အခန်း (၁၆၅-၁၆၆)
Vol. 17 Ch. 165-166
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၁၇ ၊ အတွဲ ၁ ၊ အပိုင်း ၁၆၅
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team
"ငါ့ကို ခြေတစ်ဖက်တည်းနဲ့ တိုက်မယ် ဟုတ်လား။ မင်းကိုယ်မင်း ဘယ်သူများ ထင်နေလဲ။ ငါ့ကို ဒီလောက်တောင် အထင်သေးရဲတယ်ပေါ့လေ။"
လင်းချန်၏စကားကြောင့် ချန်လန်မှာ ဒေါသတကြီး အော်ဟစ်လိုက်ပြီး လက်သီးကို တင်းတင်းဆုပ်လိုက်၏။
ရွှေရောင် စိတ်ဝိညာဉ်စွမ်းအင်များက ချန်လန်၏ လက်သီးအား ဖုံးလွှမ်းသွားကာ ကြောက်မက်ဖွယ် ဖျက်ဆီးနိုင်စွမ်းကို ထုတ်လွှတ်လိုက်၏။ ထို့နောက် သူက လင်းချန်ထံသို့ ပြင်းထန်သည့် လက်သီးတစ်ချက် ထိုးချလိုက်သည်။
တည့်တည့်မတ်မတ် တိုးဝင်လာသည့် လက်သီးချက်ကို မြင်လိုက်ရချိန်တွင် လင်းချန်၏ မျက်လုံးများ ကျဉ်းမြောင်းသွား၏။
သူ အစောက ဖတ်ရှုခဲ့သည့် စာအုပ်ပါ အချက်အလက်များအရ ထိုညီအစ်ကို လေးယောက်စလုံးသည် တူညီသော သိုင်းဝိညာဉ် အရည်အသွေးကို ပိုင်ဆိုင်ထားကြောင်း သိထားသည်။
ထိုသည်မှာ ထိုးဖောက်ခြင်းပင်။
စိတ်ဝိညာဉ်စွမ်းအင်ကို ထုတ်ဖော်လိုက်သည်နှင့် ရွှေဓာတ်သဘာဝ၏ ထက်မြက်မှုသည် အထွတ်အထိပ်သို့ ရောက်ရှိသွားကာ စိတ်ဝိညာဉ်စွမ်းအင် အကာအကွယ်နှင့် စိတ်ဝိညာဉ်လက်နက် အကာအကွယ် နှစ်ခုစလုံးကို ထိုးဖောက်နိုင်စွမ်း ရှိသွား၏။
အင်အား၏ ဆယ်ပုံတစ်ပုံခန့်သာ တိုးတတ်လာသော်ငြား ထိုမပြောပလောက်သည့် ပမာဏကပင် သေစေနိုင်သော စွမ်းအားကို ပိုင်ဆိုင်ထား၏။ သူတို့ သိုင်းဝိညာဉ်၏ ထိုးဖောက်နိုင်စွမ်းသည် ဒုတိယတန်းအဆင့် အနိမ့်ပိုင်းတွင် အတော်လေး ကောင်းမွန်သည်ဟု သတ်မှတ်ခံထားရသည်။
တိုးဝင်လာသည့် လက်သီးချက်ကို ရင်ဆိုင်ရင်း လင်းချန်၏ မျက်နှာပေါ်တွင် ခနဲ့တဲ့တဲ့ အပြုံးတစ်ခု ပေါ်လာ၏။ ကြက်သွေးရောင် မိုးကြိုးဝိညာဉ်စွမ်းအင်များက သူ၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်ပေါ်လာပြီး သူ့တစ်ကိုယ်လုံးကို ရစ်ပတ်လွှမ်းခြုံသွားသည်။
ထိုအချိန်၌ပင် လင်းချန်၏ ရင်ဘတ်သို့ ချန်လန် တည့်တည့်မတ်မတ် ထိုးချလိုက်၏။
"ဘုန်းးး"
ချန်လန်၏ ပြင်းထန်သည့် လက်သီးချက်မှာ သံမဏိပြားကို ထိုးကြိတ်မိလိုက်သကဲ့သို့ ဖြစ်သွားကာ နားစည်ကွဲထွက်မတတ် ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာသည်။
တစ်ချိန်တည်းမှာပင် အနီးနားမှ စောင့်ကြည့်နေသည့် လေချန်သည် လင်းချန်၏ ခန္ဓာကိုယ်အား ကာကွယ်ထားသည့် ကြက်သွေးရောင် မိုးကြိုးဝိညာဉ်စွမ်းအင်ကို ဖောက်ထွင်းဝင်ရောက်သွားသော ရွှေရောင် စိတ်ဝိညာဉ်စွမ်းအင် အစအနလေးကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရ၏။
ပြင်းထန်သည့် ချီစွမ်းအင်ကြောင့် မြေပြင်မှ ဖုန်မှုန့်များ ထောင်းခနဲ ထလာသော်လည်း တိုက်ခိုက်မှုမှ ထွက်ပေါ်လာသော စွမ်းအင်လှိုင်းဂယက်များကြောင့် ချက်ချင်းပင် လွင့်စင်သွားရသည်။
