အခန်း (၂၅၃-၂၅၄)
Vol. 19 Ch. 253-254
အပိုင်း(၂၅၃)
ကျင်းချန် သည် ခါးကို မတ်လိုက်ပြီး အဝတ်အစားများကို အလျင်စလို သပ်ရပ်အောင် ပြင်ဆင်လိုက်သည်။ သို့သော် သူမ၏ ခြေထောက်များက ယိမ်းယိုင်နေဆဲ ဖြစ်၏။ သူမသည် စားပွဲတစ်လုံး၏ အစွန်းကို အမြန်လှမ်းကိုင်လိုက်ပြီး သူ၏ အကြည့်များကို ရှောင်လွှဲနေခဲ့သည်။ သူက သူမကို ဝေဖန်အကဲဖြတ်နေမည်ကို သူမ မမြင်ချင်ခဲ့ပေ။
"ကျွန်မ နာမည်က ကျင်းချန် ပါ... ဧည့်သည် တစ်ယောက်ကို ဘယ်တုန်းကမှ ဧည့်ခံဖူးတာ မရှိတော့ ကျွန်မ ဘာလုပ်ပေးနိုင်မလဲ မသေချာဘူး... ဒါပေမဲ့ ကျွန်မဘက်ကနေ ရိုင်းစိုင်းသလိုတော့ မဖြစ်ချင်ဘူး..."
လင်းတုန်းသည် သူမကို တားဆီးရန် လက်နှစ်ဖက်စလုံးကို မြှောက်လိုက်၏။
"ရပါတယ်... ထားလိုက်ပါ... ဘာပဲဖြစ်ဖြစ် ကျွန်တော်လည်း ကြာကြာနေလို့ မရပါဘူး... အပြင်က အဘိုးကြီးတွေကို အာရီလီယပ် မိသားစု ရဲ့ ကိစ္စနဲ့ လာတယ်လို့တော့ ပြောထားခဲ့တယ်... ဒါပေမဲ့ သူတို့က အချိန်မရွေး လှံတွေ ကိုင်ပြီး ဒီထဲကို ဝင်လာနိုင်တယ်..."
သို့သော် သူ ထွက်မသွားခဲ့ပေ။ အခြား တစ်စုံတစ်ရာကို ပြောရန် ရည်ရွယ်ထားသကဲ့သို့ သူသည် အနေရခက်စွာဖြင့် ခေတ္တရပ်တန့်နေခဲ့၏။ သူမ၏ ဝိညာဉ် သည် ထပ်မံ၍ တုန်ခါသွားပြန်သည်။
ကျင်းချန် သည် စွန့်စား၍ သူ၏ မျက်နှာကို မော့ကြည့်လိုက်ရာ သူမ၏ ဝမ်းဗိုက်ကို သူ စူးစိုက်စွာဖြင့် စိန်းစိန်းဝါးဝါး ကြည့်နေကြောင်း သတိပြုမိသွား၏။ သူမ၏ ဝမ်းဗိုက်မှာ ပါးလွှာသော ပိုးသားအလွှာလေး တစ်ခုဖြင့်သာ ဖုံးကွယ်ထားခြင်း ဖြစ်သည်။
သူမ ရိုင်းစိုင်းသလို မဖြစ်ချင်ခဲ့သော်လည်း... သူမ၏ လက်များကို ဝမ်းဗိုက်ပေါ်သို့ ဖြည်းညင်းစွာ ရွှေ့ကာ ဖုံးကွယ်လိုက်သည်။
သူ၏ ခေါင်း ဆတ်ခနဲ မော့တက်လာ၏။
"ဗျာ... အာ... ခွင့်လွှတ်ပါ..."
မျက်နှာကျက်ကို မော့ကြည့်မိသည်အထိ သူ၏ အကြည့်များက သူမထံမှ အဝေးသို့ ရွှေ့လျားသွားခဲ့သည်။
"ကျွန်တော် ခင်ဗျားရဲ့ အမြုတေ ကို ကြည့်နေခဲ့တာပါ... ဒါက ရိုင်းပျတဲ့ မေးခွန်းတစ်ခု ဖြစ်နိုင်ပေမဲ့ ခင်ဗျားရဲ့ မာဒြာ တွေက အသက်ရှင်နေတာလား…”
သူမ၏ မာဒြာ သည် ယခင်ကကဲ့သို့ သက်ဝင်လှုပ်ရှားနေဆဲ ဖြစ်သည်။ သို့သော် ဤတစ်ကြိမ်တွင်မူ သူမ၏ဘက်မှ ရပ်တည်နေခဲ့၏။ သူမ၏ ဝိညာဉ် သည် သူမကို ပြန်လည်မတိုက်ခိုက်တော့ပေ။ သူမ၏ လည်ပတ်ခြင်း နည်းစနစ် အတိုင်း တွားသွားစီးဆင်းနေပြီး သူမအတွက်ပင် ပြန်လည်တိုက်ခိုက်ပေးနေသကဲ့သို့ ရှိ၏။
"အရင်ကဆို အဲဒါက ကျွန်မကို ပြန်တိုက်ခိုက်နေကျ..."
သူမက သူ့ကို ပြောလိုက်သည်။
"ရှင့်ရဲ့ ဟိုဝိညာဉ်လေးက အဲဒါကို ကျွန်မ ထိန်းချုပ်နိုင်အောင် လုပ်ပေးလိုက်တာလို့ ထင်တယ်... ဖြစ်နိုင်ရင် ကျွန်မကိုယ်စား သူ့ကို ကျေးဇူးတင်ပေးပါ..."
သူသည် သူမ၏ ဝမ်းဗိုက်ဆီသို့ ပြန်လည်ကြည့်ရှုလိုက်မိသည်။ ထို့နောက် သူ ဘာလုပ်နေသည်ကို သတိပြုမိသွားကာ အကြည့်များကို ဘေးဘက်သို့ အလျင်အမြန် လွှဲဖယ်လိုက်၏။
"အင်း... သူ့ရဲ့ မာဒြာ က သန့်စင်ပေးပြီး ပြန်လည်ကောင်းမွန်လာစေတာလို့ ကျွန်တော် ထင်တယ်... သူ ကျွန်တော့်ကိုလည်း ကူညီပေးခဲ့ဖူးတယ်..."
