အခန်း (၂၅၉-၂၆၀)
Vol. 19 Ch. 259-260
အပိုင်း(၂၅၉)
"ဘာဖြစ်လို့လဲ..."
စပျစ်သီးခိုင်သည် အီသန် ၏ လက်ချောင်းများကြားတွင် မေ့လျော့စွာ တွဲလောင်းကျနေခဲ့သည်။ သူ၏ အပြုံးများ ပျောက်ကွယ်သွားပြီး ထိုနေရာတွင်ပင် တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေသကဲ့သို့ ဧကရာဇ် ကို စိုက်ကြည့်နေ၏။
၎င်းသည် အဆင့်နိမ့် အရှင်သခင် သေဆုံးသွားခြင်းမှ လွဲ၍ အခြား မည်သည့်ရလဒ်ကိုမျှ ဖြစ်ပေါ်စေမည် မဟုတ်ပေ။ ထို့ကြောင့် နာရူဟွမ် သည် လက်ပိုက်ကာ စောင့်ဆိုင်းနေလိုက်သည်။
"ကျွန်တော် သူ့ကို သတ်ခဲ့တယ်..."
အီသန် က ဆိုလိုက်၏။
ဧကရာဇ် မျက်ခုံးနှစ်ဖက်စလုံးကို ပင့်လိုက်သည်။
"သတ်ခဲ့တယ် ဟုတ်လား... မြွေ သင်္ချိုင်း မှာ မင်းရဲ့ ရိုင်းစိုင်းတဲ့ လုပ်ရပ်တွေအတွက် မင်းကို အပြစ်ပေးဖို့ တောင်းဆိုထားပြီး မြို့တော်အပေါ် သူ့ရဲ့ အာဏာသက်ရောက်မှုကို တည်ဆောက်ရာမှာ အင်ပါယာ ရဲ့ အကူအညီကို တောင်းခံထားတဲ့ သူ့ဆီက အိပ်မက် ကျောက်ပြား ကို မနေ့က ငါ ရထားတယ်..."
အီသန်သည် ကိုယ့်အမေကို မတော်တဆ သတ်မိသွားသူ တစ်ယောက်ကဲ့သို့ ဖြစ်သွား၏။ သူသည် ဖြူရော်သွားကာ နံရံကို မှီထားလိုက်၏။ သူ၏ အကြည့်များက အဝေးသို့ ရောက်ရှိကာ အာရုံစူးစိုက်မှု ကင်းမဲ့နေခဲ့သည်။
"အာရီလီယပ် အဆင့်နိမ့် အရှင်သခင်ထက် ငါက တိကျတဲ့ အချက်အလက်ကို အရင်ရလိုက်တယ်လို့ ငါ နားလည်လိုက်ရမလား... ငါ့ကို ခဏလောက်..."
နာရူဟွမ် သည် သက်ပြင်းရှည်ကြီးတစ်ခုကို ရှူသွင်းလိုက်၏။
"... အသက် ရှူသွင်းခွင့်ပြုပါ... ဒီနေ့က ကောင်းတဲ့နေ့ပဲ..."
သူသည် သစ်သီးများနှင့် အရသာရှိသော အစားအစာများ ပြည့်နှက်နေသော စားပွဲတစ်လုံးရှိသည့် ထမင်းစားခန်းဆီသို့ ဆက်လျှောက်သွားခဲ့သည်။ အီသန် သည် သက်ဝင်နေသော အလောင်းကောင် တစ်ကောင်ကဲ့သို့ သူ၏နောက်မှ ယိမ်းယိုင်စွာ လိုက်ပါလာ၏။
"ကျွန်တော် သူ့ကို သတ်ခဲ့တယ် ဟွမ်... ကျွန်တော် ကိုယ်တိုင် သူ့ကို သတ်ခဲ့တာ..."
"မင်းက ရန်သူကို အသက်ရှင်လျက် ချန်ထားခဲ့တာလား..."
ဧကရာဇ်က မယုံကြည်နိုင်စွာဖြင့် ပြောလိုက်ပြီး ဝိုင်တစ်ခွက်ကို ငဲ့လိုက်သည်။
"တစ်ယောက်ယောက် သေ၊ မသေ ဘယ်လိုပြောရမလဲဆိုတာ မင်း သိလား... ငါ သင်ပေးရမလား..."
အီသန်သည် စပျစ်သီးများကို လွှတ်ချလိုက်ပြီး နာရူဟွမ် ထံမှ ဝိုင်အိုးကို ဆွဲယူကာ ပါးစပ်ထဲသို့ စတင်လောင်းထည့်လိုက်၏။ လေရှူရန်အတွက်သာ သူ ရပ်တန့်လိုက်သည်။
"ကျွန်တော် အဲဒီလို အမှားမျိုး မလုပ်ဖူး... မဟုတ်ဘူး... တစ်ခါမှ မဖြစ်ဖူးဘူး... အင်း... အခုတော့ အစီအစဉ်သစ်တစ်ခု လိုအပ်တော့မယ်..."
ထိုအရာက နာရူဟွမ် ကို အခြားကိစ္စတစ်ခုအား သတိရသွားစေခဲ့၏။ အာရီလီယပ် မိသားစု ထံသို့ ကိုယ်တိုင်သွားရောက် ဖြေရှင်းရန် သူ စီစဉ်ထားခဲ့သော ကိစ္စဖြစ်သည်။ သူ၏ စိတ်အခြေအနေသည် ချက်ချင်းဆိုသလို ဆိုးရွားသွားခဲ့၏။
"မဟူရာ မီးတောက် လမ်းစဉ် ကို ပြန်အသက်သွင်းမယ့် အစီအစဉ်က ဘာပါလဲ..."
