အခန်း (၁၆၇-၁၆၈)
Vol. 17 Ch. 167-168
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၁၇ ၊ အတွဲ ၁ ၊ အပိုင်း ၁၆၇
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team
ခြံဝင်း၏ အနက်ရှိုင်းဆုံး နေရာရှိ အိမ်ငယ်လေးဆီသို့ လင်းချန် ဝင်သွားလိုက်၏။ ထို့နောက် မွေ့ရာနှစ်ထပ် ခင်းထားသည့် ကုတင်နားသို့ လျှောက်သွားကာ မွေ့ရာများကို ဖယ်မ၍ ကုတင်ပေါ်သို့ တက်ထိုင်လိုက်သည်။
သူ၏ ခြေထောက် ကုတင်ဘောင်နှင့် ထိမိသည်နှင့် တစ်ပြိုင်နက် အစီအရင်တစ်ခု၏ တုန်ခါမှုများ ထွက်ပေါ်လာသည်။ မာကျောပုံရသော ကုတင်ဘောင်မှာလည်း ရုတ်တရက် ရေကဲ့သို့ အရည်ပျော်ကျသွား၏။
ထိုအရည်များထဲသို့ လင်းချန်၏ ခန္ဓာကိုယ် နစ်မြုပ်သွားချိန်၌ သူ၏ ပတ်ဝန်းကျင်တွင် ကျောက်လိုဏ်ဂူနံရံများ ရုတ်တရက် ထွက်ပေါ်လာ၏။ ထို့နောက် ဒေါင်လိုက်လမ်းကြောင်းအတိုင်း အောက်သို့ လျှောကျသွားသည်။
မည်မျှကြာအောင် အောက်သို့ လျှောကျသွားသည်ကို မသိလိုက်ချေ။ ရုတ်တရက် အောက်ဘက်ဆီမှ တွန်းကန်အားတစ်ခု ထွက်ပေါ်လာကာ အရှိန်ပြင်းပြင်း ကျဆင်းလာနေသည့် သူ၏ ခန္ဓာကိုယ်အား ညင်သာစွာ တားဆီးပေးလိုက်သည်။
တွန်းကန်အားများ ပျောက်ကွယ်သွားသောအခါ လင်းချန် မြေပြင်ပေါ်သို့ ခြေချလိုက်နိုင်၏။ လင်းချန် ယခုရောက်နေသည့် နေရာမှာ အလွန် ကျယ်ဝန်းပြီး ရိုးရှင်းသည့် လျှို့ဝှက်ကျောက်လိုဏ်ဂူကြီး တစ်ခုပင်။
ကျောက်လိုဏ်ဂူ၏ အလယ်ဗဟို၌ မျက်လုံးများမှိတ်ကာ ကျင့်ကြံခြင်း၌ ဈာန်ဝင်စားနေပုံရသည့် သူ၏ဆရာ ဝေဝူရွှမ်လည်း ရှိနေ၏။ သူ၏ ဆရာဘေး၌မူ လူငယ်တစ်ဦးက မတ်တပ်ရပ်လျက် ကျင့်ကြံနေသည့် ဝေဝူရွှမ်အား စိုက်ကြည့်နေသည်။
"ဟား... ကောပန်လီ ၊ မင်း ဒီမှာ ရှိနေမယ်လို့ ငါ မထင်ထားဘူး။"
လင်းချန်က ထိုလူငယ်အား အေးစက်စွာ စိုက်ကြည့်ရင်း ပြောလိုက်၏။ ထိုလူငယ်မှာလည်း ဖြည်းညှင်းစွာ လှည့်ကြည့်လာပြီး ရုတ်တရက် ပေါ်လာသည့် လင်းချန်အား ကြည့်ကာ အထင်သေးဟန်ဖြင့် လှောင်ပြုံး ပြုံးလိုက်သည်။
"အို... မကြာသေးခင်ကမှ နာမည်ကြီးလာတဲ့ နတ်ဓားဂိုဏ်းရဲ့ လူငယ်ဧကရာဇ် လင်းချန်ပါလား။ မင်းက ကောလာဟလတွေထဲကအတိုင်း တကယ် စွမ်း ၊ မစွမ်း ငါ ကြည့်ချင်သေးတယ်။"
စကားဆုံးသည်နှင့် တစ်ပြိုင်နက် ကောပန်လီ၏ ခန္ဓာကိုယ်မှ ကောင်းကင်နယ်ပယ် စိတ်ဝိညာဉ်စွမ်းအင်များ ရုတ်ခြည်း ထွက်ပေါ်လာသည်။ ကြောက်မက်ဖွယ် ကောင်းလှသည့် အရှိန်အဝါများ ထွက်ပေါ်လာကာ သူ၏ စိတ်ဝိညာဉ်အလင်းတန်းများမှာ တစ်လွှာပြီးတစ်လွှာ တိုးမြင့်လာပြီး ကိုးလွှာအထိပင် ရောက်ရှိသွား၏။
သိသာလှစွာပင် ကောပန်လီသည်လည်း နိဗ္ဗာန်စက်ဝန်းကိုးသွယ်အား ပြီးမြောက်ပြီးမှ ကောင်းကင်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်ထားသည့် ပါရမီရှင်တစ်ဦး ဖြစ်သည်။
