← Chapters

အခန်း (၂၆၁-၂၆၂)

Vol. 19 Ch. 261-262

အခန်း (၂၆၁-၂၆၂)

Vol. 19 Ch. 261-262

အပိုင်း(၂၆၁)

ညနက်သန်းခေါင်ယံ အချိန်တွင်ပင် တောအုပ်အတွင်းရှိ လေထုက ပူလောင်မွန်းကျပ်နေဆဲ ဖြစ်သည်။ ကျင်းတိုင်ရှို့၏ ဝိညာဉ်အာရုံတွင် ရေ အော်ရာ များ လှည့်ပတ်နေသည်ကို မြင်တွေ့နေရ၏။ ယင်းတို့၏ စွမ်းအားသည် လေ အော်ရာ နှင့် နီးပါးမျှ တူညီနေသည်။ သို့သော် ထိုနှစ်ခုစလုံးထက် ပိုမိုတောက်ပနေသည်မှာ စိမ်းလန်းစိုပြည်သော သက်စောင့် အော်ရာ ပင် ဖြစ်သည်။ ထိုအရာက သူ့ပတ်လည်ရှိ သစ်ပင်များနှင့် နွယ်ပင်ရှုပ်များကို မြစိမ်းရောင် မီးပုံကြီးတစ်ခုအလား ထင်မှတ်ရစေ၏။

သစ်ပင်ကြီးများသည် သူ့အပေါ်တွင် အုပ်မိုးနေပြီး ကောင်းကင်ယံကို ဝါးမျိုထားကြသည်။ ၎င်းတို့၏ ကြီးမား ကျယ်ပြန့်လှသည့် သစ်ရွက်ကြီးများမှတစ်ဆင့် နေရောင်ခြည်ကို စစ်ထုတ်ပေးတတ်ကြ၏။ တောအုပ်အတွင်း မှီတင်းနေထိုင်ကြသော သတ္တဝါများ၏ ဆူညံသံသည် အင်အားတစ်ခုအလား ဖြစ်နေသည်။ ပူအိုက်မှုကဲ့သို့ပင် အမြဲတစေ ရှိနေသော အော်မြည်သံ၊ ဟိန်းဟောက်သံ၊ စူးရှသောအသံနှင့် စူးစူးဝါးဝါး အော်ဟစ်သံပေါင်းစုံသည် သူ၏ နားစည်ကို ရိုက်ခတ် ဖိနှိပ်နေကြ၏။

မဟူရာ မီးတောက် အင်ပါယာ၏ တောင်ဘက်အစွန်အဖျားရှိ ဤစိမ်းလန်းစိုပြည်သော မြေပြင်ကျယ်ကြီးသည် တစ်ချိန်က တာနာဘန် ကလန် ပိုင်ဆိုင်ခဲ့သော နေရာဖြစ်သည်။ တိတိကကျကျ ဆိုရသော်... ရူးသွပ်နေသော မဟူရာ မီးတောက် များ၏ မျိုးတုံးသတ်ဖြတ်ခြင်းကို မခံရမီက ဖြစ်သည်။

ယခုအခါတွင်မူ ဤနေရာသည် အချင်းချင်း ငြင်းခုံရန်ဖြစ်နေကြသော မိသားစုပေါင်း ထောင်ချီတို့၏ အိမ်ဂေဟာ ဖြစ်နေခဲ့ပြီ။ သို့သော် မည်သည့် မိသားစုကမျှ ကလန် တစ်ခုဟု ခေါ်ဆိုနိုင်လောက်အောင် ကြီးမားခြင်း သို့မဟုတ် အရေးပါခြင်း မရှိကြပေ။ အကယ်၍ ကောင်းကင်ဘုံကသာ ဖေးမကူညီမည်ဆိုလျှင်၊ သူ ဤနေရာသို့ ရောက်ရှိခဲ့သည်ကို မည်သူမျှ မသိစေဘဲ ဝင်ထွက်သွားလာနိုင်ပေမည်။

ဝုန်း...

တောအုပ်အတွင်း ကျယ်လောင်သော အသံတစ်ခု ပဲ့တင်ထပ်သွားသည်။ ထိုအခါ သူသည် မိမိ၏ ဖုံးကွယ်ခြင်းကို ပိုမို တင်းကျပ်လိုက်၏။ ယင်းမှာ အဆင့်နိမ့် အရှင်သခင် တစ်ပါးအဖြစ် သူ၏ စွမ်းအားများကို ဖုံးကွယ် ထိန်းချုပ်ထားသော နည်းစနစ်ပင် ဖြစ်သည်။ သူသည် ဒူးများမှ စူးရှစွာ နာကျင်နေသည့်တိုင် ခန္ဓာကိုယ်ကို အတင်းအကျပ် အလျင်စလို လှုပ်ရှားစေခဲ့သည်။ ထို့နောက် ထူထပ်သော ချုံပုတ်တစ်ခု၏ အနောက်တွင် ကုပ်ကုပ်လေး ပုန်းကွယ်နေလိုက်၏။

သစ်ပင်တစ်ပင်သည် ၎င်း၏ အမြစ်အစုအဝေး တစ်ခုကို ခြေထောက်တစ်ချောင်းအလား မြှောက်တင်လိုက်သည်။ ထို့နောက် ရှေ့သို့ နောက်တစ်လှမ်း လှမ်းလိုက်ပြီး၊ လူတစ်ယောက် ရေတိမ်ပိုင်းကို ဖြတ်လျှောက်သွားသကဲ့သို့ သစ်ရွက်ဖုတ်များကြားမှ တိုးထွက်သွား၏။ ၎င်း၏ ခြေအောက်တွင် သစ်ပင်ပေါက်လေး တစ်ပင် ကြေမွသွားခဲ့သည်။ ထိုစဉ် ထိတ်လန့်တကြား အော်ဟစ်လိုက်သော အသံစူးစူးလေး တစ်ခုက တောအုပ်၏ ဆူညံသံများကို ထိုးခွဲထွက်ပေါ်လာ၏။

