← Chapters

အခန်း (၁၁၉-၁၂၀)

Vol. 11 Ch. 119-120

အခန်း (၁၁၉-၁၂၀)

Vol. 11 Ch. 119-120

အခန်း (၁၁၉) လျှို့ဝှက်အချက်ပေးခြင်း

ဟန်မင်းဆက်ခေတ်က ပန်ချောင်သည် အနောက်ဘက်ဒေသများသို့ နန်းတော်၏ အထူးသံတမန်အဖြစ် စေလွှတ်ခြင်းခံရပြီး မဟာရန်သူ ရှုန်းနုတို့ကို ပူးပေါင်းတိုက်ခိုက်ရန်အတွက် နိုင်ငံအသီးသီးကို စည်းရုံးရမည့် တာဝန်ကို ထမ်းဆောင်ခဲ့ရ၏။

သူသည် ရှန်ရှန်နိုင်ငံသို့ ရောက်ရှိချိန်တွင် ရှုန်းနုတို့၏ သံတမန်သည်လည်း ကံဆိုးစွာဖြင့် ရောက်ရှိနေခဲ့ရာ ယခု ကြုံတွေ့နေရသော အခြေအနေနှင့် အလွန် ဆင်တူလှပေသည်။

ထိုအချိန်က ပန်ချောင်သည် တွေဝေမ‌ နေဘဲ စစ်ဆင်ရေးကို ချက်ချင်း စတင်ခဲ့ပြီး မိမိ၏ လက်အောက်ခံ စစ်သည် သုံးဆယ်ကျော်ကို ဦးဆောင်ကာ ရှုန်းနုသံတမန်ကို သတ်ဖြတ်ပစ်ခဲ့၏။

ထို့နောက် ရှန်ရှန်ဘုရင်ကို ဟန်မင်းဆက်ထံသို့ မဖြစ်မနေ ခိုလှုံစေခဲ့သည်။ သူသည် အနောက်ဘက်ဒေသရှိ နိုင်ငံအသီးသီး၏ အင်အားကို စုစည်းပြီး ရှုန်းနုတို့ကို ခြေမှုန်းရာတွင် ဖျောက်ဖျက်၍မရနိုင်သော ထူးခြားပြောင်မြောက်သည့် အကျိုးဆောင်မှုများကို ပြုလုပ်ခဲ့လေသည်။ နောက်ပိုင်းတွင် သူ့ကို ပန်တိန်ယွမ်မာကီးအဖြစ် ဘွဲ့ထူးပေးအပ်ခဲ့သဖြင့် နောင်လာနောက်သားများက ပန်ချောင်ကို ပန်တိန်ယွမ်ဟု ရိုသေစွာ ခေါ်ဆိုကြခြင်း ဖြစ်သည်။

လက်အောက်ခံ စစ်သည် သုံးဆယ်ကျော်မျှဖြင့် အနောက်ဘက်ဒေသရှိ နိုင်ငံများကို ငြိမ်ဝပ်ပိပြားစေခဲ့သော ထိုကျော်ကြားလှသည့် ပန်တိန်ယွမ်ကို နောင်လာနောက်သားများက လေးစားကြည်ညိုကြပြီး သူသည် ကြီးမားသော စစ်ဗျူဟာမြောက် စစ်သူကြီးနှင့် သံတမန်တစ်ဦး ဖြစ်လာခဲ့၏။

ယနေ့ အခြေအနေသည် ပန်တိန်ယွမ်ခေတ်က အခြေအနေကို ပြန်လည် ကပြနေခြင်းမျှသာ ဖြစ်သည်။

ပန်တိန်ယွမ်တွင် လူသုံးဆယ်ကျော် ရှိခဲ့ပြီး ယခု အထူးသံတမန်တွင်လည်း လူသုံးဆယ်ကျော် ရှိသည်။ နှစ်ဦးစလုံးသည် မိမိတို့၏ မွေးရပ်မြေနှင့် မိုင်ပေါင်းထောင်ချီ ကွာဝေးသော နေရာတွင် အလားတူ အခြေအနေမျိုးကို ရင်ဆိုင်နေရခြင်း ဖြစ်၏။ အကယ်၍ ၎င်းတို့သည် ပန်တိန်ယွမ်ကဲ့သို့သော အောင်မြင်မှုကို ရရှိနိုင်ပါက ရာထူးတိုးခြင်းနှင့် ဘွဲ့ထူးများ ရရှိရန် သေချာပေါက် လက်တစ်ကမ်းအကွာသို့ ရောက်ရှိမည်ဖြစ်ပြီး သမိုင်းမှတ်တမ်းများတွင်လည်း ကြီးမားသော မှတ်ကျောက်တစ်ခုအဖြစ် ကျန်ရစ်ပေလိမ့်မည်။

ထိုစဉ်က ပန်တိန်ယွမ်၏ နောက်ကွယ်တွင် အင်အားကြီးမားသော ဟန်မင်းဆက် ရှိခဲ့ပြီး ယခု ဤနေရာရှိ လူတိုင်း၏ နောက်ကွယ်တွင်လည်း တောက်ပသော မင်မင်းဆက် ရှိနေသည်။ သမိုင်းက ထပ်မံ ဖြစ်ပွားတော့မည် ဖြစ်၏။

မင်မင်းဆက်၏ ပန်တိန်ယွမ်ဗားရှင်း ချက်ချင်း ဖြစ်လာတော့မည်ဟု တွေးမိသောအခါ လူတိုင်း၏ သွေးများက ဆူပွက်လာကြပြီး အသက်နှင့်လဲ၍ တိုက်ခိုက်လိုစိတ်များ ပြင်းထန်လာကြတော့သည်။

ကံမကောင်းသည်မှာ မွန်ဂိုသံတမန် မည်သည့်နေရာတွင် ရှိသည်ကို မည်သူမျှ မသိရှိကြခြင်း ဖြစ်၏။