"ဟက်။ မင်းအားက ဒီလောက်လေးပဲလား။" လင်းချန်က ကြောင်အမ်းအမ်း ဖြစ်နေသည့် ချန်လန်ကို လှောင်ပြောင်လိုက်၏။
"ကောင်းကင်နယ်ပယ် ဆိုတာကလည်း သိပ်အထင်ကြီးစရာ မဟုတ်နေဘူးပဲ။"
ချန်လန် တုန်လှုပ်သွားကာ အနောက်သို့ လျင်မြန်စွာ ခုန်ဆုတ်လိုက်ပြီး လင်းချန်နှင့် ကိုက်အနည်းငယ် အကွာတွင် ရပ်တန့်လိုက်၏။ သူ၏ မျက်ဝန်းများထဲတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေပြီး ပြိုင်ဘက်ဖြစ်သူကို အကဲခတ် စူးစမ်းလိုက်သည်။
သူ၏ လက်သီး လင်းချန်ကို အမှန်တကယ် ထိမှန်ခဲ့ကြောင်း သူသေချာသိ၏။ သို့သော် ဧရာမ တောင်ကြီးတစ်လုံးကို ထိုးကြိတ်လိုက်ရသကဲ့သို့ သူ ခံစားလိုက်ရသည်။
လင်းချန်က သူ၏ လက်သီးချက်ကို ခြေတစ်လှမ်းမျှပင် မဆုတ်ဘဲ ခံတောင့်ခံနိုင်ရုံသာမက မျက်နှာထားပင် ပျက်ယွင်းသွားခြင်း မရှိချေ။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။" ချန်လန် သူ၏ လက်သီးကို ငုံ့ကြည့်လိုက်ပြီးနောက် လင်းချန်ကို လှမ်းကြည့်လိုက်၏။ သူ၏ မျက်နှာထက်တို့၌ မယုံကြည်နိုင်သည့် အရိပ်အယောင်များ အထင်းသား ပေါ်လွင်နေသည်။
သူ့ပါးကိုကိုယ်တိုင် ဆွဲဆိတ်ကြည့်လိုက်ပြီး နာကျင်မှုကို ခံစားလိုက်ရမှသာ အိပ်မက်မက်နေခြင်း မဟုတ်ကြောင်း ချန်လန် လက်ခံလိုက်ရ၏။
"အခု ငါ့အလှည့် ရောက်ပြီပေါ့။" ချန်လန် ကြောင်အမ်းအမ်း ဖြစ်နေသည်ကို ကြည့်ရင်း လင်းချန်က ပြုံးလိုက်၏။ ထို့နောက် သူ ရပ်နေသည့် နေရာတွင် ပုံရိပ်ယောင်တစ်ခုသာ ကျန်ရစ်ခဲ့သည်။
"ရွှပ်။"
ပုံရိပ်ယောင် ပျောက်ကွယ်သွားသည်နှင့် တစ်ချိန်တည်းမှာပင် လင်းချန်သည် ချန်လန်၏ ဘေးနားသို့ ရောက်ရှိသွားကာ ခြေထောက်ကို မြှောက်၍ ကန်ချလိုက်သည်။
ချန်လန်၏ မျက်လုံးများထဲတွင် အံ့ဩထိတ်လန့်မှုများ ပြည့်နှက်သွားပြီး မယုံကြည်နိုင်စွာ အော်ဟစ်လိုက်၏။
"ဘယ်လိုလုပ် ဒီလောက် မြန်ရတာလဲ။" အော်ဟစ်လိုက်သည်နှင့် တစ်ပြိုင်နက် ချန်လန်သည် တုံ့ဆိုင်းမနေဘဲ သူ့ကိုယ်ကို ကာကွယ်ရန် လက်မောင်းများကို အလျင်အမြန် မြှောက်ကာကွယ်လိုက်သည်။
သို့သော် လင်းချန်က ကြက်သွေးရောင် မိုးကြိုးဝိညာဉ်စွမ်းအင်ဖြင့် ဖုံးလွှမ်းထားသည့် သူ၏ ညာဘက်ခြေထောက်ကို ရုတ်တရက် လမ်းကြောင်းပြောင်းလိုက်ပြီး အမြင့်ကို အနည်းငယ် လျှော့ချကာ ချန်လန်၏ ဝမ်းဗိုက်ဆီသို့ ပြင်းထန်စွာ ကန်ထည့်လိုက်၏။
ကြက်သွေးရောင် မိုးကြိုးဝိညာဉ်စွမ်းအင်နှင့် ရွှေရောင် ဝိညာဉ်စွမ်းအင်တို့ ထိပ်တိုက်တွေ့ဆုံသွားမှုကြောင့် စူးရှသည့် ပွတ်တိုက်သံကြီး ထွက်ပေါ်လာသည်။
ချန်လန်က သူ၏ ခန္ဓာကိုယ်ကို ရွှေရောင် ဝိညာဉ်စွမ်းအင်ဖြင့် ကာကွယ်ထားသော်ငြား လင်းချန်၏ ခြေကန်ချက် ထိမှန်သွားသောအခါ တည်ငြိမ်နေသည့် ရေကန်မျက်နှာပြင်တွင် လှိုင်းဂယက်ထသွားသကဲ့သို့ သူ၏ စိတ်ဝိညာဉ်စွမ်းအင် အကာအကွယ်မှာ တုန်ခါသွား၏။