ခွေးတစ်ကောင်စာမျှ အရွယ်အစားရှိပြီး ဆူဖြိုးနေသော သတ္တဝါလေး တစ်ကောင်သည် လမ်းလျှောက်နေသော သစ်ပင်ကြီးထံမှ ကျယ်လောင်စွာ တအီအီ အော်ရင်း ထွက်ပြေးသွားသည်။ ကံကောင်းထောက်မစွာဖြင့် ထိုတန်ဒါဖုဒ်လေးသည် ကျင်းတိုင်ရှို့ ရှိရာဘက်သို့တော့ ဦးမတည်ခဲံချေ။

အကယ်၍ သူသာ မိမိ၏ စွမ်းအားများကို ဖော်ထုတ်ကာ ဤ ဘိုးဘေးသစ်ပင် များထဲမှ တစ်ပင်ကို ဖျက်ဆီးပစ်ရမည်ဆိုပါက၊ တောင်ပိုင်း တောအုပ်များ၏ အမျိုးသမီး အဆင့်နိမ့် အရှင်သခင် သည် သူ့ကို မျက်တောင်တစ်ခတ်အတွင်း အာရုံခံမိသွားပေလိမ့်မည်။

တန်ဒါဖုဒ် များသည် ယုန်များကဲ့သို့ ရှည်လျားပြီး တွဲလွဲကျနေသော နားရွက်များ ရှိသည့် တောဝက်များနှင့် တူသည်။ ၎င်းတို့သည် အလျင်အမြန် မျိုးပွားတတ်ကြပြီး သစ်မြစ်များနှင့် သစ်ရွက်များကို စားသုံးကြ၏။ ထို့ပြင် တောအုပ်အတွင်းရှိ သတ္တဝါအများစုအတွက် အစာအဖြစ် သက်ဆင်းရလေ့ရှိသည်။

သစ်ပင်ကြီးထံမှ နွယ်ပင် လက်တစ်ဖက် ဆင်းသက်လာပြီး ထို တန်ဒါဖုဒ် လေးကို ဖမ်းဆွဲလိုက်သည်။ အခေါက်ကြားရှိ ကျယ်လာသော ကွဲကြောင်းကြီးထဲသို့ အတင်းအကျပ် ထိုးသိပ်ခံရချိန်တွင် ထိုသတ္တဝါလေးသည် ၎င်း၏ ခြေထောက်များကို အရိုင်းအစိုင်းဆန်စွာ ကန်ကျောက်ရုန်းကန်နေ၏။ သစ်ပင်ကြီးက အားပါးတရ ဝါးချလိုက်သောအခါ၊ သွေးများနှင့် ပြတ်ထွက်နေသော ခြေထောက်တစ်ချောင်း မြေပြင်ပေါ်သို့ ကျလာခဲ့သည်။

ဤတောအုပ်အတွင်းတွင် ဘိုးဘေးသစ်ပင် ထောင်ပေါင်းများစွာ ရှိနေပြီး၊ ၎င်းတို့ထဲမှ အများစုမှာ သွေးနှင့် အသားကို စားသုံးကြသည်။ ကျင်းတိုင်ရှို့ သူ၏ မိုင်တစ်ထောင် တိမ်တိုက် ဖြင့် ပျံသန်းလာစဉ်က၊ ထိုသစ်ပင် ဆယ့်နှစ်ပင်ခန့်သည် သစ်ရွက်ပင်လယ်ကြီး အတွင်း၌ လှိုင်းလုံးများကြားမှ ငမန်းများအလား လှည့်ပတ်သွားလာနေသည်ကို မြင်တွေ့ခဲ့ရသည်။

သူ၏ ဖုံးကွယ်ထားမှုကို ထိန်းသိမ်းထားနိုင်ရန် ဝိညာဉ်အာရုံခံစားမှုများကို ရုပ်သိမ်းထားရသည်။ သို့သော် ဤသစ်ပင်သည် ကျောက်စိမ်းအဆင့် ၌သာ ရှိမည်ဟု သူ ခန့်မှန်းမိ၏။ အဆင့်နိမ့် ရွှေအဆင့် ရှိသော သစ်ပင်များက ပိုမို လျင်မြန်စွာ လှုပ်ရှားနိုင်ကြပြီး၊ ၎င်းတို့ထဲမှ အချို့တွင် မျက်လုံးများပင် ပေါက်နေတတ်သည်။ အစစ်အမှန် ရွှေအဆင့် ရှိသော သစ်ပင်များကတော့ သူတို့နည်းသူတို့ဟန်ဖြင့် ကောက်ကျစ်စဉ်းလဲတတ်ကြသည်။ ယင်းထက် ပိုမြင့်သော အဆင့်များကတော့...

ဤသည်မှာ ကျယ်ဝန်းပြီး လူသူကင်းမဲ့သော တောရိုင်းမြေ တစ်ခု ဖြစ်သည်။ ဤသစ်ပင်များထဲမှ အချို့သည် အလွန် ရှေးကျကြပြီး အမှန်တကယ်ပင် စွမ်းအားကြီးမားလှပေသည်။

သစ်ပင်ကြီး အစာစားပြီးသွားသောအခါ၊ အရောင်အသွေး စုံလင်သော ငှက်အုပ်တစ်အုပ်သည် ၎င်း၏ သစ်ကိုင်းများပေါ်မှ ဆင်းသက်လာကြသည်။ ထို့နောက် အပင်ကြီး၏ အစာစားချိန်မှ ပြုတ်ကျလာသော အသားစများကို လုယက်နေကြ၏။ ၎င်းတို့သည် နှုတ်သီးများဖြင့် အသားစများကို ဆွဲငင်ရင်း တစ်ကောင်နှင့် တစ်ကောင် စူးရဲစွာ စိုက်ကြည့်နေကြသည်။ သူတို့ လုယက်တိုက်ခိုက်နေစဉ်၊ အနီးအနားရှိ မြေဆီလွှာများသည် ရုတ်တရက် လေပြင်းတိုက်ခတ်ခံရသကဲ့သို့ အပေါ်သို့ လွင့်စင်လာကြ၏။

