံးစံအတိုင်း လေချန် ဖြစ်ပြီး သူ့နောက်မှ လိုက်ပါလာသော လေးယောက်မှာ တင်းကျစ်ရုံ ၊ ကျောက်ဟိုင်မင်း ၊ လီလဲ့ထျန်နှင့် ဝမ်လန်ရှင်းတို့ ဖြစ်ကြ၏။
ထိုအချိန်တွင် ယီလင်းသည်လည်း ပိုင်ရန်ကို ကျောပိုးရင်း ခြံဝင်းထဲသို့ ရောက်လာသည်။
"ဝိုး... ဒီမှာ စည်ကားနေပါလား။"
ခုတင်ပေါ်တွင် လဲလျောင်းနေရသော ပိုင်ရန်အား နေရောင်ခြည် ခံယူစေရန် ခြံဝင်းထဲသို့ ခေါ်ထုတ်လာခြင်း ဖြစ်ပြီး စကားပြောသံများ ကြားလိုက်ရသဖြင့် လျှောက်လာခဲ့ခြင်း ဖြစ်၏။
နောက်တစ်ခဏတွင် ခြံဝင်းတစ်ခုလုံးမှာ အပ်ကျသံကိုပင် ကြားရလောက်သည်အထိ တိတ်ဆိတ်ငြိမ်သက်သွားသည်။
လင်းချန်နှင့် ကောပန်လီမှလွဲ၍ ကျန်ရှိသော လူခုနစ်ယောက်စလုံးက ပြိုင်တူ အာမေဋိတ် ပြုလိုက်ကြ၏။
"ကောပန်လီ။"
ကောပန်လီက ရယ်မောရင်း သူတို့ကို လက်ပြလိုက်သည်။
"ဟားဟားဟား... အားလုံးပဲ ငါ့ကို မြင်တော့ အံ့သြနေကြပုံပဲ။ ဝမ်းသာပါတယ်။"
"ငါ့ကိုယ်ငါ ပြန်မိတ်ဆက်ပါရစေ။ ငါက ကောပန်လီပါ... ဒီကောင်လေးရဲ့ စီနီယာအစ်ကိုပေါ့။"
ထိုသို့ပြောရင်း ကောပန်လီက လင်းချန်၏ ရင်ဘတ်ကို နောက်ပြောင်ကာ လက်သီးဖြင့် ထိုးလိုက်၏။
အားလုံးက ကောပန်လီကို အံ့သြတကြီး စိုက်ကြည့်နေကြပြီးနောက် အမှန်တရားကို အတည်ပြုလိုသည့်အလား လင်းချန်ဘက်သို့ လှည့်ကြည့်လိုက်ကြသည်။
အားလုံးက သူ့ကို ကြည့်နေကြသည်ကို မြင်သောအခါ လင်းချန်က ခေါင်းအနည်းငယ် ညိတ်ပြလိုက်၏။
"ဟုတ်တယ်... သူက တကယ် ငါ့ရဲ့ စီနီယာအစ်ကို။"
လင်းချန်က တင်းကျစ်ရုံနှင့် အခြားသူများဘက်သို့ လှည့်ပြောလိုက်သည်။
"အဲဒါကြောင့် သူက မင်းတို့ကို ဖမ်းထားရုံပဲ ဖမ်းထားတာပေါ့။ အဲဒီလိုသာ မဟုတ်ရင် မင်းတို့ကို ရှင်းပစ်လိုက်တော့မှာပေါ့။"
ခဏကြာပြီးနောက် စကားပြောဆိုမှုများနှင့် လင်းချန်၏ ရှင်းပြချက်တို့ကြောင့် အားလုံး အခြေအနေကို တဖြည်းဖြည်း နားလည်လာကြ၏။
နောက်ဆုံးတွင် ကောပန်လီက ပိုင်ရန်ကို ခါးကိုင်း အရိုအသေပြုရင်း တောင်းပန်စကား ဆိုလိုက်သည်။
"မင်းတို့ ခံစားခဲ့ရတဲ့ နာကျင်မှုတွေအတွက် ငါ တကယ်ပဲ တောင်းပန်ပါတယ်။"
ကောပန်လီက ဤမျှ နှိမ့်ချကာ တောင်းပန်သည်ကို မြင်သောအခါ ပိုင်ရန်၏ ကျန်ရှိနေသော ဒေါသများလည်း ပျောက်ကွယ်သွားတော့၏။
"စီနီယာအစ်ကိုကော... ဘာပဲဖြစ်ဖြစ် ခင်ဗျားက ကျွန်တော့်အတွက် ကုသဆေးလုံးတွေ အရင်ကတည်းက ပြင်ဆင်ပေးခဲ့တာပဲ။ ကျွန်တော် နားလည်ပါတယ်။"
အမုန်းတရားများ ပြေလည်သွားကြပြီ ဖြစ်သဖြင့် အားလုံး စုဝေးကာ ရင်းရင်းနှီးနှီး စကားပြောဆိုနေကြပြီး အထူးသဖြင့် ကောပန်လီအကြောင်းကို စပ်စုနေကြသည်။
ထိုစဉ်... ရုတ်တရက် လင်းချန်၏ မျက်နှာထား ပြောင်းလဲသွားပြီး သူ့ဘေးနားရှိ ကောပန်လီကို လှည့်ကြည့်ကာ ပြောလိုက်၏။
"စီနီယာအစ်ကို... မင်းရဲ့ အဘိုးက သေနေပြီ။"
လင်းချန်၏ စကားသံ ဆုံးသည်နှင့် ကောပန်လီ၏ မျက်လုံးများ ပြူးကျယ်သွားပြီး အံ့အားသင့်သွားကာ သူ့ဂျူနီယာညီလေးကို ကြည့်ရင်း ဆွံ့အသွားသည်။
အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ကောပန်လီ မျက်မှောင်ကြုတ်ကာ ဇဝေဇဝါဖြင့် လင်းချန်အား မေးလိုက်၏။
"ငါ့အဘိုး သေပြီဆိုတာ ဘာအဓိပ္ပာယ်လဲ။"
လင်းချန်က သက်ပြင်းတစ်ချက်ချလိုက်ပြီး ထူးဆန်းသော သလင်းကျောက်တုံးတစ်တုံးကို ထုတ်ယူကာ စားပွဲပေါ်သို့ ပစ်တင်လိုက်သည်။
လူတိုင်းက စားပွဲပေါ်ရှိ သလင်းကျောက်တုံးကို စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်ကြရာ မျက်ဝန်းများထဲတွင် နားမလည်မှုများနှင့် စိတ်ဝင်စားမှုများ ရောယှက်နေကြသည်။
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၁၇ ၊ အတွဲ ၁ ၊ အပိုင်း ၁၇၀ ပြီး။
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team
တစ်ရက် ၅ ပိုင်း မှန်မှန်တင်သွားမယ်နော်။ ဆယ်ပိုင်း ၅၀၀ ပါ။ ၅ ပိုင်း ၅၀၀ ဟုတ်ဘူး။ မနက်ဖြန် ကျန်တဲ့ ၅ ပိုင်းရမယ်ဗျာ။