သူသည် ပခုံးပေါ်တွင် အိပ်ပျော်နေသော ဝိညာဉ် လေးကို ပွတ်သပ်ရင်း ပြောလိုက်သည်။
"အာ... ကျွန်တော် သွားရတော့မယ်... ခင်ဗျား အစ်ကိုကို ပြောပြပေးပါ... ကျွန်တော်က ဝေ့ရှီလင်းတုန်း ပါ၊ ပြီးတော့ ကျွန်တော်တို့ အချင်းချင်း မတိုက်ခိုက်ရရင် ကျွန်တော် ပိုပြီး ဝမ်းသာမိမှာပါလို့..."
ဤအရာသည် လှည့်ကွက်တစ်ခုများ ဖြစ်နေမလားဟု တွေးတောရင်း သူမ မှင်သက်နေမိသည်။ သူမ၏ ဝိညာဉ် သည် အပျက်အစီးများအဖြစ်သို့ ပြန်လည်ပြိုကျသွားဦးမည်လားဟု စိုးရိမ်နေခဲ့၏။ အကယ်၍ ထိုသို့ မဖြစ်ခဲ့လျှင်မူ သူမသည် သူ့အပေါ် မည်သို့ ပြန်ဆပ်ရမည်မှန်းမသိသော ကျေးဇူးကြွေးတစ်ခု တင်သွားပြီ ဖြစ်သည်။
ထိုအရာကို မည်သို့ ဖော်ပြရမည်မှန်း မသိသောကြောင့် သူမသည် အရိုအသေပေးလိုက်၏။
"ကျေးဇူးတင်ပါတယ်..."
နောက်ဆုံးတွင် သူမက ပြောလိုက်သည်။
လင်းတုန်းသည် သူမကို ထပ်မံ၍ စူးစိုက်ကြည့်နေပြန်သည်။ သို့သော် အနည်းဆုံးတော့ ဤတစ်ကြိမ်တွင် သူမ၏ မျက်နှာကို ကြည့်နေခြင်း ဖြစ်၏။
"ဒီစကားက နားထောင်ရတာ ဆိုးရွားကောင်း ဆိုးရွားနေနိုင်တယ်၊ ဒါပေမဲ့ ကျွန်တော်တို့ အရင်က ဆုံဖူးကြလား... ကျွန်တော် ခင်ဗျားကို မေ့နေခဲ့ရင် တောင်းပန်ပါတယ်၊ ဒါပေမဲ့ ခင်ဗျားကို ရင်းနှီးနေသလို ခံစားရလို့ပါ..."
ကျင်းချန်သည် သူ့အကြောင်းကို အစ်ကိုဖြစ်သူထံမှ ကြားဖူးသော်လည်း သူမ၏ တစ်သက်တွင် သူ့ကို တစ်ခါမျှ မမြင်ဖူးခဲ့ချေ။
"ကျွန်မ ရုပ်က..."
သူမ ဘာပြောမလုပ်သည်ကို သတိပြုမိသွားကာ စကားကို ရပ်တန့်လိုက်သည်။
"မဟုတ်ပါဘူး... သူ့မျက်နှာကိုလည်း ကျွန်တော် တစ်ခါမှ မမြင်ဖူးပါဘူး..."
လင်းတုန်းက ခေါင်းခါရင်း ပြောလိုက်သည်။
"ဘာပဲဖြစ်ဖြစ်... ခွင့်ပြုပါဦး..."
သူသည် အပြုံးလေးတစ်ခု ဖန်တီးကာ ခေါင်းဆတ်ပြလိုက်ပြီးနောက် အပြင်သို့ လျှောက်ထွက်ရန် ပြင်လိုက်၏။
ဘာကြောင့်မှန်း မသိသော်လည်း ကျင်းချန် သည် ထွက်ခွာသွားသော သူ၏ ကျောပြင်ကို လှမ်း၍ ပြောလိုက်သည်။
"သခင်လေး ခရယ် ကို ရှင် သတ်ခဲ့တာလား..."
သူ ရပ်တန့်သွားပြီး ကျောပိုးအိတ်ကို ဆွဲတင်လိုက်၏။ အခြားအခန်းမှ လေးလံသော မိစ္ဆာ ကြီးသည် ထပ်မံ ဟိန်းဟောက်လိုက်ပြန်သည်။
"ခင်ဗျားနဲ့ တွေ့ဆုံရတာ ဝမ်းသာပါတယ် ကျင်းချန်..."
လင်းတုန်းသည် နောက်သို့ လှည့်မကြည့်ဘဲ ပြောလိုက်သည်။
"ကျွန်တော် တစ်ခုခု မှားယွင်းလုပ်မိခဲ့ရင် ဒါမှမဟုတ် ခင်ဗျား သူ့အကူအညီ ထပ်လိုလာခဲ့ရင်..."
သူသည် ပခုံးပေါ်တွင် အိပ်ပျော်နေသော အမျိုးသမီးလေးကို ပွတ်သပ်လိုက်၏။
"...အာရီလီယပ် မိသားစု မှာ ကျွန်တော့်ကို လာရှာနိုင်ပါတယ်... ညဘက်ကြီး အနှောင့်အယှက် ပေးမိတဲ့အတွက် တောင်းပန်ပါတယ်..."
သူ လျှောက်ထွက်သွားပြီး တစ်ချိန်က သူမ၏ အခန်းတံခါးဖြစ်ခဲ့ဖူးသော ဖုန်တက်နေသည့် အပျက်အစီးများကြားတွင် ခေတ္တရပ်တန့်လိုက်သည်။ ခဏအကြာတွင် သူသည် အိမ်အရှေ့တံခါးကို ဖွင့်လိုက်၏။ ထိုအခါ သူမသည် အိပ်ခန်းနံရံရှိ အပေါက်မှတစ်ဆင့် အပြင်ဘက်ကမ္ဘာ၏ မြင်ကွင်းတစ်စိတ်တစ်ပိုင်းကို လှမ်းမြင်လိုက်ရသည်။
အပြာရောင် ဝတ်စုံဝတ်ဆင်ထားသော ကျင်း ကလန် စစ်သည်တော် တစ်ဦးက လင်းတုန်း၏ ရင်ဘတ်ဆီသို့ လှံဖြင့် ချိန်ရွယ်ထားသည်။ ဘယ်ဘက်ရှိ အသက်ကြီးသူ တစ်ဦးမှာမူ စိုးရိမ်ထိတ်လန့်နေပုံ ရ၏။
လင်းတုန်းသည် ခေါင်းကိုလှည့်ကာ ထိုအသက်ကြီးသူ၏ မျက်လုံးများကို စိုက်ကြည့်လိုက်ရာ အဘိုးအိုသည် သိသာစွာ တုန်လှုပ်သွားခဲ့သည်။ ထိုအခြေအနေကို ကျင်းချန် နားလည်နိုင်ပေသည်။ အကယ်၍ သူ၏ မျက်လုံးများသာ အနက်ရောင်နှင့် အနီရောင်အဖြစ် ပြန်လည်ပြောင်းလဲသွားခဲ့ပါက သူ့ကို လူ့အရေခွံခြုံထားသော သေမင်း ဝိညာဉ်အကြွင်းအကျန် ဟု ထိုအသက်ကြီးသူက ထင်မှတ်သွားလျှင်လည်း ခွင့်လွှတ်ပေးနိုင်စရာပင် ဖြစ်၏။
ထို့နောက် လင်းတုန်းသည် သူ၏ ကျောပိုးအိတ်ကြီး လှုပ်ခါသွားသည်အထိ ခါးညွှတ်ကာ အရိုအသေပေးလိုက်သည်။
"ခင်ဗျားတို့ရဲ့ သည်းခံပေးမှုအတွက် ကျေးဇူးတင်ပါတယ်..."