စိတ်ဝိညာဉ်စွမ်းအင်များကို စုစည်းပြီးနောက် ကောပန်လီမှာ လင်းချန်ရှိရာဆီသို့ လျှပ်စီးလက်သကဲ့သို့ အလျင်အမြန် ပြေးဝင်လာ၏။ သူ၏ ညာဘက်လက်သီး၌မူ တောက်လောင်နေသည့် အနီရောင် စိတ်ဝိညာဉ်စွမ်းအင်များ ဖုံးလွှမ်းနေသည်။
အလွန်တရာ ပူပြင်းလှသော ထိုမီးတောက်လက်သီးက မှောင်မိုက်နေသည့် ကျောက်လိုဏ်ဂူအား လင်းထိန်သွားစေ၏။ ကောပန်လီသည် လင်းချန်အား ပြာကျသွားအောင် လောင်ကျွမ်းပစ်တော့မည့် မီးနတ်ဘုရားတစ်ပါးအလား ခုန်ပျံဝင်လာလိုက်သည်။
ကောပန်လီ၏ အင်အားကြီးမားလှသည့် တိုက်ခိုက်မှုကို မြင်လိုက်ရသောအခါ လင်းချန်၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးတက်သွားသည်။ ချက်ချင်းပင် ရွှေနီရောင် မိုးကြိုးဝိညာဉ်စွမ်းအင်များမှာ သူ၏ ခန္ဓာကိုယ်အတွင်းမှ ပေါက်ကွဲထွက်ပေါ်လာ၏။
ကျောက်လိုဏ်ဂူအတွင်း၌ မိုးကြိုးသံများ မရပ်မနား ဟိန်းညံသွားပြီး နားစည်ကွဲမတတ် အသံကြီးများ ထွက်ပေါ်လာသည်။ ယခုအချိန်၌ လင်းချန်သည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ စိတ်ဝိညာဉ်စွမ်းအင်များကို အပြည့်အဝ ထုတ်ဖော်လိုက်လေပြီ။ ထို့ကြောင့် မျက်စိကျိန်းမတတ် စိတ်ဝိညာဉ်အလင်းတန်း တစ်ဆယ့်နှစ်လွှာအထိပင် ထွက်ပေါ်လာ၏။
"နိဗ္ဗာန်စက်ဝန်း ဆယ့်နှစ်သွယ်... ဟုတ်လား။"
လင်းချန်၏ ပြောင်းလဲမှုကြောင့် ကောပန်လီတစ်ယောက် တုန်လှုပ်သွားရကာ ရှေ့သို့ ပြေးဝင်နေသည့် သူ၏ အရှိန်ပင် အနည်းငယ် တန့်သွားရသည်။ သို့သော် ကောင်းကင်နယ်ပယ် သိုင်းဝိညာဉ်ပညာရှင်နှင့် ကမ်းရိုးတန်းပြည်နယ်၏ ပါရမီရှင်တစ်ဦး ဖြစ်သည့်အားလျော်စွာ ချက်ချင်းပင် သူ၏ စိတ်ကို တည်ငြိမ်အောင် ပြန်လည်ထိန်းချုပ်လိုက်နိုင်၏။
ပြင်းထန်လှသည့် မီးတောက်လက်သီးနှင့် လေခွင်းသံမြည်နေသည့် မိုးကြိုးလက်သီးတို့မှာ ကျောက်လိုဏ်ဂူအလယ်၌ အားပါးတရ ထိပ်တိုက် တွေ့ဆုံသွားကြလေပြီ။
မီးနှင့် မိုးကြိုး ရောယှက်သွားသည်နှင့်တစ်ပြိုင်နက် စိတ်ဝိညာဉ်စွမ်းအင်များ ချက်ချင်း ပေါက်ကွဲထွက်လာ၏။ ကြောက်မက်ဖွယ် ကောင်းလှသည့် တုန်ခါမှုလှိုင်းကြီးများမှာ ကျောက်လိုဏ်ဂူအတွင်းသို့ ပျံ့နှံ့သွားတော့သည်။
"ဘုန်းးး"
ကျယ်လောင်လှသည့် ရိုက်ခတ်သံကြီး ထွက်ပေါ်လာပြီးနောက် လက်သီးချင်း ထိပ်တိုက်တွေ့သွားသည့် ကောပန်လီနှင့် လင်းချန်တို့မှာ အသီးသီး နောက်သို့ ဆုတ်လိုက်ကြရသည်။
လင်းချန်မှာ နောက်သို့ သုံးလှမ်းခန့် ဆုတ်လိုက်ရပြီး လွင့်စင်လုနီးပါး ဖြစ်သွားသည့် သူ၏ ခန္ဓာကိုယ်အား တည်ငြိမ်စေရန် မြေကြီးကို ခြေထောက်ဖြင့် ပြင်းထန်စွာ ဆောင့်နင်းလိုက်ရ၏။ တစ်ချိန်တည်းမှာပင် ကောပန်လီသည်လည်း တုန်ခါသွားသည့် သူ၏ ခန္ဓာကိုယ်ကို မထိန်းနိုင်မီ နောက်သို့ ခြေလှမ်းဆယ်လှမ်းကျော်ခန့် ဆုတ်လိုက်ရသည်။