တုနှိုင်းမဲ့ စွမ်းအားတစ်ခု ချက်ချင်း ပေါက်ကွဲထွက်လာသည်ကို ချန်လန် ခံစားလိုက်ရပြီး ဆက်လက် ခုခံနိုင်စွမ်း မရှိတော့ပေ။ သူ၏ ခန္ဓာကိုယ်မှာ အောက်ခြေလွတ်ကာ လွင့်စင်သွားတော့သည်။
ကောင်းကင်နယ်ပယ် သိုင်းဝိညာဥ်ပညာရှင် တစ်ယောက် ဖြစ်သည့်အားလျော်စွာ ချန်လန်သည် ကန်ထုတ်ခံရပြီးနောက် လေထဲတွင် သူ၏ စိတ်ဝိညာဉ်စွမ်းအင်ကို တည်ငြိမ်အောင် အမြန်ထိန်းလိုက်ပြီး ဟန်ချက်မပျက်အောင် ထိန်းနိုင်လိုက်၏။
ကောင်းကင်နယ်ပယ်၏ စိတ်ဝိညာဉ်စွမ်းအင် ပြည့်ဝမှုမှာ နိဗ္ဗာန်နယ်ပယ်နှင့် ယှဉ်လျှင် ကွာခြားလွန်းလှသည်။ ထို့ပြင် ဤအဆင့်၏ အကြီးမားဆုံး ထူးခြားချက်မှာ လေပေါ်တွင် ပျံသန်းနိုင်ခြင်းပင်။
ချန်လန်၏ တုံ့ပြန်မှုက အလွန် လျင်မြန်လှသည်။ လွင့်စင်သွားပြီးနောက် ချက်ချင်းပင် သူ၏ နယ်ပယ်အဆင့်သာလွန်မှုကို အသုံးပြုကာ လေထဲတွင် မတ်တပ်ရပ်လိုက်၏။
"မင်း ကောင်းကင်ပေါ် ရောက်သွားရုံနဲ့ ငါက မင်းကို ဘာမှမလုပ်နိုင်တော့ဘူးလို့ ထင်နေတာလား။" လင်းချန်က လေပေါ်ရှိ ချန်လန်ကို မော့ကြည့်ကာ လှောင်ပြောင် ရယ်မောလိုက်သည်။
ထို့နောက် ဒူးကို အနည်းငယ် ကွေးလိုက်ပြီး ကြောက်မက်ဖွယ် စွမ်းအားကို ထုတ်ဖော်ကာ ချန်လန်ရှိရာ ကောင်းကင်ထက်ဆီသို့ တစ်ဟုန်ထိုး ခုန်တက်သွားလိုက်၏။
တစ်ဖက်လူထံမှ ပေါက်ကွဲထွက်ပေါ်လာသော အင်အားကြောင့် ချန်လန် လန့်ဖျပ်သွားရသည်။
သို့သော် ချက်ချင်းပင် ချန်လန်၏ မျက်လုံးများထဲ၌ ရက်စက်ကြမ်းကြုတ်သည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီး ဒြပ်စင်အစိတ်အပိုင်း ကိုးခုနှင့် လက်ကိုင်နှစ်ဖက်ပါသော တူပုံစံ သိုင်းဝိညာဉ်လက်နက်အမြုတေတို့ကို သူ၏ ရှေ့တွင် ဆင့်ခေါ်လိုက်၏။
"သိုင်းဝိညာဉ်လက်နက်။"
ချန်လန်၏ အော်ဟစ်သံနှင့်အတူ တောက်ပသည့် ရွှေရောင် လက်ကိုင်နှစ်ဖက်ပါသည့် တူကြီးတစ်လက် လျင်မြန်စွာ ပေါ်ထွက်လာရာ ချန်လန်က သူ၏ လက်ထဲ၌ မြဲမြံစွာ ဆုပ်ကိုင်လိုက်သည်။
"ဟားဟားဟား။ သွားသေလိုက်စမ်း။" ချန်လန်က မျက်လုံးထဲရှိ ရက်စက်သည့် အရိပ်အယောင်များနှင့်အတူ ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ခုန်တက်လာသော လင်းချန်ကို ကြည့်ကာ ဧရာမတူကြီးကို မြှောက်လိုက်၏။
အကျယ် သုံးပေခန့် ရှိသော ကြီးမားသည့် တူခေါင်းပေါ်တွင် ရွှေရောင် စိတ်ဝိညာဉ်စွမ်းအင်များ အလုံးအရင်း စုစည်းနေပြီး အချိန်မရွေး ပေါက်ကွဲတော့မည့်အလား ဖြစ်နေသည်။
"တုန်ခါမှု ပေါက်ကွဲခြင်း။"
ချန်လန်၏ ဟိန်းဟောက်သံနှင့်အတူ သူက ကြီးမားသည့် တူကြီးဖြင့် လင်းချန်၏ ဦးခေါင်းထက်သို့ ပြင်းထန်စွာ ရိုက်ချလိုက်၏။
ဧရာမ တူကြီး ကျဆင်းလာသည်နှင့်အမျှ ရွှေရောင် စိတ်ဝိညာဉ်စွမ်းအင်များက မရပ်မနား တုန်ခါနေပြီး ရိုက်ခတ်မှု အားအင်များမှာ တစ်လွှာပြီးတစ်လွှာ ထပ်ဆင့်သွားကာ စွမ်းအားများ သိသိသာသာ တိုးမြင့်လာသည်။
