အခန်း (၂၆၃-၂၆၄)
Vol. 19 Ch. 263-274
အပိုင်း(၂၆၃)
အပြင်ဘက် ကျောက်ပြားပေါ်တွင် ဘွတ်ဖိနပ်သံများ ထွက်ပေါ်လာ၏။ အစားအစာ လာပို့ချိန် ရောက်နေပြီ ဖြစ်သည်။
ခြေသံများက ပို၍ ကျယ်လောင်လာသည်။ ထိုအခါ သူသည် စွမ်းအင်လည်ပတ်နေသည့် အာရုံဝင်စားမှုထဲမှ လန့်နိုးလာခဲ့၏။ သူ ချက်ချင်း မတ်တပ်ရပ်လိုက်သည်။ မျက်နှာပေါ်မှ ချွေးများကို သုတ်ဖယ်လိုက်ပြီး အပြုံးတစ်ခုကို ပြင်ဆင်ထားလိုက်၏။
သူတို့သည် တစ်ခါတစ်ရံ အထဲသို့ လှမ်းကြည့်တတ်ကြသည်။ သူက မိမိကိုယ်ကို ထိန်းချုပ်နိုင်ပြီး ရင်းနှီးဖော်ရွေဟန် ရှိကြောင်းကို သူတို့အား မြင်စေချင်၏။ အသည်းအသန် ဖြစ်နေပုံကို မပြသလိုပေ။ အသည်းအသန် ဖြစ်နေခြင်းကို ရန်လိုမှုအဖြစ် အထင်အမြင်လွဲမှားနိုင်ပြီး၊ သူ့ကို ရန်သူတစ်ယောက်ကဲ့သို့ ဆက်ဆံလာနိုင်သောကြောင့် ဖြစ်သည်။ ရန်သူတစ်ယောက်ဆိုလျှင် မည်သည့်အခါမျှ အပြင်သို့ ထွက်ခွင့်ရမည် မဟုတ်ပေ။
ဘွတ်ဖိနပ်သံများ ရပ်တန့်သွားသည်။ သစ်သားတံခါး၏ အပေါ်ပိုင်းတစ်ဝက်သည် အောက်ပိုင်းကို ချန်လှပ်ထားကာ သီးခြား ပွင့်ထွက်လာနိုင်၏။ အပေါ်ပိုင်းတစ်ဝက်၏ အနောက်တွင် သံတိုင်များ ရှိသည်။ ထိုသံတိုင်များကြားမှတစ်ဆင့် သူ့ကို အစားအစာနှင့် လက်ဖက်ရည် ကမ်းပေးနိုင်ပေသည်။
အခြားသော အစားအစာ လာပို့သည့် အချိန်များနည်းတူ သူသည် ကျောကို မတ်မတ်ထား၍ ရပ်နေလိုက်သည်။ ထို့နောက် တံခါးအပေါ်ပိုင်း ပွင့်လာမည့်အချိန်ကို အပြုံးတစ်ခုဖြင့် စောင့်ဆိုင်းနေခဲ့၏။
သို့သော် ယခုအကြိမ်တွင်တော့ သူသည် တံခါးကိုသာ ပြုံးကြည့်နေမိလျက်သား ဖြစ်နေခဲ့သည်။ တံခါးက တင်းကျပ်စွာ ပိတ်ထားဆဲပင်။
ထွက်သက်ဝင်သက်များ ရှည်ကြာလာသည်အထိ သူ၏ မျက်နှာအမူအရာကို မပျက်စေဘဲ ထိန်းထားလိုက်သည်။ မည်သူမျှ ထွက်သွားသည့်အသံကို မကြားရပေ။ ထို့ကြောင့် တစ်စုံတစ်ယောက် ရှိနေသေးသည်မှာ သေချာလှ၏။ ဤတိတ်ဆိတ်မှုက သူ့ကို နေမထိထိုင်မသာ ဖြစ်စေရန် တမင် ရည်ရွယ်ဖန်တီးထားခြင်းလော။ သို့မဟုတ် စက္ကန့်အနည်းငယ်မျှသာ ကြာသေးသော်လည်း ကယောက်ကယက် ဖြစ်နေသော သူ၏ စိတ်က အခိုက်အတန့်တိုင်းကို ထာဝရအလား ဆွဲဆန့်နေခြင်းလော။
သူသည် ရည်ရွယ်ချက်ရှိရှိဖြင့် သုံးကြိမ်တိတိ အသက်ရှူလိုက်သည်။ ထိုအခါ သူတို့ သူ့ကို အမှန်တကယ်ပင် စောင့်ခိုင်းထားကြောင်း အတည်ပြုနိုင်ခဲ့၏။ မည်သည့်အတွက်ကြောင့်နည်း။ အခြားနေ့များတွင်မူ အစားအစာများကို ရိုးရှင်းစွာ လာပို့ရုံသာ ဖြစ်သည်။
ချက်ချင်းဆိုသလိုပင် သူ အဖြေကို ရရှိသွားခဲ့သည်။
တံခါး ပွင့်လာခဲ့၏။
ပုံမှန်အားဖြင့်ဆိုလျှင် ထိပ်ပြောင်နေသော အဘိုးအို တစ်ယောက်က အစားအစာများ ပါဝင်သည့် သေတ္တာကို လာပို့လေ့ရှိသည်။ ထို့နောက် စားပြီးသား သေတ္တာဟောင်းကို ပြန်ယူကာ စကားတစ်ခွန်းမျှ မဆိုဘဲ ထွက်သွားတတ်၏။ လင်းတုန်းသည် ထိုလူထံမှ စကားတစ်ခွန်း ထွက်လာစေရန် မျှော်လင့်ချက်ဖြင့် ယနေ့တွင် သူ၏ သေတ္တာဟောင်းကို တမင်တကာ မသိမ်းဆည်းဘဲ ထားခဲ့သည်။
တောင်းဆိုမှု၊ ကျိန်ဆဲမှု...