ခြေလှမ်းများ တည်ငြိမ်သွားသောအခါ ကောပန်လီ ထိုနေရာ၌ပင် ရပ်တန့်လိုက်ပြီး သူ၏ မျက်လုံးများထဲ၌ ထိတ်လန့်မှုများက အထင်းသား ပေါ်လွင်လာ၏။ သူ အလွန်အမင်း အံ့အားသင့်နေမိသည်။ နိဗ္ဗာန်နယ်ပယ် ခြောက်ဆင့်သာ ရှိသေးသည့် လင်းချန်က ဤမျှအထိ စွမ်းအားကြီးမားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။
သူ့ကို ပို၍ တုန်လှုပ်သွားစေသည်မှာ လက်သီးချင်း ထိပ်တိုက်တွေ့ဆုံမှုကြောင့် မဟုတ်ဘဲ လင်းချန်၏ ခန္ဓာကိုယ်ပေါ်ရှိ စိတ်ဝိညာဉ်အလင်းတန်း တစ်ဆယ့်နှစ်လွှာကြောင့်ပင်။ စိတ်ဝိညာဉ်အလင်းတန်း အရေအတွက်သည် နိဗ္ဗာန်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်စဉ်က နိဗ္ဗာန်စက်ဝန်း အကြိမ်မည်မျှ ပြီးမြောက်သည်ကို ကိုယ်စားပြု၏။
သို့မဟုတ် နိဗ္ဗာန်နယ်ပယ်အတွင်း၌ မူလအခြေခံကို အကြိမ်မည်မျှ ပြန်လည်ဖြည့်ဆည်းနိုင်ခြင်းကို ညွှန်ပြသည်။ စိတ်ဝိညာဉ်အလင်းတန်း အရေအတွက်သည် စုစုပေါင်းအင်အားကို ကိုယ်စားမပြုသော်ငြား သိုင်းဝိညာဉ်ပညာရှင်တစ်ဦး၏ အခြေခံစံနှုန်းကိုမူ ကိုယ်စားပြုနေ၏။
"ငါ မင်းကို လျှော့တွက်မိသွားပုံပဲ... နတ်ဓားဂိုဏ်းရဲ့ လူငယ်ဧကရာဇ်။" ကောပန်လီက ထိုသို့ပြောလိုက်ပြီးနောက် အသက်ကို ပြင်းပြင်းရှူလိုက်သည်။
ထို့နောက် လက်ကို ဆန့်ထုတ်လိုက်သောအခါ လေထဲတွင် ပျံဝဲနေသည့် စိတ်ဝိညာဉ်အစိတ်အပိုင်း ကိုးခုနှင့် တုတ်တံရှည်ပုံသဏ္ဍာန် စိတ်ဝိညာဉ်လက်နက် နှလုံးသားတစ်ခုတို့ သူ့ရှေ့၌ ထွက်ပေါ်လာ၏။
"သိုင်းဝိညာဉ် အသွင်ပြောင်းခြင်း။" အော်ဟစ်လိုက်ပြီးနောက် လက်ကိုဆန့်ထုတ်ကာ အနီရောင် တုတ်တံရှည်ကြီးအား လှမ်းကိုင်လိုက်သည်။
ထို့နောက် လက်ထဲရှိ တုတ်တံရှည်အား ညင်သာစွာ ဝှေ့ယမ်းလိုက်ရုံဖြင့်ပင် ကျယ်ပြန့်လှသော မီးတောက်လှိုင်းများ ထွက်ပေါ်လာ၏။ ထိုအရာက မလှမ်းမကမ်း၌ ရှိနေသည့် လင်းချန်ကိုပင် ပြင်းထန်လှသော အပူရှိန်ကို ခံစားလိုက်ရစေသည်။
လင်းချန်သည်လည်း အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ကောင်းကင်လက်မှုပညာဌာနမှ ဖန်တီးထားသည့် အထူးစိတ်ဝိညာဉ်လက်နက် နှလုံးသားနှင့် စိတ်ဝိညာဉ်အစိတ်အပိုင်းများကို ထုတ်ဖော်လိုက်သည်။
"သိုင်းဝိညာဉ် အသွင်ပြောင်းခြင်း။" လင်းချန်၏ စကားသံ ဆုံးသည်နှင့် တစ်ပြိုင်နက် ရွှေနီရောင် မိုးကြိုးဝိညာဉ်စွမ်းအင်များ စတင် စီးဆင်းလာပြီး စိတ်ဝိညာဉ်အစိတ်အပိုင်းများနှင့် ပေါင်းစပ်သွား၏။