ကံကောင်းသည်မှာ ဤ "နန်းတော်" အနီးတွငလူနေထိုင်ရာ ဒေသလေးတစ်ခုသာ ရှိသဖြင့် အနည်းငယ် ကြိုးစားရှာဖွေလျှင် သေချာပေါက် တွေ့နိုင်ပေသည်။

နောက်တစ်နေ့ နံနက်တွင်ဝူကျိရှန်းနှင့် ကျောက်ပင်တိန့်တို့သည် ငါတို့မှာ ဘာကိစ္စမှမရှိဘူး၊ ဒီအတိုင်း လမ်းလျှောက်နေတာ ဟူသောပုံဖြင့်ပတ်ဝန်းကျင်တွင် ရည်ရွယ်ချက်မရှိဘဲ လမ်းလျှောက်နေကြပြီး ၎င်းတို့၏ မျက်လုံးများကလည်း ဘေးဘီသို့ အမြဲ ဝေ့ဝဲကြည့်နေကြသည်။

သူတို့သည် များစွာ အားစိုက်ထုတ်စရာမလိုဘဲ မွန်ဂိုကိုယ်စားလှယ်အဖွဲ့ကို တွေ့ရှိခဲ့ကြပြီး ဥူဆာခါးလ်ခန်၏ အထူးသံတမန်ကိုပင် ကိုယ်တိုင် မြင်တွေ့ခဲ့ရ၏။

မြောက်ယွမ်ဧကရာဇ်ကို ကိုယ်စားပြုသော ဤအထူးသံတမန်သည် အသက်သုံးဆယ်ခန့် ရှိပြီး အရပ်ရှည်ကာ ထွားကျိုင်းလှ၏။ သူ၏မျက်နှာတွင် ပါးနပ်ထက်မြက်သော အမူအရာ ရှိသည်။ သူသည် ရိုးရာ မွန်ဂိုဝတ်စုံကို ဝတ်ဆင်ထားပြီး မွန်ဂိုစတိုင် ဆံပင်ကျစ်ဆံမြီးကို ကျစ်ထားကာ မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေးများ ဗရပွနှင့် ရိုင်းစိုင်းခက်ထန်သော အရှိန်အဝါကို ပြသနေ၏။

ဝူကျိရှန်းက သူ့ကို မြင်လိုက်ရသောအခါ သူကလည်း ဝူကျိရှန်းနှင့် အခြားသူများကို သတိပြုမိသွားသည်မှာ ထင်ရှားလှသည်။

မင်ကိုယ်စားလှယ်အဖွဲ့နှင့် မွန်ဂိုကိုယ်စားလှယ်အဖွဲ့တို့ ထိပ်တိုက်ကြုံတွေ့ရသောအခါ လေထုက ချက်ချင်းပင် တင်းမာသွားတော့၏။

ပတ်ဝန်းကျင်ရှိ မွန်ဂိုစစ်သည်များသည် ၎င်းတို့၏ လက္ခဏာပုံသဏ္ဌာန် ဓားကောက်များကို တစ်ဦးပြီးတစ်ဦး ဆွဲထုတ်လိုက်ကြပြီး လမင်းကို ကြယ်တာရာများ ဝိုင်းရံထားသကဲ့သို့ မွန်ဂိုသံတမန်ကို ဝန်းရံစောင့်ရှောက်လိုက်ကြသည်။

နှစ်ဦးနှစ်ဖက်လုံးက တစ်ဖက်လူ၏ မည်သူမည်ဝါဖြစ်ကြောင်းနှင့် ရည်ရွယ်ချက်များကို ကောင်းစွာ သိကြ၏။ အကယ်၍ ဤနေရာသည် ကြားနေနယ်မြေ မဟုတ်ပါက ၎င်းတို့သည် ချက်ချင်းပင် စစ်ခင်းကြမည်မှာ သေချာလှသည်။

ဗိုလ်ကျလိုသော ကြက်ဖနှစ်အုပ်ကဲ့သို့ပင် နှစ်ဦးနှစ်ဖက်လုံးက တစ်ဦးကိုတစ်ဦး စူးစိုက်ကြည့်နေကြပြီး ရင်ဆိုင်တွေ့ဆုံမှု၏ တင်းမာမှုက အမြင့်ဆုံးသို့ ရောက်ရှိသွားတော့၏။

မျက်လုံးချင်း ဆုံကြရာတွင် မီးပွင့်မတတ် ဖြစ်သွားရသည်။

ဝူကျိရှန်းသည် မွန်ဂိုစစ်သည်များ၏ အရေအတွက်ကို တိတ်တဆိတ် ရေတွက်ကြည့်ရာ ၎င်းတို့တွင်လည်း လူသုံးဆယ်ကျော်သာ ရှိလေသည်။

နှစ်ဦးနှစ်ဖက်လုံး၏ အင်အားက အတူတူပင်ဖြစ်သဖြင့် မျှတသော ပြိုင်ပွဲတစ်ခု ဖြစ်ပေလိမ့်မည်။

နှစ်ဦးစလုံးက တစ်ဦးကိုတစ်ဦး ခက်ထန်သော မျက်လုံးများဖြင့် ကြည့်လိုက်ကြ၏။ အရပ်ရှည်သော မွန်ဂိုသံတမန်သည် ထူးခြားစွာ ကြီးမားလှသော မွန်ဂိုဓားကောက်ကို တမင်တကာ ဆွဲထုတ်လိုက်ပြီး ဝူကျိရှန်းနှင့် အခြားသူများဘက်သို့ ခြိမ်းခြောက်သည့် အနေဖြင့် အကြိမ်နည်းငယ် ဝှေ့ယမ်းပြလိုက်သေးသည်။