သူက ပြောပြီးနောက် ထွက်ခွာသွားခဲ့၏။
မြင်းတစ်ကောင်ခန့် ကြီးမားသော ဧရာမ လိပ်ကြီးတစ်ကောင်က သူ၏နောက်မှ လိုက်ပါသွားသည်။ ထိုလိပ်ကြီးသည် ထွက်ခွာသွားစဉ် ကုလားထိုင်တစ်လုံးကို ဝါးစားသွားခဲ့၏။ ထောင့်ချိုးတစ်ခုကို ကွေ့သွားချိန်တွင် ဆေးသုတ်ထားသော ကုလားထိုင်ခြေထောက် နှစ်ချောင်းသည် ၎င်း၏ နှုတ်ခမ်းများကြားသို့ ပျောက်ကွယ်သွားခဲ့သည်။ အစောပိုင်းက ထိုအထွတ်အမြတ် သားရဲကြီး ဖြတ်သန်းသွားခဲ့စဉ်ကပင် တံခါးပေါက်သည် ပျက်စီးနေခဲ့ပြီ ဖြစ်သည်။ ယခုတစ်ကြိမ်တွင်မူ တံခါးဘောင်သည် ထပ်မံ၍ ကွဲကြေပျက်စီးသွားတော့၏။
ဧရာမ လိပ်ကြီး၏ အခွံမှ မီးခိုးများ ထွက်ပေါ်နေသည်။ အခွံပြားများကြားရှိ အက်ကွဲကြောင်းများသည်လည်း အနီရောင် တောက်လောင်နေ၏။ ထိုအထွတ်အမြတ် သားရဲ ကြီးသည် လင်းတုန်း ၏ အနောက်မှ ဟိန်းဟောက်လိုက်ပြီး အပြင်ဘက်ရှိ အသက်ကြီးသူ ထံသို့ မဟူရာ မီးတောက် များကို မှုတ်ထုတ်လိုက်သည်။ အဘိုးအိုသည် အလန့်တကြား အော်ဟစ်လိုက်ပြီး သူ၏ ခြေချောင်းများ မီးမလောင်စေရန် အချိန်မီ နောက်သို့ ခုန်ဆုတ်လိုက်ရ၏။
ခဏတာ တိုင်ပင်ဆွေးနွေးပြီးနောက် ကျင်း ကလန် အဖွဲ့ဝင်များသည် သူမကို စကားတစ်ခွန်းမျှ မမေးတော့ဘဲ ကျန်ရှိနေသော အိမ်အရှေ့တံခါးကို ပိတ်လိုက်ကြသည်။
ကျင်းချန်သည် ကုတင်စွန်းတွင် မှင်သက်စွာ ထိုင်ချလိုက်၏။ အလွန် တိုတောင်းသော အချိန်လေးအတွင်းမှာပင် အဖြစ်အပျက်များစွာ ဖြစ်ပျက်သွားခဲ့သဖြင့် သူမ၏ မျက်နှာကို ဖြတ်ရိုက်ခံလိုက်ရသကဲ့သို့ ခံစားနေရသည်။ ယခု ပြန်တွေးကြည့်မှပင် သူမ တကယ်ပဲ ပါးဖြတ်ရိုက်ခံခဲ့ရကြောင်း သတိရသွားတော့၏။
သို့သော် သူမ ပြန်လည် လှုပ်ရှားနိုင်နေပြီ ဖြစ်သည်။
ပုံမှန်အားဖြင့်ဆိုလျှင် အားမစိုက်ရစေရန် အဝတ်ဗီရိုကို ဖွင့်သည့်အခါတိုင်း သူမ အလွန် သတိထားခဲ့ရ၏။ ယခုအခါတွင်မူ သူမသည် ဗီရိုတံခါးကို ဖွင့်လိုက်၊ ပိတ်လိုက် လုပ်နေခဲ့သည်။ ဖွင့်လိုက်၊ ပိတ်လိုက်။ ဖွင့်လိုက်၊ ပိတ်လိုက် နှင့်...။
နာရီဝက်ခန့် ကြာပြီးနောက် သူမ၏ အစ်ကို ရောက်ရှိလာ၏။ ထိုအခါ သူသည် ကိုယ်ပိုင် ခြေထောက်နှစ်ချောင်းဖြင့် မတ်တတ်ရပ်ကာ အဝတ်ဗီရိုကို ဖွင့်လိုက်၊ ပိတ်လိုက် လုပ်နေသည့် ညီမဖြစ်သူကို တွေ့လိုက်ရသည်။
သူ၏ မျက်နှာဖုံးမှာ စုတ်ပြဲနေပြီး မျက်နှာအောက်ပိုင်း တစ်ဝက်ကို ပေါ်လွင်နေစေ၏။ သူ၏ အရေပြားသည် ဖြူဖျော့ကာ ပြာနှမ်းနှမ်း အရောင်သန်းနေသည်။ မေးရိုးမှာလည်း ရောင်ရမ်းကာ ပုံပျက်နေပြီး စကားပြောလိုက်တိုင်း သူ၏ နှုတ်ခမ်းများကြားမှ အလင်းရောင်များ ယိုစိမ့်ထွက်ကျလာ၏။
"သူတို့ နင့်ကို ဘာလုပ်လိုက်ကြတာလဲ..."
