အခန်း (၃၁၁-၃၁၂)
Vol. 32 Ch. 311-312
အခန်း။ ၃၁၁
"အသက်နှင့် သေခြင်း ဒဏ်ခတ်ခြင်း..."
ချန်ကျီရှင်း၏ မျက်ဝန်းများမှာ မရေမရာ ဖြစ်သွားသည်။
ချန်ယန်အကယ်ဒမီမှ ထျန်းချန်ဇီသည် ဤဒဏ်ခတ်ခြင်းအကြောင်းကို သူ့အား တစ်ခါက ပြောပြဖူးသည်။
တခြားသူများအတွက်မူ သေခြင်းမှ ရှင်ခြင်းသို့ ကူးပြောင်းရန် မဟာတာအိုလမ်းစဉ် တစ်ခုကိုသာ နိုးထစေရန် လိုအပ်သော်လည်း သူသည် မဟာတာအိုလမ်းစဉ် ကိုးခုကို ပိုင်ဆိုင်ထားသူဖြစ်သည့်အတွက် ကိုးခုစလုံးကို နိုးထစေရန် လိုအပ်ပေလိမ့်မည်။
၎င်း၏ ခက်ခဲမှုမှာ ယှဉ်စရာပင် မရှိတော့ပေ။
သို့သော် ကံကောင်းထောက်မစွာဖြင့် ချန်ကျီရှင်းသည် အသက်နှင့် သေခြင်း တာအိုကို ကျင့်ကြံထားပြီး ဖြစ်သလို သေခြင်းနှင့် ပြန်လည်မွေးဖွားခြင်းကိုလည်း ကြုံတွေ့ခဲ့ဖူးသူ ဖြစ်သည့်အတွက် ဤဒဏ်ခတ်ခြင်းကို မကြောက်ရွံ့ပေ။
၎င်းသည် ချန်ကျီရှင်း အယုံကြည်ဆုံးသော ဒဏ်ခတ်ခြင်းပင်။
"တတိယအဆင့်ကရော"
ချန်ကျီရှင်းက မေးလိုက်သည်။
အကြီးအကဲမဟူရာက ပြုံးလျက် "တတိယအဆင့် ရောက်ပြီဆိုရင်တော့ နိဗ္ဗာနအဆင့်ကို တက်လှမ်းနိုင်ဖို့က အသေအချာပါပဲ" ဟု ပြောလိုက်သည်။
"တတိယအဆင့်ကတော့ နိဗ္ဗာနနှင့် ပြန်လည်မွေးဖွားခြင်းပဲ။ ပိုးအိမ်ကနေ လိပ်ပြာအဖြစ် ပြောင်းလဲသလိုမျိုးပေါ့။
အခု သခင်လေးလုပ်ရမှာက သခင်လေးရဲ့ ကိုယ်ပိုင်အဆင့် စွမ်းအင်တွေကို နိဗ္ဗာနစွမ်းအားအဖြစ် ပြောင်းလဲပစ်ဖို့ပဲ။ အဲဒီအခါကျရင် သခင်လေးက သာမန်လူသားဘဝကနေ မသေမျိုးဘဝကို တက်လှမ်းနိုင်သွားလိမ့်မယ်။ ခန္ဓာကိုယ် ပျက်စီးသွားရင်တောင် သွေးစက်လေးကနေ ပြန်ရှင်လာနိုင်တဲ့ နိဗ္ဗာနအဆင့် မဟာကျွမ်းကျင်သူတစ်ယောက်အဖြစ် အမှန်တကယ် မွေးဖွားလာတော့မှာပေါ့။
ဒီအဆင့်က သိပ်တော့ အန္တရာယ်မရှိပါဘူး။ အချိန်တော့ နည်းနည်းယူရလိမ့်မယ်။ ဒဏ်ခတ်ခြင်းကို ခံယူသူ အများစုကတော့ ဒီအဆင့်ကို အေးအေးဆေးဆေးပဲ ဖြတ်ကျော်သွားနိုင်ကြတာပါပဲ"
အကြီးအကဲမဟူရာက ရှင်းပြသည်။