ဒါက ရန်စမှုများ ပြည့်နှက်နေသော ဗြောင်ကျကျ စိန်ခေါ်သည့် လုပ်ရပ် ဖြစ်၏။

ကျောက်ပင်တိန့်ကလည်း တုံ့ဆိုင်းမှုမရှိဘဲ သူ၏ရင်ဘတ်ထဲမှ ဓားမြှောင်တိုတစ်စင်းကို ဆွဲထုတ်လိုက်ပြီး သတ်ဖြတ်ခြင်း အငွေ့အသက်များကို ထုတ်ဖော်ရင်း တစ်ဖက်လူကို တုံ့ပြန်ရန်နှင့် စိန်ခေါ်ရန်အတွက် တူညီသောအမူအရာကို သုံးလိုက်၏။

"စိတ်လိုက်မာန်ပါ မလုပ်နဲ့ဦး"

ဝူကျိရှန်းက တိုးတိုးလေး ပြောရင်း သတိပေးလိုက်သည်။

"မွန်ဂိုတွေက အလွန် သတိထားနေကြတယ်။ ဒါက တိုက်ခိုက်ဖို့ အကောင်းဆုံး အချိန် မဟုတ်သေးဘူး။ ချက်ချင်း ပြန်ပြီး အထူးသံတမန်ဆီကို အခြေအနေ သတင်းပို့ရအောင်။ မြန်မြန်သွားစို့"

မွန်ဂိုသံတမန်ကို ခြေမှုန်းရန် တစ်ချက်တည်း တိုက်ခိုက်နိုင်ပါက ရာထူးတိုးခြင်းနှင့် ဘွဲ့ထူးများ ရရှိမည်ဖြစ်ပြီး သမိုင်းတွင်လည်း နေရာတစ်ခု ရရှိမည် ဖြစ်သည်။ သို့သော် ထိုမွန်ဂိုစစ်သည် အများအပြားက သတိကြီးစွာ စောင့်ကြပ်နေကြသဖြင့် လှုပ်ရှားရန် တကယ်ပင် ခက်ခဲလှ၏။

ကျောက်ပင်တိန့်သည် မွန်ဂိုသံတမန်ကို ဒေါသတကြီး ကြည့်လိုက်ပြီးနောက် ဝူကျိရှန်း၏ လက်ကို ဆွဲကာ ၎င်းတို့၏ တဲအိမ်ဆီသို့ ပြန်လာခဲ့ကြရုံသာ ရှိတော့သည်။

"မင်းတို့ အဲဒီ မွန်ဂိုသံတမန်ကို တကယ် မြင်ခဲ့တာလား"

အထူးသံတမန်က အလွန် စိတ်လှုပ်ရှားနေသည့် ပုံစံဖြင့် မေးလိုက်၏။

"မင်းတို့ သူ့ကို တကယ်ပဲ မြင်ခဲ့တာလား"

"ငါတို့ သူ့ကို တကယ်မြင်ခဲ့တာပါ"

"သူ့ရဲ့ ပုံစံကို မှတ်မိလား"

ကျောက်ပင်တိန့်က တိတိကျကျပင်ဖြေလိုက်သည်။

"အဲဒီ မွန်ဂိုက အရပ်ရှည်ပြီး ထွားကျိုင်းတယ်၊ ကျားတစ်ကောင်လို ခက်ထန်တယ်။ ငါတို့ လုံးဝ မှားစရာ မရှိပါဘူး"

"ဒါဆိုရင် ကောင်းပြီ"

အထူးသံတမန်က သူ၏ပေါင်ကို ရုတ်တရက် ရိုက်လိုက်ပြီး လက်များကို စိတ်လှုပ်ရှားစွာ ပွတ်သပ်ရင်း တဲအိမ်အတွင်း ဟိုဟိုဒီဒီ လျှောက်နေလေသည်။

"ကောင်းကင်က ငါ့ကို တကယ် ကူညီတာပဲ၊ ကောင်းကင်က ငါ့ကို တကယ် ကူညီတာပဲ"

နောက်ထပ် တစ်နာရီကျော် ကြာလျှင် အုလုလူမျိုးများသည် မင်ကိုယ်စားလှယ်အဖွဲ့နှင့် မွန်ဂိုကိုယ်စားလှယ်အဖွဲ့ နှစ်ဖွဲ့လုံးကို တစ်ပြိုင်တည်း စားပွဲသောက်ပွဲဖြင့် ဧည့်ခံပေလိမ့်မည်။

အုလုလူမျိုးတို့၏ တွက်ချက်မှုက ရှင်းလင်းလှ၏။ ၎င်းတို့သည် ကိုယ်စားလှယ်အဖွဲ့ နှစ်ဖွဲ့ကို တမင်တကာ တွေ့ဆုံစေချင်ခြင်း ဖြစ်သည်။ မည်သူက ပိုကောင်းသော သတ်မှတ်ချက်များနှင့် ပိုများသော အကျိုးအမြတ်များကို ပေးနိုင်ပါက ထိုသူ့ဘက်သို့ ကူးပြောင်းမည်ဖြစ်ပြီး အုလုလူမျိုးတို့၏ အကျိုးစီးပွားကို အမြင့်ဆုံး ဖြစ်စေရန် လုပ်ဆောင်ခြင်း ဖြစ်သည်။

ဒါက နို့တိုက်သူကို အမေဟု ခေါ်သည် ဟူသောအချက်၏ စံပြပြကွက်တစ်ခု ဖြစ်သလို မွန်ဂိုနှင့် မင်မင်းဆက်ကြားတွင် ညှပ်နေသော မျိုးနွယ်စုငယ် အများအပြား၏ စစ်မှန်သော သဘောထားလည်း ဖြစ်ပေသည်။

၎င်းတို့သည် မွန်ဂိုအင်ပါယာအပေါ် သစ္စာစောင့်သိမှု မရှိသလို မင်မင်းဆက်အပေါ်လည်း စိတ်ဝင်စားမှု မရှိကြပေ။ ၎င်းတို့သည် အကျိုးအမြတ်ကိုသာ ဂရုစိုက်ကြ၏။ ဒါက အုလုလူမျိုးတို့၏ ရှင်သန်ခြင်း နည်းလမ်း ဖြစ်သည်။