သူ၏ အသံမှာ တစ်စုံတစ်ယောက်ကို သတ်ဖြတ်ရန် အသင့်ဖြစ်နေသည့်ပုံ ပေါက်နေ၏။
ကျင်းလုံသည် တစ်ချိန်က သူမ၏ တံခါးပေါက်ဖြစ်ခဲ့ဖူးသော ပြာပုံများကြားတွင် ရပ်နေခဲ့သည်။ အိပ်ရာဝင်ဝတ်စုံနှင့် ဗီရိုတံခါးကို လက်တစ်ဖက်ဖြင့် ကိုင်ကာ ရပ်နေသော သူမ၏ ပုံစံမှာ ရူးသွပ်နေသူ တစ်ဦးနှင့် တူနေမည်မှာ သေချာပေသည်။
ထို့အပြင် သူမ၏ ပါးပြင်ပေါ်တွင် မျက်ရည်များ စီးကျနေ၏။ သူမ၏ မျက်လုံးများမှာ ရောင်အမ်းနေပြီး နှာခေါင်းများ ပိတ်နေကာ ရှိုက်ငင်ငိုကြွေးနေခဲ့သည်။ သူမ ဘယ်အချိန်တည်းက စငိုနေခဲ့သနည်း။
ကျင်းလုံ သည် သူမထံသို့ လျှောက်လာပြီး ကုတင်အနီးသို့ ညင်သာစွာ ခေါ်ဆောင်သွားရန် ကြိုးစားခဲ့သည်။ သို့သော် သူမသည် သူ့ကို နောက်သို့ ပြန်တွန်းထုတ်လိုက်၏။ သူသည် သူမ၏ ခွန်အားကို သတိပြုမိသွားပြီး မျက်နှာဖုံး၏ ကျန်ရှိနေသော အစအနများကြားမှ သူ၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။
"ဘာဖြစ်ခဲ့တယ်ဆိုတာ ငါ့ကို ပြောပြစမ်း..."
သူက တောင်းဆိုလိုက်၏။ သူ၏ စူးစမ်းမှု အထိအတွေ့ကြောင့် သူမ၏ ဝိညာဉ် သည် တုန်ခါသွားခဲ့၏။
သူမ၏ အသံမှာ တုန်ယင်နေ၏။ အသေးစိတ် အချက်အလက်များစွာနှင့် ပတ်သက်၍ ဘယ်လို စီစဉ်ရမှန်း သူမ သေချာ မသိသေးပေ။
သို့တိုင်အောင် သူမသည် သူ့ကို ပြောပြလိုက်လေသည်။
***
အပိုင်း(၂၅၄)
ကျင်းတိုင်ရှို့သည် ပြိုကျပျက်စီးလုနီးပါးဖြစ်နေသော ရေခဲတောင်ကမ်းပါးတစ်ခုပေါ်တွင် နိုးလာခဲ့သည်။ လရောင်ကဲ့သို့ ဖြူဖွေးနေသော ဝိညာဉ်အကြွင်းအကျန် အစိတ်အပိုင်းများ၏ အလယ်တွင် ဖြစ်၏။
ထိုအရာများသည် အဆီအနှစ် ရေစီးကြောင်းများအဖြစ်သို့ အရည်ပျော်ကျနေပြီ ဖြစ်သည်။ ထို့ကြောင့် သူသည် ကြယ်ရောင်များထဲတွင် ရေချိုးထားသည့်အလား ပုံပေါက်နေပေမည်။
သို့သော် ယခုလေးတင် သေဆုံးခဲ့ရသော လူတစ်ယောက်အတွက် ဤအရာက မည်သို့မျှ နှစ်သိမ့်မှု မဖြစ်စေခဲ့ပေ။
သူ အားယူ၍ မတ်တတ်ရပ်လိုက်ချိန်တွင် သူ၏ ခြေလက်များမှာ တုန်ယင်နေခဲ့သည်။ သူ၏ အဆစ်အမြစ်များသည် ဖန်ကွဲစများ ထည့်သိပ်ထားသကဲ့သို့ နာကျင်စွာ အော်ဟစ်နေကြ၏။ အသက်ရှူလိုက်တိုင်း ပြင်းထန်သော ဝေဒနာကို ခံစားနေရပြီး သူ၏ အမြင်အာရုံများလည်း ဝေဝါးနေခဲ့သည်။
သူသည် သူ၏ လက်ဝါးဖြင့် နာကျင်နေသော ခေါင်းကို ဖိထားလိုက်သည်။ မှတ်ဉာဏ်များကို ပြန်လည်ရရှိရန် ကြိုးစားလိုက်၏။
မြင်ကွင်းတစ်ခုက ချက်ချင်းဆိုသလို ခေါင်းထဲသို့ ဝင်ရောက်လာသည်။ အီသန် အာရီလီယပ်သည် သွေးသံရဲရဲ မျက်နှာဖြင့် သူ၏အပေါ်တွင် မားမားမတ်မတ် ရပ်နေခဲ့၏။ ထိုလူ၏ ဆံပင်များသည် လေထဲတွင် လွင့်မျောနေပြီး ကျင်းတိုင်ရှို့၏ လည်ချောင်းကို ကတ်ကြေးဖြင့် ချိန်ရွယ်ထားခဲ့သည်။
ဂျွပ်...