ဧကရာဇ် က မှုန်ကုပ်သော လေသံဖြင့် မေးလိုက်သည်။
အီသန် သည် လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်၏။
"အိုး... အဲဒါလား..."
"အဲဒါလား... မင်း ဘာလုပ်နေတယ်လို့များ မင်း တွေးခဲ့သလဲဆိုတာ သိရရုံလေးအတွက်တောင် ရှင်းပြချက်တစ်ခု ငါ လိုအပ်တယ်... သူ့ကို မင်းဆီကနေ ချက်ချင်း ငါ ခေါ်သွားမယ်ဆိုတာကို မင်း သဘောပေါက်ခဲ့ရမှာပေါ့..."
"တစ်ယောက်ယောက်ကို လမ်းစဉ် သင်ပေးတာက တရားမဝင်တာတော့ မဟုတ်ပါဘူး..."
"မင်းကိုယ်မင်း ကြိုးဆွဲချတာလည်း တရားမဝင်ပါဘူး၊ ဒါပေမဲ့ အဲဒါက ပညာရှိရာ မရောက်ဘူးလေ... သူ့လုံခြုံရေးအတွက်ရော၊ သူ ထိတ်လန့်မှုတွေ မဖြစ်စေဖို့အတွက်ပါ သူ့ကို သီးသန့်ခွဲထားရလိမ့်မယ် အီသန်..."
နာရူဟွမ်သည် သူ၏ ဖန်ခွက်ကို စားပွဲပေါ်သို့ ဆောင့်ချလိုက်သည်။ နောက်ဆုံးစက္ကန့်မှသာ မကွဲသွားစေရန် လေ မာဒြာ ဖြင့် ခုခံထားရန် သတိရသွား၏။
အီသန် သက်ပြင်းချလိုက်ပြီး ဝိုင်အိုးကို စားပွဲပေါ်သို့ ပြန်တင်လိုက်သည်။
"ဒါက ကျွန်တော် ဒီကို ရောက်လာရတဲ့ အကြောင်းရင်းဆီကို ရောက်သွားတာပေါ့... ကျွန်တော့်မှာ တောင်းဆိုစရာ တစ်ခုရှိတယ်..."
ထိုအရာက အရှေ့ဘက်မှ နေထွက်လာသကဲ့သို့ အံ့သြစရာ မရှိလှပေ။ မည်သူကမျှ တောင်းဆိုချက် မပါဘဲ ဧကရာဇ် ထံသို့ လာရောက်လေ့ မရှိချေ။
"စကိုင်းဆွန်း တွေက သူ့ကို ဖမ်းထားပြီးပြီ... မဟူရာ မီးတောက် တစ်ယောက်ကို ငါ လွှတ်ပေးလို့ မရဘူး အီသန်... သူက ဆူပူအုံကြွမှုတွေ ဖြစ်လာစေလိမ့်မယ်..."
"သူ့ကို လွှတ်ပေးရမယ်... မဟုတ်ပါဘူး... လုံးဝ မဟုတ်ပါဘူး..."
သူ၏ အပြုံးများ ပြန်လည်ရောက်ရှိလာ၏။
"သူ ဆက်ပြီး တိုက်ပွဲဝင်ရအောင် ခင်ဗျားကို သေချာလုပ်ပေးစေချင်တာပါ…”
…
ကျင်းတိုင်ရှို့သည် ချွန်ထက်သော တောင်ထွတ်ဆီသို့ တစ်ကိုယ်တည်း ပင်ပန်းကြီးစွာ တက်လှမ်းနေခဲ့သည်။ သူ၏ ကိုယ်တွင်းရှိ မာဒြာများသည် သနားစရာကောင်းလောက်အောင် တစ်စက်ချင်းသာ စီးဆင်းနေ၏။ သူသည် လေပြင်းကို ဆန်၍ ခြေတစ်လှမ်းချင်းစီ အထက်သို့ တက်နေရသည်။ ထိုသို့ ခြေလှမ်းတိုင်းတွင် သူ၏ အဖြူရောင် သတ္တုမျှင်ဆံနွယ်များသည် ကျောပြင်ကို ရိုက်ခတ်နေသည်။
ညကောင်းကင်ယံထက်ပင် ပိုမိုမည်းမှောင်နေသော ဝိညာဉ်အကြွင်းအကျန်များက သူ၏ လမ်းတစ်လျှောက်တွင် နေရာယူထားကြသည်။ ၎င်းတို့သည် ကြယ်များ၏ အလင်းကို ဖုံးလွှမ်းထားသော ဟင်းလင်းပြင်များအလား ဖြစ်နေ၏။ ၎င်းတို့၏ အော်မြည်သံများသည် ဖန်ကွဲသံများနှင့် တူသည်။ အမွေးအတောင်များသည်လည်း စုတ်ပြဲနေသော အရိပ်များကဲ့သို့ အောက်သို့ လွင့်ဆင်းလာကြသည်။ ကျောက်ဆောင်များပေါ်သို့ ကျရောက်သွားသောအခါ ထိုအမွေးများသည် ရှဲခနဲ မြည်သွားပြီး ကျောက်သားများကို စားသုံးဖျက်ဆီးပစ်ကြသည်။ ၎င်းတို့က သူ၏ ဖိနပ်များကို အရည်ပျော်သွားစေခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း အဆင့်နိမ့် အရှင်သခင် တစ်ပါး၏ အသားအရည်သည်ကား ထိုမျှလောက် လွယ်ကူစွာ လောင်ကျွမ်းပျက်စီးသွားမည် မဟုတ်ပေ။
သူသည် ခြေလှမ်းတိုင်းတွင် မိမိ၏ အားနည်းချက်ကို ခံစားနေရသည်။ နာကျင်မှု ဝေဒနာများသည် သူ၏ ခြေမျက်စိများမှတစ်ဆင့် ကျောရိုးဆီသို့ လျှပ်စီးလက်သကဲ့သို့ တက်လာခဲ့၏။ သူ၏ စိတ်ဝိညာဉ်သည် ကျိုးပဲ့လွယ်သော သူ၏ခန္ဓာကိုယ်ကို ထောက်ပံ့ပေးနိုင်ရန် လုံလောက်သော အင်အား မရှိတော့ပေ။