ပဉ္စမအဆင့် အထူးသံတမန်သည် ရာထူးကြီးမားသော အရာရှိတစ်ဦး မဟုတ်သော်လည်းသူသည်နန်းတော်၏ အထူးသံတမန် ဖြစ်လေသည်။

အထူးသဖြင့် ဤအခြေအနေတွင် ဧကရာဇ်ကိုယ်တိုင်နှင့် သူ၏ နောက်ကွယ်ရှိ မင်မင်းဆက်ကို ကိုယ်စားပြုထားသဖြင့် သူ၏ မည်သူမည်ဝါဖြစ်ကြောင်းနှင့် အဆင့်အတန်းက အထူးပင် အရေးပါလှသည်။

အထူးသံတမန်က ခဏမျှ စဉ်းစားလိုက်ပြီးနောက် လူတိုင်းကို ရိုသေစွာ အလေးပြုလိုက်ပြီး သူ၏ လေသံက မကြုံစဖူး လေးနက်သွားလေတော့သည်။

"သခင်လေးတို့... နန်းတော်ကို အလုပ်အကျွေးပြုပြီး သမိုင်းမှာ နာမည်ချန်ထားခဲ့ရမယ့် အခွင့်အရေးက ငါတို့ရှေ့ကို ရောက်နေပြီ"

"အကယ်၍ အုလုလူမျိုးတွေက မြောက်ယွမ်ဘက်ကို ကူးပြောင်းသွားရင် ငါတို့ လူသုံးဆယ်ကျော်ဟာ သေချာပေါက် သူတို့ရဲ့ သားကောင်တွေ ဖြစ်သွားကြလိမ့်မယ်။ အဲဒီအချိန်ကျရင် ငါတို့ထဲက တစ်ယောက်မှ အသက်ရှင်လျက် ပြန်နိုင်မှာ မဟုတ်ဘူး"

"တစ်ခုတည်းသော နည်းလမ်းကတော့ မွန်ဂိုသံတမန်ကို ခြေမှုန်းပြီး အုလုလူမျိုးတွေကို ငါတို့မင်ဘက်ကို မဖြစ်မနေ ကူးပြောင်းလာအောင် လုပ်ဖို့ပဲ"

"ငါတို့ရဲ့ အသက်တွေနှင့်မင်အင်ပါယာရဲ့ ဂုဏ်သိက္ခာအားလုံးဟာ မင်းတို့ရဲ့ ဓားဖျားပေါ်မှာပဲ ရှိတော့တယ်။ အကယ်၍ ဒီကိစ္စ ကျရှုံးရင် ငါတို့အားလုံး မြေမြှုပ်စရာ နေရာမရှိဘဲ သေကြရလိမ့်မယ်။ အကယ်၍ အောင်မြင်ရင်တော့ ငါတို့ထဲက တစ်ယောက်ချင်းစီဟာ ကြီးမားတဲ့ အကျိုးဆောင်မှုကို ရရှိမှာ ဖြစ်ပြီး ငါတို့ရဲ့ မိသားစုတွေကို မျိုးဆက်ပေါင်းများစွာ စည်းစိမ်ချမ်းသာ ခံစားရစေမယ့်အပြင် ငါတို့ရဲ့ နာမည်တွေကိုလည်း သမိုင်းမှာ နောင်လာနောက်သားတွေ သီဆိုချီးကျူးဖို့ ကျန်ရစ်စေမှာ ဖြစ်တယ်"

အကယ်၍ ၎င်းတို့သည် မွန်ဂိုသံတမန်ကို ခြေမှုန်းနိုင်ပါက အဆုံးမရှိသော စည်းစိမ်ချမ်းသာများကို ခံစားရမည်ဖြစ်ပြီး ၎င်းတို့၏ နာမည်များသည်လည်း သမိုင်းတွင် မှတ်တမ်းတင် ကျန်ရစ်ပေလိမ့်မည်။ ဒါကကြီးမားသော ဂုဏ်ဒြပ်နှင့် ဆွဲဆောင်မှု ပင်ဖြစ်သည်။

အကယ်၍ ၎င်းတို့ ကျရှုံးပါက စဉ်းစားနေစရာ ပင်မလိုတော့ပေ။ မြေမြှုပ်စရာ နေရာမရှိဘဲ သေချာပေါက် သေကြရပေလိမ့်မည်။

အထူးသံတမန်သည် တကယ့်ကို စကားပြော ပါးနပ်သူ ဖြစ်၏။ စကားလုံးအနည်းငယ်မျှဖြင့်ပင် လူတိုင်း၏ သွေးများကို ဆူပွက်လာစေခဲ့သည်။

အခြေအနေ ရွေးချယ်စရာမရှိရောက်နေပြီဖြစ်ရာ ပြောနေစရာ စကားလုံးများစွာ မရှိတော့ပေ။ တစ်ခုတည်းသော ရွေးချယ်မှုမှာ အသက်နှင့်လဲ၍ စွန့်စားတိုက်ခိုက်ရန်သာ ရှိတော့သည်။

"သခင်ကြီး ကျွန်တော်တို့အားလုံး နားလည်ပါတယ်။ သင် ဘာမှ ထပ်ပြောဖို့ မလိုပါဘူး"

အန်းကျန်းကျိုးနှင့် အခြားသော ကျင်းယီဝေများအပြင် အထူးစစ်သည်‌ တော်များသည်လည်း သွေးပူလာကြပြီ ဖြစ်သည်။

"သခင်ကြီး... အမိန့်သာ ပေးပါ"

"မွန်ဂိုတွေက သတိထားနေကြပြီ။ စိတ်လိုက်မာန်ပါ တိုက်ခိုက်ရင် ကျရှုံးဖို့ ရာခိုင်နှုန်း များတယ်။ တစ်ခုတည်းသော နည်းလမ်းကတော့ စားပွဲသောက်ပွဲအတွင်းမှာ ပြတ်သားစွာ တိုက်ခိုက်ပြီး မွန်ဂိုသံတမန်ကိုနေရာမှာတင် သတ်ပစ်ဖို့ပဲ"