နာကျင်မှု၊ သွေးများ၊ လုံးဝ အားအင်ကုန်ခမ်းသွားမှု... ထို့နောက် သူ၏ ဝိညာဉ် ထဲမှ တစ်စုံတစ်ရာ ကျိုးပဲ့သွားခဲ့သည်။
သူ လည်ချောင်းပေါ်ရှိ မကျက်သေးသော အမာရွတ်အသစ်လေးကို လက်မဖြင့် စမ်းသပ်ကြည့်လိုက်သည်။ ဆယ်စုနှစ်များစွာ ကြာအောင် လေ့ကျင့်ထားခဲ့သော မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းများ ရှိနေသည့်တိုင် သူ တုန်လှုပ်သွားခဲ့၏။ လွန်ခဲ့သော နှစ်များစွာက သူ၏ ကံကောင်းမှုသာ မရှိခဲ့လျှင် ယနေ့ညတွင် သူ အသက်ဆုံးရှုံးသွားခဲ့ရမည်မှာ သေချာပေသည်။
အဆင့်နိမ့် အရှင်သခင်သည် သူ၏ ဝိညာဉ် အတွင်းသို့ အာရုံကို နစ်ဝင်စေလိုက်သည်။ သူ၏ အမြုတေ အထက်တွင် အမြဲလိုလို ပေါလောပေါ်နေတတ်သော အနက်နှင့် အနီရောင် ရောယှက်နေသည့် အလှဆင်ထားသော သေတ္တာငယ်လေးကို ရှာဖွေလိုက်၏။ နှလုံးသားအစောင့်အရှောက် သေတ္တာသည် ဝိညာဉ်ပိုင်းဆိုင်ရာ ပစ္စည်းတစ်ခု ဖြစ်သည်။ ၎င်းသည် ရှေးဟောင်း ဝိညာဉ်ပန်းပဲဆရာများ ကလန် တစ်ခုထံမှ သူ လုယူထားခဲ့သော ရတနာတစ်ခု ဖြစ်သော်လည်း တန်ဖိုးမဖြတ်နိုင်သော လုပ်ဆောင်ချက်တစ်ခု ရှိနေခဲ့၏။
ယင်းသေတ္တာထဲတွင် သင့်ကို သေမင်းလက်မှ တစ်ကြိမ် ကယ်တင်ပေးနိုင်ရန် လုံလောက်သော သွေးနှင့် အသက် မာဒြာ များ ပါဝင်သည်။ သို့သော် တစ်ကြိမ်တည်းသာ ဖြစ်၏။ အချိန်တန်၍ သေမင်းက အသက်ကို တောင်းခံလာသည့်အခါ သူ၏ သက်တမ်းကို နောက်ထပ် လအနည်းငယ်ခန့် ဆွဲဆန့်ပေးနိုင်လိမ့်မည်ဟု သူ ထင်မှတ်ထားခဲ့ဖူးသည်။
သေချာသည်မှာ ထိုသေတ္တာသည် ပွင့်နေခဲ့ပြီ ဖြစ်သည်။ သေတ္တာကိုယ်တိုင်သည်လည်း အရည်ပျော်ကာ ပျောက်ကွယ်သွားတော့မည် ဖြစ်၏။ ကျင်းတိုင်ရှို့သည် လပေါင်းများစွာ အချိန်ယူကာ ထိုသေတ္တာထဲသို့ လှည့်စားရန်အတွက် ဝိညာဉ်အကြွင်းအကျန် တစ်ခုကို ဖြည့်သွင်းထားခဲ့သည်။ ထိုအရာသည် အီသန် အာရီလီယပ် ကိုယ်တိုင်ကိုပင် လှည့်စားနိုင်လောက်အောင် ယုံကြည်ရပုံ ပေါက်နေခဲ့၏။
သူသည် လက်ကိုကာ၍ အပြင်းအထန် ချောင်းဆိုးလိုက်ရာ အရှိန်ကြောင့် သူ၏ အရိုးများပင် တုန်ခါသွားသည်။ သို့သော် သူ၏ လက်ဝါးထဲတွင် သွေးများကို မတွေ့ရသည့်အတွက် သူ အံ့အားသင့်သွားခဲ့၏။ နှလုံးသားအစောင့်အရှောက် သေတ္တာ၏ ကုသပေးမှု ရှိနေသည့်တိုင် သူ၏ ခန္ဓာကိုယ်သည် ပျက်စီးသွားပြီ ဖြစ်သည်။ သူသည် မျှော်လင့်ချက်များနှင့် ဆန္ဒများဖြင့်သာ မနည်းတောင့်ခံထားရခြင်း ဖြစ်၏။
အကယ်၍ သူ ဤနှစ်ကုန်သည်အထိ အသက်ရှင်နိုင်မည်ဆိုလျှင် ၎င်းသည် ကောင်းကင်ဘုံက သူ့ကို မျက်နှာသာပေးသောကြောင့်သာ ဖြစ်ပေလိမ့်မည်။
သူသည် ကျန်ရှိနေသော မာဒြာ အနည်းငယ်ကို လည်ပတ်စေလိုက်သည်။ သူ၏ လမ်းကြောင်းများ ပူလောင်နေပြီး အမြုတေသည်လည်း ဒဏ်ရာရထားသော ကြွက်သားတစ်ခုကဲ့သို့ နာကျင်စွာ တုန်ခါနေ၏။ သူ့လူများထဲမှ ကျန်ရှိနေသေးသော အကြီးအကဲများ သူ့ကို အသက်ရှင်လျက် လာရှာတွေ့ရန် လိုအပ်နေသည်။
အီသန် အာရီလီယပ် အရင် ရှာမတွေ့ခင် ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် အာရီလီယပ် မိသားစု၏ အဆင့်နိမ့် အရှင်သခင် နှင့် ပတ်သက်သော အမှန်တရားကို သိရှိသူမှာ အင်ပါယာ အတွင်း၌ ကျင်းတိုင်ရှို့ တစ်ယောက်တည်းသာ ရှိသောကြောင့် ဖြစ်သည်။ သန့်စင်သော မာဒြာပင် ဖြစ်၏။ သူသည် အီသန်ကို ခန္ဓာကိုယ်သာ ကြီးထွားလာသော ကလေးတစ်ယောက်အဖြစ် အမြဲတမ်း သတ်မှတ်ထားခဲ့သည်။ ယခုအခါတွင်မူ သူသိထားသည်ထက် ထိုအချက်က ပို၍ မှန်ကန်နေခဲ့၏။
ထိုအသိပညာကို အီသန်၏ နှလုံးသားထဲသို့ ဓားမြှောင်တစ်လက်ကဲ့သို့ မစိုက်သွင်းနိုင်မချင်း သူ သေဆုံးသွားမည် မဟုတ်ပေ။
...