မည်သည့်အရာမဆို သူ ကြားချင်နေခဲ့၏။ ယခင် ထိုသို့ ကြိုးစားခဲ့ဖူးစဉ်ကတော့ အလုပ်မဖြစ်ခဲ့ပေ။ ထိုလူ လက်ကို ရိုးရှင်းစွာ ဟန်ပြလိုက်ရုံဖြင့် လေက လင်းတုန်း ၏ သေတ္တာအလွတ်ကို သူ့ ထံသို့ သယ်ဆောင်သွားခဲ့ခြင်းကြောင့် ဖြစ်သည်။ သို့သော် ကြိုးစားကြည့်သင့်သော မည်သည့်အရာကိုမဆို နှစ်ကြိမ်တော့ ကြိုးစားသင့်သည် မဟုတ်ပါလော။
အီသန် နှင့် ယီရင် တို့ အပြင်ဘက်တွင် ပြုံး၍ ရပ်နေကြသည်။
အဆင့်နိမ့် အရှင်သခင်၏ မျက်နှာပေါ်တွင် ကျေနပ်ဂုဏ်ယူနေသည့် အပြုံးတစ်ခု ရှိနေသည်။ လက်နှစ်ဖက်ကို အပြာရောင် ပိုးသားဝတ်ရုံ၏ အိတ်ကပ်များထဲတွင် ထည့်ထား၏။ အဝါရောင် ဆံပင်ရှည်များကို အနောက်တွင် စည်းနှောင်ထားသည်။ သူသည် မိမိဖန်တီးထားသော လှည့်ကွက်တစ်ခု အပြစ်အနာအဆာကင်းစွာ အလုပ်ဖြစ်သွားသည်ကို မြင်တွေ့လိုက်ရ၍ ကျေနပ်နေသော ကလေးတစ်ယောက်နှင့် တူနေ၏။
ယီရင်၏ အပြုံးသည် သက်ပြင်းချသံတစ်ခုနှင့်အတူ ထွက်ပေါ်လာသည်။ သူ့ကို ဤနေရာတွင် တွေ့ရမည်ဟု သူမ မျှော်လင့်မထားခဲ့သည့်ဟန် ရှိ၏။ သူသည် သူမကို လချီ၍ မမြင်တွေ့ခဲ့ရသူ တစ်ယောက်လို စိုက်ကြည့်နေမိသည်။ သူမ၏ အသားအရေပေါ်တွင် သင်တုန်းဓားကဲ့သို့ ပါးလွှာသော အမာရွတ်များ ဖုံးလွှမ်းနေ၏။ သူမ၏ အနက်ရောင် ဝတ်ရုံသည် စုတ်ပြဲနေပြီး ငွေရောင် ဓားနှစ်လက်က ပခုံးပေါ်တွင် တွဲလွဲခိုနေသည်။ သူမ၏ တင်ပါးတွင် ဓားတစ်လက်ကို ချိတ်ဆွဲထား၏။ ၎င်းကို အရည်များဖြင့် ပြုလုပ်ထားပုံရသော အနီရောင် ခါးပတ်တစ်ခုတွင် ချည်နှောင်ထားသည်။ သို့မဟုတ် အသက်ရှင်နေသော ဝိညာဉ်အကြွင်းအကျန် တစ်ခုလည်း ဖြစ်နိုင်ပေသည်။
သူမက သူ၏ အသက်ကို အကြိမ်ကြိမ် ကယ်တင်ခဲ့ဖူးသော်လည်း၊ သူမကို မြင်လိုက်ရ၍ ယခုလောက် သူ ပျော်ရွှင်ရသည်မျိုး တစ်ခါမျှ မရှိခဲ့ဖူးပေ။
အီသန်...
အီသန် ကို မြင်ရသည်မှာတော့ ထိုမျှလောက် သူ မပျော်ရွှင်နိုင်ပေ။ ပုံမှန်အားဖြင့် အာရီလီယပ် ခေါင်းဆောင်ကြီး အသိပေးခြင်းမရှိဘဲ ရုတ်တရက် ပေါ်လာပြီဆိုလျှင်၊ လင်းတုန်း ကို အန္တရာယ်များသော အရာတစ်ခုခုထဲသို့ တွန်းပို့တော့မည်ဟု အဓိပ္ပာယ်ရလေသည်။
လင်းတုန်းသည် သင့်လျော်သည်ထက် ပို၍ ကြာရှည်စွာ သူတို့ကို စိုက်ကြည့်နေမိ၏။ သူ၏ မျက်လုံးများ ပြူးကျယ်နေပြီး နှုတ်ခမ်းများ တုန်ယင်နေမှန်း သူ သိသည်။ သို့သော် သူတို့ ဤနေရာသို့ ရောက်နေသည်ဆိုသည်ကို သူ လုံးဝ မယုံကြည်နိုင်သေးပေ။ အရိပ်အမြွက်မျှပင် မရှိ၊ သတိပေးခြင်းလည်း မရှိဘဲ ယခုအချိန်တွင် ရောက်လာခြင်း ဖြစ်သည်။
"ငါ့ကို ဒီလောက်တောင် ကြည့်နေတာ... ငါ အထင်လွဲသွားနိုင်တယ်နော်..."
ယီရင် က ပြုံးဖြီးဖြီးဖြင့် ပြောလိုက်သည်။ ထို့နောက် ပိတ်ထားဆဲဖြစ်သော တံခါးအောက်ပိုင်းကို သူမ၏ လက်ဆစ်များဖြင့် ခေါက်လိုက်၏။
"နင်က ငါတို့ကို အထဲဝင်ဖို့ ခေါ်မှာလား... ဒါမှမဟုတ် ဘယ်လိုလဲ..."
လင်းတုန်းသည် ခေတ္တမျှ စကားထစ်အသွားပြီးနောက် ပြန်ပြောလိုက်သည်။
"...အထဲဝင်မလို့လား... နင်က ငါ့ကို လာခေါ်ထုတ်တာ မဟုတ်ဘူးလား..."