လွန်ခဲ့သော တစ်လခန့်ကဆိုလျှင် ဤခရီးကို မည်သည့် နာကျင်မှုမျှမရှိဘဲ သူ ဖြတ်သန်းနိုင်ခဲ့ပေမည်။ သို့သော် ထိုအချိန်က သူ့အတွက် ရွေးချယ်စရာများ ရှိနေသေးသည်။ အကောင်အထည်ဖော်ရန် အစီအစဉ်များစွာ ရှိခဲ့ပြီး စစ်တုရင်ခုံပေါ်တွင် ရွှေ့စရာ နယ်ရုပ်များစွာ ရှိနေသေး၏။ ထိုစဉ်ကတည်းက သူသည် သေမင်းနှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။ သို့ရာတွင် ယခုလောက်တော့ မလျင်မြန်သေးပေ။
ယခုအခါတွင်မူ သူ၏ ကလန်ကို သူ့ထက် သက်တမ်း ပိုရှည်စေရန်သာ သူ လိုလားတော့သည်။ ကျင်း ကလန်၏ သက်တမ်းကို ရှည်ကြာစေမည့် မည်သည့်အရာမဆို ကောင်းမြတ်သော အလုပ်ပင် ဖြစ်သည်။ မည်မျှပင် ပေးဆပ်ရပါစေ သူ ဂရုမစိုက်တော့ပေ။
ကျီးကန်း ဝိညာဉ်အကြွင်းအကျန်များက သူ့ကို စူးရှစွာ အော်ဟစ်နေကြသည်။ သူသည် (အခြားရွေးချယ်စရာသာ ရှိခဲ့ပါက) မည်သည့်အခါမျှ ပြုလုပ်မည်မဟုတ်သော လောင်းကစားတစ်ခုဆီသို့ တက်လှမ်းနေခြင်း ဖြစ်၏။ ဤသည်ကား သူ၏ နောက်ဆုံးကျန်ရှိနေသော မျှော်လင့်ချက်များထဲမှ ပထမဆုံးတစ်ခုပင် ဖြစ်သည်။
သူသည် လမ်း၏အဆုံးသို့ ရောက်ရှိသွားခဲ့သည်။ တိမ်ပင်လယ်ကြီးကို စီးမိုးကြည့်နိုင်သော မတ်စောက်သည့် ကမ်းပါးပြတ်တစ်ခုပင်။ ကမ္ဘာမြေ၏ အဆုံးသတ်တွင် ရပ်နေရသကဲ့သို့ တိမ်တိုက်များက သူ့ ရှေ့တွင် ကျယ်ဝန်းစွာ ဖြန့်ကျက်ထားသည်။ အထက်ဘက်တွင်မူ ကြယ်များက သူ့ကို စူးရဲစွာ စိုက်ကြည့်နေကြ၏။
ကမ်းပါး၏ရှေ့တွင် မြူခိုးများ လှည့်ပတ်နေသည်။ တိမ်တိုက်များ၏ မျက်နှာပြင်အောက်တွင် တစ်စုံတစ်ရာက လှုပ်ရှားနေ၏။ ချက်ချင်းပင် မီးခိုးရောင် တိမ်တိုက်များထဲမှ အရိပ်အတောင်ပံကြီးများ ထွက်ပေါ်လာခဲ့သည်။ ထိုအတောင်ပံ တစ်ဖက်စီသည် သင်္ဘောရွက်လွှင့်စင်တစ်ခုစာမျှ ကြီးမားလှသည်။ ၎င်း၏ နောက်မှ ထွက်ပေါ်လာသော ခေါင်းကြီးသည်လည်း မြင်းတစ်ကောင်ထက်ပင် ပို၍ ကြီးမားနေ၏။ ၎င်းသည် အသက်ဝင်နေသော မင်ရည်များဖြင့် ဖွဲ့စည်းထားသည့် ငှက်တစ်ကောင်နှင့် တူနေသည်။
ဧရာမ ကျီးကန်းကြီးသည် သူ၏ မြင်ကွင်းတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ ၎င်းသည် အတောင်ပံများကို ငြိမ်သက်စွာထား၍ လေထဲတွင် ဝဲပျံနေ၏။ ရေခဲတမျှ အေးစက်နေသော လေပြင်းကို တစ်ချက်မျှ မခတ်ဘဲ ငြိမ်သက်စွာ နေနေသည်။ အသက်ရှင်နေသော သတ္တဝါတစ်ကောင်ထက် တစ္ဆေတစ်ကောင်အလား လွင့်မျောနေခြင်း ဖြစ်၏။ ၎င်း၏ အမွေးအတောင်များထံမှ အမှောင်ထု လှိုင်းခွေများ ထွက်ပေါ်နေသည်။
ကျင်းတိုင်ရှို့က ခေါင်းကို ညွတ်လိုက်သည်။ အကူအညီ တောင်းခံသူ တစ်ယောက်အနေဖြင့် သူသည် ဦးညွှတ်သင့်ပေသည်။ သို့သော် သူ၏ ကျောရိုးက တင်းကျပ်စွာ တောင့်တင်းနေသဖြင့် အနောက်သို့ လန်ကျသွားမည်ကို စိုးရိမ်နေရ၏။ ရိုသေမှု အားနည်းခြင်းက မိမိအား သတ်ပစ်နိုင်သည်ဟူသော အတွေးသည် ဝိညာဉ်အကြွင်းအကျန်၏ မျက်မှောက်တွင် ရှိနေသကဲ့သို့ပင် သူ့ကို ကြက်သီးမွေးညင်း ထစေခဲ့သည်။ လိုအပ်ပါက အသက်ကို စွန့်လွှတ်ရန် မည်မျှပင် ပြင်ဆင်ထားပါစေ... သေမင်း ဝိညာဉ်တစ်ပါးနှင့် မျက်နှာချင်းဆိုင် တွေ့ဆုံရန်အတွက်မူ မည်သည့်အရာကမျှ သူ့ကို ကြိုတင်ပြင်ဆင်ပေးနိုင်စွမ်း မရှိခဲ့ပေ။
***
အပိုင်း(၂၆၀)
"တစ္ဆေသခင်... ခင်ဗျားကို ကျွန်တော် ဂါရဝပြုပါတယ်... ပြီးတော့ ပူဇော်သက္ကာယလည်း ယူဆောင်လာခဲ့ပါတယ်..."