အဆုံးသတ်သွားလေပြီ။
ဟာရိုး နှင့် လစ်မစ် တို့သည် ဟင်းလင်းပြင် အတွင်းသို့ အရည်ပျော်ကာ ပြိုကွဲပျက်စီးသွားကြ၏။ ထိုအခါ ကမ္ဘာစဉ် တစ်ခု သေဆုံးပျက်စီးသွားပုံကို ဆူရီရယ် သည် နောက်တစ်ကြိမ် ထပ်မံမြင်တွေ့လိုက်ရပြန်သည်။
အဆုံးအစမဲ့ မှောင်မိုက်နေသော လေဟာနယ်ပြင်ကြီးသည် အနက်ရောင် နံရံကပ်စက္ကူများ ကွာကျသွားသကဲ့သို့ ပထမဆုံး ကွာကျသွားခဲ့သည်။ ထို့နောက် ပို၍ နက်ရှိုင်းသော တွင်းပေါက်ကြီးတစ်ခုကိုသာ ဖော်ပြလိုက်၏။ သူတို့၏ ပတ်လည်တွင် ဟင်းလင်းပြင် က ဝန်းရံထားသည်။ ညဘက်တွင် ကခုန်နေသော သက်တန့်ရောင် ပိုးစုန်းကြူးများကဲ့သို့ လည်ပတ်နေသော အရောင်အသွေးစုံ ဘောလုံးများဖြင့် အစက်ချထားသည့် အဆုံးအစမဲ့ ဗလာနယ်ကြီး ဖြစ်၏။
ဂြိုဟ်ကြီးကိုယ်တိုင်သည် တစ္ဆေတစ်ကောင်ကဲ့သို့ မှေးမှိန်ပျောက်ကွယ်သွားပြီး အပိုင်းအစများကို ချန်ရစ်ထားခဲ့သည်။ ထိုအရာများသည် ဟင်းလင်းပြင် ၏ ကမောက်ကမဖြစ်မှုများကြားတွင်ပင် ပေါင်းစည်းနေနိုင်လောက်အောင် ခိုင်မာသော ကိုယ်ပိုင်လက္ခဏာရှိသည့် ဂြိုဟ်၏ အစိတ်အပိုင်းများ ဖြစ်ကြ၏။ ထိုနေရာတွင် သစ်တောတစ်ခုကို ထမ်းပိုးထားသော မြေပြင်ပြားကြီးတစ်ခုသည် အဝေးသို့ လွင့်စဉ်သွားခဲ့သည်။ ၎င်းပေါ်ရှိ သစ်ပင်များသည် မတိုက်ခတ်တော့သော လေထဲတွင် အေးခဲရပ်တန့်နေကြ၏။
ဟင်းလင်းပြင် အတွင်း၌ အချိန်သည် ထူးဆန်းစွာ အလုပ်လုပ်ပေသည်။ အပိုင်းအစများသည် တူညီသော အချိန်အခိုက်အတန့်များကို ထပ်တလဲလဲ ဖြတ်သန်းနေလေ့ရှိသည်။ သို့မဟုတ် ကမ္ဘာစဉ် တစ်ခုအတွင်းသို့ ပြန်လည်ပူးပေါင်းရန် စောင့်ဆိုင်းရင်း လုံးဝ အေးခဲရပ်တန့်နေလေ့ရှိ၏။ သက်ရှိများ နေထိုင်သော အပိုင်းအစများသည် ဖြည်းညင်းစွာ ရွေ့လျားနေပြီး ၎င်းတို့၏ အချိန်သည် ရှေ့သို့ တရွေ့ရွေ့ စီးဆင်းနေသည်။ သို့သော် ထိုသက်ရှိများအတွက်မူ အခြေအနေ ကောင်းမွန်လေ့ မရှိကြချေ။
သူမသည် အော့ဇရီရယ်၏ လူဦးရေ ခိုလှုံရာစခန်းကို ပိုင်အိုနီးယား ၈၀၈၉ သို့ တိုက်ရိုက် ပို့ဆောင်ပေးခဲ့သည်။ လူဦးရေ ဆယ့်သုံးသန်းကျော်ရှိသဖြင့် သူတို့၏ ကမ္ဘာသည် အစစ်အမှန် ကမ္ဘာစဉ် တစ်ခုအဖြစ် တည်ငြိမ်သွားသည်အထိ ရှင်သန်နိုင်ရန် အခွင့်အလမ်းကောင်းများ ရှိနေခဲ့၏။ သေချာသည်မှာ အော့ဇရီရယ် မရှိတော့ချိန်တွင် အဘီဒန် တို့ ဆက်လက်မရှင်သန်နိုင်ပါက မည်သည့်အရာကမျှ အရေးပါတော့မည် မဟုတ်ပေ။
ကမ္ဘာစဉ် များသည် အသီးများနှင့် တူပြီး မဟာလမ်းစဉ် သည် စပျစ်နွယ်ပင်နှင့် တူ၏။ ကမ္ဘာများ ကျန်းမာပြီး မဟာလမ်းစဉ် နှင့် ချိတ်ဆက်ထားသရွေ့ သူတို့သည် အကြောင်းအကျိုးဆက်စပ်မှုနှင့် တည်ရှိနေခြင်း ကဲ့သို့သော အခွင့်ထူးများကို ခံစားကြရပေသည်။
ကမ္ဘာတစ်ခု၏ လူဦးရေ လျော့ကျလာသည်နှင့်အမျှ ၎င်း၏ မဟာလမ်းစဉ် နှင့် ချိတ်ဆက်မှုကို အားနည်းသွားစေပြီး ကူးစက်မှုများကို ဖိတ်ခေါ်သကဲ့သို့ ဖြစ်သွားစေသည်။
လစ်မစ် နှင့် ဟာရိုး ကဲ့သို့သော ယိုယွင်းပျက်စီးနေသည့် ကမ္ဘာတစ်ခု အပိုင်းအစများအဖြစ် ပြိုကွဲသွားသောအခါတိုင်း ထိုအစိတ်အပိုင်းများတွင် ၎င်းတို့၏ ယိုယွင်းမှုအချို့ ပါဝင်နေဆဲ ဖြစ်၏။ ယိုယွင်းနေသော အပိုင်းအစများသည် ကပ်ပါးကောင်များနှင့် တူသည်။ ၎င်းတို့သည် နွယ်ပင်တစ်လျှောက် အထက်အောက် လွင့်မျောနေပြီး ကူးစက်ရန် ကျန်းမာသော အသီးများကို ရှာဖွေနေတတ်ကြ၏။ ထိုကမ္ဘာ ယိုယွင်းသွားသောအခါ ၎င်းသည်လည်း ရောဂါကူးစက်နေသော အပိုင်းအစများအဖြစ် ပြိုကွဲသွားပြီး ယိုယွင်းမှုသည် အဆမတန် ပြန့်ပွားသွားတော့သည်။