အီသန်က စိတ်ဆိုးသွားသည့် အမူအရာကို ပြုလုပ်လိုက်သည်။ ထို့နောက် လက်ကိုင်ဖုကို ဆွဲချကာ ကျန်နေသော တံခါးကို တွန်းဖွင့်လိုက်၏။
"မင်းကို ခေါ်ထုတ်ရမယ်... ဟုတ်လား... ဒီကို ဖောက်ဝင်ဖို့ ငါတို့ ဘယ်လောက်တောင် ဒုက္ခခံခဲ့ရလဲ... အဲ့လိုလုပ်ရင် ရိုင်းရာကျသွားမှာပေါ့..."
သူတို့ အထဲသို့ ဝင်လာပြီးနောက် သူက တံခါး နှစ်ပိုင်းစလုံးကို ပြန်ပိတ်လိုက်သည်။
ယီရင် က အခန်းတွင်းကို လှည့်ပတ်ကြည့်ရှုလိုက်ပြီး သဘောကျစွာ ခေါင်းညိတ်လိုက်၏။
"မဆိုးပါဘူး... ဒါကို သေသပ်တဲ့ အကျဉ်းထောင်လို့တောင် ခေါ်လို့မရဘူးလေ... ဟုတ်တယ်မလား..."
အီသန် က နံရံပေါ်ရှိ မီးလောင်ကျွမ်းထားသော အပေါက်ကြီးပေါ်သို့ လက်ဖြင့် စမ်းသပ်ပွတ်သပ်လိုက်သည်။
"အာ... ဒီမှာ ဘာဖြစ်သွားတာလဲ... လေ့ကျင့်ရေး လုပ်ရင်း မတော်တဆ ဖြစ်သွားတာလား…”
"မဟုတ်ဘူး... ကျွန်တော် ထွက်ပြေးဖို့ ကြိုးစားနေတာ... ခင်ဗျားတို့ လာခေါ်မယ်ထင်လို့ ရပ်လိုက်တာ..."
"မင်းဆီ လည်ပတ်ရုံ သက်သက်ပါပဲ..."
အီသန်က နံရံကို မှီကာ လက်ပိုက်ရင်း ပြောလိုက်သည်။
"မင်းအတွက် ကိုယ်ပိုင် နေချင့်စဖွယ် နေရာလေး ရနေပုံပဲ... အဲဒါကို ငါ မဖျက်ဆီးချင်ပါဘူး..."
“...”
လင်းတုန်းတွင် ပြန်ပြောစရာ စကားမရှိတော့ပေ။
ယီရင်သည် အီသန်၏ ခြေထောက်ဘေးဘက်ကို မြေကြီးအား တူဖြင့် ထုလိုက်သကဲ့သို့ အသံမြည်သည်အထိ ပြင်းထန်စွာ ကန်ကျောက်လိုက်သည်။ သို့သော် အဆင့်နိမ့် အရှင်သခင် သည် မျက်တောင်တစ်ချက်မျှပင် မခတ်ခဲ့ပေ။
"စကိုင်းဆွန်း အဖွဲ့ က နင့်ကို ဖမ်းထားတာ မဟုတ်ဘူးလို့ ပြောတယ်..."
ယီရင်က ရှင်းပြလေသည်။
"သူတို့က စကားလုံးတွေနဲ့ လှည့်စားရတာ ကြိုက်တယ်... အခြေခံအားဖြင့်တော့ သူတို့ နင့်ကို စောင့်ကြည့်လို့ရအောင် ကန်ထဲက ငါးတစ်ကောင်လို မွေးထားတာပဲ... နင် အန္တရာယ် မရှိပါဘူး..."
ယင်းက စိတ်သက်သာရာ ရစေသော်လည်း၊ သူတို့ ဘာကြောင့် သူ့ကို လွှတ်မပေးရသလဲ ဆိုသည်ကိုတော့ ရှင်းမပြနိုင်ခဲ့ပေ။
အီသန်သည် သူ၏ လက်သည်းများကို ဝတ်ရုံစွန်းဖြင့် ပွတ်တိုက်လိုက်သည်။
"စကိုင်းဆွန်း အဖွဲ့ ကို အခုထက်ပိုပြီး ရန်မစချင်တော့ဘူး... ဒါပေမဲ့ ဒီလောက် အရေးကြီးတဲ့ အချိန်ကန့်သတ်ချက်ကြီး နီးကပ်လာချိန်မှာ မင်းရဲ့ လေ့ကျင့်မှုတွေကို တန့်နေအောင်တော့ ငါ ခွင့်မပြုနိုင်ဘူး... ဒါကြောင့် လေ့ကျင့်ရေးကို မင်းဆီ သယ်လာဖို့ ဆုံးဖြတ်လိုက်တယ်... ငါတို့ သုံးယောက်စလုံး ဒီအခန်းထဲမှာပဲ ဆက်ပြီး လေ့ကျင့်လို့ ရတယ်လေ... အဆင်ပြေတယ် မဟုတ်လား..."
လင်းတုန်းအနေဖြင့် ၎င်းကို အဆင်ပြေသည်ဟု ခေါ်ဆိုမည် မဟုတ်သော်လည်း၊ သူတို့ကို ဤနေရာတွင် တွေ့ရသည့် အတွက် အလွန် စိတ်သက်သာရာရသွားကြောင်းကိုတော့ ဝန်ခံရမည် ဖြစ်သည်။ အနည်းဆုံးတော့ သူ တစ်ယောက်တည်း ဖြစ်မနေတော့ပေ။ ထို့ပြင် သူ မေးချင်လွန်းနေသော မေးခွန်းအချို့ကိုလည်း နောက်ဆုံးတွင် မေးမြန်းခွင့် ရသွားခဲ့ပြီ ဖြစ်၏။
သူသည် အလယ်ဗဟိုတည့်တည့်၌ အပြာရောင် မီးတောက် လောင်ကျွမ်းနေသော ဖန်လုံးတစ်လုံးကို သူ၏ အိတ်ကပ်ထဲမှ ထုတ်ယူလိုက်သည်။ စကိုင်းဆွန်း အဖွဲ့ က သူ့ကို ဤနေရာသို့ ခေါ်ဆောင်လာစဉ်က၊ သူ၏ ပိုင်ဆိုင်မှု အများစုနှင့်အတူ ထိုဖန်လုံးကိုပါ သိမ်းဆည်းသွားခဲ့ကြသည်။ သို့သော် တစ်မနက်တွင် သူ နိုးလာသောအခါ ထိုအရာက သူ၏ဘေးတွင် ပြန်လည် ရောက်ရှိနေခဲ့၏။
"အရင်တုန်းက ဒီလိုမျိုး တစ်ခု ကျွန်တော့်ကို ခင်ဗျား ပြဖူးတယ်..."