ကျင်းတိုင်ရှို့သည် ဝတ်ရုံထဲမှ သစ်မည်းသေတ္တာငယ်တစ်ခုကို ထုတ်ယူကာ လက်နှစ်ဖက်ဖြင့် ကမ်းပေးလိုက်သည်။ ဆူညံနေသော ကျီးအုပ်ကြီး၏ အော်သံများကို ကျော်လွန်၍ သူ၏ အသံကို ဤ ဝိညာဉ် ကြားနိုင်ပါစေဟုသာ သူ မျှော်လင့်နိုင်တော့သည်။
ဝိညာဉ်အကြွင်းအကျန်၏ အကူအညီကို လာရောက်တောင်းခံသူတိုင်း ပူဇော်သက္ကာယများ ယူဆောင်လာတတ်ကြသည်တော့ မဟုတ်ပေ။ သို့သော် ပညာရှိသူများကမူ ယူဆောင်လာတတ်ကြသည်။ ဤသည်မှာ ကျီးကန်း တောင်းဆိုမည့် အဖိုးအခနှင့် လုံးဝ သီးခြားဖြစ်၏။ သို့ရာတွင် စေတနာအလျောက် ပေးအပ်သော လက်ဆောင်က ကာကွယ်မှု တစ်စိတ်တစ်ပိုင်းကို ဝယ်ယူနိုင်ပေသည်။ လက်ဆောင်ကို သစ္စာဖောက်မှုဖြင့် တုံ့ပြန်ခြင်းက ဝိညာဉ်ကြွေးမြီ တစ်ခုကို တင်ရှိစေမည် ဖြစ်ရာ၊ ထို ဝိညာဉ်အကြွင်းအကျန် အနေဖြင့်လည်း ယင်းကို ရှောင်ရှားလိုမည်သာ ဖြစ်သည်။
အကယ်၍ သူသည် တစ္ဆေသခင်ကို အမှန်တကယ် စော်ကားမိမည်ဆိုပါက လက်ဆောင်တစ်ခုတည်းက ကျင်းတိုင်ရှို့ကို ကယ်တင်နိုင်မည် မဟုတ်ပေ။ သို့သော် သူ၏ အခွင့်အရေးကိုတော့ မထိခိုက်စေနိုင်ပါ။
ကျောက်ဆောင်များပေါ်တွင် နားနေသော ကျီးကန်း ဝိညာဉ်အကြွင်းအကျန် နှစ်ကောင်သည် အောက်သို့ ပျံသန်းလာပြီး သူ၏ လက်မောင်းများပေါ်တွင် နားခိုလိုက်ကြသည်။ ၎င်းတို့ထံမှ ထွက်ပေါ်နေသော အအေးဓာတ်က သူ့ထံသို့ ကူးစက်လာ၏။ သူ၏ နွေးထွေးမှုကို ခိုးယူကာ စိတ်ဝိညာဉ်ထဲအထိပင် စိမ့်ဝင်လာခဲ့သည်။
ထိုကျီးကန်း နှစ်ကောင်သည် ၎င်းတို့၏ နှုတ်သီးများကို တူညီသော ဟန်ပန်ဖြင့် လှုပ်ရှားကာ သေတ္တာကို ဖွင့်လိုက်ကြသည်။
ညစ်ပေနေသော ကတ္တီပါစပေါ်တွင် ပြတ်ကျနေသော ခေါင်းတစ်ခု ရှိနေသည်။ ၎င်း၏ အသားအရေက ဖယောင်းလို ပြောင်လက်နေပြီး ပြာနှမ်းနေ၏။ လျှာသည်လည်း ပါးစပ်အပြင်သို့ ရောင်ရမ်း ထွက်ကျနေသည်။ ထိုသူမှာ ကျင်းတိုင်ရှို့ နာမည်ပင် မသိခဲ့သော အာရီလီယပ် မိသားစုမှ အစေခံတစ်ဦး ဖြစ်သည်။ သူက ခေါင်းတစ်ခု လိုအပ်ခဲ့သဖြင့် တစ်ခုကို ယူဆောင်လာခဲ့ခြင်း ဖြစ်၏။ မိတ်ဆွေများထံမှ ခိုးယူခြင်းထက် ရန်သူများထံမှ ခိုးယူခြင်းက ပို၍ ကောင်းမွန်ပေသည်။
ဧရာမ ကျီးကန်းကြီးသည် ၎င်း၏ နှုတ်သီးကိုဟကာ ရှူရှိုက်လိုက်သည်။ ကျင်း အဆင့်နိမ့် အရှင်သခင် ၏ မြင်ကွင်းတွင်၊ အလောင်း၏ ခေါင်းထံမှ အနက်ရောင် မှုန်ဝါးဝါး မြူခိုးများသည် မီးခိုးငွေ့များအလား ထွက်ပေါ်လာခဲ့သည်။ သေမင်း အော်ရာကို မြင်နိုင်ရန် တစ်ချိန်က သူ့အတွက် ခက်ခဲခဲ့ဖူး၏။ သို့သော် ယခုအခါ ထိုလျှို့ဝှက်ချက်ကို သူ သိရှိသွားခဲ့ပြီ ဖြစ်သည်။ ထိုအရာ၏ တည်ရှိမှုကို သူ အသားကျသွားသည်အထိ ဖြစ်သည်။