ချန်ကျီရှင်းသည် စဉ်းစားတွေးတောဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။
ဤစကားအရဆိုလျှင် သူ့အတွက် အကြီးမားဆုံး အန္တရာယ်မှာ နိဗ္ဗာန ဒဏ်ခတ်ခြင်း အဆင့် ၁ တွင်သာ ရှိနေသည်။
"တတိယသခင်လေး နိဗ္ဗာနအဆင့်ကို တက်လှမ်းဖို့ အလျင်စလို လုပ်စရာ မလိုပါဘူး။ ဘဝရဲ့ ပျော်ရွှင်မှုတွေကို အရင် ဆယ်စုနှစ်အနည်းငယ်လောက် ခံစားကြည့်ပါလား အခြေခံတွေ ပိုပြီး ပြည့်စုံလာအောင် လုပ်ပြီးမှ နိဗ္ဗာနအဆင့်ကို တက်လှမ်းပါ။ အလျင်စလို လုပ်စရာ မရှိပါဘူး"
အကြီးအကဲမဟူရာက အကြံပေးသည်။
ချန်ကျီရှင်းသည် ခေါင်းကို ဖြည်းညှင်းစွာ ခါလိုက်သည်။
သာမန်အချိန်သာဆိုလျှင် သူသည် အကြီးအကဲမဟူရာ ပြောသည့်အတိုင်း လွတ်လပ်စွာ နေထိုင်ချင်ပေလိမ့်မည်။
သို့သော် ကောင်းကင်ဘုံက ရွေးချယ်ထားသော သူရဲကောင်း ကိုးဦးစလုံး သေဆုံးသွားခြင်း မရှိသေးဘဲ သူတို့သည် ချန်ကျီရှင်း၏ လည်ပင်းကို ဓားနှင့် ထောက်ထားသကဲ့သို့ အမြဲတမ်း ဖြစ်နေသည်။
အထူးသဖြင့် လီချန်ရှန်းပင်။
သူသည် နိဗ္ဗာနအဆင့် ၆ သို့ ရောက်ရှိနေပြီဖြစ်ပြီး သူ၏ ခွန်အားမှာ သာမန် နိဗ္ဗာနအဆင့် ၉ နှင့် မယှဉ်သာအောင် အားကောင်းနေသည်။
လီချန်ရှန်း အသက်ရှင်နေသရွေ့ သူသည် ငြိမ်းချမ်းမှုကို ရရှိမည် မဟုတ်ပေ။
အကြိမ်ကြိမ် ထိပ်တိုက်တွေ့ဆုံမှုများအရ လီချန်ရှန်းသည် ကြီးမားသော ကံကြမ္မာကို ပိုင်ဆိုင်ထားသူဖြစ်ပြီး ပြင်ပအင်အားကို သုံးကာ သူ့ကို သတ်ဖြတ်ရန်မှာ မဖြစ်နိုင်ကြောင်းပင်။
ထို့ကြောင့် ချန်ကျီရှင်း ကိုယ်တိုင်သာ လက်တွေ့ လုပ်ဆောင်ရမည်ဖြစ်ကာ လီချန်ရှန်းကို သတ်ဖြတ်နိုင်ရန်အတွက် အနည်းဆုံးတော့ သူသည် နိဗ္ဗာနအဆင့်သို့ တက်လှမ်းနိုင်ရမည်ပင်။
မဟုတ်ပါက အချိန်ကြာသွားသည်နှင့်အမျှ လီချန်ရှန်းသည် ပိုမိုအားကောင်းလာပြီး ကိုင်တွယ်ရ ပိုမိုခက်ခဲလာလိမ့်မည်။
"တစ်လအတွင်းမှာ ကျွန်တော် နိဗ္ဗာနအဆင့်ကို တက်လှမ်းဖို့ ကြိုးစားပါမယ်"
ဤစကားကို ပြောဆိုပြီးနောက် ချန်ကျီရှင်းသည် ထရပ်ကာ ထွက်ခွာသွားသည်။
...
...