အထူးသံတမန်က မကြုံစဖူး ပြတ်သားမှုကို ပြသလိုက်၏။

"နောက် တစ်နာရီခောက်အတွင်းမှာ စားပွဲသောက်ပွဲ စတင်လိမ့်မယ်။ လူတိုင်းက လက်နက်ထက်ထက်တွေကို ဝှက်ယူသွားကြပြီး လှုပ်ရှားဖို့ အသင့်ပြင်ထားကြပါ"

"အဲဒီအချိန်ကျရင် ငါက အချက်ပြတဲ့အနေနဲ့ ငါ့ရဲ့ခွက်ကို ခွဲလိုက်မယ်။ မင်းတို့ နားလည်လား"

ခွက်ကို ခွဲလိုက်သည်နှင့် ချက်ချင်း လှုပ်ရှားကြရမည်ဖြစ်ပြီး မည်သည့်နည်းလမ်းကိုသုံးသုံး မွန်ဂိုသံတမန်ကို ခြေမှုန်းရမည် ဖြစ်သည်။

"နားလည်ပါပြီ"

*********

အခန်း (၁၂၀)အာဏာရှိအုပ်စု

နေ့ခင်း၏ပူပြင်းသောနေရောင်အောက်တွင်နန်းတော် နှင့် မလှမ်းမကမ်းရှိ ကွင်းပြင်ကျယ်မှတဲအိမ်ကြီးအတွင်းအမျိုးမျိုးသော သံတမန်များအတွက် အုလုဘုရင် ကျင်းပပေးသည့် ကြီးကျယ်သော စားပွဲသောက်ပွဲကိုစတင်ကျင်းပ‌နေပြီဖြစ်သည်။

ကြီးကျယ်သော စားပွဲသောက်ပွဲဆို‌ သော်လည်းသိုးကင်အချို့နှင့် မြက်ခင်းပြင်၏ ထူးခြားလှသော စားဖွယ်စုံများအပြင် စပျစ်ဝိုင်ကောင်းများကို တည်ခင်းထားခြင်းမျှသာ ဖြစ်၏။

ထိုစားပွဲသောက်ပွဲ၌ သွေးချောင်းစီးမည့် တိုက်ပွဲတစ်ခု သေချာပေါက် ဖြစ်ပွားတော့မည်ကို သိရှိထားသော်လည်း အထူးသံတမန်သည် ဘာကိစ္စမျှ မရှိသည့်အလား သိုးကင်ကို အေးအေးလူလူ မြိန်ယှက်စွာ စားသုံးရင်း စကားစမြည်ပင် ပြောဆိုနေလေသည်။

သူ၏ထံတွင် မည်သည့် တင်းမာမှု အရိပ်အယောင်မျှ မရှိဘဲ မင်မင်းဆက် သံတမန်တစ်ဦး၏ အရှိန်အဝါကို အပြည့်အဝ ထုတ်ဖော်ပြသနေ၏။

သူနှင့် မျက်နှာချင်းဆိုင်ရှိ မွန်ဂိုသံတမန်သည်လည်း အလားတူပင် အထင်ကြီးစရာကောင်းလှသည်။ သူသည် မြေပြင်ပေါ်တွင် ထိုင်ကာ သိုးခြေထောက်ကင်များကို အားပါးတရ စားသုံးနေပြီး မင်ကိုယ်စားလှယ်အဖွဲ့ကို လုံးဝ မျက်စိထဲ ထည့်ထားသည့် ပုံစံမရှိပေ။

"အရပ်မျက်နှာအားလုံးကို အလင်းပေးတဲ့ နေမင်းဘုရင်၊ လင်းယုန်ငှက်တို့ရဲ့ ကြီးမြတ်တဲ့အရှင်၊ လူအပေါင်းကို ငုံ့မိုးကြည့်နေတဲ့ ဝံပုလွေဖြူမင်း၊ ထိုးထွင်းသိမြင်ပြီး အရာရာကို သိတော်မူတဲ့ ပညာရှိကြီး၊ ထာဝရကောင်းကင်ဘုံက အချစ်ဆုံးဖြစ်တဲ့ ဘုရင်တကာတို့ရဲ့ဘုရင်"

ဝမ်ကျန့်စွန်း၏ ရှည်လျားလှသော ရွတ်ဆိုသံနှင့်အတူ အုလုဘုရင်ရောက်ရှိလာခဲ့လေသည်။

ဤကလေးသည် အသက် သုံးနှစ်ပင်မပြည့်သေးသော ကလေးငယ်တစ်ဦးမျှသာ ဖြစ်သော်လည်း အုလုမျိုးနွယ်စု၏ အုပ်ချုပ်သူ ဖြစ်ပေသည်။ မင် အထူးသံတမန်သည် မိမိ၏ ဝတ်စုံကို ချက်ချင်းပင် သပ်ရပ်အောင် ပြင်လိုက်ပြီး ရှေ့သို့ လှမ်းထွက်ကာ ဟန်စကားကိုပင် နားမလည်သော ဘုရင် ကို အရိုအသေပြုလိုက်၏။

"အထက်မှာ ထွန်းလင်းနေတဲ့ နေမင်းဘုရင်၊ မဟာမင် အထူးသံတမန်က စစ်မှန်တဲ့ နှုတ်ခွန်ဆက်သမှုကို တင်သွင်းပါတယ်၊ နေမင်းဘုရင် သက်တော်ရာကျော်ရှည်ပြီး စည်ပင်ဝပြောပါစေ"

ဤမျှ ငယ်ရွယ်ပြီး ဟန်စကားကိုပင် နားမလည်သော ကလေးငယ်တစ်ဦးသည် သံတမန်ရေးရာ စကားလုံးများကို သဘာဝကျကျပင် အသုံးမပြုတတ်ပေ။ အမျိုးသမီးတစ်ဦးက သူ့အတွက် ကိုယ်စား ပြန်လည် ဖြေကြားပေး၏။