လင်းတုန်းက အသံကို နှိမ့်၍ ပြောလိုက်သည်။
"ခင်ဗျား အဲဒါကို ဘယ်ကရတာလဲ..."
အီသန်က လက်ချောင်းများကို ပုတ်လိုက်သည်။
"ဒါက စိတ်ဝင်စားစရာကောင်းတဲ့ ပထမဆုံး မေးခွန်းပဲ... မင်း ငါ့ရဲ့ လမ်းစဉ် အကြောင်းကို မသိချင်ဘူးလား... မင်းကို ငါ သင်ပေးနိုင်မယ့် နည်းစနစ်တွေ အကြောင်းကော..."
"သိချင်တာပေါ့... ဒါပေမဲ့ အခုကိစ္စက အရင်ပဲ..."
"ကောင်းပြီလေ... ငါ အဲဒါကို ငါ့မိသားစုဆီက အမွေရခဲ့တာ..."
လင်းတုန်းက ဆက်ပြောမည်အထင်ဖြင့် စောင့်နေသော်လည်း၊ မည်သည့်စကားမျှ ထွက်မလာခဲ့ပေ။
"ခင်ဗျား အစကတည်းက သိနေခဲ့တာလား..."
သူက မေးလိုက်သည်။
"အဲဒါကြောင့်များ ကျွန်တော့်ကို... ရွေးချယ်ခဲ့တာလား..."
ဤသည်မှာ အီသန်၏ လက်ထဲတွင် ဟင်းလင်းပြင်ကို အလယ်၌ ထည့်သွင်းထားသည့် အလား ဖန်လုံးလေးကို မြင်တွေ့ခဲ့ရချိန်မှစ၍ သူ့ကို ဆူးတစ်ချောင်းလို ထိုးဆွနေသော မေးခွန်းများထဲမှ တစ်ခုဖြစ်သည်။ အီသန်သည် ထူးခြားသော အခွင့်အရေးတစ်ခုကို မြင်တွေ့သွား၍ သူ့ကို အမှန်တကယ် သီးသန့် ရွေးချယ်ခဲ့ခြင်းလား၊ သို့မဟုတ် ဆူရီရယ် ၏ ဖန်လုံးကို မှတ်မိသွား၍လား။ လင်းတုန်းသည် သူ၏ လက်ထဲရှိ ဖန်လုံးလေးကြောင့်သာလျှင် အထူးတလည် ဖြစ်နေခဲ့ခြင်းလော။
***
အပိုင်း(၂၆၄)
အီသန်က လင်းတုန်း၏ မေးခွန်းကို တိုက်ရိုက် မဖြေချေ။ သူ၏ ညာဘက် တင်ပါးရှိ အိတ်ကပ်ကို ပုတ်ပြလိုက်သည်။
"ငါ့ဟာကို ဒီထဲမှာ သိမ်းထားတယ်... မင်း မျက်လုံးတွေကို မှိတ်ပြီး မင်းရဲ့ အာရုံကို ဖြန့်ကျက်ကြည့်လိုက်စမ်းပါ..."
လင်းတုန်းသည် ညွှန်ကြားချက်ကို လိုက်နာကာ ကျောက်စိမ်းအဆင့် သို့ တက်လှမ်းစဉ်က ရရှိလာခဲ့သော အပို အာရုံခံစားမှုဖြင့် အီသန်ကို အာရုံခံကြည့်ရန် ကြိုးစားလိုက်သည်။ သူသည် ဝိညာဉ် ဆိုင်ရာ အာရုံခံနိုင်စွမ်းက ပေးစွမ်းသော ခံစားချက်များကို အသားကျအောင် ကြိုးစားနေရဆဲ ဖြစ်သည်။ ယင်းက ရုပ်ပိုင်းဆိုင်ရာ မည်သည့်အရာကိုမဆို လျစ်လျူရှုကာ မာဒြာ ၏ သဘောသဘာဝကိုသာ ခံစားသိရှိနိုင်ပုံရ၏။ ထို့ကြောင့် တစ်စုံတစ်ရာသည် အုတ်နံရံတစ်ခုဖြင့် ပိတ်ဆို့ခံထားရလျှင်တောင်မှ၊ မိမိ၏ ဘေးနားတွင် ကပ်နေသကဲ့သို့ ခံစားရနိုင်ပေသည်။
အစပိုင်းတွင် ယီရင်၏ စွမ်းအားကို သူ ခံစားလိုက်ရသည်။ စူးရှပြီး အေးစက်ကာ၊ တစ်ဝက်တစ်ပျက်သာ သွေးထားရသေးသော ကျောက်မျက်ရတနာတစ်ခုကဲ့သို့ အပြည့်အဝ ပုံဖော်ထားခြင်း မရှိသလို ခံစားရ၏။ သူမ၏ တင်ပါးရှိ ဓားထံမှ တစ်မူထူးခြားသော စွမ်းအားများ ထွက်ပေါ်နေပြီး၊ အဝေးဆီမှ တောင်တန်းကြီးတစ်ခုအလား ဝေးကွာကာ အေးစက်နေသည်။ ထိုလက်နက် မည်မျှစွမ်းအားကြီးမားသည်ကို သူ အတိအကျ သဘောမပေါက်နိုင်ခဲ့ပေ။
သူမ၏ ခါးပတ်...