အထွတ်အမြတ် သားရဲ များပင်...။ ၎င်းတို့သည် ဘိုးဘေးသစ်ပင် များ၏ အကိုင်းအခက်များတွင် နေထိုင်ကြသည်။ သစ်ပင်ကြီး၏ စားကြွင်းစားကျန်များနှင့် တစ်ခါတစ်ရံ သစ်ပင်မှ ထွက်ရှိလာသော ဝိညာဉ်သစ်သီးများကို စားသုံးကြ၏။ ယင်းအတွက် ကျေးဇူးဆပ်သောအနေဖြင့်၊ ၎င်းတို့က မိမိတို့၏ သစ်ပင်ကို ပြိုင်ဘက်များရန်မှ ကာကွယ်ပေးကြလေသည်။

သစ်ပင်ကြီး လုံးဝ ထွက်ခွာသွားသောအခါမှသာ ကျင်းတိုင်ရှို့ သည် ရှေ့သို့ ဆက်လက် ထွက်ခွာလာခဲ့သည်။ သူ၏ လက်ထဲရှိ အစီအရင် များ ရေးဆွဲထားသော ရှစ်ထောင့်ပုံ ပြားလေးသည် မြောက်-အနောက်မြောက်ဘက်ဆီသို့ အပြာရောင် ဖျော့ဖျော့လေး လင်းလက်နေသည်။ ထို့ကြောင့် သူသည် ထိုအရပ်ဆီသို့ ဦးတည်သွားလိုက်၏။

ဤအကျဉ်းထောင်၏ တိကျသော တည်နေရာကို သူ သိခွင့်မရှိပေ။ အကယ်၍ သူ နောက်တစ်ကြိမ် ပြန်လာနိုင်ရန် မှတ်သားထားခဲ့သည်ကို တစ်စုံတစ်ယောက်က သိသွားပါက သူ၏ အခြေအနေမှာ အလွန် ဆိုးရွားသွားနိုင်ပေသည်။ လမ်းလျှောက် မျောက်ဝံကြီးသည် ယခင် ဧကရီ၏ နှိမ်နင်းခြင်းကို မခံရမီက လူထောင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့ဖူးသည်။ တရားဝင် ထုတ်ပြန်ချက်များအရ ယင်းကို ကွပ်မျက်လိုက်ပြီဟု ဆိုထားခဲ့၏။

တရားဝင် မဟုတ်သော်လည်း ထို သွေးဆာနေသော သတ္တဝါကြီးကို အကျဉ်းချထားရန် တောင်ပိုင်း၏ အမျိုးသမီး အဆင့်နိမ့် အရှင်သခင် ထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ အဆင့်နိမ့် အရှင်သခင် အဆင့်ရှိသော အထွတ်အမြတ် သားရဲ တစ်ကောင်ကို လွယ်လွယ်ကူကူ စွန့်ပစ်လိုက်မည်တော့ မဟုတ်ပေ။ တစ်နေ့နေ့တွင် အင်ပါယာ အတွက် အကျိုးရှိအောင် အသုံးချနိုင်စွမ်း ရှိနေသောကြောင့် ဖြစ်သည်။

သို့သော်... ကျင်းတိုင်ရှို့ ကမူ ယင်းကို ကျင်း ကလန် ၏ အကျိုးအတွက် အသုံးချရန် ရည်ရွယ်ထားခဲ့၏။

နောက်ဆုံးတွင် သူသည် သစ်ပင်ကင်းစင်သော မြေကွက်လပ်တစ်ခုရှိ သူ၏ ပန်းတိုင်သို့ ရောက်ရှိသွားခဲ့သည်။ အိမ်တစ်လုံးစာမျှ ကြီးမားသော ကျောက်တုံးကြီး တစ်တုံးသည် ကောင်းကင်မှ ကျလာသကဲ့သို့ သစ်ပင်များ ဝန်းရံထားသော အလယ်ဗဟို၌ ကျရောက်နေ၏။ ယခုအခါ အရိပ်ထဲမှ ထွက်လာခဲ့ပြီဖြစ်ရာ၊ နေရောင်က အလွန် ပူပြင်းစွာ ကျရောက်နေသဖြင့် သူပင်လျှင် ချွေးထွက်လာခဲ့သည်။ ကြံ့ခိုင်သော သံမဏိအဆင့် ခန္ဓာကိုယ် မရှိသည့် သာမန်လူတစ်ယောက်ဆိုလျှင် ဤအပူဒဏ်ကြောင့် သေဆုံးသွားနိုင်ပေသည်။

အဆင့်နိမ့် အရှင်သခင် သည် ထူးခြားမှုမရှိသော ကျောက်တုံး အဖုအထစ် တစ်ခုကို ရိုက်ပုတ်လိုက်ရာ၊ တိတ်တဆိတ် ဖုံးကွယ်ထားသော စက်ဝိုင်းတစ်ခုက အဖြူရောင် လင်းလက်လာခဲ့သည်။ သူသည် ထိုလုပ်ငန်းစဉ်ကို နေရာမတူညီသော အခြား ခြောက်နေရာ၌ ထပ်မံပြုလုပ်ခဲ့၏။ နောက်ဆုံးတွင် ထိုနေရာတစ်ဝိုက်ရှိ အော်ရာ များသည် တဖျပ်ဖျပ် လင်းလက်သွားပြီးနောက် လူစုကွဲသွားသကဲ့သို့ ပျောက်ကွယ်သွားလေသည်။

ယင်းမှာ ကျောက်တုံးကြီးကို နေရာမရွေ့အောင် သော့ခတ်ထားသည့် အစီအရင် တစ်ခု ဖြစ်သည်။ အကယ်၍ သူသာ ဤအကျဉ်းထောင်ကို ပုံစံထုတ်ရာတွင် ကူညီပေးခဲ့ခြင်း မရှိပါက၊ ဤအဖုံးကြီးကို မည်သည့်အခါမျှ ဖယ်ရှားနိုင်မည် မဟုတ်ပေ။ ထို့ပြင် ချိတ်ပိတ်မှုကို အမှန်တကယ် ပြုလုပ်ခဲ့သော သူ၏ မိတ်ဆွေဟောင်း အချို့ကို ဂရုတစိုက် စစ်ဆေးမေးမြန်းခဲ့မှုကြောင့်သာလျှင် ဤတည်နေရာကို သူ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်၏။

ယခုအခါတွင်မူ...