လွန်ခဲ့သော စံသတ်မှတ်နှစ် ထောင်အနည်းငယ်ခန့်က အဘီဒန် တို့သည် ကမ္ဘာစဉ် နှစ်ရာ့ငါးဆယ် ကိုသာ စောင့်ရှောက်နိုင်ခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ကမ္ဘာတစ်ခုစီတိုင်းကို မဟာလမ်းစဉ် ၏ အစွန်းများတွင် အမဲလိုက်နေကြသော ကမောက်ကမဖြစ်မှုများ စွန်းထင်းနေသည့် အပိုင်းအစများရန်မှ ကာကွယ်ပေးရသောကြောင့် ဖြစ်သည်။ ၎င်းသည် သူတို့၏ အင်အားများကို အများဆုံး ဆန့်ထုတ်နိုင်ခဲ့သော ပမာဏပင် ဖြစ်၏။
ယိုယွင်းနေသော ကမ္ဘာတစ်ခုကို အဆိပ်သင့် အပိုင်းအစများအဖြစ် မပြိုကွဲစေဘဲ ရှင်းလင်းဖျက်ဆီးပစ်နိုင်သူ အော့ဇရီရယ် ပေါ်ထွက်လာသောအခါ အဘီဒန် တို့သည် ကြီးမားလှသော တိုးတက်မှု ကာလတစ်ခုကို ဖြတ်သန်းခဲ့ကြရသည်။ သူတို့သည် ကျန်းမာသော အပိုင်းအစများကို ပေါင်းစပ်ကာ ကမ္ဘာစဉ် အသစ်များအဖြစ် ဖန်တီးခဲ့ကြသည်။ သူတို့ ကာကွယ်ပေးနိုင်သော စကြဝဠာအသစ်များကို မွေးထုတ်ပေးခဲ့ကြ၏။
ကူးစက်ခံထားရသော ကမ္ဘာ့အပိုင်းအစများ ပတ်လည် လွင့်ပျံနေခြင်း မရှိတော့သဖြင့် သူတို့သည် စိုးရိမ်စရာမလိုဘဲ တိုးချဲ့နိုင်ခဲ့ကြသည်။ သူတို့ တကယ်လည်း ထိုသို့ ပြုလုပ်ခဲ့ကြ၏။ ဆူရီရယ် နှင့် သူမ၏ ရှေ့တစ်ဆက် တရားသူကြီး တို့သည် သူတို့၏ စနစ်တစ်ခုလုံး၏ ဝန်ထုတ်ဝန်ပိုးကို အော့ဇရီရယ် ဟူသော အစိတ်အပိုင်းတစ်ခုတည်းအပေါ်တွင် တင်ထားခြင်း၏ အန္တရာယ်ကို သိရှိခဲ့ကြသည်။ သို့သော် သူတို့သည် အသက်များကို ကယ်တင်နေခဲ့ကြခြင်း ဖြစ်၏။ အဘီဒန် တို့၏ အကာအကွယ်အောက်ရှိ ကမ္ဘာစဉ် တိုင်းသည် ကမောက်ကမဖြစ်မှုများ သို့မဟုတ် ဗရိုရှာ တို့၏ ဖျက်ဆီးမှုအောက်သို့ မကျရောက်စေရန် ကာကွယ်ထားသော အခြား လက်တွေ့ကမ္ဘာများပင် ဖြစ်သည်။
အားလုံးကလည်း သဘောတူခဲ့ကြ၏။ အခြား ကိုယ်စားလှယ်လောင်း တစ်ဦးကို ရှာတွေ့သည်နှင့် တစ်ပြိုင်နက် အော့ဇရီရယ်၏ နေရာတွင် အစားထိုးကြမည် ဖြစ်သည်။
ပြဿနာမှာ သူတို့ တစ်ဦးတစ်ယောက်ကိုမျှ ရှာမတွေ့ခဲ့ခြင်းပင် ဖြစ်သည်။ ထို့အပြင် သူတို့က ဆက်လက်၍ တိုးချဲ့နေခဲ့ကြ၏။ ယခုအခါ သူတို့သည် ကမ္ဘာပေါင်း တစ်သောင်းကို ပိုင်ဆိုင်ထားပြီး ထိုပမာဏ၏ နှစ်ဒသမငါး ရာခိုင်နှုန်းကိုသာ လုံခြုံအောင်ထားနိုင်မည့် အဘီဒန် အရေအတွက်သာ ရှိနေခဲ့သည်။
အကယ်၍ အခြား တရားသူကြီး များထဲမှ တစ်ဦးဦး ပျောက်ဆုံးသွားခဲ့ပါက သူတို့၏ လုပ်ဆောင်ချက်များကို ဖြည့်ဆည်းပေးရန် အခြားသူတစ်ဦးကို ရှာဖွေနိုင်ခဲ့မည် ဖြစ်သည်။ သို့သော် အော့ဇရီရယ် အတွက်မူ မဟုတ်ပေ။ သူသည် အစားထိုး၍ မရနိုင်သူ ဖြစ်၏။ ယခုအခါ ဖြစ်နိုင်ခြေအများဆုံးမှာ သူ သေဆုံးသွားပြီ ဖြစ်သည်။
[အော့ဇရီရယ် သေဆုံးသွားနိုင်ခြေကိုတော့ မသိရသေးပါဘူး...]
သူမ၏ အကူ ယန္တရားက အေးစက်စက် စက်ရုပ်အသံဖြင့် ပြောလိုက်သည်။
[တကယ်လို့ သူက တရားရုံးတော် ခုနစ်ခု ဆီကနေ ပုန်းရှောင်နိုင်စွမ်း ရှိတယ်ဆိုရင်၊ သူ့ရဲ့ ကိုယ်ပိုင် သေဆုံးမှုကိုလည်း ဟန်ဆောင်နိုင်စွမ်း ရှိမှာပါ...]