စိတ်ဝိညာဉ်စွမ်းအင်နှင့် ထိတွေ့လိုက်သည့် စိတ်ဝိညာဉ်အစိတ်အပိုင်းများမှာ သတ္တုအရည်အဖြစ်သို့ ချက်ချင်း အရည်ပျော်ကျသွားပြီး စိတ်ဝိညာဉ်လက်နက် နှလုံးသားအား အပြည့်အဝ ဖုံးလွှမ်းသွားသည်။ တစ်ချိန်တည်းမှာပင် မိုးကြိုးလျှပ်စီးဓား သိုင်းဝိညာဉ်သည် လင်းချန်၏ ဒန်တျန်မှ ထိုးထွက်လာ၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် ရွှေနီရောင် လျှပ်စီးလှိုင်းများ ရစ်ပတ်နေသည့် အနက်ရောင် မိုးကြိုးလျှပ်စီးဓားမှာ လင်းချန်၏ လက်ထဲသို့ ရောက်ရှိလာ၏။
လင်းချန် မိုးကြိုးလျှပ်စီးဓားအား ဆုပ်ကိုင်လျက် ရှေ့သို့ ပြေးဝင်သွားပြီး ကောပန်လီ၏ မျက်နှာသို့ သနားညှာတာမှု ကင်းမဲ့စွာဖြင့် ခုတ်ပိုင်းချလိုက်သည်။
ဓားသွားပေါ်ရှိ ရွှေနီရောင် မိုးကြိုးဝိညာဉ်စွမ်းအင်များမှာ ဆူပွက်လှုပ်ရှားစွာ မြည်ဟိန်းနေပြီး ဓားချက်က ကောပန်လီထံသို့ ချက်ချင်း ရောက်ရှိလာ၏။
လင်းချန်က အလွန်မြန်ဆန်လွန်းလှသဖြင့် ကောပန်လီတစ်ယောက် လန့်ဖျပ်သွားရသည်။ သူသည် လက်ထဲရှိ တုတ်တံရှည်အား အလျင်အမြန် မြှောက်လိုက်ပြီး ဝင်ရောက်လာသည့် ဓားချက်ကို ကာကွယ်ရန် သူ့ရှေ့၌ ကန့်လန့်ဖြတ် ကာကွယ်လိုက်၏။
"ဂျိန်းးး"
အနက်ရောင် မိုးကြိုးလျှပ်စီးဓားက တုတ်တံရှည်အား ပြင်းထန်စွာ ရိုက်ခတ်သွားပြီး မီးပွားများ လွင့်စင်လာကာ လျှပ်စီးတန်းများက မြွေများသဖွယ် တွားသွားသွားကြသည်။
ထိုရိုက်ချက်အား ကာကွယ်နိုင်လိုက်သော်ငြား ကောပန်လီ၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွား၏။ သူ၏ လက်ထဲရှိ တုတ်တံရှည်မှတစ်ဆင့် အလွန် ကြောက်မက်ဖွယ်ကောင်းလှသည့် အင်အားတစ်ခု ရောက်လာသည်ကို ရှင်းလင်းစွာ ခံစားလိုက်ရပြီး သူ၏ လက်များပင် ထုံကျဉ်သွားရသည်။
"သောက်ကျိုးနည်း... အားကလည်း သန်လိုက်တာကွာ။ မင်းရဲ့ ခန္ဓာကိုယ် ခွန်အားက အရင်တုန်းကလို ကြောက်စရာ ကောင်းတုန်းပဲ။" သူ၏ လက်မောင်းများကို အနည်းငယ် လှုပ်ခါလိုက်ရင်း ခါးသက်သက် ရယ်မောလျက် လင်းချန်အား လှမ်းအော်လိုက်၏။
လင်းချန်က လှောင်ပြုံးတစ်ခုဖြင့် တုံ့ပြန်လိုက်ပြီး ကောပန်လီထံသို့ နောက်ထပ် ဓားချက်တစ်ခုကို ခုတ်ပိုင်းလိုက်ပြန်သည်။ "ဒါက အမြည်းပဲ ရှိသေးတယ်ကွ။"
ပြောပြီးသည်နှင့် လက်ထဲရှိ မိုးကြိုးလျှပ်စီးဓားအား ရူးသွပ်မတတ် ဝှေ့ယမ်းကာ ကောပန်လီကို မနားတမ်း တိုက်ခိုက်လိုက်၏။
လင်းချန်၏ ကြမ်းတမ်းလှသည့် တိုက်ခိုက်ချက်များကို ရင်ဆိုင်နေရသောကြောင့် ကောပန်လီမှာ ခုခံရုံသာ တတ်နိုင်ပြီး တန်ပြန်တိုက်ခိုက်ရန် အခွင့်အရေးကိုသာ ရှာဖွေနေရသည်။
သို့သော် ကံဆိုးလှစွာပင် ကောပန်လီ အံ့ဩသွားရသည်မှာ သူသည် လင်းချန်၏ အားနည်းချက်ကို ပစ်မှတ်ထားကာ တိုက်ခိုက်လိုက်တိုင်း ပို၍ နက်ရှိုင်းလှသည့် ထောင်ချောက်ထဲသို့သာ ကျရောက်သွားခြင်းပင်။
အချိန်ကြာလာသည်နှင့်အမျှ ကောပန်လီ အရေးနိမ့်လာပြီး သူ၏ မီးနီရောင် တုတ်တံရှည်ပေါ်၌ အက်ကြောင်းများပင် တဖြည်းဖြည်း ပေါ်လာတော့သည်။