သူသည် ပြင်းထန်စွာ ပူလောင်နေသော ကျောက်တုံးကြီးပေါ်သို့ လက်နှစ်ဖက်ကို အားပြု ထောက်လိုက်သည်။ ထို့နောက် မာဒြာ များဖြင့် ကာကွယ်သူ နည်းစနစ်ကို အသုံးပြုကာ ခန္ဓာကိုယ်ကို အားဖြည့်လိုက်၏။ စွမ်းအင်စီးဆင်းမှုများသည် သူ၏ ဖုံးကွယ်ထားမှုကို တွန်းကန်နေသဖြင့် သူ၏ အဆင့်မှန်ကို လုနီးပါး ဖော်ပြမိသွားမတတ် ဖြစ်သွားသည်။ သို့သော် သူသည် မိမိကိုယ်ကို အစစ်အမှန် ရွှေအဆင့် ၌သာ ကန့်သတ်ထားခဲ့၏။ သို့တိုင်အောင်၊ ဝိညာဉ်မီးလျှံ ဖြင့် ဖန်တီးထားသော သူ၏ ခန္ဓာကိုယ်သည် မည်သည့် ရွှေအဆင့် ကမျှ အတုခိုးနိုင်ရန် မျှော်လင့်၍မရသော အားသာချက်များ ရှိနေပေသည်။

ကျင်းတိုင်ရှို့ သည် အဆစ်အမြစ်များမှ နာကျင်မှုကို မောင်းထုတ်ရန်နှင့် အာရုံစူးစိုက်နိုင်ရန်အတွက် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူသည် ကျောက်စရစ်များပြည့်နေသော မြေပြင်ကို အားပြုကာ ကျောက်တုံးကြီးကို ရှေ့သို့ တွန်းလိုက်၏။

သူ၏ ခြေထောက်များသည် မြေကြီးထဲသို့ နစ်ဝင်စပြုလာသည်။ ထိုအခါ သူသည် လျင်မြန်သော အုပ်ချုပ်သူ နည်းစနစ် တစ်ခုကို အသုံးပြုကာ သူ၏ တွန်းအားထဲသို့ တွန်းအား အော်ရာ များကို ပေါင်းထည့်လိုက်၏။ တွန်းအားသည် သူ ရွေးချယ်ထားသော လမ်းစဉ် မဟုတ်ပေ။ ဓား အော်ရာ ဆိုသည်မှာ တွန်းအား အော်ရာ ၏ သီးသန့် အသွင်ပြောင်းလဲမှု တစ်ခုသာ ဖြစ်သည်။ သို့သော် လက်တွေ့တွင်မူ ၎င်းတို့သည် အနီးစပ်ဆုံး ဆွေမျိုးများသာ ဖြစ်ကြ၏။ သို့တိုင် သူ၏ ကျွမ်းကျင်မှုက လုံလောက်နေခဲ့သည်။ ကျောက်တုံးကြီးသည် ၎င်းရှိနေသော နေရာမှ လျှောတိုက်ရွေ့လျားသွားပြီး၊ သစ်ပင်နှစ်ပင်ကို ဝုန်းခနဲ ဝင်တိုက်ကာ လဲကျသွားစေသည်။

အဖုံးကြီးကို ဖယ်ရှားလိုက်သောအခါ ဆယ်ကိုက်ခန့် ကျယ်ဝန်းသော စက်ဝိုင်းပုံ တွင်းကျယ်ကြီးတစ်ခု ပေါ်လာသည်။ တွင်းထဲမှ ဆိုးရွားသော အနံ့အသက်များ လွင့်ပျံလာ၏။ နေပူထဲတွင် ပုပ်သိုးနေသော သွေး၊ ချွေးနှင့် အပုပ်နံ့များ ရောပြွမ်းနေသကဲ့သို့ ဖြစ်သည်။ သို့သော် တွင်း၏ အတွင်းပိုင်းကိုမူ အကြွင်းမဲ့ အမှောင်ထုက လွှမ်းခြုံထား၏။

ကျင်းတိုင်ရှို့သည် ကျောပြင်မှ နာကျင်နေသည့်တိုင် ခန္ဓာကိုယ်ကို မတ်မတ်ရပ်လိုက်သည်။ သူ၏ အဆုတ်များကို ကာကွယ်သူ နည်းစနစ်ဖြင့် အားဖြည့်လိုက်၏။

"မျောက်ဝံကြီး..."

သူက အောက်သို့ ငုံ့၍ အော်လိုက်သည်။

"ကျင်း ကလန် ရဲ့ အဆင့်နိမ့် အရှင်သခင် ကျင်းတိုင်ရှို့ က မင်းကို လွတ်လပ်ခွင့် ယူဆောင်လာပေးတယ်..."