ဝိညာဉ်အကြွင်းအကျန်က အားရပါးရ ရှူရှိုက်ပြီးသွားသောအခါ ကျင်းတိုင်ရှို့သည် ခေါင်းပါဝင်သော ထိုသေတ္တာကို ကမ်းပါးအောက်သို့ ပစ်ချလိုက်သည်။ ဒူးထောက်ကာ သေတ္တာကို မြေပြင်ပေါ်တွင် ချထားခြင်းက ပို၍ ယဉ်ကျေးရာကျပေမည်။ သို့သော် သူ၏ ဒူးများသည် သူ၏ ကျောရိုးနည်းတူ ပြဿနာ ပေးနေခဲ့သည်။
တစ္ဆေသခင်က နှုတ်သီးကို ထပ်မံဟလိုက်ပြန်သည်။ ထို့နောက် အဝေးဆီမှ ဈာပနတေးကို သံပြိုင်သီဆိုနေသကဲ့သို့ အသံတစ်သံ ထွက်ပေါ်လာခဲ့၏။
"မင်းရဲ့ ရန်သူ နာမည်ကို ငါတို့ကို ပြောစမ်း..."
ဆူညံနေသော ငှက်ဝိညာဉ်များ၏ အော်မြည်သံများသည် ပို၍ ကျယ်လောင်လာခဲ့သည်။ ၎င်းတို့၏ သဟဇာတမဖြစ်သော သံစဉ်များက သူ၏ နားထဲတွင် ကလန့်တိုက်နေ၏။
မဟူရာ မီးတောက် အင်ပါယာ အတွင်း၌ အဆင့်နိမ့် အရှင်သခင် တစ်ပါးကို သေစေချင်ပါက ရွေးချယ်စရာ အလွန်နည်းပါးလှသည်။
ယင်းကို လုပ်ဆောင်နိုင်သော လက်နက်များ ရှိသော်လည်း၊ အဆင့်နိမ့် အရှင်သခင် တစ်ပါးကို ကိုယ်တိုင် သတ်ဖြတ်ခြင်းက သူတို့၏ မိသားစုနှင့် မိတ်ဆွေများ၏ လက်စားချေမှုကို ခံရနိုင်ခြေ ရှိပေသည်။ ထို့ပြင် လုပ်ကြံသတ်ဖြတ်သူ အများစုမှာလည်း အလွန်ဆုံးမှ အစစ်အမှန် ရွှေအဆင့် ၌သာ ရှိကြ၏။ ဝိညာဉ်မီးလျှံ ဖြင့် ဖန်တီးထားသော ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်သည့် အဆိပ်မျိုးဆိုလျှင်လည်း ဈေးနှုန်း အလွန်ကြီးမားလှသည်။ ထိုကဲ့သို့သော အဆိပ်များကို ဖန်တီးနိုင်စွမ်းရှိသည့် ဆေးဖော်စပ်သူများကို နှုတ်ပိတ်ရန်မှာလည်း ခက်ခဲလှပေသည်။
သို့တိုင်အောင် လုံလောက်သော အရင်းအနှီးနှင့် သူတို့ကို ငှားရမ်းရဲသည့် သတ္တိမျိုး ရှိမည်ဆိုပါက ကျွမ်းကျင်သူ အနည်းငယ် ရှိနေပါသေးသည်။ ထိုအထဲတွင် တစ္ဆေသခင် က အသင့်တော်ဆုံး ဖြစ်ပေသည်။
"ကျွန်တော်တို့ကြားက ရန်ငြိုးကို သွေးနဲ့ပဲ ဖြေရှင်းလို့ ရတော့မယ်..."
ကျင်းတိုင်ရှို့က ဆူညံစွာ အော်ဟစ်နေကြသော ဝိညာဉ်အကြွင်းအကျန် ငယ်လေးများ၏ အသံကို ကျော်လွန်၍ အသံကို မြှင့်ကာ ပြောလိုက်သည်။
"ကျွန်တော် သူ့ကို မသတ်နိုင်ဘူး... ပြီးတော့ ကျွန်တော် သေသွားရင် သူ့မိသားစုက ကျွန်တော့် မိသားစုကို ဖျက်ဆီးပစ်မှာကို စိုးရိမ်မိတယ်..."
ကျီးကန်းကြီးက ငြိမ်သက်စွာဖြင့် နားထောင်နေသည်။ အချို့သော ဒဏ္ဍာရီများအရ အကယ်၍ တစ္ဆေသခင်က သင်၏ အကြောင်းပြချက်များ မလုံလောက်ဟု ယူဆပါက သင့်ကို သူ၏ ကျီးအုပ်ကြီးထံ အစာကျွေးပစ်လိမ့်မည်ဟု ဆိုကြသည်။
"သူ့နာမည်က အီသန် အာရီလီယပ် ပါပဲ..."