"ခရက်... ခွမ်းးး" ကျိုးပဲ့သံနှင့်အတူ ကောပန်လီ၏ လက်ထဲရှိ တုတ်တံရှည်မှာ ချက်ချင်းပင် ပြိုကွဲသွားတော့ပြီး မရေမတွက်နိုင်သည့် သတ္တုအပိုင်းအစများအဖြစ် ကွဲကြေလွင့်စင်သွားတော့သည်။
ထိုအချိန်၌ လင်းချန်၏ မိုးကြိုးလျှပ်စီးဓားသည် ကောပန်လီ ကာကွယ်ထားသည့် စိတ်ဝိညာဉ်စွမ်းအင်များကို ထိုးဖောက်ဝင်ရောက်သွားပြီး ဓားသွားက မျက်နှာတည့်တည့်ဆီသို့ ဦးတည်လာ၏။
သို့သော် လင်းချန်၏ ဓားထိပ်ဖျားမှာ ကောပန်လီ၏ မျက်နှာနှင့် လက်တစ်လုံးအလို၌ပင် ရုတ်တရက် ရပ်တန့်သွားသည်။
"ရှက်စရာကောင်းလိုက်တာကွာ။"
ကောပန်လီ မိုးကြိုးလျှပ်စီးဓားအား လက်ဖြင့် ဖယ်ရှားလိုက်ပြီး ဝမ်းနည်းပက်လက် မျက်နှာပေးဖြင့် မျက်လုံးပွင့်နေပြီဖြစ်သည့် ဆရာဝေဝူရွှမ်ထံသို့ လှည့်ကာ လျှောက်သွားလိုက်၏။
"ဆရာ... ဂျူနီယာညီလေးက ကျွန်တော့်ကို အနိုင်ကျင့်နေတယ်။ ဝင်ကူပေးပါဦး။"
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၁၇ ၊ အတွဲ ၁ ၊ အပိုင်း ၁၆၇ ပြီး။
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၁၇ ၊ အတွဲ ၁ ၊ အပိုင်း ၁၆၈
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team
“ကောပန်လီ... မင်း အရှက်မရှိဘူးလား... ဆရာ့ကို တိုင်တာကလွဲရင် တခြား ဘာတတ်သေးလဲ။”
လင်းချန် သိုင်းဝိညာဉ်အသွင်ပြောင်းခြင်းကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး နှုတ်ခမ်းမဲ့ကာ လျှောက်လာ၏။
ဝေဝူရွှမ်သည်လည်း ကျင့်ကြံခြင်းကို အဆုံးသတ်လိုက်ပြီး ကောပန်လီအား ကြည့်ကာ ခေါင်းခါလိုက်သည်။ “ဟင်း... မင်းကတော့ တကယ်ကို အသုံးမကျဘူးကွာ... ဒီနှစ်တွေထဲ ဘာမှလည်း တိုးတက်မလာဘူး။ ကိုယ့်ဂျူနီယာညီလေးကိုတောင် မနိုင်ဘဲ ငါ့ဆီ စစ်ကူလာခေါ်နေသေးတယ်။”
“ငါ မှတ်မိသလောက်... မင်း အစွမ်းတွေကို ထိန်းထားတုန်းက လင်းချန်ကို မနိုင်ခဲ့ဘူး မဟုတ်လား။”
ကောပန်လီက ချက်ချင်း တုံ့ပြန်လိုက်၏။ “ဆရာရယ်... ပြောရင်လည်း ယုတ္တိရှိရှိ ပြောပါဗျာ။ ကျွန်တော် ဂျူနီယာညီလေးနဲ့ လေ့ကျင့်တုန်းက အစွမ်းတွေကို ထိန်းထားတာတင် မကဘူး... သိုင်းဝိညာဉ်အသွင်ပြောင်းတာကိုလည်း မသုံးခဲ့ရဘူးလေ။ ဒီကောင်လေးရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုက ဘယ်လောက်တောင် ကြောက်စရာကောင်းလဲ ဆရာ သိရဲ့သားနဲ့။”
ထို့နောက် သူက လင်းချန်ဘက်သို့ လှည့်ကာ လက်ညှိုးထိုးလိုက်သည်။ “ကျွန်တော် မထင်ထားတာက... နှစ်တွေအများကြီး ကြာပြီးမှ ပြန်လာတဲ့အခါ ဒီကောင်လေးက တကယ်ကို... ဂျူနီယာညီလေး... မင်းက သောက်ရမ်းတွေ စွမ်းအားကြီးနေပြီကွ... အရမ်းလွန်လွန်းနေပြီ။”
လင်းချန်က ပခုံးတွန့်ကာ လက်ကာပြလိုက်၏။ “ငါ့အပြစ်လား။”
“မင်း...”