လက်ရှိအချိန်တွင် ချန်လန်၏ မျက်လုံးများထဲ၌ သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေပြီး အံကြိတ်ကာ ပြုံးလိုက်၏။
ဤတိုက်ကွက်၏ ဖျက်ဆီးနိုင်စွမ်းကို သူ ကောင်းစွာ သိရှိထားသည်။ ရွှေရောင် စိတ်ဝိညာဉ်စွမ်းအင် တစ်ခုတည်းကပင် သေစေနိုင်သည့် စွမ်းအားရှိနေပြီဖြစ်ရာ သူ၏ သိုင်းဝိညာဉ် ထိုးဖောက်နိုင်စွမ်းနှင့်သာ ပေါင်းစပ်လိုက်ပါက ပို၍ပင် ကြောက်စရာ ကောင်းသွားပေလိမ့်မည်။
တုန်ခါမှု ပေါက်ကွဲခြင်းကျင့်စဉ်သည် စိတ်ဝိညာဉ်စွမ်းအင် တုန်ခါမှုများနှင့်အတူ အင်အားကို ဆက်တိုက် ထပ်ဆင့်စေပြီး အဆုံးမရှိသည့် စွမ်းအားကို ဖြစ်ပေါ်စေ၏။
အတိတ်က ကောင်းကင်နယ်ပယ် သုံးဆင့်မြောက် သိုင်းဝိညာဉ်ပညာရှင် တစ်ဦးကိုပင် ချန်လန်သည် ဤတိုက်ကွက်ဖြင့် အနိုင်ယူခဲ့ဖူးပြီး ပြိုင်ဘက် ဖွဲ့စည်းထားသည့် မူလလက်နက်ကို အပိုင်းပိုင်းအစစ ဖြစ်အောင် ချေမှုန်းနိုင်ခဲ့ဖူးသည်။
သာမန် ကောင်းကင်နယ်ပယ် နှစ်ဆင့်မြောက် သို့မဟုတ် သုံးဆင့်မြောက် သိုင်းဝိညာဥ် ပညာရှင် တစ်ဦးသာ သူ၏ တူချက်ကို ခေါင်းတည့်တည့် အထိခံလိုက်ရပါက ခေါင်း ပေါက်ကွဲထွက်သွားပြီး သေလမ်းသို့ မြေကြီးလက်ခတ်မလွဲ ရောက်ရှိသွားမည်သာ။ သူ၏ သေမင်းတမန် တိုက်ကွက်အပေါ် ချန်လန် ယုံကြည်မှု ပြည့်ဝနေပြီး လင်းချန်ကို သတ်ဖြတ်ရန် ဆုံးဖြတ်ချက် ခိုင်မာနေပြီ ဖြစ်သည်။
ချန်လန် တွေးတောနေစဉ်မှာပင် လင်းချန်က အပေါ်သို့ ရောက်ရှိလာပြီး ရိုက်ချလာသည့် တူကြီးကို ရင်ဆိုင်ရင်း သူ၏ မျက်နှာပေါ်တွင် အထင်သေးသော အပြုံးတစ်ခုကို ဖော်ပြလိုက်၏။
လင်းချန်၏ မျက်နှာထားကို မြင်လိုက်ရသည့်အခါ ချန်လန်သည် ဒေါသတကြီး အော်ဟစ်လိုက်သည်။
"မင်းလိုကောင်ကများ။ ငါ့ကို ဒီလို အထင်သေးတဲ့ အကြည့်နဲ့ ကြည့်ရဲသေးတယ်ပေါ့လေ။"
လင်းချန်၏ အထင်သေးမှုကို ခံလိုက်ရပြီးနောက် ချန်လန်၏ ဒေါသများ ပိုမို ပြင်းထန်လာပြီး စိတ်ဝိညာဉ်စွမ်းအင် ထုတ်လွှတ်မှုကို ဆက်တိုက် တိုးမြှင့်ကာ ပြိုင်ဘက်ကို အမှုန့်ကြိတ်ပစ်ရန် ရည်ရွယ်လိုက်၏။
"ဘုန်းးး"
ကြီးမားသည့် တူကြီးသည် လေထဲတွင် လင်းချန်၏ နဖူးနှင့် ထိပ်တိုက် တွေ့ဆုံသွားပြီး တိုက်ခိုက်သံကြီးက ပတ်ဝန်းကျင်ရှိ တောင်တန်းများအကြား ပဲ့တင်ထပ်သွား၏။
"ခရက်...။"
တစ်စုံတစ်ခု ကွဲအက်သွားသံ ထွက်ပေါ်လာသည်။ တူကြီးကို လွှမ်းခြုံထားသည့် စိတ်ဝိညာဉ်စွမ်းအင်များ စတင် အက်ကွဲလာပြီး နောက်ဆုံးတွင် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်စွာ ပေါက်ကွဲထွက်သွား၏။
ချန်လန်၏ လက်ထဲရှိ လက်ကိုင်နှစ်ဖက်ပါသည့် တူကြီးပေါ်တွင်လည်း အက်ကြောင်းများ ပေါ်လာပြီး နောက်ဆုံးတွင် မူလလက်နက်အမြုတေနှင့် သိုင်းဝိညာဉ်အစိတ်အပိုင်းများ ကွဲကွာသွားကာ ပျက်စီးသွားတော့သည်။
ထို့ပြင် သတ္တုလုံးပုံစံ ဒြပ်စင်အစိတ်အပိုင်း သုံးခုသည်လည်း အပိုင်းအစများအဖြစ် ကွဲကြေကာ အောက်သို့ ပြုတ်ကျသွား၏။