ခါးပတ်ဆီမှ သူ၏ အာရုံကို ဆွဲထုတ်လိုက်သည်။ ထိုအရာက သူ့ကို လူသတ်မှု၊ သွေးစွန်းနေသော လက်များနှင့် သားသတ်ရုံ၏ အနံ့အသက်များကို အမြဲတစေ တွေးတောမိစေသည်။
အီသန်ထံမှမူ လေဖြင့် ဖန်တီးထားသော လူတစ်ယောက်အလား မည်သည့်အရာကိုမျှ သူ မခံစားရပေ။ အီသန်သည် မိမိ၏ အမြုတေ ကို ဖုံးကွယ်ခြင်း တစ်ခုဖြင့် ရစ်ပတ်ထားကြောင်း ယခင်က ပြောခဲ့ဖူးသည်။ ၎င်းမှာ သူ၏ စွမ်းအားကို ဖုံးကွယ်ထားနိုင်သော နည်းစနစ်တစ်ခု ဖြစ်၏။ ယခုအခါ ဖုံးကွယ်ရန် လုံလောက်သော စွမ်းအားများ သူ့တွင် ရှိနေပြီဖြစ်ရာ၊ အီသန်က သူ့ကို ထိုနည်းစနစ် သင်ပေးမည်လားဟု လင်းတုန်း တွေးတောနေမိသည်။
သူသည် အာရုံစူးစိုက်မှုကို ပိုမို ထက်မြက်စေကာ အီသန်၏ အိတ်ကပ်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားရာ... ဟာလာပြင်တစ်ခုနှင့် ရင်ဆိုင်လိုက်ရ၏။
အကယ်၍ သူသာ တမင်တကာ ရှာဖွေနေခြင်း မရှိပါက မည်သည့် ထူးခြားမှုကိုမျှ သတိပြုမိမည် မဟုတ်ပေ။ သို့သော် အီသန်၏ အိတ်ကပ်ထဲတွင် တစ်စုံတစ်ခုကို သူ အရိပ်အယောင်မျှပင် အာရုံမခံနိုင်အောင် ဖုံးကွယ် ဝှက်ထားသကဲ့သို့ ဖြစ်နေသည်။ သူသည် အာရုံကို တင်းကျပ်ကာ ပိုမို တိုးဝင်ပြီး ဖောက်ထွင်းဝင်ရောက်ရန် ကြိုးစားလိုက်သည်။
သို့သော် အချည်းနှီးသာ ဖြစ်ပေမည်။ ဇဝေဇဝါ ဖြစ်သွားကာ သူ သယ်ဆောင်ထားသော ဖန်လုံးလေးဆီသို့ အာရုံကို ရွှေ့ပြောင်းလိုက်သည်။ ဆူရီရယ် ၏ ဖန်လုံးလေးသည် သူ၏ ဝိညာဉ် ဆိုင်ရာ အာရုံဖြင့် ခံစားကြည့်လျှင်ပင် နွေးထွေးပြီး နှစ်သိမ့်မှု ပေးနိုင်စွမ်းရှိသည်။ ထို့ပြင် ယင်းက စည်းကမ်းတကျရှိမှု၊ မှန်ကန်မှုဟူသော ခံစားချက်ကိုလည်း ယူဆောင်လာပေး၏။ မီးတောက်လေးသည် ကမ္ဘာမြေထဲမှ တစ်စုံတစ်ရာကို နုတ်ယူသွားခြင်းထက်၊ တစ်စုံတစ်ရာကို ပေါင်းထည့်ပေးနေသကဲ့သို့ပင် ဖြစ်သည်။
လင်းတုန်း မျက်လုံးဖွင့်လိုက်သောအခါ အီသန်သည် အိတ်ကပ်ထဲသို့ နှိုက်၍ ဟင်းလင်းပြင် ဖန်လုံးလေးကို ထုတ်ယူလိုက်သည်။ လင်းတုန်း မြင်နိုင်စေရန် ၎င်းကို အပေါ်သို့ မြှောက်ကိုင်ပြလိုက်၏။ လူတစ်ယောက်၏ လက်မအရွယ်အစားရှိ အပြစ်အနာအဆာကင်းစွာ ကြည်လင်နေသော ဖန်လုံးလေးဖြစ်ပြီး အလယ်ဗဟိုတွင် အပြည့်အဝ မည်းမှောင်နေသော အပေါက်ငယ်တစ်ခု ရှိနေသည်။ လင်းတုန်းအနေဖြင့် ထိုအရာက မည်သည့် စွမ်းအားမျှ မရှိသကဲ့သို့ ဘာမျှ မခံစားရသေးပေ။
"ငါ့ရဲ့ သွေးမျိုးဆက် အမွေအနှစ်က အလုပ်လုပ်ပုံ နည်းနည်း ကွာတယ်..."
အီသန်က ရှင်းပြသည်။
"အာရီလီယပ် တစ်ယောက်ဟာ ဝိညာဉ် ဆိုင်ရာ အာရုံခံစားမှုကနေတစ်ဆင့် သိရှိတာထက်စာရင်၊ ရုပ်ပိုင်းဆိုင်ရာ အာရုံတွေဖြစ်တဲ့ အမြင်၊ အကြား၊ အနံ့ တွေနဲ့ ခံစားရသလိုမျိုး အရာရာကို မြင်နိုင်တယ်... အဲဒါကြောင့် မင်းရဲ့ အိတ်ကပ်ထဲက ဖန်လုံးလေးကို ဖန်လုံးတစ်လုံးလို ငါ မြင်ခဲ့တယ်... ဒါပေမဲ့ အထဲမှာတော့ ဘာမှ မမြင်ရဘူး..."
သူက မျက်လုံးများကို မှိတ်ကာ ခေါင်းညိတ်လိုက်သည်။
"အခုချိန်မှာတောင် မင်း လက်ထဲမှာ ကြည်လင်နေတဲ့ ဖန်လုံးတစ်လုံးကို ကိုင်ထားတာ ငါ မြင်ရတယ်... ဒါပေမဲ့ အပြာရောင် မီးတောက် ကိုတော့ ငါ မမြင်ရဘူး..."