လင်းချန်၏ အမူအရာကို မြင်လိုက်ရသည့်အခါ ကောပန်လီ သူ၏ မျက်နှာကို လက်ဝါးဖြင့် အုပ်ကာ ညည်းတွားလိုက်သည်။ “အပြင်လောကမှာ သူများ အနိုင်ကျင့်တာ ခံနေရတာတောင် မလုံလောက်သေးလို့လား... ပြန်ရောက်တော့လည်း မင်းက ညီအစ်ကိုသံယောဇဉ်ကို ဂရုမစိုက်ဘဲ ငါ့ရဲ့ မူလလက်နက်တွေ အကုန်လုံးကို ဖျက်ဆီးပစ်တယ်။”
ထို့နောက် လင်းချန်ရှိရာသို့ ပြေးဝင်သွားပြီး ဖက်ထားကာ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ “ဝါးးး... အော်ငိုချင်တော့တာပဲ... ငါ့ဘဝကြီးက ခါးသီးလိုက်တာကွာ။”
လင်းချန် နားထဲ၌ ကောပန်လီ၏ ငိုယိုအော်ဟစ်သံများ ကြားနေရသဖြင့် သက်ပြင်းချလိုက်သည်။ “ဟူး... တော်စမ်းပါကွာ... မင်းရဲ့ ဒြပ်စင်လက်နက်အတွက် ငါ ပစ္စည်းကောင်းလေးတွေ ပြန်ပေးပါ့မယ်... ဟုတ်ပြီလား။”
လင်းချန်၏ စကားဆုံးသည်နှင့် ငိုယိုနေသည့် ကောပန်လီသည် ရုတ်တရက် ရပ်တန့်သွားပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ကာ လင်းချန်အား အလေးအနက် လက်ညှိုးထိုးလိုက်၏။ “မင်း တကယ်ပြောတာနော်။”
လင်းချန်က ခေါင်းညိတ်လိုက်သည်။ “အင်း... တကယ်ပေါ့... တကယ်ပြောတာ။”
ကောပန်လီက မျက်လုံးများ အရောင်လက်သွား၏။ “မင်း အရမ်း အစွမ်းထက်တဲ့ ရှေးဟောင်းအမွေအနှစ်နယ်မြေတစ်ခုကနေ ပစ္စည်းကောင်းတွေ အများကြီး ရခဲ့တယ်လို့ ဆရာ ပြောပြထားတယ်။ ငါ ပထမတန်းအဆင့် စိတ်ဝိညာဉ်လက်နက်နှလုံးသားနဲ့ စိတ်ဝိညာဉ်အစိတ်အပိုင်းတွေ လိုချင်တယ်။”
လင်းချန်က ခေါင်းရမ်းလိုက်သည်။ “မရဘူး... မရဘူး... အိပ်မက်မက်နေလိုက်။”
“ဒါဆို ဒုတိယတန်းအဆင့်ကွာ... ဒါ အနည်းဆုံး လက်ခံနိုင်တဲ့ အဆင့်ပဲ...”
လင်းချန်က သက်ပြင်းချလိုက်၏။ “ဟူး... ပြီးရော... ပြဿနာ မရှိဘူး။”
လင်းချန် သဘောတူလိုက်သည်ကို မြင်သည့်အခါ ကောပန်လီသည် ကျေနပ်အားရစွာဖြင့် သူ၏ ဂျူနီယာညီလေး၏ ခြေထောက်ကို ဖက်ထားရာမှ လွှတ်ပေးလိုက်ပြီး မြေပြင်ပေါ်မှ ထလာသည်။
ထို့နောက် လင်းချန်၏ ဘေးသို့ ကပ်သွားပြီး သွားဖြီးလိုက်၏။ “ဟီးဟီး... ဂျူနီယာညီလေး... မင်းက ဒုတိယတန်းအဆင့် စိတ်ဝိညာဉ်လက်နက်နှလုံးသားနဲ့ စိတ်ဝိညာဉ်အစိတ်အပိုင်းတွေ ပေးနေမှတော့ မင်းအစ်ကိုကို စိတ်ဝိညာဉ်ကျောက်တုံးလေးတွေရော ပေးဦးမလား။ ငါ ကြားတာတော့ ငါတို့ဂိုဏ်းရဲ့ အကြီးဆုံးမြို့တော် ဝမ်ရှန်းမြို့က ချွန်ဟွာအဆောက်အဦးမှာ ကောင်မလေးတွေက အရမ်းလှတယ်တဲ့... အဲဒါကြောင့်...”