ထိုအမျိုးသမီးသည် အသက် နှစ်ဆယ်ခန့် ရှိပြီး သွယ်လျကာ သေးငယ်လှသည်။ သူမ၏ မျက်နှာအသားအရေက အနည်းငယ် ဖြူဖျော့နေ၏။ ရာသီဥတုက ပူပြင်းလှသော်လည်း သူမသည် မြက်ခင်းပြင်လူမျိုးတို့၏ ထူးခြားလှသော အခမ်းအနားဝတ်စုံနှင့် သရဖူကို ဝတ်ဆင်ထား၏။

"မင်ကိုယ်စားလှယ်အဖွဲ့အနေနဲ့ ဒီလောက်အထိ ယဉ်ကျေးနေဖို့ မလိုပါဘူး"

အမျိုးသမီးဖြစ်သူ ပြောလိုက်၏။ သူမသည် အုလုမယ်တော်ကြီး ဖြစ်လေသည်။

အုလုမယ်တော်ကြီး သည် မြင့်မားသော ကုလားထိုင်ပေါ်တွင် ရိုသေလေးစားရသော ရုပ်တုတစ်ခုကဲ့သို့ ထိုင်နေပြီး မပီကလာပီကလာ ဟန်စကားဖြင့် မည်သည့် ခံစားချက်မျှမပါဘဲ အေးစက်စွာ ပြောလိုက်၏။

"ငါတို့က အဝေးကလာတဲ့ ကောင်းချီးတွေကို ခံစားရပါတယ်၊ မဟာမင်ဧကရာဇ်လည်း သက်တော်ရာကျော်ရှည်ပြီး စည်ပင်ဝပြောပါစေ"

အရပ်ရှည်သော မွန်ဂိုသံတမန်သည်လည်း လျှောက်လှမ်းလာခဲ့ပြီး မြင့်မြတ်လှသော အုလုမယ်တော်ကြီး ကို မွန်ဂိုတို့၏ ထုံးစံအတိုင်းနှုတ်ဆက်လိုက်၏။ ထို့နောက် မြက်ခင်းပြင်၏ ကောင်းချီးစကားကို ပြဇာတ်သီချင်းသီဆိုသကဲ့သို့ ရွတ်ဆိုလေသည်။

"အို... ကောင်းကင်နဲ့ မြေပြင်ကို အလင်းပေးတဲ့ နေမင်းဘုရင်၊ အရာရာကို သိတော်မူတဲ့ ထာဝရကောင်းကင်ဘုံက သင့်အပေါ် ကောင်းချီးတွေ သေချာပေါက် ပေးသနားမှာ ဖြစ်ပြီး မြက်ခင်းပြင်တစ်ခုလုံးကို ဘုရင်ရဲ့ ဘုန်းအာနုဘော်ကို ခံစားရစေမှာပါ"

မွန်ဂိုသံတမန်၏ နှုတ်ဆက်မှုကို ရင်ဆိုင်ရသော်လည်း အုလုမယ်တော်ကြီးသည် ခံစားချက်မရှိသည့်မျက်နှာ ဖြင့်ထိုလေသံအတိုင်းပင် ပြန်ပြောလိုက်၏။

"ထာဝရကောင်းကင်ဘုံက သင့်ဆီကို ကောင်းချီးတွေ သေချာပေါက် ယူဆောင်လာပေးမှာပါ။ သမုဒ္ဒရာလေးစင်းကို ပိုင်စိုးတော်မူတဲ့ ဥူဆာခါးလ်ခန်ဆီကို အုလုဘုရင်နဲ့ ငါ့ရဲ့ နှုတ်ခွန်ဆက်သမှုကို တစ်ဆင့် ပြောကြားပေးပါဦး"

အခြေခံ သံတမန်ရေးရာ ယဉ်ကျေးမှုများ ပြီးဆုံးသွားသောအခါ စားပွဲသောက်ပွဲက အရေးကြီးသော ကိစ္စများဆီသို့ ချက်ချင်း ရောက်ရှိသွားတော့သည်။

စားပွဲသောက်ပွဲဟု ခေါ်ဆိုသောအရာသည် အခမ်းအနား သဘောမျှသာ ဖြစ်၏။ မည်သို့ပင်ဆိုစေ လူတိုင်းက အရေးကြီးသော တာဝန်များကို ထမ်းဆောင်လာကြခြင်း ဖြစ်သဖြင့် သိုးသားစားရန်သက်သက် လာခဲ့ကြခြင်း မဟုတ်ပေ။

မိမိတို့ဘက်၏ အဓိက အရာရှိများဖြစ်သော သံတမန်နှစ်ဦးစလုံးသည် ၎င်းတို့၏ သတ်မှတ်ချက်များကို တင်ပြကြလေသည်။

မွန်ဂိုတို့ တင်ပြသော သတ်မှတ်ချက်များကို သိရှိရပြီးနောက် ဝူကျိရှန်းသည် စိတ်အနည်းငယ် ပေါ့ပါးသွား၏။ မြောက်ယွမ်နန်းတော်က အုလုလူမျိုးများကို ပေးအပ်သော သတ်မှတ်ချက်များသည် မင်က ပေးအပ်သောအရာများနှင့် ထပ်တူပင် ဖြစ်နေပြီး တစ်ထေရာတည်း တူညီလှသည်။

"ကြီးမြတ်တဲ့ ဥူဆာခါးလ်ခန်နဲ့ လေးစားရတဲ့ မဟာမင်ဧကရာဇ်... တကယ်ပဲ ရွေးချယ်ရ ခက်ခဲလှပါတယ်"

အုလုဘုရင်နှင့် မယ်တော်၏ အကျိုးစီးပွားကို ကိုယ်စားပြုသော ပါးနပ်သည့်ဝမ်ကျန့်စွန်းက ဖြည်းညှင်းစွာ ပြောလိုက်၏။