ချက်ချင်းပင် ဖန်ကွဲသံကဲ့သို့ ဆူညံနေသော ကျီးကန်းများ၏ အော်သံများ တိတ်ဆိတ်သွားခဲ့သည်။ လှံသွားကဲ့သို့ ချွန်ထက်နေသော တောင်ထွတ်များဆီသို့ တိုက်ခတ်နေသည့် လေပြင်းများ၏ အသံမှလွဲ၍ ညဉ့်ယံကြီးမှာ ငြိမ်သက်တိတ်ဆိတ်သွားတော့သည်။
"အီသန် အာရီလီယပ်ကို ငါတို့ လက်ခံမှာ မဟုတ်ဘူး..."
တစ္ဆေသခင်က တေးသွား သီဆိုသလို အသံဖြင့် ပြောလေသည်။
"တခြားတစ်ယောက်ကို ရွေးချယ်ပါ... ဒါမှမဟုတ်ရင်လည်း ထွက်သွားလိုက်တော့..."
ကျင်းတိုင်ရှို့သည် အံ့အားသင့်စွာ ရပ်နေမိ၏။ ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ရာ မိမိ၏ ခြေထောက်သည် ချောက်ကမ်းပါးပေါ်တွင် တွဲလွဲခိုနေသည်ကို တွေ့လိုက်ရသကဲ့သို့ ဖြစ်သွားသည်။ သူသည် စကားအပြောအဆို ပျက်ပြားသွားရန် သို့မဟုတ် ရန်လိုမှုများနှင့် ရင်ဆိုင်ရရန် ကြိုတင်ပြင်ဆင်လာခဲ့သည်။ ထို့ပြင် တစ္ဆေသခင်က အလွန်မြင့်မားသော အဖိုးအခကို တောင်းဆိုလာမည်ဆိုလျှင်လည်း ပေးချေရန် ပြင်ဆင်ထားခဲ့၏။ သို့သော် ယခုကဲ့သို့ ချက်ချင်း လက်ငင်း၊ ပြတ်သားစွာ ငြင်းပယ်ခံရမည်ဟုကား မမျှော်လင့်ထားခဲ့ပေ။
"တစ္ဆေသခင်... ဒီအစေခံက ထိုက်တန်တဲ့ အဖိုးအခကို ပြင်ဆင်ပေးနိုင်ပါတယ်... သက်တမ်း ရာစုနှစ်တစ်ခုကျော်တဲ့ သက်စောင့် ဝိညာဉ်အကြွင်းအကျန်တွေဆီက သွေးအနှစ်သာရတွေကို ပေးပါ့မယ်... သင့်ဆီမှာ သစ္စာဆိုပြီး အမှုထမ်းမယ့် ဝိညာဉ်တွေကိုလည်း ပေးပါ့မယ်... လိမ်ယှက်နေတဲ့ တွင်းနက် လမ်းစဉ်က ထွက်ပေါ်လာတဲ့ သေမင်းနဲ့ အရိပ် မာဒြာပြားတွေကိုလည်း ပေးပါ့မယ်... ဆန္ဒရှိတာကိုသာ ပြောပါ... ကျွန်တော့် စွမ်းအားနဲ့ တတ်နိုင်သမျှ အားလုံး ဖြည့်ဆည်းပေးပါ့မယ်..."
နောက်ဆုံးတွင် တစ္ဆေသခင်သည် ၎င်း၏ ဧရာမ အတောင်ပံကြီးများကို ခတ်လိုက်သည်။ ထိုအခါ ကျင်းတိုင်ရှို့၏ ဝိညာဉ် တစ်လျှောက် ရေခဲအအေးဓာတ်များ တွားသွားဝင်ရောက်လာ၏။ သူ၏ မာဒြာများသည် အမှောင်ထုကို တွန်းလှန်ရန် သူ၏ သွေးကြောလမ်းကြောင်းများအတွင်း လင်းလက်စွာ တုန်ခါသွားကြသည်။ အကယ်၍ ပိုမိုအားနည်းသော ကျင့်ကြံသူ တစ်ယောက်သာဆိုလျှင် ထိုလေပြင်းတစ်ချက်အောက်မှာပင် ညှိုးနွမ်းသေဆုံးသွားနိုင်ပေသည်။
"အီသန် အာရီလီယပ်က ငါတို့ အုပ်စုရဲ့ မိတ်ဆွေပဲ... သူက ငါတို့ကို တန်ဖိုးကြီးတဲ့ လက်ဆောင်တွေ ပေးထားတယ်..."
"ဒါက သူ့ကိုယ်သူ ကာကွယ်ဖို့ သက်သက်ပါပဲ..."
ကျင်းတိုင်ရှို့က အပြင်းအထန် ပြောဆိုလိုက်သည်။
"ဘယ်သူကမှ သူ့ကို ရန်ပြုဖို့ ခင်ဗျားတို့ကို မငှားရမ်းနိုင်အောင် လည်ပင်းကြိုးကွင်း စွပ်ထားတာပါ... ခင်ဗျားတို့အပေါ် သူက ဘာသစ္စာတရားမှ မရှိပါဘူး..."
"ဒါဆိုရင်တောင်မှ..."