တစ်လမှာ မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။
ဤတစ်လအတွင်း ချန်ကျီရှင်းသည် နိဗ္ဗာနအဆင့်သို့ တက်လှမ်းရန် နောက်ဆုံးပြင်ဆင်မှုများကို စတင်ခဲ့သည်။
ထိုနေ့တွင် တောင်ထိပ်ပေါ်၌ ဆောင်းရာသီ နှင်းများ အရည်ပျော်သွားပြီးနောက် ချန်ကျီရှင်းသည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။
တစ်လတာ ပြင်ဆင်ပြီးနောက် သူ၏ အခြေအနေမှာ ယခင်ကထက် ပိုမိုကောင်းမွန်နေသည်။
သူ၏ ခန္ဓာကိုယ်အတွင်းရှိ နိဗ္ဗာန တံခါးကို တွန်းဖွင့်ရန် ပြင်ဆင်နေစဉ်။
ဝုန်း
တတိယတောင်ထိပ် မလှမ်းမကမ်းမှ မိုးထိအောင် မြင့်တက်လာသော အနက်ရောင် ဓားရောင်တန်းကြီးတစ်ခု ရုတ်တရက် ပေါ်ထွက်လာသည်။
ချက်ချင်းပင် ဓားစွမ်းအင်များမှာ ပတ်ဝန်းကျင်အနှံ့ ဟိန်းထွက်လာသည်။
ဇီဝေတောင်ထိပ် ကိုးခုလုံးရှိ ဓားကိုင်ဆောင်သူများမှာ သူတို့၏ ဓားအိမ်ထဲရှိ ဓားများ တုန်ခါနေသည်ကို ခံစားလိုက်ရပြီး ဓားများမှာ လွတ်မြောက်ရန် ကြိုးစားနေကြသကဲ့သို့ ဖြစ်နေသည်။
ဟိန်း
နောက်တစ်ခဏတွင် တောင်ကြီးတစ်ခုလုံးကို ရွှေ့နေသကဲ့သို့ ကောင်းကင်ကြီးမှာ တုန်ခါသွားသည်။
မဟာတာအို စည်းမျဉ်းများမှာ ကောင်းကင်တွင် ရစ်ပတ်နေပြီး ယန်ပြည်နယ်တစ်ခွင်ရှိ တိမ်တိုက်များမှာ ဇီဝေတောင်ပေါ်တွင် စုဝေးသွားကာ ကောင်းကင်ပြိုကျတော့မည့်အလား မိုးတိမ်များ ဖြစ်ပေါ်လာသည်။
မိုးကြိုးများမှာ တိမ်မည်းများကြားတွင် လျှပ်ကာ လက်နေသည်။
ကမ္ဘာပျက်မည့် အငွေ့အသက်များမှာ ဇီဝေတောင် တစ်ခုလုံးကို ဖုံးလွှမ်းသွားကာ တပည့်များနှင့် အကြီးအကဲများမှာ ထိတ်လန့်တုန်လှုပ်ခြင်းများဖြင့် တုန်ရီနေကြသည်။
"နိဗ္ဗာနအဆင့် ဒါက နိဗ္ဗာန ဒဏ်ခတ်ခြင်းပဲ"
"တတိယတောင်ထိပ်မှာ ဘယ်သူက နိဗ္ဗာနအဆင့်ကို တက်လှမ်းနေတာလဲ"
"တတိယသခင်လေး နိဗ္ဗာနအဆင့်ကို တက်လှမ်းနေတာလား"
ခဏတာအတွင်း ဇီဝေချန်မျိုးနွယ်စုမှ အကြီးအကဲများမှာ ကြောက်ရွံ့မှုကို ထိန်းချုပ်ကာ မိုးတိမ်များကို ကြည့်ရှုလိုက်ကြသည်။
အကြီးအကဲမဟူရာနှင့် အခြား ကျွမ်းကျင်သူများမှာ ခန်းမမှ ထွက်လာပြီး တတိယတောင်ထိပ်ကို ကြည့်လိုက်သည်။