***

အပိုင်း(၂၆၂)

အင်းဆက်ပိုးမွှားများ၏ မြည်သံနှင့် အဝေးဆီမှ ကြောင်တစ်ကောင်၏ စူးစူးဝါးဝါး အော်သံမှလွဲ၍ တိတ်ဆိတ်မှုကသာ ကြီးစိုးနေခဲ့သည်။

သူသည် တွင်း၏ အနားသတ်များဆီသို့ ကြည့်လိုက်ရာ၊ သူ၏ လက်ကောက်ဝတ်ထက်ပင် ပိုမိုတုတ်ခိုင်သော သံကြိုးကြီးများသည် လုံခြုံစွာ ချိတ်ဆက်ထားဆဲ ဖြစ်သည်ကို တွေ့လိုက်ရ၏။ ၎င်းတို့မှာ ငွေတစ်ဝက် သတ္တုကြောများ ပါဝင်သော သံမဏိကြိုးများ ဖြစ်သည်။ ယင်းတို့က မျောက်ဝံကြီး၏ မာဒြာ များကိုရော၊ ၎င်း၏ ဧရာမ ခွန်အားကိုပါ ချုပ်နှောင်ထားနိုင်စွမ်း ရှိပေသည်။

ထိုသတ္တဝါကြီးကို သူ နောက်ဆုံး မြင်တွေ့ခဲ့ရစဉ်က ၎င်းသည် ဒေါသကြောင့် တစ်ပိုင်းရူးသွပ်နေခဲ့၏။ အင်ပါယာ ကလန် နှင့် အင်ပါယာ အတွင်းရှိ အဆင့်နိမ့် အရှင်သခင် တိုင်းအပေါ် သွေးစွန်းသော လက်စားချေမှု ပြုလုပ်မည်ဟု ကျိန်ဆိုထားခဲ့သည်။ ဤသားရဲကြီးသည် ကပ်ဘေးတစ်ခု ဖြစ်လာပေမည်။ အင်ပါယာ အပေါ်သို့ လွှတ်ပေးရန် သူ့အနေဖြင့် တွန့်ဆုတ်နေမိသော်လည်း၊ ၎င်းကို အာရီလီယပ် မိသားစု ဆီသို့ ဦးစွာ လမ်းကြောင်းလွှဲပေးရန်မှာ သိပ်ခက်ခဲမည်တော့ မဟုတ်ပေ။ ထို့နောက်မှ ၎င်းကို ရှင်းလင်းပစ်လို့ ရနိုင်ပါသည်။

သို့သော် သူ့ကို မြင်သည်နှင့် ၎င်းသည် ဟိန်းဟောက်ကာ ဒေါသတကြီး ရမ်းကားလိမ့်မည်ဟု သူ မျှော်လင့်ထားခဲ့၏။ ယင်းအစား... တိတ်ဆိတ်နေခဲ့သည်။ ၎င်း သေသွားပြီလား။ သို့တည်းမဟုတ် နှစ်ကာလရှည်ကြာ အကျဉ်းကျနေမှုကြောင့် သည်းခံခြင်းကို သင်ယူသွားခဲ့ပြီလား။

ကျင်းတိုင်ရှို့သည် သူ၏ ပတ်ဝန်းကျင်ရှိ နေရောင်ခြည်၏ စွမ်းအားဆီသို့ အာရုံလှမ်းလိုက်သည်။ တွင်းထဲတွင် အလင်း အော်ရာ များ မရှိသော်လည်း၊ အထက်ဘက်တွင်မူ အားကောင်းနေခဲ့၏။ သူသည် အုပ်ချုပ်သူ နည်းစနစ်ဖြင့် အလင်းများကို စုစည်းကာ အာရုံစူးစိုက်လိုက်သည်။ မှန်ပြောင်း တစ်ခုမှတစ်ဆင့် ချဲ့ထွင်ကြည့်ရှုနေသကဲ့သို့ တွင်းထဲသို့ အလင်းရောင်များ ထိုးချလိုက်၏။

အလင်းတန်းများ အောက်သို့ ကျရောက်သွားသောအခါ တွင်း၏ နက်ရှိုင်းလှသော ကြမ်းပြင်ကို ထုတ်ဖော်ပြသလိုက်သည်။ အကျဉ်းထောင်မှာ အထပ်ပေါင်းများစွာ နက်ရှိုင်းသော ဆလင်ဒါပုံစံရှည်ကြီး ဖြစ်ပြီး၊ ၎င်း၏ နံရံများကို လုံခြုံရေး အစီအရင် များဖြင့် ဝိုင်းပတ်ထား၏။ လမ်းလျှောက် မျောက်ဝံကြီး သည် အောက်ခြေတွင် စောင့်ဆိုင်းနေပြီး၊ ဒေါသတကြီးဖြင့် သူ့ကို မော့ကြည့်နေသင့်သည်။ သို့မဟုတ် ဆယ်စုနှစ်များစွာ အထီးကျန်စွာ နေခဲ့ရပြီးနောက် ၎င်း၏ ခန္ဓာကိုယ်သည် အောက်ခြေတွင် ကျိုးပဲ့ ပျက်စီးစွာ လဲလျောင်းနေသင့်ပေသည်။

ယင်းအစား... ကြမ်းပြင်မှာ အပြစ်အနာအဆာကင်းစွာ သန့်ရှင်းနေ၏။ အမွေးအမျှင်များ မရှိ၊ အညစ်အကြေးများ မရှိ၊ သွေးများလည်း မရှိပေ။ ဘာဆို ဘာမျှ မရှိချေ။

ကျောက်သား ကြမ်းပြင်ပေါ်တွင် ခြစ်ရေးထားသော စာလုံးနှစ်လုံးသာ ရှိသည်။ ထိုစာလုံးများသည် အလွန် ကြီးမားလှသဖြင့် အလွန် မြင့်မားလှသော အပေါက်ဝမှနေ၍ပင် မြင်တွေ့နေရ၏။

စကားလုံး နှစ်ခွန်းတည်းသာ ဖြစ်သည်။

"ကြိုးစားတာ ကောင်းပါတယ်…”

ကျင်းတိုင်ရှို့သည် ထိုစာလုံးများကို ယခင်က မြင်ဖူးခဲ့ခြင်း မရှိသော်လည်း၊ အီသန် အာရီလီယပ် ၏ လက်ရေးဖြစ်ကြောင်း ချက်ချင်း မှတ်မိလိုက်သည်။