"ငါတို့က မင်းတို့ နှစ်ဦးစလုံးရဲ့ သစ္စာတရားကို မြင်ရပါပြီ၊ ဒါပေမဲ့ ငါတို့ ဘယ်သူနဲ့ ပူးပေါင်းမလဲဆိုတဲ့ နောက်ဆုံး ရွေးချယ်မှုအတွက်တော့ မင်းတို့ဘက်က ပိုပြီး ကြီးမားတဲ့ သစ္စာတရားကို ပြသနိုင်ဖို့ မျှော်လင့်ပါတယ်"

သစ္စာတရားဟု ခေါ်ဆိုသောအရာသည် အမှန်တော့ အကျိုးအမြတ် ဖြစ်လေသည်။မည်သူက ပိုများသော အကျိုးအမြတ်ကို ပေးနိုင်ပါက ထိုသူ့ဘက်သို့ ကူးပြောင်းမည် ဖြစ်၏။

ပြိုင်ဘက်နှစ်ဦးကို တမင်တကာ တစ်ပြိုင်တည်း တွေ့ဆုံစေခြင်းမှာ ပို၍ကြီးမားသော အကျိုးအမြတ်များကို တောင်းဆိုရန် ဖြစ်ပြီး ထိုစားပွဲသောက်ပွဲ၏ အကြီးမားဆုံးသော ရည်ရွယ်ချက် ဖြစ်သည်။

ထိုအချိန်၌ အုလုအမျိုးသားတစ်ဦး ထရပ်လိုက်၏။

"ဥူဆာခါးလ်ခန်က သစ္စာတရားကို ပြသပြီးပြီပဲ၊ ငါ့အထင်တော့ ငါတို့က ရွှေရောင်မိသားစုရဲ့ သစ္စာတရားကို လက်ခံသင့်တယ်"

ဤအုလုအမျိုးသားသည် အသက် သုံးဆယ်ခန့် ရှိပြီး အရပ်ရှည်ကာ ထွားကျိုင်းလှ၏။ မျောက်ဝံကြီးတစ်ကောင်ကဲ့သို့ သန်မာလှပြီး သူ၏မျက်နှာတွင် ထင်ရှားလှသော ဓားဒဏ်ရာအမာရွတ်တစ်ခု ရှိကာ ခါးတွင်လည်း ရှည်လျားသော ဓားကောက်ကြီးတစ်စင်းကို ဆွဲထားသည်။

"သစ္စာရှိပြီး ရဲစွမ်းသတ္တိရှိတဲ့ စစ်သူကြီး ဟာရ်လု... ငါတို့ဘုရင်က ရွှေရောင်မိသားစုရဲ့ သစ္စာတရားကို သေချာပေါက် အလေးအနက် စဉ်းစားမှာပါ"

ဝမ်ကျန့်စွန်းက လက်နက်အပြည့်အစုံ ဆင်ယင်ထားသောအုလူအမျိုးသားကို ပြုံး၍ ပြောလိုက်၏။

"စစ်သူကြီး ဟာရ်လု အနေနဲ့ မြင်တဲ့အတိုင်းပဲ၊ ငါတို့က ရွှေရောင်မိသားစုကို ငြင်းပယ်ခြင်း မရှိပါဘူး"

ဟာရ်လု။ ဒါဆိုသူကက စစ်သူကြီး ဟာရ်လု ပေါ့။

ဟာရ်လု ဟူသည်မှာ အုလုဘာသာစကားဖြင့် ခက်ထန်သော ကျား ဟု အဓိပ္ပာယ်ရသဖြင့် သူသည် စစ်သူကြီး မုန်းဟု ဖြစ်ပေသည်။

ဝူကျိရှန်းနှင့် အခြားသူများက စုံစမ်းသိရှိထားပြီး ဖြစ်၏။ စစ်သူကြီး မုန်းဟုသည် အုလုမျိုးနွယ်စု၏ အစစ်အမှန် အာဏာပိုင်ဖြစ်ပြီး မျိုးနွယ်စု တပ်မတော်၏ တစ်ဝက်ကို ထိန်းချုပ်ထားသည်။

အုလုဘုရင်ဟောင်း ကွယ်လွန်သွားကတည်းက သူသည် မျိုးနွယ်စု၏ အမြင့်ဆုံး အုပ်ချုပ်သူအာဏာအပေါ် ထူးခြားသော စိတ်ဝင်စားမှုကို ပြသခဲ့ပြီး ထိုအသက် နှစ်နှစ်အရွယ် ကလေး‌ကိုအစားထိုးရန် အချိန်မရွေး အသင့်ပြင်ထားသူ ဖြစ်၏။

"ရွှေရောင်မိသားစုရဲ့ သစ္စာတရားကို မငြင်းပယ်ဘူးဆိုရင် မင်းက ဘာလို့ အချိန်ဆွဲနေတာလဲ"

စစ်သူကြီး မုန်းဟုက ရှေ့သို့ တစ်လှမ်း တိုးလိုက်ပြီး ဝမ်ကျန့်စွန်းကို ခက်ထန်စွာ စိုက်ကြည့်ကာ ပြောလိုက်၏။

"ငါတို့ဘုရင်က ငယ်ရွယ်သေးတယ်၊ မင်းကပဲ နောက်ကွယ်ကနေ ငါတို့ဘုရင်နဲ့ ရွှေရောင်မိသားစုရဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးကို တိတ်တဆိတ် သွေးခွဲနေတာ ဖြစ်ရမယ်"

အသက် သုံးနှစ်ပင်မပြည့်သေးသော အုလုဘုရင်ငယ်သည် စစ်သူကြီး မုန်းဟုကို အလွန် ကြောက်ရွံ့နေသည်မှာ ထင်ရှားလှ၏။ သူ၏ ခက်ထန်သော ပုံစံကို မြင်လိုက်ရသောအခါ ကလေးငယ်သည် ဝါးခနဲ ချက်ချင်းပင် ငိုပါလေတော့သည်။