"တတိယသခင်လေး နိဗ္ဗာနအဆင့်ကို တက်လှမ်းနေတာလား"
အကြီးအကဲမင်က လေးနက်စွာ ပြောလိုက်သည်။
"ကျွန်တော် သိသလောက်ဆို တတိယသခင်လေးက အသက် ၁၆ နှစ်တောင် မပြည့်သေးဘူး။ ၁၆ နှစ် မပြည့်ခင်မှာပဲ နိဗ္ဗာနအဆင့်ကို တက်လှမ်းတယ်ဆိုတာ မကြားဖူးဘူး"
ချန်ထျန်းချန်က မျက်မှောင်ကြုတ်လိုက်သည်။
"နိဗ္ဗာန ဒဏ်ခတ်ခြင်းကို ကျော်ဖြတ်ရတာ မလွယ်ဘူး။ အခု တက်လှမ်းလိုက်တာ ကျီရှင်းအတွက် စောလွန်းနေမလား"
အကြီးအကဲမဟူရာမှာလည်း စိုးရိမ်တကြီး ဖြစ်နေသည်။
"ခဏစောင့်"
အကြီးအကဲမဟူရာက တစ်ခုခုကို သတိပြုမိသွားဟန်ဖြင့် "ဒီဒဏ်ခတ်ခြင်းက မပြင်းထန်ဘူး။ တတိယသခင်လေးရဲ့ စွမ်းအားနဲ့ဆိုရင်တော့ နိုင်နိုင်နင်းနင်း ကျော်ဖြတ်နိုင်မှာပါ" ဟု ပြောလိုက်သည်။
အကြီးအကဲများနှင့် အခြားသူများ ပျော်ရွှင်နေစဉ်။
"ငါ တုကူးနီ ကျင့်ကြံခဲ့တာ နှစ်ပေါင်း ၁၂၀ ရှိပြီ။ ဒီနေ့ မဟာတာအိုကို သက်သေပြမယ်။ ဓားတစ်စင်းနဲ့ နိဗ္ဗာနအဆင့်ကို တက်လှမ်းမယ်"
တတိယတောင်ထိပ်တွင် ဆံပင်ဖြူများနှင့် အနောက်တွင် ဓားအိမ်ကြီးတစ်ခု လွယ်ထားသော လူတစ်ဦးမှာ တောင်ထိပ်သို့ လျှောက်လာသည်။
ဝုန်း….
ဓားအိမ်မှာ ကွဲထွက်သွားပြီး ဓားရိုးတွင် မျက်လုံးပါသော နီရဲနေသည့် နတ်ဆိုးဓားကို ကိုင်ဆွဲလိုက်သည်။
"တုကူးနီ"
"တတိယသခင်လေး မဟုတ်ဘူး။ တုကူးနီက နိဗ္ဗာန ဒဏ်ခတ်ခြင်းကို ခံယူနေတာပါလား"
လူတိုင်းမှာ အံ့အားသင့်သွားကြသည်။
"တတိယသခင်လေးက ထူးချွန်လွန်းသူတစ်ယောက်မို့ သူ့အတွက် ဒဏ်ခတ်ခြင်းက ပိုပြီး ပြင်းထန်ရမှာလေ အခု ဟာက... တုကူးနီပဲ ဖြစ်နေတာကိုး"
"ကောင်းတာပေါ့ ဒီလိုဆိုရင် ငါတို့ မျိုးနွယ်စုမှာ နိဗ္ဗာနအဆင့် ဓားကျွမ်းကျင်သူ နောက်တစ်ဦး တိုးလာမှာပေါ့"
ချန်ထျန်းချန်က ပြုံးလျက် ပြောလိုက်သည်။
တစ်ချိန်တည်းမှာပင် တတိယတောင်ထိပ်၏ နောက်ဘက်တွင် ချန်ကျီရှင်းသည် တုကူးနီ၏ ဒဏ်ခတ်ခြင်းကို ကြည့်ရှုရင်း အံ့ဩနေမိသည်။
သူ၏ နိဗ္ဗာနတံခါးကို ဖွင့်ရန် ပြင်ဆင်နေသည့် စွမ်းအင်များမှာလည်း တုန်လှုပ်နေသည်။
တစ်ပါးသူ၏ ဒဏ်ခတ်ခြင်းကို ကိုယ်တိုင် မြင်တွေ့ခွင့် ရသည်မှာ ကံကောင်းခြင်းတစ်ရပ်ပင်။