ဟာလာဟင်းလင်း ဖြစ်သွားသော သူ၏ လက်ကို ကြည့်ရင်း လေထဲတွင် ရပ်နေသည့် ချန်လန်သည် လုံးဝ ကြောင်အမ်းသွားသည်။ ဖြစ်ပျက်သွားသည်များကို ချန်လန် နားပင် မလည်နိုင်တော့ချေ။
တစ်ဖက်လူ၏ ဦးခေါင်းကို တူဖြင့် အားကုန် ရိုက်ချလိုက်သော်လည်း အဘယ်ကြောင့် သူ၏ မူလလက်နက်ကသာ ပျက်စီးသွားရသည်နည်း။
"ခေါင်းဆောင်ကတော့ အမြဲတမ်း ကြမ်းတမ်းနေတာပဲ။"
အောက်မှ မော့ကြည့်နေသည့် လေချန်က လင်းချန်သည် သူ၏ ဦးခေါင်းဖြင့်ပင် တစ်ဖက်လူ၏ မူလလက်နက်ကို ဖျက်စီးလိုက်သည်ကို မြင်လိုက်ရသောအခါ ရလဒ်ကို မျှော်လင့်ထားပြီးသားဖြစ်သည့်အလား မှတ်ချက်ချလိုက်၏။
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၁၇ ၊ အတွဲ ၁ ၊ အပိုင်း ၁၆၅ ပြီး။
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၁၇ ၊ အတွဲ ၁ ၊ အပိုင်း ၁၆၆
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team
လင်းချန် လေထဲ၌ပင် ကိုယ်ကိုလှည့်ကာ ချန်လန်အား အားပါးတရ ကန်ထုတ်လိုက်၏။ ကြက်သွေးရောင် မိုးကြိုးဝိညာဉ်စွမ်းအင်များ တောက်ပနေသည့် ခြေထောက်အား မိုးကြိုးနတ်ဘုရား၏ နှင်တံအလား အသုံးပြုကာ ချန်လန်၏ ခန္ဓာကိုယ်ကို ရက်စက်စွာ ရိုက်ချလိုက်သည်။
"ဘန်းးး" ထိုသို့ ပြင်းထန်လှသည့် အရှိန်အဟုန်ကြောင့် ချန်လန်မှာ ကြယ်တံခွန်တစ်ခုအလား မြေပြင်ဆီသို့ ထိုးကျသွားရာ လေခွင်းသံများပင် ထွက်ပေါ်လာတော့၏။
အမြင့်မှ ကြည့်လိုက်ပါက ချန်လန် ပြုတ်ကျသွားကာ မြေပြင်နှင့် ပြင်းထန်စွာ ဆောင့်မိသွားသည်ကို အထင်အရှား မြင်တွေ့နိုင်နေသည်။
ကောင်းကင်နယ်ပယ် သိုင်းဝိညာဉ်ပညာရှင် တစ်ယောက် ဖြစ်သည့်အားလျော်စွာ သူ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုသည် မြေပြင်ထက်ပင် ပို၍ မာကျောနေ၏။ ထို့ကြောင့် ချန်လန် ပြုတ်ကျသွားသည့် အရှိန်ကြောင့် မြေပြင်ပေါ်၌ နက်ရှိုင်းသည့် တွင်းကြီးတစ်ခု ဖြစ်ပေါ်လာသည်။
လင်းချန် မြေပြင်သို့ ဆင်းသက်လာပြီး သူ၏ လက်ကောက်ဝတ်ရှိ ချုပ်နှောင်ကြိုးအား စိတ်အလိုအရ ဖြေချလိုက်ရာ ကြိုးမှာ သူ၏လက်ထဲသို့ ရောက်ရှိလာ၏။
ထို့နောက် ထိုကြိုးကို ကိုင်လျက် ချန်လန်ရှိရာသို့ ဖြည်းညင်းစွာ လျှောက်သွားလိုက်သည်။
ထိုအချိန်တွင် ချန်လန်မှာ မြေတွင်းထဲ၌ လဲကျနေကာ ပါးစပ်မှ သွေးများ စီးကျနေပြီး လင်းချန် လျှောက်လှမ်းလာသည်ကိုသာ အကူအကယ်မဲ့စွာ ကြည့်နေရ၏။
သူ၏ ခန္ဓာကိုယ် အတွင်းကလီစာများ ဖရိုဖရဲဖြစ်သွားသည်ကို သူ ခံစားနေရပြီး နံရိုးအများအပြားလည်း ကျိုးကြေသွားကာ လုံးဝ လှုပ်ရှား၍ မရနိုင်တော့ချေ။
လင်းချန်နှင့် ချန်လန်တို့ တိုက်ပွဲမှ ထွက်ပေါ်လာသည့် တုန်ခါမှုက အတော်လေး ပြင်းထန်လှသည်။ ထို့ကြောင့် အနီးနားရှိ နတ်ဓားဂိုဏ်းမှ အတွင်းစည်းတပည့် အများအပြားသည် မည်သည့်အရာများ ဖြစ်ပျက်နေသနည်းဟု သိရှိလို၍ လာရောက် ကြည့်ရှုကြ၏။