သူက သူ၏ ဖန်လုံးကို အပေါ်သို့ မြှောက်ဟပ်ကာ ဖမ်းလိုက်သည်။
"ဒါပေမဲ့ ငါ့ဟာကိုတော့ ငါ့ရဲ့ သွေးမျိုးဆက် စွမ်းအားတွေရော၊ အာရုံခံနိုင်စွမ်းနဲ့ပါ လွယ်လွယ်ကူကူ ဖောက်ထွင်းသိမြင်နိုင်တယ်... မင်းအတွက်လည်း အတူတူပဲ မဟုတ်လား…”
လင်းတုန်း သည် ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်၏။
"ဒါဆိုရင် ခင်ဗျားက အဲဒါကို ဘာလို့ ထင်ခဲ့တာလဲ..."
"သဘာဝကျကျ ပြောရရင် အထဲမှာ တစ်ခုခု ရှိနေမယ်လို့ ငါ ထင်ခဲ့တာပေါ့... တန်ဖိုးကြီးတဲ့ ရတနာလေးတစ်ခု၊ ဒါမှမဟုတ် ဆေးလုံး တစ်လုံး၊ မှော်ပစ္စည်း တစ်ခုခုကို ကာကွယ်ထားတဲ့ အရှင်သခင် အဆင့် အကာအကွယ်တစ်ခုလို့ ငါ ထင်ခဲ့တာ... ပြီးတော့ ဘယ်လို ကြေးအဆင့် ကများ အဆင့်နိမ့် အရှင်သခင် တစ်ပါးရဲ့ မျက်စိကျတာကို ခံရတာလဲဆိုတာ သိရဖို့ ငါ တော်တော်လေး သိချင်နေခဲ့တာလေ... အဆင့်နိမ့် အရှင်သခင် တွေထက် အများကြီး ပိုမြင့်မားတဲ့ လူတစ်ယောက်က ဒါကို ဖန်တီးခဲ့တာဖြစ်မယ်လို့ နောက်ပိုင်းမှ ငါ သံသယ ဝင်လာခဲ့တာ..."
သူသည် ဟင်းလင်းပြင် ဖန်လုံးလေးကို အပေါ်သို့ မြှောက်ကာ စစ်ဆေးကြည့်လိုက်သည်။
"ငါ သိသလောက်တော့ လောကကြီးမှာ ဒီလို ကောင်းကင်ဘုံက ရတနာမျိုးဆိုလို့ ဒါတစ်ခုပဲ ရှိတာ... တကယ်လို့ နောက်တစ်ခုနဲ့ ငါ ထပ်ဆုံခဲ့မယ်ဆိုရင်တောင် ငါ့ဟာနဲ့ တူလိမ့်မယ်လို့ပဲ မျှော်လင့်ထားခဲ့တာလေ... ငါ မှားသွားတာ တော်တော် စိတ်ဝင်စားဖို့ ကောင်းတယ်နော်..."
"အဲဒီ ဇာတ်လမ်းကို ကျွန်တော် တော်တော်လေး နားထောင်ချင်နေပြီ..."
လင်းတုန်းက အခွင့်အရေး တစ်ခုကို အာရုံခံမိလိုက်သဖြင့် ပြောလိုက်၏။
"ကျွန်တော့် အကြောင်းကို ပြန်ပြောပြရရင်လည်း ကျွန်တော်ကတော့ အရမ်း ဝမ်းသာမိမှာပါ..."
"ဟုတ်တယ်..."
ယီရင် က သူမ၏ အပြင်ဝတ်ရုံစွန်း တစ်နေရာကို ကလိရင်း အတည်ပြုပေးလိုက်သည်။ သူမသည် ပျင်းရိနေပုံရ၏။
"သူက ကျွန်မကိုတောင် တစ်ခါမက ပြန်ပြောပြဖူးတယ်..."
"ငါလည်း နားထောင်ရမှာ တော်တော်လေး ဝမ်းသာမိမှာပါ..."
အီသန်က သူ၏ ဖန်လုံးကို လက်သီးဆုပ်ကာ သိမ်းဆည်းလိုက်ရင်း ပြောလိုက်သည်။
"နောက်မှပေါ့... ဒီ ကောင်းကင်ဘုံ တမန်တော် က မင်းကို အရေးကြီးတဲ့ ကိစ္စတစ်ခုခု ပြောမသွားခဲ့ဘူး ဆိုရင်လေ..."
သူ့တွင် အချိန် အနှစ်သုံးဆယ် ရှိသည်ဟု ဆူရီရယ် က ပြောခဲ့ဖူးသည်။ ယခုမူ တစ်နှစ်ကျော်ကျော်မျှ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်၏။ စပ်စုချင်စိတ်က သူ့ကို သတ်ဖြတ်လုမတတ် ဖြစ်နေစေကာမူ၊ သူ အနည်းငယ် ထပ်စောင့်နိုင်သေးသည်ဟုသာ မှတ်ယူလိုက်သည်။ သူ သက်ပြင်းချကာ ခေါင်းခါမ်းလိုက်၏။
ဖန်လုံးလေးသည် အီသန် ၏ အိတ်ကပ်ထဲသို့ ပျောက်ကွယ်သွားလေသည်။
"ကောင်းပြီလေ... ငါတို့ရဲ့ စကားဝိုင်းကို မင်း ကျင်းလုံ ကို အနိုင်ယူနိုင်မယ့် အချိန်အတွက် ဆုကြေးတစ်ခုလို့ သတ်မှတ်ထားလိုက်ပေါ့... ဘယ်လိုလဲ... မျှော်လင့်စောင့်စားစရာ တစ်ခုခုပေါ့..."