အခန်း။၃၁၂
ဒုန်း ဒုန်း ဒုန်း
ကောင်းကင်ဘုံ ကိုးထပ်အထက်တွင် မိုးတိမ်များ စုဝေးလာပြီး မိုးကြိုးများမှာ တဝုန်းဝုန်းနှင့် လျှပ်ပန်းခတ်နေသည်။
မိုးကြိုးသံတစ်ချက်တိုင်းမှာ ကောင်းကင်နှင့် မြေကြီးကို တုန်ခါသွားစေသည်။
နောက်တစ်ခဏတွင်
ဝုန်း
ပန်းကန်လုံးအထူရှိသော ဖြူလွှလွှ မိုးကြိုးတန်းကြီးသည် တိမ်တိုက်များကြားမှ အောက်သို့ တန်းမတ်စွာ ပိုင်းဖြတ်ကျဆင်းလာသည်။
"လာပြီ"
တုကူးနီသည် မော့ကြည့်လိုက်ပြီး ဓားကို ချက်ချင်း ဆွဲထုတ်လိုက်သည်။
ချန်ကျီရှင်းလည်း စိတ်ဝင်တစားဖြင့် စောင့်ကြည့်နေသည်။
အဖြူရောင် မိုးကြိုးတန်းကြီးသည် အောက်သို့ ပြင်းထန်စွာ စီးဆင်းလာပြီး ခဏတာအတွင်းမှာပင် ကမ္ဘာကို ပျက်စီးစေနိုင်သော စွမ်းအားများဖြင့် ဓားပုံသဏ္ဍာန် မိုးကြိုးအဖြစ် ပြောင်းလဲသွားသည်။
မိုးကြိုးတန်းများမှာ ရစ်ပတ်နေပြီး မိုးကြိုးရောင်စဉ်များမှာလည်း လျှပ်ပန်းခတ်ကာ မုန်တိုင်းများ ထန်လာသည်။
ထို့နောက် ဓားပုံသဏ္ဍာန် မိုးကြိုးက တုကူးနီနှင့် ထိတွေ့သွားကာ ခဏတာအတွင်းမှာပင် ဓားစွမ်းအင်များမှာ မိုင်သုံးထောင်အထိ ဖြန့်ကျက်သွားပြီး နေ၊ လနှင့် ကြယ်တာရာတို့ကို ပိုင်းဖြတ်လိုက်သကဲ့သို့ ဖြစ်သွားသည်။
ကမ္ဘာကို တုန်ခါစေသော တိုက်ပွဲကြီးမှာ စတင်တော့သည်။
ဟင်းလင်းပြင်ထဲတွင် တုကူးနီသည် ဓားပုံသဏ္ဍာန် မိုးကြိုးတစ်ချက်ကို ဖျက်ဆီးလိုက်တိုင်း အခြားသော ဓားပုံသဏ္ဍာန် မိုးကြိုးများမှာ တဖန် ပြန်လည် စုစည်းလာပြီး တုကူးနီထံသို့ အဆက်မပြတ် တိုးဝင်လာသည်။
ပြင်းထန်သော တိုက်ပွဲများအတွင်း တုကူးနီ၏ ခန္ဓာကိုယ်ပေါ်တွင် သွေးစွန်းသော ဒဏ်ရာများ များစွာ ပေါ်ပေါက်လာသည်။
"ပထမအဆင့် နိဗ္ဗာန ဒဏ်ခတ်ခြင်းရဲ့ ကိုးကိုး ကောင်းကင်ဘုံ မိုးကြိုးက အခုလို ပိုပိုပြီး ပြင်းထန်လာပြီး အဆုံးသတ်မှာ ကျင့်ကြံသူရဲ့ အကန့်အသတ်အထိ ရောက်သွားတာမျိုးလား"
ချန်ကျီရှင်း၏ မျက်ဝန်းထဲတွင် အတွေးများစွာ ပေါ်လာသည်။
"ဓမ္မပုံရိပ် မျက်လုံးဖြင့် ဖျက်ဆီးသော နတ်ဆိုးဓား"