အော့ဇရီရယ်သည် ထိုအထဲမှ အချက်အလက်များကို သူမ ပြန်လည်တည်ဆောက်နိုင်ရန် လုံလောက်သော အချက်အလက်များ ပါဝင်သည့် ကျိုးပဲ့နေသော မက်ဆေ့ချ်တစ်ခုကို ချန်ထားခဲ့သည်။ နံရံများပေါ်တွင် ခွဲခြား၍မရနိုင်သော သွေးများနှင့် ဆွေးမြည့်မှုများဖြင့် စွန်းထင်းနေသော လူတစ်ကိုယ်စာ ပမာဏကိုလည်း ချန်ထားခဲ့၏။ ထို့အပြင် လစ်မစ် မှ ကယ်ဆယ်ထားသော သက်ရှိများ အိပ်မောကျနေသည့် အခန်းထဲသို့ ကံကောင်းထောက်မစွာ ကူးစက်မသွားခဲ့သော တိုက်ပွဲတစ်ခု၏ သက်သေအထောက်အထားများလည်း ပါဝင်သည်။
သို့သော်... သူ၏ သေဆုံးမှုကို ဟန်ဆောင်ရန် အကြောင်းပြချက် မရှိပေ။ မာကီရယ်က ထိုအရာကို ယုံကြည်မည် မဟုတ်သောကြောင့် ဆူရီရယ် သည် ရှာဖွေမှုများကို ရပ်ဆိုင်း၍ မရနိုင်ခဲ့ချေ။ အကယ်၍ သူသာ သေချင်ယောင်ဆောင်နေမည်ဆိုလျှင် သူ မရှိချိန်တွင် ဘာလုပ်ရမည်နည်း ဟူသော လမ်းညွှန်ချက်များကို သူမအတွက် ချန်ထားခဲ့မည် မဟုတ်ပေ။
သူ ပျောက်ကွယ်သွားရန် ပြင်ဆင်နေစဉ် တိုက်ခိုက်ခံခဲ့ရပြီး အသတ်ခံလိုက်ရခြင်း သို့မဟုတ် ပိုမိုနက်ရှိုင်းစွာ ပုန်းအောင်းသွားရန် ဖိအားပေးခံခဲ့ရခြင်း ဖြစ်နိုင်ခြေ အများဆုံးပင်။ သူ သေဆုံးသွားပြီဟုသာ သူမ ယူဆရပေမည်။ အကယ်၍ သူ အသက်ရှင်လျက် ရှိနေပြီး သူမထံမှပင် ပုန်းရှောင်နေမည်ဆိုလျှင် သူ အလိုမရှိမချင်း သူ့ကို သူမ ဘယ်တော့မှ ရှာတွေ့နိုင်မည် မဟုတ်ပေ။ ယုတ္တိအရှိဆုံး ခြေလှမ်းမှာ ဤနေရာတွင် သူ အသတ်ခံလိုက်ရသည်ဟု သဘောထားကာ ရှေ့ဆက်ရန်သာ ဖြစ်၏။
သူ၏ သေဆုံးမှုသည် သူမ၏ ဝိညာဉ် အပေါ် ကျရောက်လာသော နောက်ထပ် ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်သည်။ အရာအားလုံးကို သူမ သိရှိခဲ့၏။ သူတို့က သူ့အပေါ်ပေးသော ဖိအားများ၊ အဘီဒန် တို့၏ တင်းကျပ်သော စည်းမျဉ်းများကို ပြောင်းလဲလိုသော သူ၏ ဆန္ဒ၊ မာကီရယ် ၏ နားထောင်ရန် ငြင်းဆန်မှု စသည်တို့ကို ဖြစ်သည်။ သူမသည် သူနှင့် ပူးပေါင်းကာ အပြောင်းအလဲအတွက် စည်းရုံးလှုံ့ဆော်နိုင်ခဲ့ပေသည်။
ဂြိုဟ်ကြီး၏ နောက်ထပ် အစိတ်အပိုင်းတစ်ခုသည် ဘာမျှမရှိသော အခြေအနေသို့ ပြိုကွဲသွားခဲ့သည်။ ဘာမျှမရှိသော သမုဒ္ဒရာကြီးထဲတွင် လွင့်မျောနေသည့် ပြန့်ကျဲနေသော အပိုင်းအစများ စုစည်းမှုတစ်ခုကိုသာ ချန်ရစ်ထားခဲ့၏။ မြို့တော်၏ အစိတ်အပိုင်းတစ်ခုသည် အဝေးသို့ လွင့်စဉ်သွားပြီး အချိန်အတွင်း၌ လုံးဝနီးပါး အေးခဲသွားခဲ့သည်။ စပရိန်များနှင့် ကြေးနီ ဂီယာများ ပါဝင်သော စက်ယန္တရားကြီးတစ်ခုသည် အဝေးသို့ လွင့်စဉ်သွားစဉ် လည်ပတ်နေဆဲ ဖြစ်သည်။ ကီလိုမီတာ တစ်ရာခန့် ကျယ်ဝန်းသော အသားစများနှင့် ခြေလက် အစိတ်အပိုင်းများလည်း အဝေးသို့ လွင့်မျောသွားကြ၏။
နောက်ဆုံးတွင် အော့ဇရီရယ် သည် သူ အမြဲတမ်း ပြုလုပ်လေ့ရှိသည့်အတိုင်း ကိစ္စရပ်များကို သူ၏ ကိုယ်ပိုင် လက်ထဲသို့ ရယူသွားခဲ့သည်။ သူ ထွက်ခွာသွားမည့်အရေးကို မည်သူမျှ ကြိုတင်မမြင်နိုင်စေရန် သူသည် ကံကြမ္မာ ကို ခြယ်လှယ်ခဲ့၏။ အကယ်၍ တစ်စုံတစ်ယောက်က အနာဂတ်ကို ထိုအဆင့်အထိ ပုံဖျက်နိုင်စွမ်းရှိမည် ဆိုလျှင် အော့ဇရီရယ် သာလျှင် လုပ်နိုင်ပေလိမ့်မည်။ သူ မရှိတော့ခြင်းကြောင့် ဖြစ်ပေါ်လာမည့် ပျက်စီးဆုံးရှုံးမှုများကို အနည်းဆုံးဖြစ်စေရန် သူ ပြင်ဆင်ခဲ့သော်လည်း သူ အမိခံလိုက်ရသည်။
သို့သော် သူ့ကို မည်သူက ဖမ်းမိသွားခဲ့သနည်း။
[အော့ဇရီရယ်ကို အပြည့်အဝ လက်နက်တပ်ဆင်ထားပြီး သတိရှိနေချိန်မှာ သတ်ဖြတ်နိုင်စွမ်းရှိတယ်လို့ အတည်ပြုထားတဲ့ အရာများ - မတွေ့ရှိပါ...]
ထိုအရာက အဖြေတစ်ခုကို ပြောပြနေခဲ့၏။
[အတည်မပြုနိုင်ပေမဲ့ လုပ်နိုင်စွမ်းရှိနိုင်ခြေရှိတဲ့ အရာများ -]
ဆူရီရယ်၏ အသိဉာဏ် ထဲတွင် ဖြစ်နိုင်ခြေများသည် ပုံရိပ်များ၊ စာသားများနှင့် မှတ်ဉာဏ်များ ရောယှက်ကာ ထွက်ပေါ်လာတော့သည်။
***