လင်းတုန်းက သဘောတူကြောင်း ခေါင်းညိတ်ပြလိုက်သော်လည်း၊ သူ ကျေနပ်မှု မရှိသေးပေ။ ဆူရီရယ် သည် သူ့ထံတွင် တစ်စုံတစ်ရာကို မြင်တွေ့ခဲ့သည်။ ထိုအရာက ဘာမှန်း သူ အသေအချာ မသိသေးလျှင်တောင်မှ မြင်တွေ့ခဲ့တာတော့ သေချာသည်။ သူမသည် အီသန် ထံတွင်လည်း တစ်စုံတစ်ရာကို မြင်တွေ့ခဲ့ရမည်သာ ဖြစ်သည်။ သို့မဟုတ် အထက်က အခြားတစ်ယောက်ယောက်က မြင်တွေ့ခဲ့ခြင်းလည်း ဖြစ်နိုင်ပေသည်။
ကျင့်ကြံသူများ၏ လမ်းစဉ်ကို အမြင့်ဆုံးအထိ တက်လှမ်းချင်ကြောင်း အီသန် က တစ်ကြိမ်မက ပြောခဲ့ဖူးသည်။ ထို့ပြင်... လင်းတုန်း နှင့် ယီရင် တို့တွင် သူနှင့်အတူ ပူးပေါင်းနိုင်ရန် လိုအပ်သော အရည်အချင်းများ ရှိသည်ဟုလည်း သူ ထင်မြင်ထားခဲ့၏။
ကောင်းကင်ဘုံ ကလည်း ထိုနည်းတူ ထင်မြင်နေကောင်း ထင်မြင်နေနိုင်ပေသည်။
...
ကင်းစခန်း ၀၁ - အိုဗာဆိုက်
သီးခြားကမ္ဘာအသီးသီးမှ လူများသည် မဟာလမ်းစဉ်ကို သစ်ပင်တစ်ပင် သို့မဟုတ် အခက်အလက်များ ဖြာထွက်နေသော နွယ်ပင်တစ်ခုနှင့် မကြာခဏ ခိုင်းနှိုင်းလေ့ရှိကြ၏။ သို့သော် ဆူရီရယ် ကမူ ၎င်းကို အလယ်ဗဟို နှလုံးသားတစ်ခုမှ အရပ်မျက်နှာအနှံ့သို့ ဖြန့်ကျက်ထားသော သွေးကြောကွန်ရက်တစ်ခုနှင့် ပို၍တူသည်ဟု အမြဲ တွေးတောခဲ့သည်။ မဟာလမ်းစဉ် သည် အရာခပ်သိမ်းနှင့် ထိတွေ့ဆက်စပ်နေသည်။ ၎င်းက စည်းကမ်းတကျရှိမှု၊ တည်ငြိမ်မှုနှင့် ဟင်းလင်းပြင် ၏ ဖျက်ဆီးမှုဘေးမှ ကာကွယ်မှုတို့ကို ယူဆောင်လာပေး၏။ မဟာလမ်းစဉ် ၏ အရိပ်အာဝါသအောက်တွင်သာ အသက်ရှင်သန်မှုနှင့် အကြောင်းအကျိုး ဆင်ခြင်နိုင်စွမ်းတို့ တည်ရှိနိုင်ပေသည်။
ထိုမဟာလမ်းစဉ်၏ နှလုံးသား အလယ်ဗဟို၊ တည်ရှိသမျှ အရာအားလုံး၏ ဆုံချက်တွင် အိုဗာဆိုက် တည်ရှိနေသည်။
သူမသည် ကီလိုမီတာ ထောင်ပေါင်းများစွာ ဝေးကွာသော အဆုံးမဲ့ အပြာရောင် ဟင်းလင်းပြင်ထဲတွင် လွင့်မျောနေစဉ်၊ ထိုစခန်းတစ်ခုလုံးကို မြင်တွေ့နိုင်ခဲ့၏။ ယင်းမှာ အနည်းဆုံး လဆယ့်ခြောက်စင်း ဝန်းရံလှည့်ပတ်နေသော ပုံမှန်အရွယ်အစားရှိ အပြာနှင့် အစိမ်းရောင် ရောယှက်နေသည့် ဂြိုဟ်တစ်လုံး ဖြစ်သည်။ လတစ်စင်းစီသည် ဂြိုဟ်၏ မျက်နှာပြင်ပေါ်တွင် လျှောတိုက်သွားနေသကဲ့သို့ ထင်ရလောက်အောင်ပင် အလွန် နီးကပ်နေကြသည်။ ထို့ပြင် စက်လုံးပုံ ဂြိုဟ်ဆယ့်ခုနစ်လုံးစလုံး၏ မျက်နှာပြင်တိုင်းတွင် မြို့ပြမီးရောင်များ ဖုံးလွှမ်းနေသည်ကိုလည်း သူမ မြင်တွေ့နိုင်ခဲ့၏။
ဤသည်မှာ မာကီရယ်၏ ပထမ တပ်ဖွဲ့ ဌာနချုပ်ဖြစ်သည့် ‘ဟောင်း’ များ ဖြစ်သည်။ သူသည် ဤစနစ်ကို ကိုယ်တိုင် ဖန်တီးခဲ့ခြင်း ဖြစ်သည်။ ဟင်းလင်းပြင် အတွင်းမှ အပိုင်းအစများကို ကိုယ်တိုင် ရွေးချယ်ကာ သူ၏ ဆန္ဒစွမ်းအားဖြင့် ပေါင်းစည်းချည်နှောင်ခဲ့၏။ သဘာဝတရား၏ နိယာမများကို အသက်ဝင်စေရန် မဟာလမ်းစဉ် ကို ခြယ်လှယ်ကာ ယင်းကို ဤနေရာတွင် နေရာချထားခဲ့သည်။ ဤကင်းစခန်းတွင် နေထိုင်ကြသူများသည် ကမ္ဘာစဉ် တစ်ခုတွင် နေထိုင်ရသကဲ့သို့ သဘာဝကျကျ နေထိုင်ကြသည်။ သို့သော် နေ သို့မဟုတ် ကြယ်များ ကင်းမဲ့နေသော အဆုံးမဲ့ အပြာရောင် ကောင်းကင်ကြီးအောက်တွင် နေထိုင်ကြရခြင်းသာ ဖြစ်၏။