ငယ်ရွယ်သော အုလူမယ်တော်ကြီး သည် သက်မဲ့ရုပ်တုတစ်ခုကဲ့သို့ ထိုင်နေသော်လည်း စစ်သူကြီး မုန်းဟု ချဉ်းကပ်လာသောအခါ သူမ၏မျက်နှာတွင် ထိတ်လန့်မှု အရိပ်အယောင်များ ပေါ်လာ၏။ ထို့နောက်ငိုကြွေးနေသော အုလုဘုရင်ကို သူ၏ရင်ခွင်ထဲသို့ မသိစိတ်ဖြင့် ဆွဲသွင်းလိုက်ရှာသည်။

"ဟာရ်လု... မင်းက ငါတို့ဘုရင်နဲ့ ဒီလောက်အထိ နီးကပ်နေပြီး မင်းရဲ့ လေသံကလည်း ဒီလောက်အထိ ရန်လိုနေတယ်။ မင်း ဘာကို ရည်ရွယ်တာလဲ"

အရေးကြီးသော အချိန်တွင် ဝမ်ကျန့်စွန်းက စစ်အာဏာကို ဆွဲကိုင်ထားသော စစ်သူကြီး မုန်းဟုကို ပြင်းထန်စွာ မောင်းထုတ်လိုက်၏။

"ဒါက ငါတို့ဘုရင်အပေါ် ထားရမယ့် မင်းရဲ့ သဘောထားလား"

စစ်သူကြီး မုန်းဟုသည် မျိုးနွယ်စု၏ အထူးတပ်မတော် တစ်ဝက်ကို ထိန်းချုပ်ထားသော်လည်းသူသည်အမှုထမ်းတစ်ဦးမျှသာ ဖြစ်၏။ သူသည် ရှေ့ရှိ ဘုရင်ကိုအထင်သေးသော်လည်း များပြားလှသော မျိုးနွယ်စုဝင်များ၏ ရှေ့တွင် သူ၏ လုပ်ရပ်က တကယ်ပင် ရိုင်းစိုင်းပေသည်။

အခြေခံ အကျဆုံးသော ရိုသေလေးစားမှုပင် မရှိပါက အခြားသော မျိုးနွယ်စုဝင်များ၏ ထောက်ခံမှုကို ရရှိရန် ခက်ခဲပေလိမ့်မည်။

ဝမ်ကျန့်စွန်း၏ မောင်းထုတ်မှုကြောင့် စစ်သူကြီး မုန်းဟု၏ မျက်နှာအမူအရာက အိုးတိုးအမ်းတမ်း ဖြစ်သွားပြီး အကျပ်ရိုက်သွား၏။

ထိုအချိန်၌ ပိန်လှီသော အဘိုးအိုတစ်ဦးက ရှေ့သို့ လှမ်းထွက်လာခဲ့ပြီး စစ်သူကြီး မုန်းဟု ဟာရ်လုအတွက် စကားကောင်း အနည်းငယ် ပြောပေးလေသည်။

"စစ်သူကြီး ဟာရ်လုက လုံးဝ သစ္စာရှိပြီး ငါတို့ဘုရင်အပေါ် အမြဲတမ်း သစ္စာစောင့်သိခဲ့တာပါ။ ဘုရင်ဟောင်း သက်ရှိထင်ရှား ရှိစဉ်တုန်းကလည်း စစ်သူကြီး ဟာရ်လုရဲ့ သစ္စာရှိမှုကို ခဏခဏ ချီးကျူးခဲ့ဖူးပါတယ်။ သူက စိတ်တိုတတ်တဲ့ အကျင့်ရှိလို့ ငါတို့ဘုရင်ကို ပြစ်မှားမိတာကတော့ မရှောင်လွှဲနိုင်ပါဘူး... ဟာရ်လု၊ မင်းက ငါတို့ဘုရင်ကို မြန်မြန် တောင်းပန်လိုက်လေ"

စစ်သူကြီး မုန်းဟု ဟာရ်လုက အခြေအနေကို ရိပ်မိသွားပြီး အုလုဘုရင်ကို ဟန်ပြ တောင်းပန်လိုက်ကာ နောက်သို့ ဆုတ်သွားတော့၏။

ထိုအဘိုးအိုသည် အသက် ငါးဆယ်ခန့် ရှိပြီး ပိန်လှီသေးငယ်လှသည်။ လမ်းလျှောက်နေသော အရိုးစုတစ်ခုနှင့် တူလှ၏။ ထူးခြားစွာ စိတ်ဝင်စားဖို့ကောင်းသည်မှာ သူ၏ ဝတ်စုံက သာမန် အုလုလူမျိုးများနှင့် လုံးဝ ကွာခြားနေခြင်း ဖြစ်သည်။

အဘိုးအို၏ မျက်နှာတွင် ဆီဆေးများကို ထူထဲစွာ ခြယ်သထားပြီး သူ၏ အဝတ်အစားများပေါ်တွင် ဆန်းကြယ်သော သင်္ကေတများ ပြည့်နှက်နေ၏။ သူသည် ထူးခြားစွာ ကြီးမားလှသော နွားရိုးတုတ်ကောက်ကြီးတစ်ခုကို ကိုင်ဆောင်ထားပြီး ၎င်းတွင် ရွှေနှင့် ကျောက်စိမ်းများကို စီခြယ်ထားသဖြင့် အလွန် လေးလံမည့် ပုံစံ ရှိသည်။

ထူးဆန်းသော ပုံစံရှိသည့် အဘိုးအိုသည် အုလုမျိုးနွယ်စု၏ နောက်ထပ်အာဏာပိုင်တစ်ဦး ဖြစ်သည့် ရှာမန်စုန်းကဝေ ဖြစ်လေသည်။

*********

All Chapters