လင်းချန် အသက်ကို ပြင်းပြင်းရှူလိုက်ပြီးနောက် ဝေဝူရွှမ်ဘက်သို့ လှည့်ကြည့်လိုက်သည်။ “ဆရာ... ဂိုဏ်းအတွက် အရှက်ရစေတဲ့ ဒီကောင့်ကို ကျွန်တော် ရိုက်သတ်လို့ ရမလား။”
ဝေဝူရွှမ်က ခေါင်းညိတ်လိုက်၏။ “အင်း... ရတယ်...ရတယ်။”
ကောပန်လီက အမြန် လက်ကာပြလိုက်သည်။ “ဂျူနီယာညီလေး... စိတ်လျှော့ပါကွာ... မင်းအစ်ကိုက မင်းကို စနေတာပါ။ မင်းကြည့်ရတာ တကယ်ကို နားလည်မှုမရှိတာပဲ... ဟာသဉာဏ်လေးတောင် မရှိဘူးပဲ။”
ထိုသို့ အာရုံနောက်အောင် လုပ်ပြီးနောက် ကောပန်လီ ကျောက်စိမ်းပုလင်းတစ်လုံးကို ထုတ်ယူကာ လင်းချန်အား ကမ်းပေးလိုက်၏။ “ဒါက နတ်ရေစင်ဆေးလုံးပဲ... မင်းသူငယ်ချင်း ပိုင်ရန်ရဲ့ ခြေထောက်ကို အကောင်းပကတိ ပြန်ဖြစ်စေနိုင်တယ်။ အစကတော့ ငါ ဒီဆေးလုံးကို မပေးချင်ဘူး။ ဒါပေမဲ့ အခု မင်း ပြန်ရောက်လာပြီဆိုတော့ မင်းလက်ကတစ်ဆင့် ပေးလိုက်တာ အကောင်းဆုံးပဲလေ။”
လင်းချန် နတ်ရေစင်ဆေးလုံးကို ကြည့်လိုက်သည်။ ထိုအရာမှာ ဒုတိယတန်းအဆင့် ဆေးလုံးတစ်လုံး ဖြစ်ကြောင်း သူ သိ၏။
ကမ်းရိုးတန်းပြည်နယ် ပြင်ပတွင် သူ၏ စီနီယာအစ်ကို၏ အခြေအနေမှာ သိပ်မကောင်းလှကြောင်းကိုလည်း ဆရာ ဝေဝူရွှမ်ထံမှ သူ သိရှိထားပြီး ဖြစ်သည်။
သေခြင်းရှင်ခြင်းနယ်ပယ်အောက်ရှိ ကျင့်ကြံသူများအတွက် နတ်ရေစင်ဆေးလုံးသည် ကုသရေးအတွက် သူတော်စင်ဆေးဝါးတစ်လက်ဖြစ်ပြီး အသက်ပိုတစ်ချောင်း ရရှိခြင်းနှင့် အတူတူပင်။
သူ၏ စီနီယာအစ်ကိုအတွက် ဤဆေးလုံး၏ တန်ဖိုးသည် ကြီးမားလှပြီး ပိုင်ဆိုင်သမျှပစ္စည်းများ၏ တစ်ဝက်ခန့်နှင့် တန်ဖိုးညီမျှလောက်သည်။
လင်းချန် စိတ်လျော့လိုက်၏။ အစောက ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ခြင်းမှာ အနည်းငယ် စိတ်နာကြည်းနေသောကြောင့်ပင်။
သူ၏ စီနီယာအစ်ကိုသည် အဘယ်ကြောင့် သစ္စာဆိုထားသည့် ညီအစ်ကိုများနှင့် နောက်လိုက်များအား မထိန်းသိမ်းခဲ့သနည်း။
သို့သော် ယခု အခြေအနေကို ကြည့်ရသည်မှာ အခြားသော လျှို့ဝှက်ချက်များ ရှိနေပုံရသည်။
လင်းချန်က ကျောက်စိမ်းပုလင်းအား ကောပန်လီထံသို့ ပြန်တွန်းပေးလိုက်၏။ “မလိုတော့ပါဘူး... ငါ့သူငယ်ချင်းအတွက် ဆေးလုံးတစ်လုံး ပြင်ဆင်ပြီးသားပါ။ သူ့ခြေထောက်အတွက် စိတ်ပူစရာ မလိုတော့ဘူး။ ဒီဆေးလုံးကို စီနီယာအစ်ကိုပဲ သိမ်းထားလိုက်ပါ။ ဒါပေမဲ့ မင်းရဲ့ ငါးယောက်မြောက်ညီလေး ချန်လန်ကိုတော့ ပိုင်ရန်က ဒုက္ခိတဖြစ်အောင် လုပ်လိုက်ပြီ ထင်တယ်။”
“တကယ်လို့ စီနီယာအစ်ကိုက ငါ့ကို အပြစ်တင်ချင်ရင်တော့... စည်းကမ်းမတင်းကျပ်ခဲ့တဲ့ ကိုယ့်ကိုယ်ကိုပဲ အရင် အပြစ်တင်လိုက်ပါ။” ထိုသို့ပြောပြီးနောက် လင်းချန် သူ့ရှေ့မှ ကောပန်လီအား တိတ်ဆိတ်စွာ ကြည့်နေကာ တုံ့ပြန်မှုကို စောင့်ဆိုင်းနေလိုက်သည်။
ကောပန်လီက မျှော်လင့်မထားသည့် အဖြေတစ်ခုဖြင့် တုံ့ပြန်လိုက်၏။ “သူ့ကို တန်းသတ်လိုက်ရင်တောင် ငါ ဘာမှ ပြောစရာ မရှိဘူး။”
ကောပန်လီ၏ အဖြေကို ကြားလိုက်ရသည့်အခါ လင်းချန်မှာ စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။