တုကူးနီသည် ဆံပင်များ ရှုပ်ပွပြီး ဝတ်ရုံများ စုတ်ပြဲနေကာ မျက်နှာပေါ်မှ သွေးများကို သုတ်လိုက်ပြီး ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။
ခဏတာအတွင်းမှာပင် သူ၏နောက်တွင် အရပ်မြင့်မားသော ပုံရိပ်တစ်ခု ပေါ်လာသည်။ ဆီးနှင်းကဲ့သို့ ဖြူဖွေးသော ဆံပင်များနှင့်အတူ နီရဲနေသည့် နတ်ဆိုးဓားကို ကိုင်ထားပြီး ဓားရိုးတွင် ကြောက်မက်ဖွယ်ကောင်းသော ဒေါင်လိုက်မျက်လုံးတစ်ခု ပါရှိသည်။
ထိုပုံရိပ်မှာ နက်ရှိုင်းသော နတ်ဆိုးစွမ်းအင်များဖြင့် ဖုံးလွှမ်းနေပြီး မျက်လုံးများမှာ နီရဲနေကာ ကောင်းကင်နှင့် နေကိုပင် ဖုံးကွယ်နိုင်လောက်သော ကြီးမားသည့် တောင်ပံများဖြစ်ကာ ၎င်းမှာ။ တုကူးနီ၏ ဓမ္မပုံရိပ်ပင်။
"သေကြစမ်း"
တုကူးနီသည် ကောင်းကင်သို့ ဟိန်းဟောက်ကာ မိုးကြိုးဒဏ်ခတ်ခြင်း၏ ထောင်ပေါင်းများစွာသော အလွှာများထဲသို့ တိုးဝင်သွားသည်။
သူ၏ နောက်တွင်ရှိသော နတ်ဆိုးဓားပုံရိပ်မှာလည်း အရိပ်သဖွယ် လိုက်ပါသွားကာ သတ်ဖြတ်ခြင်းများကို စတင်တော့သည်။
ဒုန်း ဒုန်း ဒုန်း
ဒုန်း ဒုန်း ဒုန်း
နတ်ဆိုး စွမ်းအင်လှိုင်းများမှာ ဟင်းလင်းပြင်ထဲတွင် လှုပ်ခတ်နေပြီး ကြယ်တာရာတို့ကို ပိုင်းဖြတ်နိုင်သော၊ ပင်လယ်နှင့် မြစ်များကို ခွဲခြားနိုင်သော ကြောက်မက်ဖွယ် ဓားစွမ်းအင်များမှာ မိုးကြိုးများကြားတွင် ရစ်ပတ်နေသည်။
တုကူးနီသည် ဟင်းလင်းပြင်ထဲမှ အကြိမ်ကြိမ် အလဲထိုးခံရသော်လည်း အကြိမ်ကြိမ် ပြန်လည် ရပ်တည်ကာ ကောင်းကင်ဘုံကို ရင်ဆိုင်သည်။
နာရီဝက်အကြာတွင်
"ငါ့အတွက် အပေါက်ဖွင့်ပေးလိုက်စမ်း"
ဒေါသတကြီး ဟိန်းဟောက်လိုက်သံနှင့်အတူ နတ်ဆိုးဓားပုံရိပ်မှာ လက်မတိုင်း အပိုင်းပိုင်း ပြိုကွဲသွားပြီး သေးငယ်သော ဓားစွမ်းအင်များအဖြစ် ပြောင်းလဲကာ ကောင်းကင်တွင် ပြန့်ကျဲသွားသည်။
တစ်ကိုယ်လုံး စုတ်ပြဲနေပြီး ပခုံးမှ ခါးအထိ ဓားရာကြီးတစ်ခု ရနေသည့် တုကူးနီက တောင်ထိပ်ပေါ်သို့ ပြုတ်ကျလာသည်။
တုကူးနီသည် ခေါင်းကို မော့ကြည့်လိုက်ကာ မိုးကြိုးဒဏ်ခတ်ခြင်းများမှာ မှန်ကွဲသကဲ့သို့ ပြိုကွဲသွားပြီး အက်ကြောင်းများစွာ ပေါ်လာသည်။
ဒုန်းး…ဒုန်း…..