အစောက ထွက်ခွာသွားသည့် ယွမ်ရှောင်လင်းသည်လည်း အခြေအနေကို သိရှိရန် ပြန်လှည့်လာခဲ့သည်။
"ဟင်... ဒါ ချန်လန် မဟုတ်ဘူးလား။ လင်းချန်ဆီမှာ အလဲထိုးခံလိုက်ရတာလား။"
တွင်းထဲ၌ မလှုပ်မယှက် ဖြစ်နေသည့် ပုံရိပ်ကို မြင်လိုက်ရသောအခါ ယွမ်ရှောင်လင်း အလွန်အမင်း တုန်လှုပ်သွားရသည်။ သူသာမက အခင်းဖြစ်ပွားရာ နေရာသို့ အပြေးအလွှား ရောက်လာကြသည့် အခြားသော အတွင်းစည်းတပည့်များလည်း အလားတူ အံ့အားသင့်သွားကြ၏။
ကောပန်လီ ပြန်ရောက်လာပြီးကတည်းက သူ၏နောက်လိုက်များအား မည်သူမှ အလွယ်တကူ ရန်မစရဲတော့ချေ။
အထူးသဖြင့် ကောပန်လီနှင့် သစ္စာခံ ညီအစ်ကိုအများစုမှာ ကောင်းကင်နယ်ပယ်သို့ ရောက်ရှိနေကြပြီး တိုက်ခိုက်ရေးစွမ်းရည်မှာလည်း ထူးကဲလွန်းလှရာ အဓိကတပည့်များပင် သူတို့နှင့် ထိပ်တိုက် မရင်ဆိုင်ရဲကြချေ။
ယခုမူ သူတို့ထဲမှ တစ်ယောက်သည် လင်းချန်၏ လက်ချက်ဖြင့် ပြင်းထန်စွာ ဒဏ်ရာရထားကာ မတ်တပ်ပင် မရပ်နိုင်တော့သည်ကို မျက်မြင်ကိုယ်တွေ့ မြင်နေရပြီ ဖြစ်သည်။
"လူငယ်ဧကရာဇ် လင်းချန် ပြန်ရောက်လာပြီဟ။ စီနီယာအစ်ကို ပြောခဲ့တာတွေ တကယ်မှန်နေတာပဲ။"
"ငါလည်း ကြားတယ်။ ဟိုတလောက ရှီဟန်နဲ့ ရှီဖေး ညီအစ်ကိုနှစ်ယောက်လည်း လူငယ်ဧကရာဇ် ပညာပေးတာ ခံလိုက်ရတယ်တဲ့။ အခု ဝူချန်လန်လည်း အလဲအကွဲ ခံလိုက်ရပြန်ပြီ။"
စုဝေးလာကြသည့် အတွင်းစည်းတပည့်များသည် တစ်ယောက်တစ်ပေါက် တီးတိုးပြောဆိုနေကြကာ ကျေနပ်အားရနေကြ၏။
နတ်ဓားဂိုဏ်းရှိ တပည့်အများစုသည် ကောပန်လီနှင့် တပည့်များကို မနှစ်သက်ခဲ့သည်မှာ ကြာမြင့်နေပြီ ဖြစ်သည်။ အထူးသဖြင့် ခေါင်းဆောင်ဖြစ်သူ ကောပန်လီသည် မူလက ကမ်းရိုးတန်းပြည်နယ်မှ ဖြစ်သော်လည်း ယခုအခါ ဂိုဏ်းတူများကိုပါ အထင်သေး ဆက်ဆံနေသဖြင့် ပို၍ မနှစ်မြို့ကြခြင်း ဖြစ်သည်။
လင်းချန်၏ ဘေးသို့ လေချန် ရောက်လာပြီး မြေပြင်ပေါ်၌ လဲကျနေသည့် ချန်လန်ကို ငုံ့ကြည့်လိုက်၏။ သူ၏ မျက်လုံးများထဲ၌ ရက်စက်သော အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားသည်။ "ခေါင်းဆောင်... ဒီကောင်ကို ဘယ်လိုလုပ်မလဲ။ အစောက ဒီကောင် ခေါင်းဆောင်ကို သတ်ချင်နေတာ။ အပြတ်သာ ရှင်းလိုက်ရမလား။"
ပြောရင်းဖြင့် လေချန်၏ မျက်နှာထားမှာ ပိုမို တင်းမာလာပြီး လည်ပင်းကို လှီးဖြတ်သည့် ဟန်ပန်ကို လုပ်ပြလိုက်၏။
လင်းချန်က ခေါင်းရမ်းလိုက်သည်။ "သူ့ကို ရှင်းဖို့ ငါကိုယ်တိုင် လုပ်စရာ မလိုပါဘူးကွာ။"
ထို့နောက် ချန်လန်ကို စိုက်ကြည့်လိုက်ပြီး လက်ထဲရှိ ချုပ်နှောင်ကြိုးထဲသို့ စိတ်ဝိညာဉ်စွမ်းအင်များ စီးဆင်းစေကာ ပစ်လွှတ်လိုက်၏။ သူ၏ စိတ်ဝိညာဉ်စွမ်းအင်ဖြင့် ချုပ်နှောင်ကြိုးအား ထိန်းချုပ်ကာ တွင်းထဲရှိ ချန်လန်ကို တင်းကျပ်စွာ ချည်နှောင်လိုက်သည်။ "သွားကြစို့... သူ့ကို မော်ချင်းတောင်ဆီ ခေါ်သွားပြီး ပိုင်ရန်ကိုပဲ ရှင်းခိုင်းလိုက်မယ်။"