ကောပန်လီသည် ကမ်းရိုးတန်းပြည်နယ်မှ ထွက်ခွာလာပြီး မကြာမီမှာပင် ဝေဝူရွှမ်နှင့် တွေ့ဆုံကာ တပည့် ဖြစ်လာခဲ့ခြင်း ဖြစ်၏။
လင်းချန်အား ဝေဝူရွမ် နတ်ဓားဂိုဏ်းသို့ ခေါ်ဆောင်လာခဲ့ကြောင်း သိပြီးနောက် ကောပန်လီသည် တိတ်တဆိတ် ပြန်လာခဲ့ဖူးသော်လည်း ထိုအခါက မည်သူမျှ မသိခဲ့ကြချေ။
ထိုအချိန်တွင် ဆရာနှင့် တပည့်တို့ အပြန်အလှန် အသိအမှတ်ပြုခဲ့ကြပြီး ဖြစ်သည်။
လင်းချန်၏ မှတ်ဉာဏ်ထဲတွင် ကောပန်လီသည် လေးနက်မှုမရှိချိန်၌ အရူးတစ်ယောက်ကဲ့သို့ ပြုမူတတ်ပြီး လှပျိုဖြူလေးများကို အထူး နှစ်သက်တတ်သူ ဖြစ်၏။
သို့သော် သူ၏ စီနီယာအစ်ကိုသည် အခြေခံအားဖြင့် စိတ်သဘောထား အလွန် ကောင်းမွန်ကြောင်းကိုမူ လင်းချန် ကောင်းစွာ နားလည်ထားသည်။
ထို့ကြောင့် ယခုတစ်ခေါက် ပြန်ရောက်လာချိန်၌ ကောပန်လီ၏ သစ္စာဆိုထားသည့် ညီအစ်ကိုများနှင့် နောက်လိုက်များ မကောင်းမှု ကျူးလွန်နေသည်ကို စီနီယာအစ်ကိုက အရေးမယူဘဲ လွှတ်ထားခြင်းအပေါ် လင်းချန် အနည်းငယ် နားမလည်နိုင် ဖြစ်ရခြင်းပင်။
ယခုအခါ ထိုအရာ၏ နောက်ကွယ်တွင် ဇာတ်လမ်းရှိနေမည်ဟု လင်းချန် နားလည်လိုက်လေပြီ။ သို့မဟုတ်ပါက စီနီယာအစ်ကို ကောပန်လီသည် ထိုကဲ့သို့သော ဦးနှောက်မရှိသည့် အရာများအား ပြုလုပ်မည် မဟုတ်ပေ။
ကောပန်လီက သက်ပြင်းချလိုက်၏။ “ဟူး... တကယ်တော့ သူတို့ကို သောင်းကျန်းဖို့ ငါ တမင် ခိုင်းထားတာပါ။ နတ်ဓားဂိုဏ်းက တပည့်တွေ သည်းမခံနိုင်တော့ဘဲ သူတို့ကို အကုန် သတ်ပစ်လိုက်စေချင်လို့လေ။”
“ငါကိုယ်တိုင် ဝင်လုပ်ချင်ပေမယ့် လုပ်လို့ မရဘူး။ ငါသာ သူတို့ကို သတ်လိုက်ရင် ငါ့နောက်ကွယ်က စောင့်ကြည့်နေတဲ့သူတွေ သေချာပေါက် သိသွားလိမ့်မယ်။”
“ဒါပေမဲ့ နတ်ဓားဂိုဏ်းက တပည့်တွေ... အဓိကတပည့်တွေတောင်မှ သူတို့ကို မနိုင်ဘူးဆိုတာကို ငါ မထင်မှတ်ထားခဲ့ဘူး။ ချန်လုံနဲ့ တခြားလူတွေ လက်ချက်နဲ့ သေကုန်မှာ စိုးလို့ တင်းကျစ်ရုံလို အလားအလာရှိတဲ့ သူတွေကိုတောင် ငါ ချုပ်ထားခဲ့ရတာ။”
ထိုစကားကို ကြားလိုက်ရသည့်အခါ ကောပန်လီနှင့် ပတ်သက်ပြီး လျှို့ဝှက်ချက်များ ရှိနေကြောင်းကို လင်းချန် တိတ်တဆိတ် နားလည်လိုက်သည်။
လင်းချန်က မျက်မှောင်ကြုတ်လိုက်၏။ “ဒါဆို... ချန်လုံ ညီအစ်ကိုလေးယောက်နဲ့ တခြားလူတွေက မင်းရဲ့ သစ္စာဆိုထားတဲ့ ညီအစ်ကိုအစစ်တွေ မဟုတ်ဘဲ... မင်းကို စောင့်ကြည့်ဖို့ မင်းဘေးနားမှာ တမင် ထားထားတာပေါ့။”
ကောပန်လီက လေးလေးနက်နက် ခေါင်းညိတ်လိုက်ပြီး ဝေဝူရွှမ်ဘက်သို့ လှည့်ကြည့်လိုက်သည်။ “အင်း... ပြီးတော့... သူတို့ကို စေလွှတ်လိုက်တဲ့သူက ဆရာ့ကို အဆိပ်ခတ်ပြီး လုပ်ကြံခဲ့တဲ့သူပဲ။”
“ငါ ထင်တာ မမှားဘူးဆိုရင်... သူတို့ ငါ့နောက် လိုက်နေတဲ့ ရည်ရွယ်ချက်က ငါ့ကို စောင့်ကြည့်ဖို့တင် မကဘူး... ဆရာ တကယ် သေမသေ သိချင်လို့ပဲ။”
“ငါ ပြန်လာတုန်းကတော့ ဆရာ တကယ် သေသွားပြီလို့ ထင်ခဲ့တာ... ဒါမဲ့ မထင်မှတ်ဘဲ မင်းက ဆရာ့ကို ပြန်ကုပေးနိုင်ခဲ့တယ်။”
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၁၇ ၊ အတွဲ ၁ ၊ အပိုင်း ၁၆၈ ပြီး။
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team