ကျယ်လောင်သော အသံကြီးနှင့်အတူ မိုးကြိုးဒဏ်ခတ်ခြင်းမှာ လုံးဝ ပြိုကွဲသွားပြီး ကောင်းကင်နှင့် မြေကြီးကြားတွင် ပျောက်ကွယ်သွားသည်။
"အောင်မြင်သွားပြီ"
"တုကူးနီ နိဗ္ဗာနအဆင့်ကို တက်လှမ်းနိုင်တာ ဂုဏ်ယူပါတယ်"
"ဟားဟားဟား ငါတို့ ဇီဝေချန်မျိုးနွယ်စုမှာ နိဗ္ဗာနအဆင့် ကျွမ်းကျင်သူ နောက်တစ်ဦး တိုးလာပြီ"
"ဂုဏ်ယူပါတယ် တုကူးနီ ဇီဝေချန်မျိုးနွယ်စုအတွက်လည်း ဂုဏ်ယူပါတယ်"
အကြီးအကဲများမှာ တုကူးနီကို ဝမ်းမြောက်စွာ ဂုဏ်ပြုကြသည်။
ဇီဝေချန်မျိုးနွယ်စုတွင် နိဗ္ဗာနအဆင့်မှာ များများစားစား မရှိပေ။
ချန်တောက်ယန်နှင့် လွန်ခဲ့သော နှစ်များက တက်လှမ်းခဲ့သော အကြီးအကဲများမှလွဲလျှင် တုကူးနီမှာ စတုတ္ထမြောက် ဖြစ်သည်။
"အားလုံးပဲ ကျေးဇူးတင်ပါတယ်။ ကျွန်တော် နိဗ္ဗာန ဒဏ်ခတ်ခြင်းရဲ့ ပထမတစ်ဝက်ကိုပဲ ဖြတ်ကျော်နိုင်သေးတာပါ"
မိုးတိမ်များ ပျောက်ကွယ်သွားသည်ကို မြင်သောအခါ တုကူးနီ သက်ပြင်းချလိုက်သည်။
"ဒုတိယအဆင့် ဒဏ်ခတ်ခြင်း စတင်တော့မှာမို့ ကျွန်တော် သွားပါဦးမယ်"
အကြီးအကဲများကလည်း ပြုံးလျက်
"တုကူးနီ စိတ်မပူပါနဲ့ မင်းရဲ့ စွမ်းအားနဲ့ဆိုရင် ဒုတိယအဆင့်ကို အေးအေးဆေးဆေး ကျော်ဖြတ်နိုင်မှာပါ"
"ဟားဟား မင်းရဲ့ အောင်ပွဲခံ အရက်ဝိုင်ကို သောက်ဖို့ စောင့်နေပါ့မယ်"
တုကူးနီ အနည်းငယ် ပြုံးကာ "ကောင်းတဲ့စကားတွေအတွက် ကျေးဇူးတင်ပါတယ်"
ထို့နောက်။
တုကူးနီသည် ဒုတိယအဆင့် အသက်နှင့် သေခြင်း ဒဏ်ခတ်ခြင်းကို ရင်ဆိုင်ရန် ထွက်ခွာသွားသည်။
သို့သော်။
ထိုအခိုက်တွင် မမျှော်လင့်ထားသော ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာသည်။
ဝုန်း
ဒဏ္ဍာရီလာ တောင်ကြီး ပြိုကျသွားသကဲ့သို့ ကမ္ဘာကြီးကို အသစ်ဖန်တီးနေသကဲ့သို့ပင်။
ကောင်းကင်ဘုံ ကိုးထပ်၊ မြေကြီး ဆယ်ရပ်အထိ ပဲ့တင်ထပ်သွားသော ဟိန်းဟောက်သံကြီးသည် ဇီဝေတောင်ထိပ်ကို တုန်ခါသွားစေပြီး ယန်ပြည်နယ်တစ်ခုလုံးအထိ ပျံ့နှံ့သွားသည်။
ဇီဝေတောင် ကိုးခုလုံးမှာ ပြင်းထန်စွာ တုန်ခါနေသည်။
ဇီဝေတောင်၏ အကာအကွယ် စနစ်မှာ ချက်ချင်းပင် လည်ပတ်သွားပြီး တစ်စုံတစ်ခုကို ဖိနှိပ်ထားရန် ကြိုးစားနေသည်။