ဧရာမ ကျီးကန်းကြီးက ပြောလိုက်သည်။
"သူ့ကို ရန်ပြုတာက ငါတို့ရဲ့ ဝိညာဉ်ကို အကြွေးကြိုးတွေနဲ့ ချည်နှောင်လိုက်သလို ဖြစ်သွားလိမ့်မယ်... မင်း တခြားတစ်ယောက်ကို နာမည်ပေးလို့ ရတယ်... ဒါပေမဲ့ ငါတို့ရဲ့ အမွေးတစ်ပင်ကတောင် အီသန် အာရီလီယပ် ကို အန္တရာယ်ပြုမှာ မဟုတ်ဘူး..."
...
"အဲဒီ မိသားစုအကြောင်း ကျွန်တော် တစ်ခုလောက် ပြောပြမယ်..."
မိုရှီးက သူ၏ မြေစေးခွက်ကို အရက်ဆိုင် စားပွဲပေါ်သို့ ဆောင့်ချလိုက်ရင်း ပြောလိုက်သည်။
"အာရီလီယပ် တစ်ယောက်ကို လုပ်ကြံဖို့ ဘယ်တော့မှ လက်မခံနဲ့... အစစ်အမှန် အာရီလီယပ် ကို ပြောတာပါ... ခင်ဗျား လာနေတာကို သူတို့က အမြဲတမ်း ကြိုမြင်နေတတ်တယ်..."
မိုရှီးသည် ရှေးဟောင်း ဂူသင်္ချိုင်းတစ်ခုမှ တူးဖော်ရရှိလာသော ခြောက်သွေ့နေသည့် အလောင်းကောင် တစ်ခုနှင့် တူနေ၏။ သူသည် အရိုးပေါ် အရေတင်နေသော ပိန်ချုံးချုံး လူတစ်ယောက် ဖြစ်ပြီး သူ၏ ဆံပင်များသည် လွင့်မျောနေသော မြူခိုးစများနှင့် တူနေသည်။
သူ၏ မျက်လုံးများမှာ တစ်ဖက်နှင့် တစ်ဖက် မတူညီကြပေ။ တစ်ဖက်မှာ ကန်းနေပြီး နို့နှစ်ရောင် အဖြူဖြစ်နေကာ အခြားတစ်ဖက်မှာမူ အစိမ်းရောင် ကျောက်စိမ်း ဖြင့် ထုဆစ်ထားသော ရုပ်တုတစ်ခု၏ မျက်လုံးနှင့် တူနေ၏။
"ပြီးတော့ အထူးသဖြင့် အခု ဒီ အာရီလီယပ် က ပိုဆိုးတယ်..."
မိုရှီးက ဆက်ပြောသည်။
"ခင်ဗျား တိုက်ခိုက်မယ့်အချိန်ကို သူက ကြိုမြင်တာလောက်တင် မဟုတ်ဘူး... ဒီမနက် ခင်ဗျား အိပ်ရာထလာကတည်းက သူက ခင်ဗျားကို မြင်နေပြီးသား..."
ကျင်းတိုင်ရှို့သည် သူ၏ ကုလားထိုင်ပေါ်တွင် တောင့်တင်းသွား၏။ သူသည် သေမင်းနှင့် နီးကပ်နေပြီ ဖြစ်သော သူ၏ ဘဝခရီးစဉ် နောက်ဆုံးအပိုင်းကို ရောက်ရှိနေပြီ ဖြစ်သော်လည်း အဆင့်နိမ့် အရှင်သခင် တစ်ပါး ဖြစ်နေဆဲပင်။ မောက်မာရိုင်းစိုင်းမှုများကို အပြစ်ပေးရန် သူ့တွင် လုံလောက်သော စွမ်းအားများ ရှိနေပါသေးသည်။
"မင်းက သူ့ကို ငါ့ထက် မြင့်မြတ်တဲ့သူ တစ်ယောက်လို ပြောနေပါလား..."
လူတစ်ဝက်ခန့်သာ ရှိသော အရက်ဆိုင်လေးထဲတွင် လူအတော်များများ၏ မျက်လုံးများက ကျင်းတိုင်ရှို့ထံသို့ လှည့်လာကြသည်။ ကောင်တာကို တဘက်ဖြင့် ပွတ်တိုက် သန့်စင်နေသော အရက်ဆိုင်ပိုင်ရှင်က တဟင်းဟင်း ရယ်မောလိုက်၏။ ထောင့်တစ်နေရာရှိ ခြေတစ်ဖက်ပြတ်နေသော ကောင်လေးတစ်ယောက်ကလည်း သူ့ကို လှောင်ပြောင်သည့် အပြုံးဖြင့် ကြည့်နေသည်။
သူတို့သည် သူ မည်သူမည်ဝါဖြစ်ကြောင်း အတိအကျ သိကြသည်။ သူ၏ ဂုဏ်သိက္ခာ ကြီးမားပုံကို သိထားကြသော်လည်း သူ့ကို ပေါ်တင်ပင် မထီမဲ့မြင် ပြုနေကြ၏။
မိုရှီးက ငြိမ်းချမ်းရေးအတွက် လက်ကာပြလိုက်ရင်း နောက်ထပ် တစ်ခွက် သောက်လိုက်ပြန်သည်။
"ပေးမယ့် အဖိုးအခသာ တန်မယ်ဆိုရင် ကျွန်တော်နဲ့ ကျွန်တော့် ကောင်တွေက ကောင်းကင်ဘုံကိုတောင် လုပ်ကြံဖို့ လက်ခံမှာပါ... အဆိုးဆုံး ဖြစ်လာနိုင်တာက ကျွန်တော်တို့ သေသွားတာပဲလေ... မဟုတ်ဘူးလား... ဒါပေမဲ့ ကိုယ် လာနေတာကို ကြိုသိနေပြီး တစ်ခုခု ပြန်လုပ်နိုင်စွမ်းရှိတဲ့ လူတစ်ယောက်ကို သွားပြီး ရန်စတာကတော့... လောင်းကစား လုပ်တာနဲ့ ရေတွင်းထဲ ပိုက်ဆံ လွှင့်ပစ်တာနဲ့ ကွာခြားသလိုပဲ..."