လင်းချန်က စင်္ကြံလမ်းဘက်သို့ လှည့်ထွက်သွားလိုက်၏။ လေချန်က ခေါင်းညိတ်ပြလိုက်သည်။ "ဟုတ်ကဲ့...။"
ထို့နောက် ချုပ်နှောင်ကြိုးဖြင့် တုပ်နှောင်ခံထားရသည့် ချန်လန်ကို ဆန်အိတ်တစ်အိတ်အလား ကောက်မကာ ပခုံးပေါ်သို့ ထမ်းတင်လိုက်သည်။
စုဝေးနေကြသည့် အတွင်းစည်းတပည့်များသည်လည်း လင်းချန်နှင့် လေချန်တို့ လျှောက်လှမ်းလာသည်ကို မြင်သောအခါ အလျင်အမြန် လမ်းဖယ်ပေးလိုက်ကြ၏။
လင်းချန်က မထွက်ခွာမီ အတွင်းစည်းတပည့်များကို မှာကြားလိုက်သည်။ "တကယ်လို့ ကောပန်လီရဲ့ လူတွေက မင်းတို့ကို ထပ်အနိုင်ကျင့်ရင် ပြန်သာချလိုက်ကြ။ မနိုင်ရင် မော်ချင်းတောင်ကို လာပြီး ငါ့ကို လာရှာ။"
ထို့နောက် လင်းချန်နှင့် လေချန်တို့ လူအများ၏ မျက်စိရှေ့မှ ပျောက်ကွယ်သွားတော့သည်။ လူအုပ်ကြီးမှာ ဖြစ်ပျက်သွားသည့် အခြေအနေများကို အသိဝင်လာရန် အချိန်အနည်းငယ် ယူလိုက်ရ၏။
"လူငယ်ဧကရာဇ် လင်းချန်လို့ ခေါ်ကြတာ အလကားမဟုတ်ဘူးဟ။ နိဗ္ဗာန်နယ်ပယ်နဲ့တင် ချန်လန်ကို လွယ်လွယ်လေး အနိုင်ယူသွားတာပဲ။"
"တင်းကျစ်ရုံနဲ့ ကျောက်ဟိုင်မင်းတို့ ရုတ်တရက် အစွမ်းထက်လာတာလည်း လင်းချန် အထူးလေ့ကျင့်ပေးလိုက်လို့ဆိုတာ ငါ ကြားထားတယ်။"
"ငါလည်း အဲဒီအကြောင်း ကြားမိတယ်။ အစကတော့ သတင်းတွေ ပုံကြီးချဲ့နေတယ် ထင်တာ။ အခုကြည့်ရတာ အကုန်တကယ်တွေပဲ ဖြစ်မယ်။"
အတွင်းစည်းတပည့်များကြားထဲမှ ယွမ်ရှောင်လင်းသည်လည်း လင်းချန် ထွက်ခွာသွားသည့် နေရာကို လှမ်းကြည့်လိုက်ပြီး သူ၏ မျက်နှာအထက်၌ အံ့သြမှုများ ပြည့်နှက်နေတော့၏။ "လူငယ်ဧကရာဇ် လင်းချန်က တကယ် ခန့်မှန်းရ ခက်တာပဲ။ ကိုယ့်လက်ကို ကြိုးတုပ်ထားတာတောင် ကောင်းကင်နယ်ပယ် ကျင့်ကြံသူကို လွယ်လွယ်လေး အနိုင်ယူသွားနိုင်တယ်ပေါ့။"
အခြားသော အတွင်းစည်းတပည့်များနှင့် မတူဘဲ ယွမ်ရှောင်လင်းသည် အဝေးသို့ ထွက်မသွားဘဲ ပုန်းအောင်းကာ စောင့်ကြည့်နေခဲ့ခြင်း ဖြစ်၏။
ပတ်ဝန်းကျင်ရှိ အတွင်းစည်းတပည့်များ၏ ပြောဆိုဆွေးနွေးသံများကို ကြားလိုက်ရသည့်အခါ လင်းချန်၏ လက်များ ချည်နှောင်ခံထားရခြင်းမှာ တိုက်ပွဲအတွင်း ချန်လန်၏ လက်ချက် သို့မဟုတ် အထူးစိတ်ဝိညာဉ်ပစ္စည်း တစ်ခုခုကြောင့်ဟု သူတို့ ထင်မှတ်နေကြကြောင်း ယွမ်ရှောင်လင်း သိလိုက်ရ၏။
သို့သော် ယွမ်ရှောင်လင်းကမူ အဖြစ်မှန်ကို ကောင်းစွာ သိရှိထားသည်။ လင်းချန်သည် သူ့ကိုယ်သူ လက်ပြန်ကြိုးတုပ်ကာ ချန်လန်အား တမင်သက်သက် အရှက်ခွဲသည့် ပုံစံဖြင့် တိုက်ခိုက်ခဲ့ခြင်းသာ ဖြစ်၏။
**--**--**--**--**--**--**--**
မော်ချင်းတောင်ပေါ်၌ ချန်လန်ကို ပိုင်ရန်၏ ရှေ့ရှိ မြေပြင်ပေါ်သို့ လေချန်က ပစ်ချလိုက်သည်။
"ဘုန်းးး"
"သူ့ကို ဘယ်လို ကိုင်တွယ်မလဲ မင်းဘာသာ ကြည့်လုပ်တော့။" လေချန်က ဆို၏။
မြေပြင်ပေါ်၌ ကြိုးတုပ်လျက်သား လဲကျနေသည့် ချန်လန်ကို မြင်လိုက်ရသောအခါ ပိုင်ရန် ဦးစွာ အံ့ဩသွားပြီးနောက် သူ၏မျက်လုံးများထဲတွင် နာကြည်းမုန်းတီးမှုများ ပြည့်နှက်လာတော့သည်။