သူသည် တွင်း၏ အစွန်းမှ နောက်သို့ ယိုင်နဲ့သွားပြီး ဝမ်းဗိုက်ကို ဆုပ်ကိုင်ထားလိုက်သည်။ သူ၏ တစ်သက်တာလုံးတွင် လူတို့သည် ဒေါသကြောင့် သွေးအန်တတ်ကြောင်း ကြားဖူးခဲ့၏။ ၎င်းကို အသုံးအနှုန်းတစ်ခုအနေဖြင့်သာ သူ အမြဲတမ်း တွေးထင်ခဲ့သည်။ ဒေါသ၏ အဆိပ်ပြင်းသော ခံစားချက်ကို သရုပ်ဖော်သည့် အနုပညာဆန်သော နည်းလမ်းတစ်ခုအဖြစ်သာ မှတ်ယူထားခဲ့၏။

သို့သော်... ယခုအခါတွင်မူ သူသည် သွေးများကို အတင်း မျိုချနေရသကဲ့သို့ အမှန်တကယ်ပင် ခံစားလိုက်ရသည်။ သူ၏ ပိုင်နက်များနှင့် ဝေးကွာလှသော ဤတောအုပ်သို့ ရောက်ရှိရန် ရက်သတ္တပတ်များစွာ အချိန်ယူခဲ့ရသည်။ ထို့ပြင် ဤကိစ္စကို လျှို့ဝှက်ထားနိုင်ရန်အတွက် ဥစ္စာဓန အမြောက်အမြားကိုလည်း အကုန်အကျခံခဲ့ရ၏။ ဤအချိန်တစ်လျှောက်လုံးတွင် သူသည် အီသန် ၏ လက်ခုပ်ထဲ၌ ကနေရသော လူမိုက်တစ်ယောက်သာ ဖြစ်နေခဲ့လေသည်။

“အဟွတ်... အဟွတ်...”

ကျင်းတိုင်ရှို့သည် အမှန်တကယ်ပင် ချောင်းဆိုးသွားပြီး သူ၏ လက်ဖဝါးထဲသို့ ထွေးချလိုက်သည်။ သူ၏ တံတွေးများမှာ အနီရောင် စွန်းထင်းနေ၏။

ထို့ကြောင့် လူတစ်ယောက်သည် ဒေါသထွက်လွန်းလျှင် သွေးအန်နိုင်သည်မှာ အမှန်ပင် ဖြစ်သည်။ သို့မဟုတ်ပါက သူ သေဆုံးမည့် အချိန်သည် သူထင်ထားသည်ထက်ပင် ပို၍ နီးကပ်နေပြီ ဖြစ်ကောင်း ဖြစ်ပေလိမ့်မည်။

ကျင်းတိုင်ရှို့သည် ဒေါသတကြီးဖြင့် နောက်ဆက်တွဲ အကျိုးဆက်များကို ဂရုမစိုက်တော့ဘဲ သူ၏ အမြုတေ အပေါ် ဖုံးကွယ်ထားသော အရာကို ဆွဲဖြဲ ဖယ်ရှားလိုက်သည်။ သူသည် သူ၏ မာဒြာ များကို အကန့်အသတ်အထိ လည်ပတ်စေလိုက်သည်။ ထိုအခါ အဖြူရောင် အလင်းဓားသွားများသည် သစ်ပင်များကို ခုတ်ထစ် ဖျက်ဆီးပစ်လိုက်ပြီး၊ သူ၏ ဒေါသနှင့်အပြိုင် တောအုပ်ကြီးကို ဆုတ်ဖြဲပစ်လိုက်ကြ၏။

လမ်းလျှောက် မျောက်ဝံကြီး သည် အသက်တစ်ချောင်းတည်းကိုသာ ရင်းနှီး၍ သူ ကစားနိုင်သော နောက်ဆုံး နယ်ရုပ်ပင် ဖြစ်သည်။ ထိုမျှ ဈေးပေါပေါဖြင့် သူ ဝယ်ယူနိုင်သော နောက်ဆုံး လက်နက်လည်း ဖြစ်၏။

သို့သော် ယခုတော့...။

ယခုအခါတွင်မူ မည်သို့သော အဖိုးအခကိုမဆို ပေးဆပ်ရပါစေ အီသန် သေဆုံးသည်ကို သူ မြင်တွေ့ရမည်သာ ဖြစ်သည်။ အကယ်၍ သူ၏ ကလန် လောင်ကျွမ်းပြာကျသွားရမည် ဆိုလျှင်ပင် အင်ပါယာ ကြီး ကိုယ်တိုင် လောင်ကျွမ်းသွားရမည် ဆိုလျှင်ပင် အီသန် အာရီလီယပ် သည်လည်း အတူတကွ လောင်ကျွမ်းသွားရပေမည်။

...

လင်းတုန်း သည် ဖယောင်းတိုင် ငါးဆယ် ဝိုင်းရံထားသော အလယ်တွင် တင်ပျဉ်ခွေ ထိုင်နေ၏။ သူသည် မျက်စိကို မှိတ်ထားပြီး ပတ်ဝန်းကျင်ရှိ အော်ရာ များကို ခံစားနေသည်။

တောက်ပသော အနီရောင် မီး အော်ရာ များသည် ဖယောင်းတိုင် တစ်တိုင်ချင်းစီမှ ဖြာထွက်နေကြသည်။ သူသည် ထိုအရာများကို အမျှင်တန်းလေးများအဖြစ် သူ၏ အမြုတေ ထဲသို့ ဆွဲယူလိုက်၏။ ထို့နောက် သူ၏ ဖြည်းညင်း မှန်ကန်သော ထွက်သက်ဝင်သက်များနှင့် အချိုးညီစွာ မာဒြာ လမ်းကြောင်းများမှတစ်ဆင့် တွန်းပို့ပေးလိုက်သည်။