ကျင်းတိုင်ရှို့က သူ၏ ဝတ်ရုံထဲမှ လက်ဖဝါးအရွယ်အစားရှိ ရွှေချထားသော သေတ္တာငယ်လေး တစ်လုံးကို ထုတ်ယူလိုက်သည်။ ၎င်းကို စားပွဲပေါ်သို့ ပုတ်ချလိုက်ပြီးနောက် မိုရှီး၏ ရှေ့သို့ တွန်းပို့ပေးလိုက်၏။
မိုရှီးက သူ၏ လက်မဖြင့် သေတ္တာအဖုံးကို အနည်းငယ် ဟလိုက်သည်။ ထိုသို့ လုပ်လိုက်သည်နှင့် လေပြင်းတစ်ချက်က သေတ္တာကို အဆုံးထိ ပွင့်သွားစေပြီး အစိမ်းရောင် အလင်းဖျော့ဖျော့များ ထွက်ပေါ်လာ၏။ လေ အော်ရာ များသည် သေတ္တာ၏ ပတ်လည်တွင် စုရုံးလာကြသည်။ အစိမ်းရောင် လေဆင်နှာမောင်း ငယ်လေးတစ်ခု ဖြစ်ပေါ်လာပြီး သေတ္တာ၏ ပတ်ပတ်လည်တွင် လေများက လှည့်ပတ်တိုက်ခတ်နေသည်။ မိုရှီး၏ အညိုရောင် ဝတ်ရုံသည် လေထဲတွင် လွင့်ခါနေပြီး သူ၏ ဆံပင်များသည် မျက်နှာပေါ်မှ လွင့်စဉ်သွားလေသည်။
"အဆင့်မြင့် မာဒြာပြား တစ်ပြားပဲ..."
ကျင်းတိုင်ရှို့က ပြောလိုက်သည်။
"ဧကရာဇ် ကိုယ်တိုင် ဖန်တီးထားတာ... အင်ပါယာအတွက် ငါ တာဝန်ထမ်းဆောင်ပေးခဲ့တဲ့ နှစ်တွေတစ်လျှောက်မှာ ဒါမျိုး ခုနစ်ပြား ငါ စုဆောင်းနိုင်ခဲ့တယ်..."
ထိုအရာများကို ငွေကြေးအဖြစ် အသုံးပြုရန် သူ မည်သည့်အခါမျှ မရည်ရွယ်ခဲ့ပေ။ ဂုဏ်ပြုဆုတံဆိပ်များကဲ့သို့သာ သယ်ဆောင်ထားခဲ့ခြင်း ဖြစ်၏။ သို့သော်... ရန်သူက တံခါးဝသို့ ရောက်ရှိလာသောအခါ မိမိလက်လှမ်းမီသမျှ မည်သည့် လက်နက်ကိုမဆို အသုံးပြုရမည်သာ ဖြစ်သည်။
မိုရှီးထံတွင် ထို မာဒြာပြား ကို တိုက်ရိုက် မျိုချနိုင်မည့်သူ တစ်ယောက်မျှ မရှိပေ။ ဤ မာဒြာပြား ၏ စွမ်းအင် အနည်းငယ်ကို လက်ခံနိုင်ရန် ပင်လျှင် အဆင့်နိမ့် အရှင်သခင် တစ်ပါး လိုအပ်မည် ဖြစ်သည်။ သို့သော် ယင်းကို လေ မာဒြာ လက်နက်များ စွမ်းအင်ပေးရန်၊ ဧရာမ နယ်နိမိတ် အစီအရင် တစ်ခုအတွက် အသုံးပြုရန် သို့မဟုတ် လေစွမ်းအင်ပါဝင်သော အထွတ်အမြတ် ဆေးဖက်ဝင် အပင်များကို ပျိုးထောင်ရန် အသုံးပြုနိုင်ပေသည်။ ထိုသို့မှ မလုပ်နိုင်ပါက မိုရှီး အနေဖြင့် ယင်းကို ရောင်းချပစ်၍ ရနိုင်သည်။ ဤသည်မှာ မဟူရာ မီးတောက် အင်ပါယာ အတွင်း တန်ဖိုးအကြီးမားဆုံးသော ငွေကြေးပင် ဖြစ်သည်။
မိုရှီးက သေတ္တာအဖုံးကို အားယူကာ ပြန်ပိတ်လိုက်သည်။ သူ၏ မျက်နှာပေါ်တွင် နှမြောတွန့်တိုသည့် အရိပ်အယောင်များ အထင်အရှား ပေါ်လွင်နေ၏။
"ဒါက တော်တော် ဆွဲဆောင်မှုရှိတဲ့ ကမ်းလှမ်းချက်ပဲ... ဒါပေမဲ့ သူ အခုချိန်မှာ ကျွန်တော်တို့ကို စောင့်ကြည့်မနေဘူး ဆိုတာကို ခင်ဗျား ကျွန်တော့်ကို သက်သေပြရလိမ့်မယ်... ခင်ဗျားက အသေခံရမယ့် မစ်ရှင်တစ်ခုအတွက် လူလိုချင်တာဆိုရင် သေချာပေါက် ကျွန်တော်တို့ကို ငှားလို့ရတယ်... ဒါပေမဲ့ အခုကိစ္စက သက်သက်ကြီး ကိုယ့်သေတွင်းကိုယ် တူးနေသလို ဖြစ်နေတယ်…”
***