ဤလူကြောင့်သာ သူ၏ ခြေထောက်များ ပြတ်တောက်ခဲ့ရပြီး အိပ်ရာပေါ်၌ လဲလျောင်းနေရခြင်း ဖြစ်၏။ ချန်လန်၏ အမြင်၌မူ သူသည် ပုရွက်ဆိတ်တစ်ကောင်ထက်ပင် မပိုခဲ့ချေ။ သူ၏ခြေထောက်များကို ဖြတ်တောက်ပြီးနောက် အဘယ်ကြောင့် ချက်ချင်း သတ်မပစ်သနည်းဟု မေးခဲ့စဉ်က ချန်လန် ပြန်ဖြေခဲ့သည့် စကားကို ပိုင်ရန် ကောင်းစွာ မှတ်မိနေဆဲ ဖြစ်၏။
မြေပြင်ပေါ်ရှိ ချန်လန်ကို ငုံ့ကြည့်ရင်း ပိုင်ရန်က အားပါးတရ ရယ်မောလိုက်သည်။ "ဟားဟား... မင်းငါ့ကို မသတ်တာ ခြေထောက်ဖြတ်ပြီး ဒုက္ခိတအဖြစ် အရှင်လတ်လတ် ထားခဲ့တာက ပိုပျော်စရာကောင်းမယ် ထင်လို့ဆို။ တစ်နေ့ကျရင် မင်း ငါ့လက်ထဲ ရောက်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ ထင်မထားခဲ့ဘူး မဟုတ်လား။"
ပိုင်ရန်က နီရဲနေသည့် မျက်လုံးများဖြင့် ချန်လန်ကို စိုက်ကြည့်လိုက်သည်။ "စိတ်ချ... ငါ မင်းကို မသတ်ဘူး။ ဒါပေမဲ့ မင်းရဲ့ ကျင့်ကြံခြင်းအဆင့်တွေကို ဖျက်ဆီးပြီး မင်းကို ဒုက္ခိတ ဖြစ်သွားအောင် ငါ ကိုယ်တိုင် လုပ်ပေးမယ်။"
မြေပြင်ပေါ်၌ ချုပ်နှောင်ခံထားရသည့် ချန်လန်ကမူ ထိတ်လန့်သွားခြင်း အလျဉ်းမရှိဘဲ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ "လုပ်ရဲ လုပ်ကြည့်လေ။ အစ်ကိုကြီးက မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး။ အခု ငါ့ကို လွှတ်ပေးရင် မင်း သေရင်တောင် အလောင်းလှလှလေး ကျန်ဦးမယ်။ အစ်ကိုကြီးရဲ့ အဘိုးဆိုတာ သေခြင်းရှင်ခြင်း နယ်ပယ်ကို ရောက်နေတဲ့ ပုဂ္ဂိုလ်။ နတ်ဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကြီးကွ... မင်းကများ..."
ချန်လန် စကားမဆုံးခင်မှာပင် လင်းချန်က ခြေဖြင့် ကန်လိုက်ပြီး ပါးစပ်ကို ဖိနင်းထားလိုက်၏။ ချက်ချင်းပင် ချန်လန်၏ ပါးစပ်ထဲ၌ သွေးများ ပြည့်နှက်သွားပြီး သွားများအားလုံးနီးပါးလည်း ကျိုးကြေသွားသည်။
လင်းချန်က ဆောင့်ကြောင့်ထိုင်ချကာ အေးစက်စွာ ပြောလိုက်၏။ "မင်းရဲ့ အစ်ကိုကြီး ကောပန်လီရော... သူ့အဘိုးရော... ငါ တစ်စက်မှ ဂရုမစိုက်ဘူးဆိုတာ မင်း သိလား။"
ထိုသို့ ပြောရင်း ချန်လန်၏ မျက်နှာကို လင်းချန် ခပ်ကြမ်းကြမ်း ပုတ်လိုက်သည်။ "မယုံရင် ပိုင်ရန်က မင်းကို ဒုက္ခိတ လုပ်တာကိုသာ စောင့်ကြည့်။ ပြီးရင် မင်းကို ကောပန်လီဆီ ပြန်ပို့ပေးမယ်။ သူတို့ ငါ့ကို ဘာလုပ်နိုင်မလဲ မင်း ကိုယ်တိုင် ကြည့်ပေါ့ကွာ။"
ထိုသို့ပြောပြီးနောက် လင်းချန် မတ်တပ်ရပ်လိုက်သည်။
"ဒီကောင့်ကို မင်းဆီပဲ အပ်လိုက်မယ်။" ထို့နောက် လျှို့ဝှက်အခန်းရှိရာ အနောက်ဘက်ဝင်းအတွင်းမှ အိမ်ငယ်လေးဆီသို့ လှည့်ထွက်သွားလိုက်သည်။
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၁၇ ၊ အတွဲ ၁ ၊ အပိုင်း ၁၆၆ ပြီး။
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team