ဤနေရာတွင် ရောက်ရှိနေသည့် အချိန်ကာလများအတွင်း သူသည် မဟူရာ မီးတောက် လမ်းစဉ် ကို ပိုမို နက်ရှိုင်းစွာ နားလည်သဘောပေါက်လာခဲ့ပြီ ဖြစ်သည်။ အချိန်မည်မျှ ကြာမြင့်ခဲ့ပြီကိုတော့ သူ မသိပေ။ အစပိုင်းတွင် မီးနှင့် ဖျက်ဆီးခြင်းဆိုသည်မှာ လုံးဝ ကွဲပြားသော စွမ်းအားနှစ်ခုအဖြစ် သူ မြင်ခဲ့၏။ မြွေကြီးသင်္ချိုင်းတွင်ရှိသော နဂါးဂူကဲ့သို့ နေရာမျိုး မရှိဘဲ ထိုစွမ်းအား နှစ်မျိုးစလုံးကို မည်သို့ လေ့ကျင့်နိုင်မည်နည်း ဟုလည်း သူ တွေးတောခဲ့မိသည်။

သို့သော် မီး နှင့် ဖျက်ဆီးခြင်း အော်ရာ တို့သည် ဒွန်တွဲနေကြသည်။ ယခုပင်လျှင် မီးတောက်များ လောင်ကျွမ်းသွားသည်နှင့်အမျှ ဖယောင်းတိုင် ငါးဆယ်၏ မီးစာများ ပတ်လည်တွင် မည်းမှောင်သော စွမ်းအင် မီးပွားလေးများ ဝိုင်းရံနေသည်ကို တွေ့ရ၏။ ဖျက်ဆီးခြင်း အော်ရာ ပင် ဖြစ်သည်။ သူသည် ဖျက်ဆီးခြင်း အော်ရာ ထက် မီး အော်ရာ ကို ငါးဆနီးပါးခန့် ပို၍ စုပ်ယူနိုင်သော်လည်း၊ မိမိကိုယ်ကို ကန့်သတ်ထားခဲ့သည်။ မျှတမှု ရှိရန်က အရေးကြီးလှပေသည်။ ထိုအချက်ကို သူ၏ မာဒြာ များ ပုန်ကန်ကြွလာပြီးနောက် သူ၏ လက်ခုံ လောင်ကျွမ်းသွားခဲ့ရချိန်တွင် သူ သင်ခန်းစာ ရခဲ့ခြင်း ဖြစ်၏။

သူ၏ အမြုတေ အတွင်း၌ ရည်ရွယ်ချက်ရှိရှိဖြင့် အလွန် နှေးကွေးစွာ လည်ပတ်ကြိတ်ခွဲနေသော ကျောက်ဘီးကြီး တစ်ခုကို သူ ပုံဖော်လိုက်သည်။ ထိုအရာက သူ၏ အမြုတေ နယ်နိမိတ်များကို တွန်းကန်နေပြီး သူ့ကို ဆွဲဆန့်ကာ စိတ်ဝိညာဉ် ကို ချဲ့ထွင်ပေးနေ၏။

အချိန်အတော်ကြာသည့်တိုင်အောင် ကောင်းကင်နှင့် မြေကြီး သန့်စင်ခြင်း ဘီးကျင့်စဉ် သည် သေးငယ်သော ပိုက်ချောင်းလေး တစ်ခုမှတစ်ဆင့် အသက်ရှူနေရသကဲ့သို့ ခံစားနေရဆဲ ဖြစ်သည်။ သူ၏ နဖူးတွင် ချွေးများ ပျံ့နှံ့နေပြီး အဆုတ်များမှာလည်း ပူလောင်နေ၏။ ရှူသွင်းလိုက်သော လေတိုင်းမှာလည်း မဝတဝ ဖြစ်နေရသည်။ ပြင်းပြသော စိတ်ပိုင်းဖြတ်မှု တစ်ခုတည်းကသာလျှင် စွမ်းအင်လည်ပတ်သည့် နည်းစနစ် နှင့် အချိုးညီညီ အသက်ရှူနေနိုင်အောင် သူ့ကို ထိန်းသိမ်းပေးထားခြင်း ဖြစ်သည်။

သေချာသည်မှာ ထိုကျပ်တည်းသော နည်းစနစ်တစ်ခုတည်းက သူ့ကို ပိတ်လှောင်ခံထားရသကဲ့သို့ ခံစားနေရစေခြင်း မဟုတ်ပေ။ အမှန်တကယ်ပင် သူ အကျဉ်းချခံထားရသည်ဟူသော အချက်ကလည်း ပါဝင်နေသည်။ သူ၏ ပတ်ဝန်းကျင် အနေအထားကို ကြည့်လျှင်မူ ယင်းကို သိနိုင်မည် မဟုတ်ပေ။

စကိုင်းဆွန်း အဖွဲ့သည် မြွေကြီးသင်္ချိုင်း မှ ထွက်ခွာလာပြီးနောက် သူ့ကို ဤနေရာသို့ တိုက်ရိုက် ခေါ်ဆောင်လာခဲ့သည်။ ထို့နောက် ဤအခန်းထဲသို့ ပစ်ထည့်ခဲ့ပြီး မေးခွန်းတစ်ခွန်းမျှပင် မဖြေဆိုဘဲ ထွက်ခွာသွားခဲ့ကြ၏။ တစ်ရက်လျှင် နှစ်ကြိမ် လာပို့သော အစားအစာများသာ မရှိပါက၊ သူတို့ သူ့ကို မေ့သွားကြပြီဟုပင် သူ ထင်မှတ်မိပေမည်။