ဤနေရာတွင် လူဦးရေ ဘီလီယံ တစ်ဆယ့်နှစ်ဘီလီယံ ခန့် နေထိုင်ကြပြီး၊ ၎င်းတို့ထဲမှ အများစုမှာ အဘီဒန် များ မဟုတ်ကြပေ။ သူတို့သည် သာမန်လူများသာ ဖြစ်ကြ၏။ ကြီးမားကျယ်ဝန်းလှသော စကြဝဠာကြီးအကြောင်းကို မသိရှိကြဘဲ မိမိတို့၏ ဘဝကို ရှင်သန် ဖြတ်သန်းကာ သေဆုံးသွားကြလေသည်။
ဤသည်မှာ သူနှင့် ကံကြမ္မာ ကို ချိတ်ဆက်ထားသော ကြိုးများပင် ဖြစ်သည်။ အသိဉာဏ်ရှိသော သက်ရှိတိုင်းသည် မဟာလမ်းစဉ် နှင့် ချိတ်ဆက်နေသော ကြိုးတစ်ချောင်းစီ ဖြစ်၏။ ဤအရာအားလုံး၏ နှလုံးသား ဗဟိုချက်တွင် ရှိနေသည့်တိုင်အောင် မာကီရယ် သည် ပိုမို နီးကပ်စွာ ရှိနေချင်ခဲ့သည်။
ဤကင်းစခန်းကို ဖန်တီးရန်အတွက် ကုန်ကျခဲ့မည့် အချိန်နှင့် ကိုယ်ပိုင် စွမ်းအား အမြောက်အမြားကို တွေးမိတိုင်း သူမ လွန်စွာ အံ့အားသင့်ရ၏။ ယင်းက သူမကို လေးစား အံ့မခန်း ဖြစ်စေသလောက် ထိတ်လန့်မှုကိုလည်း ဖြစ်စေခဲ့သည်။ အဘီဒန် ၏ အခြားတပ်ဖွဲ့ အားလုံးမှာမူ ဆန်တန် ပေါ်တွင် ဌာနချုပ် အသီးသီး ရှိကြသည်။ ထို့ကြောင့် သူတို့သည် အပြန်အလှန် ဆက်သွယ်ပြောဆိုမှုကို လွယ်ကူချောမွေ့စေမည့် ယဉ်ကျေးမှုဆိုင်ရာ နားလည်မှု တစ်ခုကို အတူတကွ ပိုင်ဆိုင်ထားကြ၏။
သို့သော် ဟောင်းများ ကမူ ထိုသို့ မဟုတ်ပေ။ ပထမ တပ်ဖွဲ့ ၏ ဗဟိုချက်မှာ ဤနေရာတွင် ရှိနေသည်။ သူတို့သည် ရာဇဝတ်ကောင်များကို ရှာဖွေရန်နှင့် ဘေးအန္တရာယ်များကို ကြိုတင်ဟောကိန်းထုတ်ရန် ကံကြမ္မာ ကို ဖတ်ရှုကြသည်။ အချိန်ကာလကို ရှေ့နောက်လှည့်၍ ပစ်မှတ်များကို ခြေရာခံကြ၏။ သူတို့၏ တည်နေရာအတွက် တရားဝင် ဆင်ခြေပေးမှုမှာမူ တတ်နိုင်သမျှ အရှင်းလင်းဆုံး မြင်တွေ့နိုင်ရန် ဟူသော ဆန္ဒကြောင့်သာ ဖြစ်သည်။
ယင်းမှာ အမှန်တကယ် ဖြစ်ကြောင်း ဆူရီရယ် လုံးဝ သံသယ မရှိခဲ့ပေ။ အိုဗာဆိုက် မှနေ၍ အရည်အချင်း လုံလောက်သော ဟောင်း တစ်ယောက်သည် တည်ရှိနေသော ကမ္ဘာစဉ် တိုင်း၏ ကံကြမ္မာကို လှမ်းမြင်နိုင်စွမ်း ရှိသည်။ ကမ္ဘာစဉ် တစ်ခု၏ ကံကြမ္မာနှင့် အခြားတစ်ခု၏ ကံကြမ္မာ ထပ်တူကျနေသော နေရာများကို ရှာဖွေရန်နှင့် ချိုးဖောက်မှုများအတွက် စုံစမ်းစစ်ဆေးရန် အထူးပင် လွယ်ကူလှ၏။
သို့သော် ဤနေရာတွင်ပင်... သူမသည် နတ်ဘုရားပုခက် ကို အာရုံမခံနိုင်ခဲ့ပေ။
သူမသည် မဟာလမ်းစဉ် ကို ထိတွေ့လိုက်သည်။ ဤနေရာတွင် အလွန် လွယ်ကူလှ၏။ ထို့နောက် ဟင်းလင်းပြင်ထဲရှိ သူမ၏ တည်နေရာကို ရိုးရှင်းစွာ ပြင်ဆင်လိုက်သည်။ အပြာရောင် အလင်းတန်း တစ်ချက် လင်းလက်သွားပြီးနောက်၊ သူမသည် အဆုံးမဲ့ ရေခဲပြင်ကျယ်ကြီး တစ်ခုပေါ်တွင် ရပ်နေခဲ့ပြီ ဖြစ်သည်။ အထက်ဘက်တွင် မီးခိုးရောင် တိမ်လွှာများ ဖုံးလွှမ်းနေပြီး၊ လေထဲတွင် နှင်းပွင့်များ လွင့်မျောနေ၏။
အိုဗာဆိုက် ၏ အဓိက ဂြိုဟ်၏ မြောက်ဝန်ရိုးစွန်း မာကီရယ် ၏ အိမ်တော်ပင် ဖြစ်၏။
သူမ၏ အောက်ဘက် မီတာ နှစ်ရာခန့် အနက်ရှိ နှင်းများနှင့် ရေခဲများကို သူမ ငုံ့ကြည့်လိုက်သည်။ ဤသည်မှာ မာကီရယ် ၏ အိမ်ရှေ့တံခါးပင် ဖြစ်၏။
***