ယခင်က ပျောက်ကွယ်သွားခဲ့သော မိုးကြိုးများမှာ တတိယတောင်ထိပ်တွင် ပြန်လည် စုဝေးလာကာ ပျောက်ကွယ်သွားသော မိုးကြိုးများတင် မဟုတ်ပေ။
ဤအချိန်တွင် အရှေ့ဘက် နက်နဲသော နယ်ပယ် ပြည်နယ် ၁၃ ခုလုံးမှ ကျယ်ပြောလှသော စွမ်းအင်များမှာ တတိယတောင်ထိပ်သို့ စုဝေးလာသည်။
ဇီဝေတောင် တတိယတောင်ထိပ်ကို ဗဟိုပြုကာ မိုးကြိုးတိမ်တိုက်များမှာ ယန်ပြည်နယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။
ထိုအချိန်တွင် ဇီဝေချန်မျိုးနွယ်စု အကြီးအကဲများ၊ ယန်ပြည်နယ်ရှိ ကျင့်ကြံသူများ၊ ပိုမိုဝေးကွာသော နေရာများတွင် ရှိနေသူများပင် နိဗ္ဗာနအဆင့်သို့ ရောက်ရှိထားသူတိုင်းမှာ တစ်စုံတစ်ခုကို ခံစားမိပြီး ဇီဝေတောင်ဘက်သို့ မော့ကြည့်လိုက်ကြသည်။
"ဘာ... ဘာတွေဖြစ်နေတာလဲ"
ဇီဝေတောင် ကိုးခုအတွင်းရှိ အကြီးအကဲများ၊ တုကူးနီနှင့် အခြားသူများအားလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။
သူတို့သည် တတိယတောင်ထိပ်တွင် နေနှင့် လကိုပင် ဖုံးကွယ်နိုင်သော မိုးတိမ်များကို မြင်လိုက်ရသည်။
ထို မိုးတိမ်များကြားတွင် မသေမျိုးများ၏ အလင်းတန်းများ၊ နတ်ဘုရား ရောင်စဉ်များမှာ ရေတံခွန်ကဲ့သို့ ကျဆင်းနေသည်။
အလင်းတန်းများမှာ ကမ္ဘာလောက အားလုံးကို လင်းလက်သွားစေကာ ကမ္ဘာဦး မိုးကြိုးများ၊ မဟာတာအို စည်းမျဉ်းများမှာ ရစ်ပတ်နေသည်။
နတ်ဘုရား တိရစ္ဆာန်များ ပေါ်လာပြီး နဂါးများလည်း ဟိန်းဟောက်နေကာ ဖီးနစ်ငှက်များ ပျံဝဲနေသည်။
မည်သည့်စကားလုံးနှင့်မျှ မဖော်ပြနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးဒဏ်ခတ်ခြင်းပင်။
ထိုအခါ တတိယတောင်ထိပ်၏ နောက်ဘက်ရှိ တောင်ကုန်းပေါ်တွင် ဆီးနှင်းကဲ့သို့ ဖြူဖွေးသော အဝတ်အစားများဖြင့် ချန်ကျီရှင်းမှာ လေပြင်းများကြားတွင် မတ်တတ်ရပ်လျက် ကောင်းကင်ကို ငေးကြည့်နေသည်။
"ဒါ... ဒါက တတိယသခင်လေးရဲ့ နိဗ္ဗာန မိုးကြိုးဒဏ်ခတ်ခြင်းလား"
ခဏတာအတွင်း ဇီဝေချန်မျိုးနွယ်စုမှ အကြီးအကဲများအားလုံး တတိယတောင်ထိပ်ပေါ်ရှိ မြင်ကွင်းကို ကြည့်ကာ စကားမပြောနိုင်အောင် ထိတ်လန့်သွားကြသည်။