အစပိုင်းတွင် ဤအခန်းများကို အကျဉ်းခန်းတစ်ခုဟု သူ မတွေးခဲ့မိပေ။ အကျဉ်းခန်းနှင့်လည်း မတူချေ။ ပထမအချက်အနေဖြင့် ၎င်းတို့သည် အခန်းများ ဖြစ်နေကြသည်။ ရေထုတ်လုပ်ပေးသော မှော်ပစ္စည်း များ တပ်ဆင်ထားသည့် သီးသန့် အိမ်သာတစ်ခု၊ အိပ်ခန်းငယ် တစ်ခန်းနှင့် ဧည့်ခန်း တစ်ခန်းတို့ ပါဝင်၏။ ပရိဘောဂများသည် ပြောင်လက်နေအောင် ပွတ်တိုက်ထားပြီး သေသပ်စွာ ထုဆစ်ထားကြသည်။ နံရံများသည်လည်း ချောမွေ့သော သစ်သားများ ဖြစ်ကြ၏။ သူ၏ အစားအစာများသည် ရိုးရှင်းသော်လည်း အမျိုးအစား စုံလင်လှသည်။ အစားအစာတိုင်းတွင် လက်ဖက်ရည်ကိုလည်း ထည့်သွင်း ကျွေးမွေးလေသည်။

သူသည် နံရံများကို မီးရှို့ဖောက်ထွင်းကာ ထွက်ပြေးချင်နေခဲ့၏။

စွမ်းအင်လည်ပတ်ရန် သူ မျက်စိမှိတ်လိုက်တိုင်း၊ နံရံများသည် သူ၏ အရေပြားနှင့် တစ်လက်မအကွာအထိ ကျုံ့ဝင်လာသကဲ့သို့ ခံစားရသည်။ ရှေးဟောင်း အပျက်အစီး အတွင်း ချိတ်ပိတ်ခံထားရစဉ်က အချိန်များကို သူ သတိရမိ၏။ တစ်ခါတစ်ရံတွင် သူ ထိုနေရာ၌ မရှိတော့ကြောင်း မိမိကိုယ်ကို ပြန်လည်သတိပေးရန် မျက်လုံးများကို ဖြတ်ခနဲ ဖွင့်ကြည့်ရတတ်သည်။

ထွက်ပြေးရန် ဖြစ်နိုင်ခြင်း ရှိမရှိ သိနိုင်ရန်အတွက် သူသည် သစ်သားနံရံ တစ်ချပ်ကို အမှန်တကယ်ပင် မီးရှို့ကြည့်ခဲ့ဖူးသည်။ သစ်သားသည် လက်တစ်ဆစ်ခန့်သာ ထူ၏။ သို့သော် ၎င်း၏ အောက်တွင် အစီအရင် များ ရေးဆွဲထားသော ကျောက်သား ရှိနေပြီး မဟူရာ မီးတောက် ကို လုံးဝ အလျှော့မပေးခဲ့ပေ။ အကယ်၍ သူ ပိုမို အသည်းအသန် ဖြစ်လာပါက ထိုအရာကိုပင် ဖောက်ထွင်းကြည့်ရန် သူ ကြိုးစားကောင်း ကြိုးစားမိပေလိမ့်မည်။

သူ အပြင်ထွက်ရန် လိုအပ်နေသည်။ သူ ဤနေရာသို့ ရောက်နေသည်မှာ မည်မျှ ကြာပြီကိုပင် သူ မသိပေ။ အချိန်ကုန်ဆုံးသွားမှုကို ခန့်မှန်းရန် ပြတင်းပေါက် တစ်ပေါက်မျှ မရှိသလို၊ သူ၏ အိတ်ကိုလည်း သူတို့ သိမ်းဆည်းသွားခဲ့ကြသည်။ လာပို့သော အစားအစာများကို သူ ရေတွက်ထားနိုင်ခဲ့သော်လည်း၊ အချိန်လွန်သွားသည့်တိုင်အောင် ထိုအချက်ကို သူ မတွေးမိခဲ့ချေ။ ကျင်းလုံ နှင့် ယှဉ်ပြိုင်ရမည့် တိုက်ပွဲက နီးကပ်လာပြီ ဖြစ်ပြီး၊ သူ အဆင်သင့် မဖြစ်သေးပေ။ တစ်နေ့နေ့တွင် သူတို့က သူ၏ တံခါးကို ဆွဲဖွင့်ကာ သူ့ကို သေတွင်းဆီသို့ ဆွဲခေါ်သွားကြပေလိမ့်မည်။

တစ်ပတ်ထက်တော့ ပိုမကြာနိုင်သေးပေ။ ဖြစ်နိုင်မည်လား...။

လွတ်လပ်ခွင့် ဆိုသည်မှာ တောင်းဆိုရန် များလွန်းနေမည် ဆိုလျှင်တောင်မှ၊ သူ့အနေဖြင့် စကားတစ်ခွန်းမျှသာ လိုအပ်နေခဲ့သည်။ အစားအစာ လာပို့ချိန်တွင် အကျဉ်းထောင်စောင့်များကို တံခါးမှတစ်ဆင့် သူ စကားပြောနိုင်ပြီး၊ သူတို့က သူ၏ သင့်လျော်သော တောင်းဆိုမှု မှန်သမျှကို ဖြည့်ဆည်းပေးကြလိမ့်မည်။ သူတို့သည် သူ့ကို စွမ်းအင်လည်ပတ်ခြင်း သီအိုရီနှင့် ပတ်သက်သော စာအုပ်အနည်းငယ်၊ ဖယောင်းတိုင် အမြောက်အမြားနှင့် သူ ပထမဆုံး ခွက်ကို ခွဲမိစဉ်က လက်ဖက်ရည်ခွက် အသစ်တစ်ခွက်တို့ကို ပေးခဲ့ဖူးသည်။ သို့သော် သူတို့ သူ့ကို စကားမပြောကြပေ။

ယခုအခါ သူသည် တစ်ခွန်းတည်းသော စကားအတွက် သူ၏ အစားအစာ တစ်နပ်ကိုပင် လဲလှယ်ပေးမည့် အခြေအနေသို့ ရောက်နေခဲ့ပြီ ဖြစ်သည်။

***

All Chapters